← Chapters

နေရာလွတ်ထဲက ဘဝ ( ၂ )

Vol. 8 Ch. 102

နေရာလွတ်ထဲက ဘဝ ( ၂ )

Vol. 8 Ch. 102

သူ ငယ်ငယ်ကတည်းက ဒီလောက် အရသာရှိသည့် အသားမျိုး ပထမဦးဆုံးအကြိမ် စားဖူးခြင်းပင်။

ဟဲကျစ်ယန်လည်း အသားကင် စားရသည်ကို သဘောကျသည်။ မော့ကျိုးယွီကို ကို အသားအပိုင်းတစ်ခု ပေးလိုက်ပြီးနောက် သူမလဲ စတင်စားတော့သည်။ သူမ၏ မျက်နှာလေးတွင် ပျော်နေသော အရိပ်အယောင်များကို လုံးဝ ဖုံးကွယ်မထားနိုင်ခဲ့ပေ။

အမဲသားက အရသာရှိသည်သာမက ဝက်သားနှင့် သိုးသားကလဲ အညီအမျှ အရသာရှိနေသည်။ ထို့အပြင် အမျိုးမျိုးသော ပင်လယ်စာများနှင့် အသားလုံးများကြောင့် မော့ကျိုးယွီသည် ဤအရာများက ကောင်းကင်ဘုံမှ လူ့ပြည်သို့ ပို့ဆောင်ပေးလိုက်သော စားဖွယ်ရာများဟုပင် ထင်နေမိသည်။

သူ၏ ဒဏ်ရာများကြောင့် ဟဲကျစ်ယန်သည် သူ့အား အနည်းငယ်သာ စားခွင့်ပြုထားသည်။

ချက်ချင်းပင် ဟဲကျစ်ယန်သည် ကိုလာနှင့် စပရိုက်တစ်ဘူးစီလဲ မှာလိုက်သည်။

သူမအကြိုက်ဆုံး သောက်စရာက ကိုလာဖြစ်သည်။ ကိုလာ၏ အရသာက သာမန်လူများ လက်ခံသောက်သုံးနိုင်ရန် သိပ်မကြိုက်ကြဟု ထင်သောကြောင့် မော့ကျိုးယွီအတွက် စပရိုက်တစ်ဘူး မှာပေးလိုက်ခြင်း ဖြစ်သည်။

သူမသည် မော့ကျိုးယွီအား စပရိုက်ဘူး လှမ်းပေးလိုက်ပြီး အဖုံး ဘယ်လိုဖွင့်ရမလဲ ပြလိုက်သည်။

မော့ကျိုးယွီသည် စပရိုက်ဘူးကို ဖွင့်ပြီးသောအခါ ဟဲကျစ်ယန်၏ လက်ထဲမှ ကိုလာဘူးကို လှမ်းကြည့်လိုက်သည်။

“ကိုယ်တို့ သောက်စရာတွေက ဘာလို့ မတူကြတာလဲ”

ဟဲကျစ်ယန်က ရှင်းပြလိုက်၏။ “ကျွန်မဟာက ကိုလာလို့ခေါ်တယ်။ အရသာက နည်းနည်းထူးခြားတယ်။ ရှင် အဲ့ဒါကို မကြိုက်မှာစိုးလို့ ရှင့်အတွက် စပရိုက်ပဲ ဝယ်ပေးလိုက်တာ”

မော့ကျိုးယွီသည် စပရိုက်ကို ခွက်ထဲသို့လောင်းချကာ အနည်းငယ် အရသာ ခံကြည့်လိုက်သည်။

“အမ်းး အေးအေးလေးနဲ့ ကောင်းတယ်။ အရမ်း လန်းဆန်းသွားတာပဲ”

သူက ထိုအရသာကို မဆန့်ကျင်သောကြောင့် ဟဲကျစ်ယန်သည် သူမကိုယ်တိုင်အတွက်လဲ ကိုလာကို ငှဲ့လိုက်သည်။

သူမ တစ်ငုံလောက် သောက်ပြီးသောအခါ မော့ကျိုးယွီက ခွက်အလွတ်ကို သူမရှေ့သို့ ထိုးပေးလာခဲ့သည်။

“ကိုယ်လဲ ကိုလာ သောက်ကြည့်လို့ရလား”

မော့ကျိုးယွီသည် ကလေးပေါက်စလေးလိုပင် ထူးဆန်းသော အရာအားလုံးကို သိချင်နေသည်ဟု ဟဲကျစ်ယန် ထင်မိသည်။

သူမ ရယ်လိုက်ပြီး သူ့ခွက်ထဲသို့ ကိုလာကို လောင်းထည့်ပေးလိုက်ကာ ဘူးကိုလဲ သူ့ရှေ့မှာပဲ ချပေးထားလိုက်သည်။

“လုပ်လေ သောက်ကြည့်”

မော့ကျိုးယွီသည် ပါးစပ်အပြည့် မော့ချလိုက်ပြီးနောက် သူတကယ်ပဲ ဒီအရသာကို ကြိုက်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

သူသည် ခေါင်းကိုမော့ပြီး ခွက်ကုန်သည်အထိ အကုန်လုံး မော့ချလိုက်တော့သည်။

သူ့ပုံစံကို မြင်သောအခါ ဟဲကျစ်ယန်သည် သူက စပရိုက်အစား ကိုလာကို ပိုကြိုက်ကြောင်း သေချာသိသွားသည်။

ထို့ကြောင့် သူမတို့၏ သောက်စရာများကို လဲလိုက်သည်။

“ကျွန်မ စပရိုက်သောက်ရတာလဲ တကယ်ကြိုက်တာ၊ လဲလိုက်ရအောင်”

“ကောင်းပြီ၊ ကိုယ်လဲ ကိုလာ ကြိုက်တယ်”

နှစ်ယောက်သား စားကြသောက်ကြသည်။ မသိလိုက်ပါဘဲနှင့် သူမတို့သည် ဝယ်ထားသော အသားကင် တစ်ဆက်လုံးကို ကုန်အောင် စားမိသွားကြ၏။

ဟဲကျစ်ယန်သည် သူမ၏ တင်းကားနေသော ဗိုက်ကိုပုတ်လိုက်ပြီး စားပွဲကို ရှင်းလင်းလိုက်သည်။

ထို့နောက် သူမ ဝယ်ထားသော အသီးများကို ထုတ်လာသည်။

ထိုအချိန်တွင် နှစ်ယောက်သား ဗိုက်တင်းနေကြပြီဖြစ်သည်။ သို့သော် ဟဲကျစ်ယန်သည် သူမကြိုက်သော အစားအစာများကို စိတ်ကြိုက်စားခွင့်ရဖို့ အခွင့်အရေး ရရှိရန် အလွန်ခက်သောကြောင့် ယခု ရနေသည့် အခွင့်အရေးတွင် အကောင်းဆုံး စားသွားရမည်ဟု တွေးထား၏။

မော့ကျိုးယွီသည် အသီးများကိုလဲ မြည်းစမ်းကြည့်ပြီးနောက် ဟဲကျစ်ယန်ကဲ့သို့ပင် အနံ့ပြင်းသော ဒူးရင်းသီးကို သဘောကျမိသွားသည်။

အသီးများစားပြီးနောက် အလွန်နောက်ကျနေပြီဖြစ်သည်။ သူမတို့ မနက်ဖြန်မနက်ခင်း ဤနေရာလွတ်မှ ထွက်ရန် နည်းလမ်း ကြံဆဖို့နှင့် နောက်ထပ် အန္တရာယ်အသစ်များ ကြုံတွေ့လာနိုင်သေးသောကြောင့် အနားယူကာ အားမွေးထားဖို့က အလွန် အရေးကြီးပေသည်။

ထို့ကြောင့် ဟဲကျစ်ယန်၏ နှိုးဆော်မှုအောက်တွင် နှစ်ယောက်သား အိပ်ရာဝင်ခဲ့ကြသည်။

အိပ်ခန်းထဲတွင် အလွန်ကြီးမားသော နှစ်ယောက်အိပ်ကုတင်ကြီး ရှိနေသည်။ ပုံမှန်အတိုင်းပင် မော့ကျိုးယွီက အပြင်ဘက်တွင်အိပ်ပြီး ဟဲကျစ်ယန်က အတွင်းပိုင်းတွင် အိပ်သည်။

မည်သို့ပင်ဆိုပေ ဘေးချင်းကပ်လျက် အိပ်ရခြင်းမှာ ပထမဆုံး မဟုတ်သောကြောင့် ဟဲကျစ်ယန်ကတော့ ဘာမှထူးဆန်းနေသည်ဟု မခံစားရပေ။

နူးညံ့သော ကုတင်ကြီးပေါ်တွင် လဲလျောင်းရင်း မော့ကျိုးယွီ၏ အတွေးများမှာ ဟိုသည်ပြေးလွှားနေခဲ့သည်။

အခု သူမ၏ လျှို့ဝှက်ချက်အားလုံးကို သိသွားပြီဖြစ်သည်။

သို့သော် သူ နည်းနည်းလေးမှ စိတမသက်မသာ ဖြစ်တာမျိုး မရှိပေ။ ပြောင်းပြန်အနေနှင့် သူ ထိုအရာများကို အလွန်သဘောကျသည်။

သူမ၏ နေရာလွတ်ထဲက အရာအားလုံး ဟဲကျစ်ယန်ဆိုသည့် သူမပါ အပါအဝင် အရာအားလုံးက သူ့အတွက် အလွန်လှပနေသည်။

မော့ကျိုးယွီသည် သူ ဤကဲ့သို့သော အံ့ဩဖွယါကောင်းသည့် မိန်းကလေးနှင့် ဆုံနိုင်ခြင်းမှာ ကောင်းကင်ဘုံ၏ ကောင်းချီးဟု ခံစားလိုက်ရ၏။

တစ်ချိန်တည်းပင် သူသည် ဟဲကျစ်ယန်အတွက် သနားစိတ်ဝင်မိသွားသည်။

သူသည် ယခု လူတိုင်းက လေးစားရသော ကာကွယ်ရေးဝန်ကြီး မဟုတ်တော့ပေ။ ပြည်နှင်ဒဏ်ပေးခံရသော အပြစ်သားအဖြစ်သို့ လုံးလုံး ရောက်ရှိခဲ့ချေပြီ။

သူနှင့် သူ့မိသား‌စုကြောင့် ဟဲကျစ်ယန်ပါ ဒီကိစ္စထဲ ပတ်သက်လာပြီး ဤကဲ့သို့ နေရာတိုင်း ခက်ခဲပြီး အန္တရာယ်များသော ဘဝတွင် နေထိုင်ဖို့ ဖိအားပေးခံနေရသည်။

သူ့ဘေးမှ သူမ၏ အသက်ရှူသံလေး တည်ငြိမ်သွားသည်ကို နားထောင်ရင်း မော့ကျိုးယွီသည် ခေါင်းကို သူမဘက်သို့ လှည့်လိုက်သည်။

သူမ၏ တည်ငြိမ်အေးချမ်းစွာ အိပ်မောကျနေသော မျက်နှာလေးကိုကြည့်ကာ မော့ကျိုးယွီသည် နှလုံးသားထဲတွင် ကျိန်ဆိုလိုက်၏ - ကျန်ရှိနေတဲ့ သူ့ဘဝတစ်လျှောက်လုံး သူမလေး ဘာထိခိုက်နစ်နာမှုမျိုးမှ မရှိရစေရန် သူ့အစွမ်းဖြင့် ကာကွယ်နိုင်ဖို့ ဘာမဆိုလုပ်ဆောင်မည်ဖြစ်သည်။

….

တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီးနောက် ဟဲကျစ်ယန် မျက်လုံးဖွင့်လိုက်သောအခါ ၈ နာရီထိုးနေပြီဖြစ်သည်။

သူမ မနေ့ညက အရမ်းနောက်ကျမှ အိပ်မိလို့လား သို့မဟုတ် နေရာလွတ်ကပဲ အရမ်းသက်တောင့်သက်သာ ရှိနေလို့လား မပြောတတ်သော်လဲ နှစ်ဘဝလုံးတွင် သူမ ဒီမျှနောက်ကျသည်အထိ အိပ်ဖူးသည်မှာ ပထမဆုံး ဖြစ်သည်။

ဟဲကျစ်ယန်သည် သူမ၏ မှုန်ဝါးဝါးမျက်လုံးများကို ပွတ်ကာ ဘေးသို့လှည့်ကြည့်လိုက်သောအခါ မော့ကျိုးယွီက ဘေးနားတွင် ရှိမနေတော့ပေ။

အိပ်ရာမှထကာ ဖိနပ်စီးလိုက်ပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့သည် - မော့ကျိုးယွီမှာ မီးဖိုချောင်‌ထဲတွင် အလုပ်များနေခြင်းပင်။

မီးဖိုပေါ်က အိုးက အငွေ့တွေတက်လာပြီဖြစ်သည်။ မော့ကျိုးယွီက ထိုနေရာတွင် ခေါင်းငုံ့ကာ တစ်ခုခု လှီးနေသည်။

ထိုအရာကို မြင်သောအခါ ဟဲကျစ်ယန်သည် ဘာကြောင့်မှန်းမသိ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။

အိမ်နေရင်းအဝတ်အစားများ ဝတ်ထားပြီး မှင်ရောင်ဆံနွယ်ရှည်များက ရေတံခွန်အလား ကျောတွင်ဖြာကျနေကာ ခြေထောက်တွင် အိမ်နေရင်းစီးသည့် ဖိနပ်အကြီးကြီး နှစ်ခုကို စီးထားပြီး လက်ထဲတွင်တော့ မီးဖိုချောင်သုံးဓားကို ကိုင်ထားသည် ...။

အသံကြားသောအခါ မော့ကျိုးယွီက ခေါင်းမော့လာသည်။ သူ၏ နဂိုအေးစက်နေလေ့ရှိသော မျက်နှာသည် ချက်ချင်းပင် သူမအား နွေးထွေးသော အပြုံးလေးတစ်ခု လှစ်ဟပြလာခဲ့သည်။

“မင်း နိုးပြီလား။ မနက်စာက ရတော့မယ်”

ဤရိုးရှင်းသော စကားလုံးလေးနှင့် ဟဲကျစ်ယန်၏ နှလုံးသားမှာ ချက်ချင်းနူးညံ့သွားရသည်။

တီဗီရှိုးများတွင် ဤကဲ့သို့ အလားတူသော မြင်ကွင်းမျိုး မရေမတွက်နိုင်အောင် မြင်ခဲ့ဖူးပြီးဖြစ်သည်။ သူမ၏ လက်တွေ့ဘဝတွင်လဲ ထိုကဲ့သို့ ဆင်တူအရာမျိုး ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရုံသာ ဖြစ်သည်။

ဤလှပသော မြင်ကွင်းလေးကို မပျက်စီးစေရန်အတွက် “မင်္ဂလာနံနက်ခင်းပါ” ဟုပြောပြီးနောက် ဟဲကျစ်ယန်သည် ရေချိုးခန်းထဲဝင်ကာ ဆေးကြောသန့်စင်လိုက်သည်။

သူမ ကိုယ်လက်သန့်စင်ပြီး ထွက်လာသောအခါ မော့ကျိုးယွီက ထမင်းစား စားပွဲဆီသို့ ခေါက်ဆွဲပူပူပန်းကန်ကို သယ်လာသည်ကို မြင်လိုက်ရသည်။

သူသည် နှေးကွေးနေသော လှုပ်ရှားမှုကို မြင်လိုက်ရပြီး ဟဲကျစ်ယန်သည် ချက်ချင်းပင် သူ့ဒဏ်ရာများကို သတိရသွားခဲ့သည်။

သူမသည် ခြေလှမ်းကျယ်ကြီးများဖြင့် ပြေးသွားကာ မော့ကျိုးယွီလက်ထဲမှ ခေါက်ဆွဲကို ယူလိုက်သည်။

“ရှင့်မှာ ဒဏ်ရာတွေ ရှိနေသေးတယ်။ ကျွန်မ လုပ်မယ်”

တကယ်တော့ နာကျင်မှုကို တောင့်ခံရင်း ဒီအရာများ ချက်ပြုတ်ရသည်က မော့ကျိုးယွီအတွက် တကယ်ခက်ခဲသည်။

သူက တခြားအတွက် လုပ်ခြင်း မဟုတ်ပေ။ သူသည် ဟဲကျစ်ယန်ကို ကောင်းကောင်းထားချင်ပြီး၊ သေးငယ်သော အရာများနှင့် အသေးအဖွဲများက စကာ လုပ်ပေးချင်မိသည်။

မော့ကျိုးယွီ၏ ဒဏ်ရာများမှာ အတော်လေး နာကျင်သွားသညါ။ သူမ၏ အကူအညီကို မငြင်းတော့ဘဲ ဟဲကျစ်ယန်ကို ပြုံးပြကာ စိတ်ချထားဖို့ အကြည့်တစ်ချက်သာ ပေးလိုက်သည်။

“ဒါတွေက ပြင်ပဒဏ်ရာတွေပါပဲ။ ဒီလောက်လေးကတော့ ကိုယ့်အတွက် ဘာမှမဟုတ်ပါဘူး”

ဟဲကျစ်ယန်ကတော့ ထိုသို့မတွေးပေ။ သူမကိုယ်တိုင် သူ့ဒဏ်ရာတစ်ခုချင်းစီကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။

သူမကိုယ်တိုင် ထိုဒဏ်ရာတစ်ခုချင်းစီကို ချုပ်ပေးခဲ့ခြင်းဖြစ်သည်။ အဲ့ဒါတွေက ဘယ်လိုလုပ် ပြင်ပဒဏ်ရာလေးပဲ ဖြစ်နိုင်မှာလဲ။

သူက စေတနာကောင်းဖြင့် လုပ်ပေးခြင်းကိုတော့ ငြင်းပယ်မရပေ။ ဟဲကျစ်ယန်သည် ခေါက်ဆွဲ‌ကို စားပွဲပေါ်တင်ပြီးနောက် သူ့အား ဆေးကုသခန်းထဲသို့ ဆွဲခေါ်သွားလိုက်သည်။ သူ၏ အခြေအနေကို စစ်ဆေးပေးရုံသာမက အဝတ်အစားများလဲ လဲစေချင်ခဲ့သည်။

မော့ကျိုးယွီက မတုန်မလှုပ်ပင်။ သူသည် ဟဲကျစ်ယန် ခေါက်ဆွဲကို ကုန်အောင် စားပြီးမှ သူ့ဒဏ်ရာများကို စစ်ဆေးဖို့ ခေါင်းမာစွာ ပြောနေခဲ့သည်။

ဟဲကျစ်ယန်သည် သူ၏ စေတနာကောင်းလေးကို စိတ်ပျက်မသွားစေချင်ပေ။ သူမသည် မီးဖိုချောင်ထဲသွားကာ ခေါက်ဆွဲ နောက်ထပ် တစ်ပန်းကန်ပါ ယူလာခဲ့ပြီး နှစ်ယောက်သား အတူတူထိုင်ကာ ခေါက်ဆွဲများ စားလိုက်ကြ၏။

ခေါက်ဆွဲ၏ အရသာမှာ အထူးတလည်ဖြစ်မနေပေ။ သို့သော် ခေါက်ဆွဲထဲရှိ ကြက်ဥနှင့် အသီးအရွက်လို အသေးစိတ်လေးများကြောင့် ဒီလူက ခေါက်ဆွဲလုပ်နေစဉ် သေချာလေး ဂရုတစိုက်လုပ်ခဲ့ကြောင်း ပြောနိုင်ပေသည်။

မော့ကျိုးယွီသည် သူ့လက်ရာက သိပ်မကောင်းဘူးဟု ခံစားခဲ့ရသည်။

အနာဂတ်တွင် အခွင့်အရေးရှိလာပါက သူ ဟင်းချက်သင်ယူဦးမည်ဟု တွေးထားလိုက်သည်။

ဟဲကျစ်ယန်က မော့ကျိုးယွီကို အဝတ်အစားလဲဖို့ ကူညီပေးပြီးသည်နှင့် သူ့ကို အကြောဆေး တစ်လုံး ချိတ်ပေးလိုက်သည်။

“မြေပေါ်ရောက်တဲ့အထိ အောက်ဆင်းကြည့်ဖို့ စီစဉ်ထားတာ။ ပြီးရင် ကျွန်မ ရှင့်ကို အပြင်ထွက်ဖို့ ပြန်လာခေါ်မယ်နော်”

မော့ကျိုးယွိသည် သူ၏ လက်ရှိအခြေအနေအရ ဟဲကျစ်ယနါကို သယ်ဆောင်ပြီး အမြင့်‌တစ်နေရာမှ လုံလုံခြုံခြုံနှင့် မြေပေါ်ဆင်းသက်ဖို့ မဖြစ်နိုင်ကြောင်း သိပေသည်။

သူတို့ တစ်ရက်နှင့်တစ်ညတိတိ ပျောက်နေခဲ့သည်ကို ပြန်စဉ်းစားလျှင် မိသားစုက အမှန်တကယ် စိတ်ပူနေလိမ့်မည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူ မငြင်းလိုက်တော့ပေ။

နောက်ဆုံးတော့ သူသည် ဤနေရာလွတ်၏ တည်ရှိမှု‌ကိုနားလည်ကာ ဟဲကျစ်ယန်၏ နည်လမ်းများကိုလဲ သဘောတူခဲ့သည်။

“ကောင်းပြီ၊ မင်း သေချာဂရုစိုက်ရမယ်နော်။ မဖြစ်နိုင်ဘူးဆိုရင် ကိုယ့်ရဲ့ ဒဏ်ရာတွေ ပျောက်သွားမှ နောက်ထပ်တစ်နည်း စဉ်းစားကြမယ်”

***

All Chapters