ဒါက အဲ့ကလေးပဲ
Vol. 1 Ch. 255
နတ်ဆိုးသားရဲများသည် လူ့သမိုင်း အစတည်းက တည်ရှိခဲ့ကြသည်။ လွန်ခဲ့သော နှစ်သိန်းပေါင်းများစွာ အကြာက နတ်ဆိုးသားရိုင်းများသည် နေနှင့်လတို့၏ အဆီအနှစ်များကို စားသုံးကာ ဗီဇ ဆင့်ကဲ ပြောင်းလဲလာကြသည်ဟု ကောလာဟလများ ရှိခဲ့သည်။
မျိုးဆက်တစ်ဆင့်ပြီး တစ်ဆင့် ကုန်ဆုံးပြီးနောက် သားရိုင်းများမှ နတ်ဆိုးစွမ်းအင် ပုံစံအမျိုးမျိုးကို ပိုင်ဆိုင်လာကြပြီး နတ်ဆိုးသားရဲဟု အမည် တွင်လာကြသည်။ အချို့ဆိုလျှင် လူသားပုံစံသို့ပင် ပြောင်းလဲနိုင်ပြီး လူသားမျိုးနွယ်တို့ထက် သာလွန် မြင့်မားသည့် ဉာဏ်ရည်နှင့် ခွန်အားကိုပင် ပိုင်ဆိုင်သည်ဟု ဆိုကြသည်။
လူ့သမိုင်းတစ်လျှောက်တွင် နတ်ဆိုးသားရဲများသည် လူ့လောကအတွက် ခြိမ်းခြောက်မှု တစ်ခုသာ ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းနှစ်သောင်း အကြာက နတ်ဆိုးသားရဲ သောင်းကျန်းမှုသည် လူပေါင်းသန်းချီ၍ သေကျေပျက်စီးကာ နယ်မြေအတွက် ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့သည်။
နောက်ဆုံး၌ ပြိုင်ဘက်ကင်း ဆရာသခင် ငါးယောက်၏ ဦးဆောင်မှု အောက်တွင် လူသားတို့သည် နတ်ဆိုးသားရဲ စစ်တပ်နှင့် နတ်ဆိုးဧကရာဇ် သုံးယောက်ကို အောင်မြင်စွာ ဖိနှိပ် နိုင်ခဲ့လေသည်။ နတ်ဆိုးသားရဲများသည် တောင်စဉ် သုံးထောင်ကို သူတို့၏ စခန်းချနေရာ အဖြစ် သတ်မှတ် လိုက်ကြသည်။ ထို့နောက် လူသားများသည် တောင်စဉ်သုံးထောင်၏ အနက်ပိုင်းသို့ မဝင်ရ၊ နတ်ဆိုး အင်ပါယာများသည်လည်း တောင်ပေါ်မှ မဆင်းရဟူ၍ သဘောတူညီချက်ထားကာ သွေးဖြင့် သစ္စာပြုခဲ့ကြသည်။
ထိုသွေးသစ္စာသည် ဧကရာဇ်ရှစ်ပါး၏ သွေးသစ္စာဟူသော အမည်ဖြင့် နယ်မြေတစ်ခွင် ကျော်ကြားလေသည်။ ထိုသွေးသစ္စာကြောင့် နတ်ဆိုးသားရဲများသည် လူ့လောကအတွက် အန္တရာယ် မဟုတ်တော့ပေ။ ဤနှစ်ထောင်ပေါင်း များစွာအတွင်း အင်အားကြီးသော နတ်ဆိုးဘုရင်များ၊ နတ်ဆိုး ဧကရာဇ်များသည် တောင်စဉ်သုံးထောင်မှ ထွက်ခွာခြင်း အလျဉ်းမရှိခဲ့ပေ။ လူသားများကလည်း တောင်စဉ်သုံးထောင်၏ တောနက်ပိုင်းထံ သွားရလောက်အောင် မရူးမိုက်သေးပေ။
သို့သော် ယနေ့တွင် သွေးသစ္စာ ကျိုးပျက်သွားခဲ့လေပြီ။
နှစ်ပေါင်းတစ်သိန်း နှစ်သောင်း ကြာပြီးနောက် နောက်တစ်ကြိမ် နတ်ဆိုးသားရဲ ထကြွ သောင်းကျန်းမှု ဖြစ်ပွားလာခဲ့သည်။ တောင်စဉ်သုံးထောင်မှ နတ်ဆိုးဘုရင်များ၊ နတ်ဆိုး ဧကရာဇ်များသည် မြို့များစွာကို သွေးဖြင့်ဆေးရန် ထွက်လာခဲ့ကြသည်။
တောင်စဉ်သုံးထောင်သည် ရှားနိုင်ငံနှင့် ရှန်ဝူနိုင်ငံ အကြားတွင် တည်ရှိသည်။ ကျန်းရီသည် ရှားနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် ရောက်နေခဲ့သည်။ သူနှင့် နတ်ဆိုးသားရဲ အုပ်ကြီး ဤနေရာတွင် တွေ့သည်ဆိုပါက တောင်စဉ်သုံးထောင်၏ တောင်ဘက်ပိုင်းမှ မြို့ငယ်လေးများ ပျက်စီးသွားသည်မှာ သေချာသည်။
"ဒိန်း...ဒိန်း"
ကျန်းရီသည် အရှိန်အဟုန်နှင့် ပြေးလာနေကြသော နတ်ဆိုးသားရဲ အုပ်ကြီးကို ကြည့်၍ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။ နဂါးလင်းယုန်ကြီးသည် ပျံပင်မပျံနိုင်တော့ဘဲ ခွေခေါက်ကာ တဆတ်ဆတ် တုန်ယင်နေလေပြီ။
ကျန်းရီသည် ထိုနတ်ဆိုးသားရဲများ လူမည်မျှကို သတ်ခဲ့မှန်း မသိသော်လည်း သူသေရတော့ မည်ကိုတော့ သိလေသည်။ ဤမျှလောက်သော နတ်ဆိုးသားရဲ စစ်တပ်ကြီးကို ရင်ဆိုင်ရလျှင် သူ့အဖေ ကျန်းပိုင်လီတောင် လွတ်မြောက်ချင်မှ လွတ်မြောက်လိမ့်မည်။
အရေးကြီးဆုံးအချက်မှာ နတ်ဆိုးသားရဲ စစ်တပ်အတွင်း လူသားအသွင်နှင့် အမျိုးသမီး တစ်ဦး ရှိနေခဲ့ခြင်း...
ကျန်းရီသည် ယခင်က နတ်ဆိုးဧကရာဇ်ကို မမြင်ဖူးသော်လည်း ထိုအမျိုးသမီးသည် ဒဏ္ဍာရီလာ နတ်ဆိုးဧကရာဇ် ဖြစ်ကြောင်း သေချာလေသည်။ ကျန်းရီသည် နတ်ဆိုး ဧကရာဇ်ထံမှ လာသော ဖိအားကြောင့် သွေးများပင် ပွက်ပွက် ဆူလာလေသည်။
"ငါသေတော့မှာလား"
ကျန်းရီသည် နှုတ်ခမ်း သပ်လိုက်သည်။ သေရမည်ကို သူမကြောက်ပေ။ ကျန်းရှောင်နူကို မကယ်ရသေးသည့် အတွက်သာ သူနောင်တရမိသည်။
"လာကြစမ်း... မျိုးမစစ်ကောင်တွေ"
ကျန်းရီသည် ရက်စက်သည့် အပြုံးတစ်ခု ဆင်မြန်းလိုက်ပြီး နဂါးလင်းယုန်ကြီးကို ပြန်သိမ်းလိုက်သည်။ မီးဝိညာဉ်ပုလဲမှ အလင်းတစ်ချက် လက်သွားခဲ့ပြီး မီးနဂါးဓား ထွက်ပေါ် လာခဲ့သည်။ ကျန်းရီ၏ ကိုယ်ပေါ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာ၍ မျက်လုံးများ နီရဲလာလေသည်။ ကျန်းရီ၏ စိတ်တွင် သူသေရမည် ဆိုလျှင်တောင် နတ်ဆိုးသားရဲ အနည်းငယ်ကို သူနှင့်အတူ ခေါ်သွားရမည်ဟူသော အတွေးသာ ကျန်တော့သည်။
"အမ်"
ပျံသန်းနေသော နတ်ဆိုးဧကရီသည် ကျန်းရီမီးနဂါးဓားကို ကိုင်၍ သူမ၏ ဖိအားဒဏ်ကို ခုခံလျက်ရှိကြောင်း တွေ့သောအခါ အံ့အားသင့် သွားခဲ့သည်။ သူမသည် ကျန်းရီ၏ သွေးနီရောင် မျက်လုံးများကို မြင်သည့်အခါ ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက် သွားခဲ့သည်။
သတ်ဖြတ်ခြင်း အင်အားသည် ထူးဆန်းလှသည့် စွမ်းအင်တစ်မျိုး ဖြစ်ပြီး ရန်သူများကို ဖိနှိပ်နိုင်ရုံသာမက ရန်သူဘက်မှ ဖိအားကိုပါ လျစ်လျူရှုနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် သတ်ဖြတ်ခြင်း အရှိန်အဝါအား ထုတ်ဖော် ထားသည်နှင့် သူသည် ပြင်ပဖိအားများကို လျော့နည်း စေသည့် လူသတ်စက် တစ်ခု ဖြစ်လာလိမ့်မည်သာ။
"ဒါက အဲ့ကလေးပဲ...ဟမ့်"
နတ်ဆိုးဧကရီသည် ကျန်းရီကို သေချာအကဲခတ် လိုက်ပြီး မြင်ဖူးနေသည်ကို တွေ့လိုက်ရသည်။ သူမသည် လေထုအလယ်တွင် ရပ်တန့်လိုက်ပြီး နားလည်ရခက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ထို့နောက် သူမ၏ ကျောက်စိမ်းဖြူသွယ် လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ကျန်းရီထံ ပြေးဝင်နေကြသော စတုတ္ထအဆင့် နတ်ဆိုးဘုရင်များသည် ကျန်းရီကို လျစ်လျူရှုကာ ရှေ့ဆက် ပြေးသွားကြသည်။ နှင်းခြင်္သေ့ကြီး တစ်ကောင်သည် ကျန်းရီထံ ပြေးဝင် လာခဲ့သည်။
"လာစမ်း"
စတုတ္ထအဆင့် နတ်ဆိုးဘုရင်များသည် သူ့ထံရောက်မလာရာ ကျန်းရီကလည်း သူ့အသက်အား နေရင်းထိုင်ရင်း စွန့်ပစ်မည် မဟုတ်ချေ။ သွေးနီရောင် မျက်လုံး တစ်စုံသည် ပြေးဝင် လာနေသည့် နှင်းခြင်္သေ့ကြီးထံ ကျရောက် သွားခဲ့သည်။ သူသည် မီးနဂါးဓားကို လွှဲ၍ နှင်းခြင်္သေ့ကြီးထံ ပိုင်းချလိုက်သည်။
အဖြူရောင်အလင်း တောက်ပသွားပြီး နှင်းခြင်္သေ့ကြီးသည် ပုံရိပ်များအဖြစ် ပြောင်းလဲ သွားခဲ့သည်။ အလွန် လျင်မြန်လှသော မီးနဂါးဓားချက်ကို နှင်းခြင်္သေ့ကြီးက အလွယ်တကူ ရှောင်တိမ်း လိုက်လေသည်။
"ဗုန်း.."
မီးနဂါးနှစ်ကောင်သည် နောက်မှ နတ်ဆိုးသားရဲကြီးထံ ကျဆင်းသွားခဲ့သည်။ ကျန်းရီ အတော်လေး စိတ်ပျက် သွားခဲ့သည်။ မီးနဂါးဓားချက် ကျရောက်သွားသာ ဝက်ဝံအမျိုးအစား နတ်ဆိုး သားရဲကြီး၏ ကိုယ်မှ အဝါရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် နောက်သို့ သုံးပေခန့် ဆုတ်လိုက် ရရုံမှတစ်ပါး ခြစ်ရာလေးပင် မထင်ကျန်ခဲ့ချေ။
"သူတို့အကုန်လုံးက တတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲတွေ"
နတ်ဆိုးဧကရီ၏ အမိန့်ကြောင့် စတုတ္ထအဆင့် နတ်ဆိုးဘုရင်များသည် ကျန်းရီအား သွားမနှောင့်ယှက် ကြသော်လည်း တတိယအဆင့် နတ်ဆိုးသားရဲများက ကျန်းရီကို အလွတ်ပေးမည် မဟုတ်ချေ။
"သေစမ်း"
ထိုသို့ဆိုလျှင်တောင် ကျန်းရီ လက်မလျှော့ပေ။ မီးဝိညာဉ်ပုလဲထဲမှ ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာခဲ့ပြီး မီးနဂါးဓား ထပ်မံ လှုပ်ရှား သွားခဲ့သည်။
လေနဂါးများစွာသည် ကမ္ဘာ့မီးလျှံများနှင့် အတူ ထွက်ပေါ်သွားခဲ့ပြီး နောက်မှ မီးနဂါး နှစ်ကောင်ကပါ ထပ်ဆင့် လိုက်ပါသွားခဲ့သည်။ မီးနဂါးနှစ်ကောင်၏ အရှေ့မှ လေထုသည် အေးခဲသွားကာ လေနဂါးများက နှင်းခြင်္သေ့ကြီးအား ချုပ်နှောင်လိုက်သည်။
"ဝေါင်း...ဝေါင်း"
နှင်းခြင်္သေ့ကြီးသည် မမြင်ရသော လေနဂါးများ၏ ချုပ်နှောင်မှုကြောင့် နေရာတွင် တစ်စက္ကန့်မျှ အေးခဲ သွားခဲ့သည်။ ထိုတစ်စက္ကန့်အတွင်း ကျန်းရီ၏ ကမ္ဘာ့မီးလျှံများနှင့် မီးနဂါးများသည် နှင်းခြင်္သေ့ကြီးအား ဝါးမျို သွားခဲ့သည်။
"ဘန်း"
မီးတောက်များ စွဲလောင်နေသော နှင်းခြင်္သေ့ကြီးထံ မီးနဂါးများ ကျဆင်းသွားသည့်အခါ ၎င်း၏ ကိုယ်ကြီးသည် တစ်စစီ ဖြစ်သွားခဲ့သည်။ သွေးများသည် လေထုထဲတွင် လှပစွာ ပန်းထွက် လာခဲ့လေသည်။
"ဟမ်..."
ကျန်းရီ ဆွံ့အသွားခဲ့သည်။ သေရေးရှင်ရေး အခြေအနေတွင် ကြုံသလို ထုတ်သုံး လိုက်သော ဓားချက် တစ်ချက်သည် ကမ္ဘာ့မီးလျှံများ၊ မီးနဂါးဓားနှင့် လေအရိပ် ဓားသိုင်းတို့ ပေါင်းစပ်သွားခဲ့ပြီး တတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲ တစ်ကောင်ကို အောင်မြင်စွာ သတ်လိုက်နိုင်မည်ဟု သူမထင်ထားပေ။
"တာအိုဖြင့် တိုက်ခိုက်ခြင်း "
နတ်ဆိုးဧကရီ၏ မျက်လုံးများ တောက်ပ သွားခဲ့ပြီး နှာခေါင်းရှုံ့ကာ လက်ကို လှုပ်ရှား လိုက်ပြန်သည်။ ဘေးမှ တတိယအဆင့် နတ်ဆိုးသားရဲ ရှစ်ကောင်သည် ကျန်းရီထံ ပြေးဝင် လာခဲ့သည်။
"ဒီသခင်လေးကို သတ်ချင်ရင် မင်းတို့လည်း ငါနဲ့အတူ သေရမယ်...ဟားဟား"
ကျန်းရီသည် ရယ်ချလိုက်ပြီး သူ့အင်အားကို ဖုံးကွယ် မထားတော့ပေ။
သူ့ကိုယ်မှ ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာခဲ့ပြီး မီးဝိညာဉ်ပုလဲ၏ အလင်းတစ်ချက်တွင် မီးဝိညာဉ် ကျောက်တုံး တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ကျန်းရီသည် မီးဝိညာဉ် ကျောက်တုံးကို သူ့ထံ ပြေးလာနေသော နတ်ဆိုးသားရဲ များထံ ပစ်ထုတ်လိုက်သည်။
"ဟင်"
နတ်ဆိုးဧကရီသည် မျက်နှာ ပျက်သွားခဲ့ပြီး သူမ၏ လက်ကို ဆန့်ထုတ်ကာ လေထုထဲသို့ ညွှန်ပြ လိုက်သည်။ သူမ၏ လက်ချောင်းထိပ်တွင် သင်္ကေတတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အဘက်ဘက်သို့ ပျံ့နှံ့ သွားလေသည်။
ထိုသင်္ကေတလေး ထွက်ပေါ်လာသည့် ခဏတွင် နေရာတစ်ခုလုံးမှ အချိန်သည် ရပ်တန့် သွားခဲ့သည်။ နတ်ဆိုးသားရဲများလည်း ရပ်တန့် သွားကြသလို ကျန်းရီသည်လည်း နေရာတွင် အေးခဲနေခဲ့သည်။ ကမ္ဘာ့မီးလျှံများနှင့် မီးဝိညာဉ် ကျောက်တုံးသည်လည်း ရပ်တန့်နေခဲ့သည်။
"ဝှစ်"
နတ်ဆိုးဧကရီ၏ ဆွဲဆောင်မှု ရှိလှသော ကိုယ်လေးသည် ကျန်းရီ၏ ရှေ့တွင် ပေါ်ထွက် လာခဲ့သည်။ သူမ၏ လက်မှ အလင်းရောင်များ လင်းလက်လာပြီး ကျန်းရီ ပစ်ထုတ်လိုက်သော မီးဝိညာဉ် ကျောက်တုံးထံ လက်လှမ်းလိုက်သည်။ သူမ မီးဝိညာဉ် ကျောက်တုံးကို ဖမ်းဆုပ်လိုက်သော ခဏတွင် မီးဝိညာဉ် ကျောက်တုံးပေါ်မှ မီးတောက်များ ကွယ်ပျောက် သွားခဲ့သည်။
"ဒါ...ဒါက..."
သူမသည် မီးဝိညာဉ်ကျောက်တုံးကို အနီးကပ် ကြည့်လိုက်ပြီးနောက် မျက်လုံး လှလှလေးများတွင် အံ့အားသင့်မှုများ ပေါ်ထွက် လာခဲ့သည်။ ကြောက်စရာ ကောင်းလှသော မီးဝိညာဉ် ကျောက်တုံးလေးသည် သူမ၏ လက်ထဲတွင် မည်သည့် အန္တရာယ်မှ ပေးနိုင်သည့်ပုံမရဘဲ သာမန် မီးသွေးတုံးတစ်ခုနှင့် ထူးမခြားနားစွာ ဖြစ်သွားခဲ့သည်။
***