မင်းသဘောကျရင် ကိုယ်လုပ်မှာပေါ့
Vol. 8 Ch. 108
ဟဲကျစ်ယန်၏ ဒေါသများ မြင့်တက်သွားကာ ရှေ့သို့တက်သွားလိုက်သည်။
သူမသည် ထိုသခင်လေး၏ အင်္ကျီကော်လာကိုဆွဲကာ အဆက်မပြတ် ပါးရိုက်တော့သည်။
“ဒါ ပါးစပ်စည်းမစောင့်တဲ့ အပြစ်ပဲ။ အခုကစပြီး မှတ်ထားစမ်း။ မိန်းကလေး တစ်ယောက်ကို တွေ့ရင် ရှောင်ကွင်းသွား။ မဟုတ်ရင် ငါ နင့်ကို တွေ့တိုင်း ရိုက်ပစ်မယ်”
ထိုအချိန်တွင် ပွဲကြည့်သူများ စည်ကားနေပြီဖြစ်သည်။
သူတို့စိတ်ထဲတွင် နှစ်ထောင်းအားရဖြစ်သော်လဲ ဤအကြောက်အရွံ့မရှိသော မိန်းကလေးအတွက် စိတ်လဲပူနေကြသည်။
ဤသခင်လေးသည် ဖင်းရန်ကောင်တီတွင် မောက်မာစွာ ပြုမူလေ့ရှိပြီး နေရာတိုင်း မိန်းကလေးရော ယောက်ျားလေးပါမချန် အနိုင်ကျင့်ခြင်းကြောင့် လူသိများလှသည်။ သူ့ဖခင်သည် ဖင်းရန်ကောင်တီဝန်ဖြစ်သောကြောင့် သူ့အတွက် အကုန်ဖုံးဖိပေးထားသည်။ သာမန်ပြည်သူများမှာ သူနှင့်တွေ့လျှင် အလွန်သနားစရာကောင်းလှသည်။
ယနေ့တော့ သူ အရှက်တကွဲ အရိုက်ခံနေရသည်ကိုကြည့်ကာ ဘယ်သူကများ မပျော်ဘဲနေပါ့မလဲ။
ဟဲကျစ်ယန်က ရိုက်နှက်နေသည်ကို ရပ်ဖို့စိတ်ကူးမရှိသောကြောင့် ကြင်နာတတ်သော မိန်းမကြီးတစ်ယောက်က သူမကို ဖျောင်းဖျရန် ရှေ့သို့တိုးလာသည်။
“မိန်းကလေး၊ ဒေါသကိုလျှော့ပြီး မြန်မြန်ပြေးတော့။ သူ့လူတွေရောက်လာရင် သမီးပြေးချင်ရင်တောင် မလွတ်ဘဲ နေလိမ့်မယ်”
ဟဲကျစ်ယန်လဲ ရိုက်ပုတ်ရတာ မောလာသောကြောင့် မတ်တပ်ရပ်လိုက်သည်။
“ဒေါ်လေး၊ ဒီလူက ဘယ်သူလဲ ဘာလို့ နေ့ခင်းကြောင်တောင်ကြီးမှာတောင် ဒီလောက်ရမ်းကားရဲနေရတာလဲ”
ထိုမိန်းမကြီးသည် ပတ်ဝန်းကျင်းကို သတိဖြင့်ကြည့်လိုက်ပြီးမှ တိုးတိုးလေး ပြောပြလိုက်သည်။
“မိန်းကလေးက မြို့အပြင်ကလူဖြစ်မယ်ထင်တယ်။ ဒါက ဒေါ်လေးတို့ ဖင်းရန်ကောင်တီဝန်ရဲ့ တစ်ဦးတည်းသောသားပဲ။ နာမည်က ဆန်းကျားပေါင်တဲ့။ ဒေါ်လေးပြောတာ နားထောင်ပြီး အရာရှိတွေ ရောက်မလာခင် ဒီကနေ မြန်မြန်ထွက်သွားတော့”
ဟဲကျစ်ယန်က ခေါင်းငြိမ့်လိုက်သည်။ “ဒေါ်လေးရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
မြို့ထဲဝင်ပြီးနောက် ပြဿနာဖြစ်စေဖို့က သူမ၏ မူလရည်ရွယ်ချက် မဟုတ်သော်လဲ ကိစ္စများက ဖြစ်ပြီးနေပြီဖြစ်သည်။ သူမ မလုပ်ရသေးသော အရာများလဲ ရှိသေးသည်။ ဘယ်လိုလုပ် ဒီတိုင်းထွက်သွားနိုင်ပါ့မလဲ။
ဟဲကျစ်ယန်သည် လူအုပ်ကြားထဲမှ တိုးထွက်ကာ မြို့ထဲသို့ လမ်းလျှောက်သွားလိုက်သည်။
မီတာတစ်ရာကျော် အကွာတွင် ဓားကြီးများကိုင်ဆောင်ထားသည့် မင်းမှုထမ်းများက ဆန်းကျားပေါင်ရှိသည့်ဘက်သို့ လာနေသည်ကို မြင်လိုက်ရ၏။
ဟဲကျစ်ယန်သည် သူမ လမ်းမြန်မြန်လျှောက်ခဲ့သောကြောင့် ကံကောင်းသွားသည်။ သူမသာ ထိုလူများနှင် ထိပ်တိုက်တွေ့ပါက ပြဿနာ တော်တော်များမှာပင်။
သူမ ထိန်းသိမ်းခံရမှာကို မကြောက်သော်လဲ ပြဿနာဖြစ်ရသည်ကို မနှစ်သက်ပေ။
ထိုအကြောင်း တွေးကြည့်ပြီးနောက် ဟဲကျစ်ယန်သည် မြန်မြန်သွက်သွက်လျှောက်ပြီး လမ်းကြားတစ်ခုထဲ ချိုးဝင်လိုက်ကာ နေရာလွတ်ထဲသို့ ဝင်ရောက်လိုက်သည်။
ဆန်းကျားပေါင်ကို ဖြေရှင်းပြီးနောက် ထိုအရာက သူမဘက်မှ တစ်ဖက်သတ် ရိုက်နှက်ခဲ့ခြင်း ဖြစ်သော်လဲ သူမ အင်္ကျီနှင့် ဆံပင်များမှာ နည်းနည်းရှုပ်ပွသွားခဲ့သည်။
သူမပုံစံကို မြင်လိုက်ရသောအခါ မော့ကျိုးယွီသည် ချက်ချက်းပင် စိုးရိမ်သွားမိ၏။
“ဘာဖြစ်ခဲ့တာလဲ”
ဟဲကျစ်ယန်က ပုခုံးတွန့်ပြလိုက်သည်။ “ကျွန်မ လူဆိုးတစ်ယောက်နဲ့တွေ့ပြီး သူ့ကို သင်ခန်းစာပေးခဲ့တာ။ ဒါပါပဲ”
သူမက အပေါ်ယံသာ ပြောလိုက်သော်လဲ မော့ကျိုးယွီကတော့ စိတ်မအေးနိုင်ဘဲ အသေးစိတ်ကို ဆက်မေးနေခဲ့သည်။
ဟဲကျစ်ယန်လည်း ရွေးချယ်စရာမရှိတော့ဘဲ ဆန်းကျားပေါင်ကို ရိုက်နှက်ခဲ့သည့်အကြောင်း ထုတ်ပြောရတော့သည်။
မော့ကျိုးယွီ ဒေါသထွက်လွန်းသဖြင့် မျက်နှာမှာ နီရဲနေသည်။ သူ ချက်ချင်းပဲ ထွက်သွားပြီး ဆန်းကျားပေါင်ကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် လုပ်ပစ်ချင်မိသည်။
သူ့အမျိုးသမီးကို တကယ်ပဲ ထိပါးရဲတယ်ပေါ့။ တကယ်ကို အသက်ဆက်မရှင်ချင်တော့တာပဲ။
သို့သော် သူ၏လက်ရှိအခြေအနေကို သူကိုယ်တိုင် အနားလည်ဆုံးဖြစ်သောကြောင့် သူ့ဒေါသများကိုသာ အကောင်းဆုံး ဖိနှိပ်ထားလိုက်ရသည်။
မော့ကျိုးယွီ ဒေါသထွက်နေသည်ကို မြင်သောအခါ ဟဲကျစ်ယန်က နှစ်သိမ့်လိုက်သည်။ “စိတ်မဆိုးပါနဲ့တော့။ ကျွန်မလဲ ဘာမှမဖြစ်ခဲ့ဘူးလေ”
မော့ကျိုးယွီက ဘာအသံမှ မပြုတော့ပေ။ သူကိုယ်တိုက်လဲ အခု ဘာမှမလုပ်နိုင်သေးသောကြောင့် အများကြီးပြောနေလဲ အသုံးမဝင်နိုင်ပေ။
ဟဲကျစ်ယန်၏ ရည်ရွယ်ချက်တစ်ခုမှာ ထိုအမှုထမ်းများကို ရှောင်တိမ်းရန်ဖြစ်ပြီး နောက်တစ်ခုမှာ မော့ကျိုးယွီကို စစ်ဆေးရန်နှင့် သူမ အဝတ်အစားများကို လဲလှယ်ရန်ဖြစ်သည်။
မော့ကျိုးယွီရှေ့တွင် ဟဲကျစ်ယန်သည် ထောင်းပေါင်မှ ယောက်ျားလေးဝတ် ဝတ်စုံ တစ်စုံကို ဝယ်လိုက်သည်။
ရေချိုးခန်းထဲတွင် ရိုးရိုးရှင်းရှင်း ဆေးကြောပြီးနောက် ယောက်ျားလေးအဝတ်အစားများ လဲဝတ်လိုက်ကာ သူမကိုယ်သူမ ယောက်ျားလေးနှင့် ပိုတူစေရန် မိတ်ကပ်တချို့ လိမ်းလိုက်သည်။
သူမ၏ မျက်ခုံးမွှေးများကို ထူထူဆွဲလိုက်ကာ နှုတ်ခမ်းပိုလဲ ပိုကြီးအောင်လုပ်လိုက်ပြီး မျက်နှာကိုလဲ အသားညိုသည့် ပုံစံပြောင်းလဲကာ နှုတ်ခမ်းမွှေးခပ်ပါးပါးကို တပ်လိုက်သည်။
အကုန်ပြင်ဆင်ပြီးနောက် ဟဲကျစ်ယန်သည် အခန်းအပြင်သို့ ထွက်လာခဲ့၏။
မော့ကျိုးယွီသည်ပင် သူမပုံစံကြောင့် အံ့အားသင့်သွားရသည်။
သူစိတ်ပူနေခဲ့သည်မှာ ဟဲကျစ်ယန်က ယောက်ျားလေးဝတ်စုံ ဝတ်လိုက်လျှင်ပင် သူမ၏ပုံစံက ယောက်ျားလေးနှင့် မတူသည့် အချက်ကို ဖြစ်သည်။ မထင်မှတ်ထားစွာပင် သူမ အပြင်သို့ထွက်လာသောအခါ သူတောင်မှ သူမကို မမှတ်မိနိုင်တော့ပေ။
သူတို့နှစ်ယောက်ထဲသာ နေရာလွတ်ထဲတွင် ရှိနေသော အချက်ကြောင့်သာ မဟုတ်ပါက မော့ကျိုးယွီ သေချာပေါက် ဘယ်သူလဲဟု မေးမိမှာပင်။
မော့ကျိုးယွီ၏ ပုံစံကိုကြည့်ကာ ဟဲကျစ်ယန်သည် သူမ၏ ရုပ်ဖျက်ခြင်းက အောင်မြင်သွားကြောင်း သိလိုက်သည်။
သူမသည် မော့ကျိုးယွီရှေ့တွင် ဂုဏ်ယူစွာ တစ်ပတ်လှည့်ပြလိုက်ပြီး ထို့နောက် ထိုင်ခုံတွင် ထိုင်ကာ ခြေထောက်တစ်ဖက်ကို ခပ်မိုက်မိုက် တင်ထားလိုက်မှာ ရယ်ချင်စရာပင်။
“သခင်ကြီး ပင်ပန်းနေပြီ။ လာနှိပ်ပေးဦး”
သူမ၏ ရယ်ရွှက်ဖွယ်ရာ ပုံစံလေးကြောင့် မော့ကျိုးယွီမှာ အကျယ်ကြီး အော်ရယ်မိမတတ်ပင်။
သို့သော်လဲ သူသည် ပူးပေါင်းစွာဖြင့် သူမ အနောက်တွင် သွားရပ်လိုက်သည်။
“ဟုတ်ကဲ့ သခင်ကြီး၊ ကျွန်တော်မျိုး ချက်ချင်းပဲ နှိပ်ပေးပါမယ်”
မော့ကျိုးယွီ ဒီလောက်ပေါ့ပေါ့ပါးပါးရှိသည်ကို ဟဲကျစ်ယန် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူမ မနေနိုင်ဘဲ အော်ရယ်လိုက်တော့သည်။
“ဟားဟားဟား ... မော့ကျိုးယွီ၊ ရှင့်ကို ကျွန်မနဲ့အတူ သရုပ်ဆောင်ခိုင်းဖို့ ဘယ်သူကများပြောလိုက်တာလဲ။ ကိုယ့်ကိုယ်ကို ရယ်ရလွန်းလို့ သေအောင်များ လုပ်နေသလား”
မော့ကျိုးယွီလဲ မနေနိုင်ဘဲ ပါးစပ်လေးများ အပေါ်မြှောက်လာအောင် ပြုံးမိတော့သည်။ သူ ပြောလိုက်သည့်အရာက ဟဲကျစ်ယန်ကို ပျော်အောင်လုပ်နိုင်ခဲ့သည်ပင်။
“မင်းသဘောကျရင် ကိုယ် လုပ်မှာပေါ့”
သူမတို့ လက်ထပ်ပြီးကတည်းက တစ်ယောက်နှင့်တစ်ယောက် ဒီလောက်ထိ သက်တောင့်သက်သာရှိသော အချိန်သည် ဤအချိန်က ပထမဆုံးဖြစ်ကြောင်း ဘယ်သူမှ သတိမထားမိခဲ့ကြပေ။
ခဏကြာ ရယ်မောပြီးနောက် ဟဲကျစ်ယန်သည် အချိန်ကျပြီဟု ခံစားရကာ နေရာလွတ်ထဲမှ ထွက်လိုက်သည်။
လမ်းကြားထဲမှ ထွက်လာသောအခါ လမ်းပေါ်တွင် လူများ စုရုံပြီး စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။
“ကောင်တီဝန်က သခင်လေးပေါင်ကို ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးကိုဖမ်းဖို့ တစ်မြို့လုံးကို လူတွေလွှတ်ပြီး ရှာခိုင်းနေတာတဲ့”
“အဲ့ဒီကောင်မလေးက တော်တော်ကို စွမ်းအားကြီးတာပဲ။ လူတွေအများကြီး ဒီလောက် လိုက်ရှာနေတာတောင် မတွေ့သေးဘူးတဲ့”
“သူမက မြို့ကထွက်သွားလောက်ပြီထင်တယ်။ သူမကို မြို့ထဲမှာ ရှာနေရင်တော့ ဘယ်လိုလုပ် တွေ့တော့မှာလဲ”
“အာ .. အဲ့ကောင်မလေးက မြို့ကထွက်သွားတာဖြစ်ဖို့ မျှော်လင့်တယ်။ သူမသာ ကောင်တီဝန်ရဲ့လူတွေလက်ထဲ ရောက်သွားခဲ့ရင် သေမယ်ဆိုတာ သေချာနေတယ်”
“…”
ဟဲကျစ်ယန်သည် လမ်းတစ်လျှောက် လျှောက်လာခဲ့သည်။ တစ်လမ်းလုံး သူမ ကြားခဲ့ရသည်မှာ သူမက ဆန်းကျားပေါင်ကို ရိုက်နှက်ခဲ့သည့်အကြောင်းပင်။
ထိုအရာသာမဟုတ်ဘဲ ဓားများကိုင်ဆောင်ထားသော လိုက်လံရှာဖွေသူများကိုလဲ နေရာအနှံ့တွေ့နေရသည်။
ဟဲကျစ်ယန်သည် ဘယ်သူကမှ သူမကို မမှတ်မိနိုင်ဘူးဟု ယုံကြည်ချက်ရှိသောကြောင့် လမ်းပေါ်တွင် အေးဆေးစွာ လမ်းလျှောက်နေခဲ့၏။
မှောင်ခါနီးပြီဖြစ်သည်။ ရထားလုံးတစ်ခု ငှားဖို့ကို မနက်ဖြန်မနက်မှသာ လုပ်နိုင်တော့မည်ဖြစ်သည်။
သူမ အခုလုပ်ရမည့်အရာမှာ ကောင်တီဝန်အကြောင်း စုံစမ်းဖို့ပင်။
ရှေးခေတ်အချိန်များတွင် သတင်းအချက်အလက်များစုံစမ်းဖို့ အကောင်းဆုံးနေရာမှာ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ဖြစ်သည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် ဧည့်သည်များစွာ ရှိနေသော လက်ဖက်ရည်ဆိုင်ကြီးကို ရွေးချယ်ကာ ပြတင်းပေါက်နားကခုံးကို ရွေးလိုက်ပြီး လက်ဖက်ရည်တစ်အိုးမှာကာ ဖြေးဖြေးချင်း သောက်ရင်း အေးအေးဆေးဆေး ထိုင်နေခဲ့သည်။
လက်ဖက်ရည်ဆိုင်ထဲတွင် ယနေ့ပြောနေကြသော အကြောင်းသည်လည်း အပြင်ကလူများ ပြောနေသည်နှင့် ဘာမှမကွဲပြားပေ။ ဆန်းကျားပေါင် အရိုက်ခံရသည့် အကြောင်းသာ ဖြစ်သည်။
ထိုလူများ၏ အသံကို ခန့်မှန်းရလျှင် ထိုအသံများထဲတွင် စိတ်ကျေနပ်နေသော သဲလွန်စလေးများ ပါနေသည်။
မြို့တော်ဝန်၏ အာဏာကို ကြောက်ရွံ့သောကြောင့်သာ တိုပ်ရိုက်မဖော်ပြရဲခြင်း ဖြစ်နိုင်ပေသည်။
ဤအချက်အလက်က ဟဲကျစ်ယန် လိုချင်သည်နှင့် မကိုက်ညီပေ။ သူမက ဤကောင်တီဝန်၏ အခြေအနေကို အဓိက နားလည်လိုခြင်း ဖြစ်သည်။
သူမ ထပြီး တခြားတစ်နေရာတွင် နားထောင်ဖို့ ပြင်လိုက်စဉ်တွင် လူအိုကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်က တံခါးဝမှ ဝင်လာခဲ့သည်။
လူအိုကြီးသည် အခန်းထဲကို လှည့်ပတ်ကြည့်လိုက်ပြီး ခုံများအားလုံး ပြည့်နေသည်ကို တွေ့လိုက်၏။ သူက ဟဲကျစ်ယန်ဆီသို့လာကာ မေးလိုက်သည်။ “ညီငယ်လေး၊ ကျွန်တော်တို့ရော အတူတူထိုင်လို့ရမလား”
ဟဲကျစ်ယန်သည် နေရာတွင် ပြန်ထိုင်လိုက်ကာ ထိုလူများကိုလဲ ထိုင်ရန် လက်ပြလိုက်သည်။
“ထိုင်ပါ ဦးလေး”
လူအိုကြီးသည် သူမက ယဉ်ကျေးကြောင်း သတိပြုလိုက်မိသညါ။ သူမကို ကျေးဇူးတင်ပြီးနောက် ကလေးအတွက် သူမနှင့် မျက်နှာချင်းဆိုင်မှ ခုံကို ဆွဲထုတ်ပေးလိုက်သည်။
ထို့နောက် စားပွဲထိုးကိုခေါ်ကာ လက်ဖက်ရည်တစ်အိုး မှာလိုက်သည်။
ဟဲကျစ်ယန်သည် အဘိုးကြီးထံမှ မေးမြန်းရန် ဘယ်လိုစကားစရမလဲဟု တွေးနေစဉ်တွင် ထိုလူဘက်မှ စပြောလာခဲ့သည်။
“ညီငယ်လေးရဲ့ လေသံကိုကြည့်ရတာ ဖင်းရန်ကောင်တီက မဟုတ်ဘူး ထင်တယ်နော်”
***