မသေချင်ဘူး၊ သေလို့လဲမရဘူး။
Vol. 8 Ch. 104
ဟဲကျစ်ယန်သည် ရပ်လိုက်ပြီး မော့ကျိုးယွီကို လှမ်းကြည့်လိုက်သည်။
မူလကိုယ်သူ နန်းတွင်းကိစ္စများနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် မသိသောကြောင့် ဤကိစ္စစစ်မှန်ကြောင်း ဆုံးဖြတ်ရန် မော့ကျိုးယွီ၏ အတည်ပြုချက် လိုပေသည်။
မော့ကျိုးယွီက ရှေ့တက်လာသည်။ “မင်းပြောတာ မင်းသားဟန်က ငါ့ကိုလုပ်ကြံဖို့ လူတွေလွှတ်လိုက်တာပေါ့။ မင်းမှာ သက်သေရှိလို့လား”
အနက်ရောင်ဝတ်လူမှာ သေချင်နေပြီဖြစ်ဟောကြောင့် ဘာကိုမှ မဖုံးကွယ်ထားတော့ပေ။
“ခုနက ငါ့ရှေ့မှာ သေသွားတဲ့လူက အဖွဲ့ခေါင်းဆောင်ပဲ။ သူ့မှာ မင်းသားဟန်ရဲ့ တံဆိပ်ပြား ရှိတယ်”
ထိုစကားကိုကြားသောအခါ ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ထွက်သွားကာ သူမ သတ်ခဲ့သော အနက်ရောင်ဝတ် လူအနည်းငယ်ကို ရှာဖွေခဲ့သည်။
သေချာပေါက်ပင်၊ လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ဟန်ဟု ရှင်းရှင်းလင်းလင်း ထွင်းထားသော ငွေတံဆိပ်ပြားလေး တစ်ခုကို ရှာတွေ့ခဲ့သည်။
သူမသည် တံဆိပ်ပြားကို ယူကာ နေရာလွတ်ထဲသို့ပြန်ပြီး မော့ကျိုးယွီကို ပေးလိုက်သည်။
မော့ကျိုးယွီသည် တံဆိပ်ပြားကိုယူကာ စစ်ကြည့်လိုက်ပြီးမှ ဟဲကျစ်ယန်ကို ခေါင်းငြိမ့်ပြလိုက်သည်။
ဟဲကျစ်ယန်သည် ချက်ချင်းနားလည်သွားကာ အနက်ရောင်ဝတ်လူကို နေရာလွတ်ထဲမှ ဆွဲထုတ်လိုက်သည်။
ရန်သူကို ရင်ဆိုင်နေရသည်ဖြစ်သော်လဲ ဟဲကျစ်ယန်သည် ကတိတည်ကာ ထိုလူအား တစ်ချက်ထဲဖြင့် ဘဝကူးပေးလိုက်တော့သည်။
နေရာလွတ်ထဲသို့ ပြန်လာသောအခါ သူမက မော့ကျိုးယွီကို မေးလိုက်သည်။ “ရှင်နဲ့ မင်းသားဟန်က အငြှိုးအတေးတွေ ရှိတာလား”
မော့ကျိုးယွီသည် ကိုယ့်ကိုယ်ကို အပြစ်တင်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“နန်းတွင်းရုံးတော်က လူအားလုံး ကိုယ်က ငယ်ငယ်လေးကတည်းက နန်ချီနဲ့ လေးနက်တဲ့ သူငယ်ချင်း ဆက်ဆံရေး ရှိကြတာကို သိကြတယ်။ တစ်ခြားမင်းသားတွေက ကိုယ့်ကို မျက်စိစပါးမွှေးစူးကြတာ ပုံမှန်ပါပဲ။
မင်းသားဟန်က ကိုယ်နဲ့ နန်ချီကြားက စိတ်ဝမ်းကွဲမှုကြီးကို မသိသေးဘူး။ ကိုယ် တစ်ရက်ကျ နန်းတော်ကို ပြန်လာနိုင်မှာ စိတ်ပူပြီး အခု အားနည်းတဲ့ အချိန်ကတည်းက ရှင်းပစ်ထားချင်တာ နားလည်လို့ ရပါတယ်”
ထိုရှင်းပြချက်ကြောင့် ဟဲကျစ်ယန်လဲ နားလည်သွားသည်။
မော့မိသားစု၏ ပိုင်ဆိုင်မှုများ အသိမ်းခံရခြင်းနှင့် ပြည်နှင်ဒဏ်ပေးခံရခြင်းမှာ မင်းသားဟန်၏ တွန်းအားပေးမှု မရှိဘဲ ဖြစ်မလာနိုင်ပေ။
“ဒီလိုသာဆိုရင် မင်းသားဟန်ရဲ့ ပထမဆုံး လုပ်ကြံမှုက ရှုံးနိမ့်သွားပြီဆိုတော့ သူက သေချာပေါက် လုပ်ကြံသူတွေ ထပ်ပို့ဦးမှာပဲ။ ကြည့်ရတာ အနာဂတ်မှာ ကျွန်မတို့တွေ သတိနည်းနည်းလေးမှ လွတ်လို့ မဖြစ်တော့ဘူး”
ထိုအရာက မော့ကျိုးယွီ စိုးရိမ်နေသောအရာပင်။
သူတစ်ယောက်တည်းဆိုလျှင် ရင်ဆိုင်ရလွယ်သည်။ အဆိုးဆုံးမှ ထိုလူများကိုပါ အပါခေါ်သွားပြီး သေဆုံးခြင်းပင်။
သို့သော် မော့မိသားစု အမျိုးသမီးများနှင့် ကလေးတို့အတွက်၊ အခု သူ တစ်ဘဝစာလုံး ကာကွယ်ချင်သော အမျိုးသမီးလေးအတွက်၊ မော့ကျိုးယွီ သေလဲမသေချင်သလို သေလဲမသေနိုင်ပေ။
“အခု မင်းသားဟန် ကိုယ့်ကို ထပ်ပြီးလုပ်ကြံမှာကို တားဆီးဖို့အကောင်းဆုံးနည်းက ကိုယ်နဲ့နန်ချီတို့ ကွဲသွားကြပြီဆိုတာကို သတင်းဖြန့်ဖို့ပဲ”
ဟဲကျစ်ယန် ခေါင်းငြိမ့်လိုက်သည်။
“အဲ့ဒါ အကြံကောင်းပဲ။ မင်းသားဟန်က ရှင်နဲ့ နန်ချီရဲ့ဆက်ဆံရေးကြောင့်သာ စိတ်ပူနေတာ။ ရှင်နဲ့နန်ချီသာ အဆက်အသွယ်ပျက်ဆီးသွားကြပြီလို့ သူယုံကြည်သွားရင် ရှင့်ကို သူ အရမ်းကြီး စောင့်ကြည့်တော့မှာ မဟုတ်ဘူး။
ပြီးတော့ သူ ဒီလောက် လူအများကြီးဆုံးရှုံးထားတာ နောက်ထပ်လူတွေ မပို့ခင်တော့ သေချာပေါက် ကိစ္စတွေကို ချိန်ဆဦးမှာပဲ”
ထိုအရာက ယုတ္တိရှိသည်။ သို့သော် သူမတို့နှစ်ယောက်လုံး ခက်ခဲသည်ဟု ခံစားလိုက်ရ၏။ နန်ချီနဲ့ သူနဲ့ တကယ်ပဲ ကွဲကွာသွားကြပြီဆိုတာကို မင်းသားဟန် ယုံကြည်အောင် ဘယ်လိုလုပ်ရမှာလဲ။
ထပ်တွေးကြည့်သော်လဲ နှစ်ယောက်လုံး သင့်တော်သော အကြံဉာဏ်ထွက်မလာပေ။
သူမတို့မိသားစုက သူမတို့ကို စိုးရိမ်နေဦးမှာကို တွေးကြည့်လိုက်သောအခါ ဤနေရာမှ ထွက်ဖို့က ပထမ ဦးစားပေး ဖြစ်သည်။
မော့ကျိုးယွီ၏ ဒဏ်ရာများကြောင့် လှုပ်ရှားဖို့မလွယ်ကူရာ ဟဲကျစ်ယန်သည် သု့ကို နေရာလွတ်ထဲတွင် ခဏထားခဲ့ပြီး သူမ တစ်ယောက်ထဲ အပြင်ထွက်ကာ လမ်းရှာဖို့ ဆုံးဖြတ်လိုက်သည်။
ပထမတော့ မော့ကျိုးယွီက သဘောမတူပေ။ သူသည် ဟဲကျစ်ယန်က တောကြီးမျက်မည်းထဲတွင် အကူအညီမရှိဘဲ အန္တရာယ်ကြုံနေမှာကို တကယ်စိတ်ပူမိသည်။
ဟဲကျစ်ယန်သည် သူမ အန္တရာယ်နှင့် ကြုံရပါက ချက်ချင်း နေရာလွတ်ထဲသို့ ပြန်ဆုတ်လာမည်ဖြစ်ကြောင်း အာမခံခဲ့သဘ်။
နေရာလွတ်၏ မှော်အစွမ်းကြောင့် မော့ကျိုးယွီမှာ အနည်းငယ် စိတ်သက်သာ သွားရ၏။
သူမကို သတိထားဖို့ သေချာပြောပြီးနောက် ထွက်ခွာခွင့် ပေးလိုက်သည်။
ဟဲကျစ်ယန်သည် နေရာလွတ်မှထွက်ကာ အနက်ရောင်ဝတ်လူများ၏ ခန္ဓာကိုယ်များကို တစ်ဖန်ရှာဖွေကာ သူတို့ပိုင်ဆုင်သော ပစ္စည်းအားလုံးကို ယူခဲ့ပြီး ထိုလူများ လာခဲ့သော လမ်းကြောင်းမှတစ်ဆင့် သွားလိုက်သည်။
အပြင်ဘက်သို့ ပြန်ထွက်မည့် လမ်းတစ်ခု ရှိရမည်ဟု သူမ ယုံကြည်ပေသည်။ မဟုတ်ပါက ဒီအနက်ရောင်ဝတ်လူတွေ ဒီနေရာထိ ဘယ်လိုလုပ် ရောက်လာနိုင်ပါ့မလဲ။
ဟဲကျစ်ယန်သည် စစ်တပ်သုံးဘက်စုံဓားကို နေရာလွတ်ထဲမှယူလိုက်ကာ လမ်းကြောင်းရှင်းလိုက်သည်။ သူမသည် ဆူးများဖြင့် ခြစ်မိမည်ကို ရှောင်ရှားရင်း ခြေထောက်အောက်မှ ပိုးကောင်များ မြွေများကိုလဲ ကြည့်ရှုရှောင်တိမ်းနေရသည် ...
အချိန်က အာရုံတက်ချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။
မော့မိသားစုများမှာ တစ်ညလုံး အိပ်မပျော်နိုင်ပေ။
ဖမ်းဝမ်က အဖွဲ့များကို ဆက်သွားဖို့ လက်ယပ်ခေါ်သောအခါ သခင်မကြီးမော့က လုံးဝမသွားပေ။
“ခေါင်းဆောင်ဖမ်း၊ ကျွန်မသားနဲ့ ချွေးမလေးက သေလားရှင်လား မသိရသေးဘူး။ ကျွန်မ မသွားနိုင်ပါဘူး”
မရီးများနှင့် မော့ဟန်ယွဲ့တို့သည်လည်း ထိုအရာကို မြင်သောအခါ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ ပြန်လာမည်အထိ စောင့်မည်ဖြစ်ကြောငိး သဘောထားကို ဖော်ထုတ်လာကြသည်။ ဤနေရာတွင် ကြာပွတ်ဖြင့် သေအောင်ရိုပ်ခံရမည်ဆိုလျှင်တောင် မသွားနိုင်ပေ။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ကြောင့် ဖမ်းဝမ်၏ မော့မိသားစုအပေါ် သဘောထားမှာ သင့်တင့်လျောက်ပတ်သည်။
“ဆန်းတာ့ကျိုး သူတို့ကို သွားရှာပြီး သုံးရက်အတွင်း ငါတို့နဲ့ အမှီလိုက်လာဖို့ မှာခဲ့ပြီးပြီ။ သုံးရက်အတွင်း သူတို့ သေလား ရှင်လားဆိုတာ သိရလိမ့်မယ်။ မင်းတို့ ဒီမှာစောင့်နေတာ ဘာအကျိုးမှ မရှိဘူး။ လမ်းကို မြန်မြန်သွားတာ ပိုကောင်းတယ်”
သို့သော် သူ့စကားလုံးများက မော့မိသားစု အမျိုးသမီးများအတွက် အသုံးမဝင်ခဲ့ပေ။
သခင်မကြီးမော့ ဦးဆောင်သော တစ်ခြားအမျိုးသမီးများသည် ထွက်သွားဖို့ကို ငြင်းဆန်နေကြဆဲပင်။
အရာရှိများက ကြာပွတ်ဖြင့်ရိုက်ရန် ချိန်ရွယ်သည်ကိုတောင် နည်းနည်းလေးမှ မမှုပေ။
ဖန့်ချွမ်ကျိုးနှင့် ရှဲ့ထျန်းဟိုင်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကာ မော့မိသားစုရှိရာသို့ လာခဲ့ကြသည်။
နှစ်ယောက်သား ဖမ်းဝမ်ကို လေးစားစွာ ဂါရဝပြုလိုက်၏။
ထို့နောက် ဖန့်ချွမ်ကျိုးက ဖြောင့်မတ်စွာ ပြောလိုက်သည်။ “အရာရှိကြီး၊ မော့မိသားစုက ဒီခရီးတစ်လျှောက်လုံး ကျွန်တော်တို့ ဖန့်မိသားစုကို ကြင်နာမှုပြသခဲ့ပြီး ကျွန်တော်ကိုယ်တိုက်ကလဲ မော့မိသားစုကို တစ်ဘဝလုံး စကားနားထောင်မယ်လို့ ပြောခဲ့ဖူးပါတယ်။ အခု ဒီဇနီးမောင်နှံက သေမလား ရှင်မလား မသိ ဖြစ်နေတာဆိုတော့ ကျွန်တော်တို့က မော့မိသားစုနဲ့အတူ ဒီမှာ စောင့်နေချင်ပါတယ်”
ရှဲ့ထျန်းဟိုင်ကလဲ ရှေ့သို့တက်ကာ ပြောလိုပ်သည်။ “အရာရှိကြီး၊ ကျွန်တော်တို့ ရှဲ့မိသားစုကလဲ မော့မိသားစုရဲ့ ကံကြမ္မာကို ခွဲဝေယူပါမယ်”
ဖမ်းဝမ်သည် ပြည်နှင်ဒဏ်ပေး အရာရှိဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လဲ ဤကဲ့သို့သော အရာမျိုးကို ပထမဆုံး ကြုံတွေ့ဖူးခြင်းပင်။
သူ့ဒေါသက ချက်ချင်းပင် ထိုးတက်လာသည်။ သူသည် ကျန်းချင်၏ လက်ထဲမှ ကြာပွတ်ကို ဆွဲယူကာ ဖန့်ချွမ်ကျိုးနှင့် ရှဲ့ထျန်းဟိုင်တို့ကို အားပြင်းပြင်း ရိုက်ချလိုက်သည်။
ထိုလူများက မော့မိသားစု၏ ကိစ္စကြောင့် အပြစ်ပေးခံနေရသည်ကို မြင်သောအခါ သခင်မကြီးမော့သည် ချက်ချင်းပင် သူ့တို့ရှေ့သို့ ပြေးသွားလိုက်၏။
မော့မိသားစုမှ အမျိုးသမီးများသည်လဲ သခင်မကြီးမော့နှင့် ကပ်ပါလာကာ ဖန့်ချွမ်ကျိုးနှင့် ရှဲ့ထျန်းဟိုင်ကို သူမတို့နောက်တွင် ကာကွယ်ပေးထားလိုက်ကြသည်။
တစ်ချိန်တည်းပင် ဖန့်မိသားစုနှင့် ရှဲ့မိသားစုဝင်များလဲ ရောက်လာကြပြီး အရာရှိများကို အတူတူ ဖျောင်းဖျကြရန် ပြင်ဆင်လိုက်ကြသည်။
ဟယ်မိသားစုကတော့ ထိုမြင်ကွင်းကို ခပ်ဝေးဝေးမှ စိတ်မဝင်စားစွာ ကြည့်နေခဲ့ကြသည်။
ဖမ်းဝမ်သည် ဤအကျဉ်းသားများက တကယ်ကြီးပြောနေတာဖြစ်ကြောင်း သိပေသည်။ သူ အရာရှိအားလုံးကို ဝိုင်းရိုပ်ခိုင်းလျှင်ပင် ဤလူများ၏ ဆုံးဖြတ်ချက်ကို မကိုင်လှုပ်နိုင်ကြောင်း သေချာသိပေသည်။
သူတို့ မသွားဘူးဆိုတာ သူသိသော်လဲ အရာရှိတစ်ယောက်အနေနှငိ့ မျက်နှာပျက်လို့တော့ မရပေ။
သူသည် ကြာပွတ်ကိုမြှောက်ကာ သူနှင့်အနီးဆုံးဖြစ်သော မော့မိသားစု၏ တတိယချွေးမကို အားပြင်းပြင်း ရိုက်ချလိုက်သည်။
တတိယမရီးသည် နာကင်ျမှုကြောင့် အော်လဲမအော်သလို ရှောင်တိမ်းဖို့လဲ အစီအစဉ်မရှိပေ။ သူမ၏ အကြည့်များမှာ ကံကြမ္မာကို လက်ခံထားပြီးသားဖြစ်ပြီး ခိုင်မာစွာ တည်ရှိနေသည်။
ထိုအရာကိုမြင်သောအခါ တစ်ခြားအမျိုးသမီးများက တတိယမရီးကို ကာကွယ်ရန် ရောက်လာကြသည်။
သူ့ဒေါသဖြင့်ပင် ဖမ်းဝမ်သည် ဤ မော့အမျိုးသမီးများ၏ သေခြင်းတရားကို လက်ခံထားမှုကြီးကို အံ့ဩမိနေဆဲပင်။
မော့မိသားစု၏ တိုက်ပွဲဝင်ယောက်ျားသားများပင်ဖြစ်စေ ဤအင်အားမရှိသော အမျိုးသမီးများဖြစ်စေ သူတို့က တကယ်ကို လေးစားစရာကောင်းသည်ကိုတော့ သူ ဝန်ခံရပေမည်။
သက်ပြင်းတစ်ချက် ချလိုက်ပြီး ဖမ်းဝမ်သည် လက်ထဲမှကြာပွတ်ကို အဝေးသို့ လွှင့်ပစ်လိုပ်သည်။
“ဒါဆိုလဲ စောင့်ကြ။ သုံးရက်ပဲရမယ်။ သုံးရက်ကြာလို့မှ သူတို့ ပြန်မလာဘူးဆိုရင် ငါ မင်းတို့အားလုံးကို ဆွဲခေါ်သွားရရင်တောင် ငါ့မှာ ဆွဲခေါ်သွားဖို့ လူအလုံအလောက်ရှိတယ်”
“ခေါင်းဆောင်ဖမ်းရဲ့ စဉ်းစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ သုံးရက်ဆို လုံလောက်ပါပြီ” သခင်မကြီးမော့သည် ဖမ်းဝမ်အား လေးနက်စွာ ဂါရဝပြုလိုက်သည်။
သူမ၏သားနှင့် ချွေးမသာ အသက်ရှင်နေသေးပါက သူတို့ သေချာပေါက် ၃ ရက်အတွင်း ပြန်လာပြီး သူမတို့ကို လာတွေ့မည်ဖြစ်ကြောင်း သူမက တစ်ခြားလူများထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိပေသည်။
ထိုဟို့မဟုတ်လျှင်တော့ သူတို့ သေဆုံးသွားတာ ဖြစ်နိုင်သည်။
အခုအချိန်တွင် သခင်မကြီးမော့သည် သူတို့ အသက်ရှင်နေဖို့ ကောင်းကင်ဘုံကိုသာ တောင်းဆုပြုနိုင်ပေမည်။
***