အခန်း (၅၄၅-၅၄၆)
Vol. 37 Ch. 545-546
အပိုင်း (၅၄၅)
ပြီးနောက် ချောင်ဘုရင်က အော်ဟစ်လိုက်သည်။ “မြေပုံ၊ ရွှေနဲ့ အမိန့်တော်ပြန်တမ်းတွေ ယူခဲ့ကြ”
ချက်ချင်းပဲ မိန်းမစိုးတစ်သိုက်က စင်မြင့်ထက်ဆီသို့ လင်ဗန်းများ သယ်ဆောင်လာခဲ့ကြ၏။ လင်ဗန်းပေါ်တွင် မြေပုံ၊ နောက်တစ်ခုပေါ်တွင် အမိန့်တော်ပြန်တမ်း ရှိ၏။ စစ်သည်ရာပေါင်းများစွာတို့က ရွှေများကို သယ်ထုတ်လာခဲ့ကြ၏။ ပြီးနောက် စင်မြင့်လှေကားပေါ်တွင် ရွှေများကို ပုံထား၏။
ရွှေဒင်္ဂါး ၈ သိန်းသည် ငါးသောင်းခြောက်ထောင် ပိဿာနှင့် တူညီ၏။ ရွှေတစ်တုံးလျှင် ၅ ပိဿာလေးပြီး အတုံးရေ ၅၀၀၀ ကျော် ရှိ၏။ စင်မြင့်တစ်ခုလုံး ရွှေရောင်များ တောက်ပသွားခဲ့ပြီး ရွှေပိရမစ်ကြီးတစ်ခု ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။
ရောက်ရှိလာခဲ့ကြသော သံတမန်များအားလုံးက အတွေ့အကြုံ ရင့်ကျက်ကြသူများ ဖြစ်သော်လည်း ဤမြင်ကွင်းကြောင့် တကယ်ပင် အံ့အားသင့်မိ၏။ မည်မျှ ခမ်းနားလိုက်သည့် ပွဲလမ်းသဘင် ဖြစ်သနည်း။ မည်မျှ ကြီးကျယ်သည့် လောင်းကြေးစားကြေးနည်း။ ဤသည်မှာတော့ နှစ်ဖက်လုံး ဟန်ဆောင်မှု ကင်းမဲ့သွားပြီး သေမင်းတမန်၏ တိုက်ပွဲကို ဆင်နွှဲကြတော့မည့် သဘောပင်။
တော်ဝင်ရန် အင်ပါယာ မင်းသားလျန်က နောက်ဆုံးအနေဖြင့် ဖြန့်ဖြေပေးလိုက်၏။ “ရွှဲ့ဘုရင်... ချောင်ဘုရင်၊ ဓားခြင်းယှဉ်မခုတ်ခင်မှာ ငြိမ်းချမ်းရေးက တန်ဖိုးရှိပါတယ်။ ဒီတော့ တကယ်တမ်း တိုက်ခိုက်ဖို့ စဉ်းစားတဲ့ အချိန်မှာ ငြိမ်းချမ်းရေးစကား ပြောဆိုတာကလည်း အရေးကြီးတဲ့ အကြောင်းအရာပဲ။”
ဤအရာက ဝတ္တရားအရ ပြောခြင်းသာ ဖြစ်၏။ မြားက ကြိုးပေါ်သို့ ရောက်နေ၏။ ပစ်ရတော့ပေမည်။
ရွှဲ့ဘုရင်နင်ယွမ်ရှန်းက မည်သည့်စကားကိုမှ မဆိုချေ။ ခေါင်းသာ ညိတ်ပြလိုက်၏။
မင်းသားလျန်က ပြောလိုက်သည်။ “ဒါဆိုရင် နယ်စပ်အမဲလိုက်ပွဲကို တရားဝင် စတင်ကြရအောင်”
ချောင်ဘုရင်၏ သွေးများက ဆူပွက်လာ၏။ ဤပွဲက သေချာပေါက် နိုင်ရမည့်ပွဲ ဖြစ်၏။ သံသယ ရှိစရာ မလိုအပ်ချေ။ ယနေ့မှစ၍ ချောင်ပြည်နယ်က ရွှဲ့ပြည်နယ်ကို ကျော်တက်ပြီး တောင်ပိုင်းဒေသ၏ နံပါတ်တစ် အရှင်သခင် ဖြစ်လာပေတော့မည်။ ရွှဲ့ပြည်နယ် ဆိုသည်က မကြာခင် ပြီးဆုံးသွားပေတော့မည်။
“နင်ယွမ်ရှန်း... ဒီအကျိုးအမြတ်လောက်နဲ့ ငါ ကျေနပ်မယ် ထင်နေတာလား။ မင်းကို လွှတ်ပေးမယ် ထင်နေလို့လား။ နေ့ခင်းကြောင်တောင် အိပ်မက် မက်မနေနဲ။ ခဏကြာပြီးရင် ငါ့ရဲ့ စစ်တပ်က မင်းရဲ့ အသုံးမကျတဲ့ စစ်သည် ၂၀၀၀ လုံးကို သတ်ဖြတ်ပစ်လိမ့်မယ်။ တစ်ယောက်မှ အရှင်မထားဘူး။ မင်း ထပ်ပြီးတော့ လေဖြတ်မသွားစေဖို့ပဲ ငါ ဆုတောင်းပေးမယ်”
ဒုန်း... ဒုန်း... ဒုန်း...
စစ်စည်သံများ ထွက်ပေါ်လာ၏။ သို့ပေမည့် အလျင်စလိုတော့ မဟုတ်ချေ။ တစ်ချက်ချင်း တီးခတ်နေခြင်းသာ ဖြစ်၏။
“ချောင်စစ်သည်တွေ ကွင်းထဲဝင်ကြ” တစ်စုံတစ်ယောက်က အလံကို ဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
ချောင်တပ်ဖွဲ့များ လှမ်းဝင်လာခဲ့ကြ၏။ လက်ရွေးစင် ခြေလျင်တပ်သား ၂၀၀၀ တို့က လက်နက်ကို အပြည့်အစုံ ကိုင်ဆောင်ထားသည်။ သူတို့က တိုက်ပွဲပေါင်းရာချီကို ကြုံတွေ့တိုက်ခိုက်ခဲ့ပြီးပြီဖြစ်သော ချောင်ပြည်နယ်၏ လက်ရွေးစင်စစ်သည်များ ဖြစ်၏။
လွန်ခဲ့သည့် နှစ်များအတွင်း ချန်နိုင်ငံသစ်နှင့် အနောက်နိုင်ငံများကို တိုက်ခိုက်သည့် နေရာတွင် ၁၀ ပွဲ တိုက်လျှင် သူတို့က ၉ ပွဲ နိုင်ခဲ့၏။ လူ ၂၀၀၀ က စစ်ကြောင်း ၂၀ ကို သေသပ်စွာ စီတန်းထားခဲ့ကြသည်။
စစ်သည်များ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ငှက်များ၊ ပိုးမွှားများ ... အားလုံးက အသံတိတ်ကုန်၏။ အားလုံးသော အကောင်ပလောင်များက ထွက်ပြေးသွားခဲ့ကြ၏။
အဝေးက ကြည့်ရှုမည်ဆိုလျှင် ထိုသူတို့ဆီမှ ထွက်ပေါ်လာခဲ့သည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထင်ထင်ရှားရှား မြင်နိုင်၏။ သူတို့၏ မျက်လုံးများက လူသေများကို ကြည့်ရှုနေသကဲ့သို့ အားလုံးသော သူတို့ကို ကြည့်ရှုနေ၏။ ချောင်စစ်သည် ၂၀၀၀ တို့၏ တိုက်ခိုက်ရေး စွမ်းရည်က ရွှဲ့ပြည်နယ်၏ အကောင်းဆုံး တော်ဝင် သက်တော်စောင့် စစ်တပ်ထက်ပင် သာလွန်ကြောင်း အားလုံးက တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
ပြီးနောက် မြေပြင်များ တုန်ခါသွားခဲ့၏။ မြင်းတပ်ဖွဲ့တစ်ခုက ဒီရေလှိုင်းကဲ့သို့ တက်လာခဲ့၏။ သံချပ်ကာ ဝတ်ဆင်ထားသည့် မြင်းစီးသူရဲကောင်း ၃၀၀၀ က အမဲလိုက်ကွင်းထဲသို့ စည်းစနစ်ကျနစွာ ဝင်ရောက် လာခဲ့ခြင်းပင်။ သူတို့၏ အရှိန်အဝါက မိုးတိမ်မဲကြီးများ ဖိချလာသကဲ့သို့ပင် ကြီးမားလွန်း၏။
လူတိုင်းက ချောင်ဘုရင်ကို မယုံကြည်နိုင်သလို ကြည့်လိုက်၏။ မဖြစ်နိုင်လောက်ပေ။ လက်ရွေးစင် စစ်သည် ၂၀၀၀ သာမကဘဲ သံချပ်ကာဝတ် မြင်းစီးသူရဲကောင်း ၃၀၀၀ ကိုပါ ထည့်ပေးလိုက်သည်လား။ ဤအရာက လွန်လွန်းလှသည်။
ချောင်စစ်သည် ၂၀၀၀ နှင့်တင် ရွှဲ့ပြည်နယ်၏ စစ်သည်သစ် ၂၀၀၀ ကို ချက်ချင်း သတ်ဖြတ်ပစ်နိုင်၏။ သံချပ်ကာဝတ် မြင်းစီးသူရဲကောင်း ၃၀၀၀ မလိုအပ်ချေ။ သို့ပေမည့် တစ်ခါတည်း နင်းချေသတ်ဖြတ်ရန် ကြံစည်ထားသည်လား။ ဤကဲ့သို့ ရူးသွပ်စွာ တိုက်ခိုက်မှုမျိုးကို မည်သူက တားဆီးနိုင်မည် မဟုတ်ချေ။
ချောင်ဘုရင်၏ ရည်ရွယ်ချက်က ရိုးရှင်း၏။ ချောင်စစ်သည် ၂၀၀၀ က တိုက်ခိုက်မည်။ မြင်းစီး သူရဲကောင်း ၃၀၀၀ က အနောက်မှ ပိတ်ထားပေမည်။ အမှန်တကယ်တော့ မြင်းစီးသူရဲကောင်း ၃၀၀၀ က တိုက်စရာ မလိုချေ။ ကြိုတင်ကာကွယ်မှု သက်သက်သာ ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ချောင်ပြည်နယ်က စစ်သည် ၅၀၀၀ ကို စေလွှတ်ခွင့် ရှိ၏။ သို့သော်ငြား ရွှဲ့ပြည်နယ်က အသုံးမကျသည့် စစ်သားသစ် ၂၀၀၀ ကို စေလွှတ်ချိန်၌ သူတို့က ၅၀၀၀ လုံး စေလွှတ်လျှင် မတရားဘူးဟု ခံစားရ၏။ ထို့ကြောင့် ၂၀၀၀ အချင်းချင်း တိုက်ခိုက်စေမည်။ ရွှဲ့စစ်သည် ၂၀၀၀ ကို ချောင်စစ်သည် ၂၀၀၀ မပြောနှင့် ၂၀၀ နှင့်ပင် နိုင်, နိုင်၏။ ၂၀၀၀ ချင်း ယှဉ်တိုက်လျှင် မျက်စိ မှိတ်ထားလျှင်တောင် နိုင်ဦးမည်။ အပြတ်ရှင်းနိုင်မည့် ပွဲပင် ဖြစ်၏။
……………
“ရွှဲ့စစ်သည်တွေ ကွင်းထဲဝင်ကြ” အမိန့်သံ ထွက်ပေါ်လာသည်။
နင်ကျန်း၏ စစ်သည်သစ် ၂၀၀၀ က ကွင်းထဲသို့ ဝင်ရောက်လာ၏။ သူတို့က ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြဆဲပင်။ လမ်းလျှောက်ဟန်က ညီညာသော်လည်း သတ်ဖြတ်လိုစိတ် မရှိချေ။ ပုံမှန် လမ်းလျှောက်နေသကဲ့သို့ပင်။ မျက်နှာထားများက ခံစားချက် မရှိဘဲ မျက်လုံးများကလည်း ရေကဲ့သို့ပင် တည်ငြိမ်၏။
လူတိုင်းက ထိုအခြင်းအရာကိုမြင်ချိန်မှာတော့ ထကာ ရယ်မောမိကြသည်။ တချို့ကတော့ စိတ်ထဲ၌ တိတ်တခိုး ကျိန်ဆဲလျက် ရှိ၏။ ရှမ့်လန်နှင့် နင်ကျန်းတို့က တကယ့်ကို အစတေးခံများအဖြစ် ဤလူ ၂၀၀၀ ကျော်ကို စုဆောင်းခဲ့၏။ ဤလူများ၏ ဦးနှောက်က တစ်စုံတစ်ခု မှားယွင်းနေသည်မှာ သေချာ၏။ ထိုသူတို့၏ မျက်နှာ၌ ကြောက်ရွံ့မှု မရှိသည်ကိုတော့ အံ့အားသင့်ဖွယ် မြင်ရသည်။
နင်ယွမ်ရှန်းက သူတို့ကို မြင်းလှည်းစီးခွင့်ပေးပြီး သည်းခံခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သေတော့မည့် လူများကို သည်းခံရပေလိမ့်မည်။ သို့ပေမည့် ငတုံး ၂၀၀၀ ကို သွားသေခိုင်းခဲ့ပြီး အစုလိုက် အပြုံလိုက် အသတ်ခံခိုင်းသည်မှာတော့ စာနာစိတ်ကင်းမဲ့လွန်းသည်။ မည်သူမှ ကြည့်ရက်လိမ့်မည် မဟုတ်ချေ။ တကယ်တမ်း တိုက်ခိုက်သည်ဆိုပါက တချို့သော လူများက မျက်နှာလွှဲထားရန်ပင် ဆုံးဖြတ်လိုက်ကြ၏။
ထိုအချိန်မှာပဲ တော်ဝင်သက်တော်စောင့် တပ်မှူးက သည်းမခံနိုင်တော့ချေ။
“အရှင်မင်းကြီး... သက်တော်စောင့်တပ်ဖွဲ့က အရှင်မင်းကြီးအတွက် တိုက်ပွဲဝင်ပေးပါရစေ” ထိုသူတို့က လှမ်းအော်လိုက်၏။ ဤအရာက တကယ့်ကို ရှက်ဖို့ ကောင်းလွန်း၏။ နိုင်ခြင်း၊ ရှုံးခြင်းက ကိစ္စမရှိသော်လည်း ရွှဲ့ပြည်နယ်က တစ်လောကလုံးတွင် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။
ကျုံးယောင်ကလည်း လှမ်းကာ ပြောဆိုလိုက်၏။ “အရှင်မင်းကြီး... အနောက်ဘက်စစ်တပ်က လက်ရွေးစင် စစ်သည်တွေကလည်း အရှင်မင်းကြီးအတွက် တိုက်ပွဲဝင်လိုပါတယ်။”
ကျုံးယောင်က ယဉ်ကျေးပြနေခြင်း မဟုတ်ပေ။ ရင်ထဲမှ လာသော စကားများကို ပြောနေခြင်း ဖြစ်၏။ ချောင်ပြည်နယ်ကို ရင်ဆိုင်တိုက်ခိုက်ရမည့်လူမှာ သူ ဖြစ်၏။ ယနေ့ ရွှဲ့ပြည်နယ်က အိုနာကျိုးကန်း ၂၀၀၀ ကို စေလွှတ်ပြီး သေဆုံးသွားကြသည်ဆိုပါက ရွှဲ့ပြည်နယ်၏ ဂုဏ်သိက္ခာ၊ သူ့တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်များ ကျဆင်းသွားပေလိမ့်မည်။
ချောင်ဘုရင်က မျက်လုံးကို မှေးကျဉ်းလိုက်၏။ ရွှဲ့ပြည်နယ်၏ တော်ဝင်သက်တော်စောင့်တပ်ကို သုံးမလို့လား။ သို့မဟုတ် ကျုံးယောင်၏ တပ်ကို သုံးမည်လား။ မည်သို့ပင်ဆိုစေကာမူ သူတို့အနေနှင့် ချောင်ပြည်နယ်၏ စစ်သည် ၅၀၀၀ လုံးကို သုံးလိုက်မည်။
ချောင်ဘုရင်က မဲ့ပြုံးပြုံးလိုက်၏။ ‘ရွှဲ့ဘုရင်... ဘယ်တပ်ကို သုံးမှာလဲ ဆိုတာ ဆုံးဖြတ်ထား။ မဟုတ်ရင် ခေါင်းပြတ်ကျသွားတဲ့ အချိန်ကျမှ ပြန်မဆက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ကုန်လိမ့်မယ်’
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မျက်လုံးကို မှိတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က အေးစက်နေသကဲ့သို့ ပိုမို၍ ကွေးညွတ်လာခဲ့၏။ မိန်းမစိုးကြီး လီစွမ်းက စောင်အထူကြီး တစ်ထည်ကို လာရောက်ကာ ခြုံပေး၏။ စောင်ထူများကြားထဲမှာတော့ နင်ယွမ်ရှန်းက ပိုမို၍ အိုမင်းအားနည်းသွားခဲ့သည့်ပုံပင်။
“ဒီတိုင်းပဲ ထားလိုက်ပါ။ မြန်မြန်ပြီးသွားအောင်” နင်ယွမ်ရှန်းက သက်ပြင်းချလိုက်၏။
“ဟား ဟား ဟား ဟား...” ချောင်ဘုရင်က မည်သို့မှ မရယ်ဘဲ မနေနိုင်တော့ချေ။ နင်ယွမ်ရှန်း ဤကဲ့သို့သောနေ့မျိုး ရောက်ရှိလာလိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။ နယ်စပ်အမဲလိုက်ပွဲက ဆက်လက်ကာ ပြုလုပ်မည် ဖြစ်၏။ ရွှဲ့ပြည်နယ်က တပ်သားများ လဲလှယ်ခြင်း မရှိချေ။
ရွှဲ့ပြည်နယ်၏ တပ်မှူးအဖြစ် နင်ကျန်းက သူ၏ စစ်ဝတ်စုံကို ဝတ်ဆင်ပြီး စင်မြင့်ထက်တွင် ရပ်လျက် ရှိ၏။ ကွင်းပြင်တိုက်ခိုက်မည့်သူအဖြစ် နာကျည်းမှုက စစ်မြင်းကို စီးနင်းပြီး ရှေ့၌ ရပ်နေသည်။ “အားလုံးပဲ ... ဝတ်စုံတွေ လဲကြ”
နာကျည်းမှု၏အမိန့်ပေးသံနှင့်အတူ မြင်းလှည်းပေါင်းများစွာတို့က အထဲသို့ မောင်းဝင်လာခဲ့ကြ၏။ မြင်းလှည်းတံခါး ပွင့်သွား၏။ အတွင်းမှာတော့ အနည်းဆုံး ကီလိုဂရမ် ၅၀ ခန့်လေးသော အထူး သံချပ်ကာများ ရှိ၏။ ၁.၈ မီတာ ရှည်ပြီး ၅၅ ကီလိုဂရမ် လေးသည့် အထူးဓားမော့ကြီးများလည်း ရှိ၏။
ရှမ့်လန်၏ စစ်သည်သစ် ၂၀၀၀ တို့က တိတ်တဆိတ်ပင် သံချပ်ကာများကို ဝတ်လိုက်၏။ သံချေး မတက်စေရန်အတွက် သံချပ်ကာ၏ မျက်နှာပြင်ထက်တွင် အမဲရောင်ဆေးများကို သုတ်ထား၏။ လူတိုင်းက အံ့အားသင့်သွား၏။ ဤသံချပ်ကာများက သစ်သားနှင့် လုပ်ထားသည်လား။ ထို့အပြင် ဓားများက ရှည်ပြီး ကြီးမားလွန်း၏။ သစ်သားဓားများလား။
စစ်သည်သစ် ၂၀၀၀ တို့က လျင်မြန်စွာ လှုပ်ရှားကြ၏။ ၁၅ မိနစ် မပြည့်ခင်မှာပဲ အကုန်လုံးက ဝတ်စုံကို လဲလှယ်ပြီးသား ဖြစ်သည်။
“အားလုံးပဲ တန်းစီကြ” နာကျည်းမှုက အမိန့်ပေးလိုက်၏။
စစ်သည်သစ် ၂၀၀၀ တို့က တန်းစီလိုက်ကြ၏။ တစ်ထပ်တည်း ကျလျက် ရှိနေ၏။ စုစုပေါင်း လူပေါင်း ၂၀၀၀ က လူတစ်ယောက်တည်းလို ဖြစ်နေခြင်းပင်။ ဤအရာက တကယ့်ကို အံ့အားသင့်စရာ ကောင်းလှချေ၏။ လူတိုင်း ကိုင်ဆောင်ထားခဲ့သည့် ဓားထိပ်ဖျားများက မျဉ်းတစ်ကြောင်းကဲ့သို့ပင် ညီညာနေ၏။ လူတိုင်း၏ ဦးထုပ်၊ နှာခေါင်းစည်းအားလုံးက မျဉ်းတစ်ကြောင်းတည်းအဖြစ် စီတန်းလျက်ရှိ၏။ စတုရန်းပုံက ပေတံနှင့် တိုင်းထားသကဲ့သို့ပင် တိတိကျကျ ရပ်လျက် ရှိနေသည်။
ချောင်ပြည်နယ်၏ လက်ရွေးစင်စစ်သည်များ ဝင်ရောက်လာမှုက အလွန်တုန်လှုပ်ဖွယ်ရာ ကောင်း၏။ သို့ပေမည့် ရွှဲ့ပြည်နယ်၏စစ်တပ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ချောင်၏စစ်တပ်က ကစဉ့်ကလျား ဖြစ်နေသည်ဟုပင် ထင်မှတ်မှားရ၏။ ဤကဲ့သို့သော စစ်ကြောင်းတန်းစီမှုမျိုးက လက်ရွေးစင် စစ်သည် အဆင့်ပင် မကတော့ချေ။ တကယ့်ကို ထိပ်တန်းအဆင့် စစ်တပ်ကြီးနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်၏။
မယုံကြည်နိုင်စရာပင် ကောင်း၏။ မည်သို့ လုပ်လိုက်သနည်း။ လူ ၂၀၀၀တို့၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက တစ်ပုံစံတည်းပင် တူညီလျက် ရှိနေ၏။ မည်သူမှ အမှားမလုပ်ကြချေ။ ထို့ပြင် သူတို့၏ သံချပ်ကာတွေ ကလည်း တကယ့်ကို အံ့မခန်းပင် ဖြစ်၏။ ခေါင်းအစ ခြေအဆုံး ဖုံးအုပ်ထားခဲ့ပြီး မျက်လုံးမှလွဲလျှင် မည်သည့် အပေါက်မှ မရှိချေ။ ဓားနှင့်ခုတ်လျှင် ထွက်လာမည့် အသံကို နားထောင်ကြည့်လိုက်မည် ဆိုပါက ဤအရာက တကယ့်သံနှင့် လုပ်ထားကြောင်း သိရှိနိုင်ပေလိမ့်မည်။ လောလောဆယ်တော့ မည်သူမှ မသိနိုင်သေးပေ။
သံချပ်ကာများဝတ်၊ ဓားရှည်ကြီးကို ကိုင်လိုက်သည့်အချိန်မှာတော့ ရှမ့်လန်၏ စစ်သည်သစ် ၂၀၀၀ တို့က ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ သူတို့၏ဆီမှ ပြင်းထန်လွန်းသည့် ခွန်အား၊ သတ္တု၊ စက်မှုလက်မှု၏ အလှတရားများက ထွက်ပေါ်နေ၏။
ဤကဲ့သို့ လှပသည့် စစ်တပ်မျိုး ကမ္ဘာပေါ်တွင် ရှိနေသေးသည်လား။ ဤအရာကို အနုပညာဟုပင် ခေါ်တွင်နိုင်၏။ သို့ပေမည့် ဤစစ်တပ်၌ သတ်ဖြတ်လိုခြင်း ဆန္ဒဟူ၍ မရှိချေ။ နည်းနည်းလေးတောင် မရှိဟု ပြောဆိုရပေမည်။
တခဏအတွင်းမှာပဲ လူတိုင်း၏ ရင်ထဲမှာတော့ ထူးဆန်းသည့် ခံစားချက်များ ဖြစ်ပေါ်လာခဲ့၏။ ရှမ့်လန်က အဘယ်ကြောင့် ဤကဲ့သို့ လှပသည့် စစ်တပ်တစ်ခုကို ဖန်တီးထားရသနည်း။ စစ်တပ်က သူတို့ထင်သလောက် အသုံးမကျသည်တော့ မဟုတ်လောက်ပေ။ သို့သော်လည်း အသုံးမကျသည်က အသုံးမကျခြင်းပင်။ ထင်သလောက်တွေ၊ မထင်သလောက်တွေ မရှိပေ။
ဘာပဲပြောပြော ဤအရာက အသုံးမဝင်သည့် လူပေါင်း နှစ်ထောင် ဖြစ်၏။ ထို့ပြင် သုံးလလောက်လေးသာ လေ့ကျင့်ရသေး၏။ တကယ့် အဆင့်မြင့်တိုက်ပွဲများစွာ အတွေ့အကြုံရှိသည့် ချောင်ပြည်နယ်၏ လက်ရွေးစင် စစ်သည် နှစ်ထောင်ကို ရင်ဆိုင်မည်ဆိုပါက နိုင်နိုင်ချေ လုံးဝ ရှိလိမ့်မည် မဟုတ်ချေ။
“နယ်စပ်အမဲလိုက်ပွဲက စတင်ပြီ။ တစ်ဖက်ရန်သူရဲ့ အလံကို သိမ်းပိုက်နိုင်ရင် အနိုင်ပဲ”
စည်းကမ်းက ရိုးရှင်း၏။ စစ်တပ်နှစ်ခုက နှစ်မိုင်အကွာတွင် ရပ်လျက် ရှိ၏။ နိုင်ငံ၏အလံတွေက စစ်တပ်၏ အနောက်ဘက်တွင် တည်ရှိ၏။ အလံကို သိမ်းပိုက်နိုင်ဖို့ ဆိုလျှင် တစ်ဖက်စစ်တပ်ကို အရင်ဆုံး အနိုင်ယူရပေလိမ့်မည်။
ချောင်ပြည်နယ်၏ တပ်မှူးက အော်ဟစ်လိုက်၏။ “တိုက်ကြစမ်း”
ရွှဲ့ပြည်နယ်၏ ကွင်းပြင်တပ်မှူး နာကျည်းမှုက လှမ်းကာ အော်ဟစ်သည်။ “တိုက်ကြ”
ချောင်ပြည်နယ်၏ လက်ရွေးစင် စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က စတင်ကာ ချီတက်လာခဲ့ကြ၏။ သူတို့၏ ခြေလှမ်းများက မြန်ဆန်လွန်းသလို သတ်ဖြတ်လိုခြင်းဆန္ဒများကလည်း အရှိန်အဟုန် ကောင်းကောင်းနှင့် ပေါ်ထွက်လျက် ရှိ၏။
ရွှဲ့ပြည်နယ်၏ ဓားမော့ရှည်များကို ကိုင်ဆောင်ထားခဲ့သည့် စစ်သားသစ် နှစ်ထောင်တို့ကတော့ အလျင်စလို မရွေ့ချေ။ သပ်သပ်ရပ်ရပ်နှင့် ဖြည်းဖြည်းချင်း ရွေ့လျားလာခဲ့၏။ ညီညာမှုမျိုးက ဂုဏ်ပြုတပ်ဖွဲ့တစ်ခု လမ်းလျှောက်နေသည့် စစ်ရေးပြပွဲ တစ်ခုကဲ့သို့ပင်။
လူတိုင်းက အံ့အားသင့်သွားခဲ့၏။ ယခုအချိန်ထိ ဂုဏ်ပြုစစ်ရေးပြပွဲ တစ်ခုကဲ့သို့ပင် လမ်းလျှောက်လျက် ရှိနေသေးသည်လား။ ထို့ပြင် သတ်ဖြတ်လိုစိတ်ဟူ၍ နည်းနည်းလေးမှ ထွက်ပေါ်မနေချေ။ နယ်စပ် အမဲလိုက်ပွဲ၌ ကြည့်ကောင်းရုံနှင့် အသုံးမဝင်ချေ။ အဓိက က တိုက်ခိုက်နိုင်သည့် စွမ်းရည်ပင် ဖြစ်၏။
“ဘုန်း ဘုန်း”
မြေကြီးတုန်ခါလုမတတ်ပင် စစ်စည်သံက ပိုမိုကာ မြန်ဆန်လာခဲ့ပြီး ပိုမိုကာ ပြင်းထန်လာခဲ့၏။ စစ်တပ်ကြီး နှစ်ခုက တဖြည်းဖြည်း နီးကပ်လာ၏။ နှစ်ဖက် မီတာတစ်ရာ အကွာအဝေးသို့ ရောက်သည့်အချိန်မှာတော့ မြားပစ်၍ရသည့် အကွာအဝေးသို့ ရောက်ရှိသည်။
ချောင်ဘုရင်က လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ ချောင်စစ်သည် နှစ်ထောင်တို့က ရပ်တန့်လိုက်ကြ၏။ “ပြင်ကြ”
ချောင်စစ်သည် နှစ်ထောင်တို့က လေးကို တင်ပြီး မြားဖြည့်လိုက်ကြသည်။
“ပစ်... ပစ်” မြားမိုးများ ရွာကျလာခဲ့၏။ ထောင်ပေါင်းများစွာသော ထက်မြက်သည့်မြားများက ရွှဲ့၏ စစ်သားသစ် နှစ်ထောင်ပေါ်သို့ ကျဆင်းလာ၏။
ထိုအချိန်မှာတော့ လူတိုင်းက သတိထားမိလိုက်ကြ၏။ ရွှဲ့စစ်တပ်၌ လေးနှင့်မြား မပါခဲ့ချေ။ ခြေလျင် တိုက်ခိုက်သည့်နေရာတွင် လေးနှင့်မြားက အရေးကြီးဆုံး ဖြစ်၏။ ယခု လေးနှင့်မြားမပါဘဲ တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့သည်လား။ ခြေလှမ်း နှစ်ဆယ် အကွာအဝေးမှ မတိုက်ခိုက်နိုင်ဘူးဆိုသည့် သဘောပင်။ သို့ပေမည့် သုံးလကြာသာ လေ့ကျင့်ထားသည် ဖြစ်သောကြောင့် လေးပစ်ကို လေ့ကျင့်ဖို့ အချိန်မရသည်လည်း ဖြစ်နိုင်၏။
သို့ပေမည့် နောက်ဆက်တွဲ ဖြစ်လာသည့် အကြောင်းအရာကတော့ အားလုံးသော သူတို့ကို တုန်လှုပ် စေခဲ့၏။ မြားမိုးများက ရွှဲ့စစ်သားသစ်များ၏ ချီတက်မှုကို တစ်ချက်ကလေးမှ မတားဆီးနိုင်ခဲ့ချေ။ ရွှဲ့စစ်သည်များက မြားမိုးရွာခဲ့သည်ကိုပင် တစ်ချက်ကလေးမှ မတုံ့ပြန်ကြချေ။ ရှောင်ဖို့ မပြောနှင့်၊ လက်ဖြင့် ယမ်းကာ ကာကွယ်ခြင်းပင် မပြုကြချေ။ စစ်သည်များက စနစ်တကျ တရွေ့ရွေ့ လမ်းလျှောက်လျက် ရှိနေ၏။ သေမှာကို တစ်ချက်ကလေးမှ ကြောက်ရွံ့ကြပုံ မပေါ်ပေ။
ပိုမို၍ အံ့အားသင့်စရာကောင်းသည်က မြားများက သူတို့၏ ကိုယ်ပေါ်သို့ ကျဆင်းလာချိန်မှာတော့ မည်သည့် ဒဏ်ရာမှ မရရှိကြပေ။ ချွန်ထက်သည့် မြားများ၊ သံချပ်ကာကို ထိသည့်အချိန်တွင် ဖောက်ဝင်ဖို့ မပြောနှင့်၊ အရာတောင် မထင်ခဲ့ချေ။ မရေမတွက်နိုင်သည့် မြားများက ကျိုးပဲ့ပြီး ပြန်ကန်ထွက်ကုန်ကြ၏။
ချောင်စစ်သည်များက အံ့အားသင့်သွားခဲ့၏။ ရွှဲ့ပြည်နယ်မှ ငတုံးစစ်သည်များ၏ သံချပ်ကာက ဤမျှလောက် မာကျောနေသည်လား။ မြားသုံးကြိမ် ပစ်လိုက်သည်တောင်မှ ဒဏ်ရာရရှိသူ တစ်ယောက် မရှိခဲ့ချေ။
ဤအချိန်၌ ဓားနှင့်ခုတ်မည် ဆိုလျှင်တောင် ရှမ့်လန်၏ စစ်သည်သစ်များက ဘာမှဖြစ်မှာ မဟုတ်ပေ။ မြားမိုးလောက်ကိုတော့ ထည့်ပြောနေစရာပင် မလိုတာ သေချာ၏။ သူတို့က အရှိန်ကို မပြောင်းလဲခဲ့ချေ။ စနစ်တကျ ဆက်လက်ကာ ချီတက်လျက် ရှိနေသည်။
ချောင်တပ်မှူးက မျက်နှာပျက်သွား၏။ ပြီးနောက် အော်ဟစ်လိုက်၏။ “ဒိုင်းကာပုံစံ ပြောင်း... ခံစစ်ပြင်ကြ”
ချောင်စစ်သည်များက ဝင်မတိုက်ဘဲ ခံစစ်ပုံစံ ပြောင်းလိုက်၏။ ဤအရာက အနည်းငယ် ရှက်ရွံ့စရာ ကောင်းသည် ဆိုသော်လည်း နိုင်ဖို့အတွက် နားလည်ပေး၍ ရ၏။ ချောင်စစ်တပ်၏ လက်ရွေးစင် စစ်သည် နှစ်ထောင်တို့က ပုံစံပြောင်းလိုက်သည်။
ကြီးမားသည့် ဒိုင်းကာကြီးတစ်ခုကို မြေပြင်ပေါ်တွင် ထောင်မတ်လိုက်ချိန်မှာတော့ သံမဏိဒိုင်းကြီး တစ်ခုကဲ့သို့ ဖြစ်သွား၏။ လှံကိုင်စစ်သည်များက ဒိုင်းကာ၏ နောက်တွင် ပုန်းပြီး ဒိုင်းကာများ ကြားထဲမှ ချွန်ထက်သည့် လှံများက ထိုးထွက်လျက် ရှိနေ၏။
ရန်သူက ဝင်ရောက်ထိုးခုတ်မည် ဆိုပါက ဖြူကောင်ကြီးများ ကဲ့သို့ပင် လှံသွားများက ဒိုင်းကာဆီမှ ထွက်ပေါ်လာခဲ့ပြီး တစ်ဖက်လူများကို ထိုးနှက်ပေလိမ့်မည်။ ကြည့်ရသည်မှာ ချောင်ပြည်နယ်၏ ခံစစ်က ဖောက်ထွင်း၍ မရနိုင်လောက်အောင်ပင်။
အပိုင်း (၅၄၆)
“အသင့် ပြင်ကြတော့”
ရွှဲ့စစ်သည်သစ် နှစ်ထောင်တို့က နီးကပ်သထက် နီးကပ်လာ၏။ ထိုအချိန်မှာတော့ နစ်ဖက်စစ်သည်များက ထိပ်တိုက်တွေ့ကြ၏။
ချောင်အိမ်ရှေ့စံက တပ်မှူးစင်မြင့်ပေါ်မှ ဓားရှည်ကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်သည်။ “သတ်ကြစမ်း... ရွှဲ့စစ်သည်တွေကို သတ်ကြ။ ချောင်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာအတွက် အားလုံးကို သတ်၊ သတ်ကြ... ရွှဲ့စစ်သည်တွေကို တစ်ယောက်မှ အရှင်မထားနဲ့”
ချက်ချင်းပဲ မရေတွက်နိုင်သည့် လှံသွားများက ချောင်စစ်တပ်ထဲမှ ထိုးထွက်လာ၏။ တချို့သော ပွဲကြည့်သူများက မျက်လုံးအပြူးသားဖြင့် ကြည့်ရှုနေကြသလို တချို့ကလည်း မျက်လုံးမှိတ်လိုက်မိကြ၏။
ရွှဲ့စစ်သည်များက ကြည့်ကောင်းရုံသာ ရှိ၏။ တကယ် ငတုံးများ ဖြစ်၏။ ရှောင်တိမ်းခြင်းမရှိသည့် ပုံပင်။ ရန်သူ၏ဖြူကောင်ကဲ့သို့သော တိုက်ခိုက်မှုမျိုးကို မူလအရှိအတိုင်း တစ်ချက်ကလေးမှ မလျှော့ဘဲ ဝင်ရောက်ကာ တိုး၏။ ထို့ကြောင့် ဤအချိန်အတွင်း သွေးချောင်းစီးပေတော့မည်။ ရွှဲ့စစ်သည် အများအပြား က ဗိုက်ဖောက်ခံရပေတော့မည်။
သို့ပေမည့် နောက်ထပ်ဖြစ်ပေါ်လာခဲ့သည့် အရာက အားလုံးသောသူတို့ကို နောက်တစ်ကြိမ် အံ့အားသင့် စေခဲ့၏။ မရေတွက်နိုင်သည့် လှံသွားများက ရွှဲ့စစ်သည်တို့၏ ဝမ်းဗိုက်ကို ထိုးစိုက်၏။ သို့ပေမည့် ရွှဲ့စစ်တပ် တစ်ခုလုံးက ခဏလေးသာ အရှိန်တန့်သွားခဲ့၏။ ရှောင်ပင် မရှောင်ပေ။ ဤအတိုင်းပင် ဆက်လက်ကာ တိုးလာခဲ့ကြ၏။
ချောင်စစ်သည်များ၏ လှံသွားများကသာလျှင် တွန့်လိမ်ကုန်၏။ တချို့သော လှံများက ကျိုးတောင် ကျိုးကုန်သည်။
နောက်တစ်ဆင့် အခမ်းနားဆုံး မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့၏။ နာကျည်းမှုက ဓားကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်၏။ “ပိုင်းဖြတ်မယ်”
“ပိုင်းဖြတ်မယ်။”
ဝမ်တကလည်း စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ ဖြစ်၏။ သူ အောင့်ထားသည်မှာ ဆယ်ရက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူ ပိုင်းဖြတ်ခွင့်ရပြီ ဖြစ်၏။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းသည်။
ရွှဲ့စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က ၁.၈ မီတာ ရှည်သော အထူးဓားမော့ရှည်ကြီးများကို ချက်ချင်း မြှောက်လိုက်၏။ ကီလို ၁၁၀၊ ပိဿာပေါင်း ၆၀ လေးသည့် အကောင်းဆုံးသံမဏိနှင့် ပြုလုပ်ထားသည့် လက်နက်များက တုန်လှုပ် ခြောက်ခြားဖွယ်ရာကောင်းသည့်အရှိန်နှင့် ကျဆင်းလာချိန်မှာတော့ ...
“ရွှပ်... ရွှပ်... ရွှပ်...”
ဓားရှည်ကြီးများနှင့် ခုတ်ပိုင်းခြင်းက တစ်ထပ်တည်း ကျလျက် ရှိနေတုန်းပင်။
ဓားရှည်ရာပေါင်းများစွာက လျှပ်စီးလက်ကဲ့သို့ပင် ခုတ်ပိုင်း၏။ မျက်စိတစ်မှိတ်အတွင်း ရှေ့မှ ခိုင်ခံ့ လှပါသည် ဆိုသော ဒိုင်းကာတံတိုင်းကြီးက အပိုင်းပိုင်းအစစ ဖြစ်သွား၏။ ကောက်ရိုးခြောက်ကို ပိုင်းဖြတ်လိုက် သကဲ့သို့ပင်။
“နှစ်ပိုင်း ဖြတ်တောက်ခြင်း”
သွေးမျိုးဆက် ပြောင်းလဲထားသည့် စစ်သည် နှစ်ထောင်တို့၏ သွေးများက ဆူပွက်လာခဲ့၏။ သူတို့က အကြာကြီး ဖိနှိပ်ခံထားရာမှ နောက်ဆုံး လွတ်မြောက်သွားသလို ခံစားလိုက်ရ၏။ “ကောင်းတယ်။ ကောင်းတယ်”
သူတို့၏ ခြေလှမ်းတွေကို မရပ်တန့်သင့်ပေ။ ရှေ့သို့သာ ဆက်လက် လျှောက်သည်။ “ရှေ့ကိုတက်မယ်။ ရှေ့ကို ဆက်ပြီးတော့ တက်ကြမယ်”
ရွှပ်... ရွှပ်...”
ဒိုင်းကာအားလုံးက အပိုင်းပိုင်း ဖြစ်ကုန်၏။ ရှေ့မှ ချောင်လက်ရွေးစင် စစ်သည်များက အပိုင်းပိုင်း ပြတ်ကုန်၏။ သူတို့၏ ခေါင်းများ၊ သံချပ်ကာများ၊ ခန္ဓာကိုယ်များ နှစ်ပိုင်းပြတ်ကုန်၏။
ကီလို ၁၀၀ ကျော် လေးသည့် ဓားရှည်ကြီးများ၏ အောက်တွင် ချောင်စစ်သည်တို့၏ သံချပ်ကာက စက္ကူများကဲ့သို့ပင်။ ခန္ဓာကိုယ်က ရွှံ့ကဲ့သို့ပင်။ သွေးမျိုးဆက် ပြောင်းလဲထားသည့် လူများက တစ်ပေ အထူရှိသည့် သစ်ပင်ကိုတောင် တစ်ချက်တည်းနှင့် နှစ်ပိုင်းပိုင်းဖြတ်နိုင်ခဲ့၏။ ပျော့ဖတ်ဖတ် လူ့ခန္ဓာကိုယ်လောက်ကိုတော့ ထည့်တွက်စရာပင် မလိုအပ်ချေ။ နှစ်ပိုင်း ပိုင်းဖြတ်ခြင်းပင် ဖြစ်သည်။
သွေးများက တည်နေရာအနှံ့ဆီသို့ ပျံ့ထွက်သွားခဲ့၏။ အားလုံးက အလောင်းပင် မလှဘဲ သေဆုံး သွားခဲ့ကြ၏။ ချောင်ပြည်နယ်၏ ဖျက်ဆီး၍ မရနိုင်ပါဘူးဆိုသော ခံစစ်တံတိုင်းကြီးက ချက်ချင်း အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့၏။
ဤအရာက စစ်တပ်တစ်ခု မဟုတ်ပေ။ စစ်မြေပြင်ထဲသို့ ရောက်ရှိလာခဲ့သည့် အသားကြိတ်စက်ကြီး ကဲ့သို့ပင်။
ဤအရာက တိုက်ပွဲတစ်ခု မဟုတ်ချေ။ တစ်ဖက်သတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲကြီး တစ်ခုသာ ဖြစ်သည်။
.........
ထိုအခိုက်အတန့်မှာတော့ ချောင်ပြည်နယ် လက်ရွေးစင် စစ်သည်များ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ကင်းမဲ့သည့် ခံစားချက်များသာ ပြည့်နှက်သွားခဲ့၏။ သူတို့က တကယ်ပင် အစွမ်းကုန် ကြိုးစားခဲ့၏။ ဒိုင်းကာတပ်သားများက သန်မာလွန်းသည့် လူကောင်ကြီးကြီး လူများဖြစ်၏။ သူတို့ကိုင်ဆောင်ထားခဲ့သည့် ဒိုင်းကာများက သစ်သားနှင့် သံကို ပေါင်းစပ်ပြီး ပြုလုပ်ထားပြီး ကီလိုဂရမ် ၄၀ မှ ၅၀ အထိ လေးလံ၏။
သူတို့က စမ်းသပ်မှုပေါင်းများစွာကို မရေတွက်နိုင်အောင် ပြုလုပ်ထားခဲ့ကြပြီး ဤဒိုင်းကာများက မည်သို့မျှ ချိုးဖျက်၍ မရနိုင်သည့်အရာများ ဖြစ်ကြောင်း ယုံကြည်ထားကြ၏။ တကယ်ကို့ အားကောင်းပါသည်၊ ထက်မြက်လှပါသည်ဆိုသော လေးမြားများနှင့် ပစ်ခတ်လျှင်ပင် ဖောက်ထွင်းနိုင်ခြင်း မရှိချေ။
သို့သော်ငြား ရွှဲ့ပြည်နယ်မှ စစ်သည်များ ကိုင်ဆောင်ထားခဲ့သည့် ဓားမော့ကြီးက ဤမျှ ကြီးမား၊ လေးလံပြီး ထက်ရှလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ချေ။ ဓားတစ်ချက်တည်းနှင့် ခိုင်ခံ့လှပါသည်ဆိုသော ဒိုင်းကာကြီးများကို နှစ်ပိုင်းကျိုးပျက်သွားစေခဲ့၏။ ဒုတိယဓားချက်တွင်မူ လူတစ်ကိုယ်လုံး နှစ်ပိုင်း ပြတ်တောက်သွားသည်။
သို့သော်ငြား ချောင်စစ်သည်များက သူတို့၏ လှံများဖြင့် အသည်းအသန် ထိုးစိုက်ကြသလို ဓားများဖြင့်လည်း ခုတ်ပိုင်းကြ၏။ သို့သော်ငြား အရာအားလုံးက အချည်းနှီးပင်။ လှံသွားများက ကျိုးပဲ့ကုန်၏။ ဓားသွားများကလည်း လိပ်တက်ကုန်၏။ ပြီးနောက် အက်ကွဲကုန်၏။
ရွှဲ့ပြည်နယ်မှလူများ၌ ခြစ်ရာတစ်ချက်မျှပင် မထင်ခဲ့ချေ။ လုံးဝ ထိခိုက်နာကျင်ခြင်း မရှိကြချေ။ ကျင်းမိသားစု၏ သံမဏိက ကမ္ဘာကျော်၏။ သူတို့က နိုင်ငံအသီးသီးမှ သံရည်ကျိုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု၏ မီးရှူးတန်ဆောင်ကဲ့သို့ပင် ဖြစ်ပြီး စစ်လက်နက်ကိရိယာများကိုလည်း အစွမ်းကုန် ဆန်းသစ် တီထွင် ထားခဲ့သည်။
ချောင်ပြည်နယ်၏ သံမဏိက ကျင်းမိသားစုလောက် မကောင်းမွန်သော်လည်း ကွာခြားချက်ကတော့ သိပ်ပြီး ကြီးမားသည်တော့ မဟုတ်ချေ။ အဓိကသော့ချက်အားဖြင့် ရှမ့်လန်၏ လက်အောက်တွင် ရှိနေသည့် လက်ရွေးစင် စစ်သည် ၂၀၀၀ တို့၏ သံချပ်ကာဝတ်စုံများက သာမန်ထက် ထူခြားစွာ ကောင်းမွန် နေသောကြောင့်ပင်။
တခြားသော နိုင်ငံများတွင် သံမဏိ ထုတ်လုပ်မှုက နည်းပါးပြီး ဈေးကြီးလွန်းသောကြောင့် တခြားသော သံချပ်ကာများကို အသုံးပြုပြီး ယခုကဲ့သို့သော သံမဏိမျိုးကို ဓားပြုလုပ်သည့် နေရာတွင်သာ အသုံးပြုကြ၏။
သို့ပေမည့် ရှမ့်လန်၏ လက်အောက်မှ စစ်သည်များ ဝတ်ဆင်ထားသည့် သံချပ်ကာများမှာတော့ အကောင်းဆုံး သံမဏိကို အသုံးပြု ပြုလုပ်ထားခဲ့ပြီး မီလီမီတာ တော်တော်ပင် ထူထဲ၏။ ကုန်ကျစရိတ်ကို လုံးဝ ဂရုစိုက်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ဓားပြီး၊ လှံပြီးသော သံချပ်ကာများကို ပိုင်ဆိုင်ထားခြင်းပင်။
ထို့အပြင် ပြိုင်ဘက်ကင်း ထက်ရှလွန်းသည့် ဓားမော့ကြီးများကိုလည်း ပိုင်ဆိုင်ထား၏။ ကီလိုဂရမ် ၅၀ လေးလံသော ဓားကြီးများနှင့် အားကုန်လွှဲ၍ ခုတ်ပိုင်းသည့်အခါမှာတော့ မပြတ်နိုင်သည့်အရာဟူ၍ မရှိတော့ချေ။ မည်သည့်အရာမဆို တစစီ ပြတ်တောက်သွားရပေလိမ့်မည်။
ထိုနည်းအတိုင်းပင် ရွှဲ့စစ်သည် ၂၀၀၀ တို့၏ နှုန်းကလည်း ပြောင်းလဲခြင်း မရှိဘဲ သူတို့က ရှေ့ဆီသို့ တစ်လှမ်းပြီး တစ်လှမ်း ချီတက်နေ၏။ လက်ထဲမှ ဓားရှည်ကြီးများကို တစ်စက္ကန့်လျှင် တစ်ချက်နှုန်းဖြင့် ခုတ်ပိုင်းနေ၏။
“ရွှပ်... ရွှပ်... ရွှပ်...”
သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် သွေးစက်များက မိုးဖွဲသဖွယ် ပြန့်ကျဲလျက် ရှိနေပြီး အလောင်းကောင်များက ပုံကာ ကျန်ရစ်ခဲ့၏။ ဤမြင်ကွင်း၏ ခမ်းနားကြီးကျယ်မှု၊ အံ့ဩဖွယ်ရာ ကောင်းမှုကို ဖော်ညွှန်းပြသရန် မည်သည့် စကားလုံးမှ မရှိတော့ချေ။
ကြီးမားလွန်းသည့် ဓားမော့ရှည်ကြီး ၂၀၀၀ ကျော်တို့က တစ်သားတည်း လှုပ်ရှားနေ၏။ စီးချက် တစ်ခုတည်း၊ ထောင့်ချိုးတစ်ခုတည်း၊ အမြန်နှုန်းကလည်း တစ်ခုတည်း ဖြစ်၏။ လူ ၂၀၀၀ က တုန်လှုပ် ခြောက်ချားဖွယ်ရာ ကောင်းသည့် စစ်ဘီလူးကြီးများကဲ့သို့ပင်။ ဤအရာက ပြိုင်ဘက်ကင်းသော စစ်ပွဲဆိုင်ရာ အနုပညာတစ်ခုပင် ဖြစ်ပေလိမ့်မည်။ သူတို့၏ ရှေ့တွင် ရှိနေသည့် အရာအားလုံးကို ကြိတ်ချေကာ ချီတက်သွားသည်။
ခဏအကြာမှာတော့ ချောင်ပြည်နယ်မှ စစ်သည်တော် ၂၀၀၀ လုံးက အသတ်ခံလိုက်ရ၏။ စစ်တပ်ကြီး တစ်ခုလုံးက အပြတ်ရှင်း ခံလိုက်ရခြင်းပင်။ အမှန်စင်စစ် စိတ်ဖိစီးမှုကို မခံနိုင်တော့ဘဲ ထွက်ပြေးသွားသည့် လူစုလူဝေးလည်း ရှိကောင်း ရှိနိုင်၏။
၁၅ မိနစ်ခန့် အကြာမှာပဲ တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။
...............
ကွင်းပြင်ကြီး တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ နိုင်ငံအသီးသီးမှ သံတမန်များက ဤပွဲကို ရွဲ့ပြည်နယ်၏ သတ်ဖြတ်ပွဲ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူတို့က ပထမဦးဆုံး အနေဖြင့် တိုက်ပွဲကို ၂ နာရီခန့် ကြာမြင့်မည်ဟု ခန့်မှန်းခဲ့၏။ သို့ပေမည့် နာရီဝက် မပြည့်ခင်မှာပဲ ချောင်ပြည်နယ်၏ လက်ရွေးစင် စစ်သည် ၂၀၀၀ လုံးက အသတ်ခံလိုက်ရ၏။
ဒုတိယအချက်အားဖြင့် အသတ်ခံရမည့်ပစ်မှတ်ကို သူတို့က လွဲမှားစွာ ခန့်မှန်းမိခဲ့၏။ လူတိုင်း၏ ဦးရေပြားများက ထုံကျင်လျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ကြက်သီးမွေးညှင်းများ ထောင်ထနေ၏။ တကယ့်ကို ရုတ်တရတ် ဆန်လွန်းလှပြီး ကြောက်မက်ဖွယ်ရာ ကောင်း၏။ အံ့ဩသင့်စရာ ကောင်းသည်မှာ ပြောနေစရာပင် မလိုအပ်တော့ချေ။
ဤအတိုင်း ရှေ့ဆီသို့ လှမ်းတက်ပြီး အရာအားလုံးကို တုတ်သင်သွားခဲ့၏။ တစ်ဖက်ခြမ်းဆီမှ လုံးဝ ခုခံကာကွယ်နိုင်ခြင်း မရှိချေ။ ချောင်ပြည်နယ်၏ လက်ရွေးစင် စစ်သည် ၂၀၀၀ ဆိုသည်မှာ အညံ့စားများ မဟုတ်ကြချေ။ တကယ့် ထိပ်တန်း လက်ရွေးစင်များ ဖြစ်သည်။
အဘယ်ကြောင့် ဤသို့ ဖြစ်သွားရသနည်း။
ပြီးပြည့်စုံသည့် သတ်ဖြတ်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့သည့် သတ်ဖြတ်ပွဲကြီးတစ်ခုလည်း ဖြစ်ခဲ့၏။ သို့သော်ငြား တစ်ချိန်တည်းမှာပင် သူတို့၏ သွေးများက ဆူပွက်လာခဲ့၏။ အဘယ်ကြောင့် ဆိုသော် ဤမြင်ကွင်းကို ကြည့်ရှုရသည်မှာ တကယ့်ကို ခမ်းနား ထည်ဝါလွန်းသောကြောင့်ပင်။ သွေးဆူချင်စရာလည်း ကောင်း၏။ စစ်ပွဲ၏ အထွတ်အထိပ် အနုပညာပင် ဖြစ်၏။
ဤစစ်တပ်ကြီးက သတ်ဖြတ်လိုသော အငွေ့အသက် တစ်ချက်ကလေးမှ မရှိသည့် စစ်သည်များသာ ဖြစ်၏။ လူသတ်ချိန်တွင် မီးခိုးငွေ့၊ မီးတောက်ဟူ၍ မရှိချေ။ အရာအားလုံးကို ခုတ်ပိုင်း၍ သတ်ဖြတ်ခဲ့၏။ တပြိုင်နက်တည်း လှုပ်ရှားပြီး ခုတ်ပိုင်းလိုက်သည့်အချိန်တွင် ဖြစ်ပေါ်လာသော ညီညွတ်မှုအလှတရားကို ကြည့်ရသည်မှာ အားလုံးသောသူတို့ကို ကြက်သီးထစေခဲ့သည်။
ရွှဲ့ပြည်နယ်မှ အရာရှိအားလုံးက မျက်လုံးပြူးကျယ်လျက် ပါးစပ်အဟောင်းသား ဖြစ်နေ၏။ သူတို့က ယခု မြင်တွေ့နေရသည့်အရာကို မယုံကြည်နိုင်သလို ဖြစ်နေ၏။ ဤအရာက ရွှဲ့ပြည်နယ်၏ စစ်သည်များပေလော။ ဤမျှ စွမ်းအားကြီးသည့် စစ်သည်များ ဖြစ်နေသည်လား။ သူတို့ အဘယ့်ကြောင့် မသိရသနည်း။
ဤလူများက အသုံးမကျသည့် လူများ ဖြစ်နေသည် မဟုတ်ပါလား။ ဉာဏ်ရည်မမီသည့် သတ္တဝါတွေ ဖြစ်နေသည် မဟုတ်ပါလား။ စွမ်းပကားက ကြီးမားလွန်းလှ၏။ သူတို့ကို အသက်ရှုရရန်ပင် ခက်ခဲစေ၏။
ရွှဲ့ပြည်နယ်၏ တော်ဝင်သက်တော်စောင့် တပ်သား ၅၀၀၀ တို့က ကျောချမ်းသွားခဲ့၏။ အဘယ်ကြောင့် ဆိုသော် လမ်းခရီးတစ်လျှောက်လုံးတွင် သူတို့က ဤစစ်သည် ၂၀၀၀ အား မည်မျှ ဆိုးဝါးစွာ ဆဲဆိုခဲ့သနည်း ဆိုသည်ကို သူတို့သာလျှင် သိသည်။
အသုံးမကျသည့် ကောင်တွေ၊ အရူးကောင်တွေ၊ ဦးနှောက်မရှိတဲ့ ကောင်တွေ၊ ကလေကချေကောင်တွေ၊ သေသွားသင့်သည့် ကောင်တွေ... ထိုသို့ပင် ပက်ပက်စက်စက် မျက်နှာကို တည့်တည့်ကြည့်ကာ ဆဲဆိုခဲ့ကြ၏။
သို့ပေမည့် ဤလူစုက ဒေါသထွက်ပုံ မရခဲ့ချေ။ ခေါင်းကိုသာ ငုံ့နေခဲ့၏။ ဆဲဆိုခံရသည့် အချိန်တွင်လည်း ပြန်လည်ကာ မပြောကြချေ။ တော်ဝင်အစောင့်တပ်သားများက လူကို မရိုက်နှက်ခဲ့ကြပေ။ အကယ်၍ ရိုက်နှက်မည်ဆိုလျှင်လည်း ရှမ့်လန်၏ လက်အောက်မှ ဤအသုံးမကျသည့်လူများက ပြန်လည်ကာ တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ဟု အားလုံးက သိရှိထားပြီးသား ဖြစ်သည်။
ရိုက်ရင်လည်း ပြန်မချ၊ ဆဲရင်လည်း ပြန်မပြော အားလုံးသော သူတို့က အသုံးမကျဆုံးလူများသာ ဖြစ်၏။ သို့ပေမည့် စစ်မြေပြင်တွင်တော့ ဤလူစုက ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါများကို ထုတ်ဖော်ကာ အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။
“ကံကောင်းလိုက်တာ... ငါတို့ကို မသတ်ခဲ့တာ ကျေးဇူးတင်ရမယ်”
တော်ဝင်သက်တော်စောင့် တပ်သားများ အားလုံးက ကြောက်လန့်နေကြဆဲ ဖြစ်၏။ “ငါတို့ ပြီးရင် သွားတောင်းပန်ကြမလား”
“မဖြစ်ဘူး၊ မဖြစ်ဘူး... ဘာပဲဖြစ်ဖြစ် ငါတို့ ဆဲခဲ့တာကို သူတို့ မှတ်မိမှာ မဟုတ်ပါဘူး။ သွားတောင်းပန်လိုက်မှ ငါ့ကို မှတ်မိသွားလိမ့်မယ်”
“နောက်ဆို သူတို့ကို တွေ့တာနဲ့ အဝေးဆုံးကို ပြေးမှ ဖြစ်မယ်။ မဟုတ်ရင် နှစ်ပိုင်းပိုင်းခံရလိမ့်မယ်။ ပြီးရင် ငါ့မိသားစုနဲ့ ခေါင်းတခြား၊ ကိုယ်တခြား ခွဲခွာရလိမ့်မယ်”
............
ဤနေရာတွင် အတုန်လှုပ်ဆုံးသော လူမှာတော့ ကျုံးယောင်ပင် ဖြစ်၏။ ရှမ့်လန်က လွယ်ကူစွာ အရှုံးပေးလိမ့်မည် မဟုတ်ကြောင်း သူ ခန့်မှန်းထားသော်လည်း ဤစစ်တပ်ကြီးက ဤမျှထိ စွမ်းအား ကြီးမားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ဤအရာက စစ်မြေပြင်၏ အိပ်မက်ဆိုးကြီးပင် ဖြစ်၏။
ရှမ့်လန်၏ လူ ၂၀၀၀ ကို အနိုင်ရရန်အတွက် မြောက်ပိုင်းတပ်တော်မှ သူ၏ လူအင်အား မည်မျှများများကို အသုံးပြုရမည်နည်း။ မည်သည့် နည်းဗျူဟာများကို အသုံးပြုရမည်နည်းဟု ကျုံးယောင်က စိတ်ထဲတွင် မတွက်ချက်ဘဲ မနေနိုင်တော့ချေ။ ရလဒ်က ထိတ်လန့်ဖွယ်ရာပင် ဖြစ်၏။ လူအင်အား တစ်သောင်းကျော် အသုံးပြုလျှင်ပင် အောင်မြင်ချင်မှ အောင်မြင်ပေလိမ့်မည်။
ရှမ့်လန်က ဤမျှလောက်ပင် စွမ်းပကား ကြီးမားနေသည်လား။ စာပေ၊ စစ်ရေး၊ ဆေးပညာ အရာအားလုံး တို့တွင် နှံ့စပ်ကျွမ်းကျင်၏။ ကျန်းလီ၏မျိုးဆက်များ ဖြစ်နေသည်လား။ အရည်အချင်း သက်သက်ဖြင့် ထိုအရာက ပြုလုပ်၍ရသည့် အရာမျိုး မဟုတ်ချေ။ ယခု သုံးလတာ အချိန်တိုအတွင်း အသုံးမကျသည့် လူများကို ပြိုင်ဘက်ကင်း စစ်သည်တော်များဖြစ်အောင် လေ့ကျင့်ပေးနိုင်ခဲ့၏။ ယုံကြည်နိုင်စရာ မရှိသည့် အံ့ဖွယ်ရာ အမှုပင်။ တကယ့် လက်ရွေးစင် ဝှက်ဖဲ စစ်သည်များ ဖြစ်၏။
............
အလုံးစုံ ဆွံ့အကာ အပြင်းအထန် တုန်လှုပ်လျက် ရှိနေသူကတော့ တစ်ဘက်ခြမ်းမှ ချောင်ဘုရင်ပင် ဖြစ်၏။ မြားမိုးများ ကျဆင်းလာခဲ့ပြီး ရွှဲ့စစ်သည်များက ခြစ်ရာတစ်ချက်မှ မထင်သည်ကို မြင်တည်းက တစ်ခုခု မှားယွင်းနေခဲ့ပြီဟု သူက ခံစားမိ၏။ သူ၏ စစ်သည်များ အစုလိုက်၊ အပုံလိုက် သတ်ခံရသည့် အချိန်မှာတော့ တစ်ကိုယ်လုံး အေးစက်သွားခဲ့၏။ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင်။ သူ အလိမ် ခံလိုက်ရပြီ ဖြစ်၏။
သို့ပေမည့် ရှမ့်လန် မည်သို့ လုပ်လိုက်သနည်း။ ရွှဲ့ပြည်နယ်တွင် ပုန်းအောင်းနေသည့် လျှို့ဝှက်သူလျှို အားလုံးတို့ကို သတ်ဖြတ်ချင်စိတ်များက သူ၏ ရင်ထဲတွင် အလိုလျောက် ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်က အသုံးမကျသည့် လူ ၂၀၀၀ ကို စုဆောင်းထားခဲ့ကြောင်း၊ နေ့တိုင်း သစ်သားဓား အတုများကို ဝှေ့ယမ်းပြီး ဓားကွက် တစ်ကွက်တည်းကိုသာ လေ့ကျင့်နေကြောင်း ထိုသူလျှိုများက သတင်းပို့ခဲ့သည်။
လပေါင်းများစွာပင် ဓားကွက် တစ်ကွက်တည်းကိုသာ လေ့ကျင့်ခဲ့၏။ ဝက်တွေလို တုံးအပြီး လုံးဝ အသုံးမကျသည့်ကောင်တွေ ဖြစ်ကြောင်း သတင်းပို့ခဲ့၏။
ယခု ပြန်ကြည့်သည့် အချိန်မှာတော့ သူလျှိုများ၏ သတင်းကလည်း အနည်းငယ်တော့ မှန်ကန်၏။ ရှမ့်လန်၏ တပ်သားသစ်များက တကယ်ပင် ဓားကွက် တစ်ကွက်တည်းကိုသာ လေ့ကျင့်ခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် သောက်ကျိုးနည်း ဤဓားတစ်ကွက်တည်းက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ထောင်ပေါင်းများစွာသော လူများက တစ်ချိန်တည်း၊ တပြိုင်နက်တည်း ဓားကွက်တစ်ခုတည်းကို အသုံးပြုလိုက်သည့်အချိန်မှာတော့ မည်မျှကြီးမားလွန်းသည့် စွမ်းအင်များ ပေါ်ပေါက်လာခဲ့ကြောင်း သူ မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။
“အရှင်မင်းကြီး... အရှင်မင်းကြီး...” ဘေးတစ်ဖက်တွင် ရှိနေသည့် အရာရှိများက စကာ အော်ဟစ်လိုက်ကြသည်။
အချိန်တော်ကြာမှသာလျှင် ချောင်ဘုရင်က သတိပြန်ဝင်လာခဲ့၏။ “အရှင်မင်းကြီး... တိုက်ပွဲ မပြီးသေးပါဘူး။ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။”
မှန်ပေ၏။ တိုက်ပွဲက မပြီးသေးချေ။ သူ့၌ တကယ့်ကို အားကောင်းလွန်းလှသည့် သံချပ်ကာဝတ် မြင်းစီးတပ်သားများ ကျန်ရှိနေသေး၏။ ၃၀၀၀ တိတိပင်။ မြင်းစီးတပ်သားများက ကွင်းပြင်တိုက်ပွဲတွင် ပြိုင်ဘက်ကင်း၏။ လေးလံသည့် သံချပ်ကာဝတ် မြင်းစီးတပ်သားများဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။
မြင်းစီးတပ်သားများ ဝင်ရောက် တိုက်ခိုက်လျှင် မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ မည်သည့် ခြေလျင်တပ်သားကမှလည်း ခုခံနိုင်လိမ့်မည် မဟုတ်တာ သေချာ၏။ သမိုင်းတစ်လျှောက် မရေတွက်နိုင်သည့် စစ်ပွဲများတွင် မြင်းစီးတပ်သားများ၏ စွမ်းဆောင်ရည်ကို သက်သေပြခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် နိုင်ငံအသီးသီးတို့တွင် ခြွင်းချက်မရှိဘဲ လေးလံသည့် သံချပ်ကာဝတ် မြင်းစီးတပ်ကို ဝှက်ဖဲအဖြစ် ထားရှိကြစမြဲပင်။