← Chapters

ဆေးညွှန်းပေးခြင်း

Vol. 7 Ch. 94

ဆေးညွှန်းပေးခြင်း

Vol. 7 Ch. 94

ဟဲကျစ်ယန်က အလျင်အမြန်ရှင်းပြလိုက်သည်။ “အကိုမုန့် စိတ်ပူစရာ မလိုပါဘူး။ ကျွန်မကို ဆေးပညာသင်ပေးခဲ့တဲ့ ဆရာကြီးက ပလိပ်ရောဂါ ကုသဖို့အတွက် ဆေးနည်းပေးခဲ့ပါတယ်။ အဲ့ဒီလူတွေကို အခု ဆေးတိုက်ပြီးတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။

ပြီးတော့ ကျွန်မ သတိပေးချင်တာက အဲ့ဒီရွာသားတွေက တောင်ပေါ်တက်မလာခင်ကတည်းက ပလိပ်ရောဂါ ကူးစက်နေကြတာပါ။ အခု ပလိပ်ရောဂါရဲ့ အရင်းမြစ်က မရှင်းလင်းသေးတာမို့ ကျွန်မတို့တွေ ဘေးပတ်ပတ်လည်မှာရှိတဲ့ ရွာတွေကိုပါ ကူးစက်နေပြီလားဆိုတာ သေချာမပြောနိုင်ပါဘူး။

အဲ့ဒါကြောင့် အကို ဒီကိစ္စကို စိတ်ထဲမှာထားပြီး အခြေအနေကို အတည်ပြုဖို့ လူထပ်လွှတ်စေချင်ပါတယ်။ တစ်ခုခုမှားနေတာကိုတွေ့ရင် ချက်ချင်းပဲ လုပ်သင့်တာ လုပ်ရပါမယ်”

ဟဲကျစ်ယန်၏ သူမတွင် ပလိပ်ရောဂါ ကုသရန် ဆေးနည်းရှိသည်ဆိုသော စကားကို ‌မုန့်ဟွေ့နင် အပြည့်အဝ မယုံကြည်နိုင်ပေ။

ပလိပ်ရောဂါသည် တခြားရောဂါများနှင့် ကွဲပြားသည်။ တာ့ရွှင်းမင်းဆက်၏ ပလိပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း သမားတော်အများစုသည် ကုသဖို့ နည်းလမ်း မရှာနိုင်ဘဲ ကိုယ်တိုင်ပင် အသက်ဆုံးရှုံးခဲ့ကြရသည်ဟု လူကြီးများထံမှ ပြောတာ ကြားခဲ့ဖူးသည်။

သူသည် မော့ကျိုးယွီ၏ အကျင့်စရိုက်ကို လုံးဝယုံကြည်ပြီး သူ့ဇနီးကလဲ လူကောင်းတစ်ယောက်ဟု ယုံကြည်ချင်ခဲ့သည်။

သို့သော် ပလိပ်ရောဂါ ကုသသည့် ကြီးမားသောကိစ္စကြီးအတွက် မုန့်ဟွေ့နင်သည် သတိတစ်ချက်တောင် မလွတ်ရဲပေ။

ကောင်းကောင်းမကိုင်တွယ်နိုင်ပါက လူထောင်ပေါင်းများစွာ သို့မဟုတ် သောင်းပေါင်းများစွာပင် သေဆုံးသွားနိုင်ပေသည် ...

“ခယ်မလေး၊ မင်းရဲ့ ဆေးက မင်းပြောသလို တကယ်ပဲစွမ်းတာလား”

ဖမ်းဝမ်က ထိုအရာကို သက်သေခံပေးနိုင်သည်။

“ညီလေးမုန့်၊ သေခါနီးလူကို အဲ့‌ဒီဆေးနဲ့ ကယ်နိုင်ခဲ့တာ အကို့မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ခဲ့တာပဲ။ အဲ့ဒါကို သံသယဝင်စရာကို မလိုဘူး”

ဖမ်းဝမ်၏ သက်သေခံမှုကြောင့် မုန့်ဟွေ့နင်သည် ယုံကြည်ချက်များ ပိုရှိလာရသည်။

တစ်ချိန်တည်းပင် သူသည် အလောင်းများကို မီးသင်္ဂြုဟ်လိုက်ခြင်းက ပိုပြီး ဆီလျော်မှုရှိသည်ဟု ခံစားလိုက်ရသည်။

အခြေအနေ ပိုဆိုးမလာစေရန်အတွက် မုန့်ဟွေ့နင်သည် ဆယ်ထားသော အလောင်းများကို မီးရှို့ရန် လူများ ချက်ချင်းစုဆောင်းခဲ့သည်။

မနေ့ညက ဤနေရာတွင် ရေကြီးကြောင်းကြားသောအခါ မုန့်ဟွေ့နင်သည် ညတွင်းချင်းပင် နန်းတွင်းရုံးတော်ဆီသို့ အစီရင်ခံစာတစ်ခု ရေးခဲ့သည်။ ရုံးတော်က ဤအကြပ်အတည်းကို ဖြေရှင်းရန် သံတမန်တစ်ဦး အမြန်ဆုံး စေလွှတ်ပေးရန်လဲ မျှော်လင့်နေခဲ့သည်။

တစ်ရက်တောင် မကြာသေးခင်ပင် သူသည် ပလိပ်ရောဂါ ပျံ့နှံ့မှုအကြောင်း တခြားအစီရင်ခံစာ စာလွှာတစ်ခုကိုလဲ ရေးသားခဲ့၏။

ဧကရာဇ်ရွှင်းဝူဘက်မှ ကိစ္စများကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာတော့ သူ့အနေနှင့် ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်ပိုင်ခွင့် မရှိတော့ပေ။

သတ္တိနည်းသူများသာ ဆိုပါက အလောင်းများကို မီးသင်္ဂြုဟ်ခြင်း၏ အရေးကြီးပုံကို နက်နက်နဲနဲ နားလည်ထားလျှင်တောင်မှ တော်ဝင်ရုံးတော်၏ ခွင့်ပြုချက် မရှိဘဲ မီးရှို့ရဲကြမည် မဟုတ်ပေ။

ဤအရာ‌ဖြင့် မုန့်ဟွေ့နင်သည် ဉာဏ်ရည်ရော သတ္တိပါ ပြည့်စုံကြောင်း ပြသနေပေသည်။

မုန့်ဟွေ့နင်သည် ကိစ္စများကို စနစ်တကျ ကိုင်တွယ်နေကြောင်း မြင်လိုက်ရသောအခါ မျော့ကိုးယွီနှင့် ဟဲကျစ်ယမ်တို့သည် သူ့အပေါ် လေးစားစိတ်များ ပေါက်ဖွားလာရ၏။

ဆယ်ထားသော အလောင်းများကို မီးသင်္ဂြုဟ်ပြီးသွားသောအခါ ကောင်းကင်ကြီးမှာ မှောင်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ပထမဆုံးအကြိမ်အနေနှင့် ဟဲကျစ်ယန်နှင့် တခြားသူများရှေ့တွင် မုန့်ဟွေ့နင်သည် အနည်းငယ် တုံ့ဆိုင်းနေသော အမူအရာမျိုး ပြသလာသည်။

ထပ်တွေးကြည့်လိုက်ပြီးနောက် မုန့်ဟွေ့နင်က ပြောလိုက်၏။

“ခယ်မလေး၊ ဒါက အရမ်းတောင်ဆိုလွန်းတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ‌ဒီဒေသက လူတွေအတွက် တာဝန်ရှိသူတစ်ယောက်အနေနဲ့ ကျွန်တော့်လက်အောက်က သာမန်ပြည်သူတွေကို ကုသပေးဖို့ရာ မစဉ်းစားလို့ မရပါဘူး”

ဟဲကျစ်ာန်သည် ချက်ချင်းပင် သူ့စိတ်ထဲကို ဖြတ်မြင်လိုက်ရသည်။ သူသည် ပလိပ်ရောဂါကို ကုသဖို့အတွက် ဆေးညွှန်းကို လိုအပ်နေခြင်းပင်။

ဧကရာဇ်ရွှင်းဝူကိုယ်တိုင် သူမရှေ့ထိ လာတောင်းမည်ဆိုလျှင်တောင် သူမ ထိုဆေးနည်းကို ပေးမှာ မဟုတ်ပေ။

သို့သော် သူမရှေ့က လူကတော့ ကွာခြားပေသည်။ မုန့်ဟွေ့နင်၏ အနာဂတ်‌တွင် ရရှိလာမည့် အောင်မြင်မှုများကို ဖယ်ထားလိုက်ပြီး ယခုလက်ရှိကို ကြည့်မည်ဆိုလျှင်ပင် သူသည် တာဝန်သိစိတ်ရှိသူဖြစ်ပြီး အမှန်တကယ်လဲ တာဝန်ယူတတ်သူ ဖြစ်သည်။

ထို့အပြင် ဤလူက မော့ကျိုးယွီနှင့် ရင်းနှီးဖို့အတွက် သူမ ရွေးချယ်ပေးထားသူလဲ ဖြစ်သည်။

အကြောင်းပြချက်များစွာကြောင့် ဟဲကျစ်ယန်သည် အများကြီး လိုက်တွေးနေမည် မဟုတ်ပေ။

သူမ၏ ယခင်ဘဝတွင် ဤဆေးနည်းအတွက် အများကြီး လေ့လာကြိုးပမ်းအားထုတ်ခဲ့ရသော်လဲ။

သူမ ထိုဆေးနည်းကို ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ရသည့် အကြောင်းရင်းမှာ တိတိကျကျပင် လူများကို ကယ်တင်လို၍ ဖြစ်သည်။ အခုတော့ လူအများကို ကယ်တင်ရန် အခွင့်အရေးရလာပြီဖြစ်ပြီး မုန့်ဟွေ့နင်ထံတွင် ကျေးဇူးအကြွေးကြီးတစ်ခု ရယူနိုင်ဦးမှာဖြစ်သောကြောင့် ဟဲကျစ်ယန်သည် ဆေးညွှန်းပေးဖို့အတွက် ဖိအားရှိမနေခဲ့ပေ။

ဟဲကျစ်ယနါက အချိန်အကြာကြီး မတုံ့ပြန်တာကိုမြင်သောအခါ မုန့်ဟွေ့နင်သည် သူမက မပေးချင်ဘူးဟု ထင်မိသွား၏။

“ခယ်မလေး၊ ကျွန်တော်ကလွဲပြီး တခြားဘယ်သူမှ ဒီဆေးနည်းကို မသိစေရဘူးလို့ အာမခံပါတယ်။ ဒီဆေးနည်းက ခယ်မလေးဆီက ရလာတယ်ဆိုတာလဲ ဘယ်သူမှ မသိစေရပါဘူး။ ပြီးတော့ ဆေးပါးဝင်ပစ္စည်းတွေ ဝယ်ယူဖို့ လူတွေအများကြီး ခွဲပြီးလွှတ်မှာဖြစ်လို့ သံသယလဲ မဝင်စေရပါဘူး။ ဒီကပ်ဆိုးကြီး ပြီးသွားခဲ့ရင် ဆေးညွှန်းကို ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးပစ်ပါမယ်။ ဒီလိုဆိုရင်ရော ပေးနိုင်ပါသလား”

ဟဲကျစ်ယန်သည် မုန့်ဟွေ့နင်၏ တောင်းဆိုမှုကို အစကတည်းက ငြင်းဖို့ အကြံမရှိပေ။ အခု တစ်ဖက်လူက ဒီလောက်ထိ လိုက်လျောပေးထားပြီဖြစ်သောကြောင့် သူမက ဟန်ဆောင်မနေတော့ပေ။

“ကောင်းပြီ၊ အကိုမုန့်က သေချာပေါက် စကားတည်တဲ့လူလို့ ကျွန်မ ယုံကြည်ပါတယ်”

မကြာခင်ပင် မုန့်ဟွေ့နင်သည် တစ်ယောက်ယောက်အား စာရွက်နှင့် စုတ်တံ ယူလာခိုင်းလိုက်သည်။

ဟဲကျစ်ယန်သည် သူမ ဖော်ထုတ်ခဲ့သော ဆေးနည်းကို အလွန်ကျွမ်းဝင်နေပြီးသားဖြစ်သည်။ သူမအတွက် ဒုက္ခရောက်စေသည့်အရာမှာ သူမသည် ဤခေတ်၏ ရှုပ်ထွေးသော စာလုံးများကို ရေးနိုင်ပါ့မလား မသေချာပေ။

အထူးသဖြင့် စုတ်တံကို အသုံးပြုရမည်ဖြစ်ကာ သူမ၏ အရင်ဘဝတွင် သူမသည် လက်ရေးလှသင်တန်းမျိုး မတက်ခဲ့ဖူးပေ။

ထို့ကြောင့် သူမသည် မူလကိုယ်၏ မှတ်ဉာဏ်များတွင်သာ မျှော်လင့်ချက်ကို ပုံအောထားရတော့သည်။

ဟဲကျစ်ယန်သည် စုတ်တံကိုမကိုင်ခင် ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး ထို့နောက် စာရွက်ပေါ်တွင် စုတ်ချက် နှစ်ချက် ဆွဲလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူမသည် စုတ်တံထိပ်ဖျားကို ညွှတ်လိုက်သည်။

မူလကိုယ်၏ အလေ့အကျင့်များကြောင့်ပဲလား တခြားတစ်ခုကြောင့်လား မသိသော်လဲ ဟဲကျစ်ယနါသည် ဤခေတ်၏ ရှုပ်ထွေးသော စကားလုံးများကိုရေးသားရန် စုတ်တံကို အသုံးပြုသည့်နေရာတွင် အလွန်ကျွမ်းကျင်နေခဲ့သည်။

ထိုမျှသာမက သူမရေးလိုက်သော စာလုံးများသည် သပ်ရပ်ကာ စုတ်ချက်များ လှပသည်။ မူလကိုယ်သည် စာရေးခြင်းတွင် အားစိုက်ထုတ်လေ့ကျင့်ခဲ့ကြောင်း ထင်ရှားပေသည်။

စာရွက်ပေါ်ရှိ မှင်များခြောက်သွားသောအခါ ဟဲကျစ်ယန်သည် ‌မုန့်ဟွေ့နင်အား စာရွက်ကို ပေးလိုက်သည်။

“ဒီမှာ ဆေးညွှန်းပါ။ တစ်ယောက်ယောက်ကများ ဒီအကြောင်းကို မေးလာခဲ့ရင် အကိုမုန့်က ကျွန်မကို ကူညီပြီး ဖုံးဖိပေးဖို့ မျှော်လင့်ပါတယ်”

မော့ကျိုးယွီက အနာဂတ်တွင် ဘယ်လိုဖြစ်လာမလဲ သူမ မသိသေးပေ။ သူ့ဇနီးတစ်ယောက်အနေနှင့် သူမသည် မလိုအပ်သောအန္တရာယ်များမှ ကာကွယ်ရန် ပြင်ပတွင် နာမည်ဂုဏ်သတင်းကြီးနေတာမျိုးဖြစ်မှာ မလိုချင်ပေ။

မုန့်ဟွေ့နင်သည် ဆေးစာရွက်ကိုယူလိုက်တာ သေသေချာချာ သိမ်းဆည်းလိုက်သည်။ သူသည် ဟဲကျစ်ယန်အား လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။

“ခယ်မလေး စိတ်ချပါယ ကျွန်တော် ဒါကို ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ကတိတွေကိုလဲ သေချာပေါက်တည်မှာပါ”

“ဒါဆိုရင် ကျွန်မ စိတ်ချပါပြီ” ဟဲကျစ်ယန်က အပြုံးလေးနှင့် ပြန်ပြောလိုက်သည်။

အချိန်က အနည်းငယ် နောက်ကျနေသည်ကို မြင်သောအခါ ဖမ်းဝမ်သည် တောင်ပေါ်သို့ ပြန်တက်ကာ တစ်ညအနားယူပြီး နောက်တစ်နေ့မနက်တွင် ခရီးဆက်ကြရန် စီစဉ်လိုက်သည်။

တောင်ပေါ်မှ ရွာသားများအတွက်တော့ မနက်ဖြန်မနက်တွင် မုန့်ဟွေ့နင်က လူများလွှတ်ကာ စီမံပေးမည်ဖြစ်သည်။

နှစ်ဖက်သား တစ်‌ဖက်နှင့်တစ်ဖက် နှုတ်ဆက်ကာ ဂူဆီသို့ပြန်ရောက်ချိန်တွင် ကောင်းကင်ကြီးက လုံးဝ မှောင်နေပြီ ဖြစ်သည်။

မရီးများသည် ကျန်နေသေးသော သားကောင်များကို ကင်ထားကြပြီး အားလုံးအတူတူ စားကြရန် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီ ပြန်အလာကို စောင့်နေကြသည်။

ထိုညတွင် ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပေ။

နောက်တစ်နေ့မနက်တွင် ဖမ်းဝမ်သည် အားလုံးကို ခရီးဆက်ကြဖို့ လောဆော်နေသည်။

ရွာသားများသည် သူတို့၏ ကယ်တင်ရှင်ဖြစ်သော ဟဲကျစ်ယန်ကို ရှိခိုးနေကြ၏။ သူတို့၏ အသက်ကို ကယ်ခဲ့သောကြောင့် အမှန်တကယ် ကျေးဇူးတင်သည်ဆိုပါက သူတို့ကို ကယ်ခဲ့သည့်လူက သူမဆိုတာ ဘယ်သူ့ကိုမှ မပြောရန် ဟဲကျစ်ယန်က ရွာသားများကို တိုက်တွန်းခဲ့သည်။

ရွာသားများသည် သူတို့ကို ကယ်တင်ခဲ့သည့် နတ်ဆေးသမားတော်က ဘာလို့ သူမ၏ နာမည်ကို မချန်ခဲ့ချင်လဲဆိုတာကို သေချာမသိကြသော်လဲ သူမ၏ တောင်းဆိုမှုကြောင့် ဘယ်သူ့ကိုမှ မပြောပါဘူးဟု ကတိပေးလိုက်ကြသည်။

ရုတ်တရတ် ရေကြီးခြင်းသူ ရွာသူကြီးလျို၏ ရွာကိုတိုက်စားသွားရုံသာမက အနောက်ဘက်သို့ နေ့တစ်ဝက်ခန့် လမ်းလျှောက်ပြီးနောက် အပျက်အစီးများကို နေရာတိုင်းတွင် တွေ့နေရပေသည်။

ဤရေကြီးမှုကြောင့် အပြစ်မဲ့သော ပြည်သူများ ဘယ်လောက်တောင် အန္တရာယ်ဖြစ်ခဲ့လဲ မြင်နိုင်ပေသည်။

သဘာဝဘေးအန္တရာယ်များသည် ရှေးခေတ်နှင့် ယခုခေတ်ဟူ၍ မခွဲခြားထားပေ။ ထိုကဲ့သို့သော အရာများကို ရင်ဆိုင်ရပါက လူသားများသည် အထိခိုက်နိုင်ဆုံးဖြစ်ပြီး ဘယ်သုမှ ကောင်းကင်ဘုံ၏ အလိုကို မခုခံနိုင်ကြပေ ...

လိုက်ပါပို့ဆောင်သော အရာရှိများပင်လျှင် လူတိုင်း သူတို့တွင် စားဝတ်နေရေးအတွက် ရိက္ခာများ အများကြီး မရှိကြတော့ပေ။ အထုပ်အပိုးများ မရှိတော့သဖြင့် ခရီးသွားဖို့ ပိုလွယ်သွားသော်လဲ တစ်ချိန်တည်းမှုပင် အဆင်မပြေမှုများစွာကိုလဲ ဖြစ်လာစေသည်။

ဥပမာအားဖြင့် သူတို့၏ နေ့စဉ်စားစရာများဖြစ်သည်။ ဆန်မရှိတော့ရုံသာမက ရေသန့်သန့်လေး ရဖို့ပင် အလွန်ခဲယဉ်းနေသည်။

ကံကောင်းထောက်မစွာပင် ရေလွှမ်းမိုးမှုကြောင့် ရေနှင့်အတူ မျောပါလာသော အိုးများနှင့် တခြားပစ္စည်းများကို တွေ့ခဲ့ရသည်။ ထိုအရာ သူတို့အတွက် ပြဿနာအနည်းငယ်ကို ပြေလည်သွားစေသည်။

မီး‌ဖိုချောင်သုံး ပစ္စည်းများ ရှိသော်လဲ ပတ်ပတ်လည် ဒေသများမှာ ရေကြီးမှုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရပြီး အစားအသောက်နှင့် ပါဝင်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူလို့ မရတော့ပေ။

တခြားရွေးချယ်စရာ မရှိတော့သောကြောင့် ဟဲကျစ်ယန်သည် လူတိုင်း နေ့စဉ်ဖြတ်သန်းရန်အတွက် တောထဲမှ ဟင်းသီးဟင်းရွက်များကိုသာ ဦးဆောင်ရှာဖွေပြီး စားသောက်စေနိုင်ခဲ့သည်။

သူမတို့သည် ထိုနည်းဖြင့် ၄ ရက်ဆက်တိုက် ရှိနေခဲ့ကြ၏။ နောက်ဆုံး ၅ ရက်မြောက်နေ့ နေ့လည်တွင် အန်းနင်စီရင်စုသို့ ရောက်ရှိလာခဲ့ကြသည်။

***

All Chapters