အန်းနင်စီရင်စု
Vol. 7 Ch. 95
ယခင်ကဆိုလျှင် ဖမ်းဝမ်သည် လိုအပ်သောပစ္စည်းများ ဝယ်ယူရန်အတွက် စီရင်စုကြီးတစ်ခုသို့ အကျဉ်းသားများနှင့်အတူ လုံးဝသွားမည်မဟုတ်ပေ။
စီရင်စုကြီးများတွင် ချမ်းသာကြွယ်ဝသူ ပေါများသောကြောင့် ဈေးနှုန်းများသည် ကောင်တီငယ်လေးများထက် အများကြီး ဈေးကြီးပေသည်။
အရာရှိများအတွက်တော့ တူညီသော ပစ္စည်းများကို ဈေးပိုသက်သာသော နေရာမှ ဝယ်ယူခြင်းက ပိုသင့်တော်ပေသည်။
သို့သော် အခုတော့ ကိစ္စများက ကွဲပြားသွားပြီဖြစ်သည်။ သူတို့သည် တောရိုင်းအရွက်ပြုတ်များကိုသာ ၄ ရက် ၅ ရက် ဆက်တိုက်စားခဲ့ကြရ၏။ ဒီတိုင်းသာ ဆက်သွားနေပါက သူတို့အားလုံး ခရီးဆက်ကြဖို့ အားရှိတော့မည် မဟုတ်ပေ။
လူအုပ်ကြီးသည် ဖမ်းဝမ်၏ ဦးဆောင်မှုဖြင့် အန်းနင်စီရင်စုထဲ ဝင်သွားကြသည်။
သူတို့ ဒီနေရာကို လာခဲသောကြောင့် ဖမ်းဝမ်သည် တခြားကောင်တီများလိုမျိုး ဒီနေရာကို သိပ်မရင်းနှီးပေ။
လမ်းတစ်လျှောက် မေးမြန်းလာပြီးနောက် သူတို့သည် အန်းနင်စီရင်စု၏ ဈေးအပေါဆုံး တည်းခိုဆောင်သို့ ရောက်လာကြသည်။
စီရင်စုဟည် ကောင်တီများထက် ချမ်းသာကြွယ်ဝသည်ဟု ဆိုရပေမည်။ ဈေးအပေါဆုံး တည်းခိုဆောင်ပင်လျှင် သူတို့အရင်ကတည်းခဲ့သည့် တည်းခိုဆောင်များထက် အများကြီးသာသည်။
တည်းခိုဆောင်၏ ပင်မတံခါးကြီးက လမ်းဘက်သို့မျက်နှာမူကာ ဖွင့်ဟထား၏။ ဝန်ထမ်းလေးတစ်ယောက်က တံခါးတွင် မတ်တပ်ရပ်ပြီး စောင့်နေကာ ဧည့်သည်များကို ဆွဲဆောင်နေသည်။
လူများလာသည်ကို မြင်သောအခါ ဝန်ထမ်းလေး၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားသည်။ ဖမ်းဝမ်နှင့် တခြားလူများက အရာရှိအဝတ်အစားများ ဝတ်ထားသည်ကို မြင်သောအခါ သူက နွေးထွေးစွာ ကြိုဆိုလိုက်သည်။
ယခင်ကကဲ့သို့ပင် အကျဉ်းသားများ ထားရန်နေရာကို ဆယ်ယောက်ခန်းမျိုး ရချင်ခဲ့သည်။ သို့သော် တည်းခိုဆောင်တွင် ထိုကဲ့သို့သော အခန်းမျိုး မရှိပေ။
ဈေးအနည်းဆုံး ငါးယောက်ခန်းသည် တစ်ညလျှင် ဝမ်ငါးရာ ကျသင့်သည်။
ဤကိစ္စကို ဖမ်းဝမ်က သိပ်ဂရုမစိုက်ပေ။ ဈေးကြီးလျှင်လဲ ကြီးပါစေ။ ဘာပဲပြောပြော သူတို့ တတ်နိုင်သည်ပင်။
မော့မိသားစုက လက်ထဲတွင် ငွေရှိသောကြောင့် သူမတို့ဘာသာ စီစဉ်ကြမည်ဖြစ်သည်။ တခြားမိသားစုများအတွက်တော့ ပိုက်ဆံသုံးချင်သည့်လူက တည်းခိုဆောင်တွင်နေပြီး မသုံးနိုင်သူများကတော့ တည်းခိုဆောင်အပြင်ဘက်တွင် အိပ်ရမည်ဖြစ်သည်။ ဘယ်သူမှ ထွက်မပြေးသရွေ့ တခြားကိစ္စများက အရေးမကြီးလှပေ။
ဖန့်မိသားစုနှင့် ရှဲ့မိသားစုသည် ဤတည်းခိုဆောင်တွင် ပိုက်ဆံများ သုံးစွဲရမည်ကို လက်တွန့်နေမိကြသည်။ အထူးသဖြင့် ငါးယောက်ခန်းမှာ လူငါးယောက်သာ တည်းခိုနိုင်သောကြောင့်ပင်။
သို့သော် ရက်ပေါင်းများစွာ လေထဲတွင် ထမင်းစားကာ နှင်းတောထဲတွင် အိပ်ခဲ့ရသောကြောင့် သူတို့အားလုံး ရုပ်ပိုင်းဆိုင်ရာ အနည်းငယ် အဆင်မပြေဖြစ်နေကြပြီဖြစ်သည်။ နောက်ဆုံးတော့ အံကိုကြိတ်ကာ အခန်းတစ်ခန်း ငှားလိုက်ပြီး မိသားစုအားလုံး ထိုအခန်းထဲ စုပြုံနေကြဖို့ ဆုံးဖြတ်လိုက်သည်၊ ဘာပဲဖြစ်ဖြစ် အပြင်မှာနေရသည်ထက်တော့ သာသေးသည်ပင်။
ဟဲကျစ်ယန်သည် ထိုအကြောင်းကို ဘာမှမခံစားခဲ့ရပေ။ သူမသည် ငါးယောက်ခန်း နှစ်ခန်းနှင့် နှစ်ယောက်ခန်း တစ်ခန်း ယူလိုက်သည်။
ဟယ်မိသားစုသည် သနားစရာအကောင်းဆုံးဖြစ်ပြီး တည်းခိုဆောင်အနောက်ဘက်ရှိ စင်္ကြံတွင်သာ အနားယူနိုင်ကြသည်။
လူတိုင်း နေရာချပြီးနောက် ဖမ်းဝမ်သည် ဟဲကျစ်ယန် အပြင်ထွက်ပြီး ပစ္စည်းများဝယ်ချင်လားဟု စမေးလာခဲ့သည်။
ဟဲကျစ်ယန်လဲ မငြင်းပယ်ပေ။ သူမ ကျေးဇူးတင်လိုက်ပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။
ထိုအရာကို မြင်သောအခါ ဖန့်မိသားစုနှင့် ရှဲ့မိသားစုသည်လဲ ဖမ်းဝမ်ကို မျက်နှာချိုသွေးကာ သူတို့လဲ ပစ္စည်းများဝယ်ရန် အပြင်ထွက်ခွင့် လိုချင်ကြောင်း ပြောလာကြသည်။
ဤမိသားစုနှစ်ခုသည် မော့မိသားစုကို အမှန်တကယ်ပင် အခွင့်အရေးယူနေသည်ဟု ပြောနိုင်ပေသည်။ ဖမ်းဝမ်သည် သူတို့ကို ပိုက်ဆံတစ်ချို့ ခွဲပေးရုံသာမက တခြားအရာရှိများကလဲ သူတို့ဆီမှ အခွင့်အရေးမယူကြပေ။
ဖန့်မိသားစုနှင့် ရှဲ့မိသားစုအတွက်တော့ ထိုအရာများက ကောင်းကင်ကို ရှိခိုး၍ ရလာသည့် အကောင်းဆုံးကံများဖြစ်သည်။
ဖမ်းဝမ်သည် ထိုမိသားစုနှစ်ခု ဈေးဝယ်ထွက်မည်ကို မကန့်ကွက်သော်လဲ သူက ဟဲကျစ်ယန်ကို အလွန်ယုံကြည်ည်ဆိုသော အချက်လေးကြောင့် ထိုလူများကို ဒီတိုင်း သွားခွင့်မပြုလိုက်နိုင်ပေ။
ထို့ကြောင့် အန္တရာယ်ကင်းရန်အတွက် ဖမ်းဝမ်သည် သူတို့နှင့်လိုက်သွားရန် အရာရှိနှစ်ယောက် ထည့်ပေးလိုက်သည်။
ဟဲကျစ်ယန်က တံခါးအပြင်ထွက်တော့မည်ကို မြင်သောအခါ မော့ကျိုးယွီသည် ဖမ်းဝမ်အား နှုတ်ဆက်လိုက်ပြီး သူမကိုမှီအောင် ပြေးသွားလိုက်သည်။
“ကိုယ်လဲ အတူလိုက်မယ်”
မော့ကျိုးယွီ၏ ခိုင်မာသော သဘောထားကိုကြည့်ပြီး ဟဲကျစ်ယန် မငြင်းဆန်တော့ပေ။
နှစ်ယောက်သားသည် ရှဲ့မိသားစုနှင့် ဖန့်မိသားစုကို တတ်နိုင်သမျှ မြန်မြန်ခွာနိုင်ဖို့ ခပ်မြန်မြန် လျှောက်လိုက်ကြသည်။ ထိုမှသာ သူတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရမှာဖြစ်သည်။
မော့ကျိုးယွီ ပါနေသောကြောင့် သူမသည် နေရာလွတ်ထဲမှ ပစ္စည်းများကိုထုတ်ဖို့ သိပ်မသငိ့တော်ပေ။
ကံကောင်းစွာပင် အန်းနင်စီရင်စုတွင် ပစ္စည်းကောင်းများ ပေါများလှသည်။ သူတို့မှာ ပိုက်ဆံရှိနေသရွေ့ လိုချင်တာ ဝယ်လို့ရပေသည်။
ဈေးဝယ်နေစဉ်အတွင်း အန်းနင်စီရင်စုမှ လူတိုင်းနီးပါးသည် အကြောင်းအရာ တစ်ခုတည်းကိုသာ ပြောဆိုနေကြသည်ကို ကြားလိုက်ရသည် — ထိုအရာက တုံ့ဖန်းကောင်တီ၏ ရေကြီးမှုအကြောင်းပင်။
လူအများစု ပြောဆိုနေကြသည်မှာ ထိုကပ်ဘေးကြီးက ဘယ်လောက် ဆိုးရွားကြောင်း မဟုတ်ဘဲ တုံ့ဖန်းကောင်တီဝန် မုန့်ဟွေ့နင်က အလောင်းများကို မီးရှို့ရဲခဲ့သည့် အကြောင်း ဖြစ်သည်။
ထိုကိစ္စက နန်းတွင်းရုံးတော်ကိုပါ ထိတ်လန့်သွားစေခဲ့သည်။ ဧကရာဇ်သည် ဤကိစ္စကို ကိုင်တွယ်ရန်အတွက် တော်ဝင်သံတန်အဖြစ် မင်းသားချီကို စေလွှတ်ခဲ့လေသည်။
မင်းသားချီ ရောက်လာလျှင် မုန့်ဟွေ့နင်သည် သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရဖွယ် ရှိသည်။
ဤအရာက နားလည်နိုင်ပေသည်။ ပုံမှန်လူများဟည် သူတို့မိသားစုဝင်များ၏ အလောင်းများကို မီးရှို့ဖို့ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။ မုန့်ဟွေ့နင်သည် သူ လုပ်မည်ဟု ဆုံးဖြတ်ချက် ချပြီးကတည်းက ဒီအခြေအနေများကို သေချာစဉ်းစားခဲ့ပြီး ဖြစ်ပေမည်။
မထင်မှတ်ထားသည်မှာ ဧကရာဇ်က မင်းသားနန်ချီကို အမှန်တကယ်ပင် နန်းတွင်းအထောက်တော်အနေနှင့် ထိုကိစ္စကို ကိုင်တွယ်ဖို့ လွှတ်လိုက်ခြင်းပင်။
ဟဲကျစ်ယန်၏ သမိုင်းကြောင်းကို နားလည်သဘောပေါက်ထားမှု အရဆိုလျှင် နန်ချီသည် ဤအချိန်တွင် အရည်အချင်း လိုအပ်နေသေးသည်။
သူသာ မုန့်ဟွေ့နင်၏ ချဉ်းကပ်မှုကို ထောက်ခံကြောင်းပြလိုက်ပါက မုန့်ဟွေ့နင်သည် သူ့အရည်အချင်းကို အသိအမှတ်ပြုသည့် နန်ချီကို ကျေးဇူးတင်ပြီး သူ့အဖွဲ့ထဲ သေချာပေါက်ဝင်လာမည်ဖြစ်သည်။
ဒါက မုန့်ဟွေ့နင်အနေနှင့် ဖေးနန်ယွီနှင့် သိကျွမ်းနိုင်မည့် အခွင့်အရေးထဲက တစ်ခုပင်။
ထိုကိစ္စများက ဟဲကျစ်ယန်၏စိတ်ထဲမှ အတွေးများသက်သက်သာဖြစ်သည်။ သူမလဲ အသေးစိတ် အကြောင်းအရာများကို သိပ်စိတ်မပူပေ။
ဖေးနန်ယွီနှင့် မုန့်ဟွေ့နင်တို့သည် အနာဂတ်ရုံးတော်၏ အရေးကြီးသောလူများ ဖြစ်ကြသော်လဲ သူတို့သည် ယခု မော့မိသားစုအပေါ်တွင်တော့ ဘာအကျိုးသက်ရောက်မှုမှ ရှိမနေပေ။
ဟဲကျစ်ယန် မျှော်လင့်မိသည်မှာ မုန့်ဟွေ့နင်သည် နန်ချီ၏ အဖွဲ့ထဲသို့ ဝင်ရောက်ပြီးပါက သူ့ကတိကိုတည်ကာ သူမက ထိုဆေးနည်းပေးခဲ့ပါသည်ဆိုသော အချက်ကို နှုတ်လုံပေးဖို့ပင်။
မော့ကျိုးယွီက သာမန်အတိုင်းသာ နားထောင်လိုက်သည်။ ဘာပဲဖြစ်ပါစေ ရုံးတော်ကိစ္စများက သူနှင့် မသက်ဆိုင်တော့ပေ ...
မော့ကျိုးယွီသည် လမ်းပေါ်တွင် လုံးဝ တိတ်ဆိတ်နေခဲ့သည်။ ဟဲကျစ်ယန် တစ်ခုခုဝယ်ပါက သူက ထိုအရာကို သယ်ပေးမည်ဖြစ်ပြီး သူမက ခက်ခက်ခဲခဲ လုံးဝ လုပ်စရာ မလိုအပ်ပေ။
မော့ကျိုးယွီ၏ ကိုယ်ပေါ်တွင် သူမ ဝယ်ထားသော ပစ္စည်းများနှင့် ပြည့်နေပြီဖြစ်ကြောင်း တွေ့လိုက်သောအခါ ဟဲကျစ်ယန်သည် ကူညီပေးဖို့ လုပ်လိုက်သည်။
သို့သော် မော့ကျိုးယွီက ခေါင်းမာစွာပင် သူမကို ကူညီခွင့်မပေးဘဲ ထိုအထုပ်များ သယ်ထားလျက်နှင့်ပင် ခြေလှမ်းမှန်မှန် လမ်းလျှောက်နေခဲ့၏။
ဟဲကျစ်ယန် ရွေးချယ်စရာ မရှိတော့ပေ။ မော့ကျိုးယွီတွင် ပစ္စည်းများ ပြည့်နေပြီဆိုတာ မြင်သောအခါ နှစ်ယောက်သား တည်းခိုဆောင်သို့ ပြန်လာခဲ့ကြသည်။
သခင်မကြီးမော့သည် ပစ္စည်းများကို စီစဉ်ရန် ချွေးမများကို ခိုင်းလိုက်သည်။ တတိယမရီးနှင့် စတုတ္ထမရီးက ဟဲကျစ်ယန်ဘေးသို့ ရောက်လာခဲ့သည်။
နှစ်ယောက်သားသည် ရင်ဘတ်ထဲမှ ပိုက်ဆံများကို တစ်ပြိုင်ထဲထုတ်လိုက်ကာ သူမကိုပေးလိုက်ကြသည်။
“နဝမ ယောင်းမလေး၊ အစ်မတို့ မြို့တော်က ထွက်လာကတည်းက ညီမလေး ကိုယ့်ပိုက်ဆံထဲကပဲ ထုတ်သုံးနေခဲ့တာ။ အခု အမေက ညီမလေးကိုပဲ စီမံခန့်ခွဲဖို့ တာဝန်ပေးလိုက်တော့ အစ်မတို့ ပိုက်ဆံအားလုံးကို ညီမလေး စီစဉ်သုံးစွဲဖို့အတွက် ပေးပါတယ်”
ဟဲကျစ်ယန်သည် ခဏတာ ကြောင်သွားပြီးမှ ပိုက်ဆံအိတ်များကို အမြန်တွန်းလိုက်သည်။
“မရီးတို့၊ ပိုက်ဆံပြန်ယူသွားကြပါ။ ကျွန်မ ပိုက်ဆံကုန်သွားရင် လာတောင်းပါမယ်”
ခရီးစဉ်က အေးချမ်းပါ့မလား ဘယ်သူမှမသိနိုင်ဟု ဟဲကျစ်ယန် တွေးမိသည်။ သူမသာ မိသားစုကနေ ကွဲကွာသွားတာ သို့မဟုတ် တခြား တစ်ခုခုသာ ဖြစ်ခဲ့ပါက အနည်းဆုံးတော့ သူမတို့တွင် ပိုက်ဆံရှိနေလျှင် ဘဝကြီးက တအားခက်ခဲမည် မဟုတ်ပေ။
မရီးနှစ်ယောက်မှာ ဟဲကျစ်ယန်၏ တကယ့်အတွေးကို အသိကြပေ။ သူမကို ပိုက်ဆံပေးဖို့သာ ခေါင်းမာနေကြ၏။
ဟဲကျစ်ယန်ထံမှ အကြိမ်ရေ အနည်းငယ် ငြင်းပယ်ထံရပြီးနောက် သူမတို့သည် ထိုအကြံကို ခဏလက်လျှော့လိုက်ပြီး ဝယ်လာသော ပစ္စည်းများ စီစဉ်ရန် သွားလိုက်ကြသည်။
လေထဲတွင် ထမင်းစားပြီး နှင်းစက်တွေကြား အိပ်ခဲ့ရသည့် ရက်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် လူတိုင်းသည် ပုံမှန်အစားအစာကို စားနိုင်ခဲ့သဖြင့် အလွန် စိတ်ကျေနပ်နေကြသည်။
ပိုက်ဆံ မရှိသည့် ဟယ်မိသားစုသာလျှင် အရာရှိများပေးသော ဂျုံကြမ်းပေါင်မုန့်များကို စားကြရသည်။
တည်းခိုဆောင်တွင် တစ်ညအနားယူပြီးနောက် လူတိုင်းအားပြန်ပြည့်လာကာ ကျန်းမာရေးပြန်ကောင်းလာကြသည်။
ဖမ်းဝမ်၏ အမိန့်အောက်တွင် လူတိုင်း ခရီးဆက်ကြရပြန်သည်။
သုံးရက်ဆက်တိုက် ခရီးနှင်ပြီးနောက် သူတို့သည် တောင်တစ်လုံးကို တွေ့လိုက်ကြရ၏။
ဆန်းတာ့ကျိုး (ကျိုးလောင်ပါ့) သည် ရှေ့သို့ထွက်ကာ တောင်ကို လက်ညှိုးထိုးလိုက်သည်။
“ခေါင်းဆောင်၊ နေ့လည်တောင် ရောက်နေပြီ။ ကျွန်တော်တို့ ဒီည ဒီမှာနားကြပြီး မနက်ဖြန်မှ တောင်ကိုဖြတ်ကြရင်ရော”
“ကောင်းပြီ၊ တောင်ခြေမှာ ဒီညအနားယူပြီး မနက်ဖြန် တောင်တက်ကြမယ်”
ဆန်းတာ့ကျိုးသည် ခေါင်းကိုလှည့်ကာ အနောက်ဘက်မှ လူအုပ်ကြီးကို အော်လိုက်သည်။
“တောင်ခြေကို သွားကြမယ်။ ကိုယ့်နေရာကိုယ်ရှာပြီး အနားယူကြ။ မနက်ဖြန်မှ ဆက်သွားမယ်”
***