← Chapters

မင်း ကိုယ့်ကို တာဝန်ယူရမယ်

Vol. 7 Ch. 99

မင်း ကိုယ့်ကို တာဝန်ယူရမယ်

Vol. 7 Ch. 99

သူမအတွက် အရာအားလုံးကို စွန့်ပစ်နိုင်ခြင်းက မော့ကျိုးယွီသည် သူမအပေါ် မိသားစုချစ်ခြင်းမေတ္တာ ရှိသောကြောင့်ပင်ဖြစ်ပါစေ၊ သူငယ်ချင်းချစ်ခြင်းကြောင့်ဖြစ်ပါစေ၊ ချစ်သူရည်းစား ချစ်ခြင်းကြောင့်ဖြစ်ပါစေ ဘယ်လိုကြောင့်ဖြစ်ဖြစ် မော့ကျိုးယွီသည် သူမကို အမှန်တကယ် ဂရုစိုက်ကြောင်း ပြောနိုင်ပေသည်။

ထိုအရာကပင် မော့ကျိုးယွီသည် ယုံကြည်လို့ရကြောင်း ပြသနေသည်။

ထို့ကြောင့် သူမ၏ လျှို့ဝှက်ချက်အားလုံးကို မော့ကျိုးယွီထံ ပြောပြခဲ့သော်လဲ ဟဲကျစ်ယန်သည် ဖိအားကိုမခံစားရဘဲ ထိုအစား စိတ်ပေါ့သွားသလိုပင် ခံစားလိုက်ရ၏။

အနည်းဆုံးတော့ အနာဂတ်တွင် သူမ နေရာလွတ်ထဲမှ ပစ္စည်းများထုတ်ယူချင်ပါက သူမကို ကူဖုံးပေးမည့် တစ်စုံတစ်ယောက် ရှိလာပြီ ဖြစ်သည်။

မော့ကျိုးယွီသည် စိတ်အေးသွားပြီးနောက် သူ့ခန္ဓာကိုယ်ကို သတိထားလိုက်မိသည်။

သူ့ခန္ဓာကိုယ်သည် ဖွေးစွတ်နေသော စောင်တစ်ထည်ဖြင့် လွှမ်းခြုံခံထားရပြီး သူက အဝတ်အစားတစ်ထည်မှ ဝတ်မထားကြောင့် သတိပြုလိုက်မိသည်။

ထိုအရာကို သတိပြုလိုက်မိပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။

သူ၏ ပထမဆုံးအတွေးမှာ သူ့တစ်ကိုယ်လုံးကို ဟဲကျစ်ယန်မြင်ပြီးသွားပြီ ဟူ၍ပင်။

မင်္ဂလာပွဲညတွင် သူ့ဒဏ်ရာများကို ပတ်တီးစည်းပေးခြင်းနှင့် ယှဉ်လျှင် ထိုအရာက ယနေ့ “တစ်ကိုယ်လုံး မြင်သွားခြင်း” နှင့် နည်းနည်းလေးမှ ယှဉ်လို့ မရပေ။

ဟဲကျစ်ယန်သည် ထိုအချိန်တွင် မော့ကျိုးယွီ၏ အတွေးများကို သတိမထားမိပေ။ သူမသည် အကြောဆေးပုလင်းကို သူမလက်ထဲက ပုလင်းအသစ်ဖြင့် လဲရန် ပြင်နေခဲ့သည်။

မထင်မှတ်ထားစွာပင် မော့ကျိုးယွီပြောလိုက်သော စကားတစ်ခွန်းကြောင့် သူမလက်ထဲမှ အကြောဆေးပုလင်းပင် လွတ်ကျမတတ်ဖြစ်သွားရသည်။

“မင်း ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးကို မြင်သွားပြီဆိုတော့ မင်း ကိုယ့်ကိုတာဝန်ယူကိုယူရမှာ”

ဟဲကျစ်ယန်သည် သူမကိုယ်သူမ လက်ညှိုးပြန်ထိုးရင်း မျက်လုံးပြူးနေမိ၏။

“ကျွန်မက တာဝန်ယူရမယ်”

မော့ကျိုးယွီသည် အနည်းငယ် ရှက်နေသော်လဲ ခေါင်းမာစွာ ပြောလိုက်သည်။

“ဟုတ်တယ် မင်း တာဝန်ယူကိုယူရမယ်”

ဟဲကျစ်ယန် ချောက်ကမ်းပါးပေါ်မှ ခုန်ချသွားစဉ်တွင် သူသည် ဟဲကျစ်ယန်အပေါ်ထားသည့် သူ့ခံစားချက်များကို သေချာနားလည်သွားခဲ့ဟည်။

သူသည် ဤအမျိုးသမီးလေးကို သဘောကျမိနေခဲ့သောကြောင့် အသက်ရှင်နိုင်ဖို့ အခွင့်အရေးက အလွန်နည်းပါးမှန်း သိသော်လဲ တုန့်ဆိုင်းမနေဘဲ သူမနှင့်အတူ လိုက်ခုန်ချခဲ့ခြင်း ဖြစ်သည်။

ဤအချိန်တွင် သူ့စိတ်ထဲ‌ အတွေးတစ်ခုသာရှိသည် - သူ့ဘဝမှာ ဒီမိန်းကလေးမရှိဘဲ အသက်မရှင်နိုင်ပေ။

သူ၏ ပင်ကိုယ်စရိုက်အရ အရင်ကဆို “ကိုယ် မင်းကို တာဝန်ယူမယ်” ဟု ပြောမှာပင်။

သို့သော် မော့ကျိုးယွီသည် ဤအမျိုးသမီးလေးကို သူ တစ်သက်လုံး မှီခိုသွားဖို့ ရည်ရွယ်ချက်ဖြင့် ပြန်ပြောင်းကာ ပြောလိုက်ခြင်း ဖြစ်သည်။

ဟဲကျစ်ယန်သည် မော့ကျိုးယွီကို နားလည်ထားသလောက်တော့ ထိုလူက သာမန်ဟာသများ ပြောတတ်သည့် လူမျိုး မဟုတ်ပေ။

သူက အမှန်တကယ်ကြီးကို အတည်ပြောနေခြင်းပင်။

သို့သော် သူမနားထဲတွင် ထိုအရာက အနည်းငယ် ထူးဆန်းနေသည်။

သူက “ကိုယ် မင်းကိုတာဝန်ယူမယ်” လို့ ပြောရမှာ မဟုတ်ဘူးလား။

ဘာလို့ ပြောင်းပြန်ကြီး ဖြစ်သွားတာလဲ။

သူမ၏ အကြည့်က မော့ကျိုးယွီ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သောအခါ သူမ ချက်ချင်း နားလည်သွားရသည်။

အဲ့ဒါ သူမက သူ့ရဲ့ ခန္ဓာကိုယ် အကုန်လုံးကို မြင်ပြီးသွားပြီမို့ တာဝန်ယူခိုင်းနေတာပေါ့။

တွေးရင်းနှင့် ဟဲကျစ်ယန် ရယ်ချင်လာရသည်။

ထို့နောက် သူမ ရယ်ချလိုက်တော့၏။

“ဟားဟား .. ကောင်းပြီ။ ကျွန်မ ရှင့်ကို တာဝန်ယူပါမယ်”

သူမက အလေးအနက်မထားသည်ကို မြင်လိုက်ရသောအခါ မော့ကျိုးယွီသည် သူမစကားက စစ်မှန်ကြောင်း အတည်မပြုနိုင်ခဲ့ပေ။

“မင်း တကယ် ကတိပေးတာလား”

ဟဲကျစ်ယန်သည် ချောက်ကမ်းပါးမှ ခုန်ချလာကတည်းက သူမ၏ ခံစားချက်များကိုလဲ အတည်ပြုပြီးဖြစ်သောကြောင့် ရှေးခေတ်မိန်းကလေးများလိုမျိုး ခပ်ခွာခွာ ဟန်ဆောင်နေမှာ မဟုတ်ပေ။

“တကယ်ပေါ့၊ ရှင်သာ ကျွန်မကို ကောင်းကောင်းဆက်ဆံနေသရွေ့ ကျွန်မ တစ်ဘဝလုံး ရှင်းကို တာဝန်ယူမယ်”

သူမ စကားဆုံးသည်နှင့် သူမသည် မော့ကျိုးယွီ၏ အပြုံးကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်။

သူက အားနည်းနေသေးသော်လဲ ထိုအပြုံးသည် မိန်းကလေး ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်သည်မှာ အသေအချာပင်။

ဟဲကျစ်ယန် စိတ်ပျော်နေသည်။ လူကြိုက်များတဲ့ သကြားလုံးလေးက အခု သူမအပိုင်ဖြစ်လာပြီဖြစ်သည်။

မော့ကျိုးယွီ၏ အကြောဆေးပုလင်းကို လဲပေးပြီးနောက် ဟဲကျစ်ယန်သည် နံရံပေါ်မှ နာရီကိုကြည့်လိုက်ဟောအခါ ည ၈နာရီသို့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမတို့နှစ်ယောက် သတိမထားမိဘဲ နေရာလွတ်ထဲတွင် တစ်နေကုန် ရှိနေခဲ့ကြခြင်း ဖြစ်သည်။

မော့ကျိုးယွီကို ခွဲစိတ်ကုသဖို့ လောနေသောကြောင့် ဟဲကျစ်ယန်သည် နေရာလွတ်ကို အသုံးပြုကာ အရှိန်လျှော့မည့်အကြံကို အကောင်အထည် မဖော်ရသေးပေ။

ဤအချိန်တွင် ကောင်းကင်က မှောင်မဲနေပြီဖြစ်သောကြောင့် အပြင်ဘက် ပတ်ဝန်းကျင် အခြေအနေကို သေသေချာချာ မမြင်ရဘဲနှင့် သူမ၏ အကြံကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပေ။

မော့ကျိုးယွီသည် နံရံပေါ်မှ နာရီကို မဖတ်တတ်သော်လဲ သူတို့နှစ်ယောက် ဒီထဲရှိနေသည်မှာ ကြာနေပြီဖြစ်ကြောင်း ခံစားမိပေသည်။

“ကိုယ်တို့ ထွက်လာတာ တော်တော်ကြာနေပြီ။ အမေနဲ့ မရီးတွေ အရမ်းစိတ်ပူနေလောက်ပြီ”

ဟဲကျစ်ယန်လည်း ထိုအချပ်ကို တွေးပြီးသားပင်။ သို့သော် မော့ကျိုးယွီ၏ လက်ရှိအခြေအနေနှင့် သူ လှုပ်ရှားဖို့ လုံးဝမသင့်တော်ပေ။

“နည်းလမ်းမရှိဘူး။ ရှင့်ဒဏ်ရာတွေက အရမ်းပြင်းထန်နေတာ ရှင် လှုပ်ရှားလို့မရဘူး။ ပြီးတော့ အခုက နောက်ကျနေပြီ။ ကျွန်မတို့ ချောက်ကမ်းပါးအောက်ခြေကို အန္တရာယ်ကင်းကင်းနဲ့ ဆင်းနိုင်ဖို့ မသေချာဘူး။ မနက်ဖြန်မှ နောက်တစ်မျိုး ထပ်စဉ်းစားကြည့်ရမှာပဲ”

မော့ကျိုးယွီသည်လည်း ထိုအရာက မှန်ကန်ကြောင်း သိပေသည်။ သို့သော် မိသားစုက သူ့ကိုစိတ်ပူနေမှာဖြစ်ကြောင်း တွေးလိုက်သောအခါ လှဲနေရင်း အနည်းငယ် ဂနာမငြိမ်‌ ဖြစ်နေရသည်။

ထိုမနက်ခင်းတွင် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားပြီးနောက် ဖမ်းဝမ်သည် အရာရှိများအား သူတို့အဖော်နှစ်ယောက်၏ အခြေအနေကို စစ်ဆေးစေခဲ့သည်။

ထိုအချိန်တွင် နှစ်ယောက်လုံး အသက်ရှူရပ်နေကြပြီဖြစ်ပြီး ဆန်းတာ့ကျိုး ရေထဲပစ်ချခံလိုက်ရပြီးနောက် ပြန်ဆယ်ခံရတုန်းက အခြေအနေနှင့် အလွန်ဆင်တူနေခဲ့သည်။

ဖမ်းဝမ်သည် ဟဲကျစ်ယန်က ဆန်းတာ့ကျိုးကို ကယ်တင်ရန် သင်ပေးခဲ့သော အသက်ရှူပြန်လည်ကောင်းမွန်လာမည့်နည်းကို အမှတ်ရလိုက်၏။

သူသည် တခြားအရာရှိအနည်းငယ်ကိုခေါ်ကာ ဟဲကျစ်ယန် သင်ပေးထားသည့်အတိုင်း ရှေးဦးသူနာပြုလုပ်နည်းဖြင့် လုပ်ပေးခဲ့သည်။ သူတို့ ခဏလောက် အလုပ်ရှုပ်သွားခဲ့သော်လဲ ထိုလူနှစ်ယောက်မှာ ပြန်နိုးလာဖို့ လက္ခဏာ မရှိတော့သောကြောင့် ဖမ်းဝမ်သည်လည်း ရွေးချယ်စရာ မရှိဘဲ လက်လျှော့လိုက်ရတော့သည်။

ထိုနေ့တွင်ပင် အရာရှိနှစ်ယောက်၏ ခန္ဓာကိုယ်များကို အနီးရှိ တောင်ကုန်းတစ်ခုတွင် မြှုပ်နှံပေးခဲ့သည်။

ရုန်းရင်းဆန်ခတ်သံများကြောင့် အကျဉ်းသားများလဲ နိုးလာကြသည်။

မော့အမျိုးသမီးများသည် မော့ကျိုးယွီကို အနက်ရောင်ဝတ်လူများက လိုက်ဖမ်းနေကြောင်းနှင့် ဟဲကျစ်ယန်က သူမ၏ ယောက်ျားကို ကူညီရန် ထွက်သွားကြောင်း ဖမ်းဝမ်ဆီမှ ကြားသိလိုက်ရသောအခါ သူမတို့အားလုံး အလွန်အမင်း ဝမ်းနည်းထိတ်လန့်သွားခဲ့ရသည်။

ကံမကောင်းစွာပင် ဤကဲ့သို့သော အဖြစ်အပျက်နှင့် ကြုံတွေ့ရသောအခါ သူမတို့အားလုံး ဘာမှမတတ်နိုင်တော့ဘဲ မိုးကောင်းကင်ဆီသို့သာ သူမတို့နှစ်ယောက် အန္တရာယ်ကင်းကင်းနှင့် ပြန်လာနိုင်ဖို့ ဆုတောင်းနေရတော့သည်။

ဖန့်မိသားစုနှင့် ရှဲ့မိသားစုသည် မော့အမျိုးသမီးများကို ဖျောင်းဖျနှစ်သိမ့်ပေးနေကြသည်။ စိတ်အေးအေးထားနိုင်ဖို့ မျှော်လင့်နေကြပြီး မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ သေချာ‌ပေါက်ပြန်လာမည်ဖြစ်ကြောင်း ယုံကြည်ဖို့လဲ ပြောနေကြသည်။

ဖမ်းဝမ်ကလဲ အဖွဲ့များကို မူလနေရာတွင်ပဲ စောင့်ဆိုင်းနေစေသည်။

ထို့နောက် သူတို့ တစ်ရက်လုံးလုံး စောင့်ခဲ့ကြသည်။

ထိုတစ်ရက်လုံး မော့အမျိုးသမီးများမှာ မျက်ရည်နှင့် မျက်ခွက်ပင်။

ဤအချိန်ထိ သူမတို့သည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။ လူတိုင်းတိတ်ဆိတ်နေကြသော်လဲ သူမတို့နှစ်ယောက် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း လူတိုင်း၏ နှလုံးသားထဲတွင် သိနေကြသည်။

သခင်မကြီးမော့သည် သူမ၏သားနှင့်ချွေးမဖြစ်သူက ဟေချာပေါက် ပြန်လာမည်ဟု ယုံကြည်နေခဲ့သည်။

သူမ၏ ချွေးမများနှင့် သမီးဖြစ်သူက ငိုနေသည်ကို တွေ့သောအခါ သူမက စိတ်ကိုတင်းထားလိုက်သည်။

“ကျိုးယွီနဲ့ ဟဲရှီက မသေသေးဘူးလေ။ နင်တို့က ဘာကိုငိုနေကြတာလဲ”

ထိုစကားကြောင့် မရီးများအားလုံး သခင်မကြီးမော့ကို မော့ကြည့်လိုက်ကြသည်။

အကြီးဆုံးမရီးက ခေါင်းကိုမော့ထားကာ အတတ်နိုင်ဆုံး မျက်ရည်မကျအောင် ထိန်းနေခဲ့သည်။

“အမေ၊ သူတို့ထွက်သွားတာ တစ်ရက်လုံးရှိနေပြီ။ သူတို့ဟာ ပြန်မလာနိုင်ခဲ့ရင် သူတို့ တကယ်ပဲ ..”

သို့သော် သခင်မကြီးမော့က ထိုအရာကို မယုံကြည်ချင်ပေ။

“မင်းတို့ မေ့သွားကြပြီလား။

ငါ့ရဲ့ မော့မိသားစုက ယောက်ျားသားတွေ ရန်သူတွေနဲ့တိုက်ခိုပ်ဖို့ စစ်ပွဲထွက်ခဲ့ရတုန်းက ပြန်ရောက်မလာခင် ရက်အတော်ကြာ အပြင်ရောက်နေခဲ့တာပဲ မဟုတ်ဘူးလား။

ပြီးတော့ အဲ့ဒီတုန်းကလဲ ဘာသတင်းအစအနမှ မရခဲ့ဘူးလေ ...”

သခင်မကြီးမော့၏ စကားကိုနားထောင်ပြီး လူတိုင်း မျှော်လင့်ချက် ရောင်ခြည်များ သန်းလာကာ ချက်ချင်း စိတ်ဓာတ်တက်ကြွလာတော့သည်။

“အမေပြောတာမှန်တယ်။ နဝမ မတ်လေးနဲ့ နဝမ ယောင်းမလေးတို့က အရမ်းအစွမ်းထက်တာ။ သူတို့ သေချာပေါက် အဆင်ပြေမှာပါ”

“မှန်တယ်။ သူတို့ တစ်ခုခုကြောင့် ကြန့်ကြာနေတာဖြစ်မယ်။ ကျွန်မတို့ စောင့်နေကြသရွေ့ သူတို့ သေချာပေါက် ပြန်လာလိမ့်မယ်”

သခင်မကြီးမော့သည် သေချာကြည့်လိုက်ကာ သူမစကားလုံးများက သူမလိုလျင်သော အကျိုးသက်ရောက်မှု ရသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူမက ထပ်ပြောလိုက်၏။

“နောက်ကျနေပြီ။ လူတိုင်း နားကြတော့။ ‌ကျိုးယွီနဲ့ ဟဲရှီ နောက်ကျမှ ပြန်လာမယ်ဆိုရင် မင်းတို့တွေ မနက်ဖြန်ခရီးဆက်ဖို့အတွက် အားမရှိဘဲနေမယ်၊ ကိုယ့်ကိုယ်ကို မပင်ပန်းစေနဲ့”

ထိုစကားကြောင့် မရီးများသည် မျက်ရည်များသုတ်ကာ ကိုယ့်တဲသူ့တဲ အသီးသီး ပြန်သွားကြသည်။

ဖမ်းဝမ်ဘက်တွင် မနက်ခင်းတွင် သူတို့ညီအကိုနှစ်ယောက် သေဆုံးသွားခြင်းက သူတို့ကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့သည်။ တစ်ချိန်တည်းပင် သူတို့လည်း မော့ကျိုးယွီနှင့် ဟဲကျစ်ယန်၏ လုံခြုံရေးကို စိတ်ပူနေခဲ့ကြကာ ဖမ်းဝမ်မှာ လုံးဝကို အိပ်မပျော်နိုင်ဖြစ်နေသည်။

***

All Chapters