နတ်ဆိုးသားရဲများ ထကြွသောင်းကျန်းခြင်း
Vol. 1 Ch. 254
စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ရသည်နှင့် ကျန်းရီသည် တော်ဝင်မြို့တော်မှ ထွက်ခွာ လာခဲ့သည်။ လင်းချမ်းနှင့် လင်းကျန့်တို့ကိုလည်း သူစိတ်မပူပေ။ သူသည် နဂါးလင်းယုန်ကြီးကို ထိန်းချုပ်ကာ မြောက်ဘက် အရပ်သို့ ပျံသန်းလာခဲ့သည်။
"ဟင်..."
စုတိဝမ်နှင့် မှူးမတ်တစ်အုပ်သည် နန်းရင်ပြင်မှ ထွက်ခွာလာသော် အရင်ဘက်မှ ချိုင့်ကြီးများကို မြင်သောအခါ ဆွံ့အသွားကြသည်။ သူတို့သည် ကျန်းရီအကြောင်း ကောလာဟလ များသာ ကြားဖူးခဲ့သည်။ သို့သော် ယခုအခါ ကောလဟာလကို မျက်မြင်တွေ့လိုက်ရပေပြီ။
သူတို့သည် ကျန်းရီ ကောင်းကင်ထက်မှ အော်သွားခဲ့သော စကားကြောင့် ပို၍ပင် အံ့အားသင့် သွားရသည်။ အများစုသည် ကျန်းရီနှင့် စုလောရွှယ်မှာ သာမန် ဆက်ဆံရေးမျိုး မဟုတ်ဟု ခန့်မှန်း မိကြသော်လည်း ဤမျှလောက် နီးစပ်မည်ဟု မထင်ထားကြပေ။ ကျန်းရီ၏ ကြေညာချက်သည် မောက်မာသည့်ဟန် ထင်ရသော်လည်း ထိုစကားကပင် စုလောရွှယ် အပေါ်ထားသော သူ့ခံစားချက်များ မည်မျှလေးနက်ကြောင်း သက်သေပြလို့ နေသည်။
စုတိဝမ်သည် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ကျန်းရီ ယူသွားမည်စိုး၍ သူပြုခဲ့သော အပြုအမူအား နောင်တရလို့ နေသည်။ ယခုမူ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို ကျန်းရီဆီ ပေးလိုက်ရခြင်း အမှန်တကယ် မှန်ကန်သည့် လုပ်ရပ်ဟု ခံစားနေရလေသည်။
ကျန်းရီသည် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။
သူသည် အပေါ်ယံတွင် အားနည်းသည်ဟု ထင်ရသော်လည်း သူ့တိုက်ခိုက် နိုင်စွမ်းသည် အလွန်ကြောက်စရာ ကောင်းလှသည်။ စစ်တပ်ကြီး တစ်ခုလုံးကို သူတစ်ဦးတည်းနှင့် ရင်ဆိုင်ခဲ့သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့်များ၊ ကုန်းကုန်းဝေ့၊ ထိုက်ရှစ်ကျန်းနှင့် စုတိကောသည် သူသောင်းကျန်းသမျှအား ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရလေသည်။ သူသည် ရှန်ဝူနိုင်ငံ၏ အိမ်ရှေ့စံကိုပင် ခွေးတစ်ကောင်လိုမျိုး ထွက်ပြေးအောင် လုပ်နိုင်ခဲ့သေးသည်။
ကျန်းရီသည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ်ပါရမီရှင်၊ နိုင်ငံအဆင့်ပြိုင်ပွဲ၏ ချန်ပီယံ၊ မြောက်များ လှစွာသော အံ့ဖွယ်များကို ဖန်တီးနိုင်ခဲ့သည်။ သူသည် နောက်ထပ်သော အံ့ဖွယ်များကိုလည်း ဖန်တီးနိုင်ဦးမည်သာ။
သူသည် ဆယ့်ခြောက်နှစ် အရွယ်တည်းက စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ကို သတ်ဖြတ် နိုင်သည်။ နှစ်ဆယ့်ခြောက်နှစ်၊ သုံးဆယ့်ခြောက်နှစ် ဆိုလျှင်ရော...ကျန်းရီသာ ပုန်းအောင်း၍ ကျင့်ကြံနေပြီး နှစ်ပေါင်းများစွာ အကြာ ပြန်လည် ထွက်ပေါ်လာခဲ့လျှင် ရှားနိုင်ငံ ဒုက္ခရောက်ချိန်၌ စုလောရွှယ်မှတစ်ဆင့် အကူအညီ တောင်းခိုင်းနိုင်သည်။ ကျန်းရီ သေချာပေါက် ကူညီလိမ့်မည်။
သိုင်းလောကတွင် အင်အားသည်သာ အရာရာဖြစ်သည်။ အစစ်အမှန် ပါရမီရှင်များကသာ နယ်မြေတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲနိုင်သည်။ ဥပမာ ရွှေယို့လန်သည် နိုင်ငံတစ်ခုခုနှင့် မဟာမိတ်ပြုလိုက်လျှင် ထိုနိုင်ငံသည် သေချာပေါက် အင်အားကြီးမားလာလိမ့်မည်။ သူမသာ ရှားနိုင်ငံနှင့် ပူးပေါင်းလျှင် မည်သူမှ ရှားနိုင်ငံကို တိုက်ခိုက်ရဲမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမတစ်ဦးတည်းနှင့် သန်းချီသော ရန်သူစစ်တပ်ကို ရင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။
နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက်ထဲမှ တစ်ယောက်ယောက်သည် ဗာဂျရာ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်၍ ကောင်းကင် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပါလျှင် ထိုသူသည် နယ်မြေတစ်ခုလုံးကို ကြီးစိုးနိုင်ပြီ ဖြစ်လေသည်။
လူတစ်ဦးသည် ဗာဂျရာအဆင့်သို့ ရောက်ပါက ရတနာများ၏ အကူအညီများ သိပ်မလိုတော့ဘဲ ကောင်းကင်တာအိုကို စတင် နားလည်လာမည် ဖြစ်ပြီး သူတော်စင်အဆင့် လက်နက်များထက် ပြင်းထန်သော တာအိုဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။
ကျန်းရီသာ ကောင်းကင် ဧကရာဇ် အဆင့်သို့ ရောက်ရှိသွားလျှင်....
စုတိဝမ်သည် ဆက်မတွေးရဲတော့ပေ။ သူသည် ကြည်လင်နေသော အပြာရောင် ကောင်းကင်ကြီးကို ကြည့်၍ နောင်တ အနည်းငယ် ရနေခဲ့သည်။ စုလောရွှယ်သာ ရှားဝူဟွေ့အစား ကျန်းရီကို လက်ဆက်ခွင့် ရခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ရှားနိုင်ငံအတွက် အဆုံးမရှိသော ဂုဏ်တို့ကို ယူဆောင် လာလေမည်လော....
***
နိုင်ငံအဆင့် စားသောက်ပွဲမှ သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကျန်းရီမှာ ထပ်မံ ကျော်ကြား သွားပြန်သည်။
ကင်းထောက် သံတမန်ကျန်း...
၎င်းမှာ အလွန်ရယ်စရာ ကောင်းသော ဘွဲ့ထူး ဖြစ်လေသည်။ ကျန်းရီသည် ဂိုဏ်းများအားလုံး၏ အမြင်တွင် ရောက်ရာ အရပ်တွင် ပြဿနာ ဖြစ်စေသည့် ကံဆိုးသော ကြယ်ပွင့်လေး ဖြစ်သည်။ အခြားနိုင်ငံများသည် အားရကျေနပ်နေသည့် တစ်ဖက်မှ တစ်ချိန်တည်း တွင်လည်း သူတို့နိုင်ငံသို့ ကျန်းရီမလာပါစေနဲ့ဟု ကျိတ်၍ ဆုတောင်း နေရလေသည်။ သူသည် သူ့ကို လိုက်သတ်ခံနေရသည် ဖြစ်စေ တစ်ယောက်တည်း လွှတ်ထားသည်ဖြစ်စေ ပြဿနာများကို ဖြစ်စေနိုင်သည့် တစ်စုံတစ်ဦးသာ ဖြစ်လေသည်။
ရှန်ဝူနိုင်ငံ... နန်းတွင်း...
"ကင်းထောက် သံတမန်ကျန်းတဲ့လား.... ခွီး... သူက တကယ့်ကို ကျန်းပိုင်လီနဲ့ ရီဖျောင်ဖျောင်ရဲ့ မျိုးစေ့ပဲ၊ သူက သူ့အမေလိုပဲ ပြဿနာရှာတဲ့ နေရာမှာ တော်တော် ကျွမ်းကျင်တယ်... ရီဖျောင်ဖျောင်... မင်းသားအတွက် ရတနာတွေ ဘယ်လောက်တောင် ချန်ထားခဲ့လဲ... ဟားဟား... သူပုန်းနေပြီး ရှန်ဝူနိုင်ငံမှာ တစ်သက်လုံး ပေါ်မလာစေဖို့သာ စုတောင်းနေတော့၊ မဟုတ်လို့ကတော့ ဒီမင်းကြီးက သူ့ကို ခေါင်းဖြတ်ပေးမယ်"
ရှားထင်ဝေ့သည် ဤတစ်ကြိမ်တွင် လက်ဖက်ရည်ခွက်ကို ပေါက်မခွဲခဲ့ပေ၊ သူ့နှုတ်ခမ်း ထောင့်များတွင် ကောက်ကျစ်သော အပြုံးတစ်ခုက တွဲခိုနေလေသည်။
အနက်ရောင်အရိပ်တစ်ရိပ် ဖျတ်ခနဲ ဝင်လာသောကြောင့် ရှားထင်ဝေ့၏ အပြုံးမှာ အေးခဲသွားခဲ့သည်။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်တွင် သူ့ရှေ့တွင် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး လျှောက်တင်လာခဲ့သည်။
"မင်းကြီး... ပြဿနာတစ်ခု ရှိပါတယ်၊ အဲ့လူက တောင်ပေါ်မှာ တံခါးပိတ် ကျင့်ကြံရာက ထွက်လာပါပြီ၊ အသွင်ပြောင်းအုပ်စုက အဖွဲ့ဝင်တွေက အစီအစဉ်ကို စလုပ်ဆောင်နေပါပြီ"
"ဘာ..."
ရှားထင်ဝေ့၏ လက်ထဲမှ လက်ဖက်ရည်ခွက်သည် တုန်ခါသွားပြီး ကြမ်းပြင်ပေါ် ကျကွဲ သွားလေသည်။
သူသည် မတ်တပ်ထရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျန်းရီ...အကုန်လုံးက အဲဒီ မျိုးမစစ်ကောင် ကျန်းရီကြောင့်ပဲ၊ သူ့ကြောင့်သာ မဟုတ်ရင် ဝူဟွေ့နဲ စစ်တပ်က ပြန်ရောက်နေလောက်ပြီ...ငါ့အစီအစဉ်တွေကို ဝင်ရှုပ်တာသူပဲ"
သူသည် ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးနောက် အော်ဟစ်လိုက်သည်။
"ကျန်းပိုင်လီကို သွားခေါ်လာချေ"
"ရှပ်...ရှပ်...ရှပ် "
သူ့စကားဆုံးရုံပင် ရှိသေးသည်။ ထောင်ထောင်မောင်းမောင်း လူတစ်ယောက်သည် မျက်နှာ ပျက်ပျက်နှင့် ခန်းမထဲ ဝင်လာခဲ့သည်။ သူသည် အော်ပြောရင်း လမ်းလျှောက်ဝင်လာသည်။
"မင်းကြီး...ကျွန်တော်ရောက်ပါပြီ၊ တောင်ပေါ်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ရှိလာတယ်၊ အသွင်ပြောင်း အုပ်စုက မူလအစီအစဉ် အတိုင်း စလုပ်နေပြီ"
"ပိုင်လီ...မင်းလည်း သတင်းရထားတာလား"
ရှားထင်ဝေ့သည် ကျန်းပိုင်လီကိုကြည့်ကာ လေးလေးနက်နက် မေးလိုက်သည်။
"ငါတို့ ဘာလုပ်သင့်လဲ...ဝူဟွေ့တို့က သုံးရက်ကြာမှ ထွက်ခွာမှာ၊ အဲဒါဖြစ်လာရင် သူတို့နဲ့ သေချာပေါက် တွေ့မှာပဲ...အဲအချိန်ကျ အကုန်သေရလိမ့်မယ်"
"ဒါဆိုလည်း သေပါစေ"
ကျန်းပိုင်လီသည် မျက်နှာ တစ်ချက်မပျက်ဘဲ ဖြေလိုက်ရာ ရှားထင်ဝေ့၏ မျက်ခုံးနှစ်ဖက် မြင့်တက် သွားခဲ့သည်။ ကျန်းပိုင်လီ၏ အကြွင်းမဲ့သစ္စာကိုသာ သူမသိလျှင် ကျန်းပိုင်လီသည် ကျန်းရီ၏ ကိစ္စကြောင့် ရှားဝူဟွေ့ကို သေစေချင်နေသည်ဟု သူထင်မိမှာ သေချာသည်။
"ဒီကိစ္စက ကျွန်တော် တွေးထားတာထက်ပိုပြီး နက်နဲတယ်"
ကျန်းပိုင်လီသည် ရှင်းပြလာခဲ့သည်။ သူ့မျက်လုံးများသည် အေးစက်စက် အငွေ့အသက်တို့ ဖြာထွက်လျက် ရှိသည်။
"အဲလူက ဒေါသထွက်တကြီးနဲ့ သူ့လူတွေ အကုန်ခေါ်ပြီး ရှားနိုင်ငံဆီ တိုက်ရိုက် သွားနေပြီ... ဒီစစ်ဆင်ရေးသာ အောင်မြင်ရင် ကျွန်တော်တို့ မှန်းထားတာထက် အများကြီး ပိုကောင်း သွားလိမ့်မယ်၊ ဒါကြောင့် သံသယတွေကို ရှောင်ရှားဖို့ တချို့ အရာတွေကို စတေးဖို့ လိုတယ်... အိမ်ရှေ့စံကို အဆုံးရှုံး မခံချင်ရင်တော့ ကုန်းကုန်းဝေ့၊ ထိုက်ရှစ်ကျန်းကို အိမ်ရှေ့စံနဲ့အတူ ဘေးကင်းရာကို ရှောင်ခိုင်းလိုက်... ရှန်ဝူစစ်တပ်ကိုတော့ စတေးခံတွေ အဖြစ် ထားလိုက်ပါ"
"စတေးခံတွေ"
ရှားထင်ဝေ့သည် အနည်းငယ် တွန့်ဆုတ် နေသော်လည်း မျက်လုံးများ တောက်ပလာကာ အော်ဟစ် လိုက်သည်။
"အရိပ်...စီစဉ်ထားတဲ့အတိုင်း ဆက်လိုက်ဖို့ စာပို့လိုက်၊ စစ်ဆင်ရေး စတာနဲ့ အိမ်ရှေ့စံကို ဘေးကင်းရာ ရှောင်နေဖို့ အကြောင်းကြား"
အနက်ရောင်လူသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ရှားထင်ဝေ့နှင့် ကျန်းပိုင်လီသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ အထူးသဖြင့် ရှားထင်ဝေ့သည် ပျော်လွန်း၍ အသားများပါ တုန်ယင်နေခဲ့သည်။ သူသည် လေးနက်လှသည့် လေသံနှင့် မေးလိုက်သည်။
"ပိုင်လီ...ငါတို့ ဒီတစ်ခါ အောင်မြင်မှာလား"
"သေချာတာပေါ့ "
ယုံကြည်မှုများမှာ ကျန်းပိုင်လီ၏ မျက်နှာထက်တွင် စာရေးထားသည့်အလား အတိုင်းသား ပေါ်လွင်နေလေသည်။ သူသည် အသာဦးညွှတ် လိုက်သည်။
"မင်းကြီး... နန်းတက်ပြီး ဧကရာဇ်အဖြစ် အုပ်ချုပ်ပါ"
***
ကျန်းရီသည် ရှားယွိမြို့မှ ထွက်လာပြီးနောက် တစ်ချက်မနားဘဲ တောင်စဉ် သုံးထောင်ထံ ခရီးဆက်ခဲ့သည်။ သူသည် မိုးပြာနဂါးအင်ပါယာကို ဥပက္ခာပြုရင်း လင်းချမ်းနှင့် လင်းကျန့်အားလည်း ရှားနိုင်ငံတွင် သေသေရှင်ရှင် ပစ်ထားခဲ့သည်။
မိုးပြာနဂါး အင်ပါယာသည် သူ့အား ဓားစာခံအနေနှင့်သာ သုံးသည်ကို သူသေချာ သိထားခဲ့သည်။ ထို့ကြောင့် သူကလည်း အင်ပါယာအတွက် သစ္စာရှိရှိ အမှုထမ်း မပေးနိုင်ပေ။
ကျန်းရီသည် အကွာအဝေး တစ်ခုအထိ ပျံသန်း သွားပြီးနောက် တောအုပ်တစ်ခု တွေ့သည့်အတွက် ဆင်းသက်ကာ ခရီးသွားသည့်ပုံစံကို ကျုံးဝူသားရဲကို စီးနင်း၍ မြေအောက် လမ်းကြောင်းဖြင့် ပြောင်းလဲ လိုက်သည်။ ကောင်းကင်ပေါ်မှ သွားပါက ထင်ထင်ရှားရှား မြင်နေရရာ သူ့နေရာကို ကင်းထောက်များ ရှာတွေ့ရန် လွယ်ကူသည်။
မြေအောက် ကီလိုမီတာ သုံးဆယ်အထိ ထိုးဆင်း သွားပြီးနောက် ကျန်းရီသည် နေ့မနား၊ ညမနား ခရီးဆက်ခဲ့သည်။ သူဗိုက်ဆာလာလျှင် ရိက္ခာခြောက်များ စားသည်၊ အိပ်ချင်လာလျှင် ဟွမ်ကြီး၏ ကျောထက်တွင်သာ အိပ်သည်၊ ပျင်းလာလျှင်လည်း ဟွမ်ကြီး၏ ကျောပေါ်တွင်သာ ကျင့်ကြံသည်။
ရှားယွိမြို့သည် တောင်စဉ်သုံးထောင်နှင့် သုံးရက်ခရီး ဖြစ်သည်။ ကျုံးဝူသားရဲသည် အတော်လေး မြန်သောကြောင့် နှစ်ရက်အတွင်း ရောက်ရှိလိမ့်မည်။
စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ရလာပြီဖြစ်ရာ ရှားနိုင်ငံတွင် သူဆက်မနေချင်တော့၍ အလောတကြီး ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ သူထွက်လာရခြင်းမှာ အရေးကြီးသော အကြောင်း တစ်ခုလည်း ရှိသေးသည်။ သူချစ်သော မိန်းကလေး ရှားဝူဟွေ့ကို လက်ထပ်မည်အား သူမမြင်ချင်၍ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ထိုလက်ထပ်ပွဲကို ဆန့်ကျင်နိုင်ရန် အင်အားမရှိရာ သူတို့ ထပ်မတွေ့ တော့သည်က အကောင်းဆုံး ဖြစ်သည်။
"ဗုန်း...ဗုန်း...ဗုန်း"
နှစ်ညလုံးလုံး ခရီးဆက်ပြီးနောက် ကျန်းရီသည် တုန်ခါသံများကြောင့် လန့်နိုး လာခဲ့သည်။ သူ့မျက်လုံးများ ပွင့်လာပြီးနောက် အံ့အားသင့် သွားရသည်။
သူသည် မြေအောက် ကီလိုမီတာ သုံးဆယ်ခန့် အကွာတွင်ရှိနေရာ အပေါ်မှအသံများ မည်သို့ ရောက်လာသနည်း။ စစ်သည် တစ်သန်းခန့် ပါသော စစ်တပ် ချီတက်လာမှသာ ဤမျှ တုန်ခါပေလိမ့်မည်။
"မကောင်းတော့ဘူး...မြေအောက်မှာပါ တုန်ခါနေတာ၊ ဟွမ်ကြီး မြေပေါ်ကိုတက်...မြန်မြန်"
ဘယ်အရာက မြေအောက် တော်တော်ဝေးဝေး အထိ တုန်ခါစေသည်ကို သူမသိသော်လည်း သူ့ပထမဆုံး အတွေးသည် မြေအောက်မှ မြန်မြန်ထွက်ကာ နဂါးလင်းယုန်ဖြင့် မိုးပေါ်မှ ပျံသွားရန်သာ ဖြစ်သည်။
"ဘွတ်အဲ...ဘွတ်အဲ"
ဟွမ်ကြီးသည် အန္တရာယ်ကို ခံစားမိ၍ ထင်သည်၊ သံရှည်ဆွဲ၍ အော်ဟစ်ကာ မြေပေါ် အမြန်ဆုံး ပြေးတက် သွားခဲ့သည်။ မြေပြင်နှင့် နီးလာလေလေ တုန်ခါမှုမှာ ပိုမိုပြင်းထန် လာလေလေ ဖြစ်သည်။
"ဘန်း"
မြေပြင်ပွင့်ထွက်သွားကာ ကျန်းရီမြေပေါ် ရောက်လာခဲ့သည်။ မြေပေါ်ရောက်သည့်နှင့် သူချက်ချင်း အော်ဟစ် လိုက်သည်။
"ဟွမ်ကြီး...ပြန်တော့၊ နဂါးလင်းယုန်...ထွက်လာခဲ့"
"ချူး...ချူး"
နဂါးလင်းယုန် ပေါ်လာသည်နှင့် သူချက်ချင်း ခုန်တက် လိုက်သည်။ ထို့နောက် မလှမ်းမကမ်းသို့ ကြည့်လိုက်မိသော် ဆွံ့အ သွားရလေသည်။ နဂါးလင်းယုန်ကြီးသည် တောင်ပံကို ဖြန့်၍ ပျံမတက်နိုင် ဖြစ်နေလေသည်။ ၎င်းသည် မြေပြင်ပေါ်တွင်သာ ကြောက်ရွံ့စွာ ခေါင်းစိုက် နေလေသည်။
သူထွက်မပြေးချင်ခြင်း မဟုတ်၊ မပြေးနိုင်ခြင်းသာ။
နတ်ဆိုးသားရဲတွေ...
ဟုတ်သည်၊ နတ်ဆိုးသားရဲများ မရေမတွက်နိုင်အောင် ရှိနေသည်၊ မြေပြင်တွင်ရော ကောင်းကင်မှာပါ နတ်ဆိုးသားရဲများ အပြည့်ရှိနေသည်။ တောင်စဉ်သုံးထောင် ဘက်ခြမ်းတွင် နတ်ဆိုးသားရဲများဖြင့် ပြည့်နေသောကြောင့် ကောင်းကင်နှင့် မြေကြီးကိုပါ မမြင်ရတော့ချေ။ အဆုံးမရှိသော နတ်ဆိုးသားရဲ အုပ်လိုက်ကြီးကိုသာ ကျန်းရီ မြင်နေရလေသည်။
မြေပြင်နှင့် ကောင်းကင်ပေါ်မှ သွားလာနေကြသည့် နတ်ဆိုးသားရဲတို့ အပြင် မြေအောက်မှ အရှိန်အဝါတို့ကိုပါ ကျန်းရီ ခံစားမိလိုက်သည်။ တစ်နည်းအားဖြင့် သူ့တွင် ပြေးစရာ နေရာ မရှိတော့ပေ။
ရှေ့ဘက်ရှိ နတ်ဆိုးသားရဲများသည် မီတာပေါင်းများစွာ မြင့်၍ အနည်းဆုံး တတိယအဆင့် ထိပ်ဆုံးတွင် ရှိကြလောက်သည်။ စတုတ္ထအဆင့် နတ်ဆိုးသားရဲ (နတ်ဆိုးဘုရင်များ)ပါ ပါကောင်းပါရှိ နိုင်သည်။
ကျန်းရီ အကြောက်ဆုံးမှာ မိုးပျံနတ်ဆိုးသားရဲများကြားမှ ပျံသန်းနေသော လှပသော အမျိုးသမီး တစ်ယောက် ဖြစ်လေသည်။ သူမသည် လူသားတစ်ယောက်နှင့် အသွင်တူပြီး အခြား နတ်ဆိုးသားရဲများထက် ပိုမို ရက်စက်သော အငွေ့အသက်များ ထုတ်လွှတ်လို့နေသည်။
ပဉ္စမအဆင့် နတ်ဆိုးအင်ပါယာ (ဧကရာဇ်/ဧကရီ)
တောင်စဉ်သုံးထောင်မှ နတ်ဆိုးသားရဲများ ထကြွ သောင်းကျန်းခြင်း...
***