ကပ်ဘေး
Vol. 1 Ch. 256
"ကောင်လေး...မင်းဒါကို ဘယ်ကရတာလဲ"
နတ်ဆိုးဧကရီသည် လက်ကိုယမ်းကာ အစီအရင်ကို ဖယ်ရှား လိုက်သည်။ ကျန်းရီထံ ပြေးလာလျက် ရှိသောနတ်ဆိုး သားရဲများသည် ရုတ်တရက် ဦးလှည့်ကာ ဆက်လက် ခရီးဆက်ကြကုန်သည်။
ကျန်းရီသည် အလွန်ဆွဲဆောင်မှု ရှိလှသော အမျိုးသမီးတစ်ဦးနှင့် အတူ ရပ်နေခဲ့သည်။ နတ်ဆိုးသားရဲများသည် သူတို့ပတ်လည်တွင် အပြည့် ရှိနေကြသော်လည်း သူတို့အား လျစ်လျူရှုကာ ခရီးဆက် နေကြလေသည်။
"ဂလု...ဂလု"
ထိုခဏတွင် ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါများ ကွယ်ပျောက် သွားခဲ့ပြီး သူ့ကိုယ်သည် လှုပ်ရှား နိုင်သွားခဲ့သည်။ ကမ္ဘာ့မီးလျှံများသည် သူ့ဘေးပတ်လည်တွင် တောက်လောင်နေဆဲ ဖြစ်သည်။ ကျန်းရီသည် သူ့ရှေ့မှ ဆွဲဆောင်မှုရှိလှသော အမျိုးသမီးကိုကြည့်၍ အကြိမ်ကြိမ် တံတွေး မျိုချမိသည်။ သူနှာဗူးထနေခြင်း မဟုတ်ဘဲ စိတ်လှုပ်ရှား လွန်းနေခြင်း ဖြစ်သည်။ ဤသည်မှာ သူမသည် နတ်ဆိုးမျိုးနွယ်မှ အင်ပါယာအဆင့် ဖြစ်သောကြောင့်သော် လည်းကောင်း၊ သူမကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါတို့သည် မျှော်လင့်ချက်မဲ့မှုကို ပေးစွမ်း နေသောကြောင့် သော်လည်းကောင်း ဖြစ်နိုင်သည်။
သူသည် ဓားကိုတောင် မ,မနိုင်ပေ။ သူ့၏ အားအပြင်းဆုံး တိုက်ခိုက်မှုသည် သူမ လက်တစ်ချက် လှုပ်ရန်ပင် မလိုအပ်။ မီးဝိညာဉ် ကျောက်တုံးသည် ကောင်းကင်ဧကရာဇ်၏ အုတ်ဂူထဲမှ တားမြစ် အစီအရင်များကို လောင်ကျွမ်းနိုင်သည်၊ သူတော်စင်အဆင့် အုပ်ချုပ်သူ တံဆိပ်တုံးကို ဖျက်စီးနိုင်သည်။ မီးဝိညာဉ် ကျောက်တုံးသည် ကျန်းရီ၏ မျက်လုံးထဲတွင် အဖိုးမဖြတ်နိုင်သော တည်ရှိမှုဖြစ်ပြီး ယခုမူ ထိုအရာကို မိန်းကလေး တစ်ယောက်က လက်ဖြင့် အသာလေး ဖမ်းလိုက်နိုင်လေသည်။
နတ်ဆိုးဧကရီ...
သူမသည် ဗာဂျရာအဆင့် အမြင့်ဆုံး သို့မဟုတ် ကောင်းကင် ဧကရာဇ်၏ အနေအထားနှင့် နှိုင်းယှဉ်၍ ရလောက်သည်။ ထိုအကြောင်းကို သူသေချာ မသိသော်လည်း သူသွားပြီ ဖြစ်ကြောင်းတော့ သူသိလေသည်။
သူသေရမည်ဆိုမှတော့ အဘယ့်ကြောင့် သူမမေးခွန်းကို ဖြေရမည်နည်း။ လူသားများနှင့် နတ်ဆိုးသားရဲ များသည် သဘာဝရန်သူများ ဖြစ်ကြသည်။ ကျန်းရီသည် နတ်ဆိုးဧကရီအား ဂျစ်ကန်ကန် ပြန်ကြည့်လိုက်ပြီး ပါးစပ်ပိတ်နေလိုက်သည်။
ကျန်းရီ စကားမပြောသည်ကို တွေ့သောအခါ အမျိုးသမီး၏ မျက်နှာထက်တွင် ဒေါသငွေ့တို့ ရစ်သိုင်းလာခဲ့သည်။ ထို့နောက် သူမ၏ မျက်လုံးများ ပြန်လည် တည်ငြိမ်သွားကာ စကား ပြောလာသည်။
"ကောင်လေး... နားမကောင်းဘူးလား၊ ဒီဧကရီပြောတာကို မကြားတာလား...ဒီဧကရီမှာ မင်းကို သေချာတာထက် ဆိုးတဲ့ အခြေအနေ ရောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းပေါင်း တစ်သောင်းမက ရှိတယ်ဆို ယုံမလား"
ကျန်းရီသည် ဆက်လက် ပါးစပ်ပိတ်နေခဲ့ပြီး ခေါင်းမာသော ကလေး တစ်ယောက်ကဲ့သို့ လှောင်ပြုံးလေးနှင့် အမျိုးသမီးအား စိုက်ကြည့် နေလိုက်သည်။ သူ့ပုံစံမှာ 'ဒီသခင်လေးက မယုံဘူး၊ မကျေနပ်ရင် စမ်းကြည့်လေ'ဟု ပြောနေသည့်နှယ်။
"ဘန်း"
အမျိုးသမီးသည် ဒေါသတကြီးဖြင့် ကျန်းရီအား ရိုက်ချလိုက်သည်။ ကျန်းရီသည် လွင့်ထွက်သွားကာ လေထဲ၌ပင် သွေးအန်၍ မြေပေါ်ပြုတ်ကျ လာခဲ့ရာ မြေပြင်သည်ပင် တုန်ခါ သွားခဲ့သည်။
ကျန်းရီသည် အရိုးများ ကျိူးသွားကြောင်း ခံစားမိလိုက်သည်။ သူသည် နှုတ်ခမ်းကိုမဲ့၍ ထရပ်ရန် ကြိုးစားလိုက်သည်။ သူ့ကိုယ်သည် သွေးများဖုံးလွှမ်းနေပြီး မလှမ်းမကမ်းမှ အမျိုးသမီးကို ကြည့်လိုက်သည်။
သူသေရမည်ဆိုလျှင်တောင် မတ်မတ်ရပ်၍သာ သေမည်။
"ဂူး...ဂူး" "ဝူး...ဝူး" "ဝေါင်း...ဝေါင်း"
နတ်ဆိုးသားရဲများ၏ အော်သံများ ထွက်ပေါ်လာခဲ့ပြီး ကျန်းရီထံ အရှိန်အဝါများစွာ ကျဆင်း လာခဲ့သည်။ သူ့ခြေထောက်များ ပျော့ခွေနေလေပြီ၊ သူ၏ ခေါင်းမာတတ်သော စရိုက်ကြောင့်သာ မဟုတ်လျှင် မြေပေါ်လဲကျ၍ မေ့မြောနေလောက်ပေပြီ။
"ဟမ့်"
သူ့ကိုယ်သူ ဧကရီဟုခေါ်သော အမျိုးသမီးသည် နှာခေါင်းရှုံ့လိုက်၏။ စောစောက လက်ဝါး ရိုက်ချက်သည် သင်ခန်းစာ ပေးလိုက်ခြင်းသာ ဖြစ်ပြီး ကျန်းရီကို တကယ်မသတ်ခဲ့ပေ။ ထို့နောက် သူမသည် မြေပြင်ပေါ် ခြေထောက်၍ လေပေါ်ပျံတက်ကာ ပျံသန်း သွားခဲ့သည်။
ကျန်းရီသည် သူ့ဘေးမှ သူ့ကို ရှောင်၍သွားနေသော နတ်ဆိုးသားရဲများကို မြင်သောအခါ မျက်လုံးအား ပွတ်သပ် ကြည့်လိုက်သည်။ နတ်ဆိုးဧကရီသည် အဘယ့်ကြောင့် သူ့ကို မသတ်ခဲ့သနည်း၊ နတ်ဆိုး သားရဲများကရော အဘယ့်ကြောင့် သူ့ကို မသတ်ဘဲ ရှောင်၍ သွားနေကြသနည်း။ သူအိပ်မက် မက်နေသည်လော...သို့သော် သူ့ကိုယ်ပေါ်မှ နာကျင်မှုများက လက်တွေ့ ဖြစ်ကြောင်း သက်သေပြလို့ နေသည်။
"ကောင်လေး... လူတွေကို သွားပြောလိုက်၊ ဒီဧကရီက ဘယ်စည်းမျဉ်းကိုမှ မချိုးဖောက်ဘဲ လူသားတွေက အရင် စည်းကျော်လာတာလို့... ငါ့ရဲ့ အဖိုးတန် သမီးလေး ရှောင်ဖေးကို ပြန်ပေး ဆွဲသွားကြတယ်... ဟမ့်... ငါ့သမီးကို လွှတ်မပေးရင် လူသားတွေကို သွေးချောင်းစီးအောင် လုပ်ပစ်မယ်...ငါ့သမီးလေးသာ တစ်ခုခု ဖြစ်သွားရင် နယ်မြေ တစ်ခုလုံးကို သွေးနဲ့ဆေးပစ်မယ်လို့ ပြောလိုက်"
ကျန်းရီ၏ စိတ်ထဲသို့ စကားတစ်ခွန်း ရောက်ရှိလာခဲ့သည်။ ပြောသွားသူမှာ နတ်ဆိုး ဧကရီ ဖြစ်လေသည်။ ကျန်းရီ၏ကိုယ် တုန်လှုပ်သွားခဲ့ပြီး အဘယ့်ကြောင့် နတ်ဆိုးသားရဲများ ထကြွ သောင်းကျန်းကြသည်ကို နားလည်သွားခဲ့သည်။ လူသားများသည် နတ်ဆိုးဧကရီ၏ သမီးအား ပြန်ပေး ဆွဲသွားခဲ့သည်။ နတ်ဆိုးဧကရီသည် သူ့အား သတင်း ပို့စေချင်သောကြောင့် မသတ်ခဲ့ခြင်း ဖြစ်လေသည်။
"ဟူး.."
ကျန်းရီသည် သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။ မသေရသည်မှာ အတော်လေး ကောင်းမွန်သည့် ခံစားချက် ဖြစ်သည်။ သူ့အတွေးများ လှုပ်ရှားသွားခဲ့ပြီး တစ်ခုခု လွဲနေသည်ကို စဉ်းစား မိသွားသည်။
နတ်ဆိုးဧကရီသည် သတင်းပါးချင်လျှင် တစ်မြို့လုံးကို မသတ်ဘဲ မြို့တစ်ဝက်ကို သတ်ကာ တစ်ဝက်ကို ချန်၍ သတင်းပါးခိုင်းနိုင်သည်။ ဤနည်းဖြင့်ဆို ပို၍ မြန်မြန် သတင်းပျံ့သွားမည်သာ။ သူသည် သူမအား ဒေါသထွက်အောင် လုပ်လိုက်ပါလျက် အဘယ့်ကြောင့် သူ့အား လွှတ်ပေးသနည်း။
"မီးဝိညာဉ် ကျောက်တုံးကြောင့်များလား"
သူသည် မီးဝိညာဉ်ကျောက်တုံးအကြောင်း နတ်ဆိုးဧကရီ မေးခဲ့သည်ကို ပြန်တွေးမိသွားသည်။ သေချာနားမလည်နိုင်ဘဲ ရှိနေစဉ် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အလန့်တကြား ရေရွတ်လိုက်သည်။
"အဘိုးတန်သမီးလေး ရှောင်ဖေး...ရှောင်ဖေး... ဘာလို့ဒီနာမည်ကို ရင်းနှီးနေတာလဲ... ဟုတ်သား...အမြီးသုံးချောင်း မြေခွေးလေး "
တစ်ခါက ဝိညာဉ်သားရဲတောင် အနီးရှိ ဟေးယွင်တောင်တွင် အမဲလိုက်ခဲ့စဉ်က လူသားများနှင့် မိတ်ဆွေ ဖြစ်ချင်သည့် ထူးထူးဆန်းဆန်း မြေခွေးလေးနှင့် သူဆုံခဲ့သည်။ မြေခွေးလေးသည် စိတ်ချင်း ဆက်သွယ်၍ စကားပြောနိုင်ပြီး သူမ၏ အမည်မှာ ရှောင်ဖေး ဖြစ်လေသည်။
"ဒီအရှိန်အဝါ... ဟုတ်တယ်... ဒီနတ်ဆိုးဧကရီက ရှောင်ဖေးရဲ့ အမေပဲ ဖြစ်ရမယ်"
ကျန်းရီသည် မြေခွေးလေးအား လွှတ်ပေးလိုက်ခြင်းနှင့် ဟေးယွင်တောင်သို့ ကျဆင်းလာခဲ့သော အရှိန်အဝါကို ပြန်တွေးမိသွားသည်။ ထိုစဉ်က သူသတိလစ် သွားခဲ့ရသည်။
"ရှောင်ဖေးကြောင့် ဒီနတ်ဆိုးဧကရီက ငါ့ကို မသတ်တာလား"
ကျန်းရီသည် နှာခေါင်းကို ပွတ်လိုက်မိသည်။ အချိန်တိုအတွင်း အားကောင်းသော နတ်ဆိုးသားရဲ အတော်များများ ခပ်ဝေးဝေးသို့ ရောက်သွားကြပြီ ဖြစ်သော်လည်း နောက်တွင် မဆုံးနိုင်သော နတ်ဆိုးသားရဲ အတန်းလိုက်ကြီး ရှိနေလေသည်။ နောက်တွင် ကျန်ခဲ့သော နတ်ဆိုး သားရဲများသည် ဒုတိယအဆင့်များ ဖြစ်ကြသည်။
"ဝေါင်း...ဝေါင်း"
ဒုတိယအဆင့် နတ်ဆိုး သားရဲများသည် ဉာဏ်ရည် နိမ့်ပါးကြလေသည်။ သူတို့သည် အဝေးကပင် ကျန်းရီအား စိုက်ကြည့်ကာ အရှင်လတ်လတ် မျိုချတော့မည့်အလား ပြေးဝင် လာကြလေသည်။
"သွားစို့"
ကျန်းရီသည် အတွေးများထဲမှ ရုန်းထွက်လိုက်သည်။ သူဤနေရာတွင် ဆက်ရပ်နေလျှင် မဆုံးနိုင်အောင် တိုက်ခိုက်ရမည့် အနေအထားရှိသည်။ သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်ဖော်လိုက်ပြီး သူထွက်လာခဲ့သော မြေတွင်းထဲ ခုန်ဝင်လိုက်သည်။ ထို့နောက် ဟွမ်ကြီးကို ဆင့်ခေါ်ကာ ဝိညာဉ်သားရဲ သင်တန်းကျောင်းဆီ ဦးတည်လိုက်သည်။
အားကောင်းသော နတ်ဆိုးသားရဲများမှာ သွားနှင့်ကြပြီ ဖြစ်သည့်အတွက် ဒုတိယအဆင့် နတ်ဆိုးသားရဲများသာ ကျန်လေသည်။ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် နတ်ဆိုး သားရဲများသည် ကျန်းရီအတွက် အန္တရာယ် မဟုတ်တော့ပေ။ ကျန်းရီသည် ဟွမ်ကြီးကို ထိန်းချုပ်၍ မိုင်ပေါင်းများစွာ ခရီးဆက်ခဲ့သည်။
"ဟူး..."
နောက်တစ်ကြိမ် သူမြေပေါ် ထွက်လာချိန်တွင် အနီးအနား၌ နတ်ဆိုးသားရဲများ မရှိတော့ပေ။ အသက်ဘေးမှ နောက်တစ်ကြိမ် လွတ်မြောက် လာသည့်အတွက် ပျော်ရွှင်မှုများက သူ့မျက်နှာထက်တွင် အတိုင်းသား။
"ငါကျူးကော့ချမ်ယွမ်ဆီ သွားအကြောင်း ကြားရမယ်၊ မဟုတ်ရင် အရူးတစ်သိုက်က နတ်ဆိုးဧကရီရဲ့ သမီးကို သတ်လိုက်မိရင် နယ်မြေတစ်ခုလုံး သွေးချောင်းစီးပြီး အလောင်းတွေ တောင်လို ပုံနေလိမ့်မယ်"
ကျန်းရီသည် အကြာကြီး ရပ်မနေဘဲ ဟွမ်ကြီးနှင့်အတူ မြေထဲပြန်ဝင် သွားလိုက်သည်။ သူ့နေရာနှင့် ဝိညာဉ် သားရဲတောင်သည် သိပ်မဝေးတော့ပေ။ နေ့တစ်ဝက်ခန့် အတွင်း သင်တန်းကျောင်းသို့ ရောက်သွားလိမ့်မည်။
လူသားများသည် မကြာခင်တွင် ကပ်ဘေး ကြုံရတော့မည်။ ကျန်းရီသည် နိုင်ငံ သစ္စာဖောက်မှု ကျူးလွန်ထားသည့် အပြစ်သားဖြစ်ပြီး လူများစွာကို သတ်ဖြတ် ထားခဲ့သည်။ သို့သော် သူ့တွင် လူသား တစ်ယောက်၏ နှလုံးသား ရှိနေသေးသည်။ ကပ်ဘေး ကြုံလာသည်တွင် သူ့အနေနှင့် လူသားမျိုးနွယ် ရှင်သန်နိုင်အောင် တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးချင်သည်။
***