ခေတ်မီလက်နက်တွေရဲ့အစွမ်းကို ကိုယ်တိုင်စမ်းသပ်ကြည့်ချင်တယ်
Vol. 7 Ch. 100
ဖမ်းဝမ်သည် တဲများအလယ်တွင် ဝင်ထိုင်ကာ မီးထွန်းလိုက်ပြီး မှိုင်တွေတွေဖြင့် ထိုင်နေမိသည်။
ဆန်းတာ့ကျိုးနှင့် ကျန်းချင်တို့က ထိုအရာကိုတွေ့ပြီး ရောက်လာကြသည်။
ကျန်းချင်သည် အမြဲတမ်း သူ့စိတ်ထဲ ဘာပဲ ရောက်လာလာ ပွင့်ပွင့်လင်းလင်း ဒဲ့ဒိုးပြောချလေ့ ရှိ၏။
“ခေါင်းဆောင်၊ အဲ့ဒီအနက်ရောင်နဲ့လူတွေအားလုံးက မော့ကျိုးယွီအတွက် ရောက်လာကြတာပဲ။ ဒီမတရားမှုကြီးမှာ ကျွန်တော်တို့ ညီအကိုနှစ်ယောက် အသက်ပေးလိုက်ရတာ နှမျောစရာပဲ”
ဖမ်းဝမ်သည် ကျန်းချင်ကို စိုက်ကြည့်ကာ ခပ်ကြမ်းကြမ်း ပြောလိုက်သည်။
“လူတိုင်း ရှင်းရှင်းလင်းလင်း သိနေတာကို ငါက ထပ်ပြောဖို့ လိုသေးတာလား”
ကျန်းချင်သည် ဖမ်းဝမ်၏ လေသံကို ကြားသော်လဲ ပါးစပ်က ရပ်မသွားသေးပေ။
“ခေါင်းဆောင်၊ မော့ကျိုးယွီနဲ့ သူ့မိန်းမတို့ ပြန်မလာကြသေးဘူး၊ သူတို့နှစ်ယောက် အခြေအနေကောင်းပါဦးမလားလို့ ကျွန်တော် ကြောက်မိတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ဆန်းတာ့ကျိုး၏ မျက်လုံးများမှာ မျက်ရည်များ ရစ်ဝိုင်းလာခဲ့သည်။
သူ ဘာကြောင့်လဲ သေချာမသိသော်လဲ ဟဲကျစ်ယန်၏ အခြေအနေက အန္တရာယ်များသည်ဟု ကြားလိုက်ရလျှင် သူ့နှလုံးသားကို အပ်ဖြင့် ထိုးနေသလိုမျိုး နာကျင်ခံစားရသည်။
ဒီလောက်ကောင်းတဲ့ အမျိုးသမီးလေး ဘယ်လိုကြောင့်များ အန္တရာယ်တောထဲ ပါသွားရတာလဲ။
ကံကောင်းစွာပင် ညတာ၏ မှောင်မှိုက်နေမှုကြောင့် ဖမ်းဝမ်ရော ကျန်းချင်ပါ သူ့မျက်လုံးထောင်မှ မျက်ရည်များကို မမြင်ခဲ့ကြပေ၊ မဟုတ်ပါက ဖမ်းဝမ်သည် သူ့အား သေချာပေါက် ပြင်းပြင်းထန်ထန် ထပ်မံ ဆူပူပေလိမ့်မည်။
ဖမ်းဝမ်က သက်ပြင်းချလိုက်သည်။ “တစ်ရက်လုံး ကြာနေပြီ။ သူတို့ ပြန်လာမယ်ဆိုရင် အခု ပြန်ရောက်လာသင့်နေပြီ”
ဤစကား၏ နောက်ကွယ်မှ မပြောပြနိုင်သော အဓိပ္ပါယ်မှာ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ သေဆုံးသွားပြီဟူ၍ပင်။
ကျန်းချင်က ဆက်ပြောလိုက်သည်။ “ခေါင်းဆောင်၊ အဲ့လိုဆို ကျွန်တော်တို့ မနက်ဖြန် ခရီးဆက်ကြမှာလား”
ဖမ်းဝမ် ခေါင်းငြိမ့်လိုက်သည်။ “ငါတို့ ဒီတာဝန်မှာ နှောင့်နှေးနေတာ တော်တော်ကြာပြီ။ ငါတို့အားလုံး မနက်ဖြန်မနက် ထွက်မှ ရမယ်”
ဆန်းတာ့ကျိုးက တိတ်ဆိတ်စွာ နားထောင်နေသည်။ သူတို့ မနက်ဖြန်မနက် ထွက်ရမည်ဟု ကြားလိုက်သောအခါ သူ့နှလုံးသားက ပိုပြီးတင်းကြပ်လာခဲ့သည်။
“ခေါင်းဆောင် ကျွန်တော်တို့ တစ်ရက်လောက် ထပ်စောင့်လို့ မရဘူးလား။ ကျွန်တော် အပြင်ထွက်ပြီး သွားရှာမလို့ စီစဉ်ထားတာ”
ဖမ်းဝမ်သည် သူ့အား စူးစူးစိုက်စိုက် ကြည့်လာ၏။
မီးရောင်အောက်တွင် ဆန်းတာ့ကျိုး၏ မျက်နှာပေါ်မှ မျက်ရည်စီးကြောင်းများကို ခပ်ဝါးဝါး မြင်တွေ့နေရသည်။
တွေးကြည့်စရာတောင် မလိုဘူး၊ ဒီကောင်က မိန်းကလေးဟဲကို အသေအလဲ စွဲလမ်းနေတာပဲ။
ဖမ်းဝမ်သည် လေးနက်စွာ သက်ပြင်းချလိုက်သည်။ “ဒါလဲ ကောင်းတာပါပဲ။ ငါ မင်းကို ၃ ရက် အချိန်ပေးမယ်။ မင်း သူတို့ကို ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ၃ ရက်အတွင်း ငါတို့ကို အမှီလိုက်လာခဲ့”
“ခေါင်းဆောင် စိတ်မပူပါနဲ့။ ကျွန်တော် သုံးရက်အတွင်း အမှီလိုက်လာပါမယ်”
ဆန်းတာ့ကျိုးသည် ဖမ်းဝမ်၏ စကားထဲမှ သက်ရောက်မှုများကို သေချာနားလည်ထားသည်။
သို့သော် သူ အရှုံးမပေးနိုင်ပေ။ သူ ဘယ်လိုပဲ ခံစားနေရပါစေ၊ သူ့အသက်ကို ကယ်ခဲ့သည့်လူက ဟဲကျစ်ယန်ဖြစ်သည်။ အခု ဟဲကျစ်ယန်နှင့် မော့ကျိုးယွီ၏ ကံကြမ္မာက မသိနိုင်သော အခြေအနေတွင် ရှိနေသည်ကို သူ ဒီတိုင်း ထားခဲ့ပါက သူ့ဘဝတစ်လျှောက်လုံး နောင်တရနေမိမှာ အမှန်ပင်။
“ခေါင်းဆောင်၊ မနက်ဖြန် သွားနှင့်ကြပါ။ ကျွန်တော် ဒီမှာနေခဲ့ပြီး သူတို့ သဲလွန်စတွေ ရှာကြည့်လိုက်ပါဦးမယ်”
ဖမ်းဝမ်သည် ဆန်းတာ့ကျိုး၏ စိတ်နေစိတ်ထားကို သေချာသိနေ၏။ သူသည် အပြင်ပိုင်းတွင် ခေါင်းမာသည့်ပုံသာ ပေါက်သော်လဲ သူ ဆုံးဖြတ်ချက်ချပြီးသည်နှင့် နွားဆယ်ကောင်နှင့် ဆွဲလျှင်တောင်မှ သူ့ကိုပါအောင် ဆွဲနိုင်မည် မဟုတ်ပေ။
ဆန်းတာ့ကျိုးသည် သုံးရက်က လုံလောက်ပြီဟု ခံစားခဲ့ရသည်။ အသက်ရှင်နေသေးသော လူနှစ်ယောက်က လေထဲမှာ ပျောက်သွားသလိုမျိုး ပျောက်သွားလိမ့်မည်ဟု သူ မယုံကြည်ပေ။
အနည်းဆုံးတော့ ရှင်နေသေးလျှင် လူရှာတွေ့ရမည်ဖြစ်ပြီး၊ သေသွားလျှင် အလောင်းတော့ ရှာတွေ့ရမည်ဖြစ်သည်။
မော့မိသားစုဘက်ခြမ်းတွင် အမျိုးသမီးများပားလုံးသည် တဲအိမ်များဆီသို့ ပြန်လာခဲ့ကြသော်လဲ တစ်ယောက်မှ အိပ်မပျော်နိုင်ကြပေ။
အထူးသဖြင့် သခင်မကြီးမော့ပင်။ လူများရှေ့တွင် သူမ၏ ဝမ်းနည်းပူဆွေးမှုများကို ထုတ်ပြလို့မဖြစ်ပေ၊ မဟုတ်ပါက ကျန်လူများတွင် တောင့်ခံထားသည့် ကျောရိုးရှိတော့မည် မဟုတ်သောကြောင့်ပင်။
ယခု ညည့်နက်ချိန်တွင် သူမသည် တဲအိမ်ထဲတွင် ထိုင်နေကာ အပြင်ဘက်သို့ ခဏခဏ လှမ်းကြည့်မိနေသည်။ ဆန်းကျယ်မှု တစ်ခုခုဖြင့် သူမ၏ သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့ လုံလုံခြုံခြုံ ပြန်လာကြမည်ဟု မျှော်လင့်နေမိသည်။
မော့ဟန်ယွဲ့သည် အိပ်ရာမှထလိုက်ပြီး သခင်မကြီးမော့၏ လက်မောင်းအတွင်းသို့ ဝင်လိုက်သည်။
“အမေ၊ နဝမ အကိုနဲ့ နဝမ ယောင်းမလေးတို့က ကျွန်မတို့ကို ထားသွားမှာ မဟုတ်ပါဘူး”
သခင်မကြီးမော့သည် သူမ သမီးဖြစ်သူ၏ ခေါင်းလေးကို ချစ်မြတ်နိုးစွာ ပွတ်လေးလိုက်သည်။ “အင်း၊ သူတို့ သေချာပေါက် ပြန်လာမှာပါ”
…..
နေရာလွတ်ထဲတွင် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့လဲ အိပ်မပျော်နိုင်ကြပေ။
ယနေ့ လုပ်ကြံသတ်ဖြတ်မှုအကြောင်းကို တွေးကြည့်လိုက်ပါက မော့ကျိုးယွီမှာသာ သူမကဲ့သို့ လက်နက်များ ရှိနေမည်ဆိုလျှင်၊ သူမတို့နှစ်ယောက်လုံး အဝေးမှ ပစ်နိုင်မည်ဆိုလျှင်၊ မော့ကျိုစယွီလဲ ဒီလောက် ဆိုးဆိုးဝါးဝါးကြီး ဒဏ်ရာရမှာ မဟုတ်ဘဲ သူမလဲ ချောက်ကမ်းပါးက ခုန်ချဖို့ ဖိအားပေးခံရမှာ မဟုတ်ပေ။
ထို့ကြောင့် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို သေနတ် ဘယ်လိုကိုင်ရလဲ သင်ပေးဖို့ လိုအပ်သည်ဟု ခံစားလိုက်ရသည်။
အနာဂတ်တွင် သူမတို့ ယခုကဲ့သို့ အန္တရာယ်များ ထပ်ကြုံရပါက သူ့တွင် အသက်ကယ်စရာ နည်းတစ်ခု ပိုရှိလာပြီ ဖြစ်သည်။
ဟဲကျစ်ယန်က ထူးဆန်းသော သတ္တုအစုအပုံကြီးကို ယူလာသည်ကို မြင်လိုက်ရသည်နှင့် မော့ကျိုးယွီ ချက်ချင်းပင် တက်ကြွသွားရသည်။
ထိုပစ္စည်းများကြားထဲတွင် ဟဲကျစ်ယန် သုံးတာကို သူ အရင်က မြင်ဖူးခဲ့သည်များ ရှိသော်လဲ အများစုမှာ လုံးဝ မမြင်ဖူးပေ။
“ဒါတွေအားလုံး မင်းရဲ့ လက်နက်တွေလား”
ဟဲကျစ်ယန်သည် သူမ ယနေ့သုံးခဲ့သော စက်သေနတ်ကို ထုတ်လိုက်သည်။
“ဒါကို စက်သေနတ်လို့ခေါ်တယ်။ သူက အဆက်မပြတ် ပေါက်ကွဲနိုင်ပြီးတော့ ရန်သူတွေ အများကြီးရှိတဲ့အခါ သုံးလို့ အဆင်ပြေတယ်”
သူမသည် စကားပြောရင်းနှင့်ပင် စက်သေနတ်အသုံးပြုပုံနှင့် ကျည်ဆန်ထည့်နည်း အဆင့်ဆင့်တို့ကို မော့ကျိုးယွီအား သင်ပြပေးခဲ့သည်။
စစ်မြေပြင်၏ ဝါရင့်စစ်သားတစ်ယောက် အနေနှင့် ဤကဲ့သို့သော လက်နက်မျိုးကို တွေ့ရသည်မှာ ရတနာကြီးကို တွေ့လိုက်ရသလိုပင် အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
မော့ကျိုးယွီသည် အိပ်ရာမှ ထကာ ဟဲကျစ်ယန်ကဲ့သို့ စက်သေနတ်ကို ကိုင်ပြီး သရုပ်ပြချင်သော်လဲ သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများစွာကြောင့် နည်းနည်းလေး လှုပ်မိလျှင်ပင် ငရဲကျသလို နာကျင်နေသည်။
မော့ကျိုးယွီ၏ နာကျင်နေသော အမူအရာကို မြင်သောအခါ ဟဲကျစ်ယန်သည် သူ့ကို အလျင်အမြန် တားလိုက်၏။
“ရှင် အခု လှုပ်လို့ မရသေးဘူး။ ဒီထဲမှာ သေနတ်တွေ အများကြီးပဲရှိတာ။ ရှင် သက်သာလာရင် ဒီတစ်ခုကိုယူပြီး ကစားလဲရတယ် အမဲပစ်ချင်လဲရတယ်။ ကျွန်မ နှမျောနေမှာမဟုတ်ဘူး”
ဟဲကျစ်ယန်က အမှန်တကယ်ကို မနှမျောပေ။ ယနေ့ ထိုအနက်ရောင်ဝတ် လူများနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် ကျည်ပြန်ဖြည့်ဖို့ အချိန်မပေးနိုင်သောကြောင့် နေရာလွတ်ထဲမှ အသစ်များပိုသာ တစ်လက်ပြီး တစ်လက် ဆွဲထုတ်ခဲ့သည်။ ရလဒ်အနေနှင့် သူမ၏ နေရာလွတ်ထဲတွင် တစ်ထပ်တည်း တူညီသော စက်သေနတ် ဆယ်လက်ကျော် ရှိနေပြီဖြစ်သည်။
မျော့ကိုးယွီသည် စက်သေနတ်ကို ကိုယ်တိုင်ကိုယ်ကျ ကိုင်ရသည့် ခံစားချက်က ဘယ်လိုလဲဆိုတာ မစူးစမ်းနိုင်သဖြင့် အနည်းငယ် စိတ်ညစ်သွားရသည်။
သို့သော် သူ့ဒဏ်ရာများက အလွန်ပြင်းထန်ကာ လှုပ်လှုပ်ရှားရှား မလုပ်သင့်သေးမှန်း သေချာသိနေခဲ့သည်။
“သဘောတူတယ်။ ကိုယ်ပြန်ကောင်းလာရင် မင်း ဒီထဲကတစ်လက်ကို ကိုယ့်အတွက် ပေးရမှာနော်”
ဟဲကျစ်ယန်သည် ထိုအမျိုးသားက သူမ နေရာလွတ်ထဲမှ လက်နက်များကို အလွန်သဘောကျနေသောကြောင့် သူ့လေသံမှာ ကလေးပုံစံပင် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
ရယ်ချင်သွားဟော်လဲ စိတ်ထဲလဲ ခံစားသွားမိသည်။ သူမသည် စနိုက်ပါတစ်လက်ကို ထုတ်ယူလိုက်ပြန်၏။
“ဒါကို စနိုက်ပါသေနတ်လို့ ခေါ်တယ်။ ထူးခြားချက်ကတော့ တိကျပြီး အဝေးကပစ်လို့ရတာပဲ။ အဝေးကနေ လုပ်ကြံသတ်ဖြတ်ဖို့ အထူးသင့်တော်တယ်”
ထို့နောက် သူမသည် အလွန်ကောင်းမွန်သော ပစ္စတိုတစ်လက်ကို ထုတ်လိုက်ပြန်သည်။
“ဒါက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆောင်ထားလို့ ကောင်းတယ်”
“ပြီးတော့ဒါက လူတွေကို ခဏတစ်ဖြုတ် သတိလစ်သွားစေတဲ့ မေ့ဆေးသေနတ်ပဲ။ လူတစ်ယောက်ကို အရှင်ဖမ်းချင်တာဆိုရင် ဒါကိုသုံး”
မော့ကျိုးယွီသည် သူ ပိုပြီးနားထောင်လေလေ ပိုပြီး စိတ်ဝင်စားလေလေ ဖြစ်နေသည်။ အရင်တိုက်ပွဲတွေတုန်းကသာ ဒီလိုလက်နက်များ ရှိခဲ့ပါရ သူ့ညီအကိုတွေ အများကြီး သေဆုံးကြမှာ၊ ထိခိုက်ဒဏ်ရာရကြမှာ မဟုတ်ပေ။
သို့သော် သူသေချာ သိနေသည်မှာ ဟဲကျစ်ယန်၏ လက်နက်များက အလွန်ထူးကဲလွန်းပြီး ပေါ်ပေါ်ထင်ထင် မသုံးသင့်ကြောင်းကိုပင်။
အထူးသဖြင့် သူသည် နိုင်ငံ့ကာကွယ်ရေးဝန်ကြီး မဟုတ်တော့ပေ။ အနာဂတ်မှာ ရှိလာမည့် တိုက်ပွဲများက သူနဲ့ ဘာမှ မဆိုင်တော့ပေ။
သို့သော် ဟဲကျစ်ယန်လက်ထဲမှ လက်နက်များနှင့်သာဆိုပါက သူ့လုံခြုံရေးက သေချာပေါက် စိတ်ချရပေသည်။
အကုန်လုံးပြပြီးနောက် ဟဲကျစ်ယန်သည် ဆေးခန်းအတွင်း၌ လက်ပစ်ဗုံး ၁၀ လုံးပါသော ကတ်ထူဘူးကြီးကို ပျော်ရွှင်စွာ ရှာတွေ့ခဲ့သည်။
၎င်းတို့ကို ဘယ်သူက ဆေးခန်းထဲ လာထည့်သွားလဲ သူမ မသိပေ။ ဒါတွေရှိနေမှန်းသာ သူမ ကြိုသိခဲ့ပါက ထိုအနက်ရောင်ဝတ်လူများနှင့် ရင်ဆိုင်ရချိန်တွင် ဒီလောက်ထိ ဒုက္ခများမည် မဟုတ်ပေ။ ကံကောင်းစွာပင် သူမရော မော့ကျိုးယွီမှာ အသက်အန္တရာယ် မရှိခဲ့လို့ပင်။
ဘယ်လိုပင်ဖြစ်ပါစေ၊ အလွန်စွမ်းအားပြင်းသော လက်နက်တစ်ခု သူမနေရာလွတ်ထဲတွင် ရှိနေခြင်းက ကောင်းသော အရာတစ်ခုဖြစ်ပြီး အနာဂတ်တွင် မမျှော်လင့်ထားသော အခြေအနေများ ကြုံလာရပါက အသုံးဝင်နိုင်ပေသည်။
သူမသည် မော့ကျိုးယွီအား လက်ပစ်ဗုံး တစ်လုံးကို ပြလိုက်သည်။
“ဒါကို လက်ပစ်ဗုံးလို့ခေါ်တယ်။ ဒီထဲမှာ ပေါက်ကွဲပြီဆိုတာနဲ့ နေရာတိုင်းကို ပန်းဖွားလေးတွေလို လွင့်စင်သွားတဲ့ စတီးလုံးလေး ၄၀၀၀ တောင် ပါနေတာ။ ရန်သူတွေကို ချက်ချင်း သတ်နိုင်တယ်”
တွေးကြည့်စရာတောင် မလိုဘဲနှင့် မော့ကျိုးယွီသည် ထိုအရာက နေရာကျယ်ကျယ် တိုက်ခိုက်ရသည့် လက်နက်ဖြစ်မှန်း သိသွားသည်။
သူ့ဒဏ်ရာများက ချက်ချင်းပျောက်မသွားသည်ကို မုန်းမိသည်။ ထိုလက်နက်များ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ချင်နေပြီဖြစ်သည်။
သူ့ဒဏ်ရာများအကြောင်း တွေးကြည့်လျှင် မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို အလွန်ကျေးဇူးတင်မိ၏။ သူမကြောင့်သာ မဟုတ်ပါက သူအခုထိ အသက်ရှင်နိုင်ပါ့မလား သေချာမပြောနိုင်ပေ။
သူသည် ဟဲကျစ်ယန်ကို ကျေးဇူးတင်ကြောင်း တွေးနေစဉ်တွင် ရုတ်တရတ် သူ့ဝမ်းဗိုက်အောက်ပိုင်းက တင်းကြပိသွားရသည်။
ဟဲကျစ်ယန်က လက်ပစ်ဗုံးကို သွားထားနေသည်ကို မြင်ခဲ့ပြီး သူ ထရန်ကြိုးပမ်းလိုက်သည်။
***