← Chapters

အခန်း (၁၂၆-၁၂၉)

Vol. 10 Ch. 126-129

အခန်း (၁၂၆-၁၂၉)

Vol. 10 Ch. 126-129

အခန်း (၁၂၆)။

"မင်းက ငါလေ့ကျင့်ထားတဲ့ မှော်စွမ်းအားကို ပြောပြစေချင်တာလား။ ငါ အခုပ ပြောပြမယ်။" ရုတ်တရက် ပြင်းထန်သည့် ရုန်းကန်မှုတွေ ဖြစ်ပေါ်လာပါသည်။ အသုရာနတ်ဆိုးဘုရင်ပေါ်ရှိ လျှပ်စီးကြိုးများသည် အလွှာ လိုက် အလွှာလိုက် ပြိုကွဲသွားခဲ့သည်။ အသုရာနတ်ဆိုးဘုရင် တကိုယ်လုံး ချက်ချင်း ပြောင်းလဲသွားသည်။

အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းသည် ရွှေရောင်နဂါးနှင့် ဆင်ဖြူတော်ပေါ်သို့ ပြင်းထန်စွာ ခုန်ဆင်းလိုက်၏။ သူ့ကြွက်သားတွေ ဖောင်းကားလာပြီး၊ လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးထုတ်သည်။ ကျယ်လောင်သော ပေါက်ကွဲအသံနှင့်အတူ၊ ပတ်ဝန်းကျင် လေဟာနယ်သည် ပြိုကျသည့် လက္ခဏာများ ပေါ်လာသည်။

ချန်ယင်းရှာ၏ စိတ်ဝိညာဉ်ဆီသို့ အဆုံးမရှိ စွမ်းအားနှင့် ဖိအားများက တိုးဝင်လာသည်။

"မင်းက ငါ့ရဲ့ ရေနတ်ဆိုး လက်သည်းတွေကို ဖြတ်ကျော်နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး။ ဒါဆို မင်းက အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းစာကို ကျင့်ကြံထားတာပေါ့။ ဒါပေမယ့်, ဒိုင်ဇင်ဘုရား ကျောင်း အဲဒီကျမ်းစာက လွန်ခဲ့တဲ့ အနှစ် 20 က ရွှေပင့်ကူဘုရင် လက်ထဲ ကျရောက်သွားပြီလေ။ မင်းက သူ့တပည့်လား။ မဖြစ်နိုင်ဘူး။ မင်းအနေနဲ့ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းဂန်ကို လေ့ကျင့် ထားရင်တောင်, မင်းရဲ့စိတ်ဝိညာဉ်ကို မြန်မြန်ဆန်ဆန် ပြန်လည်စုစည်းနိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် မင်းက ရွှေပင့်ကူဆိုရင်တော့ ငါ ဒုက္ခများတာပေါ့။”

ကောင်းကင်ယံမှ အနန္တတန်ခိုးရှင် ဘုရားလောင်း၏ လျင်မြန်စွာ ကြီးထွားလာသော ဧရာမလက်သီးကြီးကို ကြည့်ပြီး ချန်ယင်းရှာက တခစ်ခစ် ရယ်မောလိုက်ပါသည်။ သူမလက်ကို မြှောက်လိုက်သည်နှင့် နောက်ကျောမှာ ကြီးမားသော အတောင်ပံ နှစ်ချောင်းနှင့်အတူ ငှက်နှုတ်သီးပါမျက်နှာနှင့် ဧရာမသံတူကြီးကို ကိုင်ဆောင်ထား နတ်ဘုရားကြီးတစ်ပါး ထွက်ပေါ်လာသည်။

"မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူး”။

ဇီ…၊ ဇီ…၊ ဇီ….၊ ဇီ….၊ ထိုမိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးသည် ချန်ယင်းရှာက လက်ဝှေ့ယမ်းကာ ဆင့်ခေါ် ခဲ့ခြင်း ဖြစ်သည်။ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးသည် သူ့လက်ထဲမှာ လျှပ်စီးသံတူနှင့် ပြင်းပြင်းထန်ထန် ရိုက်နှက်သည်။

ဘန်း…၊ ဘန်း….။

ဧရာမလျှပ်စီးကြောင်းကြီးတစ်ခုက မက်မွန်နတ်ဘုရားဓားအတွင်းရှိ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ချက်ခြင်း ပြည့်နှက်သွားစေခဲ့သည်။ ထိုနောက်တွင် ကြီးမားသော မိုးကြိုးလျှပ်စီးကြောင်းကြီးသည် အနှိုင်းမဲ့ ပေါက်ကွဲ စွမ်းအားနှင့်အတူ ကျဆင်းလာသည်။ တစ်ချက်ရိုက်ခတ်ရုံဖြင့်၊ ဟုန်ယွိ ပုံရိပ်ဖော်ထားသည့် အနန္တ တန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းသည် လွင့်ပျယ်သွားခဲ့သည်။

လျှပ်စီးလက်ပြီးနောက် မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးသည်လည်း အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းနှင့်အတူ ပျောက်ကွယ်သွားပါသည်။

ဟုန်ယွိသည် တခါမှ မပေါ်ဘူးသည့်အတိုင်း လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

"တကယ်လို့, ရွှေပင့်ကူသာ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းကို အသုံးပြုခဲ့မယ်ဆိုရင်, ငါ့အနေနဲ့ သူ့ဝိညာဉ်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့တာအိုနည်းစနစ်နဲ့ ကိုယ်ခံပညာတွေက မနက်ရှိုင်း သေးဘူး။ မက်မွန်နတ်ဘုရားဓားနဲ့တောင် မင်းအနေနဲ့ ငါ့ကို ဘာမှ မလုပ်မှာ စိုးရတယ်။ အမှန်တကယ်တော့, ငါက တစ်စုံတစ်ယောက်ကို တိုက်ခိုက်ရဦးမှာ ဖြစ်တဲ့အတွက် ငါ့ခွန်အားကို မဖြုန်းတီးချင်တဲ့အတွက်ကြောင့် သာ၊ မဟုတ်ရင် ငါ မင်းကို သတ်ပြီးတာ ကြာလှပြီ။ မင်းအနေနဲ့ ဒီလိုလှည့်ကွက်လေးတွေ အသုံးပြုဖို့တောင် အခွင့်အရေး ရှိမှာမဟုတ်ဘူး။”

ချန်းယင်ရှာသည် မျက်ခုံးပင့်ကာ အလွတ်ဖြစ်နေသည့် ဓားကိုယ်ထည်အား ပြောလိုက်သည်။

“အသျှင်ဘုရား, ဤလောက၌ မြတ်စွာဘုရား၏ အမျက်ဒေါသကို မင်စီလာဘုရင်ဟုခေါ်သည်ဟု ကျွန်ုပ် ကြားဖူး သည်။ မင်စီလာဘုရင်သည် တရားတော်ဓမ္မတို့ ပျက်သုဉ်းချိန်မှာ ထွက်ပေါ်လာပြီး၊ အရာအားလုံးကို ဖျက်ဆီး ကာ၊ အရာအားလုံးကို ပျက်သုဉ်းပစ်မည်…..။”

ချန်ယင်းရှာ ထိုစကား ပြောနေစဉ်မှာ ထူးဆန်းသော ရွတ်ဆိုသံက လေထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာပါသည်။ ယင်းနောက်တွင် လက်ရှစ်ဖက်, မျက်နှာလေးခုနှင့်အတူ မျက်ခုံးကြားမှာ ဒေါင်လိုက် မျက်လုံးတစ်လုံးပါသည့် ရွှေရောင်နတ်ဆိုးနတ်ဘုရားတစ်ပါးသည် လေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုအချိန်တွင်၊ ချန်ယင်းရှာသည် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အကန့်အသတ်မဲ့ ဒေါသကို ခံစား လိုက်ရ၏။

ချန်ယင်းရှာကို ချိန်ရွယ်ပြီး နတ်ဆိုးနတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားမှ ဒေါင်လိုက်မျက်လုံးသည် ဖွင့်တော့မည်။

"အိုး… မဟုတ်ဘူး…။ ဖျက်ဆီးခြင်း မင်စီလာဘုရင်။ ဒါက တကယ်ကို ဖျက်ဆီးခြင်း မင်စီလာဘုရင်ပါလား။ မင်း ဘာပညာရပ်တွေ လေ့ကျင့်ထားတာလဲ။ အတိအကျ ဘာလဲ။" ချန်းယင်ရှာသည် နောက်ဆုံးတွင် ထိတ်လန့်သွား ပါသည်။ နတ်ဆိုးနတ်ဘုရားသည် ၎င်း၏ ဒေါင်လိုက်မျက်လုံးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက်၊ ခန္ဓာကိုယ် တစ်ဝိုက်တွင် လျှပ်စီးကြောင်းများက တဟုန်ထိုး ပျံ့နှံ့တက်လာပြီး၊ လေထဲသို့ ရုတ်တရက် ခုန်တက်ကာ ဓားကိုယ်ထည်ထဲမှ ထွက်မြောက်ရန် ကြိုးစားပါတော့သည်။

"ဗုဒ္ဓရဲ့ အမျက်တော်က ကောင်းကင်ကို ဖြိုချပြီး၊ မြေကြီးကို ဖြိုခွင်းပစ်နိုင်တယ်။ ပြေးစရာနေရာ မရှိဘူး။ နတ်ဆိုးနတ်ဘုရားသည် ခမ်းနားထည်ဝါပြီး အကန့်သတ်မဲ့အသံကို လွှင့်ထုတ်ကာ၊ ၎င်း၏ လက်ရှစ်ဖက်ထဲမှ တစ်ဖက်က ချန်းယင်ရှာကို ထိုးညွှန်လိုက်ပါသည်။ ရုတ်တရက် မရေတွက်နိုင်သော မီးတောက်များသည် အနီရောင်ကြာပန်းများကဲ့သို့ ချန်ယင်းရှာ၏ အနီးတစ်ဝိုက်တွင် ပေါ်လာပြီး၊ အကန့်သတ်မဲ့ မီးလျှံကမ္ဘာကြီးက ချန်ယင်းရှာကို ဖုံးလွှမ်းသွားခဲ့သည်။

"မိုးကောင်းကင်ရဲ့ မိုးကြိုးနဲ့ငလျင်၊ မိုးကြိုးနည်းလမ်းငါသွယ် အသက်ဝင်ပြီး ဖြိုခွဲပစ်စမ်း…." ချန်ယင်းရှာသည် ကြာပန်းအနီရောင် မီးလျှံများကြားတွင် ပိတ်မိနေသော်လည်း သူမ၏အဝတ်အစားများသည် လုံးဝ လောင်ကျွမ်း ခြင်းမျိုး မရှိပေ။ သူမ၏ အဝါရောင်၀တ်ရုံသည် လေထဲတွင် လွင့်ပျံနေဆဲပင်။

သူမသည် စိတ်ဝိညာဉ်တစ်ခု ဖြစ်သော်လည်း၊ အဝတ်အစားများ ဖန်တီးရန်နှင့် သူမ၏အလှကို ထိန်းသိမ်းရန် စွမ်းအင်များစွာ လိုအပ်ပြီး၊ အာရုံထွေပြားကာ အတွေးများစွာ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော်, သူမသည် မင်စီလာဘုရင်၏ ဖျက်ဆီးခြင်းမီးလျှံအောက်မှာပင် သူမအဝတ်အစားတွေက လောင်ကျွမ်းမသွားခဲ့ပါဘူး။ ယင်းက သူမ၏ လျှို့ဝှက်ဆန်းကြယ်သော တာအိုပညာရပ်များကို သက်သေပြခဲ့သည်။

သူမ ဟစ်ကြွေးလိုက်ပါသည်။

တခဏအတွင်းမှာပဲ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးက ပေါ်လာပြန်ပါသည်။ ၎င်းသည် သုံးကြိမ်ဆက်တိုက် တိုက်ခိုက်မှုနှင့်အတူ လျှပ်စီးတွေက လင်းလက်သွားကာ၊ အနီရောင်ကြာပန်း မီးလျှံကွန်ယက်၌ အပေါက်ငယ် တစ်ပေါက် ဆုတ်ပြဲသွားခဲ့သည်။ ထိုအခွင့်အရေးကို ဆုပ်ကိုင်ရင်း ချန်ယင်းရှာ၏ စိတ်ဝိညာဉ်က လွင့်မြောက် သွားပါသည်။

သို့သော် မင်စီလာဘုရင်၏ မျက်ခုံးနှစ်ခုကြားမှ မီးတောက်များကြောင့် မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီး သည် ပြာများအဖြစ်သို့ လျော့ကျသွားခဲ့သည်။

"ဒါတောင် သူမ လွတ်မြောက်သွားသေးတာလား။ ဒီချန်ယင်းရှာရဲ့ တာအိုပညာရပ်တွေက တကယ်ကို မယုံနိုင်လောက်အောင်ပဲ။

ချန်ယင်းရှာ ထွက်ပြေးသွားပြီးနောက်, မင်စီလာဘုရင်လည်း ပျောက်သွားခဲ့ပြီး ဟုန်ယွိလည်း ပြန်ပေါ်လာသည်။ သူသည် ခွန်အားမရှိသလို ခံစားရပါသည်။ မင်စီလာဘုရင် ထွက်ပေါ်လာသည့်တိုင် ချန်ယင်းရှာသည် ဖျက်ဆီး ခြင်း မီးတောက်များကို အမှန်ပင် ခုခံနိုင်ခဲ့သည်။ အချုပ်အနှောင်တွေကို ဖြတ်ကျော်ပြီး သူမသည် ဓားကိုယ်ထည်ထဲကနေ လွတ်မြောက်သွားခဲ့သည်။

သူသည် နတ်ဆိုးသတ် မက်မွန်နတ်ဘုရားဓား၏ စွမ်းအားကို အသုံးပြုဖြင့်သာ၊ ဖျက်ဆီးခြင်း မင်စီလာဘုရင်၏ နတ်ဘုရားကို ပုံရိပ်ဖော် မြင်ယောင်နိုင်ပါသည်။ ဤအရာက ဟုန်ယွိ၏ အပြင်းထန်ဆုံး လှုပ်ရှားမှု ဖြစ်ပါသည်။ ၎င်းသည် သူ၏ နောက်ဆုံး ဝှက်ဖဲလည်း ဖြစ်သည်။ ချန်ယင်းရှာသည် ထိုကဲ့သို့ ပြင်းထန်သော လှုပ်ရှားမှုမှ လွတ်မြောက်နိုင်ခဲ့ပြီး ဒဏ်ရာပင် မရရှိခဲ့ပေ။

ယင်းက ဟုန်ယွိ၏ မျှော်မှန်းချက်နှင့် လုံးဝကို လွဲချော်နေသည်။

တဖက်လူ၏ ဒဏ္ဍာရီဆန်ဆန် တာအိုနည်းစနစ်များသည် ကျောက်ဖေးရုန်ထက် အနည်းဆုံး နှစ်ဆ ပိုအားကောင်းနေပါသည်။

"ချန်ယင်းရှာက ဘယ်သူလဲ။ ဒီလောက်တောင် အစွမ်းထက်လား။ အရမ်းကို အစွမ်းထက်လွန်းတယ်။ ဒီကမ္ဘာမှာ ဒီလောက် အစွမ်းထက်တဲ့ မိန်းမတစ်ယောက် တကယ်ရှိတယ်။” ဟုန်ယွိသည် အံ့ဩသွားပြီး သူ့အတွေးတွေကို လွှတ်ချလိုက်ပါသည်။

တန်ခိုးကြီးသော ချန်းယင်ရှာသည် ဟုန်ယွိ၏ စိတ်နှလုံးတွင် နက်ရှိုင်းသော အမှတ်အသားတစ်ခု ချန်ထားခဲ့ပါ သည်။ သူ့နောက်ဆုံး လှုပ်ရှားမှုက သူမကို ဒဏ်ရာရစေနိုင်မည်ဟု တွက်ဆထားခဲ့သော်လည်း၊ ထိုတွက်ဆမှုက မှားယွင်းခဲ့ပါသည်။

ထိုနေ့တုန်းက ကျောက်ဖေးရုန်သည် အလွန်အားကောင်းပြီး အစွမ်းထက်သော်လည်း သူမသည် မင်စီလာ ဘုရင်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားဆဲ ဖြစ်သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ, ထိုအချိန်တုန်းက ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ် ကျင့်ကြံမူသည် အရာဝတ္ထုမှောင်းနှင်ခြင်းနယ်ပယ်မှာသာ ရှိပါသေးသည်။ ယခုမူ ကား၊ သူသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်တွင် ရှိနေခဲ့ပြီ။ သူ၏ ကျင့်ကြံမူအဆင့်သည် တစ်ဆ တိုးမြင့်လာခဲ့ပြီး၊ သူသည် မက်မွန်နတ်ဘုရား၏ ဝိညာဉ်နှင့် ပို၍ သဟဇာတ ဖြစ်လာခဲ့ပြီ။ ဖျက်ဆီးခြင်း မင်စီလာဘုရင် နတ်ဘုရား ၏ တန်ခိုးသည်လည်း ပို၍ ကြီးမားလာခဲ့ပြီ။ သို့သော်လည်း ချန်ယင်းရှာသည် ပိတ်လှောင်မူကို ချိုးဖျက်ပြီး လွတ်မြောက်သွားခဲ့သည်။

"အခုနက သူမ ငါနဲ့တိုက်ခိုက်ချိန်မှာ ငါ့အပေါ် ခွန်အားအပြည့် အသုံးမပြုခဲ့ဘူး…"

ဟုန်ယွိက သူ့အတွေးတွေကို လွှတ်ချပြီးချိန်မှာ ချန်းယင်ရှာ၏ အသံကို ကြားလိုက်ရ၏။ "စိတ်ဝိညာဉ် ဖြိုခွဲခြင်းမြှားလား…။ ရွှေပင့်ကူလား…။ ရွှေပင့်ကူဘုရင်က ဒီနောက်ကွယ်မှာ ရှိနေတယ် ထင်တယ်။ ကြည့်ရ တာ, ဒီရွှေပင့်ကူဘုရင်အိုကြီးက အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကို ခိုးယူရုံတင်မကဘူး၊ ဒိုင်ဇင်ဘုရားကျောင်းကနေ ပိုပြီးအစွမ်းထက်တဲ့ တစ်ခုခုကိုလည်း ခိုးခဲ့ပုံရတယ်။ ရွှေတောင်ကြာနတ်ဘုရား…။ ငါ ဒီယွမ်ယန်ကောင်းကင်ပုလဲကို မင်းနဲ့အတူ ထားခဲ့လိုက်မယ်။ ငါ အဲဒီလူနဲ့ တိုက်ခိုက်ပြီးတာနဲ့ ငါ ပြန်လာခဲ့ မယ်။ ငါ မင်းကို သတိရနေမှာပါ…။”

ဝှီး…။ ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့နားထဲတွင် ချန်းယင်ရှာ၏ အသံက တဝဲလည်လည် ဖြစ်နေသေးသည်။ သို့သော် သူမြင်နိုင်သမျှမှာ ပင်လယ်ပြင်အထက် ကြည်လင်သော ကောင်းကင်ကြီး ဖြစ်ပါသည်။ တောက်ပသော လမင်းကြီးသည် ကောင်းကင်ယံမှာ ခိုတွဲလျက်ရှိ ပြီး၊ ပင်လယ်လေညင်းက ဖြည်းညှင်းစွာ တိုက်ခတ်နေ၏။ လှုပ်လှုပ်ရှားရှား အဖြစ်ပျက်မျိုး လုံးဝ မရှိခဲ့ပါ။ ခုနက စွမ်းအားကြီးသည့် အမျိုးသမီးသည် အိပ်မက်တစ်ခုလို ဖြစ်နေခဲ့ပါသည်။

ချီဇီယန်ထံမှ ချွေးတွေ တသွင်သွင် စီးကျနေ၏။ သက်တန့်ထိုးဖောက်လေး၏ လေးကြိုးတွေက တုန်ခါနေဆဲပင်။ သေချာသည်မှာ သူသည် မြှားတစ်စင်းကို ပစ်လွှတ်ခဲ့ပါသည်။

မုကလေးနှင့် ရွှေပင့်ကူတို့သည် သူ့အနားတွင် ရှိနေသည်။ ချောက်ကမ်းပါးစွန်းတွင် ပင့်ကူပိုးမျှင်ကြီးတစ်ခုက ကပ်လျက်ရှိ၏။ ရွှေပင့်ကူသည် ၎င်း၏ပိုးမျှင်များကို ထွေးထုတ်ခဲ့သည်မှာ ထင်ရှားသည်။

"ဘာဖြစ်တာလဲ?" ဟုန်ယွိက မေးသည်။

"အခုနက မင်းရဲ့ နတ်ဆိုးသတ်ဓားက ကောင်းကင်မှာ ပြင်းထန်စွာ တုန်ခါနေခဲ့တယ်။ ဓားကနေ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီးနောက် အဝါရောင်ဝတ် အမျိုးသမီးတစ်ဦးက နွားဖြူကိုစီးပြီး အပြင်ကို ပျံလွက်လာခဲ့တယ်။ ငါလည်း မြှားတစ်ချောင်းကို ချက်ချင်း ပစ်လွှတ်လိုက်ပေမယ့် သူမလက်ထဲမှာ ဖမ်းမိသွားခဲ့တယ်။ မြှားလည်း သူမကြောင့် လောင်ကျွမ်းသွားပြီထင်တယ်။ ဒီနောက်, သူမက မြှားကို ပင်လယ်ထဲကို ပစ်ချလိုက်တယ်။ ဒီနောက်မှာတော့ ရွှေပင့်ကူက ပင့်ကူမျှင်တွေကို ထွေးထုတ်လိုက်တာနဲ့ သူမလည်း ထွက်သွားတော့တာပဲ။"

ချီဇီယန်က သူ့ရင်ဘတ်ကို ဖိလိုက်သည်။ သူ့လေသံက အေးဆေးတည်ငြိမ်နေသော်လည်း ထိတ်လန့်နေမှုကို ဖော်ပြနေဆဲပင်။

"သူမ ထွက်သွားပြီလား။ သူမထွက်သွားတာ ကောင်းပါတယ်လေ…" ဟုန်ယွိက သက်ပြင်းရှည်ကြီး ရူထုတ် လိုက်ပြီးနောက် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို သူ့အခွံထဲမှ ပျံထွက်လာပြီးနောက် အောက်မှ ပင်လယ်ပြင်ထဲ သို့ ပျံသန်းသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားကို ရှာတွေ့ပြီး ကောက်ယူခဲ့သည်။ သို့သော်၊ စိတ်ဝိညာဉ်ဖြိုခွဲခြင်းမြှားတွင် အကန့်အသတ်မဲ့ နာကြည်းမှု အငွေ့အသက်များကို သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြောင်း သူ တွေ့ရှိခဲ့ရသည်။ ယခုအခါ ၎င်းသည် သာမန် အရိုးမြှားတစ်ချောင်းမျှသာ ဖြစ်သွား ခဲ့ပြီး နတ်ဘုရား စိတ်ဝိညာဉ်များကို သတ်နိုင်စွမ်း မရှိတော့ပေ။

"စိတ်ဝိညာဉ် ဖြိုခွဲခြင်းမြှားကို သူမ ဖမ်းယူပြီးနောက် ဖျက်ဆီးပစ်လိုက်ပြီ။ အခု အသုံးမဝင်တော့ဘူး။ ဒီချန်ယင်းရှာက ဘယ်သူလဲ။ ဒီနေ့တော့ ငါ သံမဏိပြား ထူထူကြီးကို ကန်လိုက်မိပြီ။” ဟုန်ယွိသည် အသုံးမဝင် သော စိတ်ဝိညာဉ်မြှားကို ကြည့်ရင်း၊ သူ့နှလုံးသားအတွင်းမှ တုန်လှုပ်ချောက်ချားမှုကို အပြင်းအထန် ဖိနှိပ်ကာ ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာသည်။

"မုကလေး၊ ရွှေပင့်ကူ၊ မင်းတို့ရော ဘာလို့ ဒီကိုရောက်နေတာလဲ…"

ဟုန်ယွိသည် မုကလေးနှင့် ရွှေပင့်ကူကို ကြည့်လိုက်သည်။

"အလုပ်တွေ ပြီးပြီမို့ အစ်ကိုယွိနဲ့ တွေ့ဖို့လာခဲ့တာလေ" မုကလေးက ထိုင်ချလိုက်ပြီး ရွှေပင့်ကူ၏ ခေါင်းကို ပုတ်လိုက်သည်။ "သူမလည်း အရှုပ်ထုတ်လုပ်ဖို့ လိုက်လာခဲ့တာပဲ။”

"ခေါင်းမပုတ်စမ်းနဲ့" ရွှေပင့်ကူသည် မုကလေးကို ကြောက်လှန်စေရန် သူမ၏အစွယ်များကို ထုတ်ကာ၊ အပြာရောင် သွားများကို ထုတ်ပြသော်လည်း သူမသည် မုကလေးကို တကယ် မကိုက်ခဲ့ပေ။

"ရွှေတောင်ကြာနတ်ဘုရားက ဘယ်သူလဲ။" ဟုန်ယွိ ရုတ်တရက် မေးလိုက်သည်။ သူ ထွက်လာစဉ်တုန်းက ချန်ယင်းရှာသည် ထိုနာမည်ကို အော်ခေါ်လိုက်သည့်အသံကို ကြားလိုက်ရသည်။

"ရွှေတောင်ကြာနတ်ဘုရားက ငါ့အဘိုးရဲ့ နာမည်ပဲ" ရွှေပင့်ကူကြီးက ခေါင်းယမ်းရင်း ပြောသည် "ငါ့နာမည်က ကျင်းရွှမ်အာတဲ့။ အဲဒီအစွမ်းထက်တဲ့ အမျိုးသမီးက ငါ ပင့်ကူချည်မျှင်တွေ ထွေးထုတ်တာကို မြင်တော့, ငါ့အဘိုးက အနီးနားကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေတယ်လို့ ထင်သွားလိမ့်မယ်။ ငါ့အဖိုးက ခိုးကြောင် ခိုးဝှက် တိုက်ခိုက်တာမှာ နာမည်ကြီးတယ်လေ။ သူက လူတွေအပေါ် အခွင့်ကောင်းယူပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ကျွမ်းကျင်တယ်။ မင်းတို့ ငါ့အဘိုးကို သိနေသရွေ့ ကမ္ဘာမှာ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။"

"အင်မော်တယ် မဟာနတ်ဆိုးကြီး ရှစ်ယောက်ထဲမှာ ဒီလို ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေသေးတာ လား။" ဟုန်ယွိသည် ထိုစကားကို ကြားပြီးနောက် စိတ်ရှုပ်သွားခဲ့သည်။ ရွှေပင့်ကူဘုရင်ကြီးသည် သူ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေကြောင့် နာမည်ကြီးနေမည်ဟု သူ မမျှော်လင့်ခဲ့ပါဘူး။

"သူတို့နှစ်ယောက်လုံးက အင်မော်တယ် မဟာနတ်ဆိုးကြီးတွေ မဟုတ်လား။ ဘာလို့ ဒီလောက် ကွာခြားနေတာ လဲ" ဟုန်ယွိသည် ဟာကူဇိယွဲ့၏ ကျက်သရေရှိမူနှင့် ကြင်ယာတော်ယွမ်၏ စွဲမက်ဖွယ်အလှပကို တွေးတောနေ မိပါသည်။ ရွှေရောင်ဝတ်လုံဖြင့် စက်ဆုပ်ရွံရှာဖွယ် အဖိုးအိုတစ်ဦးအဖြစ် ရွှေပင့်ကူဘုရင်ကြီး၏ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာပါသည်။ သူသည် ခေါင်းမခါဘဲ မနေနိုင်ခဲ့ပေ။

"ကံကောင်းတာလား…။ ချန်ယင်းရှာက ဒီနေရာမှာ ရွှေပင့်ကူကို မြင်တာနဲ့ ရွှေပင့်ကူဘုရင်ကြီး အနီးတဝိုက်မှာ ပုန်းအောင်းနေတယ် ထင်ပြီး၊ ချက်ချင်း ပြန်ဆုတ်သွားခဲ့တယ်။ ဒီတစ်ခါတော့ ရွှေပင့်ကူက ငါ့ကို အများကြီး ကူညီပေးခဲ့တယ်။”

ဟုန်ယွိသည် ချန်ယင်းရှာနှင့် သူ၏ ယင်တိုက်ပွဲမြင်ကွင်းကို ထပ်ခါတလဲလဲ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ထိုအကြောင်း ကို သူပိုတွေးလေ၊ ထိုအမျိုးသမီးက တကယ်ကို အစွမ်းထက်သည်ဟု ပိုခံစားရလေပင်။ သူမသည် ကမ္ဘာပေါ်ရှိ တာအိုဂိုဏ်းခေါင်းဆောင်များနှင့် အဆင့်တူမှာပင် ရှိကောင်းရှိနိုင်သည်။

"ချီဇီယန်, ချန်ယင်းရှာလို့ခေါ်တဲ့ ပညာရှင်တစ်ယောက်အကြောင်း မင်းသိလား…"

"ချန်ယင်းရှာလား..။ ငါတော့ စဉ်းစားလို့မရဘူး။ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ " ချီဇီယန်က ပြန်တွေးပြီး ခေါင်းယမ်းလိုက်သည်။

"ကောင်းပြီ၊ ပြန်ကြရအောင်။" ဟုန်ယွိသည် လရောင်ဖြင့် လင်းထိန်နေသော ပင်လယ်ရေမျက်နှာပြင်ကို ကြည့် လိုက်သည်။ သူသည် အလှတရားကို အနည်းငယ်မျှပင် မခံစားရတော့ပေ။ ယင်းအစား၊ သူ့စိတ်ထဲတွင် အနည်း ငယ် အေးစက်သွားသလို ခံစားရပါသည်။ သူသည် နောက်ပြန်လှည့်၍ စကားအနည်းငယ် ပြောဆိုပြီးနောက်၊ တောင်ပေါ်မှ ဆင်းလာခဲ့ပါသည်။

………………….။

ဟုန်ယွိသည် လဝက်ခန့်ကြာသည်အထိ နေ့ဘက်တွင် ကိုယ်ခံပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး၊ ညဘက်တွင် တာအိုနည်းပညာကို လေ့ကျင့်ခဲ့သည်။ သူ့အိပ်ချိန်ကို တစ်ရက်ကို နှစ်နာရီလောက်အထိ လျှော့ချ လိုက်ပါသည်။ ကျန်သည့်အချိန်တွေကို လေ့ကျင့်ဖို့ အသုံးပြုခဲ့သည်။

လေ့ကျင့်ခြင်း၊ ကျင့်ကြံခြင်းနှင့် ပိုပြီးလေ့ကျင့်ခြင်း….။

၁၅ ရက်လောက်ကြာအောင် သူ့စိတ်က ကိုယ်ခံပညာနှင့် တာအိုပညာရပ်တွေကို စူးစမ်းလေ့လာရင်း လုံးလုံး လျားလျား နစ်မြုပ်နေခဲ့သည်။ သူ့စိတ်က အာရုံထွေပြားသည့် အတွေးတွေအားလုံးကို ဖယ်ထုတ်ပစ်ထားသည်။

လေ့ကျင့်နေစဉ်အတွင်းမှာ, ဟုန်ယွိသည် သူ့စိတ်နှလုံးသည် ယွမ်ယန်ကောင်းကင်ပုလဲကဲ့သို့ ပို၍ပို၍ ကြည်လင် တောက်ပလာပြီး၊ သူ့စိတ်နှင့် အတွေးတွေက မပျက်စီးနိုင်သော စိန်တုံးကြီးကဲ့သို့ ခိုင်မာလာသည်ဟု ခံစားရ၏။

"ရတနာလရောင်ဘုရင်ခန္ဓာကိုယ်…."

တပ်စခန်းနောက်ဘက် ခြံဝန်းထဲမှာ, တိတ်ဆိတ်ပြီး ပူလောင်နေသော နေရောင်အောက်တွင်, ဟုန်ယွိသည် မြေပြင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေလိုက်သည်။ သန့်ရှင်းသော ဝါးဖျာကို မြေပြင်ပေါ်တွင် ခင်းထားပါသည်။ သူ၏ စိတ်ဝိညာဉ်သည် တစ်ဖန် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး၊ ရတနာလရောင်ဘုရင် ခန္ဓာကိုယ်အဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။

ကောင်းကင်မှ မရေမတွက်နိုင်သော နေရောင်ခြည်အလင်းတန်းများသည် လင်းလက် တောက်ပလာခဲ့ပြီး၊ အားလုံးက သူ့ယင်စိတ်ဝိညာဉ်နှင့် ခိုင်မြဲစွာ ယှဉ်တွဲနေကြသည်။ ထိုနောက်မှာတော့ ယင်စိတ်ဝိညာဉ်က ပိုပြီး တောက်ပလာပါသည်။ ၎င်းသည် မူလ ဖန်သားရုပ်ပုံထက် အဆပေါင်းများစွာ ပိုတောက်ပနေ၏။

နေရောင်မှ သိပ်သည်းထားသော ထိုရုပ်အသွင်သည် နေရောင်နှင့် လောင်ကျွမ်းနေသော ထင်းမီးတို့ စုစည်းထား သည့် ဖောက်ထွင်းမြင်ရသော ပုတီးစေ့နှင့် တူသည်။

ယင်စိတ်ဝိညာဉ်သည် နေရောင်ခြည်ကို တဖြည်းဖြည်း စုစည်းနေပြီး၊ ပို၍ပို၍ တောက်ပလာသည်နှင့်အမျှ ခြံဝန်း တစ်ခုလုံး၏ အပူချိန်သည် ဆက်လက် မြင့်တက်လာခဲ့သည်။ အပူချိန် မြင့်တက်လာသည်နှင့်အမျှ ခြံဝန်းအတွင်း ရှိ သစ်ရွက်များသည် မီးကင်ထားသကဲ့သို့ အဝါရောင် ပြောင်းလာခဲ့ပါသည်။ မြေပြင်ပေါ်ရှိ ဝါးဖျာမှာလည်း ကွဲအက်သံများ ထွက်ပေါ်လာပြီး မီးလောင်အနံ့ပင် ထွက်ပေါ်လာသည်။

ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေတောင် မီးခိုးတွေ ထွက်လာပါတော့သည်။

ဘန်း…။

ယင်စိတ်ဝိညာဉ်၏ စုစည်းထားသော နေရောင်ခြည်သည် တိုးမြင့်လာသည်နှင့်အမျှ အပူချိန်လည်း တိုးမြင့်လာ ခဲ့သည်။ ဟုန်ယွိသည် သူ့ယင်စိတ်ဝိညာဉ်က ကန့်သတ်ချက်သို့ ရောက်နေပြီဟု ခံစားမိသည်။ တစ်ချိန်တည်း မှာပင်၊ သူ၏ယင်စိတ်ဝိညာဉ်သည် လုံးဝ သန့်စင်ပြီး လောင်ကျွမ်းလုနီးပါးဟုပင် ခံစားခဲ့ရသည်။ ထို့ကြောင့်၊ သူသည် သိပ်သည်းခြင်းကို ရပ်တန့်လိုက်ပါသည်။

တခဏအတွင်းမှာပင်, ထိုသိပ်သည်းထားသော နေရောင်ခြည်များလည်း ပြန့်ကျဲသွားပြီး ခြံဝန်းတစ်ခုလုံးကို ဖြတ်တိုက်လာသည့် လေပြင်းတွေအဖြစ် ပြောင်းလဲသွားပါသည်။

"ရတနာလရောင်ဘုရင် ခန္ဓာကိုယ်ကို ငါ သိပ်သည်းနိုင်တော့မယ်။ ဒါက ရုပ်လုံးဖော်ခြင်း နယ်ပယ်ကို ကျွမ်းကျင် ပြီးမှပဲ အောင်မြင်နိုင်တဲ့အရာ ဖြစ်တယ်။ ရတနာလရောင်ဘုရင်ခန္ဓာကိုယ်ကို ဖွဲ့စည်းပြီးတာနဲ့ တစ်ကိုယ်လုံး မီးတောက်တွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ်။ ဒါက ထိတွေ့မိတဲ့ ဘယ်ယင်စိတ်ဝိညာဉ်ကိုမဆို လက်သီးတစ်ချက် ထိုးရုံနဲ့ ပြာဖြစ်သွားစေလိမ့်မယ်။ ဒီထက် ပိုအဆင့်မြင့်တဲ့ မဟာနေမင်းရွှေကိုယ်ထည်ဆို ပျံသန်းနေတဲ့ ဓားကို တောင် အရည်ဖျော်ပစ်နိုင်တယ်…။”

အတိတ်သုတ္တန်အရ ရတနာလရောင်ဘုရင် ခန္ဓာကိုယ်သည် မဟာနေမင်းရွှေကိုယ်ထည် နောက်တွင် ရှိနေ ကြောင်း ဟုန်ယွိ သိထားပါသည်။ ၎င်းခန္ဓာကိုယ်သည် နေရောင်ခြည်၏ စွမ်းအားကို စုဆောင်းပြီး ထင်းကိုပင် လောင်ကျွမ်းစေနိုင်သည့် မီးတောက်များအသွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သစ်ပင်တစ်ပင်သည် ထိုမီးတောက်များဖြင့် ပတ်ပတ်လည် ဝိုင်းထားပါက မီးသွေးအဖြစ်သို့ ချက်ချင်း ပြောင်းသွားမည် ဖြစ်သည်။ အဆင့်ပိုမြင့်လာချိန်မှာ, မဟာနေမင်းရွှေကိုယ်ထည်သည် သတ္တုကိုပင် အရည်ဖျော်ပစ်နိုင်သည်။ ဒဏ္ဍာရီအရ, လူတစ်ယောက်သည် တစ္ဆေအင်မော်တယ် နယ်ပယ်သို့ ရောက်ရှိသောအခါ, မဟာနေမင်း ရွှေကိုယ်ထည်ကို ဗုဒ္ဓမီးအဖြစ်သို့ ပြောင်းလဲနိုင်သည်ဟု ဆိုထားသည်။ ၎င်းမီးလျှံသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် မြေဆီလွှာ၊ သဲများနှင့် ကျောက်တုံးများသည် ပွက်ပွက်ဆူနေသော ချော်ရည်များအဖြစ်သို့ ပြောင်းလဲသွားပေ လိမ့်မည်။

ဤကဲ့သို့သော စွမ်းအားမျိုးသည် မည်သည့်အရာကမှ မဆန့်ကျင်နိုင်ပေ။

ချန်ယင်းရှာ၏ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားသည် ဟုန်ယွိကို လွန်စွာ တုန်လှုပ်စေခဲ့သည်။ ယခုအခါ, သူ့တာအိုနည်းစနစ်များသည် အလွန်အားနည်းနေသည်ကို သူ သိပါသည်။ သူသည် မက်မွန်နတ်ဘုရားဓား၏ စွမ်းအားကို ငှားရမ်းခဲ့လျှင်ပင်၊ သူသည် အစစ်မှန် ကျွမ်းကျင်ပညာရှင်နှင့် ဆန့်ကျင်တိုက်ခိုက်ရာ၌ အားနည်း ချက် ရှိနေပေလိမ့်မည်။ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံခြင်းဖြင့် သူ့ကိုယ်သူသာ အားကိုးနိုင်ပါတော့သည်။

နေရောင်ခြည်က ပြန့်ကျဲသွားပြီး သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီးနောက်၊ ဟုန်ယွိသည် သူ့တစ်ကိုယ်လုံး နာကျင်မှုကို ခံစားလိုက်ရပါသည်။ သူ၏ ပိုးထည်အဝတ်အစားများ အားလုံး ရှုံ့တွနေပြီး၊ ကိုင်လိုက်သည်နှင့် ပြာဖြစ်သွားသည်။ ရှင်းနေသည်မှာ၊ အဝတ်များသည် နေ၏မီးတောက်ဖြင့် လှော်ခံရပြီး နောက် ပိုးထည်သည် ၎င်း၏မာကျောမှု ပျောက်ဆုံးသွားခဲ့သည်မှာ ထင်ရှားပါသည်။

မီးတောက်အရှိန်ကြောင့် သူ့အရေပြားမှာ နာကျင်ကိုက်ခဲမှုတွေ ဖြစ်ပေါ်ခဲ့ပါသည်။

“အနာဂတ်မှာ, ငါ ကျင့်ကြံတဲ့အခါ ပိုသတိထားရမယ့်ပုံပဲ။ မဟုတ်ရင် ငါ့စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ရင်း ငါ့ခန္ဓာကိုယ်ကို မီးရှို့မိလိုက်ရင် အဲဒါက တကယ့် ဟာသကြီးတစ်ခုပဲ။" ဟုန်ယွိသည် မိမိကိုယ်ကို နှိမ့်ချစွာ ရယ်မောလိုက်၏။ ရုပ်ခန္ဓာသည် အသွေးအသားဖြင့် ပြုလုပ်ထားသောကြောင့် စိတ်ဝိညာဉ်နှင့် နှိုင်းယှဉ်၍ မရပေ။ ၎င်းသည် မီး၏အပူဒဏ်ကို ခံနိုင်ရည်မရှိပေ။

ထိုအချိန်တွင် အိမ်ထဲမှ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာသည်။ အနံ့က ပျားရည်ကို ကြိုချက်ထားသည့် အတိုင်းပင်။ အနံ့ခံလိုက်ရုံဖြင့် လူသည် လန်းဆန်းမှုနှင့် ပေါ့ပါးမှုကို ခံစားရလိမ့်မည်။ မီးကင်ခံရမူကြောင့် နာကျင်ကိုက်ခဲနေသည့် သူ့ခန္ဓာကိုယ်သည် လေထဲမှတဆင့် ပျံ့လွင့်လာသည့် ထို့ရနံ့ကြောင့် လန်းဆန်းသွား သလို ခံစားလိုက်ရသည်။

"မုကလေးက, ယွမ်ယန်ကောင်းကင်ပုလဲကို ကျိုနေတာလား…...။"

ဟုန်ယွိသည် အိမ်ထဲသို့ ဝင်လာပြီး မီးဖိုပေါ်မှာ ကြေးအိုးကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ကျားဂုံးကောင်ပုလဲ သည် ကြေးအိုကြီးအတွင်း ပွက်ပွက်ဆူသော ရေထဲတွင် ရှိနေပြီး၊ အိုးအတွင်းရှိ ရေသည် ရွှေဖြင့် သွန်းလောင်း ထားကဲ့သို့ ရွှေပယင်းရောင်အဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

အခန်း (၁၂၇)။

"အကန့်အသတ်မဲ့ ကမ္ဘာကြီးဟာ တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပဲ။ ကောင်းကင်နဲ့မြေကြီး ဖန်တီးထားတဲ့ အံ့ဖွယ်အရာတွေဟာ ငါတို့လူသားတွေ စိတ်ကူးယဉ်နိုင်တဲ့အရာ မဟုတ်ဘူး..." ဟုန်ယွိသည် ကျားဂုံးကောင်ပုလဲကို ကြည့်လိုက်သည်။ ၎င်းဖြင့် ချက်ပြုတ်ထားသော ဟင်းချိုသည် အရည်ဖျော်ထားသော ရွှေရည်နှင့် အတူတူပင်။ သူသည် စိတ်ထဲမှာ ချီးမွမ်းရင်း ရေရွတ်လိုက်မိပါသည်။

လက်ရှိ ဟုန်ယွိ၏ ကိုယ်ခံပညာနှင့် တာအိုပညာရပ်များသည် အတော်လေး ကောင်းမွန်နေပြီး ဖြစ်ပြီး၊ သူသည် ရာနှင့်ချီသော တပ်သားများကို ဦးဆောင်ရသည့် တပ်ရင်းတစ်ခု၏ အကြီးအကဲတစ်ဦးလည်း ဖြစ်နေပြီ။ သို့သော် သူသည် ပညာရှင်တစ်ဦးမျှသာ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ထူးဆန်းသည့် အရာများနှင့် ပတ်သက်ပြီး၊ သူ၏ အသိပညာသည် ထူးဆန်းသော မှတ်စုများမှ မှတ်တမ်းများသာ ရှိပါသည်။ သူ့မျက်စိနှင့် သူကိုယ်တိုင် မြင်ဖူးသည့်အရာက အနည်းငယ်သာ ရှိပါသည်။

လွန်ခဲ့သည့် လဝက်ခန့်က သူ၏စိတ်ဝိညာဉ်သည် ပင်လယ်ကြမ်းပြင်သို့ လှည့်လည် သွားလာခဲ့ပြီး၊ ကျားတစ်ကောင်လို ဟိန်းဟောက်နေသော လှေအရွယ်အစားရှိ ဂုံးကောင်ကြီးကို တွေ့လိုက်သောအခါ, ဟုန်ယွိသည် ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ချက်များကို စူးစမ်းလိုစိတ် ရှိလာခဲ့ပါသည်။

"ငါ့မှာ တစ္ဆေအင်မော်တယ်တွေရဲ့ မှော်အစွမ်းမျိုးတွေ ရှိလာခဲ့ရင်၊ အကန့်အသတ်မဲ့ ကမ္ဘာကြီးကို သေချာပေါက် စူးစမ်းရမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ လျှို့ဝှက်ချက်မျိုးစုံက အမှန်တကယ် ကြီးမားကျယ်ပြောပြီး အဆုံးမရှိ ဘူး။ ထူးခြားဆန်းကြယ်မူတွေနဲ့ ပြည့်နှက်နေတယ်။ လူသားတွေရဲ့ တိုက်ပွဲတွေ, လျှို့ဝှက်အကြံအစည်တွေ ထက် ပိုစိတ်ဝင်စားစရာ ကောင်းတယ်။ ရှေးခေတ်ကတည်းက အင်မော်တယ်ပုဂ္ဂိုလ်ကြီးတွေ, ရသေ့ရဟန်းတွေ ဟာ တောတောင်တွေနဲ့ ပင်လယ်ရပ်ခြား ကျွန်းတွေပေါ်မှာ နက်ရှိုင်းစွာ နေထိုင်လိုစိတ် ရှိနေကြတာ အံ့ဩစရာ မဟုတ်ဘူးပဲ။ ဒါပေမယ့် အခု ငါ မလုပ်နိုင်သေးဘူး။ ငါ့အမေ့အတွက် တရားမျှတမှု မရသေးဘူး။ ငါကရော ဘယ်အချိန်ရောက်မှ အင်မော်တယ်တစ်ပါး ဖြစ်လာမှာလဲ…။”

ရွှေရောင်ဟင်းရည်ကို ကြည့်လိုက်ရင်း, ဟုန်ယွိ၏စိတ်ထဲမှာ အတွေးများစွာ ပေါ်လာပါသည်။

"ယွမ်ယန်ကောင်းကင်ပုလဲ ဟင်းချို... ယွမ်ယန်ကောင်းကင်ပုလဲ ဟင်းချိုက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ပြန်လည်ပြောင်းလဲပေးနိုင်တဲ့ နတ်ဆေးတစ်လက်ပဲ။ အထူးသဖြင့် ဒီပုလဲကြီး…၊ အနှစ်သာရက အဆုံးမရှိဘူး။ ဒီဟင်းရည် ဘယ်လောက် ဆူပွတ်နေလဲတော့ ငါ မသိဘူး။ ဆူပွတ်နေတဲ့ ရက်အနည်းငယ် အတွင်းမှာ, ငါ ဘေးမှာထိုင်ပြီး အနံ့ကို ရူသွင်းရုံနဲ့ ငါ့ကိုယ်တွင်းအင်္ဂါတွေ သန်မာလာတယ်လို့ ခံစားရတယ်။ အရင်ကထက် ဘယ်နှစ်ဆ ပိုသန်မာလာလဲ ငါ မသိဘူး။ ဒီတစ်လခွဲ လေ့ကျင့်တာက တစ်နှစ်လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်တာနဲ့ ညီမျှတယ်။” ချီဇီယန်သည် မီးဖိုဘေးတွင် တင်ပျဉ်ခွေထိုင်နေကာ ကြေးအိုးထဲ မှ ရွှေရောင် အရည်ကို ကြည့်နေသည်။ သူသည် မွှေးရနံ့ကို ရှူရှိုက်လိုက်သည်။ ထို့နောက် သူသည် အသက်ရှု ရပ်ပြီး မျက်လုံးဖွင့်လာသည်။ သူ့အမူအရာက မှိန်းမောနေပုံရပါသည်။

ဤလူငယ် ကျွမ်းကျင်သူသည် ဟုန်ယွိနောက်သို့ လိုက်လာကတည်းက သူသည် ကံကောင်းခြင်းများစွာကို တွေ့ကြုံရတော့သည်။ "သက်တန့်ထိုးဖောက် နတ်ဘုရားလေး"၊ "ကျောက်စိမ်းညခြင်္သေ့မြင်း"၊ "စိတ်ဝိညာဉ် ဖြိုခွဲခြင်းမြှား"၊ "ငွေငါးမန်းချပ်ဝတ်"၊ ဒိုင်ဇင်ဘုရားကျောင်း၏ မှော်ဆေးအမျိုးမျိုး။ ယခုဆိုလျှင် သူသည် အနှစ် တစ်ထောင်သက်တမ်းရှိ ကျားဂုံးကောင်၏ သွေးအနှစ်သာရနှင့် လရောင်မှ ပေါင်းစပ်ဖန်တီးထားသော ယွမ်ယန် ကောင်းကင်ပုလဲကိုပင် ဟင်းရည်ချက်ရန် အသုံးပြုနေပါသည်။

အမှန်တော့၊ သူသည် သူ့အား ပိုမိုတိုးတက်လာစေရန် ဖြစ်နိုင်ချေရှိသည့် အဆင့်မြင့်အဆင့် ကိုယ်ခံပညာ ဖြစ်သည့် နဂါး-ဆင်တံဆိပ်ကိုတောင် သင်ယူနိုင်ပါသေးသည်။

လအနည်းငယ်အတွင်းမှာ ချီဇီယန်၏ စွမ်းအားက အရင်ကထက် နှစ်ဆ ပိုတိုးလာပါသည်။ ဤကြီးမားသော အကျိုးကျေးဇူးများကြောင့် သူ့ဘ၀တွင် တွေ့ကြုံခဲ့ရဖူးသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကပင် ဟုန်ယွိနှင့် သူ ဖြတ်သန်းခဲ့သည့် လအနည်းငယ်နှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း သူ သံသယဝင်မိပါသည်။

ယခုဆိုလျှင် ချီဇီယန်သည် ကိုယ့်ကိုယ်ကို ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ရန် လေ့ကျင့်ထားပြီး ဖြစ်သည်။

ချီဇီယန်သည် အမြင့်မြတ်ဆုံး လူသားအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနိုင်သည့် ကိုယ်ခံပညာ ကျမ်းများ ဖြစ်သော တိုင်ရှန်တာအိုဂိုဏ်း၏ "အထွဋ်ထိပ်နှောင်ကြိုးမဲ့ကျမ်း” ဒိုင်ဇင်ဘုရားကျောင်း၏ "ပစ္စုပ္ပန်ကမ္ဘာ ရူလိုင်သုတ္တန်"၊ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ "ဆန်းကြယ်အမှောင်မှတ်တမ်း" မက်မွန်နတ်ဘုရားဂိုဏ်း၏ "ယင်ယန်အစစ်မှန် သဟဇာတကျမ်း" အနှစ်သာရနတ်ဘုရားကျောင်း၏ "သွေးအနှစ်သာရနှင့် အသက်ဓာတ် စုစည်းခြင်းကျမ်း" ထိုကျမ်းစာများ သူ့ရှေ့တွင် တင်ထားလျှင်ပင်, သူသည် အလွန်တုန်လှုပ်နေမည် မဟုတ်ပေ။

ရွှေပင့်ကူကြီးလည်း ကြေးအိုးထဲက ဟင်းချိုရည်ကို တည့်တည့် စိုက်ကြည့်ရင်း ဘေးနားမှာ လဲလျောင်းနေ၏။ ဟင်းချိုအရည်က အလွန်ပူနေခြင်းကြောင့်သာ မဟုတ်ပါက, ထိုရွှေပင့်ကူကြီးသည် ခုန်ဆင်းပြီး၊ ရေချိုးနေမှာ သေချာပါသည်။

"တကယ်လို့ အဖေသာ ဒီမှာ ရှိနေခဲ့ရင်။ ဒီဟင်းရည်သောက်ပြီးနောက်, သူ့ရဲ့ ကိုယ်ခံပညာက တစ်ဖန် ပြန်လည် ကောင်းမွန်လာပြီး ရှန်တန်သိုင်းသခင်နယ်ပယ်ထဲ ဝင်ရောက်သွားလိမ့်မယ်။ သူ့သက်တမ်းကလည်း အရမ်းကို တိုးလာမှာ သေချာတယ်..."

ရှန်ထိုက်ဇူသည် တွန့်လိမ်နေကာ သူ၏ပါးပြင်ကြီးက ခွန်အားကြီးသော ဖားတစ်ကောင်လို နီမြန်းနေသည်။

ရှန်ထိုက်ဇူ၏ အဖေ ရှန်ထိုက်ယန်သည် ဟုန်ယွိနှင့်အတူ တောင်ပိုင်းပြည်နယ်သို့ လိုက်မလာခဲ့ပေ။ ယင်းအစား, သူသည် အစိမ်းရောင်မိုးမခစံအိမ်ကို အိမ်တော်ထိန်းအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် ကျန်ရစ်ခဲ့ သည်။ ကနဦး အစီအစဉ်အရ, ထိုအဘိုးအိုကို သူနှင့်အတူ ခေါ်ဆောင်လာခြင်းဖြင့် ဟုန်ယွိအတွက် ဒုက္ခများစွာကို ထိန်းသိမ်း ပေးနိုင်မည်ဟု တွေးထင်မိသည်။ သို့သော်, သူ့မှာ သန်မာသည့် ခန္ဓာကိုယ်ရှိသော်လည်း အသက်အရွယ် ကြီးရင့် နေပါပြီ။ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ပြီး၊ စစ်သည်များ မြင်းများနှင့်အတူ သွားလာရခြင်းက သူ့အတွက် ပင်ပန်းနွမ်းနယ်ပါသည်။ ထို့အပြင်၊ ကြိုတင်ခန့်မှန်း၍ မရနိုင်သော အန္တရာယ်များလည်း ရှိနေသေးသည်။ ထို့ကြောင့် ဟုန်ယွိက သူ့ကို ငွေရေးကြေးရေး စီမံခန့်ခွဲဖို့၊ ကျွန်တွေကို လေ့ကျင့်ပေးဖို့နှင့် စံအိမ်ပိုင်ရှင်ကြီး တစ်ယောက်အနေဖြင့် ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းခိုင်းခဲ့ပါသည်။

"စိတ်မပူပါနဲ့၊ ဒီပုလဲလုံးကြီးက ဆေးဘက်ဆိုင်ရာ အစွမ်းတွေ ပေါကြွယ်ဝတယ်။ အများကြီး ချက်ပြုတ်လို့ရပါ တယ်။ အချိန်ရောက်လို့ ငါတို့အိမ်ပြန်တဲ့အခါ, ယူသွားပြီး အဘိုးကိုလည်း အသုံးပြုခိုင်းလို့ ရပါတယ်" မုကလေး က ပြောသည်။

ထိုအချိန်တွင် အိမ်ထဲမှာ ဟုန်ယွိ၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားများနှင့် ပြည့်နေသည်။ အခြား မည်သူမျှ မရှိခဲ့ပါ။ သူတို့အားလုံးသည် ဝိညာဉ်ဆေးရည် ထွက်ပေါ်လာပြီးနောက် ၎င်း၏အကျိုးသက်ရောက်မှုကို စမ်းသပ်ရန် စောင့်မျှော်နေကြသည်။

နှစ်တစ်ထောင်ကြာပြီးနောက် ကျားဂုံးကောင်၏ ပုလဲသည် ယွမ်ယန်ကောင်းကင်ပုလဲအဖြစ်သို့ ပြောင်းလဲသွား ကြောင်း တာအိုဂန္တဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသည်။ ကျိုချက်ထားသော ဟင်းရည်ချိုသည် လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ပြန်လည်ပြောင်းလဲပေးနိုင်သည်။ ကိုယ်ခံပညာကို လေ့ကျင့် ထားသူတိုင်း ထိုပုလဲကို ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။

ဆေးကို ကျိုချက်ရာတွင် အသုံးပြုသော မီးသည် တဖြည်းဖြည်း ငြိမ်းသွားပြီး ကြေးအိုးအတွင်းရှိ ကျိုချက်ထား သော ရွှေရောင်အရည်သည် ပွတ်ပွတ်ဆူနေရာမှ အေးသွားသော်လည်း ပျားရည်ကဲ့သို့ မွှေးရနံ့က ပိုမိုပြင်းထန် လာပြီး အခန်းတစ်ခုလုံးကို ပြည့်လျှံသွားစေသည်။ အသက်ရူသွင်းလိုက်သည်နှင့် သူတို့၏ ချွေးပေါက်တွေက သန့်စင်သည့် လေထုကို ထုတ်လွှတ်သည်။

မုကလေးသည် ပန်းကန်ငါးလုံးကို အသုံးပြုပြီး ရွှေရောင်ပယင်းနှင့်တူသော အရည်ကို အသေအချာ ခပ်ယူလိုက် သည်။ ထို့နောက် ရွှေပင့်ကူအပါအဝင် ရောက်ရှိနေသူ အားလုံးကို ပေးလိုက်ပါသည်။

"ဒီအရည်ကို နေ့တိုင်း နည်းနည်းစီ သောက်သုံးပါ။ ပြီးရင် ဆေးအစွမ်းကို ချေဖျက်ဖို့ မင်းတို့ရဲ့ ချီနဲ့သွေးကို လှည့်ပတ်ပြီး လေ့ကျင့်ပေးပါ။ သုံးရက်လောက်ကြာရင် သိသာထင်ရှားတဲ့ အာနိသင်တွေ တွေ့ရလိမ့်မယ်။ ဒါပေမယ့် သောက်တာအပြင်, အကောင်းဆုံး နည်းလမ်းကတော့ တချို့ကို သစ်သားပုံးထဲမှာ အရည်ဖျော်ပြီး ရေချိုးလိုက်ပါ။ မင်းတို့ရဲ့ အရိုးတွေ၊ ကြွက်သားတွေ၊ အရွတ်တွေ၊ အရေပြားတွေ ပျော့ပျောင်းလာမယ်။ မင်းတို့ရဲ့ ခွန်အားတွေလည်း တိုးလာလိမ့်မယ်။"

ချီဇီယန်သည် ရွှေရောင်ရည် ပန်းကန်လုံးကို လက်ခံရရှိခဲ့သည်။ သူသည် ထိုစကား ပြောပြီးသည်နှင့် သူ့အခန်း ထဲသို့ အမြန်ပြေးသွားကာ တံခါးကို ပိတ်လိုက်၏။ သူသည် ဆေးအစွမ်းကို စမ်းသပ်တော့မည်ဟု ထင်ရသည်။

"ရွှေပင့်ကူ, ဒီဆေးက မင်းအတွက် အလုပ်မဖြစ်ဘူး မဟုတ်လား။ ဘယ်လိုဘဲဖြစ်ဖြစ်, အနာဂတ်မှာ မင်းက လူပြန်ဝင်စားရမှာပဲလေ။ ပြီးတော့ ဒီရွှေပင့်ကူရဲ့ ခန္ဓာကိုယ်ကြီးက ရုပ်ဆိုးပြီး မကောင်းဆိုးဝါး ဖြစ်နေတယ်။ မင်း ဘာလို့ မှော်ဆေးဝါးကို ဖြုန်းတီးချင်ရတာလဲ။” မုကလေးက ရွှေပင့်ကူကို ပြောလိုက်သည်။

"နင်ကမှ ရုပ်ဆိုးပြီး မကောင်းဆိုးဝါးမ ဖြစ်နေတာ၊…" ရွှေပင့်ကူ၏ နားစူးစူးရှရှ အော်သံက ထွက်ပေါ်လာပါ သည်။ "ငါ့ခန္ဓာကိုယ်က အရမ်းလှတယ်။ ဒီဆေးသောက်ပြီးရင် ငါ့အရေပြားက ပိုပြီးတော့တောင် မာကြောလာ ဦးမယ်။ အဲဒီအချိန်ရောက်ရင် ဓားတွေ၊ မြှားတွေတောင် ထိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်တော့ဘူး။ ငါ့ရဲ့ ပင့်ကူ ချည်မျှင် ထွေးထုတ်နိုင်စွမ်းကလည်း မြင့်တက်လာပြီး တစ်နေ့ငါးကြိမ်လောက် ထုတ်ပေးနိုင်လိမ့်မယ်။ အနာဂတ်မှာ ငါ့အလောင်းကို အောင်မြင်စွာ အသွင်ပြောင်းပြီး လူပြန်ဝင်စားရင်တောင်မှ ဒီခန္ဓာကိုယ်က ပြင်ပ ခန္ဓာကိုယ်အဖြစ် သီးခြားတည်ရှိပြီး အလွန်အသုံးဝင်လိမ့်မယ်။”

"ဟမ်း…" မုကလေးက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူမက ခေါင်းပြန်လှည့်ပြီး၊ သူမနောက်ကျောဘက်မှ ရွှေပင့်ကူအား ပေးလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ။ ရွှေပင့်ကူ… မုကလေးက မင်းကို စနေတာပါ။ ဆေးယူပြီး သောက်လိုက်ပါ။ ပြီးရင် မင်းရဲ့ ချီကို လှည့်ပတ်ပြီး၊ မင်းရဲ့သွေးကို လေ့ကျင့်ပေးလိုက်။ ဒါဆို မင်းရဲ့ ခွန်အားတွေ တိုးလာလိမ့်မယ်။ ရေတပ်ဌာနချုပ်က စာရွက်စာတမ်းတွေ ပေးပို့လိုက်ပြီ။ မကြာခင် ရက်အနည်းငယ်အတွင်းမှာ ဓားပြတွေကို နှိမ်နင်းဖို့ ငါတို့တပ်တွေကို စေလွှတ်လိမ့်မယ်။ စစ်ပွဲတွေက အန္တရာယ်များတယ်။ ငါတို့ သတိလက်လွတ် ပေါ့ပေါ်တန်တန် လုပ်လို့မရဘူး။” ဟုန်ယွိက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ရွှေပင့်ကူသည် ဟုန်ယွိ၏ စကားကို အလွန်နားထောင်သည်။ သူမသည် ပင့်ကူမျှင်တစ်လုတ်ကို ထွေးထုတ်ပြီး ပန်းကန်လုံးကို အလွှာလိုက် ထုပ်ပိုးလိုက်သည်။ ပင့်ကူမျှင်များသည် အလွန်သိပ်သည်းသဖြင့် ရွှေရောင်အရည်များ စိမ့်မထွက်ပေ။

ပန်းကန်လုံးကို ထုပ်ပိုးပြီးနောက် ရွှေပင့်ကူသည် တုန်တုန်ယင်ယင်ဖြစ်နေသော ကဏန်းတစ်ကောင်ကဲ့သို့ ပြန်လှည့်ကာ ခြေရှစ်ချောင်းဖြင့် သူမအခန်းသို့ ပြန်သွားတော့သည်။

ဟုန်ယွိသည် အခြားလူများ လေ့ကျင့်ရန် ကိုယ်စီအခန်းများသို့ ပြန်သွားသည်ကို စောင့်ဆိုင်းပြီးနောက် ကြေးအိုးထဲမှ "ယွမ်ယင်ကောင်းကင်ပုလဲ" ကို ထုတ်ယူလိုက်ပါသည်။ လက်သီးစုပ်အရွယ် ပုလဲလုံးကြီးသည် အရွယ်အစား သေးငယ်သွားသည်ကို တွေ့ရှိခဲ့ရသည်။ သဘာဝရတနာများနှင့်တူသော ဤပုလဲလုံးကြီးသည် အကြိမ်ရာနှင့်ချီ ကျိုချက်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။

“အပြစ်ကင်းနေတဲ့ လူတစ်ယောက်ဟာ မိမိကိုယ်ပိုင်ရတနာကြောင့် ဒုက္ခရောက်ရလိမ့်မယ်တဲ့။ ဒီကျားဂုံးကောင် ကြီးဟာ နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခဲ့တယ်။ နဂိုက ကောင်းမွန်နေပေမယ့်လည်း ဒီပုလဲဆိုတဲ့ ရတနာ ကြောင့် သေစေလောက်တဲ့ ဘေးဥပါဒ်ကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါပေမယ့် သူသေခါနီးမှာ ပုလဲလုံးကြီးကို ဘာလို့ ငါ့ဆီ ပျံသန်းလာတာလဲ။ အခု ငါက ချန်ယင်းရှာလို နားမလည်နိုင်အောင် အစွမ်းထက်တဲ့ ဆရာသခင် တစ်ယောက်ကို ပြစ်မှားမိခဲ့ပြီ ... ဒါပေမယ့် ယခု ပုလဲလုံးက ငါ့လက်ထဲမှာဆိုတော့, ငါမယူထားရင်, ငါ့ကို ထိခိုက်လိမ့်မယ်။” ဟုန်ယွိက ပုလဲကို သူ့ရင်ခွင်ထဲမှာ သိမ်းထားပြီး သူ့ကိုယ်သူ တွေးလိုက်မိပါသည်။

ချန်ယင်းရှာ၏ ထူးခြားဆန်းပြားသည့် စွမ်းရည်များကို မြင်ပြီးနောက် ဟုန်ယွိသည် အဖိုးတန်ရတနာတစ်ခု အတွက် ထိုဆရာသခင်ကို စော်ကားလိုစိတ် မရှိတော့ပေ။ သို့သော် မသေခင် ကျားကုံးကောင်ကြီးက ပုလဲကို သူ့ကို ပေးခဲ့သည့်အတွက်, ယင်းက မိုးကောင်းကင်က သူ့ကို ပေးချင်သည်ဟု ဆိုလိုပါသည်။ ကောင်းကင်ဘုံ သည် လူတစ်ဦးအား ကောင်းချီးမင်္ဂလာကို ပေးဆောင်ပြီး၊ ထိုလူသည် ၎င်းကို လက်မခံရန် အခိုင်အမာ ငြင်းဆိုနေပါက၊ မိုးကောင်းကင်က ထိုလူအား ဘေးဥပါဒ်အတွင်းသို့ ပေးပို့မည် ဖြစ်သည်။

ယင်းကို သမိုင်းတွင် မရေမတွက်နိုင်သော ဥပမာများဖြင့် သက်သေပြခဲ့သည်။

သူ့အခန်းထဲ ပြန်ရောက်တော့ ဟုန်ယွိက ပန်းကန်လုံးထဲက ရွှေရောင်အရည် တစ်ခွန်းကို အသေချာ သောက်လိုက်ပါသည်။ သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည့်အခါ ချက်ချင်းပင် မွှေးရနံ့တွေနှင့် ပြည့်နှက်သွားခဲ့ပါ သည်။ သူ့စိတ်တစ်ခုလုံး အလွန်ကြည်လင်လာပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း အလွန်သက် တောင့်သက်သာ ရှိလာပါသည်။

"နောက်ဆုံးတော့ တာအိုကျမ်းစာတွေမှာ ဖော်ပြထားတဲ့ အလှဆင်ထားတဲ့ ပန်းဝတ်ရည်အရသာက ဘယ်လိုမျိုး လဲဆိုတာ ငါ သိသွားပြီ။" ဟုန်ယွိသည် ယွမ်ယန်ကောင်းကင်ပုလဲ၏ အနှစ်သာရကို မျိုချလိုက်ပြီးနောက်၊ သူ့ခန္ဓာကိုယ်သည် မွှေးကြိုင်သော ရွှေလူသားအဖြစ်သို့ ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ တာအိုကျမ်းများ တွင် သူဖတ်ဖူးသော မှတ်တမ်းများစွာကို သူ ပြန်အမှတ်ရမိသည်။

သူသည် ရွှေရောင်အရည်ကို တံတွေးဖြင့် ဖြည်းညှင်းစွာ မျိုချလိုက်သည်။ သိပ်မကြာခင်မှာပင် ဟုန်ယွိ၏ တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိလာပါသည်။ သူ့စိတ်တွေက လန်းဆန်းသွားပြီး သူ့ခန္ဓာကိုယ်က လွင့်မျောနေပါသည်။ သူသည် သရဖူနီ ကြိုးကြာငှက်များကဲ့သို့ ကခုန်ချင်စိတ်ပင် ဖြစ်ပေါ်နေသည်။

သူ့စိတ်ဝိညာဉ်ကို ကြံ့ခိုင်ခံ့စေသည့် အတိတ်အမိတ္တဘသုတ္တန်ကို ကျင့်ကြံထားခြင်းကြောင့်သာ မဟုတ်ပါက၊ ဟုန်ယွိသည် သူသည် ကောင်းကင်ယံသို့ အမှန်တကယ် လွင့်မျောပြီး ပျော်ရွှင်နေသည့် အင်မော်တယ်တစ်ဦး ဖြစ်လာမည်ဟုပင် သံသယဖြစ်မိမည်။

"ဆေးအာနိသင်က စတင် အသက်ဝင်လာတော့တယ်။ ငါ အဲဒါကို အတင်းကြပ် ဖိနှိပ်ထားရမယ်။ မဟုတ်ရင် ဆေးအာနိသင် ပျက်သွားမယ်။”

ဟုန်ယွိသည် လေထဲတွင် လွင့်မျောနေသည့် ထိုခံစားချက်ကို တွန်းလှန်ရန် သူ့ခွန်အားရှိသမျှကို အသုံးပြုခဲ့ရ သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ပူလောင်နာကျင်မှုကို ချက်ချင်း ခံစားရပြီး သူ၏ ချီနှင့် သွေးများသည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ သူသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်သည့် စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုစွမ်းအင်ကို အသုံးချ၍ ဟုန်ယွိသည် ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်ကို ချက်ခြင်း ထုတ်ဖော် သည်။ သို့သော်, ယခုတစ်ကြိမ်တွင် သူ့လက်သီးနည်းစနစ်က ယခင်လုပ်ထုံးလုပ်နည်းများနှင့် မတူဘဲ၊ သူ့ခန္ဓာကိုယ်အနှံ့ပြားရှိ အရိုးများအားလုံးကို လှုပ်ခါစေကာ၊ သံမဏိကို ထုရိုက်နေသည့် အသံများ ဖြစ်ပေါ်လာ စေသည်။ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်ကို လေ့ကျင့်အပြီးတွင် သူသည် လိပ်ပြာတစ်ကောင် ၏ နူးညံ့ပျော့ပြောင်းပြီး မိန်းမဆန်ဆန် ကျက်သရေရှိသော လိပ်ပြာအကလက်သီးကို လိုက်ပါလေ့ကျင့်ခဲ့သည်။

သူ လေ့ကျင့်ရင်း တိုက်ခိုက်နေစဉ်မှာ, ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ထွက်ခွာသွားခဲ့သော်လည်း သူ၏ခန္ဓာကိုယ် သည် နေထွက်ချိန်နှင့် နေဝင်ချိန်ကဲ့သို့ အဆုံးမရှိ တိုးတက်လှုပ်ရှားနေဆဲ ဖြစ်ပြီး၊ သူသည် အတွေးမရှိ ငြိမ်သက်ခြင်း အခြေအနေသို့ ဝင်ရောက်သွားခဲ့ပါသည်။

လက်သီးပညာရပ်တစ်စုံကို လေ့ကျင့်ပြီးနောက်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ ချီနှင့်သွေးများသည် မူလအလင်းရောင်ထက် အနည်းငယ် ပိုလင်းလာ သည်ကို သူသာ ခံစားနိုင်သည်။ ၎င်းတွင် သန့်စင်သော ပြဒါးသဖွယ် သွေးသန့်စင်ခြင်း၏ အရိပ်အမြွက်ကိုပင် ပြသနေခဲ့ပါသည်။

"ဒါက အထွဋ်ထိပ် သိုင်းလမ်းစဉ်ကို နားလည်ပြီးနောက် ခြင်ဆီကို နှင်းခဲလိုဖြစ်အောင်၊ သန့်စင်တဲ့ပြဒါးသဖွယ် သွေးကို သန့်စင်ပေးပြီးနောက် မဟာဆရာသခင်တစ်ယောက်ဖြစ်လာတဲ့ မြင်ကွင်းမျိုး ဖြစ်သင့်တယ်…။"

ဟုန်ယွိသည် ၎င်းကို သေသေချာချာ အပြည့်အဝ ခံစားပြီး၊ သူ့ခန္ဓာကိုယ်ထဲက ချီနှင့်သွေးများသည် တည်ငြိမ်ပြီး ခမ်းနားထည်ဝါမူများ ပိုင်ဆိုင်လာသည်ကို သိလိုက်ပါသည်။ ၎င်းသည် လေ့ကျင့်မူ အထွတ်အထိပ်သို့ ရောက်ရှိ ပြီးနောက် သိုင်းသူတော်စင် နယ်ပယ်ဆီသို့ စတင်တက်လှမ်းနေသော မဟာဆရာသခင်တစ်ပါးထံမှသာ ဤကဲ့သို့ နယ်ပယ်မျိုးကို ခံစားနိုင်ပါလိမ့်မည်။

သို့သော်၊ ဟုန်ယွိသည် သူ့ကိုယ်သူ သိုင်းသူတော်စင်တစ်ဦး ဖြစ်လာစေရန်အတွက် ယွမ်ယန်ကောင်းကင်ပုလဲ၏ ဆေးဖက်ဝင် စွမ်းအားကို အားကိုးနိုင်သည်ဟု ထင်ရလောက်အောင် နုံအနေခြင်း မရှိပေ။

သိုင်းသူတော်စင်…၊ သိုင်းသူတော်စင်… သိုင်းလမ်းစဉ်၏ သူတော်စင်။ ၎င်းသည် ကိုယ်ခံပညာရပ်များကို စေ့စေ့ စပ်စပ် နားလည်ရန် လိုအပ်ပြီး၊ ရုပ်ခန္ဓာကိုယ်တစ်ခုလုံးကို အတွင်းရော,အပြင်ပါ လုံးဝ ပြောင်းလဲကာ၊ ရုပ်ခန္ဓာကိုယ်၏ သန့်စင်မူကို ရရှိရန် လိုအပ်ပါသည်။ ယခုဆိုလျှင်, ဟုန်ယွိသည် သူ၏အားနည်းသော ချီနှင့် သွေးများကို တည်ငြိမ်စေရန်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အားကောင်းစေရန်အတွက် မှော်ဆေးဝါး၏ အစွမ်းကို အများဆုံး အသုံးပြုနေပါသည်။

ဤလက်သီးနည်းစနစ်ကို လေ့ကျင့်ပြီးနောက် ဟုန်ယွိသည် တစ်စုံတစ်ဦးအား ရေချိုးရန် ရေနွေးကျိုခိုင်းခဲ့ပါ သည်။ ထို့နောက် သူသည် ရေချိုးစဉ်မှာ ရွှေရောင်အရည် အနည်းငယ် ထည့်ချိုးခဲ့သည်။

ရက်အနည်းငယ် ကြာသွားခဲ့ပြီ။ အတွင်းရော အပြင်ပါ လိမ်းကျံပြီးနောက်, ဟုန်ယွိသည် သူ့မှာ အားအင်တွေ ပြည့်နေပြီး သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကလည်း အရမ်းတိုးမြင့်လာသည်ကို ခံစားရသည်။ သူသည် သံမဏိ သစ်သားမဟူရာ အရိုးလေးကို ဆွဲကြည့်သောအခါ၊ မူလက သူဆွဲနိုင်သော အကြိမ်အရေထက် အဆပေါင်း ၂၀ မှ အဆပေါင်း ၃၀ ကျော်အထိ တိုးလာခဲ့ပါသည်။

တကယ်ဆို, ဟုန်ယွိသည် သူ့ခန္ဓာကိုယ်မှာရှိသည့် ခွန်အားအားလုံးကို စုစည်းထားမည်ဆိုလျှင်, သူသည် ဂျင် ၇၀၀) ရှိသည့် သက်တန့်ထိုးဖောက်လေးကိုတောင် အပြီးအပိုင် ဆွဲနိုင်ပါလိမ့်မည်။

သို့သော်, ထိုလေးကို သူသည် သုံးလေးကြိမ်လောက်သာ ဆွဲနိုင်ပြီး၊ သူ့လက်တွေ နာကျင်ပြီး ထုံကျင်သွားလိမ့် မည်။

သို့သော်၊ သူ့လက်များ ထုံထိုင်းနာကျင်ပြီးနောက် အနည်းငယ် အနားယူလိုက်လျှင် သူ၏ ကြံ့ခိုင်မှုကို ပြန်လည် ရရှိလာမည်ကို ဟုန်ယွိ တွေ့ရှိခဲ့သည်။

မူလက သူခွန်အားများ ကုန်ခမ်းသွားပြီးနောက် သူ့ကြွက်သားတွေ နာလာပြီး ချီနှင့်သွေးတွေ မတည်မငြိမ် ဖြစ်လာပါက, သူသည် ပြန်လည်ကောင်းမွန်လာရန် အနည်းဆုံး အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်စာလောက် အနားယူရန် လိုအပ်ပါလိမ့်မည်။ သို့သော်, ယခုအခါ, သူသည် ထိုမျှကြာအောင် မလိုအပ်တော့ပါဘူး။ အသက်ရူချိန် ရာဂဏန်းလောက်ကြာပြီးနောက် သူ့ခွန်အားတွေ ပြန်လည်ရရှိလာ ပါလိမ့်မည်။

ယင်းက အရင်ကထက် သုံးဆ ပိုကောင်းလာခြင်း ဖြစ်သည်။

ဤသည်မှာ ယွမ်ယန်ကောင်းကင်ပုလဲ၏ ဆေးဖက်ဝင်စွမ်းအား၏ အကျိုးကျေးဇူး ဖြစ်သည်။ ဤကဲ့သို့ လျင်မြန် သော ခွန်အားကို ပြန်လည်ရရှိခြင်းသည် သိုင်းသူတော်စင်နယ်ပယ်၏ ရုပ်ခန္ဓာကိုယ်ကိုမျိုးကို ပိုင်ဆိုင်ထားမှသာ ဖြစ်နိုင်ပါသည်။

သို့သော် အစစ်အမှန် သိုင်းသူတော်စင်တစ်ပါးသည် သူ့ခွန်အားရှိသမျှ လက်သီးဖြင့် ထိုးပြီးနောက် အသက်ရှုချိန် တရှိုက်အတွင်း ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် အဆုံးမရှိပေ။ ယင်းက ဟုန်ယွိထက် အဆတစ်ရာ သာလွန်ပါသည်။

သိုင်းသူတော်စင် နယ်ပယ်ထဲကို ခြေတစ်လှမ်း ဝင်ရောက်ဖို့ မဖြစ်နိုင်သော်လည်း ဟုန်ယွိသည် သူ့လက်မောင်း ကို အသုံးပြုပြီး၊ ချီဇီယန်နှင့် ကိုယ်ခံပညာ လေ့ကျင့်သောအခါ, သူတို့၏ အသားနှင့်အရိုးတွေ အပြင်းအထန် ထိတွေ့စဉ်မှာ အရိုးထဲထိုးဖောက်ဝင်လာသည့် နာကျင်မှုမျိုး မရှိတော့ပါဘူး။

အရင်တုန်းကဆို, ဟုန်ယွိနှင့် ချီဇီယန်တို့ လက်ဗလာချင်း အပြင်းအထန် ထိပ်တိုက် တွေ့ဆုံမိသည့်အခါ တစ်ဖက် လူ၏ မာကျောလှသော အရိုးတွေကို သူ ခံစားခဲ့ရပါသည်။ ၎င်းသည် ပေါ့ပေါ့ပါးပါး ထိတွေ့မှုတစ်ခုသာ ဖြစ်သော်လည်း အရေပြားနှင့် အသားများမှတစ်ဆင့် စိမ့်ဝင်နိုင်ပြီး၊ အရိုးဖောက်ဝင်သည့် နာကျင်မှုကို ဖြစ်စေပါ သည်။ ယခုမူကား, သူသည် အနည်းငယ် ထုံကျင်ရုံလောက်သာ ခံစားရသည်။

ယင်းမှနေ၍ သူ၏အရိုးများသည် တဖြည်းဖြည်း မာကျောလာသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

အထွတ်အထိပ် သိုင်းသခင်များသည် ၎င်းတို့၏ အရိုးများကို သံမဏိကဲ့သို့ မာကျောစေရန် လေ့ကျင့်ပေးကြရ သည်။ သူတို့သည် သူတို့၏ စွမ်းအားထက် ကျော်လွန်၍ တိုက်ခိုက်ခြင်းမျိုး မကြုံတွေ့ရပါက အရိုးကျိုးခြင်း သို့မဟုတ် အခြားဒဏ်ရာများ ရရှိမည်မဟုတ်ပေ။ သူတို့သည် အရိုးများကို ချိုးပစ်နိုင်သည့် မည်သည့်ပညာရပ် များကိုမဆို တွန်းလှန်နိုင်ပါသည်။

ယခင်တုန်းက ဟုန်ယွိ၏ ခန္ဓာကိုယ်သည် သာလွန်ထူးကဲစွာ ကောင်းမွန်ပြီး၊ သူသည် သိုင်းစစ်သည်တော်တစ်ဦး ဖြစ်နေစဉ်မှာပင် သိုင်းသခင်တစ်ယောက်၏ ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း၊ ရာနှင့်ချီသည့် တိုက်ပွဲပေါင်း များစွာကို ကြုံတွေ့ဖူးသော အထွတ်အထိပ် သိုင်းသခင်တစ်ယောက်နှင့် ရင်ဆိုင်တွေ့ရပါက, သူသည် ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး။ အကြောင်းမှာ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံးချိန် တိုက်ခိုက်ကြသည့်အခါ, တိုက်ပွဲ အတွင်းမှာ တဖက်လူက သူ့အရိုးတွေကို ဖမ်းဆုပ်ပြီး ချေမွပစ်နိုင်သောကြောင့်ပင်။ ဟုန်ယွိ၏ အရိုးများသည် အားနည်းနေသေးပြီး၊ ချက်ချင်းပင် ပျက်စီးသွားလိမ့်မည်။

ယခုမူ သူ၏အရိုးများသည် မာကျောလာသဖြင့် တိုက်ပွဲ ထောင်ပေါင်းများစွာ အတွေ့ကြုံရှိသည့် အထွတ်အထိပ် သိုင်းသခင်များပင်လျှင် ဟုန်ယွိကို မည်သို့မျှ စွမ်းဆောင်နိုင်တော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဟုန်ယွိ၏ ချီနှင့်သွေးများသည် တည်ငြိမ်ပြီး ရှန်တန်သိုင်းသခင်ကျွမ်းကျင်သူ၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုးကို ပိုင်ဆိုင်ထားကြောင့် ဖြစ်ပါသည်။ သူ၏အရိုးများသည် ရှည်လျား နက်နဲပြီး ချက်ခြင်း ကျိုးသွားမည် မဟုတ်တော့ပေ။

ချီဇီယန်နှင့် တိုက်ခိုက်စဉ်က အတွေ့အကြုံကို အခြေခံပြီးပြောရလျှင်, ဟုန်ယွိသည် အခုအခါ တယောက်ချင်း တိုက်ခိုက်ရာမှာ သာမန် ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူများနှင့် လုံးဝ တိုက်ခိုက်နိုင်နေပါပြီ။

ဟုန်ယွိသည် တာအိုနည်းစနစ်များကို ကျင့်ကြံနေပြီး၊ သူ့ကိုယ်ခံပညာ လေ့ကျင့်ရာမှာလည်း ကြီးကြီးမားမား တိုးတက်နေစဉ်မှာ, ပစိတ်ဖိတ်ရေတပ်သည် နောက်ဆုံးတွင် အမိန့်စာတစ်စောင် ပေးပို့ခဲ့သည်။ တပ်ရင်းများနှင့် တပ်ဖွဲ့ဝင်များ အားလုံးကို အသင့်အနေအထားတွင် ရှိနေစေရမည်။ ဝင်္ကဘာအကွေ့မှာရှိသည့် ပင်လယ်ဓားပြ တွေကို သုတ်သင်ဖို့ နောက်နေ့ သန်းခေါင်ကျော်မှာ စတင်ထွက်ခွာသွားကြမည် ဖြစ်ပါသည်။

ဟုန်ယွိသည် စစ်တပ်တွင် ရက်ပေါင်း နှစ်ဆယ်ကျော်သာ ရှိသေးသည်။ တစ်လမပြည့်မီမှာပင် သူသည် တကယ့် တိုက်ပွဲကြီးကို ရင်ဆိုင်ရတော့မည်။

"မနက်ဖြန် မနက်ခင်း ပင်လယ်ဓားပြတွေကို သုတ်သင်ဖို့ ဝင်္ကဘာအကွေ့ထဲကို စစ်တပ်နဲ့ ထွက်ခွာရမယ်။ ဒီမှာ ရှိတဲ့လူအားလုံး ဝင်္ကဘာအကွေ့ရဲ့ အခြေအနေတွေကို သိကြမှာ သေချာတယ်။ မြေအနေအထားက ရှုပ်ထွေးပြီး ကျွန်းပေါင်း များစွာရှိတယ်။ တိကျသေချာတဲ့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ လူတစ်သန်းဝင်သွားရင်တောင် ပြန်လမ်း ကို ရှာမတွေ့နိုင်ဘူး…။”

ညဘက်တွင်၊ ဟုန်ယွိသည် သူ့ချပ်ဝတ်ကို ၀တ်ဆင်ထားပြီး တပ်များကို လှည့်ပတ်စစ်ဆေးနေစဉ် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

သူ့လက်အောက်တွင် လူသုံးရာကျော် ရှိသည်။ သူတို့အားလုံးသည် သံမဏိဓားများ၊ တပ်ဆင်ထားသော သားရေ ချပ်ဝတ်တန်ဆာအသစ်ကို ဝတ်ဆင်ထားကြကာ၊ လေးနှင့်မြှားများကို ကျောပေါ်တွင် လွယ်ထားကြသည်။ သူတို့တစ်ဦးစီတွင် ဝက်ဝံ၏ကျောနှင့် ကျားခါးများကိုပင် ပိုင်ဆိုင်နေကြပြီ။ သူတို့အားလုံးသည် သန်မာပြီး၊ ရဲရင့်ကြတာ စိတ်ဓာတ်ထက်မြက်သူများ ဖြစ်လာကြပြီး၊ သူ ပထမဆုံးရောက်သည့် အချိန်ကနှင့် လုံးဝ မတူတော့ပေ။

ဒီရက်ပိုင်းအတွင်းမှာ သူ၏ကိုယ်ခံပညာကို အာရုံစိုက် လေ့ကျင့်ခြင်းအပြင် ဟုန်ယွိသည် တပ်ဖွဲ့ဝင်များအား အပြင်းအထန် လေ့ကျင့်ရန် ရှန်ထိုက်ဇူကို ညွှန်ကြားခဲ့သည်။ အစားအစာတိုင်းအတွက် အသားစားခြင်းအပြင် ဟုန်ယွိသည် ဟင်းချိုချက်ရန်အတွက် ဆေးဖက်ဝင်အပင်အချို့ကို ဝယ်ယူရန် အနီးနားမြို့များသို့ လူများကို စေလွှတ်ခဲ့သည်။ တစ်လနီးပါးကြာပြီးနောက်၊ ဤစစ်သားများအားလုံးသည် သန်မာသော ကျားထက်ပင် ခွန်အားများ ပြည့်ဝလာခဲ့သည်။

"ဒါပေမယ့်, မင်းတို့ ကြောက်စရာမလိုဘူး။ ရေပြင်တိုက်ပွဲတွေမှာ လေးနဲ့မြှားတွေက အကောင်းဆုံး လက်နက်တွေပဲ။ မင်းတို့ကို လေးနှစ်စင်းနဲ့ မြှား ၃၀၀ စီ တပ်ဆင်ပေးဖို့ ငါပြင်ဆင်ပြီးပြီ။ ဒါက ဓားပြတွေကို သုတ်သင်ဖို့ လုံလောက်သင့်ပြီ။ ဒါ့အပြင် ငါတို့က တရားဝင်သင်္ဘောတွေကို အသုံးမပြုဘူး။ အဲဒီအစား၊ ငါ အထူးပြင်ဆင်ထားတဲ့ ဖလိုင်းဝှီးတပ်သံချပ်ကာသင်္ဘောကို အသုံးပြုမယ်။ သင်္ဘောကိုယ်ထည်က သံမဏိလို ခိုင်ခံ့ပြီး ပျံသန်းသလို လျင်မြန်စွာ ရွက်လွှင့်နိုင်တယ်။ သင်္ဘောပေါ်မှာ ဒူးလေးကြီးတွေလည်း ရှိသည်။ မင်းတို့ စိတ်ပူစရာ မလိုဘူး။ မင်းတို့က ရန်သူတွေကို ကောင်းကောင်းသတ်ဖို့ပဲ လိုတယ်။ မင်းတို့ ပြန်ရောက်လာတဲ့အခါ ခေါင်းဖြတ်နိုင်တဲ့ လူတိုင်းကို ငွေဒင်္ဂါး ၁၀၀ ဆုချမယ်။”

ဟုန်ယွိက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး စစ်သားတစ်ဦးချင်းစီကို သွေးတွေ ပွက်ပွက်ဆူလာအောင် လှုံ့ဆော်ပေးလိုက်ပါသည်။ ထို့အပြင်၊ ယုံကြည်မူနှင့် ဆုလာဘ်က သူတို့၏လက်ချောင်းထိပ်တွင် ရှိနေသည့် အလား သူတို့ကို အနည်းငယ်မျှ ကြောက်ရွံ့စိတ် စိုးရိမ်ပူပန်စိတ် မရှိအောင် လှုံ့ဆော်ပေးသည်။

အခန်း (၁၂၈)။

သူ့ခွန်အားနှင့် ရက်ရောသော ဆုလာဘ်များကို လူသိရှင်ကြား အသိပေးပြီး၊ သူ့လက်အောက်ရှိ စစ်သည်များအား စိတ်လှုပ်ရှားအောင် ပြုလုပ်ပြီးနောက်, စစ်သည်များကို ငြိမ်းချမ်းစွာ အိပ်စက်ရန် စစ်တန်းလျားများသို့ အမြန် ပြန်သွားခိုင်းလိုက်သည်။ တစ်ဖက်တွင်မူ ဟုန်ယွိသည် တည်ငြိမ်သက်သွားပြီးနောက် သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးကို စုစည်းလိုက်သည်။ တပ်ရင်းမှူး အမိန့်ပေးသည့် အခန်းတွင် သူသည် ဤတိုက်ပွဲများကို မည်သို့ တိုက်ရမည်, မည်သို့ တပ်ဖြန့်ရမည်စသည်များကို တိုင်ပင်ဆွေးနွေးခဲ့သည်။

ပစိတ်ဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီးစံအိမ်မှ တိုက်ခိုက်မည့် အစီအစဉ်များကို အမှန်တကယ် ထုတ်ပြန်ပေးခြင်း မရှိသေးသလို, ဟုန်ယွိသည် သူ၏ အစိမ်းရောင်တပ်ရင်းကို မည်သို့ စေလွှတ်ရမည်ကို မသိသေးသော်လည်း၊ သူသည် ပင်လယ်ရေကြောင်း ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ထံမှ ရရှိသော လျှို့ဝှက် အချက်လက်များကို စတင်လေ့လာထားရန် လိုအပ်ပါသည်။

ချီဇီယန်, ရှန်ထိုက်ဇူနှင့် သက်တော်စောင့်ငါးဦးမှလွဲ၍ တပ်ရင်းမှူး၏ စစ်တန်းလျားတွင် ရာထူးတိုးမြှင့်ခံရသော တပ်မှူး ရန်ယင်မင်းလည်း ရှိနေခဲ့ပါသည်။

မုကလေးနှင့် ရွှေပင့်ကူတို့သည် သံချပ်ကာလှေပျံငါးစင်းကို ညတွင်းချင်း စုစည်းခိုင်းထားသည်။ မနက်ဖြန် အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် အစိမ်းရောင်တပ်ရင်း တစ်ခုလုံး သင်္ဘောပေါ်တက်ပြီး တိုက်ပွဲဝင်ဖို့ ထွက်လာကြမည်။

ဤပြင်ဆင်မှုက မလုံလောက်သေးဟု ပြော၍မရပါဘူး။

မည်သို့ပင်ဖြစ်စေ, ဤစစ်ဆင်ရေးခရီးစဉ်တွင် ဟုန်ယွိသည် တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ပြီး၊ တိုက်ပွဲမြေပြင်သို့ ပထမဆုံး အကြိမ် လိုက်ပါဖူးခြင်း ဖြစ်သည်။ အကယ်၍, နောင်တွင် အမှားအယွင်း တစ်စုံတစ်ရာရှိလာခဲ့ပါက ကမ္မကုသိုလ် ပြုလုပ်နိုင်ရန် မဆိုထားနှင့် ဖမ်းဆီးထောင်ချခြင်းပင် ခံရနိုင်ပါသည်။

"တိကျတဲ့ ရေကြောင်းလမ်းပြ မြေပုံ။ ဒါ ဘယ်ကရလာတာလဲ အရှင်။”

ညီညာစွာ ဖြတ်ပိုင်းထားသော ဘုတ်ပြားပေါ်ရှိ ကြီးမားပြီး၊ ရှင်းလင်းသော၊ အရောင်စုံပြီး၊ သေးငယ်သော စာလုံးများဖြင့် လမ်းကြောင်းများနှင့် ကျွန်းများကို ပြသထားသည့် ရေကြောင်းလမ်းပြမြေပုံကို မြင်လိုက်ရသည့် အခါ, ရန်ယင်မင်းသည် လည်ပင်းညှစ်ခံပုံရပြီး သူ့မျက်လုံးတွေက ဒေါသထွက်နေသော နွားသိုးတစ်ကောင်ကဲ့သို့ ပြူးကျယ်သွားသည်။

တိကျသော ရေကြောင်းမြေပုံများသည် ပစိတ်ဖိတ်ရေတပ်၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ရုံသာမက၊ တပ်ဖွဲ့များ အားလုံး၏ ထိပ်တန်းလျှို့ဝှက်ချက်လည်းဖြစ်ကြောင်း သိရှိထားရမည် ဖြစ်သည်။ နိုင်ငံတိုင်းတွင် တိကျသော ရေကြောင်းမြေပုံများ ရှိကြပြီး၊ တိကျမှုအတိုင်းအတာက ကွဲပြားသည်။

ပစိဖိတ်ရေတပ်တွင် နှစ်အတော်ကြာ စစ်သည်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ရန်ယင်မင်းသည် ပင်လယ်မြေပုံ၏ အရေးပါပုံကို သိရှိခဲ့ပါသည်။ သူလည်း အကြံဉာဏ်သမားတစ်ယောက် ဖြစ်သောကြောင့် ဤဒေသရှိ အရာများကို သဘာဝအတိုင်း အာရုံစိုက်ထားပြီး၊ အနီးနားက ပင်လယ်ရေပြင်နှင့် အတော်လေး ရင်းနှီးပါသည်။ သို့သော်လည်း သူသည် ဟုန်ယွိ ဖြန့်ခင်းထားသော ပင်လယ်မြေပုံကို ကြည့်ရင်း၊ ဝင်္ကဘာအကွေ့ တစ်ခုလုံး၊ ယခင်နတ်ဘုရားလေပြည်နယ်၊ ရူဇူပြည်နယ်စသည်တို့ကို မြေပုံပေါ်တွင် အသေးစိတ် ဖော်ပြထား သည်ကို တွေ့လိုက်ရသည်။ ရန်ယင်မင်း သိထားသော ကျွန်းများအပြင်၊ သူမသိသော ကျွန်းများစွာလည်း ရှိနေကြသည်။

ပင်လယ်မြေပုံကို ကြည့်လိုက်ရုံဖြင့် မိုင်တစ်သောင်းအချင်းဝက်အတွင်းက ပင်လယ်ကြီးသည် သူ့စိတ်ထဲမှာ စွဲထင်သွားပုံပင်။

သူသည် ပင်လယ်ဒေသတစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

ထိပ်တန်း လျှို့ဝှက်ပင်လယ်မြေပုံက မည်သည့်ပုံစံဖြစ်သည်ကို သူမသိသော်လည်း ရန်ယင်မင်းထံမှ အမြင်အရ ဆို, ဟုန်ယွိ ဖြန့်ကျက်ထားသည့် ဤပင်လယ်မြေပုံသည် အတိကျဆုံးနှင့် အသေးစိတ်ဆုံး ဖြစ်ကြောင်း သူ့ကို ပြောပြနေပါသည်။

"ဒါက မင်းကိစ္စ မဟုတ်ဘူး။" ဟုန်ယွိက ရန်ယင်မင်းကို တစ်ချက်ကြည့်လိုက်သည်။ ရန်ယင်မင်းသည် ရုတ်တရတ် မဆင်မခြင် မေးလိုက်မိသဖြင့် ခေါင်းငုံ့ထားလိုက်သည်။ ဤအရာက ဟုန်ယွိ၏ လျှို့ဝှက်ချက် ဖြစ်သည်။ သူသည် ယခုအချိန်အထိ ဟုန်ယွိ၏ ယုံကြည်မှုကို မရရှိသေးပါဘူး။ သူသည် မည်သို့ ရူးသွပ်စွာ မေးလိုက်မိသနည်း…။

"ဒီလက်အောက်ငယ်သားက အလောတကြီး ဖြစ်သွားလို့ပါ။" ရန်ယင်မင်းက လေးလေးစားစား ပြောလိုက်ပြီး၊ ပင်လယ်မြေပုံကိုပင် မကြည့်တော့ဘဲ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ပါသည်။

“အင်း…၊ မင်း တော်တော် ဉာဏ်ကောင်းတယ်။ ဟုန်ယွိက ကျေနပ်စွာ ခေါင်းညိတ်သည်။

"ဝင်္ကဘာအကွေ့က အချင်းဝက် ကီလိုမီတာ တစ်ထောင် ရှိတယ်။ ပင်လယ်မြေပုံမှာ ရေးဆွဲထားတဲ့ ကျွန်းပေါင်း က စုစုပေါင်း သုံးရာကနေ လေးရာလောက် ရှိတယ်။ တချို့ကျွန်းတွေဆို ရှေးဟောင်းသစ်တောကြီးတွေ ရှိနေတာကြောင့် လူထောင်သောင်းချီ ပုန်းနေရင်တောင် ပြဿနာရှိမှာ မဟုတ်ဘူး။ ငါတို့တပ်တွေက ကျွန်းတွေ ကို ချဉ်းကပ်ပြီးရင်၊ ကျွန်းတွေကို တစ်ခုမကျန် သေသေချာချာ ရှာဖွေရမယ်။ အဲဒီအချိန်မှာ အန္တရာယ်က စတော့မှာ..။"

ချီဇီယန်က ပင်လယ်မြေပုံကို တစ်ခုပြီးတစ်ခု ထောက်ပြပြီး၊ "ထောက်လှမ်းရေးအရဆို၊ ဒီကျွန်းကြီးတွေမှာ ပင်လယ်ဓားပြတွေ ကြီးစိုးနေတယ်။ တချို့ကျွန်းတွေမှာဆို, အမာခံတပ်ဖွဲ့တွေ, အမာခံခံတပ်တွေတောင် တည်ဆောက်ထားတယ်။ သူတို့က စည်းမဲ့ကမ်းမဲ့လူတစ်စု မဟုတ်တာတော့ သေချာတယ်။ ဝင်္ကဘာအကွေ့ထဲ မှာ ပင်လယ်ဓားပြ စုစုပေါင်း ငါးဖွဲ့ရှိတယ်။ သူတို့က ဧရာမငါးမန်းကြီးကျွန်း၊ ငါးမန်းနက်ကျွန်း၊ ဗုဒ္ဓတစ်ထောင် ကျွန်း၊ နဂါးမောက်ကျွန်း၊ လန်းယာကျွန်းတို့မှာ အခြေပြုတည်ဆောက်ထားတယ်။ ဒီပင်လယ်ဓားပြအဖွဲ့ ငါးဖွဲ့ မှာ လူပေါင်း ၁၅၀၀၀ ကနေ ၁၆၀၀၀ ခန့်အထိ ရှိတယ်။ သူတို့တစ်ဦးချင်းစီက ရက်စက် ကြမ်းကြုတ်ကြပြီး၊ သူတို့ကြားထဲမှာ ပုန်းအောင်နေတဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း များစွာရှိတယ်။ သူတို့မှာ စားနပ်ရိက္ခာတွေက လည်း အများပြား သိုလှောင်ထားတယ်။ သူတို့ထဲမှာ တာအိုနည်းစနစ်ကိုတောင် လေ့ကျင့်ထားတဲ့ လူတွေ တောင် ရှိနေနိုင်တယ်။ ဒိုင်ဇင်ဘုရားကျောင်း ဝိုင်းရံခံရစဉ်က သိုင်းဘုန်းတော်ကြီး အများအပြားလည်း ပင်လယ် ရပ်ခြားဒေသကို ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်။ အချို့က ဝင်္ကဘာအကွေ့ထဲ ထွက်ပြေးလာခဲ့ပြီး၊ ပင်လယ်ဓားပြတွေ ဖြစ်လာကြကာ၊ နိုင်ငံများစွာရဲ့ လျှို့ဝှက်ပံ့ပိုးကူညီမှုများကို ရရှိထားကြတယ်…။”

ချီဇီယန် ပြောသည့် အရာသည် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ထံမှ သူ ရရှိသော လျှို့ဝှက်အချက်အလက်များ ဖြစ်သည်။

ဤအချက်အလက်သည် တိကျသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်စဉ်နှစ်တိုင်း ငွေကုန်သည် အများ အပြားသည် စီးပွားရေးလုပ်ရန် ပင်လယ်ပြင်ရှိ နိုင်ငံအသီးသီးသို့ သွားရောက်ကြသည်။ ထိုပင်လယ် ဓားပြတွေကို ဂါရဝပြုပြီး လက်ဆောင်ပဏ္ဏာတွေ ဆက်သကြရပါသည်။

"ချီဇီယန်, မင်းတို့ ယွန်မင်နိုင်ငံက ကျွမ်းကျင်သူတွေရော ရှိနေသင့်တယ် မဟုတ်လား။" ဟုန်ယွိသည် ချီဇီယန် ကို တစ်ချက်ကြည့်လိုက်သည်။

"ဒါက ပြဿနာ မဟုတ်ပါဘူး။ ယွန်မင်ရဲ့ ကိစ္စတွေက ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါက ကျီးကန်းမျိုးနွယ်က ဖြစ်တယ်။ ယွန်မင်က ကျီးကန်းမျိုးနွယ်ကို ဖျက်ဆီးပြီးတဲ့နောက်မှာ သူ့နယ်မြေထဲကို ပေါင်းထည့်ခဲ့တယ်။ ငါတို့ မြက်ခင်း ပြင်ဒေသမှာ မျိုးနွယ်စုတွေပဲ ရှိတယ်။ မင်းတို့တော်ဝင်ချန်မှာ ခေါ်နေတဲ့ ပြည်နယ်တွေ မရှိဘူး။ အခုအချိန်မှာ ငါ့ရဲ့သစ္စာစောင့်သိမှုက ယွန်မင်အပေါ် မဟုတ်ဘူး။ မုရုန်မိသားစုအပေါ်ပဲ…..။”

ချီဇီယန်သည် ဟုန်ယွိကို တစ်ချက်ကြည့်လိုက်ပြီး၊ သူသည် ဟုန်ယွိ တွေးနေသည့်အရာကို သိလိုက်ပါသည်။

"ဒါဆို ဒီလိုပေါ့..။" ဟုန်ယွိသည် စိတ်သက်သာရာပါသွားပြီ။ ချီဇီယန်သည် ယွန်မင်၏လူများကို သတ်ဖြတ်ခြင်း နှင့် ပတ်သက်၍ ကန့်သတ်ချက်အချို့ ရှိနေမည်ဟု သူ ထင်ခဲ့သော်လည်း အခုတော့ လုံးဝ မဟုတ်ကြောင်း သူကြားလိုက်ရသည်။

"မြက်ခင်းပြင်ဒေသတွေမှာ တောတွင်းဥပဒေနဲ့ အုပ်ချုပ်တယ်။ သန်မာသူတွေက အရာအားလုံးကို လုယူနိုင် တယ်။ စေတနာ၊ ဖြောင့်မတ်မှု၊ ကိုယ်ကျင့်သိက္ခာ ဘာတစ်ခုမှ မရှိဘူး။ ကိုယ်ခံပညာ၊ တာအိုနည်းစနစ်တွေ၊ လက်သီးတွေ၊ ဆေဘာတွေ၊ လေးတွေ၊ မြှားတွေပဲ ရှိတယ်။" ချီဇီယန် သက်ပြင်းချလိုက်သည်။

"ကောင်းပြီလေ….၊ ဒီအကြောင်း မပြောနဲ့တော့။ ဒီအင်အားစုတွေနဲ့ ရင်းနှီးမူရှိပြီး အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ကြရအောင်။ မနက်ဖြန် အမိန့်ထုတ်ပြီးရင်, ငါတို့က ဘယ်ခြမ်းက ပင်လယ်ဓားပြတွေကို တိုက်ခိုက်ရမလဲဆိုတာ ကြည့်ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ ငါတို့မှာ လေးနဲ့မြှားတွေ အလုံအလောက် ရှိတယ်။ သင်္ဘောတွေက ကြံ့ခိုင်ပြီး လျင်မြန်တယ်။ မြေပြင်အနေအထားနဲ့လည်း ရင်းနှီးပြီးသား။ ငါတို့ ကောင်းကောင်း ပြင်ဆင်ထားပြီးပြီလို့ ငါ ယုံကြည်တယ်။”

ဟုန်ယွိနှင့် သူ၏ လူယုံအဖွဲ့တို့ ခဏတာ ဆွေးနွေးခဲ့ကြသည်။ အိပ်ရာမဝင်မီ ထောက်ပံ့ရေး ပစ္စည်းများ၊ ရေချိုနှင့် အင်းဆက်ပိုးမွှား သတ်ဆေးများ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

ပစိတ်ဖိတ်ရေတပ်၏ ထောက်ပံ့ပို့ဆောင်မှုသည် ဤအရာများကို ပေးစွမ်းနိုင်သော်လည်း၊ ထိုကဲ့သို့ စစ်တပ်ကြီး တစ်ခုသည် သဘာဝအားဖြင့် အရာအားလုံးကို ဂရုမစိုက်နိုင်ပေ။ တပ်ဖြန့်ခြင်းဆိုင်ရာတွင် စစ်တပ်၏ အမာခံ အဓိကတပ်များနှင့် လက်ရွေးစင်များသာ အပြည့်အဝ ဦးစားပေး ဆက်ဆံမှုကို ခံစားနိုင်မည် ဖြစ်သည်။ ဟုန်ယွိ၏ အစိမ်းရောင်တပ်ရင်းသည် ဒုတိယအဆင့်သာ ဖြစ်သည်။

ချီဇီယန်သည် ယခင်က ယွန်မင်၏တပ်တွင် နေထိုင်ဖူးသောကြောင့် ဤအခြေအနေများနှင့် ပတ်သက်၍ သူသည် အလွန်ရှင်းလင်းစွာ သိရှိထားခဲ့သည်။

နောက်တစ်ရက် သန်းခေါင်ယံတွင် ပစိဖိတ်ရေတပ်စခန်းမှ အမိန့်ထုတ်ပြန်ခဲ့သည်။ တပ်ရင်းများနှင့် တပ်ဖွဲ့ဝင် များ အားလုံးကို စနစ်တကျ စုစည်းပြီး၊ သင်္ဘောများကို စုရုံး၍ ချက်ခြင်းထွက်ကြရန် အမိန့်ထုတ်ပေးခဲ့သည်။

ကြယ်ရောင်စုံသော ညကောင်းကင်ယံ အောက်တွင် ပင်လယ်တစ်ခုလုံး သင်္ဘောများဖြင့် ပြည့်ကျပ်နေသည်။ သင်္ဘောကြီးငယ် ထောင်ပေါင်းများစွာ ရှိခဲ့သည်။ ၎င်းတို့သည် ခဏလောက် စုရပ်ပြီးနောက် စနစ်တကျ ဖြန့်ကျက်ကာ ပင်လယ်နက်ဆီသို့ ဉီးတည်ပြီး ရွက်လွှင့်ကြပါသည်။

“ငါတို့က အခုချိန်မှာ ဝေလငါးကျွန်းဘက်ကို ရွက်လွှင့်နေတာ။" ဟုန်ယွိ၏ သံချပ်ကာ သင်္ဘောငါးစင်းသည် သံချပ်ကာဝတ် စစ်သည် ၃၃၆ ဦးကို တင်ဆောင်ကာ စစ်တပ်၏ လမ်းပြသင်္ဘောနောက်သို့ ဖြည်းညှင်းစွာ လိုက်ပါလာကြသည်။

ဟုန်ယွိသည် သူ၏သင်္ဘောလေးကိုင်းပေါ်တွင် မတ်တပ်ရပ်ပြီး သူ့စစ်တပ်ကို ကြည့်လိုက်သည်။ ရာနှင့်ချီသော သင်္ဘောများအနက် အများစုမှာ တရားဝင်ထုတ်ပေးသည့် သစ်သားသင်္ဘောများ ဖြစ်ကြပါသည်။ ၎င်းတို့သည် ခိုင်ခဲ့သော်လည်း သံချပ်ကာသင်္ဘောများထက် သိသိသာသာ နိမ့်ကျနေပါသည်။ ဟုန်ယွိ၏ သင်္ဘောများသည် ကြက်အုပ်များကြားတွင် ကြိုးကြာများကဲ့သို့ ပေါ်လွင်နေပြီး အနီးနားသင်္ဘောပေါ်ရှိ စစ်သည်များ၏ မနာလို သော အကြည့်များကို ဆွဲဆောင်နေ၏။

သို့သော် ငြူစူနေခြင်းမှာ အဓိပ္ပါယ်မရှိပေ။ ဟုန်ယွိသည် သူ၏ခွန်အားကို ဖုံးကွယ်မထားပေ။ တော်ဝင်ချန်မှ မြင့်မြတ်သော မိသားစုများ၏ သားမြေးများသည် စစ်တပ်ထဲသို့ ဝင်ရောက်လာသောအခါတွင် ၎င်းတို့၏ လက်ရွေးစင်တပ်များကို ခေါ်ဆောင်လာခြင်းက စာရေးမထားသော စည်းမျဉ်းတစ်ခု ဖြစ်နေပါပြီ။ သင်၏ ခွန်အား ပိုကြီးမားလေ၊ အခြားသူများ၏ လေးစားမှုကို ပိုခံရလေ ဖြစ်သည်။

"အစတုန်းကတော့ ဒီဟုန်ယွိဟာ မြို့စားစံအိမ်က ကောင်းကောင်း မလက်ခံတဲ့အတွက် မင်းသားယုထံ ခိုလှုံဖို့ အိမ်ကထွက်လာတဲ့ အယုတ်တမာ တစ်ယောက်လို့ ငါ ထင်ထားခဲ့တာ။ သူ ဒီလောက် သန်မာမယ်လို့ မမျှော်လင့် ထားဘူး…။”

ဤအခိုက်အတန့်တွင်၊ ရှေ့ရှိ တရားဝင်စစ်သင်္ဘောကြီး တစ်စင်းပေါ်တွင်၊ အနက်ရောင် စပါးအုံးကြေးခွံချပ်ဝတ် ကို ၀တ်ဆင်ထားသော စစ်သူကြီးတစ်ဦးသည် စစ်တပ်၏နောက်ဆုံး အနားတွင် ရွက်လွှင့်နေသော ဟုန်ယွိ၏ သံချပ်ကာ သင်္ဘောငါးစင်းကို ကြည့်ရှုနေရင်း ပြောလိုက်ပါသည်။

ဤတရားဝင် စစ်သင်္ဘောသည် စစ်တပ်တစ်ခုလုံး၏ ပင်မအမာခံ ဖြစ်သည်။ တပ်တစ်ခုလုံး၏ တပ်မမှူးသည် ထိုစစ်သင်္ဘောအပေါ်မှာ ရှိနေပါသည်။

ထိုတရားဝင် စစ်သင်္ဘောသည် သင်္ဘောသား တစ်ထောင်ကျော်ပါသည့် သင်္ဘောကြီး ဖြစ်ပါသည်။ ကုန်းပတ် အောက်တွင် လူနှစ်ရာကျော် လှော်ခတ်နေ၏။ ဤတရားဝင်စစ်သင်္ဘောသည် ပတ်ပတ်လည်တွင် ရွက်လွှင့်နေ သော သင်္ဘောငယ်များသည်ပင် အခြားသင်္ဘောများထက် နှစ်ဆပိုမိုကြံ့ခိုင်သည်။ ၎င်းတို့သည် စစ်တပ်၏ ထိပ်တန်းစစ်သည်များဖြစ်ကြောင်း ထင်ရှားသည်။

တပ်တော်တစ်ခုလုံးတွင် စုစုပေါင်း လူတစ်သောင်းနှင့် တပ်ရင်း ၂၀ ရှိသည်။ အမာခံတပ်ရင်းငါးရင်းမှ လွဲ၍ ကျန်တပ်ရင်းအားလုံးမှာ ဟုန်ယွိ၏ အစိမ်းရောင်တပ်ရင်းနှင့် အတူတူပင်။

ဤစစ်တပ်၏ တပ်မမှူးမှာ ယန်ကျန်း၏ ယုံကြည်ရသော လက်အောက်ခံ တင်းယွန်ထုန် ဖြစ်သည်။ သူသည် ကိုယ်ခံပညာတွင် အလွန်ကျွမ်းကျင်ပြီး တိုက်ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သည်။ သူသည် ရေပေါ်တွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးသည်။

ထိုအချိန်တွင်၊ တင်းယွန်ထုန်သည် တရားဝင် စစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် ရပ်နေပြီး၊ သူသည် သူ့ ရေယာဉ်အုပ်စု၏ သပ်ရပ်ပြီး စနစ်ကျသော ပုံစံကို ကြည့်ရူနေလေသည်။

သူ့ဘေးမှာ ယုံကြည်ရသည့် လက်ထောက်တချို့ ရပ်နေ၏။ ၎င်းတို့အထဲတွင် တာအိုဘုန်းတော်ကြီးတွေလို ၀တ်ဆင်ထားသည့် လူအနည်းငယ်လည်း ရှိနေပပါသည်။ ၎င်းတို့သည် အဝါရောင်ခါးပတ်များဖြင့် အစိမ်းရောင် တာအို၀တ်စုံကို ၀တ်ဆင်ထားသည်။ ၎င်းတို့သည် ဖန်ရှင်းတာအိုဂိုဏ်း၏ တာအိုဘုန်းတော်ကြီးများ ဖြစ်ကြပါ သည်။

တော်ဝင်ချန်၏တရားဝင် တာအိုဂိုဏ်းများမှာ တိုင်ရှန်တာအိုဂိုဏ်း, အမှန်တရားတာအိုဂိုဏ်းနှင့် ဖန်ရှင်းတာအို ဂိုဏ်းတို့ ဖြစ်သည်။ တိုင်ရှန်တာအိုဂိုဏ်းသည် တစ်ခါမှ ထွက်ပေါ်မလာခဲ့ပါဘူး။ အမှန်တရားတာအိုဂိုဏ်းသည် ၎င်းတို့၏ခါးတွင် ခရမ်းရောင်ခါးပတ်ကို ဝတ်ဆင်ကြပြီး၊ ဖန်ရှင်းတာအိုဂိုဏ်းကတော့ အဝါရောင်ခါးပတ်ကို ဝတ်ဆင်ကြသည်။ ၎င်းတို့ကို အလွယ်တကူ ခွဲခြားနိုင်ပါသည်။

တပ်များ မထွက်ခွာမီတွင် ပင်လယ်နတ်ဘုရားကို ဝတ်ပြုကိုးကွယ်ရန်၊ ရာသီဥတု၊ ရေလှိုင်းများကို သတိပြုရန်၊ ခက်ခဲသောရောဂါများကို ကုသရန်၊ ရေနတ်ဆိုးများနှင့် မွန်းစတားတို့မှ ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ရန် သူတို့နှင့်အတူ တာအိုဘုန်းတော်ကြီးတွေ လိုက်ပါရန် လိုအပ်ပါသည်။

"ဟုတ်တယ်၊ ဒီဖလိုင်းဝှီးတပ်သံချပ်ကာသင်္ဘောတွေကို ငွေကုန်သည်တွေက လျှို့ဝှက် ထုတ်လုပ်ထားတာ။ ဒီဟုန်ယွိက အဲဒါတွေကို ဘယ်လိုရသွားပါလိမ့်။" တင်းယွန်ထုန်၏ လက်ထောက်တစ်ဦးက ပြောသည်။

"ဟိုမှာ ဘုရင်ခံရဲ့သား ဝေလဲ့ရဲ့ ဆင်စွယ်အနီရောင်သင်္ဘောက မဆိုးဘူးဗျ။" တင်းယွန်ထုန်သည် အခြားတစ်ဖက်ရှိ ဆင်စွယ်အနီရောင်သင်္ဘော တစ်ဒါဇင်ကို ညွှန်ပြသည်။

ဤဆင်စွယ်အနီရောင် စစ်သင်္ဘောများသည် အနီရင့်ရောင်ရှိပြီး ငါးမန်းများနှင့်တူကာ၊ ဘက်ပေါင်းစုံတွင် ဒိုင်းအကာများပါရှိသည်။ ဒိုင်းကာများပေါ်တွင် ဒူးလေးများကို တပ်ဆင်ထားသည်။ ဒူးလေးများသည် သင်္ဘော နှစ်စင်း အချင်းချင်း ချဉ်းကပ်လာသောအခါ၊ ရန်သူ၏ သင်္ဘောကိုယ်ထည်ကို ဖောက်ဝင်နိုင်လောက်အောင် ပြင်းထန်စွာ ပစ်ခတ်နိုင်သည်။ ၎င်းတို့အပြင်, ကျောက်တုံးကြီးများကိုထည့်ကာ ဝေဟင်သို့ ပစ်လွှတ်ပြီး၊ ရန်သူ့ သင်္ဘောများကို အဝေးမှ တိုက်ခိုက်နိုင်သည့် လောက်လွှဲများလည်း ရှိသေးသည်။

ဤဆင်စွယ်အနီရောင် စစ်သင်္ဘောများသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ စစ်သင်္ဘောများထက် သိသိသာသာ ကြီးမား ပြီး ခိုင်ခံ့သည်။ ၎င်းတို့သည် ကိုယ်ပိုင်စစ်သင်္ဘောများ ဖြစ်သည်မှာ ထင်ရှားပါသည်။ ၎င်းတို့သည် ဟုန်ယွိ၏ စစ်သင်္ဘောအရေအတွက်ထက် သုံးဆကျော်ပြီး၊ စုစုပေါင်း ဆယ့်ရှစ်စင်း ရှိသည်။

"ကြည့်ရတာ, ဒီဘုရင်ခံရဲ့သား ဝေလဲ့က ဂုဏ်သတင်းကျော်ကြားမူအတွက် တိုက်ပွဲဝင်ချင်နေပုံရတယ်။ ဒီတစ်ခါ တော့ ငါတို့စစ်တပ်က ဧရာမဝေလငါးကျွန်းကို ပထမဆုံး သိမ်းပိုက်ပြီး ခိုင်မာတဲ့ခြေကုပ်အဖြစ် ယူရလိမ့်မယ်။ ငါတို့က ဝင်္ကဘာအကွေ့ရဲ့ နက်ရှိုင်းတဲ့အရပ်မှာရှိတဲ့ တခြားတပ်တွေနဲ့လည်း ပူးပေါင်းဖို့ လိုသေးတယ်။ ဝင်္ကဘာ အကွေ့မှာရှိတဲ့ ယွန်မင်ရဲ့ အမာခံနယ်မြေတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်တယ်။ ငါတို့က လျှပ်စီးလက်သလို လျင်လျင်မြန်မြန် လှုပ်ရှားဖို့တယ်။ ဒါကြောင့်မို့လို့ ငါတို့မှာ ရှေ့ပြေးနှစ်ယောက်ထက်မက လိုတယ်။”

တင်းယွန်ထုန်၏ လက်ထောက်က "ဟုန်ယွိနဲ့ ဝေလဲ့ကို ဦးဆောင်ပါစေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့ကို လက်ရွေးစင် ပုဂ္ဂိုလ်တွေ ဝန်းရံထားပြီး၊ တပ်ရင်းမှူးဆိုတဲ့ ဂုဏ်ဒြဗ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ ကျွန်တော်တို့ ဘာလို့ မလုပ်တာလဲ။”

"မဟုတ်ဘူး…။ ဂုဏ်ဒြဗ်တွေကို သူတို့ ပိုင်ဆိုင်ထားတယ်။ နှစ်ယောက်စလုံးက အင်အားရှိတယ်။ အထူးသဖြင့် ဟုန်ယွိပဲ။ သူက သူ့အင်အားကို အလွန်နက်နဲစွာ ဖုံးကွယ်ထားပြီး၊ ဖလိုင်းဝှီးတပ် သံချပ်ကာသင်္ဘောကိုတောင် သူ့လက်ထဲ ရယူနိုင်ခဲ့တယ်။ မင်းသားယုအပြင် သူ့နောက်ကွယ်မှာ အခြားတစ်ယောက် ရှိကောင်းရှိနိုင်တယ်။ ငွေကုန်သည်တွေက မင်းသားဟီနဲ့ အလုပ်လုပ်တယ်ဆိုတာ မင်း သိသင့်တယ်။ ဖြစ်နိုင်တာက, သခင် နှစ်ယောက် အတူတူ ပူးပေါင်းနေတာမျာလား…။”

တင်းယွန်ထုန်က ခေါင်းယမ်းလိုက်သည် "ပစိဖိတ်ရေတပ်က တောင်ပိုင်းပြည်နယ်ခုနှစ်ခု, ဘုရင်ခံရဲ့ ထိန်းချုပ်မှု အောက်မှာရှိမနေတဲ့ လွတ်လပ်တဲ့ စစ်တပ်တစ်ခုပဲ။ ထိုဝေတိုင်ကန်ကို ငါ မကြောက်ဘူး။ ဒါပေမယ့်, စတုတ္ထ သခင်နဲ့ အဋ္ဌမသခင်ကို ပြစ်မှားဖို့ကျ ငါလည်း မတတ်နိုင်ဘူး။ ဝေလဲ့ကို အနီးကပ် စောင့်ကြည့်ဖို့ အမိန့် ပေးလိုက် ပါ။ ဒီလူနဲ့ပတ်သက်ပြီး အချက်အလက်တချို့ကို ငါသိထားတယ်။ သူက ဟုန်ယွိကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုလေး တွေ လုပ်ဆောင်မှာ ငါ စိုးရိမ်တယ်။ ဟုန်ယွိက သူ့ခွန်အားကို နက်နက်နဲနဲ ဖုံးကွယ်ထားတာ။ သူလက်တုံ့ပြန်ရင် ဝေလဲ့အတွက် ဆုံးရှုံးနစ်နာလိမ့်မယ်။ အချုပ်ပြောရရင်, ငါ သူတို့နှစ်ဖက်စလုံးကို ညီညွတ်စေချင်တယ်။ ဝေတိုင်ကန်နဲ့ ဟုန်ယွိကိုပါ ငါ မစော်ကားချင်ပါဘူး။” (သခင်ဟူသည် မင်းသားယုနှင့် မင်းသားဟီချင်တို့ကို ဆိုလိုပါသည်)။

"တပ်မမှူးက ဉာဏ်ပညာကြီးမားပါတယ်။ ကျွန်တော် ချက်ချင်း ပြင်လိုက်ပါမယ်။ မြင့်မြတ်တဲ့ မိသားစုတွေရဲ့ သားသမီးတွေဟာ ကမ္မကုသိုလ်ယူဖို့ ပြိုင်ဆိုင်ကြပြီး၊ ညစ်ပတ်တဲ့ လှုပ်ရှားမူတွေ လုပ်ဆောင်နေတာ ကြာလှပြီ။ ဒါက အသေးအမွှားကိစ္စ မဟုတ်ပါဘူး"။ တင်းယွန်ထုန်၏ အနားက လက်ထောက်က သူ့ကို ကမန်းကတန်း ချီးကျူးပြီး အမြန် ပြန်ဆုတ်သွားပါသည်။ သူသည် အမိန့်ပေးတော့မည်မှာ သိသာပါသည်။

"ဟုန်ယွိမှာ ဖလိုင်းဝှီးတပ် သံချပ်ကာသင်္ဘော တကယ်ရှိလား။ သူ ဘယ်လို ရသွားတာလဲ။” (flywheel ဟူသော အသုံးအနှုန်းသည် 'fly' နှင့် 'wheel'တို့ ပေါင်းစပ်ခြင်းမှ ဆင်းသက်လာပြီး အခြေခံအားဖြင့် လျင်မြန်စွာ လှည့်ပတ်နေသောဘီးဟု အဓိပ္ပာယ်ရသည်။ မော်တာတစ်ခု၏ အခြေအနေတွင်၊ flywheel သည် အခြားခါးပတ် များသို့ စွမ်းအင်ကို လှည့်ပတ်ပြီး လွှဲပြောင်းပေးသည့် အဓိကဘီး ဖြစ်သည်။ စက်ပိုင်းဆိုင်ရာစနစ်တွင် အစိတ်အပိုင်း အမျိုးမျိုးကို စွမ်းအင်ပေးပို့သော ဗဟိုမော်တာဖြစ်သည်။)။

ဝေလဲ့သည် ဆင်စွယ်အနီရောင် စစ်သင်္ဘောပေါ်တွင် ရပ်ကာ တစ်ဖက်ရှိ ဟုန်ယွိ၏ စစ်သင်္ဘောငါးစင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက စူးရှသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ "အဲဒီစစ်သင်္ဘောတွေက ကြံ့ခိုင်တယ်။ ပျံသန်းသလိုမျိုး ရေပေါ်မှာ ရွက်လွှင့်နိုင်တယ်။ ကိုင်တွယ်ရ မလွယ်လောက်ဘူး။"

"သခင်လေး, စိတ်မပူပါနဲ့။ သူနဲ့ရင်ဆိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိလာပါလိမ့်မယ်။" မျက်နှာရှည်ရှည်, ပေဝက်ခန့် ရှည်သော မုတ်ဆိတ်မွေးနှင့် အသက်ခြောက်ဆယ်ကျော် အဘိုးကြီးတစ်ဦးက ပြောသည်။

"သေချာပေါက် ငါသိတာပေါ့။ ဒါပေမယ့် ငါအနေနဲ့ သိသိသာသာကြီး လုပ်ဆောင်လို့ မရဘူး။ ဟုန်ယွိကို ရင်ဆိုင်တာက အသေးမွှားကိစ္စလေးပဲ။ ငါ တကယ်လုပ်ချင်တာက တခြားကိစ္စပါ။" ဝေလဲ့၏အဝတ်တွေက ပင်လယ်လေညင်း တိုက်ခတ်မူအောက်တွင် တဖျပ်ဖျပ် အသံမြည်ကာ လွင့်ပျံနေ၏။ "ဧရာမဝေလငါးကျွန်းမှာ ရှိတဲ့ ပင်လယ်ဓားပြတွေက သာမန် ပင်လယ်ဓားပြတွေ မဟုတ်ဘူး။ သူတို့အထဲမှာ မဟာကျိုးမင်းဆက်ရဲ့ အကြွင်းအကျန်တွေနဲ့ ဒိုင်ဇင်ဘုရားကျောင်းကနေ ထွက်ပြေးလွတ်မြောက်လာကြတဲ့ သိုင်းဘုန်းကြီးတွေလည်း ရှိကောင်းရှိနေနိုင်တယ်။ ဒိုင်ဇင်ဘုရားကျောင်းမှာ အဓိပတိကြီး သုံးကျမ်းရှိတယ်။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ကျမ်းတွေပဲ။ အဲဒီသိုင်းဘုန်းကြီးတွေက အဲဒီကျမ်းစာတွေကို သိမ်းဆည်သွားတာ ထင်ရှားတယ်။ အဲဒီသုံးကျမ်း ထဲက တစ်ခုခုကို ရယူနိုင်တာနဲ့၊ ငါက ချက်ချင်းဆိုသလို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပြီး၊ ပြိုင်ဘက်ကင်း အောင်မြင်မှုတစ်ခုကို ထူထောင်နိုင်လိမ့်မယ်။ ဒါ့အပြင်, အဲဒီပင်လယ်ဓားပြတွေဟာ ဧရာမ ဝေလငါးကျွန်းမှာနေပြီး နှစ်ပေါင်းများစွာ လုယက်ခဲ့ကြတယ်။ သူတို့မှာ ရတနာတွေ အများကြီးရှိတယ်။ အဲဒီ ရတနာတွေကို အခြားသူတွေလက် အရောက်ခံလို့မဖြစ်ဘူး…။”

"အင်း၊ ရတနာတွေနဲ့ ကျမ်းစာတွေက အရေးကြီးဆုံးအရာတွေပဲ။" အဘိုးကြီးက ခေါင်းညိတ်သည်။

"ဒီတခေါက်မှာ, ငါ ကျွမ်းကျင်သူတွေ အများကြီးခေါ်လာပြီး ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတယ်။ အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ငါ့လမ်းမှာတားဆီးရဲသူ မှန်သမျှ ငါသတ်ပစ်မယ်။ ငါလျှောက်လှမ်းမယ့် လမ်းကြောင်းမှာ နတ်ဘုရားတွေ တားဆီးရင်တောင် ငါ သတ်ပစ်မယ်။" ဝေလဲ့သည် သူ့နောက်ကျောတွင် လက်နှစ်ပစ်ထားရင်း၊ အေးစက်စက် အမူအရာဖြင့် သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေပါသည်။

"ညီအစ်ကိုဟုန်, မင်း ဘာတွေ တွေးနေတာလဲ….။"

စစ်သင်္ဘောများက ရှေ့သို့ ရွက်လွှင့်နေပါသည်။ ချီဇီယန်သည် သင်္ဘောလေးကိုင်းပေါ်တွင် ရပ်နေပြီး၊ တစ်ဖက်မှ ဆင်စွယ်အနီရောင် စစ်သင်္ဘော ဆယ့်ရှစ်စင်းအား သူ့မျက်လုံးထဲတွင် တွေးတောဆင်ခြင်နေဟန်ဖြင့် လှမ်းကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။ ချီဇီယန်သည် သူမည့်သည့်အကြောင်းအရာများ တွေးနေမှန်း မသိသဖြင့် ရှေ့တိုးပြီး မေးလိုက်ပါသည်။

"ငါစဉ်းစားနေတာက ဒီဝေလဲ့က တကယ်ပဲ ငါ့ကို လျှို့ဝှက် ကြံစည်နေတယ် ထင်တယ်။ အရင်ဆုံး, သူက ဒူတူးတပ်မှူးငါးယောက်ကို လာဘ်ထိုးတယ်။ ဒီတစ်ခါမှာလည်း သူ ငါ့ကို ရင်ဆိုင်ဖို့ ပူးပေါင်းကြံစည်မှု တစ်ခုခု တော့ ရှိရမယ်။ နောက်ဆုံးတော့ ငါတို့အားလုံးက စစ်တပ်ထဲမှာ အတူတူရှိနေကြတယ်လေ…" ဟုန်ယွိက ဖြည်းညှင်းစွာ ပြောသည်။

“မှန်တယ်။ သူက တောင်ပိုင်းပြည်နယ်ခုနစ်ခု, ဘုရင်ခံရဲ့သားပဲ။ သူ့မှာ အလွန်အစွမ်းထက်ပြီး၊ ထူးခြားတဲ့ အဆင့်တန်းရှိတယ်။ သူ့ကို ရင်ဆိုင်ဖို့က မလွယ်ဘူး။ ဒါကြောင့် သတိထားရမယ်။ ဝေမိသားစုက အိမ်ရှေ့စံ မင်းသား ဘက်မှာရှိပြီး မင်းက မင်းသားယုဘက်မှာ ရှိနေတယ်။ ဒါ့အပြင်၊ ဓားပြတွေကို သုတ်သင်ဖို့ ဒီမစ်ရှင်မှာ မင်းက ဂုဏ်သတင်းကျော်စောမူအတွက်ပါ ယှဉ်ပြိုင်ရလိမ့်မယ်။ ပင်လယ်ဓားပြတွေရဲ့ ရတနာတွေ၊ ရွှေငွေတွေ ကိုပါ ဝေစုလိုချင်နေနိုင်တယ်။ သူက မင်းကို လျှို့ဝှက်ကြံစည်နိုင်တယ်…." ချီဇီယန်က သူ့မျက်လုံးတွေကို မှေးကျဉ်းရင်း မေးသည် "ညီအစ်ကိုဟုန်၊ မင်း သူ့ကို ဘယ်လိုကာကွယ်မလဲ။”

“ဘယ်လို ကာကွယ်မလဲ..." ဟုန်ယွိက ကောင်းကင်ကို ကြည့်ရင်း ခေါင်းကို မော့လိုက်ပါသည်။ "မိုးသောက်ချိန် နီးလာပြီ။ ကရုဏာတရား လက်ကိုင်ထားပြီး တပ်သားတွေကို မဦးစီးနိုင်ဘူး။ ပြီးတော့ ဖြောင့်မတ်မှန်ကန်မူ ရှိနေရုံနဲ့လည်း အလုပ်မဖြစ်ပြန်ဘူး..."

စကားအနည်းငယ် ရေရွတ်ပြီးနောက်တွင် သူက ငါးမန်းသတ်ဓား၏ ဓားရိုးကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ “ရှေးခေတ်ကတည်းက လျှို့ဝှက်အကြံစည်တွေနဲ့ လှည့်ကွက်တွေကို သတိထားစောင့်ကြည့်ရုံနဲ့ အလုပ်မဖြစ်ဘူး ဆိုတာ သမိုင်းစာအုပ်တွေမှာ ဆိုထားတယ်။ မင်းက သူခိုးခိုးမှာကို မကြောက်ပေမယ့်, သူခိုးအကြောင်းတွေးပြီး ကြိုတင်ကြောက်နေရတယ်။ ဒီတော့ မင်းအနေနဲ့ ကိုယ့်ကို တိုက်ခိုက်လာမယ့် လူကို လက်ဦးမူယူကာ အရင်ဆုံး လုပ်ကြံဖို့လိုအပ်ပြီး၊ နောက်မှတိုက်ခိုက်ရင် ဒုက္ခရောက်လိမ့်မယ်။”

"အသာစီးယူပြီး အရင်ဆုံး လုပ်ကြံ။ နောက်မှတိုက်ခိုက်ရင် ဒုက္ခရောက်မှာလား…." ချီဇီယန်က "မင်းက သူ့ကို အရင် သတ်ပစ်မယ်လို့ ပြောချင်တာ မဟုတ်လား…။ ဒါပေမယ့် သူ့ကိုယ်ရေးအချက်လက်…..။”

"ဒါကလည်း အတိအကျပြောရရင် သူ့ကိုယ်ရေးအချက်လက်ကြောင့်ပဲ။ ငါ သူ့ကို အရင်လုပ်ကြံချင်တယ်။ အခု အချိန်မှာ တပ်မမှူး တင်းယွန်ထုန်က ချီတုံချတုံ ဖြစ်နေတယ်။ ဝေလဲ့ကို သတ်ဖြတ်လိုက်ခြင်းက တပ်မမှူးနဲ့ ဝေတိုင်ကန်ကို ရန်သူတွေဖြစ်လာအောင် တိတ်တဆိတ် အတင်းအကျပ် တွန်းအားပေးနိုင်ပြီး၊ သူ့ကို မင်းသားယု ဘက်ကို ယိမ်းလာစေနိုင်တယ်။ သနားကရုဏာနဲ့ ဖြောင့်မတ်ခြင်းတို့က ဒီကမ္ဘာလောကကြီးက သာမန်လူတွေ အတွက်ပဲ ဖြစ်တယ်။ မြင့်မြတ်တဲ့ အရာရှိကြီးတွေနဲ့ မြင့်မြတ်တဲ့ သခင်လေးတွေကို သတ်ဖြတ်ခြင်းက ကရုဏာ နဲ့ ဖြောင့်မတ်ခြင်းတရားတွေပဲ။ ချီဇီယန် နားထောင်ပါ။ မင်း အခွင့်အရေးရတာနဲ့ သက်တန့်ထိုးဖောက်လေးကို သုံးပြီး ဝေလဲ့ကို မြှားနဲ့ အသေပစ်သတ်လိုက်ပါ။ “

ထိုတီးတိုးအသံနှင့်အတူ ဟုန်ယွိသည် ငါးမန်းသတ်ဓားကို ထက်ဝက်ခန့် ဆွဲထုတ်လိုက်ပါသည်။

အခန်း (၁၂၉)၊

"အဲဒါက ဝင်္ကဘာအကွေ့လား…။ တကယ့်ကို အံ့မခန်းပါပဲ။”

ရာနှင့်ချီသော စစ်သင်္ဘောများနှင့် အင်အားကြီး ပစိတ်ဖိတ်ရေတပ်မှ စစ်သည်တို့သည် ပင်လယ်ပြင်ပေါ်တွင် နှစ်ရက်နှင့်တစ်ည ရွက်လွှင့်ခဲ့ကြသည်။ ဒုတိယနေ့၏ ညနေခင်းတွင်, သူတို့သည် နောက်ဆုံးတွင် ပင်လယ်ပြင် ဧရိယာတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။ မျက်စိတဆုံး ကြည့်လိုက်တော့, ပြာနှမ်းနေသည့် ကောင်းကင်ပြာကြီးနှင့် ပင်လယ်ပြာကြီး မဟုတ်တော့ပေ။ ယင်းအစား, ကျွန်းများ၊ သန္တာကျောက်တန်းများ၊ သစ်တောများ၊ ကုန်းမြေများနှင့် တောင်နှစ်ခုကြားရှိ ချောက်ကြီးတစ်ခု ဖြစ်နေပါသည်။ သူတို့သည် ရှုပ်ထွေးသော အခြား တိုက်ကြီးတစ်ခုသို့ ရောက်ရှိသွားသလိုပင်။

ဟုန်ယွိသည် သင်္ဘော၏ လေးကိုင်းဘက်တွင် ရပ်နေကာ၊ နေ၏ အလင်းရောင်အောက်တွင် အဝေးက ရှုခင်းများ ကို ကြည့်ရူနေသည်။ အချို့ကျွန်းများဆို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ကြောင်း သူ သဘောပေါက်သွားပါပြီ။ ၎င်းတို့သည် လူတစ်ယောက် တစ်ရက်အတွင်း လှည့်ပတ်နိုင်သည့် ကျွန်းငယ်လေးတွေ မဟုတ်ကြပါဘူး။ ၎င်းတို့သည် အခြေခံအားဖြင့် ပင်လယ်ပြင်ရှိ ကုန်းမြေများပင် ဖြစ်ပါသည်။

“ဒီလိုအခြေအနေမျိုးမှာ ဓားပြတွေကို နှိမ်နှင်းဖို့က အရမ်းအန္တရာယ်များတယ်။ ဒီလိုမြေအနေထားမျိုးက ကျွန်း မဟုတ်တော့ဘူး။ ပင်လယ်ထဲက နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီ။ ဒီကျွန်းတွေပေါ်မှာ လူတွေက လယ်လုပ်၊ တိရစ္ဆာန် တွေ မွေးမြူနိုင်ပြီး၊ သံရိုင်းကနေ သံမဏိအဖြစ် ထုတ်လုပ်နိုင်ကာ၊ ဆုံးရှုံးမူတွေကိုလည်း ပြန်လည် ကုစားနိုင် တယ်..." ဟုန်ယွိက မြေမျက်နှာသွင်ပြင်ကို ကြည့်ပြီး ဓားပြများကို နှိမ်နင်းခြင်းက လွယ်ကူသော အလုပ်တစ်ခု မဟုတ်ကြောင်း သူ သိလိုက်သည်။

သူ့ရှေ့က ဝင်္ကဘာအကွေ့ ကျွန်းများသည် မယုံနိုင်လောက်အောင် ကြီးမားသည်။ မှတ်တမ်းများအရ အဆိုပါ ကျွန်းများအနက် အချို့ကျွန်းများသည် ပြည်နယ်တစ်ဝက်ခန့် အရွယ်အစား ရှိသည်။ ၎င်းတို့သည် သယံဇာတ များ ပေါကြွယ်ဝပြီး သတ္တုသိုက်များပင် ရှိကြသည်။ အကယ်၍ လူများ ထိုနေရာသို့ ပြောင်းရွှေ့ နေထိုင်ပါက နတ်ဘုရားလေနိုင်ငံနှင့် ယွန်နိုင်ငံများကဲ့သို့ ပင်လယ်ပြင်တွင် နိုင်ငံတစ်ခု တည်ထောင်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဝင်္ကဘာအကွေ့၏ အခြေအနေသည် ရှုပ်ထွေးသည်။ ပင်လယ်ဓားပြများသည် ထိုနေရာတွင် စခန်းချခဲ့ပြီး၊ ၎င်းတို့အား နိုင်ငံအသီးသီးမှ အင်အားကြီးနိုင်ငံများက တင်းကြပ်စွာ စောင့်ကြည့်နေခဲ့ကြသည်။ ပင်လယ်ဓားပြများ ထိုနေရာတွင် စခန်းချပါက ကျွန်းပေါ်တွင် နိုင်ငံထူထောင်သူ မည်သူမဆို ချက်ချင်း ချေမှုန်းပစ်မည် ဖြစ်သည်။

လောလောဆယ်တွင်၊ ပစိဖိတ်ရေတပ်၏ တပ်မငါးခုသည် တော်ဝင်ချန် ရေတပ်အတွက် ပင်လယ်လမ်းကြောင်း ဖွင့်ရန်နှင့် ပင်လယ်ထောက်ပံ့ရေး အခြေစိုက်စခန်းတစ်ခု ထူထောင်ရန်အတွက် ထိုဓားပြများကို နှိမ်နင်းရန် လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ယွန်မင်နိုင်ငံ၏ ရေတပ်အား ပင်လယ်ပြင်မှ ထပ်မံ တိုက်ခိုက်ခြင်းကို ကာကွယ်ရန် ဖြစ်သည်။

ဤတိုက်ပွဲသည် အမည်ခံတွင် ဓားပြများကို နှိမ်နှင်းခြင်း ဖြစ်သော်လည်း တကယ့်အစစ်မှန် စစ်ပွဲတစ်ပွဲ ဖြစ်သည်။

"ဓားပြတွေကို နှိမ်နှင်းဖို့က ထင်သလောက် မလွယ်ကူမှာ စိုးရတယ်။ ငါ အတော့်ကို သတိထားရမယ်။"

ဟုန်ယွိသည် လွန်ခဲ့သော နှစ်ရက်ကတည်းက အခန်းထဲမှာ အချက်အလက်မျိုးစုံကို လေ့လာနေခဲ့သည်။ အခြေအနေကို သူ့မျက်လုံးဖြင့် မြင်လိုက်ရတော့, သူသည် လက်ရှိအခြေအနေကို တဖြည်းဖြည်း နားလည်လာခဲ့ ပြီ။

ဒေါင်၊…. ဒေါင်၊… ဒေါင်..

အချက်ပေး ခေါင်းလောင်းသံများ ဆက်တိုက်ကြားနေရသည်။ တရားဝင်စစ်သင်္ဘောမှ ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော သတ္တုခေါင်းလောင်းသံ ဖြစ်သည်။ ခေါင်းလောင်းသံအရ တပ်တွေကို နောက်ဆုတ်ပြီး ချီတက်ခြင်းကို ရပ်တန့်ရန် ဆိုလိုပါသည်။

စစ်ဟွန်းကိုမှုတ်ပြီး စစ်ဗုံကို တီးခတ်ခြင်းက တိုက်ခိုက်ခြင်းကို ဆိုလိုပါသည်။ ယင်းက စစ်တပ်၏ သံမဏိ စည်းမျဉ်း ဖြစ်ပါသည်။ တပ်ထဲမှာ တာဝန်ထမ်းဆောင်ဖူးသည့် စစ်သည်တိုင်း သိကြပါသည်။

တပ်မမှူး၏ ခေါင်းလောင်းတီးသံ ထွက်ပေါ်လာပြီးနောက် သင်္ဘောများအားလုံး ဖြည်းညှင်းစွာ ရပ်တန့်သွား သည်။ လူတစ်သောင်းကျော်နှင့် အရွယ်အစား အမျိုးမျိုးရှိသော စစ်သင်္ဘော ရာပေါင်းများစွာတို့သည် ပင်လယ်ပြင်ပေါ်တွင် ဖြည်းညှင်းစွာ ရပ်သွားပြီး၊ ကြီးမားသော ဧရိယာကြီးကို ဖြစ်ပေါ်စေပါသည်။

"သင်္ဘောအားလုံးပေါ်က တပ်ရင်းမှူးတွေ အမိန့်ကို နားထောင်ကြ။ မင်းတို့အားလုံး တစ်ညလုံး အနားယူပြီး၊ ပြန်လည် အားဖြည့်ထားကြ။ မနက်ဖြန်မနက်မှာ ဝေလငါးကျွန်းကို တိုက်ခိုက်မယ့် စစ်ရေးအချက်ပေးသံကို နားထောင်ကြ။ အခုပဲ ဖွဲ့စည်းပုံကို ပြောင်းလဲကြ။ ထောက်ပံ့ရေး စစ်သင်္ဘောတွေကို အလယ်မှာ ထားရမယ်။ စစ်သင်္ဘောတွေ အားလုံးကို သံမဏိကြိုးတွေနဲ့ ချိတ်ဆက် ချည်နှောင်ထားရမယ်။ ထောက်ပံ့ရေး စစ်သင်္ဘောတွေကို တင်းကျပ်စွာ ကာကွယ်ပါ။ သတင်းပို့လှေတွေက တပ်ရင်းမှူးတွေရဲ့ အမိန့်ကို တပ်ဖွဲ့တိုင်းထံ ပေးပို့ပြီး အပြန်ပြန် အလှန်လှန် ပြေးဆွဲကြရမယ်။” တပ်မမှူး၏ အမိန့်ပေးသံက တပ်ရင်းမူးတိုင်း၏ နားထဲသို့ ဝင်ရောက်လာပါသည်။

အမိန့်ထုတ်ပြီးသည်နှင့် ထောက်ပံ့ရေး စစ်သင်္ဘော လေးငါးရာတို့ကို အလယ်တွင် ဝိုင်းရံထားကြသည်။ စစ်သင်္ဘောများကို သံကြိုးများနှင့် ချိတ်ဆက်ပြီး နီးကပ်စွာ ကပ်ထားကြသည်။ သံကျောက်ဆူးများကို ကျောက်ချကာ၊ စစ်သင်္ဘောအားလုံးသည် ဧရာမစစ်စခန်းကြီးတစ်ခုကဲ့သို့ ဖြစ်နေပါသည်။

လမ်းတစ်လျှောက်တွင် စစ်တပ်စခန်းမှ စစ်သည်တော် တစ်သောင်းကျော် ရှိပါသည်။ မူလက စစ်သင်္ဘော နှစ်ရာခန့်သာ ရှိခဲ့သည်။ သို့သော် စားနပ်ရိက္ခာများသင်္ဘောများ, မြင်းများ၊ ရေချို၊ ဆေးဝါးနှင့် အခြားအရာများ ထပ်တိုးလာသဖြင့် စစ်သင်္ဘောလေးရာမှ ငါးရာခန့် ရှိလာခဲ့ပါသည်။

"တင်းယွန်ထုန်က တကယ့်ကို ရေတပ်ရဲ့ စစ်ပြန်တစ်ယောက်ပါ။ စစ်နည်းဗျူဟာနဲ့ တပ်ဖွဲ့တွေကို ဘယ်လို စီစဉ်ရမယ်ဆိုတာ ငါ သင်ယူထားရမယ်။”

ဟုန်ယွိသည် ပင်လယ်ရေပြင်ကို ပိတ်ဆို့ရန်အတွက် သံကြိုးများအသုံးပြုပြီး၊ ရေပြင်ပေါ်တွင် ခံတပ်တစ်ခု တည်ဆောက်ရန် ကြီးမားသော ရေယာဉ်အုပ်စုကြီးကို ချက်ခြင်း ချိတ်ဆက်နေသည်ကို ကြည့်ရှုလေ့လာနေခဲ့ သည်။ ၎င်းသည် တည်ငြိမ်သော အနေအထားတွင် နစ်မြုပ်နေသော နဂါးတစ်ကောင်နှင့်ပင် တူနေပါသည်။ စားနပ်ရိက္ခာများ၊ ရေချိုနှင့် ဆေးဝါးတင်သင်္ဘောများကို အလယ်တွင် ထားရှိပြီး၊ ၎င်းတို့ကို အခိုင်အမာ ကာကွယ်ထားသည်။ ကင်းလှည့်လှေ မျိုးစုံသည် အနားပတ်ပတ်လည်တွင် လွင့်မျောနေကြသည်။

ဤရေတပ်ဖွဲ့စည်းပုံသည် မည်သည့်စစ်ရေးဗျူဟာ စာအုပ်မှာမှ သင်ယူ၍မရသော အရာဖြစ်သည်။

ဤသို့ ခေတ္တရပ်နားလိုက်သည်နှင့်အမျှ စစ်သင်္ဘော အသီးသီးမှလည်း ချက်ပြုတ်ရန် မီးများ စတင်လင်းလက် လာကြသည်။ တစ်ချိန်တည်းမှာပင်၊ ညစ်ညမ်းသော ရေဆိုးများနှင့် အညစ်အကြေး အမြောက်အမြားလည်း ပင်လယ်ထဲသို့ မျောပါသွားပြီး မရေမတွက်နိုင်သောငါးများကို တိုက်ခိုက်ရန် ဆွဲဆောင်နေခဲ့သည်။

"ညဘက် အနားယူပြီးရင်, ငါတို့နောက်က ရိက္ခာနဲ့ ရေသယ်သင်္ဘောတွေ မကြာခင် ရောက်လာသင့်တယ်။ အစားအသောက်နဲ့ ရေသယ်သင်္ဘောတွေ ရောက်လာတာနဲ့ စိတ်ဓာတ်တွေ အရမ်းကို တက်ကြွလာမယ်။ မနက်လင်းတာနဲ့ ငါတို့လည်း တဟုန်ထိုး ဆင်းရလိမ့်မယ်။ ဒီတင်းယွန်ထုန်ဟာ တကယ့် ဝါရင့်တပ်မမှူး တစ်ယောက်ပဲ။" ချီဇီယန်သည် ရေပေါ်ရှိ ခံတပ်ကို ကြည့်ပြီး၊ အမိန့်ကို ခွဲခြမ်းစိတ်ဖြာကာ ခေါင်းညိတ်မိသည်။

“ငါတို့လည်း စားနပ်ရိက္ခာနဲ့ ရေသယ်ဖို့ လိုနေသေးလား။ ကြည့်စမ်း…၊ အလယ်မှာပင် ရိက္ခာတွေ၊ ရေချိုနဲ့ ထင်း တွေတင်ထားတဲ့ သင်္ဘောလေးငါးရာလောက် ရှိတယ်။ အဲဒါက မလုံလောက်ဘူးလား။” မုကလေးက နှုတ်ခမ်း ဆူကာ ပြောသည်။

"နေ့တိုင်း လူတစ်သောင်းကျော်ဟာ စားသောက်ပြီး မစင်စွန့်ကြတယ်။ ဒါက ဆန်တွေ, ခေါက်ဆွဲတွေနဲ့ အသားတွေ တောင်လိုပုံနေတဲ့ ပမာဏဖြစ်တယ်။ ပြီးတော့, ငါတို့က ပင်လယ်ထဲမှာ နှစ်ရက်နဲ့ တစ်ည ရွက်လွှင့် ပြီးပြီ။ ငါတို့စားနပ်ရိက္ခာနဲ့ ရေပမာဏ အများကြီး ယူလာရင်တောင်, အားလုံးနီးပါး ကုန်လုဖြစ်နေပြီ" ဟုန်ယွိက ပြောသည် "စစ်ပွဲမှာ စစ်တိုက်နေချိန်မှာ ရိက္ခာမရှိတာထက်စာရင် ပုပ်ပွနေတဲ့ ရိက္ခာရှိနေတာက ပိုအဆင်ပြေ သေးတယ်။ တင်းယွန်ထုန်က ဝါရင့်တပ်မမှူးတစ်ယောက်ပဲ။ ဒီရေလမ်းကြောင်းမှတဆင့် ပစိတ်ဖိတ် ရေတပ်က နေ စားနပ်ရိက္ခာ၊ အသား၊ ထင်း၊ ရေချိုနဲ့ ဆေးဝါးတွေကို နေ့တိုင်း ပို့ဆောင်ပေးမှာပဲ။ ဒါပေမယ့် အဲဒီပင်လယ် ဓားပြတွေက လှည့်ကွက်တချို့နဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေကို လမ်းခုလတ်မှာ ကြားဖြတ် တိုက်ခိုက်မှာ စိုးရတယ်…။”

“ဟုတ်တယ်၊ ဧရာမဝေလငါးကျွန်းက ကြီးပေမယ့် နေရာတော်တော်များများက သစ်တောတွေ, ချောက်ကမ်းပါး တွေ ဖုံးလွှမ်းနေတယ်။ ငါတို့ ဆင်းလို့မရဘူး။ သင်္ဘောဆင်းနိုင်တဲ့ ကမ်းခြေတွေမှာ ချောင်းမြောင်း တိုက်ခိုက်မူ တွေ သေချာပေါက် ရှိလိမ့်မယ်။ တကယ်လို့, ငါတို့သာ အချိန်အတော်ကြာအောင် ကုန်းပေါ်ကို မဆင်းသက်နိုင် ဘူးဆိုရင်, ရိက္ခာသယ်ဆောင်တဲ့ သင်္ဘောတွေ ကြားဖြတ်တိုက်ခိုက်ခံရတာနဲ့ ဒီစစ်တပ်က အဆုံးသတ်သွားလိမ့် မယ်။ ပင်လယ်ပြင်မှာ တိုက်ပွဲတွေက ကုန်းပေါ်မှာထက် အများကြီး ပိုအန္တရာယ်များတယ်။” ချီဇီယန်သည် နေဝင်ချိန်ကို လှမ်းကြည့်ရင်း အဝေးမှ ဧရာမဝေလငါးကျွန်းကြီးကို ညွှန်ပြသည်။

ဧရာမဝေလငါးကျွန်းတွင် အရာအားလုံးက စိမ်းပြာနက်မှောင်နေသည်။ ကျွန်းတစ်ခုလုံးကို ရှေးဟောင်း သစ်တောများဖြင့် လုံးဝ ဖုံးလွှမ်းနေပုံရသည်။ တောင်တန်းများက မြင့်တက်ပြီး အဆုံးမရှိ ဖျာဆင်းနေကာ လူသားများ နေထိုင်သည့် အရိပ်အယောင်ပင် မရှိပေ။

သို့သော် ဟုန်ယွိသည် ဤလူသူမဲ့၊ ဧရာမကျွန်းကို ကြည့်နေချိန်မှာ ဖော်မပြနိုင်သော အေးစက်မှုတစ်ခုက သူ့နှလုံးသားထဲသို့ တိုးဝင်လာပါသည်။

"ဒီကျွန်းပေါ်က ပင်လယ်ဓားပြတွေကြားက ဘယ်လိုလူမျိုးတွေလဲ။"

နောက်တစ်နေ့တွင် ကောင်းကင်ကြီး တောက်ပလာသည်နှင့်အမျှ ရိက္ခာနှင့် ရေချိုများ သယ်ဆောင်လာသော နောက်ထပ် သင်္ဘောတစ်ရာခန့် ရောက်ရှိလာသည်။ တပ်မတော်တစ်ခုလုံး၏ စိတ်ဓာတ်က မြင့်မားလာပါသည်။ စစ်ဗုံသံများနှင့် စစ်ဘင်ခရာသံများကြားတွင် တစ်သောင်းခန့်ရှိသော စစ်တပ်သည် အဝေးမှာရှိနေသည့် ဧရာမ ဝေလငါးကျွန်းဆီသို့ တရွေ့ရွေ့နှင့် တိုးလာခဲ့ကြသည်။

သင်္ဘောများ ရွက်လွှင့်လာစဉ် ကျွန်းအစွန်းတွင် အဖြူရောင်အကွက်တစ်ခု ပေါ်လာသည်။ ထိုအရာက အစက်အပြောက်ကင်းသည့် အဖြူရောင်ကမ်းခြေတစ်ခုပါ။ ဧရာမဝေလငါးကျွန်းပေါ်တွင် မြေပြန့်ဧရိယာ အနည်းငယ်သာ ရှိခဲ့ပါသည်။

“ဗွမ်း…”။

ဟုန်ယွိသည် သင်္ဘောပေါ်မှ ခုန်ချပြီး ရေထဲသို့ ခုန်ဆင်းသွားခဲ့သည်။ ထို့နောက် ခြေလှမ်း ဒါဇင်အနည်းငယ်ကို ပြေးပြီးနောက် နောက်ဆုံးတွင် ခိုင်မာသော မြေပြင်ပေါ်တွင် ခြေချလိုက်သည်။ အစက်အပြောက် ကင်းစင်ပြီး ဖြူဖွေးနူးညံ့သော ကမ်းခြေပေါ်တွင် မတ်တပ်ရပ်လိုက်မှ သူ့နှလုံးသားထဲတွင် လုံခြုံမှုကို ခံစားလိုက်ရပါသည်။

“ဗွမ်း….၊ ဗွမ်း…။”

အမိန့်ပေးချက်အရ ဟုန်ယွိ၏ လူယုံအမှုထမ်းများနှင့် စစ်သည်သုံးရာကျော်တို့သည် တစ်ယောက်ပြီး တစ်ယောက် ခုန်းဆင်းပြီး၊ ကမ်းခြေပေါ်တွင် စုဝေးခဲ့ကြသည်။ သင်္ဘောများကို စောင့်ကြပ်ရန် ယုံကြည်ရသော စစ်သည် အနည်းငယ်မျှသာ ကျန်ရစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် တပ်ရင်းနှစ်ဆယ်ကျော်သည်လည်း ကမ်းခြေပေါ်သို့ ဆက်တိုက် ဆင်းသက်လာပြီး ၎င်းတို့ တပ်အသီးသီးတွင် စုရုံးခဲ့ကြသည်။ ချက်ချင်းဆိုသလို, ဓားနှင့်လှံများကို ဓားအိမ်ထဲမှ ကိုယ်စီ ဆွဲထုတ်လိုက်ပါ သည်။ သတ်ဖြတ်လိုသည့်ဆန္ဒက လေထဲတွင် ပြည့်နှက်နေသည်။ ဟိုးအဝေးက တောင်တန်းတွေပေါ်မှ ငှက်အုပ်ကြီးများပင် ပျံသန်းသွားကြသည်။

"ညီအစ်ကိုဟုန်၊ ကြည့်စမ်း…" ဟုန်ယွိက သူ့တပ်တွေ စုဝေးနေချိန်မှာ ချီဇီယန်က သိပ်မဝေးသည့် နေရာ တနေရာကို ညွှန်ပြသည်။ ဝေလဲ့၏စစ်သင်္ဘော ၁၈ စင်းလည်း စုရုံးလာကြသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် စစ်သည် ငါးရာမှ ခြောက်ရာအထိရှိကာ၊ ၎င်းသည် ဟုန်ယွိ၏ လူများထက် နှစ်ဆဖြစ်သည်။

ထို့အပြင် ထိုစစ်သည်များအားလုံးသည် နွားဖြူရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်။ လေးများ၊ မြှားများနှင့် ဆေဘာများကို ကိုင်ဆောင်ထားကြသည်။ သူတို့အားလုံးတွင် ကျားတစ်ကောင်၏ ကျောနှင့် ဝက်ဝံ တစ်ကောင်၏ ခါးများ ရှိကြကာ၊ ၎င်းတို့၏ အားမာန်နှင့် စွမ်းအားကို ပြသနေသည်။ သူတို့၏ အရည်အသွေး သည် ဟုန်ယွိ၏ စစ်သည်များထက် အနည်းငယ် သာလွန်သည်။

မှတ်သားထိုက်စရာ အကောင်းဆုံးမှာ ဝေလဲ့အနားရှိ အမူထမ်း အယောက်သုံးဆယ်ခန့်သည် စပါးအုံးကြေးခွံ ချပ်ဝတ်၊ အနက်ရောင် ကြေးခွံအရိုးလေးများ၊ သံမဏိဖြင့် ပြုလုပ်ထားသော တောင်တက် ဖိနပ်များနှင့် အနက် ရောင် သံမဏိဆေဘာများကို ကိုင်ဆောင်ထားခြင်း ဖြစ်သည်။ သူတို့ပုံစံက ခံ့ညားထည်ဝါလွန်းသည်။ သူတို့၏ အသွင်အပြင်ကို တစ်ချက်ကြည့်ရုံဖြင့် သူတို့သည် သိုင်းသခင်အဆင့် ကျွမ်းကျင်သူများဟု ပြောနိုင်ပါသည်။

ဤကိုယ်ရေးကိုယ်တာ အခြွေအရံများအပြင်၊ အလယ်ဗဟိုစက်ဝိုင်းကျဆုံးနေရာရှိ ဝေလဲ့၏နံဘေးတွင် မုတ်ဆိတ်ရှည်နှင့် အဖိုးအိုတစ်ဦး ဖြစ်သည်။ သူသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်မထားပါဘူး။ ယင်းအစား အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး လက်ဗလာဖြစ် နေသည်။

စစ်တပ်တွင် ကျရောက်တော့မည့် စစ်ပွဲအတွက် ချပ်ဝတ်တန်ဆာ ၀တ်ဆင်မထားသူ သို့မဟုတ် လက်နက် မကိုင်ဆောင်သူများအတွက် ဖြစ်နိုင်ချေ နှစ်ချက်သာ ရှိပါသည်။ ပထမတချက်ကတော့ ထိုလူသည် လူမိုက်တစ်ဦး ဖြစ်သည်။ ဒုတိယအချက်ကတော့ ထိုလူ၏ သိုင်းပညာသည် အကန့်အသတ်မရှိအောင် မြင့်မား နေ၍ ဖြစ်ပါလိမ့်မည်။ သူ့မှာ အကြွင်းမဲ့ စွမ်းအားရှိပြီး လူတစ်ရာကို အနိုင်ယူနိုင်ပါသည်။

မုတ်ဆိတ်ရှည်နှင့် မျက်နှာကျဉ်းသော ဤအဘိုးကြီးသည် ဒုတိယအမျိုးအစား ဖြစ်ပါလိမ့်မည်။

"ဒီလူကို ငါ သိတယ်။ သူ့နာမည်က လျှိုလဲ့တဲ့။ သူက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က တောင်ပိုင်းပြည်နယ် မှာ နာမည်ကျော် သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူးတယ်။ သူ့နာမည်ပြောင်က ပြင်းထန်စွာ လေ့ကျင့်ပေးတတ်သူ သူကြွယ်ကြီးတဲ့။ တော်ဝင်ချန် လက်ထက် အနှစ်သုံးဆယ်အတွင်း တောင်ပိုင်းပြည်နယ်က လုံးဝဉဿုံ ငြိမ်းချမ်းသွားပြီးနောက်၊ ဒီလူက ဘုရင်ခံ ဝေတိုင်ကန်ထံ ခိုလှုံဖို့ကြိုးပမ်းခဲ့ပြီး သူ့အစေခံ ဖြစ်လာခဲ့တယ်။”

ချီဇီယန်သည် အဘိုးအိုကို အနည်းငယ် စိုက်ကြည့်ပြီးနောက် သူ့ကို မှတ်မိသွားပါသည်။

"အခြားလူတွေကရော…။" ဟုန်ယွိသည် ဝေ့လဲ့ကို ကြည့်သည်။ ပြင်းထန်စွာ လေ့ကျင့်ပေးတတ်သူ သူကြွယ်ကြီး လျှိုလဲ့အပြင်, ဝေလဲ့အနားမှာ အခြားလူအနည်းငယ်လည်း ရှိနေပါသေးသည်။ လှံကိုကိုင်ဆောင်ထားပြီး၊ ပေါ့ပေါ့ ပါးပါး အဝတ်စားဝတ်ထားသည့် လူငယ်တစ်ဦးနှင့် နောက်ကျောမှာ လေးလံသော ဓားကြီးတစ်လက်ကို သယ်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။ ထို့အပြင်, လက်နှစ်ဖက်ပိုက်ကာ ရပ်နေသည့် လူလေးငါးယောက်လည်း ရှိနေပါသေးသည်။ သူတို့သည် အဝေးက တောင်တန်းတွေကို ကြည့်ရူရင်း ရှုခင်းတွေကို မြင်ပြီး ကြည်နူးနေကြသည်။ သူတို့အားလုံးက ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားခြင်း မရှိဘဲ၊ အားလုံးက မတူထူးခြား ကွဲပြားနေကြသည်။

“ကျန်တဲ့လူတွေတော့ ငါလည်း မသိဘူး။ ဒါပေမယ့် သူတို့က လူကောင်းတွေ မဟုတ်တာတော့ သေချာတယ်။ ဝေတိုင်ကန်က တောင်ပိုင်းပြည်နယ်ကို နှစ်သုံးဆယ်တိုင်တိုင် အုပ်ချုပ်ခဲ့သည်။ သူ့ဩဇာက ထူးထူးခြားခြားပဲ။ သူကတော့ ဒေသခံအာဏာရှင် တစ်ယောက်လိုပဲ။ သူ့လက်အောက်မှာ လက်ရွေးစင် ကျွမ်းကျင်သူတွေနဲ့ သေမင်းတမန် စစ်သည်တွေ အများကြီး ရှိတယ်” ချီဇီယန်က ဆိုသည်။

ဟုန်ယွိသည် ဝေလဲ့ကို ကြည့်နေစဉ် အဝေးမှ ဝေလဲ့သည်လည်း ဟုန်ယွိ၏ အကြည့်ကို ခံစားမိပုံရသည်။ သူက လှမ်းကြည့်လိုက်တော့ သူ့အကြည့်တွေက ရန်လိုသည့်အမူအရာ ရှိနေသည်မှာ ထင်ရှားပါသည်။

ဟုန်ယွိသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ငါးမန်းသတ်ဓားကို ဆွဲထုတ်ကာ မြှောက်လိုက်သည်။ "အစိမ်းရောင် တပ်ရင်းက လူတွေ။ ငါ့နောက်ကနေ လိုက်ခဲ့ကြ…။”

သူသည် သူ၏ဓားကို မြှောက်လိုက်သောအခါ၊ ငါးမန်းသတ်ဓားပေါ်ရှိ တောက်ပသော ဂန္ဓမာပုံစံများသည် နေရောင်အောက်တွင် တောက်ပစွာ လင်းလက်သွားခဲ့ပြီး၊ လူတိုင်း၏ မျက်လုံးများကို စူးသွားကြသည်။

လူသုံးရာကျော်သည် ကမ်းခြေကို ဖြတ်ကျော်ပြီး၊ ကြောင်များကဲ့သို့ လျှောက်လှမ်းရင်း ဧရာမဝေလငါးကျွန်း၏ တောတွင်းလမ်းသို့ ဝင်ရောက်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အခြားတပ်ရင်းများလည်း စူးစမ်းရှာဖွေရန် နယ်မြေအတွင်းသို့ အသီးသီး ဝင်ရောက်ခဲ့ကြ သည်။ လက်ရွေးစင် စစ်သည်သုံးထောင်သာ ကျန်ရစ်ခဲ့ပြီး ကမ်းခြေတွင် အနားယူကာ ပြန်လည်ဖွဲ့စည်းနေခဲ့ သည်။ သူတို့သည် အချိန်မရွေး ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

ဟုန်ယွိ၏ အစိမ်းရောင် တပ်ရင်းသည် ရှေ့ပြေးတပ်ဖွဲ့ ဖြစ်သည်။ သူတို့သည် အဆိုပါကျွန်းပေါ်ကို ရှာဖွေရန် တာဝန်ယူခဲ့ရသည်။ သူတို့ထံ ပြေးဝင်လာသည့် မည်သည့် ပင်လယ်ဓားပြများကိုမဆို သတ်ပစ်ရမည်။ အကယ်၍, သူတို့ မစွမ်းနိုင်တော့လျှင်, ပင်မတပ်ကို အကြောင်းကြားရန် ကောင်းကင်သို့ အချက်ပေး မီးကျည် ချက်ချင်း ပစ်လွှတ်ရမည်။

ယခုတစ်ကြိမ်တွင် ဝေလငါးကျွန်းတွင် ပင်လယ်ဓားပြ တစ်ထောင်ကျော် ပုန်းအောင်းနေကြောင်း စစ်တပ်မှ သိရှိထားပြီး၊ အဆိုပါ ပင်လယ်ဓားပြများ၏ အသိုက်မြုံသည် ဝေလငါးကျွန်း၏ အလယ်ပိုင်း တောင်ပေါ်တွင် တည်ရှိကြောင်းကိုလည်း သိရှိထားခဲ့ကြသည်။ သို့သော်လည်း ပင်လယ်ဓားပြ အသိုက်ရှိ လူအရေအတွက် အတိအကျနှင့် ၎င်းတို့၏ ဖြန့်ကျက်လှုပ်ရှားမှုများကို အတိအကျ ဖော်ပြမထားပေ။

သို့သော် စစ်တပ်တွင် လူတစ်သောင်းကျော် ရှိသည်။ စစ်သားအရေအတွက် ဆယ်ဆပိုများသဖြင့် ပင်လယ် ဓားပြတွေကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။

ကမ်းခြေနောက်ဘက်ရှိ သစ်တောထဲ၌ ကျွန်း၏ အလယ်ဗဟိုသို့ ဦးတည်နေသည့် လမ်းကြောင်း ရှိသည်။ ထိုလမ်းကြောင်းကို လူတွေ ဖောက်လုပ်ထားပုံရသည်။ သို့သော် နေရာတော်တော်များများမှာ ပေါင်းပင်တွေ၊ သစ်ပင်တွေနှင့် ပြည့်နှက်နေ၏။ လမ်းကြောင်းက စိုစွတ်ပြီး အုံ့မှိုင်းနေပါသည်။

စစ်တပ်က တောထဲကို ဝင်လိုက်သည်နှင့် စစ်သည်တွေ တိုက်ခိုက်ခံရသလိုမျိုး အော်ဟစ်သံတချို့ ရုတ်တရက် ထွက်ပေါ်လာသည်။ အသံတွေက ကြက်သီးမွှေးညှင်း ထလောက်စရာပင်။

"အားလုံး၊ ထိတ်လန့်စရာမလိုဘူး။ သူတို့က မြွေကိုက်ခံရတာ.." အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် လူအများ၏ စိတ်နှလုံးကို အေးချမ်းစေခဲ့သည့်အသံက ထွက်ပေါ်လာပါသည်။

တောင်ပိုင်းကျွန်းများသည် ပူပြင်းပြီး စိုစွတ်နေကာ မြွေများနှင့် အင်းဆက်ပိုးကောင်များ များစွာ ရှိပါသည်။ ကျွန်းသစ်တောများကို စစ်သည်များစွာ ရှာဖွေနေသဖြင့် အနည်းငယ် မြွေကိုက်ခံရခြင်းမှာ သာမန်ဖြစ်ပါသည်။

“ဒီတောင်ပိုင်းကျွန်းတွေက တကယ့်ကို ပြဿနာပဲ။ ဓားပြတွေကို သုတ်သင်ရှင်းလင်းဖို့ အကြိမ်ပေါင်းများစွာ ကြိုးပမ်းပြီးတဲ့ နောက်မှာ ဒီလိုရလဒ်တွေ ထွက်ပေါ်လာတာ အံ့ဩစရာ မရှိတော့ဘူးပဲ။ ပူပြင်းစိုစွတ်တဲ့ တောအုပ်တွေမှာ စစ်တပ်က အသေအပျောက် များတယ်။ တိမ်တိုက်ခြင်တွေ၊ မြေပြင်ပေါ်က မျှော့တွေကို ကြည့်ပါလား။ အဆိပ်ရှိမြွေတွေ, အဆိပ်ရှိပင့်ကူတွေရောပဲ…။”

တောထဲသို့ တရွေ့ရွေ့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ အနီးပတ်ဝန်းကျင်ရှိ တပ်ဖွဲ့များလည်း ရှာဖွေရန် အသီးသီး ခွဲထွက်သွားကြသည်။ အလယ်ဗဟိုသို့ ဝင်ရောက်သောအခါ တပ်ရင်းများသည် အကွာအဝေးကို ကြီးကြီးမားမား ခြားနားထားသည်။ ဟုန်ယွိ၏တပ်ရင်းသည် နောက်မှ အနီးကပ် လိုက်ပါလာရင်း၊ မြို့တွင်းသို့ တဖြည်းဖြည်း နက်ရှိုင်းစွာ ဝင်ရောက်လာပါသည်။

ဓားတစ်ချောင်းဖြင့် သူ့ရှေ့ကလမ်းကို ပိတ်ဆို့နေသော ဆူးပင်များကို ခုတ်ထစ်လိုက်သည်။ ဟုန်ယွိသည် သူ့ရှေ့ မလှမ်းမကမ်းမှာရှိသည့် တောအုပ်ကို လှမ်းကြည့်လိုက်သည်။ အနက်ရောင်အလုံးများနှင့် ခြင်ကောင်များကဲ့သို့ တဝှီဝှီမြည်ကာ လှည့်ပတ်နေသော အလုံးများ ရှိသည်။ မြက်ခင်းပြင်ပေါ်မှာ ပုပ်ပွနေသော သစ်ရွက်ခြောက်များ ၏ အနံ့ဆိုးများလည်း ထွက်ပေါ်လာသည်။ ရံဖန်ရံခါ အဆိပ်ရှိသော ပင့်ကူများ၊ မျှော့များ တွေ့ရပြီး၊ ရံဖန်ရံခါ အဆိပ်ပြင်း ရောင်စုံမြွေများလည်း မြေပြင်ပေါ် တွားသွားနေသည်ကို တွေ့ရပါသည်။ ထိုမြင်ကွင်းများက သူ့ဦးရေပြား ထုံသွားသလို ခံစားရ၏။

ကံကောင်းထောက်မစွာ, သူတို့ စစ်တပ်နှင့် လိုက်ပါလာချိန်မှာ, စစ်သည်များသည် အဆိပ်ဖြေဆေးအမျိုးမျိုး ယူဆောင်လာကြသည်။ သူတို့သည် ၎င်းတို့ကို ပါးစပ်ထဲ မျိုချပြီး အရေပြားပေါ်မှာ သုတ်လိမ်းပေးကြသည်။ ထိုသို့မဟုတ်လျှင် သူတို့သည် ခဏလောက် လမ်းလျှောက်ပြီးနောက် အနံ့ဆိုးများနှင့် အဆိပ်ပြင်း အင်းဆက်များကြောင့် ပြိုလဲကျသွားလိမ့်မည်။

ခြင်္သေ့ဘုရင် နှစ်ပါးသည်လည်း ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်။ ပိုးမွှားများ အကိုက်ခံရခြင်းနှင့် ဆူးများ ထိုးဖောက်ခြင်းမှ ကာကွယ်ရန် ၎င်းတို့၏ ခြေလက်အင်္ဂါများကို ထူထဲသော သားရေနှင့် ချည်အသားများဖြင့် စည်းနှောင်ပေးထားရသည်။

ဤခြင်္သေ့ဘုရင် နှစ်ကောင်သည် အလွန်သတိရှိလှသည်။ ၎င်းတို့သည် လူများကို ရှေ့မှဦးဆောင်ရင်း သူတို့၏ နှာခေါင်းနှင့် နားများကို တချိန်လုံး လှုပ်ယမ်းသွားကြသည်။ မည်သည့်ပြဿနာမှ မရှိသေးပါဘူး။

သူတို့တွေ ထို့ထက်ပိုပြီး လမ်းလျှောက်လာသည်နှင့်အမျှ အဆိပ်ရှိသည့် အင်းဆက်ပိုးမွှာတွေလည်း ပိုမို အတွေ့များလာပြီး အဖွဲ့ကလည်း နှေးကွေးလာပါသည်။

အား…။ ရုတ်တရက် စစ်သည်သုံးရာထဲက နှစ်ယောက်သည် သစ်ပင်ပေါ်ကနေ ပြုတ်ကျလာသည့် အဆိပ်ပြင်း ပင့်ကူများ၏ ကိုက်ခဲခြင်း ခံလိုက်ရပါသည်။ သူတို့၏ ခန္ဓာကိုယ်များသည် မည်းမှောင်လာပြီး ချက်ချင်းပင် မေ့လဲသွားသည်။ ယင်းက တောင်ပိုင်းဒေသ ကျွန်းသစ်တောရှိ ပင့်ကူများ၏ အဆိပ်မည်မျှ ပြင်းထန်ကြောင်းကို ပြသနေပါသည်။

"ဆေးလိမ်းဖို့ပြင်၊ လှီးဖြတ်ပြီး အဆိပ်ကို ညှစ်ထုတ်ပါ။"

ဟုန်ယွိက ချက်ချင်း ညွှန်ကြားလိုက်သည်။ သူသည် စစ်သားနှစ်ဦးအပေါ်မှ ဒဏ်ရာများ ဖြတ်တောက်ပြီး အနက် ရောင် သွေးများကို ညှစ်ထုတ်ခိုင်းသည်။ ထို့နောက် သူတို့ကို အဆိပ်ဖြေဆေး ကျွေးပြီး၊ နောက်ဆုံးတွင် ကယ်တင်ခဲ့သည်။

"ဟမ့်…."

ထိုအချိန်တွင် ရွှေပင့်ကူသည် မုကလေး၏ကျောပေါ်ရှိ အိတ်ကြီးတစ်ခုမှ ခုန်ဆင်းကာ စူးရှစွာ ဟစ်အော်လိုက်ပါ သည်။

ချက်ခြင်းဆိုသလိုပင် အနီးပတ်ဝန်းကျင် တောအုပ်ထဲရှိ အဆိပ်ရှိသော အင်းဆက်များနှင့် မြွေမျိုးစုံတို့သည် အသက်ရှင်သန်ရန် ထွက်ပြေးခဲ့ကြသည်။ သူတို့ရှေ့မှ အနက်ရောင် ခြင်တွေတောင်မှ သဘာဝရန်သူကို ရင်ဆိုင်ရသည့်အလား ပေါက်ကွဲသံနှင့်အတူ လွင့်ပျံသွားကြသည်။

"အယ်…" ရွှေပင့်ကူ၊ မင်းမှာ ဒီလိုအစွမ်းတွေ ရှိနေသေးတာလား။ " ဟုန်ယွိက အံ့ဩစွာ မေးလိုက်သည်။

“သေချာပေါက် ရှိတာပေါ့။ ငါတို့ရွှေပင့်ကူတွေက အင်းဆက်တွေ အားလုံးရဲ့ ဘုရင်ပဲလေ။ ငါ့ရဲ့အငွေ့အသက်ကို လွှတ်လိုက်တာနဲ့ အဆိပ်ရှိတဲ့အင်းဆက်တွေ အားလုံး နာခံမှုရှိရှိနဲ့ ထွက်ပြေးသွားရမယ်မယ်လေ"ရွှေပင့်ကူက တခစ်ခစ်ရယ်ရင်း ပြောသည်။

"အား….."

ရုတ်တရက် ရွှေပင့်ကူက ခုန်ထွက်လာပြီး လူသားဘာသာစကားကို ပြောဆိုခဲ့သည်။ ကျန်စစ်သည်များ အားလုံး တုန်လှုပ်သွားကြသည်။ ဟုန်ယွိက ချက်ချင်းဆိုသလို သူ့လက်ထဲက ဓားကို ဝှေ့ယမ်းပြီး အသံတိုးတိုးဖြင့် အမိန့်ပေးသည် "ထိတ်လန့်စရာမလိုဘူး။ ဒါက အင်းဆက် ရာပေါင်းများစွာကို မောင်းထုတ်နိုင်တဲ့ ငါ့ရဲ့ အင်မော်တယ် ရွှေပင့်ကူပဲ။ ငါတို့က သူနဲ့အတူရှိနေမှတော့ ဒီနေရာမှာ ရှေ့ဆက်သွားတဲ့အခါ အဆိပ်ရှိတဲ့ အင်းဆက်နဲ့ မြွေတွေကို ကြောက်စရာမလိုတော့ဘူး။ အပြင်ကို သတင်းမထွက်အောင် လျှို့ဝှက်ထားပါ။ မဟုတ် ရင် စစ်ဥပဒေအရ အပြစ်ပေးခံရမယ်….”။

စစ်သည်တွေလည်း ငြိမ်သက်သွားကြသည်။ ဟုန်ယွိ၏ စကားကို ကြားလိုက်ရသောအခါ, သူတို့အားလုံး ဝမ်းသာအားရဖြစ်သလို စိတ်အားလည်း တက်ကြွလာကြပါသည်။

"ဝေလဲ့ရဲ့ အဖွဲ့မှာ ရွှေပင့်ကူ မရှိဘူး။ သူက ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ဦး ဆိုရင်တောင် ဒဏ်ရာ အပြင်းအထန် ရသွားမှာ စိုးရတယ်။" ရှန်ထိုက်ဇူက တိုးညှင်းသော အသံဖြင့် ပြောသည်။

"ဒါ သေချာတာပေါ့။" ရွှေပင့်ကူက ဂုဏ်ယူစွာ ပြောသည်။

ဤအခိုက်အတန့်တွင် လမ်းကို ဦးဆောင်နေသော ခြင်္သေ့ဘုရင်နှစ်ကောင်က အသံတိုးတိုးဖြင့် အော်သည်။

"ရှေ့ငါးမိုင်အကွာမှာ ရေအရင်းအမြစ်တစ်ခု ရှိတယ်။" ချီဇီယန်သည် ခြင်္သေ့ဘုရင်၏ အသံကို နားလည်သည်။

"မြေပုံ…." ဟုန်ယွိက သူ့လက်ကို ဆန့်လိုက်သည်။ မုကလေးသည် အိတ်ထဲမှ မြေပုံကို ထုတ်ယူလိုက်သည်။ ဟုန်ယွိက သေသေချာချာ ကြည့်ကာ မြေပုံပေါ်ရှိ အမှတ်အသားတစ်ခုကို ညွှန်ပြသည်။ "ဒါက ရေအရင်းအမြစ် ဖြစ်တဲ့အတွက်၊ ဧရာမဝေလငါးကျွန်းရဲ့ မြွေတောင်ကြားက အရှေ့မှာ ရှိနေတယ်။ မြွေတောင်ကြားရဲ့နောက်မှာ တော့ ဆယ်မိုင်လောက် ကျယ်ပြန့်တဲ့ လွင်ပြင်တစ်ခု ရှိတယ်။ လွင်ပြင်အလယ်မှာ ပင်လယ်ဓားပြတွေရဲ့ အမာခံ ခံတပ်နဲ့ တပ်စခန်းလည်း ရှိနေတယ်။"

"ကောင်းပြီ၊ သွားရအောင်…."

သူတို့အုပ်စုသည် ရှေ့ကို ဆက်သွားကြသည်။ ယခုတစ်ကြိမ်မှာတော့ သူတို့၏ အရှိန်ဟုန်က ပိုမြန်လာသည်။ လမ်းတစ်လျှောက်တွင် ရွှေပင့်ကူက ၎င်း၏ အငွေ့အသက်ကို ထုတ်လွှတ်ထားသည်။ အဆိပ်ရှိသော မြွေများနှင့် ပင့်ကူများလည်း ရှောင်ရှားသွားခဲ့သည်။ လမ်းခရီးက အရမ်းကို ချောမွေ့လွန်းသည်။

တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် ခြင်္သေ့ဘုရင်များ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ သူတို့ရှေ့မှာ စမ်းချောင်းကြီးတစ်ခုနှင့် ချောက်ကြီးတစ်ခု ပေါ်လာပါသည်။

ရုတ်တရက် ခြင်္သေ့ဘုရင်များ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအားလုံး ထောင်မတ်သွားကြသည်။

"အားလုံး သတိထားကြပါ။ ချောက်ထဲမှာ စမ်းချောင်းတစ်ခု ရှိနေတယ်" ချီဇီယန်က အသံတိုးတိုးဖြင့် ပြောသည်။

All Chapters