မုန့်ဟွေ့နင်
Vol. 7 Ch. 93
မော့မိသားစုသည် အသားကင်များကို ပျော်ပျော်ပါးပါး စားသောက်ကြပြီးနောက် ဟဲကျစ်ယန်သည်လည်း အချိန်ယူကာ လီထျယ်ကျူးကို အပ်စိုက်ကုထုံးဖြင့် ထပ်မံကုသပေးခဲ့သည်။
အစက ထွက်ပြေးချင်ခဲ့သော လူများသည် လီထျယ်ကျူး၏ သိသိသာသာ ကောင်းမွန်လာမှုကိုကြည့်ကာ ထွက်ပြေးမည့် အကြံအစည်ကို လုံးဝစွန့်ပစ်လိုက်ကြတော့သည်။
အနီးနားရှိ မြေပြင်ပေါ်တွင် စုနေသော ရေများက နည်းသထက်နည်းလာသည်ကို တွေ့သောအခါ ဖမ်းဝမ်သည် ကျန်းချင်နှင့် တခြားလူနှစ်ယောက်ကို တောင်အောက်သို့ စေလွှတ်ပြီး အခြေအနေကြည့်စေသည်။ ရေများကျသွားပြီဆိုလျှင် သူတို့၏ ခရီးစဉ်ကို မနက်ဖြန်မနက်ခင်းတွင် ပြန်စမည်ဖြစ်သည်။
ဤခရီးသည် သူတို့၏ ခရီးအချိန်များကို အလွန်နှောင့်နှေးသွားစေခဲ့သည်။ သူတို့သာ မြန်မြန်မသွားပါက အကျဉ်းသားများကို အနောက်မြောက်အရပ်ဆီသို့ သတ်မှတ်ထားသည့် အချိန်အတွင်း မပို့နိုင်မှာကို စိတ်ပူမိပေသည်။
ကျန်းချင်သည် လူများနှင့် ထွက်သွားပြီးနောက် တစ်နာရီအကြာတွင် မောဟိုက်ကာ ပြန်ပြေးလာခဲ့သည်။
“ခေါင်းဆောင်၊ တောင်အောက်ကရေတွေက လုံးဝ ကျသွားသလောက်ပဲ။ ကျွန်တော် စမ်းကြည့်ခဲ့ပြီးပြီ၊ အနက်ဆုံးနေရာမှ ကျွန်တော့်ဒူးလောက်ပဲ ရှိတော့တာ။
ပြီးတော့ တုံ့ဖန်းကောင်တီရဲ့ ခရိုင်တရားသူကြီးကိုယ်တိုင် ကယ်ဆယ်ရေးအတွက် လူတွေခေါ်လာတယ်။ သူတို့က ရေထဲကအလောင်းတချို့တောင် ဆယ်ပြီးနေပြီ”
တုံ့ဖန်းကောင်တီ၏ ခရိုင်တရားသူကြီးကိုယ်တိုင် ကယ်ဆယ်ဖို့လာသည်ဟု ကြားလိုက်သောအခါ သူသည် ဟဲကျစ်ယန် အကြံပေးခဲ့သည်ကို ပြန်တွေးလိုက်၏။
ထိုအရာမှာ အလောင်းများကို အချိန်မှီ မီးမရှို့နိုင်ပါက ပလိပ်ရောဂါ ပြန့်ပွားမှုကြီး ဖြစ်သွားနိုင်သည်ဟု ဆိုပေသည်။
ထိုအကြောင်းကို တွေးကြည့်လိုက်သောအခါ ဖမ်းဝမ်သည် ဤကိစ္စကို သူကိုယ်တိုင် ခရိုင်တရားသူကြီးနှင့် စကားသွားပြောဖို့လိုပြီဟု ခံစားလိုက်ရသည်။
နောက်ဆုံးတွင် သူလဲ ထိုအကြောင်းကို ဟဲကျစ်ယန်ဆီမှ ကြားခဲ့ရခြင်းဖြစ်လေရာ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်ကိုပါ သူနှင့်တစ်ပါထဲ ခေါ်သွားဖို့ ဆူံးဖြတ်လိုက်သည်။
ဤနေရာတွင် ရိုးရှင်းသော ပြင်ဆင်မှုတချို့ လုပ်ပြီးသည်နှင့် သူတို့သုံးယောက်သည် တောင်အောက်သို့ အမြန်ဆင်းလာခဲ့ကြသည်။
တောင်ခြေတွင် သူတို့ကို စောင့်ကြိုနေသည်မှာ အပျက်အစီးများပင်။
ရေကြီးမှုကြောင့် ရွာရှိအိမ်များသည် လုံးဝ တိုက်စားခံသွားရ၏။ နောက်ကျိနေသော ရေထဲတွင် အလောင်းများ တစ်ဒါဇင်လောက် ရှိနေကြသည်။
ထို့အပြင် ပြည်သူများ၏နေအိမ်မှ တချို့ပစ္စည်းများမှာ ရေဖြင့်မျောပါသွားပြီး နေရာတိုင်း ပြန့်ကျဲနေခဲ့သည်။
တစ်နေရာတွင် တရားဝင် တရားသူကြီးဝတ်စုံ ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်သည် လက်အောက်ငယ်သားများကို အလောင်းများအား အမြင့်တစ်နေရာဆီ ရွှေ့ကြရန် ညွှန်ကြားနေခဲ့သည်။
ဟဲကျစ်ယန်နှင့် တခြားလူများက ထိုတရားသူကြီးကို စူးစမ်းနေကြစဉ် ထိုတရားသူကြီးကလဲ သူမတို့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
ဖမ်းဝမ်ကသာ အရာရှိအဝတ်အစားများ မဝတ်ထားခဲ့လျှင် ထိုသုံးယောက်သည် အနီးနားမှ အသက်ရှင်ကျန်ရစ်သူများဟု သူထင်မိမှာ အမှန်ပင်။
တရားသူကြီးသည် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ပြီး ရေထဲမှဖြတ်ကာ သူတို့ဆီ လာခဲ့သည်။
ဖမ်းဝမ်ကလဲ ရေထဲကိုဖြတ်ကာ သွားလိုက်၏။
နှစ်ဖက်က မဝေးတော့သည့်အချိန်တွင် တရားသူကြီးရော ဖမ်းဝမ်ပါ တစ်ယောက်နှင့်တစ်ယောက် တစ်ချိန်တည်း သိလိုက်ကြ၏။
အသိမိတ်ဆွေ တစ်ယောက်နှင့် တွေ့လိုက်ရသောအခါ ဖမ်းဝမ်သည် အလွန်စိတ်အားထက်သန်လာခဲ့သည်။
“ဒါ ငါ့ရဲ့ ညီလေးမုန့်မလား”
မုန့်ဟွေ့နင်သည် ဖမ်းဝမ်ဘက်သို့ လက်သီးဆုပ်လိုက်သည်။ “အကိုဖမ်း၊ မတွေ့ရတာတောင်ကြာပြီပဲ”
သူတို့နှင့် မုန့်ဟွေ့နင်ကြားထဲတွင် မီတာအနည်းငယ်လောက် လိုသေးသောကြောင့် ဖမ်းဝမ်သည် သူ့ဆီသို့ သွားနေရင်းနှင့် မုန့်ဟွေ့နင်အား ဟဲကျစ်ယန်နှင့် မော့ကျိုးယွီကို တစ်ခါထဲ မိတ်ဆက်ပေးလိုက်သည်။
“ဒီတစ်ယောက်ကတော့ အထက်ပြည်နယ်ဝန်ကြီးမုန့်ရဲ့ မြေးလေး မုန့်ဟွေ့နင်လို့ ခေါ်ပါတယ်”
မော့ကျိုးယွီသည် မုန့်ဟွေ့နင်နှင့် မရင်းနှီးပေ၊ သို့သော် ခုဏက ဖမ်းဝမ်ပြောခဲ့သည့် အထက်ပြည်နယ်ဝန်ကြီးမုန့်ကိုတော့ စိမ်းမနေပေ။
အထက်ပြည်နယ်ဝန်ကြီးမုန့်သည် ဧကရာဇ်ရွှင်းဝူ၏ ဘယ်လက်ရုံး ညာလက်ရုံးဖြစ်ပြီး တာ့ရွှင်းမင်းဆက်၏ ကျောရိုးခောက်တိုင်ကြီး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ဧကရာဇ် ရွှင်းဝူသည် နန်းတက်ပြီးနောက် အာဏာကို ထိန်းချုပ်ရန်အတွက် အထက်ပြည်နယ်ဝန်ကြီးမုန့်၏ အသက်ကြီးရင့်မှုနှင့် အားနည်းမှုတို့ကို အကြောင်းပြချက်ပေးကာ ဇာတိကိုပြန်ပြီး အငြိမ်းစားယူစေခဲ့သည်။
သိပ်မကြာခင်ပင် အထက်ပြည်နယ်ဝန်ကြီးမုန့်သည် ဇာတိသို့ အပြန်လမ်းတွင် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့မှာ လုံးဝကွဲပြားနေသော သတင်းအချက်အလက်များ ရှိနေသည်။ ဟဲကျစ်ယန်သည် အထက်ပြည်နယ်ဝန်ကြီးမုန့်၏ အကြောင်းအရာများကို သိပ်မသိသော်လဲ သူ့မြေးဖြစ်သူ မုန့်ဟွေ့နင်ကိုတော့ စိမ်းသက်မနေခဲ့ပေ။
ဖေးနန်ယွီသည် သူ နန်းတက်နေစဉ်အတွင်း အသန်မာဆုံးသော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့သည့်အထဲတွင် မုန့်ဟွေ့နင်ကလဲ မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။
ဤလူသည် သမားရိုးကျ မဟုတ်သော အတွေးအခေါ်များရှိပြီး အသစ်အသစ်သော အရာများကိုလဲ လက်ခံနိုင်စွမ်း ရှိပေသည်။ သူသည် ဖေးနန်ယွီအား မကြာခဏ ရဲရဲတင်းတင်း အကြံပေးလေ့ ရှိခဲ့သည်။
မုန့်ဟွေ့နင်တွင် အရည်အချင်းရှိမှန်း သိသောကြောင့် ဖေးနန်ယွီသည် သူ၏ အရည်အချင်းများကို ဖော်ထုတ်ပြနိုင်ရန် နေရာကျယ်ကျယ် ပေးထားခဲ့သည်။
ဟဲကျစ်ယန်၏ စိတ်ထဲသို့ သူမ သိနေသော မုန့်ဟွေ့နင်၏ အကြောင်းများ ဝင်ရောက်လာပြီးနောက် သူမသည် မော့ကျိုးယွီကို ကြည့်ကာ နှစ်ယောက်သာ ကြားနိုင်သောအသံဖြင့် ပြောလိုက်သည်။
“မုန့်ဟွေ့နင်က သူငယ်ချင်းဖြစ်ထိုက်တဲ့လူပဲ”
မော့ကျိုးယွီသည် ဟဲကျစ်ယန်က ဘာကြောင့် ဒီလိုသတိပေးလဲ မသိသော်လဲ ရှေ့ကဖြစ်ရပ်များကြောင့် သူမ ပြောသမျှ အားလုံးနီးပါး မှန်နေကြောင်း သူ သတိထားမိနေသည်။
ထို့ကြောင့် မော့ကျိုးယွီသည် သူနားလည်ပြီဖြစ်ကြောင်း လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်၏။
သူတို့ နီးကပ်လာသောအခါ မုန့်ဟွေ့နင်နှင့် အတိုချုံး နှုတ်ဆက်လိုက်ကြပြီးနောက် ဖမ်းဝမ်သည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ကို မုန့်ဟွေ့နင်နှင့် မိတ်ဆက်ပေးခဲ့သည်။
မုန့်ဟွေ့နင်သည် မော့ကျိုးယွီကို သိပေသည်။
တာ့ရွှင်းမင်းဆက်ရဲ့ ဘယ်သူကများ ဒီလောက်နာမည်ကြီးတဲ့ စစ်နတ်ဘုရားကို မသိဘဲနေမှာလဲ။
မော့ကျိုးယွီ၏ ရာဇဝတ်မှုနှင့် ပတ်သက်ပြီး မော့ကျိုးယွီကဲ့သို့ပင် မှားယွင်းစွာဖိနှိပ်ခံခဲ့ရသော မုန့်ဟွေ့နင်လောက် ဘယ်သူကမှ ပိုမသိနိုင်ပေ။
ဧကရာဇ်ရွှင်းဝူသည် မော့ကျိုးယွီ၏ ကြီးကျယ်သော အောင်မြင်မှုများက သူ့အပေါ် လွှမ်းမိုးလာသောကြောင့် စိတ်မသက်မသာ ခံစားရသောကြောင့်သာ မော့မိသားစုများကို အကြောင်းမရှိ အကြောင်းရှာ နှင်ထုတ်ခဲ့ခြင်း ဖြစ်ပေသည်။
သူ့အဘိုးဖြစ်သူ၏ ကြီးကျယ်သော စွမ်းဆောင်မှုများသည်လည်း ထိုဧကရာဇ်အား လွှမ်းမိုးနိုင်ခဲ့သောကြောင့် မနာလိုဖြစ်ကာ ဇာတိသို့ အပြန်လမ်းတွင်ပင် ပြင်းထန်သော သေဆုံးခြင်း ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
မုန့်မိသားစုသည် ဝန်ကြီးမုန့်၏ သေဆုံးမှုအကြောင်းရင်းကို သေချာသိနေခဲ့သော်လဲ တစ်မိသားစုလုံး၏ အသက်ကိုကာကွယ်နိုင်ရန်အတွက် အပြင်လူများကို ဝန်ကြီးသည် ဖျားနာမှုကြောင့် သေဆုံးသွားရသည်ဟုသာ ဖုံးကွယ်နိုင်ခဲ့သည်။
မော့ကျိုးယွီသည် ပြင်ပရန်သူများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ထုတ်ပေးခဲ့ပြီး တာ့ရွှင်းမင်းဆက်ကို လုံခြုံစေခဲ့သည်။ သူသည် မုန့်ဟွေ့နင်ကိုယ်တ်ုင် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားရသောလူဖြစ်သည်။
ထို့အပြင် မော့မိသားစု၏ ကံကြမ္မာသည် သူ့ကိုယ်ပိုင်မိသားစု၏ ကံပကြမ္မာနှင့် တစ်ထပ်ထဲ တူညီနေခဲ့၏။
ဟန်ဆောင်မှုမရှိဘဲ မုန့်ဟွေ့နင်သည် မော့ကျိုးယွီအား လက်သီးကိုဆုပ်ကာ နှုတ်ဆက်လိုက်သည်။
“စစ်သူကြီးမော့၊ ဒီနိမ့်ကျတဲ့အရာရှိက အရိုအသေပေးပါတယ်”
မော့ကျိုးယွီသည် အလျင်အမြန် ပြန်ပြီး လောကဝတ်ပြုလိုက်၏။ “ကျွန်တော်က အခု စစ်သူကြီး မဟုတ်တော့ပါဘူး၊ ပိုင်ဆိုင်မှုအားလုံး အသိမ်းခံရတဲ့ အကျဉ်းသားပါ။ အရာရှိမုန့် ကျွန်တော့်ကို အဲ့လိုကြီး အမွမ်းတင်ခေါ်လိုက်တာက မသင့်တော်ပါဘူး”
တကယ်တော့ မုန့်ဟွေ့နင်သည်လည်း မော့ကျိုးယွီကို ထိုသို့မနှုတ်ဆက်ခင် ထပ်ခါထပ်ခါ ချိန်ဆခဲ့ပြီးသားပင်။
မော့မျိုးရိုးသည် မျိုးရိုးလိုက်ပင် သစ္စာရှိကာ ဖြောင့်မတ်ပြီး သူ့မျက်လုံးထဲတွင် ရပ်တည်နေသည့် ရှည်လျားပြီး မယိမ်းယိုင်သော အကြီးဆုံး သူရဲကောင်းများ ဖြစ်ကြသည်။ ယခု သူတို့က မှားယွင်းစွပ်စွဲခံရမှု တစ်ခုကြောင့် ပြည်နှင်ဒဏ် ပေးခံလိုက်ရသောကြောင့် သူ့ကို ဝန်ကြီးဟု ထပ်မခေါ်သင့်တော့ပေ။
မော့မျိုးရိုးတစ်ခုလုံးကို လေးစားသည့်အနေနှင့် မုန့်ဟွေ့နင်သည် မော့ကျိုးယွီကို စစ်သူကြီးဟု နာမည်တပ်ခေါ်ခဲ့ခြင်းဖြစ်သည်။
မုန့်ဟွေ့နင်က လက်ကိုဝေ့ယမ်းလိုက်သည်။ “မဟုတ်ပါဘူး၊ မော့မိသားစုက တိုင်းပြည်ကို ကာကွယ်လာတာ မျိုးဆက်တွေ တိုင်ခဲ့ပါပြီ။ ခင်ဗျားကို စစ်သူကြီးလို့ ခေါ်ဖို့ ထိုက်တန်ပါတယ်”
နှစ်ယောက်သား အပြန်ပြန်အလှန်လှန် အမည်နာမတပ်နေကြသည်ကို မြင်သောအခါ ဖမ်းဝမ်က ဝင်ပြောလိုက်သည်။ “တစ်ချက်ကြည့်ရုံနဲ့ပဲ ညီလေးမုန့်က အောက်မေ့တမ်းတတတ်တဲ့လူဖြစ်ပြီးတော့ ညီလေးမော့ကတော့ ရိုးရိုးရှင်းရှင်းလူပဲဆိုတာ သိလိုက်ပါပြီ။ ကျွန်တော့် အထင်ကတော့ ဘာလို့များ တစ်ယောက်နဲ့ တစ်ယောက် ညီအကို တပ်မခေါ်ကြမှာလဲ။ အဲ့ဒါက ပိုပြီးတော့ ရင်းနှီးလာစေမယ် မဟုတ်လား”
ထိုစကားကို ကြားသောအခါ မော့ကျိုးယွီက ချက်ချင်းပဲ သူ့အသက်ကို ဖော်ထုတ်လိုက်သည်။ “ဒီနိမ့်ကျတဲ့လူက အသက် ၂၁ နှစ် ရှိပါပြီ။ အရာရှိမုန့်က ဘယ်နှနှစ်လဲ သိပါရစေ”
“ကျွန်တော်က ခင်ဗျားထက် တစ်နှစ် ပိုကြီးပါတယ်။ ညီလေးမော့ စိတ်မရှိဘူးဆိုရင် အကိုကြီးမုန့်လို့ပဲ ခေါ်ပါ”
“အကိုကြီးမုန့်”
စကားအနည်းငယ် ပြောပြီးနောက် ဖမ်းဝမ်သည် ဤခရီးစဉ်က လာရင်းရည်ရွယ်ချက်ကို မေ့မထားခဲ့ပေ။
သူသည် မုန့်ဟွေ့နင်အား ဟဲကျစ်ယန်၏ အကြံပြုချက်ကို ဦးစွာ ပြောပြလိုက်၏။
မုန့်ဟွေ့နင်၏ အမူအရာက ဟဲကျစ်ယန်ကို စိတ်မပျက်စေခဲ့ပေ။
သူသည် သမိုင်းမှတ်တမ်းထဲတွင် ရေးထားသည့်အတိုင်းပင် - သမားရိုးကျ မဟုတ်သော တွေးခေါ်မှု၊ ရဲရင့်မှုနှင့် ကြိုမြင်နိုင်စွမ်းတို့ ရှိနေသည်။
မုန့်ဟွေ့နင်သည် ဖမ်းဝမ်၏ စကားကို ချက်ချင်း မငြင်းပယ်ခဲ့သော်လဲ ချက်ချင်းလဲ သဘောမတူခဲ့ပေ။
ကောင်းကျိုးဆိုးကျိုးများကို အတည်ပြုနိုင်ရန်အတွက် သူသည် အကြောင်းရင်းနှင့် အခြေအနေတို့အတွင် တချို့သော အသေးစိတ် မေးခွန်းများ မေးမြန်းခဲ့၏။
ဖမ်းဝမ်သည် အကြံပေးတာကို လုပ်နိုင်သော်လဲ အသေးစိတ် ရှင်းမပြတတ်ပေ။
ထို့ကြောင့် သူသည် ဟဲကျစ်ယန်ကိုသာ ရှေ့သို့ တွန်းပို့လိုက်တော့သည်။
မုန့်ဟွေ့နင်သည် သူမက အမျိုးသမီးတစ်ယောက်ဖြစ်နေသောကြောင့်ဆိုပြီး နည်းနည်းလေးမှ အထင်မသေးခဲ့ပေ။
“ခယ်မလေး၊ မင်းဆိုလိုတာက ဒီအလောင်းတွေကို မီးရှို့ရမယ်ပေါ့”
ဟဲကျစ်ယန်က တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ မြန်လေကောင်းလေပါ။ ဒါက ကပ်ဆိုးကြီး ပြန့်ပွားမှာကို တားဆီးဖို့ တစ်ခုတည်းသော အကောင်းဆုံး နည်းလမ်းပါ။ အဲ့ဒါအပြင် ကျွန်မတို့နဲ့အတူ ခိုလှုံနေခဲ့တဲ့ ရွာသားတွေထဲမှာ ပလိပ်ရောဂါ ကူးစက်နှင့်ပြီးသား လူတွေလဲ ပါနေတယ်ဆိုတာကို အကိုမုန့်ကို ပြောပြချင်ပါတယ်”
“ဘာ။ ခိုလှုံနေတဲ့ ရွာသားတွေထဲမှာ ပလိပ်ရောဂါ ကူးစက်ပြီးသားလူတွေလဲ ပါနေတယ်လို့ ပြောတာလား” မုန့်ဟွေ့နင်သည် လေးအေးတစ်ချက်ကို ရှူရှိုက်လိုက်မိ၏။ ဤသတင်းမှာ အလွန် ရုတ်တရက်ဆန်လှသည်။ သူကဲ့သို့သော အရာရှိပင်လျှင် နေသာသည့်နေ့တစ်နေ့၌ ရုတ်တရက်ကြီး လျှပ်စီးတွေ တွေ့လိုက်ရသလို ခံစားလိုက်ရသည်။
***