ရှင့်ကို ဒီမှာ ပြန်တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။
Vol. 8 Ch. 110
ဟဲကျစ်ယန်သည် အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ အခန်းထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။
ကောင်တီတစ်ခု၏ အကြီးအမှူးဖြစ်သောကြောင့် ဆန်းလင်းသည် ပြည်သူလူထုကို အနစ်နာခံစေကာ သူ့သားကို ဆိုးသွမ်းသူတစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ခဲ့သည်။ ဤကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသောလူသည် အရာရှိတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ပေ။
ထိုကြောင့် ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ဓားမြှောင်ကိုယူကာ ဆန်းလင်း၏ လျှာနှင့် လက်တို့ကို ဖြတ်ပစ်လိုက်သည်။
မသန်စွမ်း၊ စကားမပြောနိုင်တဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အရာရှိ ဆက်ဖြစ်နိုင်ဦးမလဲ သူမ မြင်ချင်သေးသည်။
အမျိုးသားများကို အနိုင်ကျင့်ကာ အမျိုးသမီးများကို နိုင်ထက်စီးနင်းလုပ်ပြီး မကောင်းတာမှန်သမျှ လုပ်နေသော ဆန်းကျားပေါင်အတွက်တော့ သူ့ရဲ့ ကျန်ရှိသည့် ဘဝတစ်လျှောက်လုံး ရူးသွားအောင် လုပ်ပစ်မည်ဖြစ်သည်။
ဟဲကျစ်ယန်သည် သူမကိုယ်တိုင် လုပ်ထားသော သိစိတ်မဲ့ အဆိပ်ကို ထုတ်လိုက်၏။
သိစိတ်မဲ့ အဆိပ်ထဲသို့ တခြားပါဝင်ပစ္စည်းတစ်ခု ပေါင်းထည့်လိုက်သည်နှင့် ဆန်းကျားပေါင် ကျန်ရှိသည့် ဘဝတစ်ခုလုံး အရူးဖြစ်သွားပေမည်။
ဆန်းကျားပေါင်က သတိမေ့နေသောကြောင့် ဟဲကျစ်ယန်သည် ပြင်ဆင်ထားသော ဆေးကို သူ့ခန္ဓာကိုယ်ထဲသို အပ်ဖြင့် တိုက်ရိုက်ထိုးသွင်းလိုက်သည်။
အကုန်လုံး လုပ်ပြီးနောက် ဟဲကျစ်ယန်သည် ထိုနေရာမှ လူမသိအောင် ထွက်လာခဲ့ကာ သူမ ရှာဖွေထားသည့် သိုလှောင်ရုံဟု ထင်ရသော နေရာသို့ သွားခဲ့သည်။
သူမ ကံကောင်းပေသည်။ ထိုရှာတွေ့ထားသောနေရာသည် အမှန်တကယ်ပင် ကောင်တီဝန် အိမ်တော်၏ သိုလှောင်ရုံ ဖြစ်နေခဲ့သည်။
သိုလှောင်ရုံ တံခါးအရှေ့တွင် လူနှစ်ယောက် စောင့်ကြပ်နေသည်။ ဟဲကျစ်ယန်သည် သူတို့ကို ဂရုတစိုက် ရှောင်ကွင်းသွားကာ အနောက်ဘက်က သူတို့၏ လည်ပင်းများကို ရိုက်ချလိုက်သည်။
အစောင့်နှစ်ယောက် မေ့မျောသွားသောအခါ ဟဲကျစ်ယန်သည် သိုလှောင်ရုံထဲသို့ ဝင်ရောက်လိုက်သည်။
အကျင့်ပျက် အရာရှိတစ်ဦး၏ ကံကြမ္မာက ကြွယ်ဝလှသည်ဟု ပြောရပေမည်။
သိုလှောင်ရုံက အရမ်းမကြီးသော်လဲ ရွှေ၊ ငွေ၊ ပုလဲ၊ ရတနာများ၊ ပိုးဖဲ၊ လက်ရေးလှ၊ ပန်းချီများနှင့် ကျောက်စိမ်း အစုံလိုက် တချို့ပင် ရှိနေသေးသည်။
သူမ နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ယူလာခဲ့သော ပစ္စည်းကြီး အများစုမှာ သူမ၏ အွန်လိုင်းစတိုးဆိုင်လေးတွင် တင်ထားပြီဖြစ်သည်။ ထို့ကြောင့် သူမ၏ နေရာလွတ်ထဲတွင် နေရာတော်တော် ရှင်းသွားခဲ့သည်။
ဟဲကျစ်ယန်သည် အကုန်လုံးကို သိမ်းကြုံးကြည့်လိုပ်သည်။ လက်တစ်ချက် ဝေ့ယမ်းလိုက်ပြီး နေရာလွတ်ထဲ ဆန့်သမျှ ပစ္စည်းအားလုံးကို ယူဆောင်လိုက်တော့သည်။
နေရာလွတ်ထဲမှ မော့ကျိုးယွီသည် လုံးဝအိပ်မပျော်နိုင်ပေ။ ဟဲကျစ်ယန် ထွက်သွားသည်နှင့် သူလဲ အိပ်ခန်းထဲမှ ပြန်ထလာခဲ့သည်။
သူသည် ဟဲကျစ်ယန်ကို စိတ်ပူနေစဉ်ပင် ပစ္စည်းများ တစ်ပုံတစ်ခေါင်းက သူ့ရှေ့သို့ ကျလာကာ သူ့ကိုပင် ထိမိတော့မတတ် ဖြစ်သွားသည်။
တွေးကြည့်စရာပင် မလိုတော့ဘဲ ဤမျှများပြားသော အဖိုးတန်ပစ္စည်းများကို မြင်လိုက်ရသောကြောင့် ဟဲကျစ်ယန်၏ အကြံအစည်က အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူမက အရမ်းလောဘကြီးမနေဘဲ ကိုယ့်လုံခြုံရေးကို ပိုပြီး အဓိကထားကာ မြန်မြန် ပြန်လာဖို့သာ သူမျှော်လင့်မိတော့သည်။
လုပ်သင့်သည်များ လုပ်ပြီးနောက် ဟဲကျစ်ယန်သည် ဆက်မနေတော့ပေ။
သူမသည် ကောင်တီဝန်၏ အိမ်တော်ထဲမှ ထွက်လာပြီး စီစဉ်ထားသော နေရာသို့ ပြန်ပြေးကာ နေရာလွတ်ထဲ ခုန်ဝင်လိုက်သည်။
သူမ အန္တရာယ်ကင်းကင်း ပြန်လာသည်ကိုမြင်မှ မော့ကျိုးယွီ နောက်ဆုံး စိတ်သက်သာရာ ရသွားသည်။
အကျင့်ပျက်သော ကောင်တီဝန်နှင့် သူ့သားကို အပြစ်ပေးခဲ့နိုင်သောကြောင့် ဟဲကျစ်ယန် အနည်းငယ် စိတ်လှုပ်ရှားမိနေသည်။
“အဲ့ဒီ ခွေးကောင်က တော်တော်တော့ ချမ်းသာတယ်။ ကျွန်မ နည်းနည်းလေး အားစိုက်ထုတ်လိုက်တာနဲ့ ဒီလောက် အများကြီး ရလာပြီ”
ထိုအဖိုးတန်ပစ္စည်းများကို နေရာလွတ်ထဲ ရွေ့လိုက်ကတည်းက မော့ကျိုးယွီသည် ၎င်းတို့ကို စစ်ဆေးပြီးသား ဖြစ်သည်။
အနည်းဆုံး ငွေချောင်း တစ်သိန်းခွဲဖိုး တန်ကြေးရှိသော ငွေစာရွက်များနှင့် ငွေချောင်းများ ရှိနေသည်။
ထို့အပြင် ကြေးပြားဘူးကြီးများလဲ အများအပြားပင်။ ပြောစရာမလိုလောက်အောင်ပင် ထိုကြေးပြားများမှာ မြို့ဝင်ခွင့် ကောက်ခံရာမှ ရရှိထားသော အရာများ ဖြစ်ကြသည်။
ကောင်တီအသေးလေးတစ်ခု၏ ကောင်တီဝန်က ဤမျှ များပြားသော ချမ်းသာကြွယ်ဝမှုကြီး ရှိနေသည်မှာ ထိုလူသည် သာမန်ပြည်သူများဆီမှ ဘယ်လောက်တောင် ဓားပြတိုက်ထားလဲဆိုတာ အများကြီး တွေးကြည့်ဖို့တောင် မလိုပေ။။
မော့ကျိုးယွီသည် သူ့ရှေ့မှ တန်ဖိုးကြီးပစ္စည်းများကို ကြည့်ကာပြောလိုက်သည်။ “မင်း ဒါတွေကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”
ဟဲကျစ်ယန်သည် လှည့်ပတ်ကြည့်လိုက်၏။ နေရာလွတ်မှာ သူမ နောက်ဆုံးရှင်းခဲ့သည်ထက်ပင် ပိုပြီး ပြည့်ကြပ်နေသည်။
“ကျွန်မ ပစ္စည်းအကြီးကြီးတွေကိုတော့ ဆိုင်မှာ တင်ရောင်းဖို့ ဆုံးဖြတ်ထားတယ်။ ငွေတွေကိုတော့ ဖင်းရန်ကောင်တီက ပြည်သူတွေကို တစ်နည်းနည်းနဲ့ ပြန်ပေးနိုင်ဖို့ မျှော်လင့်မိတယ်”
မော့ကျိုးယွီလည်း ထိုအရာကို သဘောတူသည်။
သူ ခဏတာတွေးကာ ပြောလိုက်သည်။
“ပြည်သူတွေကို ပိုက်ဆံပြန်ပေးတာက တကယ်ကောင်းတဲ့ အကြံဉာဏ်ပါ။ ဒါပေမဲ့ ကိုယ်တို့မှာ အဲ့ဒါတွေ လုပ်နေဖို့ အချိန် အလုံအလောက် မရှိဘူး”
ဟဲကျစ်ယန်လဲ စဉ်းစားရကြပ်နေသည်။ သူမသည် ထိုငွေများကို အိမ်တိုင်းဆီ လိုက်မဝေပေးနိုင်ပေ။ ရှာတွေ့သွားနိုင်ချေ ရှိသည်ကို မဆိုထားနှင့် မော့ကျိုးယွီ ပြောသလိုပင် အချိန်အကန့်အသတ်အတွင်း ပြီးနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
“အဲ့ဒီအကြံကို ခဏဆိုင်းငံ့ထားလိုက်ရအောင်။ ကျွန်မ မနက်ဖြန် ရထားလုံး ငှားဖို့ထွက်တဲ့အခါ ဘေးပတ်ဝန်းကျင်ကို လိုက်မေးကြည့်ပြီးတော့ အကြံကောင်းရှိလာမလား ကြည့်လိုက်ဦးမယ်”
ဟဲကျစ်ယန်သည် တစ်ရက်လုံး ခရီးနှင်ခဲ့ရပြီး ညဘက်တွင်လဲ ခွေးကောင်တီဝန်ကို ဖြေရှင်းခဲ့ရသည်။ သူမ အတော်လေး ပင်ပန်းနေပြီဖြစ်သည်။
မော့ကျိုးယွီနှင့် ခဏ စကားပြောပြီးနောက် နှစ်ယောက်သား အနားယူရန်အတွက် အိပ်ခန်းထဲသို့ ပြန်သွားလိုက်ကြသည်။
နောက်တစ်နေ့ မနက်စောစောတွင် ဟဲကျစ်ယန်သည် ယောက်ျားလေးလို ဝတ်ဆင်ကာ အပြင်ထွက်ခဲ့သည်။
သူမ ပေါ်လာသော နေရာမှာ ကောင်တီဝန်အိမ်တော်နှင့် တစ်လမ်းသာ ခြားသည်။
ဟဲကျစ်ယန်သည် လမ်းမကြီးဆီသို့ ခပ်ဖြေးဖြေး လျှောက်လာခဲ့သည်။ သူမ၏ အဓိကရည်ရွယ်ချက်မှာ ရထားလုံး ငှားရန်ဖြစ်သည်။
ယနေ့တွင် လမ်းမကြီးသည် စည်းကားနေခဲ့၏။ ပြည်သူများသည် ကောင်တီဝန်အိမ်တော် ဘယ်လိုဖြစ်သွားလဲဆိုတာ သိသွားကြပြီဖြစ်သည်။ ဒုက္ခိတ စကားမပြောနိုင်သူ တစ်ယောက်က ကောင်တီဝန် ဆက်မဖြစ်နိုင်တော့ဘူးဆိုတာ သိသွားသောအခါ သူတို့သည် ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုရဲလာကြသည်။
သူတို့ ဆွေးနွေးနေကြသော အကြောင်းအရာ အများစုမှာ ကောင်တီဝန်၏ သိုလှောင်ရုံကြီး ဓားပြတိုက်ခံလိုက်ရပြီး ကောင်တီဝန်မှာ စကားမပြောနိုင်သဘ့် ဒုက္ခိတဖြစ်သွားကာ အမျိုးသားများကို အနိုင်ကျင့်၊ အမျိုးသမီးများကို နိုင့်ထက်စီးနင်းလုပ်နေသော သူ့သားကတော့ ရူးသွားသည်ဆိုသည့်အကြောင်းပင်။
ဤကိစ္စသည် သာမန်ပြည်သူများအတွက် အလွန်ပျော်စရာကောင်းသော ကိစ္စပင်။
ကောင်တီဝန်၏ အိမ်တော်သို့ အုပ်စုဖွဲ့သွားကာ ပွဲကြည့်ကြဖို့ ကြံရွယ်နေသူများပင် ရှိနေကြသည်။
ကောင်တီဝန်နှင့် သူသားတို့ ဖိနှိပ်ခံထားရသော ပြည်သူများသည် မျက်ရည်များဖြင့် သူတို့ ခံစားခဲ့ရသော အမှားများကို အော်ဟစ်ကျိန်ဆဲနေကြသည်။
ဟဲကျစ်ယန်သည် ထိုမြင်ကွင်းများကို ဖြတ်သွားရင်း ခဏသာ ကြည့်လိုက်သည်။
ရထားလုံးဆိုင်၏ တည်နေရာကို ရှာတွေ့ပြီးနောက် ဟဲကျစ်ယန် အရှိန်မြန်မြန်ဖြင့် သွားလိုက်၏။
မထင်မှန်ထားစွာပင် သူမ နောက်ထပ် လမ်းတစ်ခုသို့ ဝင်လိုက်သောအခါ သူမနှင့် ရင်းနှီးနေသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
ထိုလူမှာ ဖေးနန်ယွီပင်။
ဖေးနန်ယွီသည် သူ့လက်ဖောက်ဖြစ်ပုံပေါ်သော တခြားလူတစ်ယောက်နှင့် ခပ်သုတ်သုတ် လျှောက်နေခဲ့သည်။ သူတို့တွင် အရေးကြီးကိစ္စ ဖြေရှင်းစရာ ရှိနေသည့်ပုံပင်။
ဖေးနန်ယွီကို မြင်သောအခါ ဟဲကျစ်ယန်သည် ချက်ချင်းပင် တစ်ခုခုကို တွေးမိသွားသည်။
သူမက ဖေးနန်ယွီကို လက်ဝေ့ယမ်းပြလိုက်သည်။
ဖေးနန်ယွီသည် သူမအား တစ်ချက်သာကြည့်ပြီး ချက်ချင်း ခေါင်းလှည့်ကာ သူ့လမ်းသူ လျှောက်သွားလေသည်။
သူမ လျစ်လျူရှုခံလိုက်ရသောအခါ ဟဲကျစ်ယန်သည် ခေါင်းငုံ့ကာ သူမ ဝတ်ထားသော ယောက်ျားလေး အဝတ်အစားများကို မြင်ပြီးနောက် ချက်ချင်းပဲ သဘောပေါက်သွား၏။
သူမနှင့် နှစ်ကြိမ်သာ ဆုံဖူးသော ဖေးနန်ယွီ မဆိုနှင့်၊ နေ့တိုင်းအတူရှိနေသော မော့ကျိုးယွီပင်လျှင် သူမကို မမှတ်မိနိုင်အောင် ဖြစ်သွားရသေးသည် မဟုတ်ပါလား။
ဟဲကျစ်ယန်သည် ဖေးနန်ယွီဆီသို့ ခြေလှမ်း ခပ်သွက်သွက် လျှောက်သွားလိုက်သည်။
“လူကြီးမင်းဖေး”
ဖေးနန်ယွီသည် ရပ်လိုက်ပြီး သူ့နာမည်ခေါ်လာသောလူကို မရေရာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း ငါ့ကိုခေါ်နေတာလား”
ဤလူသွားလမ်းမကြီးတွင် အရာရှိများက သူမပုံစံကို မှတ်မိသွားမှာ စိုးရိမ်သောကြောင့်သာ မဟုတ်ပါက ဟဲကျစ်ယန်သည် မုတ်ဆိတ်ကိုဖျက် မျက်နှာကို သန့်သွားအောင် သစ်ကာ သူမ၏ မျက်နှာအစစ်ကို ထုတ်ပြမှာပင်။ သို့သော် အခုကတော့ လုပ်လို့ မရပေ။
ထို့ကြောင့် ဟဲကျစ်ယန်သည် သူမ၏ အထောက်အထားကို နှုတ်ဖြင့်သာ ဖော်ပြနိုင်သည်။ “လူကြီးမင်းဖေး၊ ကျွန်မ ဟဲကျစ်ယန်ပါ၊ မော့ကျိုးယွီရဲ့ ဇနီးပါ”
ဖေးနန်ယွီသည် အံ့ဩသွားကာ သူမ၏ မျက်နှာသွင်ပြင်ကို သေသေချာချာ စစ်ဆေးလိုက်သည်။
အနီးကပ်ကြည့်လျှင် သူမက မော့ကျိုးယွီ၏ ဇနီးနှင့် အတော်လေး ဆင်သည်။ သူမ အသံကတော့ အတုအယောင် မဖြစ်နိုင်ပေ။
သူမကို ခဏကြည့်ပြီးနောက် သူ့ရှေ့မှလူသည် ဟဲကျစ်ယန်ဖြစ်ကြောင်း အတည်ပြုကာ ဖေးနန်ယွီ၏ အမူအရာသည် ချက်ချင်း စိတ်သက်သာရာ ရသွားသည်။
သူ့သဘောထားကလဲ အလွန် ကောင်းမွန်နေသည်။ “သခင်မမော့၊ ကျွန်တော်တို့ ဒီမှာ ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”
ဟဲကျစ်ယန်သည် ဘေးပတ်လည်ကို တစ်ချက်ကြည့်ပြီး သူမ အဝတ်အစားကို လက်ညှိုးထိုးပြကာ “လူကြီးမင်းဖေး၊ ကျွန်မက အခု ယောက်ျားလေးလို ဝတ်ထားတာလေ”
ဖေးနန်ယွီသည် ချက်ချင်း သဘောပေါက်သွားကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ “လူကြီးမင်းဟဲ”
ဟဲကျစ်ယန်သည် ခေါင်းငြိမ့်ကာ သူမ ဤခေါ်ဆိုပုံကို သဘောတူကြောင်း ပြသလိုက်သည်။ ထို့နောက် သူမ မေးလိုက်၏။
“လူကြီးမင်းဖေးက ဖင်းရန်ကောင်တီကို ဘာလို့လာတာလဲ”
ဖေးနမ်ယွီသည် ဤခရီးအကြောင်း ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူးဟု ခံစားရသောကြောင့် တိုက်ရိုက်သာ ပြောလိုက်သည်။ “လူကြီးမင်းဟဲကို မဖုံးကွယ်တော့ပါဘူး။ ကျွန်တော် မင်းသားချီနောက်ကလိုက်ပြီး မြို့တော်ဆီ ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့တော် ရောက်ရောက်ချင်း မင်းသားချီကို တုံ့ဖန်းကောင်တီ ရေကြီးမှုအတွက် သွားဖို့ တော်ဝန်အမိန့်တော် လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ချက်ချင်းပဲ တုံ့ဖန်းကောင်တီဆီ ခရီးနှင်လာပြီး အဲ့ဒီမှာ ရေကြီးမှုအပြင် ပလိပ်ရောဂါပါ ဖြစ်ပွားနေတာ တွေ့ရှိခဲ့ရပါတယ်။
တုံ့ဖန်းကောင်တီဝန်က မေးခွန်းထုတ်လောက်စရာ ပလိပ်ရောဂါ ကုသတဲ့နည်းလမ်းကို ဘယ်ကမှန်းမသိ ရရှိခဲ့ပြီး ပလိပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ ဆေးဝါးတစ်မျိုး လိုအပ်နေလို့ပါ။ မင်းသားချီက ကျွန်တော့်ကို အနောက်ဘက်ဆီ လွှတ်ပြီးတော့ အနီးနားက ကောင်တီတွေမှာ အဲ့ဒီ ဆေးပစ္စည်းကို ဝယ်ယူနိုင်မလား ရှာခိုင်းလိုက်လို့ပါ”
***