အခန်း (၅၄၃-၅၄၄)
Vol. 37 Ch. 543-544
အပိုင်း (၅၄၃)
နင်ယွမ်ရှန်းက ပြုံးကာဖြင့် လီစွမ်းကို ပြောလိုက်၏။ “ပျံ့ရှောင်းက မာနကြီးတယ်။ ကျုံးယောင်ကလည်း မာနကြီးတယ်။ ဒါပေမဲ့ ပျံ့ရှောင်းရဲ့မာနက ကိုယ့်ဘာသာနေတတ်ပြီး စကားနည်းတာ။ ကျုံးယောင်ရဲ့ မာနကတော့ စစ်မှန်တဲ့ မာနလို့ထင်ရပေမဲ့ ဒီအရာက တကယ့်စစ်မှန်တဲ့အရာမျိုးတော့ မဟုတ်ဘူး”
လီစွမ်းက ပြုံးလိုက်၏။ မင်းကြီး၏ စကားကို သူကလည်း သဘောတူ၏။ ကျုံးယောင်၏ မာနက ပထမဦးဆုံး အနေနှင့် ဘဝင်မြင့်ခြင်းမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်၏။ မင်းကြီး၏ရှေ့တွင် သူက လုံးဝ နှိမ့်ချခြင်း မရှိချေ။ လုပ်ဖော်ကိုင်ဖက်များရှေ့တွေလည်း အမြဲတမ်း အထက်စီးမှနေ၏။
သို့သော်ငြား အမှန်တကယ် မာနကြီးသူများက မည်သူ့ကိုမှ မျက်နှာလို၊ မျက်နှာရ လုပ်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်ကို ကြည့်သင့်၏။ သူ ဂရုစိုက်သည့် သူ၏ မိန်းမ၊ ယောက္ခထီး စသည်တို့ကိုသာလျှင် ဖားယား၏။ မင်းကြီးကိုပင် လုံးဝဖားယားခြင်း မရှိချေ။ ကျုံးယောင်သာ တကယ်တမ်း မာနကြီးလျှင် တော်ဝင်ရန် အင်ပါယာ၏ တော်ဝင်မိသားစုနှင့် အဘယ်သို့ လက်ထပ်ရန် ကြိတ်ကာ စီစဉ်မည်နည်း။ ထို့ကြောင့် သူ့၌ ဦးစားပေးမှုများ ရှိနေသေးကြောင်း သိသာသည်။
...........
၁၀ ရက်ကျော် ခရီးနှင်ပြီးနောက် စစ်တပ်က ချောင်ရွှဲ့နယ်စပ်ဆီသို့ ရောက်ရှိလာခဲ့၏။ လွန်ခဲ့သည့် လေးလတုန်းက သဘောတူထားခဲ့သည့် နယ်စပ်အမဲလိုက်ပွဲ ဖြစ်သည့်အတွက် စစ်သည်များက အပြည့်အစုံ ဖန်တီးထားခဲ့ပြီး ဖြစ်၏။ အဆင့် ၉ဆင့် ရှိသည့် စင်မြင့်များကိုလည်း တည်ဆောက်ထား၏။ အမဲလိုက်ကွင်းတွင် အလံများက တလူလူ လွင့်ပျံလျက် ရှိ၏။
နင်ယွမ်ရှန်းနှင့်အတူ အရာရှိ ဒါဇင်ပေါင်းများစွာ၊ မိန်းမစိုး ရာပေါင်းများစွာ၊ နန်းတွင်းအပျိုတော် ရာပေါင်း များစွာနှင့် ကျုံးယောင်၏ သက်တော်စောင့်တပ်သားများ ပါဝင်သည့် လူအုပ်ကြီးက ရောက်ရှိလာသည်။
နင်ယွမ်ရှန်းက နိမ့်ချသည့် သဘောထားကို ပြသသည့်အနေဖြင့် သုံးရက်စောကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ချောင်ဘုရင်ကမူ သူ့ကိုသူ အနိုင်ရရှိမည်ဟု ခံယူထားခဲ့သောကြောင့် တကယ်ပင် အနေအထိုင်က ဟိတ်ဟန် များလွန်းလှ၏။ နင်ယွမ်ရှန်း ရောက်သည့်အချိန်တွင်ပင်လျှင် သူက ရောက်ရှိမလာသေးချေ။
နင်ယွမ်ရှန်း ရောက်ရှိပြီး ဒုတိယမြောက်နေ့မှာတော့ နိုင်ငံအသီးသီးမှ သံတမန်များ ရောက်ရှိလာခဲ့ကြ၏။ ဝူပြည်နယ်၊ ချန်နိုင်ငံသစ်၊ လျန်နိုင်ငံ၊ ကျင်းနိုင်ငံ စသဖြင့် သံတမန်ပေါင်း ရာပေါင်းများစွာက ရောက်ရှိလာခဲ့၏။ ပြီးနောက် တော်ဝင်ရန်အင်ပါယာမှ သံတမန်များလည်း ရောက်ရှိလာခဲ့၏။ ထိုအဖွဲ့ကို မင်းသားလျန်က ဦးဆောင်၏။
တော်ဝင်ရန် အင်ပါယာမှ သံတမန်များက ပွဲကြည့်ပရိသတ် သက်သက် မဟုတ်ဘဲ သက်သေနှင့် ဒိုင်လူကြီးများ ဖြစ်ကြပေလိမ့်မည်။ မင်းသားလျန်နှင့် နင်ယွမ်ရှန်းတို့က ယခင်က ခမည်းခမက်များ ဖြစ်ခဲ့ဖူးကြပြီး ရင်းနှီးသည့် ဆက်ဆံရေးကိုလည်း ပိုင်ဆိုင်၏။ သူတို့ နှစ်ဦးက လေးနာရီကျော်ကြာအောင် စကားစမြည် ပြောဆိုခဲ့ကြသည်။
သူတို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲတွင် နယ်စပ်အမဲလိုက်ပွဲ ဟူသည့်အကြောင်း တစ်စက်ကလေးမှ ပါဝင်ခြင်း မရှိခဲ့ချေ။ မင်းသားလျန်၏ အမြင်တွင် ရွှဲ့ပြည်နယ်က သေချာပေါက် ရှုံးနိမ့်တော့မည် ဖြစ်သောကြောင့် ထိုအကြောင်းအရာကို ပြောနေစရာမလိုတော့ဟု ယူဆထားသောကြောင့်ပင်။ သူတို့ နှစ်ဦးက ကျင်းမင်းသား အကြောင်းကိုသာ ဆွေးနွေးကြ၏။
“အင်း.. အင်ပါယာရဲ့ သဘောထားက ကျင်းမင်းသားအပေါ်မှာ တော်တော်လေး ယိမ်းယိုင်နေတယ်။ သူ့မှာ ထောက်ခံသူတွေ အများကြီး ရှိနေတယ်။” မင်းသားလျန်က ပြောသည်။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒါပေမဲ့ ကျင်းမင်းသားက တော်ဝင်ကပ်ဘေးဘုရားကျောင်းနဲ့ ပတ်သက်နေတာ မဟုတ်ဘူးလား။ အင်ပါယာက တော်ဝင်ကပ်ဘေးဘုရားကျောင်းကို အမုန်းဆုံး မဟုတ်ဘူးလား။”
မင်းသားလျန်က ပြောလိုက်သည်။ “ဒါပေမဲ့ လူအများစု ထင်ထားတဲ့အတိုင်း ကျင်းမင်းသားက သဲကန္တာရ လူရိုင်းမျိုးနွယ် တွေကို စုစည်းသွားနိုင်မယ်ဆိုရင် သေချာပေါက် ဘုရင်မင်းမြတ် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် တော်ဝင်ရန် အင်ပါယာရဲ့ နယ်မြေက တောင်ဘက်ပိုင်းထိ မိုင်ချီ ကျယ်ပြန့်သွားမှာလေ”
နင်ယွမ်ရှန်း၏ စိတ်ထဲတွင် မဲ့ပြုံးပြုံးလိုက်၏။ တော်ဝင်ရန် အင်ပါယာက တောင်ဘက်ပိုင်းတွင် စစ်မှန်သည့် အရှင်သခင်တစ်ပါး ပေါ်ပေါက်လာမည်ကို တကယ်တမ်းတော့ လိုလားလိမ့်မည် မဟုတ်ချေ။ တောင်ဘက်ပိုင်းတစ်ခုလုံး ကွဲကွဲပြားပြား ဖြစ်သွားလျှင် ကောင်းလိမ့်မည်ဟု တွေးတောထားပေလိမ့်မည် ဖြစ်၏။ ဤအချိန်တွင် အရာရာအားလုံးကို ကွဲကွဲပြားပြား ဖြစ်အောင် မွှေနှောက်သူတစ်ဦးပေါ်လာခဲ့သည်။ ထိုသူက ကျင်းမင်းသားပင် ဖြစ်၏။ ထိုအရာက အင်ပါယာ၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီနေ၏။
“ဒါကြောင့် ရွှဲ့ဘုရင်မင်းမြတ်က စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသင့်တယ်။ ကျင်းမင်းသားက သဲကန္တာရ လူရိုင်းမျိုးနွယ်စုကိုစုစည်းပြီး အင်ပါယာဆီ သတင်းပို့နိုင်ပြီဆိုရင် အင်ပါယာက သူ့ကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုပြီး ဘွဲ့တံဆိပ်တောင် ပေးအပ်ချင် ပေးအပ်လိမ့်မယ်”
မင်းသားလျန်က ဆက်ပြောလိုက်သည်။ “ပြီးတော့ ချောင်ပြည်ထဲက ဒီနယ်စပ် အမဲလိုက်ပွဲနဲ့တင် ကျေနပ်နေမှာ မဟုတ်ဘူး။ ရွှဲ့ဘုရင် ... ခင်ဗျား ....”
နင်ယွမ်ရှန်း အနေနှင့် ဤနယ်စပ်အမဲလိုက်ပွဲတွင် ပါဝင်ခြင်းက ဉာဏ်နည်းရာ ရောက်သည်ဟု သူပြောချင် သော်လည်း စဉ်းစားကြည့်ပြီးနောက် ပြောရန်မသင့်ဟု ယူဆလိုက်မိ၏။ သူနှင့် နင်ယွမ်ရှန်းက ခမည်းခမက်ဟောင်းများ၊ မိတ်ဆွေကောင်းများဖြစ်သော်လည်း နင်ယွမ်ရှန်းက ရွှဲ့ပြည်နယ်၏ ဘုရင်ဖြစ်ပြီး သူက အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်၏။
ပြန်ခါနီးမှာတော့ မင်းသားလျန်က ထပ်မေးလိုက်သည်။ “ရွှဲ့ဘုရင်... ဒီနယ်စပ်အမဲလိုက်ပွဲမှာ ရှုံးသွားရင် ခင်ဗျား နင်ကျန်းနဲ့ ရှမ့်လန်ကို ပြည်နှင်ဒဏ် ပေးမှာလား”
နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ “ဒါပေါ့”
မင်းသားလျန်က ပြောလိုက်သည်။ “ပြည်နှင်ဒဏ်ပေးတာ ကောင်းတယ်။ ပြည်နှင်ဒဏ်ပေးပြီးရင်လည်း ပြန်မခေါ်နဲ့တော့။ အင်ပါယာထဲမှာတောင်မှ ရှမ့်လန်ကို မကြိုက်တဲ့လူတွေ အများကြီး ရှိနေတယ်။”
နင်ယွမ်ရှန်းက ပြုံးလိုက်၏။ “စေတနာထားတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလျန်”
သို့သော်ငြား သူ့၏စိတ်ထဲတွင်မူ မဲ့ပြုံးပြုံးလိုက်၏။ တော်ဝင်ရန်အင်ပါယာက မည်သူ့ကို မကြိုက်သနည်း။ ကျင်းမင်းသား၏ လုပ်ရပ်တွေက သူတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီသောကြောင့်ပင်။ မဟုတ်ပါက ကျင်းမင်းသားကိုလည်း သူတို့ ကြိုက်မည် မဟုတ်ချေ။
အတိုချုပ်အရ ပြောရမည်ဆိုရင် တစ်ဖက်လူများက ထူးချွန်ထက်မြက်သည့် ဉာဏ်ပညာရှင်များကို မကြိုက်ကြချေ။ သူတို့၏ စည်းမျဉ်းစည်းကမ်း လိုက်နာသည့် လူတွေကိုသာလျှင် ကြိုက်၏။ လူတိုင်းက တော်ဝင်ရန်အင်ပါယာ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ဘောင်မကျော်ကြလျှင် အကောင်းဆုံးဟု သတ်မှတ်ထားသည်။
.................
နယ်စပ်အမဲလိုက်ပွဲ စတင်ရန် တစ်ရက်သာလျှင် လိုတော့၏။ ချောင်ဘုရင်က နောက်ဆုံး၌ ရောက်ရှိလာခဲ့၏။ အနိုင်ရရှိမည့် လူတစ်ယောက် အနေနှင့် သူက တကယ်ပင် ဟိတ်ဟန်များလွန်း၏။ မင်းသားလျန် ရောက်ရှိ နေသော်လည်း ချောင်ဘုရင်က အသက်ပိုကြီးပြီး ဝါရင့်သူ ဖြစ်၏။ မင်းသားလျန်ကို စောင့်ခိုင်းထားခြင်းက အမှားတော့ မဟုတ်ပေ။
ထိုညမှာတော့ မင်းသားလျန်က အိမ်ရှင်အဖြစ်ဆောင်ရွက်ပြီး ဘုရင်မင်းမြတ် နှစ်ပါးကို တွေ့ဆုံစေ၏။ နင်ယွမ်ရှန်း၏ အိုမင်းရင့်ရော်နေသည့်ပုံစံကို မြင်ရချိန်မှာတော့ ချောင်ဘုရင်က တကယ်ပင် ဝမ်းသာသွား၏။ ထို့ပြင် နင်ယွမ်ရှန်းက ဘယ်လက်ကိုသာလျှင် အမြဲတမ်း အသုံးပြုပြီး ညာလက်ကို သုံးလေ့ မရှိကြောင်း သူ သတိပြုမိ၏။ ညာဘက်လက် ကောင်းမွန်စွာ လှုပ်ရှားနိုင်ခြင်း မရှိသည်မှာ ထင်ရှား၏။ လေဖြတ်ခံရသူများက ခန္ဓာကိုယ် တစ်ခြမ်း သေသွားတတ်သည် မဟုတ်ပါလား။
ချက်ချင်းပဲ ချောင်ဘုရင်က စိုးရိမ်ပူပန်သည့် ဟန်ပန်မျိုးဖြင့် ပြောလိုက်၏။ “ညီတော် နင်ယွမ်ရှန်း.. မတွေ့ရတာ နှစ်အနည်းငယ်တောင် ကြာနေပြီပဲ။ နေကောင်းကျန်းမာရဲ့လား”
နင်ယွမ်ရှန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အစ်ကိုကြီး.. ကျုပ်ကို မလှောင်ပါနဲ့။ ကျုပ်က အစ်ကိုကြီးထက် ၁၀ နှစ်ကျော်လောက် ငယ်ပေမဲ့ အစ်ကိုကြီးထက်တောင် ပိုပြီးတော့ အိုစာနေခဲ့ပါပြီ။ ရယ်စရာကြီးပါပဲ”
ချောင်ဘုရင်က သက်ပြင်းချလိုက်၏။ “အင်း ... ငါတို့က အဘိုးကြီးတွေ ဖြစ်ကုန်ကြပြီ။ ငါ မင်းကို တကယ်အားကျတယ်။ မင်းမှာ ထူးချွန်တဲ့ သားတွေ အများကြီး ရှိနေတယ်။ ငါ့လို မဟုတ်ဘူး။ ငါ့ရဲ့ အိမ်ရှေ့စံ ကတော့ သုံးမရဘူး”
“အိမ်ရှေ့စံ.. မင်းရဲ့ ဦးကြီးတော် နှစ်ယောက်ကို ဂါရဝမပြုဘဲ ဘာလုပ်နေတာလဲ”
ချောင်အိမ်ရှေ့စံက ရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။ “ဦးကြီးတော် မင်းသားလျန်နဲ့ ဦးကြီးတော် ရွှဲ့ဘုရင် တို့ကို ဂါရဝပြုပါတယ်”
ချောင်ဘုရင်၏ စကားလုံးများက နင်ယွမ်ရှန်းကို လှောင်ပြောင်နေခြင်း ဖြစ်၏။ ယခင်က နင်ယွမ်ရှန်းက တကယ်ပင် ဩဇာအာဏာ ကြီးမားခဲ့၏။ သို့သော်ငြား ဖျားနာသွားသည်နှင့် သူ့၏ ရည်မှန်းချက်ကြီးသည့် သားနှစ်ယောက်ကိုပင် မထိန်းချုပ်နိုင်ခဲ့တော့ချေ။ ယခု ရွှဲ့ပြည်နယ်၏ ထီးနန်းလုပွဲမှာ ပိုမိုကာ ပြင်းထန် လာခဲ့၏။ တစ်ဖက်လူက ဘာလုပ်မည်နည်း။ ကြည့်ရှုရပေဦးမည်။ ချောင်နိုင်ငံမှာတော့ ဤကဲ့သို့ စိုးရိမ်စရာ မရှိချေ။ အိမ်ရှေ့စံနေရာက ခိုင်မြဲလွန်း၏။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ချောင်အိမ်ရှေ့စံက တကယ့်ကို ချောမောခန့်ညားပြီး ဆွဲဆောင်မှု ရှိတာပဲ”
သို့သော်ငြား သူက နင်ကျန်းကို မိတ်ဆက်မပေးချေ။ နင်ကျန်းက ဘေးတစ်ဖက်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဒူးထောက်နေပြီး မည်သူမှ မမြင်ရသည့် လူတစ်ယောက် ကဲ့သို့ပင်။
ချောင်အိမ်ရှေ့စံက လှမ်းကာ မေးမြန်းလိုက်၏။ “ဒါက ရွှဲ့ဘုရင်ရဲ့ ဘယ်သားတော်လဲ မသိဘူး”
သူက အလွန် ရင်းနှီးလိုသည့်ဟန်ဖြင့် မေးမြန်းလိုက်သည် ဆိုသော်လည်း ထိုမေးခွန်း၌ လှောင်ပြောင်ချင်သည့် အရိပ်အယောင်များ ပါဝင်နေသည်။
နင်ကျန်းက မည်သည့်အခါကမှ လူလုံးထွက်ပြဖူးခြင်း မရှိသောကြောင့် ရွှဲ့ဘုရင်၏ သားတစ်ယောက် ဖြစ်သော်လည်း မည်သူကမှ သူ့ကို မသိကြချေ။ နင်ယွမ်ရှန်းက ခေါင်းငုံ့ထားပြီး ဘာမှ မပြောချေ။ နင်ကျန်းကို မည်သူနှင့်မှ မိတ်ဆက်မပေးချင်သည့် ပုံပင်။
နင်ကျန်းက ရှေ့ဆီသို့ လှမ်းတက်၏။ “မင်းသားလျန်၊ ချောင်ဘုရင်နဲ့ ချောင်အိမ်ရှေ့စံ တို့ကို ဂါရဝပြုပါတယ်။ ကျုပ်ကတော့ နင်ကျန်းပါပဲ”
မင်းသားလျန်က အသိအမှတ်ပြုသည့် သဘောဖြင့် ခေါင်းညိတ်ပြ၏။ ချောင်ဘုရင်ကမူ မကြားချင်ယောင် ဆောင်နေ၏။ ချောင်အိမ်ရှေ့စံက ဝိုင်ခွက်ကို မြှောက်ပြီး နှုတ်ဆက်သည်။
ပြီးနောက် နင်ကျန်းက မမြင်ရသည့် လူတစ်ယောက် အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့၏။
တစ်နာရီ အကြာမှာတော့ စားသောက်ပွဲက မကောင်းသည့် အခြေအနေဖြင့် ပြီးဆုံးသွားခဲ့ပြီး စားသောက်ပွဲ တစ်လျှောက်လုံး နင်ယွမ်ရှန်းက အထီးကျန်ဆန်သည့် လူတစ်ယောက်ကဲ့သို့ နေခဲ့၏။ အစမှအဆုံးထိ စကားတစ်လုံးမှ မပြောခဲ့ချေ။ ချောင်ဘုရင်ကမူ ရံဖန်ရံခါ ဆိုသလို အားရပါးရ ရယ်မောတတ်၏။ ဝိုင်ခွက်ပေါင်းများစွာကို ဆက်တိုက်သောက်၏။ သူက အောင်နိုင်သူ တစ်ယောက်၏ ပုံစံကို အပြည့်အဝ ဖော်ပြခဲ့သည်။
.......................
နောက်တစ်နေ့ မနက်ခင်းမှာတော့ ဘုရင်သုံးပါးက ကောင်းကင်ဘုံ ပူဇော်ခြင်း အခမ်းအနားကို ကျင်းပ၏။ ကောင်းကင်ကြီးက မျက်နှာသာပေး၏။ ယနေ့ ရာသီဥတုက တကယ်ပင် ကောင်းမွန်လှချေ၏။ နယ်စပ် အမဲလိုက်ပွဲအတွက် သင့်တော်သည့် အခြေအနေမျိုးပင်။
ပြီးနောက် မင်းသားလျန်က နယ်စပ်အမဲလိုက်ပွဲ၏ စည်းကမ်းချက်များကို ပြန်လည်ကာ ဖတ်ရှု၏။
“ချောင်ဘုရင် စစ်သည်ပေါင်း ၅၀၀၀ စေလွှတ်မှာ သေချာပါလား။ ရွှဲ့ဘုရင် စစ်သည်ပေါင်း ၂၀၀၀ စေလွှတ်မှာ သေချာပါလား”
ဘုရင်မင်းမြတ် နှစ်ပါးက ခေါင်းညိတ်လိုက်ကြသည်။
“ရှုံးနိမ့်သူက လူသိရှင်ကြား တောင်းပန်ရမယ်။ နယ်စပ် မိုင် ၂၀ နဲ့ ခံတပ် ၂၃ ခုကို ပေးရမယ်။ လျော်ကြေးငွေ ရွှေဒင်္ဂါး ၈ သိန်းကို ပေးရမယ်။ မှန်ကန်ပါသလား” ဘုရင်နှစ်ပါးက ထပ်မံကာ အတည်ပြုကြ၏။
သံတမန်များက စည်းကမ်းချက်များကို သိရှိပြီးသား ဖြစ်သော်လည်း ထိုအရာကို ကြားသည့်အချိန်မှာတော့ ရယ်စရာကောင်းသည်ဟု ခံစားနေရဆဲ ဖြစ်၏။ ရွှဲ့ပြည်နယ်က အသားတုံးများကို လှီးဖြတ်ပြီး တစ်ဖက်လူများကို ပေးသည်မှာ သိသာလွန်းလှသည်။
တိုက်ခိုက်မည့် စစ်သည် ၂၀၀၀ လုံး မြင်းလှည်းစီးလာသည်ဟု သူတို့က ကြားခဲ့ပြီး ဖြစ်၏။ သံချပ်ကာ မဝတ်၊ လက်နက်လည်း မကိုင်ထားသလို လမ်းပင် ကောင်းကောင်း မလျှောက်နိုင်သည့် စစ်သည်များ ဖြစ်၏။ ရှမ့်လန် အနေနှင့် စတေးခံများ ဖြစ်ဖို့ အသုံးမကျသည့် လူပေါင်း ၂၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ရခြင်းကပင် ကံကောင်းလွန်းခဲ့၏။
“ကဲ ချောင်ဘုရင်နဲ့ ရွှဲ့ဘုရင်တို့ နယ်စပ်အမဲလိုက်ပွဲကို တရားဝင် စတင်ပါပြီ။ လောကကြီး တစ်ခုလုံးက သက်သေ အဖြစ် ရှိနေမယ်” ထောင်ပေါင်းများစွာသော သံတမန်များက စင်မြင့်ထက်တွင် ထိုင်ပြီး နယ်စပ်အမဲလိုက်ပွဲ အတွက် သက်သေပြုရန် စောင့်ကြည့်နေကြသည်။
ချောင်ဘုရင်က သူ၏စစ်တပ်အား သူရဲကောင်းဆန်သည့် အငွေ့အသက်ဖြင့် သတ်ဖြတ်လိုသည့် စိတ်ဓာတ်များ ထွက်ပေါ်နေစေရန် ဖန်တီးထား၏။ ချက်ချင်းပဲ သူက ရယ်မောကာ ပြောလိုက်၏။ “ညီတော်ရွှဲ့.. မင်းက စစ်တုရင်ပညာမှာ ထူးချွန်တယ်လို့ ကြားတယ်။ ဒီနယ်စပ်အမဲလိုက်ပွဲမှာ ငါတို့ စစ်တုရင် တစ်ပွဲလောက် ကစားကြမလား။”
ထိုအရာကိုကြားသည့်အချိန်မှာတော့ အားလုံးက တုန်လှုပ်သွားခဲ့၏။ ရွှဲ့ဘုရင် စစ်တုရင်ထူးချွန်သည်ကို သိသော်လည်း ချောင်ဘုရင် ထူးချွန်မှန်းတော့ မသိခဲ့ချေ။
နင်ယွမ်ရှန်းက ထူထဲသည့် ဝါဂွမ်းအင်္ကျီကို ဝတ်ဆင်ထား၏။ သူက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ “အစ်ကိုကြီး... ဒီနယ်စပ်အမဲလိုက်ပွဲမှာ စာပေယဉ်ကျေးမှု ပြိုင်ပွဲ မပါပါဘူး”
ချောင်ဘုရင်က ပြုံးလိုက်၏။ “စစ်တပ်နှစ်ခု တိုက်ခိုက်ဖို့ ပြင်ဆင်ချိန်က ငါတို့အတွက် အချိန်ပိုသေးတယ်။ လုပ်စရာမှ မရှိတာပဲ။ ပြီးတော့ ညီတော်က နိုင်ငံအဆင့် ကျွမ်းကျင်သူ တစ်ယောက်လို့ ကြားထားတယ်။ ငါ့ကို ပညာပြပေးပါအုံး။ စောင့်နေတဲ့ လူတွေလည်း ပျင်းမသွားအောင်ပေါ့။”
နင်ယွမ်ရှန်းက ငြင်းပယ်လိုက်သည်။ “ဒါပေမဲ့ ကျုပ် သိပ်ပြီး နေမကောင်းဘူး။ ဒီမှာပဲ ရပ်လိုက်ကြရအောင်”
သူ၏သဘောထားက ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်သည့် ပုံပေါ်၏။ နယ်စပ်အမဲလိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ကာ အရှက်ကွဲခံပြီး အိမ်သို့ ပြန်ချင်နေသည့် ပုံစံမျိုးပင်။
ချောင်ဘုရင်က ပြောလိုက်၏။ “မလောပါနဲ့။ ညီတော်ရွှဲ့ရဲ့ စစ်တုရင်စွမ်းရည်က ကျုပ်ထက် အဆ ဆယ်ဆလောက် သာပါတယ်။ သေချာပေါက် နိုင်မှာပါ။ ကျုပ်က မကြာသေးခင်တုန်းက မပြီးပြတ်သေးတဲ့ စစ်တုရင် ကစားကွက် တစ်ခုကို ရရှိထားတယ်။ ချောင်နိုင်ငံက ကျွမ်းကျင်သူတွေ အကုန်လုံးကို မေးကြည့်တာတောင်မှ ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့ကြဘူး။ ညီတော်ရွဲ့က နိုင်ငံအဆင့် ကျွမ်းကျင်သူ တစ်ယောက်ဆိုတော့ အဲတာနဲ့ပတ်သက်ပြီး အကြံဉာဏ်တောင်းချင်လို့ပါပဲ။”
ပြီးနောက် ချောင်ဘုရင်က ကျယ်လောင်စွာ မိန့်ပေးလိုက်သည်။ “ခင်းကျင်းလိုက်ကြစမ်း”
ချက်ချင်းပဲ စစ်တုရင်ခုံ တစ်ခုက နင်ယွမ်ရှန်း၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ကွင်းပြင်၏ အလယ်တွင် မီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသည့် ကြီးမားသည့် စစ်တုရင်ခုံကြီး တစ်ခု ပေါ်ပေါက်လာခဲ့သည်။ စစ်တုရင်ရုပ် တစ်ခုချင်းစီတိုင်းက တကယ့်ကိုကြီးမားသောကြောင့် နိုင်ငံအသီးသီးမှ သံတမန်များက ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ရွှဲ့ဘုရင်က တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် ဦးခေါင်းများပင် ထုံကျင်သွားခဲ့၏။ ဤအရာက ကောင်းကင်ပုစ္ဆာပင် ဖြစ်၏။ သူ လုံးဝမဖြေရှင်းနိုင်ချေ။ နှစ်ပေါင်းများစွာလည်း ကြိုးစားခဲ့ဖူးသည်။
သံတမန်များကလည်း စိတ်ထဲတွင် ကျိန်ဆဲလိုက်ကြ၏။ ‘ချောင်ဘုရင်... ခင်ဗျား တကယ့်ကို ရက်စက်တာပဲ။ ရွှဲ့ပြည်နယ်ကို စစ်ရေးအရ ခြေမှုန်းရုံတင် မကဘူး။ စာပေယဉ်ကျေးမှုအရပါ ရွှဲ့ဘုရင်ကို အရှက်ခွဲချင်နေတာလား’
ဤကောင်းကင်ပုစ္ဆာက အရမ်းကို နာမည်ကြီး၏။ ရှိနေသည့် စစ်တုရင်ဝါသနာရှင်တိုင်းက ကြိုးစားဖူးကြပေမယ့် မည်သူကမှ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိချေ။
ချောင်ဘုရင်က အရိုအသေပြု၏။ “ညီတော်ရွဲ့... ငါ တကယ့်ကို ရိုးရိုးသားသားနဲ့ အကြံဉာဏ်တောင်းတာပါ။ ဒီပွဲက နယ်စပ်အမဲလိုက်ပွဲရဲ့ ရလဒ်ကို မထိခိုက်ပါဘူး။ ငါက အမဲရုပ်ကို ယူမယ်။ မင်းက အဖြူရုပ်ကို ယူ။ တကယ်လို့ ညီတော်ရွှဲ့ကသာ ငါ့ကိုနိုင်ပြီး ဒီပုစ္ဆာကို ဖြေရှင်းပေးမယ်ဆိုရင် ငါကိုယ်တိုင် ညီတော်ရွဲ့အတွက် စည်တီးပေးမယ်။ ဘယ်လိုလဲ”
ချောင်အိမ်ရှေ့စံက လှမ်းကာ ပြောဆိုလိုက်သည်။ “တကယ်လို့ ရွှဲ့ဘုရင်သာ မဖြေရှင်းနိုင်ဘူးဆိုရင် အဖေ့အတွက် စည်တီးပေးပါ”
အပိုင်း (၅၄၄)
နင်ယွမ်ရှန်းက အကြပ်ရိုက်သွား၏။ သူ ဖြေရှင်းနိုင်လျှင် လွန်ခဲ့သည့် နှစ်အနည်းငယ်တည်းက ဖြေရှင်းပြီး ဖြစ်၏။ အဘယ်ကြောင့် ယခုထိ စောင့်နေရမည်နည်း။
ချောင်ဘုရင်က ထပ်မံကာ အရိုအသေ ပြုလိုက်၏။ “ညီတော်ရွဲ့က တကယ့်ကို နိုင်ငံအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲလေ။ ငါ ဒီလောက် ပြောနေတာတောင်မှ လက်မခံဘူးလား”
ထိုအချိန်မှာပဲ ချောင်နိုင်ငံ၏ အခမ်းအနားဝန်ကြီးက လှမ်းကာ ပြောဆိုလိုက်၏။ “အရှင်မင်းကြီး.. ရွှဲ့ဘုရင်ကို ဘာလို့ အခက်တွေ့အောင် လုပ်နေရတာလဲ။ ရွှဲ့ဘုရင်က ဖျားနာတကနေ အခုမှ သက်သာလာတာကပဲ ရှိပါသေးတယ်”
ထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက် လူတိုင်းက သဘောတူညီကြောင်း ခေါင်းညိတ်လိုက်၏။
နင်ယွမ်ရှန်းက ဒေါသထွက်သွားခဲ့၏။ ချောင်နိုင်ငံ ဘာကို ဆိုလိုသနည်း။ သူ့ လေဖြတ်ထားသောကြောင့် ဦးနှောက်ပျက်စီးပြီး စိတ်မမှန်တော့ဘူး ဆိုလိုနေသည်လား။ ထို့ကြောင့် သူ့ကို မစမ်းသပ်ရဲဘူးဟု စိန်ခေါ်နေသည်လား။
ချက်ချင်းပဲ နင်ယွမ်ရှန်းက ချောက်ကမ်းပါးစွန်းဆီသို့ တွန်းပို့ခံလိုက်ရသလိုပင်။ လက်ခံလိုက်လျှင်လည်း သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။ လက်မခံလျှင်လည်း လေဖြတ်၍ ဦးနှောက်ပျက်သွားသည်ဟု ထင်သွားပေ လိမ့်မည်။ သူ့ကိုယ်သူ နိုင်ငံအဆင့် ကျွမ်းကျင်သူ တစ်ယောက်ဟု အမြဲခံယူထားခဲ့သည့် နင်ယွမ်ရှန်းက လက်ရှိအခြေအနေမှာတော့ ချောင်ဘုရင်၏ စစ်တုရင်နှင့် အနိုင်ကျင့်ခြင်း ခံနေရ၏။ ကြီးမားသည့် အရှက်ကွဲမှု မျိုးပင်။
ရှမ့်လန်မှာတော့ စိတ်ထဲ၌ မထီမဲ့မြင်နှင့် ပြုံးလိုက်၏။ ‘ချောင်ဘုရင်.. ဒီကောင်းကင်ပုစ္ဆာက သိပ်ပြီး နာမည်ကြီးတယ်။ ကောင်းကင်ပင်လယ်နန်းဆောင်က ထုတ်ဖော်ထားတာ။ လောကကြီးမှာ ဘယ်စစ်တုရင် ကျွမ်းကျင်သူမှ မဖြေရှင်းနိုင်ဘူး။’
ရှမ့်လန်လည်း မဖြေရှင်းနိုင်ပေ။ သို့ပေမည့် သူ၏ AI ကတော့ ဖြေရှင်းနိုင်၏။ နာရီပေါင်းများစွာ အချိန်ယူပြီး အကြိမ်ရေ ထောင်ပေါင်းများစွာ ကြိုးစားပြီး နောက်ဆုံးမှာတော့ AI က ဤကောင်းကင်ပုစ္ဆာကို ဖြေရှင်းပေး နိုင်ခဲ့သည်။
ချက်ချင်းပဲ ရှမ့်လန်က အရိုအသေ ပြုလိုက်၏။ “ချောင်ဘုရင်... ဒါက ကောင်းကင်ပုစ္ဆာ တစ်ခုတည်းပါပဲ။ ဘာလို့ ရွှဲ့ဘုရင် ကိုယ်တိုင်က ဖြေရှင်းဖို့ လိုနေမှာလဲ။ မင်းသားနင်ကျန်း ဖြေရှင်းလိုက်ရင် ရပါပြီ”
ထိုအချိန်မှာတော့ မင်းသားနင်ကျန်းက ပြောလိုက်သည်။ “အဖေ... ကျုပ် အဖေ့အတွက် ကစားပေးချင်ပါတယ်”
လူတိုင်းက ကြောင်အသွားခဲ့၏။ ဤအရာက အကြံကောင်းပင် ဖြစ်၏။ နင်ကျန်းက ဘာပဲဖြစ်ဖြစ် ရှုံးနိမ့်မည့်သူပင်။ ယခု ထပ်မံကာ ရှုံးမည်ဆိုလျှင်လည်း အရှက်ကွဲစရာ မလိုအပ်ချေ။ သူက နယ်စပ်အမဲလိုက်ပွဲ၏ ဓားစာခံ ဖြစ်နေပြီ မဟုတ်ပါလား။ မကြာခင် ပြည်နှင်ဒဏ် ပေးခံရပေလိမ့်မည်။ တစ်ပွဲရှုံးသွားရုံနှင့် ဘာမှမထူးတော့ချေ။
မရေမတွက်နိုင်သည့် နိုင်ငံအဆင့်ကျွမ်းကျင်သူများပင် မဖြေရှင်းနိုင်သည့် ဤကောင်းကင်ပုစ္ဆာကို အသုံးမကျသည့် မင်းသားနင်ကျန်းက မည်ကဲ့သို့ ဖြေရှင်းနိုင်မည်နည်း။
ရှမ့်လန်က ပြောလိုက်၏။ “ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောရအောင်။ တကယ်လို့ မင်းသားနင်ကျန်းကသာ ကောင်းကင်ပုစ္ဆာကို ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် ချောင်ဘုရင်က ကျုပ်တို့ဘုရင်အတွက် စည်တီးပေးရမယ်။ ချောင်အိမ်ရှေ့စံကတော့ သီချင်းဆိုပေးရမယ်။
“ကောင်းပြီ။ ရွှဲ့ဘုရင်သာ နိုင်ခဲ့မယ်ဆိုရင် ကျုပ်နဲ့ ကျုပ်ရဲ့သားက သူ့အတွက် သီချင်းဆိုပေးမယ်”
ချောင်ဘုရင်က အားရပါးရ ရယ်မောလိုက်၏။ “ညီတော်ရွဲ့.. မင်း နေမကောင်း ဖြစ်နေတယ် ဆိုတော့ သားတော်က ကိုယ်စားဝင်ကစားပေးရင်လည်း ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ရှုံးရင်တော့ ကိုယ်တိုင် လုပ်ရမယ်နော်။ ဘယ်သူမှ ကိုယ်စားလုပ်ပေးလို့ မရဘူး။ ဘယ်လိုလဲ”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ကဲ ... သဘောတူတယ်”
ချောင်ဘုရင်ကလည်း ပြောလိုက်၏။ “သဘောတူကြတာပေါ့”
ပြီးနောက် နင်ကျန်းက စင်မြင့်ပေါ်သို့ တက်သွား၏။ နင်ယွမ်ရှန်း ကိုယ်စား စစ်တုရင်ကို ကစား၏။ အခြားသော တစ်ဖက်ခြမ်းတွင် ချောင်အိမ်ရှေ့စံက ချောင်ဘုရင်အတွက် ဝင်ရောက်ကာ ကစား၏။ မည်သို့ပင် ဆိုစေကာမူ ချောင်နိုင်ငံအတွက် အတူတူပင် ဖြစ်၏။ ထိုအရာက ကောင်းကင်ပုစ္ဆာပင်။ အဓိက အဖြူရုပ်ကို ကိုင်ဆောင်သူက မည်သို့ ဖြေရှင်းသွားမလဲ ဆိုသည်ကို ကြည့်ရှုရမှာပင်။
မင်းသားနှစ်ပါးက စစ်တုရင်ရုပ်များကို ရွှေ့လျက်ရှိပြီး ကွင်းပြင်ထဲရှိ စစ်တုရင်ခုံပေါ်တွင်လည်း တပြိုင်နက် ရွှေ့ပေးနေကြ၏။ တိုက်ရိုက် ထုတ်လွှင့်မှုတစ်မျိုးပင်။ လူတိုင်းက ငိုက်မြည်းနေကြ၏။ အဘယ်ကြောင့်ဆိုသော် ဤပွဲက ရှုံးနိမ့်ရန် သေချာနေသောကြောင့်ပင်။ နှစ်ပေါင်းများစွာအတွင်း မည်သူမှ မဖြေရှင်းနိုင်ခြင်း မရှိသည့် ပုစ္ဆာမျိုး ဖြစ်၏။
နင်ကျန်းက သူတို့အတွက် ဘာမှမဟုတ်ပေ။ သို့ပေမည့် ၁၅ မိနစ် ကြာသည့်အခါမှတော့ လူတိုင်းက မျက်လုံး ပြူးသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် စစ်တုရင်ပွဲ၏ အခြေအနေက ပြောင်းလဲသွားခဲ့သောကြောင့်ပင်။ နင်ကျန်းက နိုင်တော့မည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။ အဖြူရုပ်က ကျိန်းသေပေါက်ရှုံးမှာ ဖြစ်၏။ ဖြေရှင်းနည်း လည်း မရှိချေ။
နိုင်ငံတော်အဆင့် စစ်တုရင်ကျွမ်းကျင်သူ အများအပြား ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ထို့အပြင် ဤအရာက ကောင်းကင်ပင်လယ်နန်းဆောင်၏ ပုစ္ဆာ ဖြစ်၏။ နင်ကျန်းက တကယ်ပင် ဖြေရှင်းနိုင်ခဲ့သည်လား။ နင်ကျန်းက အနိုင်ရရှိပေတော့မည်။
ကစားပွဲ ကြာလာသည်နှင့်အမျှ ချောင်ပြည်နယ်၏ အိမ်ရှေ့စံက ထိတ်လန့်လာခဲ့၏။ အခြေအနေက သူ မှတ်မိထားသည့် အကွက်များနှင့် ကွဲပြားလို့နေခဲ့၏။ နောက်တစ်ကွက် သူ ဘာကို ရွှေ့ရမည်နည်း။ အပေါ်ယံတွင် တည်ငြိမ်သည့် ဟန်ဆောင်လျက်ရှိသော်လည်း သူ၏ စိတ်ထဲတွင်တော့ အလုံးစုံ ရှုပ်ထွေးလို့နေသည်။
ချောင်ဘုရင်က သူ၏ ဘေးတစ်ဖက်ဆီမှ ဗျူဟာမှူးကို လှမ်းကာ ကြည့်လိုက်၏။ နင်ယွမ်ရှန်း၏ သိက္ခာကို ချနင်းရန်၊ ချောင်ဘုရင်၏ ဂုဏ်သိက္ခာကို တစ်ဖက်လှည့်ဖြင့် မြှင့်တင်ရန် ဤအကြံကို ပေးခဲ့သူက ထိုဗျူဟာမှူးပင် ဖြစ်၏။ သူက ကောင်းကင်ပုစ္ဆာက ဖြေရှင်း၍မရနိုင်ကြောင်း အာမခံခဲ့၏။ ယခု အဘယ်ကြောင့် ဤသို့ ဖြစ်သွားရသနည်း။
အခြားတစ်ဖက်တွင်တော့ နင်ကျန်းက တည်ငြိမ်အေးချမ်းလျက် ရှိနေ၏။ မာနကြီးသည့်ပုံပင် မပေါ်ချေ။ စိတ်ပျက်အားငယ်သည့် ပုံလည်း မရှိချေ။
နောက်ထပ် ၁၅ မိနစ်ခန့် ကြာမြင့်သွားခဲ့၏။ ကစားပွဲ၏ အဖြေက ရှင်းလင်းသွားခဲ့၏။ အဖြူရောင်ရုပ်ကို ကိုင်ဆောင်သူ နင်ကျန်းက အနိုင်ရရှိသွားခဲ့၏။
ရောက်ရှိနေသူ အားလုံးက မယုံကြည်နိုင်အောင် ဖြစ်လို့နေ၏။ ကောင်းကင်ပင်လယ် နန်းဆောင်မှ ထုတ်ပြန် ထားခဲ့သည့် ကောင်းကင်ပုစ္ဆာကြီးက ဤကဲ့သို့ ဖြေရှင်းပြီးသွားခဲ့ပြီလား။ ဖြေရှင်း၍မရနိုင်ဘူးလို့ တခြားသောသူများက ပြောကြားထားခဲ့သည် မဟုတ်ပါလား။
ငါးနှစ်ကျော် ကြာမြင့်သွားခဲ့၏။ ဤကာလအတွင်း လူပေါင်းမြောက်မြားစွာတို့က ကောင်းကင်ပုစ္ဆာကို ဖြေရှင်းနိုင်ပြီဟု ကြွေးကြော်ခဲ့၏။ နောက်ဆုံးမှာတော့ အားလုံးက ပေါက်ပန်းလေးဆယ်များသာ ဖြစ်ခဲ့၏။ သူတို့ဘာသာ အမဲရုပ်၊ အဖြူရုပ် ခွဲကစားပြီး အဖြူရုပ်ကို နိုင်အောင် လုပ်ကြခြင်းသာ ဖြစ်၏။ ပုစ္ဆာ၏ အစဉ်အလာအတိုင်း လိုက်နာခြင်းမရှိဘဲ မိမိဘာသာ လျှောက်ကစားကာဖြင့် အမဲရုပ်ကို ရှုံးအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
ကမ္ဘာမြေပေါ်မှ သိပ္ပံပညာရှင်များက (ဂိုးလ်ဘတ်)သီအိုရီကို ဖြေရှင်းနိုင်ခဲ့ပြီဟု နှစ်စဉ်ကြေညာလျက် ရှိနေသကဲ့သို့ပင်။
သို့သော်ငြား ယခု နင်ကျန်းက တကယ်ပင် ဖြေရှင်းနိုင်၏။ အဓိကအချက်အားဖြင့် ချောင်အိမ်ရှေ့စံက မှားယွင်းသည့် အကွက်ရွှေ့ခဲ့ခြင်း မရှိခဲ့ချေ။ သို့ပါသော်လည်း အဘယ်လို့ ရှုံးနိမ့်သွားရသနည်း။
အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သာမန်အားဖြင့် ကောင်းကင်ပုစ္ဆာကို ဖြေရှင်းနိုင်သည့် လူက နိုင်ငံအဆင့် ကျွမ်းကျင်သူ တစ်ယောက် သို့မဟုတ် ကြီးကျယ်မြင့်မြတ်လွန်းသည့် ဉာဏ်ပညာရှင် တစ်ဦးသာ ဖြစ်သင့်၏။
နင်ကျန်းက မည်သူနည်း။ လူရာသွင်းခြင်းပင်မခံရသည့် အသုံးမကျသည့် မင်းသားတစ်ပါးမျှသာ ဖြစ်၏။ ငယ်စဉ်တည်းက အခြားသောမင်းသားများက နန်းတော်ထဲတွင် ပညာရှိကြီးပေါင်းများစွာတို့နှင့် သင်ကြားခွင့်ကို ရခဲ့သော်လည်း နင်ကျန်းကမူ မိန်းမစိုးအိုကြီးများ၏ သင်ကြားပေးခြင်းကိုသာ ရရှိခဲ့၏။ ယခု သူက ကောင်းကင်ပုစ္ဆာကို ဖြေရှင်းနိုင်ခဲ့ပြီလား။ စဉ်းစား၍ မရနိုင်အောင်ပင် ရှုပ်ထွေးလွန်းသွားခဲ့သည်။
ချောင်အိမ်ရှေ့စံက သူ၏ လက်ထဲရှိ အမဲရုပ်ကို ကိုင်ထားပြီး အချိန်တော်ကြာသည်အထိ မချနိုင် ဖြစ်လို့နေ၏။
“ညီတော်နင်ကျန်း... ငြိမ်းချမ်းရေးက တန်ဖိုးရှိတယ်။ ဒီပွဲကို သရေလို့ သတ်မှတ်လိုက်ရင် ဘယ်လိုလဲ” ချောင်အိမ်ရှေ့စံက မေးမြန်းလိုက်သည်။
သူ့တွင် အကြံကောင်းရှိ၏။ သာမန်အားဖြင့် တစ်ဖက်လူက ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ဘာပဲပြောပြော လူတိုင်း၏ အမြင်တွင် ရွှဲ့ပြည်နယ်က ချောင်ပြည်နယ်၏ အကူအညီကို လိုအပ်နေသည် မဟုတ်ပါလား။ နောက်တစ်ဆင့်ဖြစ်သော စစ်မှန်သည့် နယ်စပ်အမဲလိုက်ပွဲတွင် ချောင်ပြည်နယ်အနေနှင့် အလုံးစုံ ရက်စက်ခြင်းမရှိဘဲ ရွှဲ့ဘုရင်ကို မျက်နှာသာ ပေးစေချင်သည်ဆိုပါက ယခုပွဲကို သရေအဖြစ် လက်သင့် ခံသင့်၏။
“မဖြစ်နိုင်ပါဘူး” နင်ကျန်းက ပြတ်သားစွာပင် ငြင်းပယ်လိုက်သည်။
ချောင်အိမ်ရှေ့စံ၏ မျက်နှာက သုန်မှုန်သွားခဲ့ပြီး ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်သွားခဲ့၏။ လူတိုင်းကလည်း ကြောင်အသွားခဲ့၏။ နင်ကျန်းက ဤမျှထိ ခေါင်းမာနေသည်လား။ ဤကဲ့သို့သော ပြတ်သားမှုမျိုးကို အဘယ်ကြောင့် ပိုင်ဆိုင်နေရသနည်း။ သို့မဟုတ် သူက တုံးအလွန်းနေသည်လား။
ပြီးနောက် ချောင်အိမ်ရှေ့စံက ခံစားချက်မပါသည့် မျက်နှာဖြင့် ဆက်လက်ကာ ကစား၏။ ၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် ကစားပွဲက အလုံးစုံပြီးဆုံးသွားခဲ့ပြီး နင်ကျန်းက အနိုင်ရရှိသွား၏။ ဆိုလိုသည်မှာ ကောင်းကင်ပင်လယ် နန်းဆောင်၏ ကောင်းကင်ပုစ္ဆာကို တရားဝင် အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ခြင်းပင်။
“နိုင်ငံနှစ်ခုကြား ယှဉ်ပြိုင်ပွဲမှာ ရွှဲ့ပြည်နယ်က အနိုင်ရရှိခဲ့ပါတယ်” တော်ဝင်ရန် အင်ပါယာ၏ သံတမန်က ကြေညာလိုက်၏။
ချောင်ဘုရင်က သူ၏ဗျူဟာမှူးကို ဒေါသတကြီးဖြင့် စိုက်ကြည့်၏။ ပြီးနောက် သူက ဟက်ဟက်ပက်ပက်နှင့် အားရပါးရ ရယ်မောသည်။ “ညီတော်ရွှဲ့... မင်းရဲ့ သားတော်က တကယ့်ကို အရည်အချင်း ရှိတာပဲ။ နာမည်မကြီးတဲ့ နင်ကျန်းတောင်မှ စစ်တုရင်ပညာ စွမ်းရည်ကို အမွေဆက်ခံထားတယ်။ အံ့မခန်းပါပဲ”
ပြီးနောက် ချောင်ဘုရင်က စည်တီး၊ သီချင်းဆိုရမည့် ကိစ္စကို လုံးဝမဟချေ။
“ဟေ့... ငါ ရေဆာနေပြီ။ ဝိုင်ယူခဲ့ကြအုံး” ချောင်ဘုရင်က အော်ဟစ်လိုက်၏။
ချက်ချင်းပဲ နန်းတွင်းအပျိုတော် တစ်သိုက်က ထွက်ခွာလာပြီး ကပြဖျော်ဖြေကြ၏။ စားပွဲသောက်ပွဲများကို စတင်၏။ သူ့ပုံစံက ရိုးရှင်း၏။ လူတိုင်း ဝိုင်သောက်ပြီး အလှမယ်များကို ကြည့်ရှုခံစားကြသင့်၏။ စည်တီး၊ သီချင်းဆိုသည့် ကိစ္စကို မေ့လိုက်တော့ဟူသည့် သဘောပင်။
လူတိုင်းက ချောင်ဘုရင်၏ စည်တီးသည်ကို မြင်ချင်ကြသော်လည်း မည်သူမှထုတ်မပြောရဲချေ။
ထိုအချိန်မှာပင် ရှမ့်လန်က မတ်တတ်ရပ်လိုက်သည်။ “နေပါအုံး။ အားလုံးပဲ ခဏလောက် နေကြပါအုံး။ ချောင်ဘုရင်ကြီးနဲ့ အိမ်ရှေ့စံတို့ တစ်ခုခု မေ့နေသလိုပဲ”
ထိုစကားကို ကြားချိန်မှာတော့ ချောင်ဘုရင်၏ မျက်နှာထားက ပြောင်းလဲသွား၏။ ဒီကောင်လေး... ဤမျှထိ ရိုင်းစိုင်းရဲနေသည်လား။
ချောင်ပြည်နယ်၏ သံတမန်ဝန်ကြီး ဝမ်ဟိုင်လီက ချက်ချင်းပဲ ထကာ ပြောသည်။ “မင်းက ဘယ်သူလဲ။ ဘယ်အဆင့်လဲ။ ဘာရာထူးလဲ။ ဒီလိုအခမ်းအနားမျိုးမှာ ဘာအခွင့်အရေးရှိလို့ စကားထပြောရတာလဲ။”
‘ချီးတဲ့မှ ဝမ်ဟိုင်လီ... ခင်ဗျား ဒီလိုလုပ်ရတာ မမောသေးဘူးလား’
ရှမ့်လန်က ချက်ချင်းပဲ တုံ့ပြန်လိုက်၏။ “ဝန်ကြီးဝမ်ဟိုင်လီ... ခင်ဗျား ကျုပ်ကို မေ့သွားပြီလား။ ခင်ဗျား သံတမန်စာချုပ်ကို လက်မှတ်ရေးထိုးတုန်းက ကျုပ်နဲ့ပါပဲ။ ပြီးတော့ ခင်ဗျား ဆောင်ကြာမြိုင်မှာ အကြွေးတင်ပြီး လူမိုက်တစ်သိုက် ဝင်ရိုက်တော့ ကယ်ခဲ့တာလည်း ကျုပ်ပါပဲ။ ခင်ဗျားရဲ့ ဥလေးတွေရော သက်သာရဲ့လား။ ပြန်ကောင်းသွားပြီလား။ အဲဒီတုန်းက တော်တော်ကြီး ရောင်ကိုင်းသွားခဲ့တာပဲ။”
ထိုစကားကို ကြားသည့်နှင့် တပြိုင်နက် ဝမ်ဟိုင်လီ၏ မျက်နှာတစ်ခုလုံးက ဖြူဖပ်ဖြူရော် သွားခဲ့၏။ ‘ငါ... ငါ... ဒီလောက် အရှက်မရှိတဲ့ လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အခုက ဘယ်လိုအခမ်းအနားမျိုးမို့ ဒီလို ပေါက်ပန်း လေးဆယ်တွေကို ပြောထွက်ရတာလဲ’
ချက်ခြင်းဆိုသလိုပင် ရှမ့်လန်က အံ့အားတသင့်အသံဖြင့် ထကာ ပြောလိုက်၏။ “ဝန်ကြီး ဝမ်ဟိုင်လီ... ခင်ဗျား မုတ်ဆိတ်တွေ မရှိတော့ပါလား။ ဘာလဲ... ခင်ဗျားရဲ့ ဥတွေ အကုန်လုံး ဖြုတ်လိုက်ရပြီလား။ တစ်ခုမှ မကျန်တော့ဘူးလား။ အင်း... ဒါပေမယ့်လည်း ကောင်းပါတယ်။ မျိုးပွားအင်္ဂါ မရှိတော့ဘူးဆိုရင် ရာထူးကို အာရုံစိုက်လို့ ရတာပေါ့။ ခင်ဗျား ဝန်ကြီးဖြစ်ကနေ နှုတ်ထွက်ပြီး ချောင်ပြည်နယ်မှာ မိန်းမစိုး လုပ်လို့လည်း ရတယ်။ မဆိုးဘူး၊ မဆိုးဘူး”
ချောင်ဘုရင်က ရှမ့်လန်ကို အေးစက်စက် ကြည့်လိုက်၏။ ဤကောင်လေးက ရှမ့်လန်လား။ တကယ်ပဲ မုန်းတီးစရာ ကောင်း၏။ ကြည့်လိုက်သည်နှင့် သတ်ဖြတ်ပစ်ချင်စရာလည်း ကောင်းသည်။
သို့သော်ငြား ဝမ်ဟိုင်လီမှာမူ စကားတစ်လုံးမှ ပြန်မပြောနိုင်တော့ချေ။ ရှမ့်လန်၏ စကားလုံးများက သူ့အတွက် အဆိပ်ပြင်းထန်လွန်း၏။ ဤကဲ့သို့ အထက်တန်းကျသည့် အခမ်းအနားမျိုးတွင် မျက်နှာပြောင်တိုက်ပြီး တစ်ဖက်လူက ပြောဆိုရဲသည်ဆိုပေမဲ့ သူကတော့ အရှက်မရှိ ပြန်မပြောရဲချေ။
ဆက်လက်ပြီး ရှမ့်လန်က ပြောလိုက်၏။ “ချောင်ဘုရင်... ကျုပ်တို့ ဘုရင်အတွက် စည်တီးပေးဖို့ အချိန်ရောက်ပါပြီ။ ချောင်အိမ်ရှေ့စံ... ခင်ဗျားလည်း သီချင်းဆိုရမယ့် အချိန်ရောက်ပြီလေ။ ခင်ဗျားတို့ နှစ်ယောက်လုံးက လင်မယားနှစ်ယောက် သီချင်းဆိုတယ်လို့ တွေးထား။ ဪ မဟုတ်ဘူး... သားအဖ သီချင်းဆိုတယ်လို့ မှတ်ယူရမှာပေါ့”
ထိုစကားကို ကြားချိန်မှာတော့ ချောင်သားအဖ၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာခဲ့၏။ လင်မယား သီချင်းဆိုသည် ဟုတ်လား။
ကောင်းသောစကား မဟုတ်ချေ။ လူတိုင်းက တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ အပ်ကျသံကိုပင် ကြားရလောက်၏။
ရှမ့်လန်က မင်းသားလျန်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ “မင်းသားလျန်... ကျုပ်တို့ ကတိဖျက် လိုက်ရမလား။ ဘုရင်ဆိုတာ ကတိတည်ရတယ်လို့ ပြောတယ်နော်”
ချီးတဲ့မှ...ဤအရာက စာအုပ်ထဲမှာပဲ ရှိခြင်းဖြစ်ပြီး ဘုရင်တိုင်းက စာအုပ်လှန်သလို ချက်ချင်းပဲ စာအုပ်ထဲတွင် ရှိသည့် အကြောင်းအရာများကို ကျော်သွားနိုင်၏။ မင်းသားလျန်က ပြန်မဖြေချေ။ သူက တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်သည့် လူမျိုး မဟုတ်ချေ။ ရှမ့်လန်ကိုသာ မျက်လုံးမှေးကျဉ်းကာ ကြည့်ရှုနေ၏။
ထူးခြားမှု တစ်စုံတစ်ရာ မရှိလျှင် ဤကောင်းကင်ပုစ္ဆာကို ဖြေရှင်းနိုင်ခဲ့သည်မှာ ဤကောင်လေးပင် ဖြစ်ရပေလိမ့်မည်။ တကယ်ပဲ ဉာဏ်ကောင်းလွန်းသလို အလွန်လည်း စိတ်ပျက်စရာ ကောင်း၏။ လောကတွင် စိတ်ပျက်စရာ အကောင်းဆုံး လူများက မာနကြီးပြီး လူများ၏ အာရုံစိုက်မှုကို လိုချင်သည့် လူများသာလျှင် ဖြစ်၏။ လူအများစုက ရှမ့်လန်ကို မနှစ်သက်ကြသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ သူတောင် မြင်ရသည်မှာ မျက်စိဆံပင်မွေးစူးသည်။
မင်းသားလျန်က ပြောလိုက်သည်။ “နင်ကျန်း... မင်း ကောင်းကင်ပုစ္ဆာကို ဖြေရှင်းနိုင်တာ ကောင်းကင်ပင်လယ် နန်းဆောင်ကို သတင်းပို့ပေးရမလား”
ဘာပဲဖြစ်ဖြစ် လူသိရှင်ကြား ဖြေရှင်းနိုင်ခဲ့သူ နင်ကျန်းဖြစ်၏။ သတင်းပို့လိုက်လျှင် ဂုဏ်ထူးဆောင် ပညာရှင် ဖြစ်လာနိုင်၏။ ဤဂုဏ်ထူးက နင်ကျန်းအတွက် အချိန်ကိုက်ပင် ဖြစ်၏။ အနှိမ်ခံ မင်းသားတစ်ပါး အတွက် ဤဂုဏ်ထူးက တကယ်ပင် လိုအပ်၏။
နင်ကျန်းက အရိုအသေ ပြုလိုက်သည်။ “မလိုပါဘူး။ ရှမ့်လန်နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်က အဆင်မပြေ ဖြစ်ထားပြီးသားပဲ။ ဒါကြောင့် ကျုပ် နင်ကျန်းအနေနဲ့ သူများရဲ့ ဖင်ကို ကိုယ့်ရဲ့မျက်နှာနဲ့ သွားကပ်နေစရာ အကြောင်းမရှိပါဘူး”
ထိုစကားကြောင့် လူတိုင်းက ကြောင်အသွားခဲ့၏။ ‘နင်ကျန်း... မင်း ရူးနေတာလား။ ဒီလောက် ကြီးကျယ်တဲ့ ဂုဏ်ထူးကို ဘယ်လို ငြင်းပယ်လိုက်တာလဲ။ နောက်တစ်ဆင့် အမဲလိုက်ပွဲ ရှုံးတာနဲ့ မင်းနဲ့ ရှမ့်လန်တို့က ပြည်နှင်ဒဏ် ပေးခံရတော့မှာ။ မင်းတို့ရဲ့ ဘဝတွေက သွားပြီ။ ဂုဏ်ထူးဆောင် ပညာရှင် ဖြစ်ခွင့်ရရင် အနည်းဆုံး တောကြီးမျက်မည်းထဲကို အပို့မခံရဘဲ ကောင်းကင်ပင်လယ်နန်းဆောင်မှာ နေလို့ ရနေသေးတယ်’
ထိုအချိန်မှာပဲ ရှမ့်လန်က ပြောလိုက်သည်။ “ချောင်ဘုရင်က ကတိဖျက်လို့ ရမှတော့ ကျုပ်တို့လည်း ကတိဖျက်လို့ရတာပေါ့။ ဒီတော့ နယ်စပ်အမဲလိုက်ပွဲကို မပြိုင်တော့ဘူးဗျာ။ အိမ်ပြန်ကြမယ်။ ကဲ... ထကြ ထကြ”
ထူးဆန်းသည်မှာ အလွန်ထိုင်းမှိုင်းလေးလံလျက် ရှိနေသည့် စစ်သည် ၂၀၀၀ ကျော်တို့က အမှန်တကယ်ပင် နောက်ပြန်လှည့်ပြီး မြင်းလှည်းပေါ်သို့ တက်ရန် ပြင်နေကြခြင်းပင်။
ချောင်ဘုရင်က ချက်ချင်းပဲ ဒေါသထွက်သွား၏။ “ညီတော်ရွှဲ့... မင်းက တိုင်းပြည်ရေးရာကို ကလေး ကစားစရာလို့ ထင်မှတ်နေတာလား”
ရှမ့်လန်က ခနဲ့တဲ့တဲ့နှင့် ဝင်ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားရဲ့စကားကို ကလေးစကားလို သဘောထားလို့ ရလား”
ချောင်ဘုရင်က နင်ယွမ်ရှန်းကို စိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။ “ရွှဲ့ဘုရင်... သေချာနားထောင်။ ငါကိုယ်တိုင် မင်းအတွက် စည်တီးပေးမယ်”
ပြီးနောက်မှာတော့ စင်မြင့်ထက်တွင် ချောင်ဘုရင်က စည်တီး၏။ အိမ်ရှေ့စံမင်းသားက သီချင်းဆိုသည်။
ဟုတ်ပေ၏။ သီချင်းက သုံးကြောင်းတည်းသာရှိပြီး ချောင်ဘုရင်က သုံးချက်တည်းသာ တီးပေး၏။ နိုင်ငံအသီးသီးမှ သမိုင်းပညာရှင်များက ထိုအကြောင်းအရာကို မှတ်တမ်းတင်လျက် ရှိ၏။
[တော်ဝင်ရန် အင်ပါယာ -
ယန်ဝူနှစ် ၃၀၊ ဖေဖော်ဝါရီ ၃ ရက်။
ချောင်ဘုရင်က ရွှဲ့ဘုရင်အတွက် စည်သုံးချက် တီးပေးခဲ့၏။]