← Chapters

အခန်း (၅၄၇-၅၄၈)

Vol. 37 Ch. 547-548

အခန်း (၅၄၇-၅၄၈)

Vol. 37 Ch. 547-548

အပိုင်း (၅၄၇)

“ဟုတ်တယ်။ ငါ မရှုံးသေးဘူး။ ငါ လုံးဝ မရှုံးသေးဘူး”

လေးလံသည့် သံချပ်ကာများကို ဝတ်ဆင်ထားသည့် မြင်းစီးတပ်သား ၃၀၀၀ တို့ကို စေလွှတ်လိုက်ခြင်းက အရှက်မဲ့ရာ ကျကောင်း ကျနိုင်၏။ သို့ပေမည့် နိုင်ပွဲရရှိဖို့ဆိုလျှင် ထိုအရာက ထိုက်တန်သည့် အရာပင်။

“ရှမ့်လန်... မင်းလို မိစ္ဆာကောင်မျိုးက ရှိကို မရှိသင့်ဘူး”

ထို့အပြင် ဤကဲ့သို့ ထူးဆန်းသည့် အံ့ဖွယ်ပါရမီရှင်များနှင့် ဖွဲ့စည်းထားသည့် စစ်သည်များကလည်း မရှိသင့်ချေ။ ထိုအခိုက်မှာပဲ ချောင်ဘုရင်က အော်ဟစ်လိုက်၏။ “သံချပ်ကာဝတ် မြင်းစီးတပ် မြင်းသည်တော်တွေ အကုန်လုံး တက်ပြီး တိုက်ကြစမ်း။ ရွဲ့ပြည်နယ် စစ်သည် အကုန်လုံးကို သတ်ပစ်”

အမိန့်ပေးလိုက်သည့် ခဏအတွင်းမှာပင် လူတိုင်းက လှည့်ကြည့်လိုက်သည်။ ‘မဖြစ်နိုင်တာ၊ ချောင်ဘုရင် ခင်ဗျား ဒီလောက်တောင် အရှက်မဲ့တာလား’

တကယ်ပင် သံချပ်ကာဝတ် မြင်းစီးတပ်ကို စေလွှတ်လိုက်သည်လား။ ထို့ကြောင့် ၃၀၀၀ နှင့် ၂၀၀၀ တိုက်ခိုက်ရပေလိမ့်မည်။ ကွင်းပြင်တိုက်ပွဲတွင် မြင်းစီးတပ်က ပြိုင်ဘက်ကင်းကြောင်း လူတိုင်းက သိ၏။ စစ်မြင်းများစီးနင်းထားသော မြင်းစီးတပ်သားတို့က အရှိန်အဟုန် ပြင်းပြင်းနှင့် ဝင်ဆောင့်သည့်အချိန်တွင် အလွန်ကို အင်အားကြီးမား၏။ ကမ္ဘာပေါ်ရှိ မည်သည့် စစ်တပ်ကမှ ထိုအရာကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်၏ မိစ္ဆာနတ်ဆို စစ်သည်များပင်လျှင် တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

အနည်းဆုံး သူတို့က ကွင်းပြင်တိုက်ပွဲတွင် မြင်းစီးတပ်ကို အနိုင်ယူနိုင်သည့် ခြေလျင်တပ်ဟူ၍ မကြားဖူးသောကြောင့်ပင်။

အနိုင်ရရှိရန်အတွက် ချောင်ဘုရင်က တကယ့်ကို စည်းမဲ့ကမ်းမဲ့ ပြုလုပ်လာခဲ့၏။ ချောင်ဘုရင်၏ အမိန့်အတိုင်းပင် သူတို့၏ လေးလံသည့် သံချပ်ကာဝတ် မြင်းစီးတပ်သား ၃၀၀၀ တို့က စတင်ကာ လှုပ်ရှား လာခဲ့ကြ၏။ ထူးဆန်းသည့် စည်းချက်တစ်ခုဖြင့် စစ်မြေပြင်အား အရှိန်မြင့်တင်လာစေ၏။ သူတို့ကလည်း တဖြည်းဖြည်းနှင့် အရှိန်မြင့်တင်လာခဲ့၏။ နောက်ဆုံးမှာတော့ တကယ့်ကို ဝင်ဆောင့်ကြပေတော့မည်။

ထိုအချိန်မှာတော့ ကြီးမားလွန်းသည့် လူညိုကြီးကြီးနှစ်ဦးက ရှေ့ဆီသို့ ရုတ်တရက် ပြေးထွက်လာခဲ့၏။ နှစ်မီတာခန့် မြင့်မားသော ထိုလူကြီးများက ကီလိုဂရမ် ၁၀၀ ကျော် လေးလံသည့် အထူးသံချပ်ကာ ဝတ်စုံကြီးများကို ဝတ်ဆင်ထားခဲ့၏။ သူတို့၏ လက်ထဲတွင် သုံးမီတာကျော်ရှည်သည့် သံတုတ်ကြီးကို ကိုင်ဆောင်ထား၏။ ထိုသံတုတ်ကြီးက အနည်းဆုံး ကီလိုဂရမ် ၃၀၀၊ ၄၀၀ ခန့် လေးလံပေလိမ့်မည်။

သူတို့က အမွှာညီအစ်ကိုများ ဖြစ်ကြပြီး အထူးသွေးမျိုးဆက်ပိုင်ရှင်များလည်း ဖြစ်၏။ သူတို့၏ နာမည်က တုတ နှင့် တုအာ တို့ပင် ဖြစ်၏။ သူတို့က ချောင်အိမ်ရှေ့စံမင်းသား၏ လက်အောက်မှ သတ်ဖြတ်ခြင်း နတ်ဘုရားနှစ်ပါးပင်။ စစ်မြေပြင်သို့ ထွက်သည့် အချိန်တိုင်း သူတို့ နှစ်ဦးက လူပေါင်းရာချီကို သတ်ဖြတ်လေ့ ရှိပြီး မည်သူမှ သူတို့ကို မယှဉ်နိုင်ကြချေ။ သူတို့က စစ်မြေပြင်၌ မိစ္ဆာကောင်ကြီးများကဲ့သို့ပင်။

ထို့နောက်မှာတော့ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် တပ်မှူးတစ်ဦးက လျှပ်ပြက်သကဲ့သို့ပင် ပြေးထွက်လာသည်။ ထိုသူက ငွေရောင်လှံတံရှည် တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့၏။ သူက ချောင်ပြည်နယ်၏ နာမည်ကျော် တပ်မှူး ဟူယန်ရှဲ့ပင် ဖြစ်၏။ သူက စစ်ဘက်ဆိုင်ရာ ပညာရှင် တစ်ယောက် ဖြစ်ပြီး ချောင်ပြည်နယ်၏ အသက်အငယ်ဆုံး တပ်မှူးတစ်ယောက်လည်း ဖြစ်၏။

ထို့ပြင် သူက စစ်ပွဲကြောင့် မိဘမဲ့တစ်ဦး ဖြစ်ခဲ့ရသူ တစ်ဦးပင်။ သူသည်လည်း ကျန်းလီ၏ အထူးသွေးမျိုးဆက်ပိုင်ရှင် တစ်ဦး ဖြစ်နိုင်၏။ ဤအချက်ကို ကြည့်ရှုခြင်းအားဖြင့် ကျန်းလီ မည်မျှ စွမ်းအားကြီးမားကြောင်းကို တွေ့မြင်ရနိုင်သည်။

လက်ရှိအချိန်တွင် နိုင်ငံအသီးသီးရှိ ထိပ်တန်းတပ်မှူးများနှင့် သိုင်းပညာရှင်အများစုက ကျန်းလီ၏ မျိုးဆက်များ ဖြစ်၏။ ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။ ကျန်းလီ သေဆုံးခဲ့သော်လည်း လောကကြီး တစ်ခုလုံးက ပြည့်စုံစွာ ကျန်ခဲ့သည် ဟူသည့် စကားပင်။

ဤလူ သုံးဦး ထွက်ပေါ်လာချိန်မှာတော့ သံတမန်များတို့က မိမိ၏မျက်လုံးကို မိမိ မယုံကြည်နိုင်သလို ဖြစ်သွားခဲ့၏။ အနိုင်ရရှိရန်အတွက် ချောင်ဘုရင်က ဤမျှထိ လုပ်နေသည်လား။ တုတ၊ တုအာနှင့် ဟူယန်ရှဲ့တို့ အားလုံးကို စေလွှတ်လိုက်၏။ ဤလူ သုံးဦး ပါလာပြီမှတော့ မည်သူက သူတို့နှင့် နှိုင်းယှဉ်၍ ရနိုင်တော့မည်နည်း။ ဤလူ သုံးဦးတို့၏ အောင်မြင်မှု မှတ်တမ်းများက ကြားရသူတိုင်းကို ကြက်သီးထစေ၏။

“သတ်ကြ... သတ်ကြစမ်း...”

တုတနှင့် တုအာ တို့က အလွန်အင်အားကြီးမား၏။ သံချပ်ကာ ဝတ်ဆင်ပြီးနောက် သူတို့၏ ကိုယ်လေးချိန်က ကီလိုဂရမ် ၇၀၀ ကျော် ရှိ၏။ ကီလိုဂရမ် ၃၀၀ ကျော်လေးသော သံတုတ်ကြီးများနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း အလေးချိန်က တန်ဝက်နီးပါးခန့် ရှိပြီး သူတို့ကို တင်ဆောင်နိုင်သည့် စစ်မြင်းဟူ၍ မရှိတော့ပေ။ ထို့ကြောင့် လမ်းလျှောက်ကြသည်။

ဤလူနှစ်ဦး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြက်ပင် တစ်ပင်မျှပင် မကျန်နိုင်အောင် ပိပြားသွား၏။ သူတို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် လူများက အလောင်းပင် ပြန်မရဘဲ မြေကြီးထဲတွင် ရွှံ့အဖြစ် ပြောင်းလဲသွားခဲ့ရဖူး၏။

ရွှဲ့ပြည်နယ်ဘက်တွင် ဤသားသတ်သမား နှစ်ဦးကို ယှဉ်ပြိုင်နိုင်မည့်လူ မည်သူရှိသနည်း။ လန်ပေါင်မှ လွဲ၍ တခြားမည်သူမှ မရှိချေ။ သို့သော်ငြား လန်ပေါင်က ဤနယ်စပ်အမဲလိုက်ပွဲတွင် မရှိချေ။ သူက တတိယ မင်းသား၏ လူဖြစ်၍ ရှမ့်လန်အတွက် အဘယ်ကြောင့် အလုပ်လုပ်ပေးမည်နည်း။

ထိုအချိန်မှာတော့ လူတိုင်း မျက်လုံးပြူးသွား၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ ဘက်မှလည်း ဧရာမ လူကြီးတစ်ဦး ပြေးထွက်လာသောကြောင့်ပင်။ သောက်ကျိုးနည်း .... သူက ပိုမို၍ တုန်လှုပ်စရာ ကောင်းသေး၏။ သစ်ပင်ကြီးတစ်ပင်ကို လက်နက်သဖွယ် ကိုင်ဆွဲထားသေးသည်။

ထိုသစ်ပင်က ပေါင်လုံးထက်ပင် ကြီးပြီး ၁၀ မီတာကျော် ရှည်၏။ သို့ပေမည့် ဤလူကောင်ကြီးက လက်ထဲတွင် ဘာမှ မဟုတ်သည့်အလား ကိုင်ဆွဲလာခဲ့၏။ သစ်ပင်ကြီးကို ဝှေ့ယမ်းပြေးလာရာ၌ စစ်မြင်းထက်ပင် လျင်မြန်စွာ ပြေးနိုင်သေး၏။ ထိုသူက တခြားသူ မဟုတ်ချေ။ အရူးကြီးပင် ဖြစ်၏။

တုတနှင့် တုအာတို့က တစ်ချက်လှမ်းကြည့်ပြီးနောက် ဤအရူးကြီးဆီသို့ ပြေးဝင်လာခဲ့၏။ သူတို့ သတ်ဖြတ်ရမည့်လူမှာ ဤလူ ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းပင်။

“သတ်စမ်း...” ဧရာမ လူကြီး သုံးဦးက မြင်းစီးမထားကြသော်လည်း မြင်းစီးထားသည်ထက်ပင် မြန်ဆန်၏။ သူတို့က ကြမ်းတမ်းစွာ ဝင်ဆောင့်ကြသည်။

အခြားတစ်ဖက်တွင်တော့ နာကျည်းမှုနှင့် ဟူယန်ရှဲ့ တို့က တစ်ဦးကို တစ်ဦး ကြည့်ရှုလိုက်ပြီး တစ်ဘဝလုံးစာ ပြိုင်ဘက်များ ဖြစ်ကြောင်း သိရှိလိုက်ကြ၏။ သူတို့၏ စစ်မြင်းများကို အရှိန်မြှင့်တင်လိုက်ပြီး ရှေ့ဆီသို့ ထိုးတက်လာခဲ့၏။

ရောက်ရှိနေခဲ့သည့် ထောင်ပေါင်းများစွာသော သံတမန် အားလုံးက မြင်ကွင်းကို ကြည့်ရှုရင်း သွေးများ ဆူပွက်လာခဲ့၏။ သူတို့က ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ နယ်စပ်အမဲလိုက်ပွဲ ဆိုသည်မှာ အလွန် ပျင်းစရာကောင်းသည်ဟု ထင်မှတ်ခဲ့သော်လည်း တကယ့် အထွတ်အထိပ် ကြီးမားသည့် စိတ်လှုပ်ရှားစရာ တိုက်ပွဲကြီးက သူတို့၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

တကယ်ကြီးမားသည့် တိုက်ပွဲကြီး သုံးခုက တပြိုင်နက်တည်း ဖြစ်တည်နေခြင်းပင်။ နှမျောစရာ ကောင်းသည်က သူတို့၌ မျက်လုံး တစ်စုံတည်းသာ ရှိနေခြင်းပင်။ မည်သည့် တိုက်ပွဲကို ကြည့်ရှုရမည်နည်း။ မိန်းမလှလေး သုံးဦး၊ ကိုယ့်ရဲ့ ရှေ့တွင် ဒူးထောက်နေသကဲ့သို့ပင်။ မည်သူ့ကို... (ကိုယ့်ဘာသာတွေးရန်)။

ထို့ကြောင့် လူတိုင်းက အရေးကြီးဆုံးသောတစ်ခုကို အရင်ဆုံး ရွေးချယ်လိုက်ကြ၏။ ရွှဲ့ပြည်နယ်၏ စစ်သည် ၂၀၀၀ နှင့် ချောင်ပြည်နယ်၏ သံချပ်ကာဝတ် မြင်းစီး ၃၀၀၀ တိုက်ပွဲ။ ဤအရာက စိတ်လှုပ်ရှားစရာ နှင့် ရင်ဖိုစရာ အကောင်းဆုံး၊ တရားမျှတမှု မရှိဆုံးပွဲပင် ဖြစ်၏။

“သတ်... သတ်ကြစမ်း...”

ချောင်ပြည်နယ်၏ သံချပ်ကာဝတ် မြင်းစီးတပ်သား ၃၀၀၀ တို့က အရှိန်အဟုန် ပြင်းပြင်းနှင့် ပြေးဝင်လာခဲ့၏။ မြန်သည်ထက် မြန်လာ၏။ ထို့ထက် ပိုမိုကာ မြန်လာ၏။ တုန်လှုပ်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လှိုင်းလုံးကြီးများကဲ့သို့ပင် ဖန်တီးလာခဲ့၏။ လမ်းတစ်လျှောက် ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်မည့် စွမ်းအားမျိုးနှင့်ပင်။

မြင်းစီးတပ်က ပြိုင်ဘက်ကင်း၏။ သံချပ်ကာဝတ် မြင်းစီးတပ် ဆိုလျှင် ပိုမို၍ ပြိုင်ဘက်ကင်း၏။ ချောင်ပြည်နယ်၏ သံချပ်ကာဝတ် မြင်းစီးတပ်သားတိုင်းက ဂုဏ်ယူဝင့်ကြွားမှုအပြည့်နှင့် တစ်ဖက်လူများ အပေါ် အထင်သေးမှုများလည်း ရှိသည်။

ရွှဲ့ပြည်နယ်၏ တပ်သားသစ်များမှာတော့ အံ့အားသင့်ဖွယ် ကိစ္စရပ်တစ်ခုကို ပြုလုပ်ခဲ့သည် ဆိုသော်လည်း သံချပ်ကာဝတ် မြင်းစီးတပ်၏ အရှေ့တွင်တော့ သူတို့က သေကို သေရပေလိမ့်မည်။ မည်သည့် ခြေလျင်တပ်ကမှ သံချပ်ကာဝတ် မြင်းစီးတပ်၏ ထိုးစစ်ကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

အကွာအဝေး မီတာ ၁၅၀၊ မီတာ ၁၀၀၊ မီတာ ၅၀...

“ရပ်စမ်း”

ရွှဲ့စစ်သည်များဘက်မှ ခေါင်းဆောင် ၁၀ ဦးက အမိန့်ပေးလိုက်၏။ အလံကို ဝှေ့ယမ်းလိုက်၏။ ကွင်းပြင်တပ်မှူး နာကျည်းမှုနှင့် ချောင်တပ်မှူး ဟူယန်ရှဲ့ တို့က ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်နေပြီး ဓားများကို ဝှေ့ယမ်း တိုက်ခိုက်နေ၏။

သူတို့က စစ်ပွဲကို ကွပ်ကဲသင့်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ကာ မတိုက်ခိုက်သင့်ပေ။ သို့ပေမည့် ရွေးချယ်စရာ မရှိချေ။ ဟူယန်ရှဲ့ကို အနိုင်ယူတိုက်ခိုက်မည့်သူက နာကျည်းမှုမှ လွဲလျှင် အခြား မရှိသောကြောင့်ပင်။ ထို့အတူ သူတို့ဘက်တွင် ရှိနေသည့် လူများအားလုံးက ကွပ်ကဲမှုကို လိုအပ်သည့် လူများ မဟုတ်ချေ။ ရှိလည်း ဘာမှ အသုံးမဝင်ပေ။ အသာရပ်ကာ ကြည့်နေရုံသာ ရှိသည်။

စစ်သည်များ၏ သတ္တိနှင့် စည်းကမ်းက တကယ့်ကို ကြီးကြီးမားမား အားကောင်းနေသည် မဟုတ်ပါလား။ မည်သည့် ခြေလျင်တပ်သားမဆို ဤကဲ့သို့ သံချပ်ကာဝတ် မြင်းစီးတပ်သား ၃၀၀၀ ကျော်တို့ ရူးသွပ်စွာ ဝင်ဆောင့်လာသည်ကို ရင်ဆိုင်ရလျှင် ကြောက်လွန်းသောကြောင့် တုန်ယင်နေကြမှာ သေချာ၏။

ခြေထောက်များ တုန်ယင်ပြီး ဘောင်းဘီထဲတွင်ပင် သေးထွက်ကျပေလိမ့်မည်။ အထူးသဖြင့် စစ်ရေး အတွေ့အကြုံ ရင့်ကျက်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်သော ချောင်ပြည်နယ်၏ သံချပ်ကာဝတ် မြင်းစီးတပ်သား ၃၀၀၀ပင်။

ထိုကဲ့သို့ သတ်ဖြတ်လိုစိတ်နှင့် ပြင်းထန်သည့် ဝင်ဆောင့်မှုကို ရင်ဆိုင်ရလျှင် မည်သည့်စစ်သည်တပ်များမဆို အစနမကျန်အောင် ထွက်ပြေးကြပေလိမ့်မည်။

သို့သော်ငြား ဤရှေ့တွင် ရှိနေသည့် လူ ၂၀၀၀ တို့မှာတော့ မျက်တောင်ပင် တစ်ချက်မခတ်ကြချေ။ ကြောက်ရွံ့ခြင်း ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ဟုတ်ပေ၏။ သူတို့က ကြောက်ရွံ့တတ်၏။ သူတို့၏ အချိန်တော်တော်များများတွင် ကြောက်ရွံ့နေတတ်၏။ အိပ်ပျော်နေချိန်တွင်လျှင် ကြောက်ရွံ့မှု၊ စိုးရိမ်မှု များနှင့် ပြည့်နှက်နေခဲ့ဖူး၏။

သို့ပေမည့် သူတို့ကြောက်သည်က မိဘ၊ ဆွေမျိုးများ၏ အထင်သေး၊ ရွံ့ရှာသည့် အကြည့်များကိုသာ ဖြစ်၏။ လမ်းသွားလမ်းလာတို့၏ အထင်သေးအကြည့်များကိုသာလျှင် ဖြစ်၏။ လူတိုင်း၏ ဖယ်ကြဉ်ခြင်းအား ကြောက်ရွံ့ခြင်းသာ ဖြစ်၏။ ထိုမှလွဲ၍ သူတို့က တခြားမည်သည့်အရာကိုမှ မကြောက်လန့်ကြချေ။ သူတို့က သေရမည်ကိုပင် မကြောက်ချေ။

“ကျုပ်ညီရဲ့ မိန်းမက ကျုပ်ကို ရေနွေးပူနဲ့ လောင်းချတုန်းက ကျုပ် မရှောင်ခဲ့ဘူး”

လီကုန်းကျီရဲ့ နဖူးပေါ်၌ အမာရွတ်ကြီးကြီးတစ်ခု ရှိ၏။ သူ့ဦးလေး ပြုလုပ်ထားခြင်း ဖြစ်၏။ အရေးကြီးသည့် ပွဲတစ်ခုတွင် သူ့ဦးလေးက မူးပြီး လီကုန်းကျီကို တစ်ခုခု လုပ်ခိုင်း၏။ လီကုန်းကျီက မလုပ်ခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် သူ တကယ်မလုပ်နိုင်ခြင်းပင်။ သူ့ဦးလေးက သူ့ကို ပြည့်တန်ဆာမ တစ်ယောက်ကို ထိတွေ့ခိုင်းခဲ့၏။ သူက ထိုအရာကို သေတောင် မလုပ်နိုင်ချေ။

မူးနေသည့် သူ့၏ ဦးလေးက ဒေါသထွက်ပြီး ဓားကို ဆွဲထုတ်ကာ ပြည့်တန်ဆာမကို ဖက်မလား၊ သို့မဟုတ် အခုတ်ခံပြီး သေမလားဟု ခြိမ်းခြောက်၏။ ပြီးနောက် သူ့ဦးလေး၏ ဓားကြီးက တကယ်ပင် ကျဆင်းလာ၏။ လီကုန်းကျီက အရူးတစ်ယောက်လိုပင် ငြိမ်ငြိမ်လေး ရပ်ပြီး အခုတ်ခံခဲ့၏။

“ခင်ဗျားက ကျုပ်ရဲ့ ဦးလေး၊ ကျုပ်ရဲ့ မိသားစုပဲ။ ခင်ဗျားက ကျုပ်ကို သေစေချင်တယ် ဆိုမှတော့ ကျုပ်သေရမှာပေါ့”

တကယ်တော့ သူ့ဦးလေးက ခြိမ်းခြောက်ရုံပင် ဖြစ်၏။ ဤအရူး တကယ်မရှောင်ဘဲ နေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ရလဒ်အားဖြင့် သူ့ဦးလေးက အရှိန်ကို မသတ်နိုင်ခဲ့ချေ။ နဖူးပေါ်တွင် ဓားရာကြီးတစ်ခု ဖြစ်အောင် ခုတ်မိခဲ့သည်။

‘ကျုပ်တို့က ဓားတွေကို မကြောက်ဘူး။ ဒါပေမယ့် သူ့တစ်ပါးရဲ့ မျက်လုံးနဲ့ စကားလုံးတွေကို ကြောက်တယ်။ ကျုပ်တို့ဆီ ဝင်ရောက်လာတဲ့ သံချပ်ကာ မြင်းစီးတပ်သား ၃၀၀၀နဲ့ ပတ်သက်ရရင်တော့... အင်း .... ဒီကောင်တွေက ကြမ်းတမ်းတဲ့ပုံ ပေါက်တယ်။ ဒါပေမယ့် ကျုပ်တို့ လုံးဝမကြောက်ဘူး’

“အားလုံးပဲ မတ်မတ်ရပ်ထား” လန်ညီနောင် ဆယ်ဦးက အမိန့်ပေးလိုက်၏။ ချက်ချင်းပဲ သွေးမျိုးဆက် ပြောင်းလဲထားခဲ့သည့် စစ်သည် ၂၀၀၀ ကျော်တို့က မြေပြင်ပေါ်တွင် သံမှိုစွဲထားသကဲ့သို့ပင် ခန္ဓာကိုယ်များကို ထင်းရှူးပင်များကဲ့သို့ပင် ညီညီညာညာဖြင့် ရပ်ထား၏။ သူတို့က တကယ် ထင်းရှူးပင်သဖွယ် ရပ်နေကြခြင်းပင်။

“ဒုတိယတိုက်ကွက် အသစ်ပြင်” ရာစုမှူး ဆယ်ဦးက နောက်တစ်ကြိမ် အမိန့်ပေးလိုက်၏။ စစ်သည် ၂၀၀၀ ကျော်တို့က သူတို့၏ ဓားမော့ရှည်ကြီးများကို လေထဲသို့ မြှောက်ပြီး ထောင့်ချိုး အနေအထားဖြင့် ခန္ဓာကိုယ်ကို အနည်းငယ် စောင်းထား၏။

ပထမ တိုက်ကွက်က လူခေါင်းကို ခုတ်ဖြတ်ခြင်း ဖြစ်ပြီး ဒုတိယ တိုက်ကွက်မှာတော့ မြင်းခေါင်းကို ခုတ်ဖြတ်ခြင်း ဖြစ်၏။ ဤလူ ၂၀၀၀ တို့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ဟူ၍ မရှိချေ။ ကြောက်လန့်ခြင်းလည်း မရှိသည်မှာ သေချာ၏။ သူတို့က သံမဏိ တံတိုင်းကြီးတစ်ခုသဖွယ် ရပ်နေကြ၏။ သူတို့က ကြောက်လန့်ဖွယ်ရာလှိုင်းလုံးများကဲ့သို့ ရောက်ရှိလာမည့် မြင်းများကို တိုက်ခိုက်ရန် ရပ်တန့်လျက် ရှိနေသည်။

ထောင်ပေါင်းများစွာသော သံတမန် အရာရှိများက လည်ပင်းမှ အမွှေးများ ထောင်ထသည်အထိပင် စိတ်အား ထက်သန်လာခဲ့ကြ၏။ အားလုံးက မတ်တတ်ထရပ်လိုက်၏။ သူတို့၏ မျက်လုံးများကို သူတို့ မယုံကြည်နိုင်သလို ဖြစ်မိနေကြ၏။ ရွှဲ့ပြည်နယ်မှ တပ်သားသစ်များက သူတို့၏ အသွေးအသား ခန္ဓာကိုယ် သက်သက်ဖြင့် သံချပ်ကာဝတ် မြင်းစီးတပ်သားများ၏ ဝင်ဆောင့်မှုကို ခုခံရန် ကြံစည်နေသည်လား။

ဤလူများက ရူးသွပ်နေသည်လား။ ကျရှုံးသွားလျှင် ဤမြင်ကွင်းက တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းသည့် မြင်ကွင်းမျိုး ဖြစ်လာပေလိမ့်မည်။ လူတိုင်း၏ စိတ်နှလုံးက ရွှဲ့ပြည်နယ်မှ စစ်သည်သစ် ၂၀၀၀ ထံသို့ ရောက်ရှိသွားခဲ့၏။ သူတို့က မထိုင်နိုင်ခဲ့ကြချေ။ အားလုံးက မတ်တတ်ထရပ်ပြီး အသက်ရှု အောင့်ကာဖြင့် ပွဲကို ကြည့်ရှုနေ၏။

ထိုအခိုက်အတန့်မှာပဲ သူတို့ စောင့်မျှော်နေသည့်အချိန်က ရောက်ရှိလာခဲ့သည်။

သံချပ်ကာဝတ် မြင်းစီးတပ်နှင့် ထိပ်တိုက်တွေ့ဆုံမည့် အခိုက်အတန့်မှာတော့ ရှမ့်လန်၏ စိတ်ထဲတွင် စကားလုံးတစ်ချို့ သူ့အလိုလို ပေါ်ပေါက်လာခဲ့၏။ “ကြယ်တံခွန်က ကမ္ဘာမြေကို ဝင်တိုက်ခြင်း”

ဤအခိုက်အတန့်မှာတော့ သူက တကယ်ပင် စိတ်လှုပ်ရှားလျက် ရှိ၏။ တိုက်ပွဲ ဖြစ်ရပ်များကို လေ့လာခဲ့ပြီး ဖြစ်သော်လည်း တကယ်တမ်း ရင်ဆိုင်နေရသည်မှာတော့ လွယ်ကူသည် မဟုတ်ချေ။

ထန်မင်းဆက်၏ ဓားတပ်ဖွဲ့က တစ်ဖက်ရန်သူ၏ မြင်းစီးတပ်များကို အကြိမ်ကြိမ် အနိုင်ယူခဲ့ဖူး၏။ ထို့ပြင် အန်းလူရှန့်နှင့် ရှီစီမင်တို့၏ ပုန်ကန်မှုကို (တရုတ်သမိုင်း) နှိမ်နင်းရာတွင်လည်း ဓားအဖွဲ့က ကြီးမားသည့် အကျိုးပြုမှုများကို ပြုလုပ်ခဲ့၏။ သို့သော်ငြား မျက်စိရှေ့မှောက်၌ တကယ်ဖြစ်လာချိန်မှာတော့ သူက အနည်းငယ် မသေချာ၊ မရေရာသလို ဖြစ်လာမိ၏။

................

“သတ်စမ်း... သတ်ကြစမ်း...”

ချောင်ပြည်နယ်၏ သံချပ်ကာဝတ် မြင်းစီးတပ်သား ၃၀၀၀ တို့က အမြင့်ဆုံးအရှိန်ဆီသို့ ရောက်ရှိလာသည်။

မီတာ ၃၀၊ ၁၀ မီတာ၊ ၅ မီတာ...

ပြီးနောက် လောကကြီး တစ်ခုလုံး တုန်ခါသွားစေနိုင်သည့် ထိပ်တိုက် ဝင်ဆောင့်မှုကြီး တစ်ခု ပေါ်ပေါက်လာခဲ့၏။ လောကကြီးတစ်ခုလုံးတွင် အသံတစ်ခုတည်းသာ ပေါ်ပေါက်လာ၏။ ထိုအသံက သတ္တုနှစ်ခု ထိပ်တိုက်တွေ့ဆုံသည့် အသံပင်။

ချောင်ပြည်နယ်၏ သံချပ်ကာဝတ် မြင်းစီးတပ်သားများက ရွှဲ့ပြည်နယ်၏ စစ်သည်သစ်များ၏ စစ်ကြောင်းကို ရူးသွပ်စွာ ပြေးဆောင့်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဟုန်ဖြင့် ရေကာတာကြီး ပေါက်ထွက်သွားသကဲ့သို့ပင်။

ရန်သူများ၏ စစ်မြင်းများက သူတို့၏ နှစ်မီတာ အလိုသို့ ရောက်သည့် အချိန်မှာတော့ ရှေ့ဆုံးတန်းရှိ ရွှဲ့စစ်သည်များ၏ အထူးဓားမော့ကြီးများက ရုတ်တရက် ခုတ်ပိုင်းချလိုက်၏။ ဤအချိန်မှာတော့ လူတိုင်း၏ လှုပ်ရှားမှုက လုံးဝ တစ်သားတည်း မဟုတ်တော့ချေ။ လူတိုင်းက ပစ်မှတ်တစ်ခုချင်းစီကို မျက်တောင်မခတ် စိုက်ကြည့်နေကြ၏။

သူတို့က အတိကျဆုံး အခွင့်အရေးကို ရှာဖွေပြီး လောကကြီးတစ်ခုလုံး တုန်ခါသွားစေမည့် ဓားချက်ဖြင့် ခုတ်ပိုင်းလိုက်ကြ၏။ သုညဒသမတစ်စက္ကန့်မှ နောက်ကျ၍မရသလို သုညဒသမတစ်စက္ကန့်မှလည်း စော၍ မရချေ။ လုံးဝ တိကျသေချာရပေမည်။

တစ်ချက်တည်းခုတ်၍ နှစ်ပိုင်းပြတ်ခြင်း။

“ရွှပ်...”

သွေးများက ရူးရူးမူးမူး ပန်းထွက်လာခဲ့၏။ ဒုန်းစိုင်းပြေးလာခဲ့သည့် စစ်မြင်းများ၏ခေါင်းက ချက်ချင်း ပြတ်ထွက်သွား၏။ လည်ပင်းတစ်ခုလုံးနှင့် ခန္ဓာကိုယ်ထက်ဝက်က နှစ်ပိုင်းပြတ်တောက်သွား၏။

စစ်သည်များ၏ ဦးခေါင်းကိုပိုင်းဖြတ်ရန် ဓားများကို ဝှေ့ယမ်းပြီး ကြမ်တမ်းစွာ ဝင်ရောက်လာခဲ့သည့် မြင်းများက နှစ်ပိုင်းဖြတ်ခံလိုက်ရပြီး ထိုပေါ်တွင် ရှိနေသည့် စစ်သည်များက အောက်သို့ လွင့်စင်ကျသည်။

သို့ပေမည့် မြေကြီးပေါ်သို့ မကျသေးခင်မှာပဲ တစ်ဖက်လူများက တစ်ချက်တည်း ခုတ်၍ နှစ်ပိုင်းပြတ်စေခဲ့၏။ နောက်ဘက်ပိုင်းရှိ ရွှဲ့တပ်သားစစ်သည်များက ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်ရာ လေပေါ်မှာပဲ ချောင်စစ်သည်တို့က တိုက်ရိုက် နှစ်ပိုင်း ပိုင်းဖြတ်သွားကြတော့၏။

အပိုင်း (၅၄၈)

ဤမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ရှမ့်လန်၏ ဦးရေပြားများက ထုံကျင်လျက် ရှိနေပြီး သူက တကယ့်ကို အံ့အားသင့်လို့နေ၏။ သူ၏ နှလုံးသားများကပင် တုန်ခါလို့နေ၏။ ‘ငါ့မှာ ဒီလောက် အင်အားကြီးတဲ့ စစ်သည်တွေ ရှိနေတာလား ’

ယခင်က ရှမ့်လန် ထင်မှတ်ထားခဲ့သည်မှာ ဤတပ်သားသစ်များ၏ စွမ်းအားကြီးမားရခြင်း၏ အဓိက အကြောင်းရင်းက ထိုသူတို့၏ သွေးမျိုးဆက်ကြောင့် ဖြစ်၏။ သွေးမျိုးဆက်ကို ပြောင်းလဲ လိုက်ခြင်းကြောင့် ဤမျှ စွမ်းအားကြီးမားလာကြခြင်း ဖြစ်မည်ဟု သူက ယူဆခဲ့သည်။

သို့ပေမည့် ယခုမှာတော့ သူ၏ အတွေးအမြင်အားလုံးက ပြောင်းလဲသွားခဲ့၏။ ဤလူစု၏ စွမ်းအား ကြီးမားရခြင်း၏ အဓိက အကြောင်းရင်းက ထိုသူတို့၏ အတွင်းစိတ်ဓာတ်ကြောင့်ပင် ဖြစ်၏။ သူတို့၏ အာရုံစူးစိုက်မှု၊ ကြောက်လန့်ခြင်းကင်းမှု၊ အာရုံခံစားလွယ်မှုနှင့် ရိုးရှင်းမှုတို့က သူတို့ကို အစွမ်းထက်ဆုံး ပါရမီရှင်များ၊ ပြုင်ဘက်ကင်းလုနီးပါး ဖြစ်စေခဲ့၏။ ကြောက်ရွံ့ခြင်းကင်းမဲ့သောကြောင့် သူတို့က လုံးဝ မပြေးကြချေ။ အာရုံစူးစိုက်မှု ကောင်းမွန်ပြီး အာရုံခံစားလွယ်သောကြောင့် အတိကျဆုံးသော အခွင့်အရေးကို ရှာဖွေနိုင်၏။

“ရွှပ်... ရွှပ်...”

ရာပေါင်းများစွာသော အထူးဓားမော့ကြီးများကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ချိန်မှာတော့ ဒုန်းစိုင်း ပြေးဝင်လာခဲ့သည့် စစ်မြင်းရာပေါင်းများစွာတို့က ချက်ချင်းပဲ ခေါင်းများပြတ်ထွက်ကုန်၏။ သို့သော်ငြား ခေါင်းပြတ်သွားခဲ့လျှင်ပင် စစ်မြင်းများက အရှိန်ကုန်ဖြင့် ရှေ့ဆီသို့ တိုးဝင်လာနေတုန်းပင်။

“ဒုန်း... ဒုန်း...” ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာပြီး မြင်းသေကောင် ရာပေါင်းများစွာတို့က ရွှဲ့ပြည်နယ်၏ စစ်သည်များကို ဝင်ဆောင့်၏။

ဖူး...”

လူအများပြားက သွေးတစ်လုတ် အန်ထွက်သွားကြ၏။ သို့ပေမည့် သူတို့၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားမှုမှလွဲ၍ လန်ကျသွားခြင်း မရှိကြချေ။

ထိုအချိန်မှာပဲ ချောင်ပြည်နယ်၏ သံချပ်ကာဝတ် မြင်းစီးတော်များက အဟန့်အတား တစ်ခုကို ကြုံတွေ့ရပြီး တပ်ကြောင်းကြီး တစ်ခုလုံးက ပျက်ပြားသွားခဲ့သည်။

မြင်းစီးတပ်၏ ထိုးစစ်ဟူသမျှ ရေစီးသဖွယ်၊ တိမ်တိုက်သဖွယ် ချောမွေ့နေမှသာလျှင် အဆင်ပြေ၏။ ရှေ့ဆုံးတန်းမှ စစ်မြင်းများ ခေါင်းဖြတ်ခံလိုက်ရသောကြောင့် မြင်းအသေကောင်များ ပုံလျက်သား ဖြစ်သွားခဲ့သည်။ သို့နှင့် နောက်မှ လိုက်ခဲ့သည့် မြင်းစီးတပ်သားများက ရှောင်တိမ်းမရတော့ဘဲ ဝင်တိုက်မိပြီး ကသောင်းကနင်းနှင့် အကုန်လုံး ဒုက္ခရောက်ကုန်၏။

“ဒုန်း... ဒုန်း...”

မြင်းစီးတပ်သား အများအပြားတို့က တစ်ဦးနှင့်တစ်ဦး ဝင်ဆောင့်ကြ၏။ တုန်လှုပ်ဖွယ်ရာကောင်းသည့် အရှိန်အဟုန်ကြီး တစ်ခုလုံး ရပ်တန့်သွားခဲ့၏။ သို့ပေမည့် သူတို့က ချောင်ပြည်နယ်၏ အတော်ဆုံး လက်ရွေးစင် စစ်သည်များ၊ သံချပ်ကာဝတ် မြင်းစီးတပ်သားများ ဖြစ်ကြ၏။ ထို့ကြောင့်ပင်လျှင် မြင်းများ၏ ဝမ်းဗိုက်ကို ခြေထောက်နှင့် ညှပ်၍ ဇက်ကြိုးကို ဆွဲကာ ရုတ်တရက် ခုန်လွှားကျော်ဖြတ်မှုကို ပြုလုပ်သည်။

မြင်းသေကောင် အတားအဆီးများကို ကျော်လွှားပြီး ရွှဲ့စစ်သည်များ ရှိရာသို့ ဆက်လက်ကာ ဝင်ဆောင့်ကြ၏။ သို့သော်ငြား သူတို့၏ အရှိန်အဟုန်က ယခင်ကဲ့သို့ ပြင်းထန်မှု မရှိတော့ချေ။ လေးလံလွန်းသည့် သံချပ်ကာများကို ဝတ်ဆင်ကာ ရှေ့ဆီသို့ လှမ်းတက်ရသည် ဖြစ်သောကြောင့် မြင်းများက ခြေကုန်လက်ပန်း ကျကုန်၏။

သူတို့က ခွန်အားပိုင်းတွင် ရွှဲ့နိုင်ငံ၏ စစ်သည်သစ်များကို မယှဉ်နိုင်ချေ။ သံချပ်ကာပိုင်းတွင်လည်း မယှဉ်နိုင်ချေ။ လက်နက်နှင့် အကြောက်အလန့်ကင်းခြင်း အပိုင်းတွင်လည်း မယှဉ်နိုင်ချေ။ အဆိုးရွားဆုံး မှာတော့ အဖွဲ့လိုက် တိုက်ခိုက်ရာတွင် လုံးဝယှဉ်ပြိုင်နိုင်ခြင်း မရှိခြင်းပင်။

ထို့နောက် ခမ်းနားထည်ဝါလွန်းသည့် မြင်ကွင်းတစ်ခုက နောက်တစ်ခါ ထပ်မံပေါ်ပေါက်လာခဲ့ပြီး ဖြစ်၏။ စစ်သည်သစ် နှစ်ထောင်တို့က လက်ထဲတွင် ရှိနေသည့် အထူးဓားမော့ကြီးများကို မြှောက်ပြီး တညီတညွတ်တည်း ခုတ်ပိုင်းလိုက်ကြခြင်း ဖြစ်သည်။

“နှစ်ပိုင်းဖြတ်တောက်ခြင်း”

မြေပြင်ပေါ်မှ သွေးညှီနံ့များက ကောင်းကင်ပေါ်သို့ ပျံ့လွင့်လျက် ရှိနေ၏။ စစ်မြင်းများ၏ ဟီသံများ၊ တုန်လှုပ်ဖွယ်ရာ ကောင်းသည့် စစ်မြေပြင်မှ ဗုံသံများ၊ ဤအရာများက သတ်ဖြတ်ပွဲကြီး တစ်ခုကဲ့သို့ပင်။

အဓိကတိုက်ပွဲကြီး မဟုတ်သော်လည်း ရှမ့်လန်၏ အထူးတပ်သားများက ကြီးမားလွန်းသည့် ဓားကြီးများကို ကိုင်ဆောင်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနေ၏။ ထိုအရာက မျှော်လင့်ထားပြီးသားပင်။

အဘယ့်ကြောင့်ဆိုသော် သံချပ်ကာများက နှစ်ဆပိုမိုကာ ခိုင်မာပြီး ဓားကြီးများက သုံးလေးဆထက် ပိုမိုကာ လေးလံသောကြောင့်ပင်။ ထို့အပြင် ခွန်အားက ပိုမိုကြီးမားပြီး ပိုမိုကာ ထက်မြက်သောကြောင့်ပင်။ အကြောက်အလန့် ကင်းမဲ့မှုနှင့် အာရုံစူးစိုက်မှုက ကျိန်းသေပေါက် အရာအားလုံးထက် ပိုမိုကာ သာလွန်သည့် ပုံစံမျိုးပင်။ တိုက်ပွဲက ချေမှုန်းပွဲကြီး တစ်ခုကဲ့သို့ပင် အမြစ်ဖြတ် အသာစီးရလျက် ရှိနေ၏။

...........

အခြားတစ်ဖက်တွင် ရှိနေသည့် လူသန်ကြီးသုံးဦးမှာတော့ အပြင်းအထန် တိုက်ခိုက်နေ၏။ အရူးကြီးက တုတ နှင့် တုအာတို့ကို တစ်ယောက်တည်း ရင်ဆိုင်နေ၏။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် အစပိုင်း၌ အရူးကြီးက အရေးနိမ့်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲက အကြွင်းမဲ့ ခွန်အားချင်း ယှဉ်ပြိုင်ရသည့် အရာဖြစ်ပြီး ခုခံကာကွယ်ရန် သို့မဟုတ် ရှောင်တိမ်းရန် နည်းလမ်း မရှိသောကြောင့်ပင်။ အလွန် သန်မာလွန်းသည့် လူသုံးဦးတို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

အရူးကြီးက သိုင်းပညာကို တစ်နှစ်ခန့်သာ လေ့ကျင့်ရသေးသော်လည်း ဤနှစ်ဦးမှာ ဆယ်နှစ်ကျော်ခန့် လေ့ကျင့်ခဲ့ကြခြင်းဖြစ်၏။ ခွန်အားသက်သက်ဖြင့် နှိုင်းယှဉ်ရမည်ဆိုလျှင် တုတနှင့် တုအာတို့ နှစ်ဦးက အရူးကြီးထက် အားမနည်းကြချေ။

လူသုံးဦးတို့၏တိုက်ပွဲက တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းပြီး မြေပြင်များပင်လျှင် တုန်ခါနေ၏။ တစ်ချက် တစ်ချက် ဝင်ဆောင့် တိုက်ခိုက်လိုက်တိုင်း ကြက်သီးထဖွယ်ရာကောင်း၏။ သာမန်လူများဆိုလျှင် ချက်ချင်းပဲ အရိုးများ ကြေမွသွားနိုင်၏။

သို့ပေမည့် အရူးကြီးမှာ လေးလံသော သံချပ်ကာဝတ်စုံကြီးကို ဝတ်ဆင်ထားသလို တုညီအစ်ကိုကလည်း ထိုအရာကို ဝတ်ဆင်ထား၏။ လူသုံးဦးတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်၏။ ကီလိုဂရမ် သုံး၊ လေးရာ လေးသော သံတုတ်ကြီးက အရူးကြီး၏ ကျောကုန်းကို ထိမှန်၏။ အသံက နားကွဲလုမတတ် ကျယ်လောင်သည်။

ထွက်ပေါ်လာသည့် မီးပွားများကိုပင်လျှင် နေ့ခင်းကြောင်တောင် လူမြင်ကွင်း၌ အထင်အရှား မြင်နိုင်၏။ သို့ပေမည့် အရူးကြီး၏ခန္ဓာကိုယ်က ယိမ်းယိုင်ခြင်း မရှိခဲ့ချေ။ သူ ဘာမှ မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ ဝတ်ဆင်ထားသည့် သံချပ်ကာက လက်မဝက်လောက် ထူသောကြောင့်ပင်။

လက်ထဲမှ သစ်ပင်ကြီးက တုအာ၏ခါးကို ရိုက်မိပြီး လွင့်ထွက်သွား၏။ ဤလူနှစ်ဦးက ရုတ်တရက် လိမ့်ကာထပြီး ပြန်တိုက်ခိုက်၏။ ဤလူသုံးဦး၏ တိုက်ပွဲက နိုင်ငံအသီးသီး၏ သံတမန်များကို သိမ်ငယ်စိတ် ဝင်စေခဲ့၏။ ရွှဲ့ပြည်နယ်တွင် လန်ပေါင်ကဲ့သို့သော လူသန်ကြီး တစ်ဦး ရှိ၏။ ထိုသူကလည်း သံတုတ်ကို ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်သည်။

.............

အခြားသော တစ်ဖက်ချမ်းတွင်တော့ နာကျည်းမှု နှင့် ဟူယန်ရှဲ့တို့၏ တိုက်ပွဲကလည်း တကယ့်ကို ကြည့်ကောင်းလွန်းပြီး မျက်စိပဒါသ ဖြစ်စေ၏။ လူနှစ်ဦးတို့က ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်ရုံသာမကဘဲ စစ်မြေပြင် တိုက်ခိုက်မှုမျိုးတွင်လည်း ကျွမ်းကျင်၏။ လှုပ်ရှားမှုတိုင်းကလည်း ပြဋ္ဌာန်းစာအုပ်ထဲမှ ထုတ်ဖော်ထားခဲ့သည့် အရာများကဲ့သို့ပင် ပြီးပြည့်စုံ၏။ သူတို့က အားရပါးရ တိုက်ခိုက်လျက် ရှိနေ၏။

တကယ်တမ်းမှာတော့ နာကျည်းမှုက အရေးနိမ့်လျက် ရှိ၏။ ဤနှစ်တစ်လျှောက်လုံး သူက ကျိုးမိသားစုအတွက် လက်စားချေနိုင်ရန် သိုင်းပညာကို အာရုံစိုက် လေ့ကျင့်ခဲ့၏။ စစ်မြင်းပေါ်တွင် ဓားကို အသုံးပြုရခြင်းက သူ့အတွက် အားနည်းချက်တစ်ခု ဖြစ်လို့နေသည်။

ဟူယန်ရှဲ့၏ ငွေရောင်လှံတံက နှစ်မီတာကျော် ရှည်လျား၏။ တစ်လက်မ ပိုမို၍ ရှည်လျှင် တစ်လက်မ ပိုမို အားသာသည် ဟူသည့် စကားက နောက်ပြောင်ကာ သတ်မှတ်ထားခဲ့ခြင်း မဟုတ်ချေ။

အမှန်စင်စစ် နာကျည်းမှု အနေနှင့် ပြိုင်ဘက်၏ စစ်မြင်းကို တိုက်ရိုက် ရိုက်နှက် သတ်ဖြတ်နိုင်၏။ ထိုသို့ဆိုလျှင် နှစ်ယောက်လုံး မြေပြင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီး ပြန်လည် တိုက်ခိုက်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ လက်နက်က အသာစီး ရသွားနိုင်၏။

သို့သော်ငြား သူက တကယ့်ကို မာနကြီးသူ ဖြစ်၏။ ထိုကဲ့သို့ ယုတ်ညံ့သည့် အလုပ်များကို လုပ်ရန် သူက အဘယ်သို့ လိုလားမည်နည်း။ အဓိကအချက်အားဖြင့် သူက ထိုက်တန်သည့် ပြိုင်ဘက် တစ်ဦးကို တွေ့ရှိထား၏။ ထို့ကြောင့် တကယ့်ကို ကျေနပ်စရာ ကောင်းလောက်အောင် တိုက်ခိုက်လျက် ရှိနေ၏။ သန်မာသည့် ပြိုင်ဘက်၊ ယှဉ်ပြိုင်၍ ကောင်းသည့် ပြိုင်ဘက်မျိုးနှင့် မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ပြိုင်ဘက်က လူကြီးလူကောင်း ပီသ၏။ တိုက်ကွက်များကလည်း ဖြောင့်မတ်ပြီး ယုတ်မာသည့် တိုက်ကွက်ဟူ၍ မရှိချေ။ တိုက်ခိုက်လေ လေးစားမိလေပင်။ တိုက်ခိုက်နေရင်းနှင့် ပြိုင်ဘက်ကို ချက်ချင်း အနိုင်ယူချင်သော်လည်း တစ်ချိန်တည်းမှာပင် တစ်ဖက်လူကို သွေးသောက်ညီအစ်ကို တော်ချင်စိတ် များ ပေါ်လာ၏။ မျိုးရိုးနာမည် မတူသည့် ညီအစ်ကိုအရင်းတစ်ယောက်ကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ပင်။ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုက လူတစ်ယောက်၏ စိတ်နေစိတ်ထားကို စမ်းသပ်ရာ ရောက်၏။ ဤလူက မဆိုးချေ။

............................

ရောက်ရှိနေခဲ့သည့် သံတမန်ရာပေါင်းများစွာတို့က ယနေ့ သူတို့ရောက်ရှိလာရသည့် တာဝန်ကိုပင် မေ့လျော့သွားခဲ့ကြ၏။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။ မျက်စိအစာကျွေး၍ ကောင်းသည့် တိုက်ခိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့၏။ တကယ့် အသန်မာဆုံးသော စစ်သည်နှစ်ဖွဲ့တို့၏ အားပြိုင်ပွဲ၊ စစ်မြေပြင်မှ အသန်မာဆုံး နတ်ဆိုးကောင်ကြီးများ၏အားပြိုင်ပွဲ၊ သိုင်းလောကမှ အသန်မာဆုံးတပ်မှူးများ၏ အားပြိုင်ပွဲ။

ယနေ့က သူတို့ ကံကောင်းသည့် နေ့တစ်နေ့ပင်။ ဤကဲ့သို့သော နယ်စပ်အမဲလိုက်ပွဲမျိုးက ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်တောင် ကြုံရခဲသည့် ပွဲမျိုး ဖြစ်၏။

အနိုင်အရှုံးကို ပထမဦးဆုံး ဆုံးဖြတ်ပေးလိုက်သည်မှာ အရူးကြီးဘက်မှ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တုတ နှင့် တုအာတို့က ၁၅ မိနစ်ခန့် ရူးသွပ်စွာ တိုက်ခိုက်ခဲ့ပြီးနောက် သူတို့၏ ဧရာမ သံမဏိတုတ်ကြီးများကို အကြိမ်ပေါင်းများစွာ ထောင်ချီလွှဲရမ်းရသောကြောင့် ခွန်အားများ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

အရူးကြီးမှာတော့ သဘာဝလွန်လူသား ဖြစ်၏။ သူ၏ ခွန်အားက တသမတ်တည်းရှိ၏။ ပထမဆုံး ရိုက်ချက်က ပြင်းထန်သလို အကြိမ်တစ်ထောင်မြောက် ရိုက်ချက်ကလည်း ထိုမျှ ပြင်းထန်နေဆဲပင်။ အစပိုင်းတုန်းက သူက တစ်ယောက်တည်းဖြင့် နှစ်ယောက်ကို ရင်ဆိုင်ရသောကြောင့် အနည်းငယ် အရေးနိမ့်ခဲ့၏။ နောက်ပိုင်းမှာတော့ သရေကျလာ၏။ နောက်ဆုံးမှာတော့ အသာစီး ရလာခဲ့၏။ တဖြည်းဖြည်းနှင့် တုညီနောင်တို့က သူ၏ လက်ချက်ဖြင့် အကြိမ်ကြိမ် လဲကျလာခဲ့၏။

ဒုန်း... ဒုန်း...

ဧရာမ လူသန်ကြီး နှစ်ယောက်က အကြိမ်ကြိမ် လွင့်ထွက်သွား၏။ အရူးကြီးက သူတို့ကို မနားတမ်း လိုက်လံကာ တိုက်ခိုက်နေ၏။ တိုက်ခိုက်ရင်း သူတို့က တဖြည်းဖြည်း ဝေးသထက် ဝေးကွာသွားခဲ့၏။ နောက်ဆုံး ရှင်းပြ၍ မရနိုင်လောက်အောင်ပင်။

အရူးကြီး၏ အရှေ့တွင် အလံတိုင် တစ်တိုင်တိုင် ရှိနေ၏။ ဤအရာက ချောင်နိုင်ငံ၏ စစ်အလံ ဖြစ်ရပေလိမ့်မည်။ အရူးကြီးက ထိုအရာကို ယူလိုက်ရုံဖြင့် တိုက်ပွဲကို အနိုင်ရရှိမည် ဖြစ်၏။ အရူးကြီးက တစ်ချက်လှမ်းကြည့်လိုက်၏။ သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်၏။ မဖြစ်သေးပေ။ ဤအရာက သေးလွန်း၏။ ယူကာ ရိုက်နှက်၍ မဖြစ်နိုင်ပေ။ သူ၏လက်ထဲတွင် သစ်ပင်ကြီးရှိလျှင် ပိုမိုကာ ကောင်း၏။ ထို့ကြောင့် သူက အလံကို ယူမည့် အခွင့်အရေးကို စွန့်လွှတ်လိုက်၏။ လက်ထဲတွင် ရှိနေသည့် သစ်ပင်ကြီးနှင့် ဆက်လက် ဝှေ့ယမ်းပြီး ရိုက်နှက်နေ၏။

လူတိုင်းက ကြောင်အသွားခဲ့သည်။ “သောက်ကျိုးနည်း... ဒါကို ယူလိုက်လို့ ရနေပြီ။ ဘာလို့ မယူရတာလဲ။ မင်းက အရူးလား”

အရူးကြီးက ရူးသွပ်နေခြင်း မဟုတ်ချေ။ တိုက်ခိုက်ချင်ဇောကပ်နေသောကြောင့် သူက ရပ်တန့်၍ မရနိုင်သလို ဖြစ်နေခြင်းပင်။

ဤသုံးဦးက တိုက်ခိုက်လျက် ရှိနေ၏။ နှစ်မိုင်ခန့်ဝန်းကျင် မြေပြင်တစ်ခုလုံးက နွားအကောင်ပေါင်း တစ်သောင်းလောက် ဝင်ရောက်ထွန်ယက်ထားသကဲ့သို့ပင် ဖြစ်နေ၏။ မူလက မာကျော ပြန့်ပြူးနေသည့် မြေပြင်တစ်ခုလုံးက ယခုအချိန်မှာတော့ ရွံ့အိုင်ကြီး ကဲ့သို့ပင် ပွစာကျဲနေ၏။ ဤသုံးယောက်တို့က ကျိန်းသေပေါက် တိုက်ခိုက်လိုစိတ်များနှင့် ဇောကပ်လျက် ရှိနေသည့် နတ်ဆိုးသတ္တဝါကြီးများသာ ဖြစ်၏။

.....................

သေချာသည်မှာတော့ စစ်မြေပြင် တစ်ခုလုံး၏ အဓိက အချက်အချာက ရှမ့်လန်၏ သွေးမျိုးဆက် ပြောင်းလဲထားခဲ့သည့် စစ်သည်သစ် နှစ်ထောင်ပင် ဖြစ်၏။ စစ်ပွဲ၏ အဆုံးစွန်သော အလှတရားလည်း ဖြစ်သည်။

အစပိုင်းတွင် စစ်သည်သစ် နှစ်ထောင်တို့က မြင်းစီးတပ်၏ ဝန်းရံသတ်ဖြတ်ခြင်းကို ခံရ၏။ သူတို့က နေရာတစ်ခုတည်းတွင် ပိတ်မိနေပြီး မလှုပ်ရှားနိုင်ခဲ့ကြချေ။ သူတို့က တခြား ဘာကိုမှလည်း မလုပ်ကြချေ။ ပုံမှန်အတိုင်း ကီလိုဂရမ် တစ်ရာကျော် လေးလံသည့် သူတို့၏ ဓားရှည်ကြီးများကိုသာ ဝှေ့ယမ်း နေခဲ့ကြ၏။

“နှစ်ပိုင်း ပိုင်းဖြတ်ခြင်း”

လေ့ကျင့်စဉ်က သူတို့က ကီလိုဂရမ် တစ်ရာကျော် လေးလံသည့် ခဲဓားကြီးများနှင့် တစ်နေ့လျှင် အကြိမ်ပေါင်း သောင်းချီ လွှဲရမ်းခဲ့ကြ၏။ ထို့ကြောင့် ယခု အစစ်အမှန် ဓားကြီးများဖြင့် အကြိမ်တစ်ထောင်ခန့် လွှဲယမ်းချိန်၌ အားစိုက်စရာပင် မလိုအပ်ချေ။

ရန်သူဓားချက် မိတာပဲ ဖြစ်ဖြစ်၊ ရန်သူ၏ စစ်မြင်း ဝင်လာသည်ပဲ ဖြစ်ဖြစ်၊ မသေမချင်း သူတို့က ပြန်ထပြီး တိုက်ခိုက်၏။ သေသွားလျှင်လည်း သေသွားသည်သာလျှင် ရှိ၏။ မသေဘဲ အရိုးကျိုးလျှင်လည်း မြေပြင်ပေါ်တွင် လှဲလျောင်းပြီး မလှုပ်မယှက် နေလိုက်ရုံသာ ရှိ၏။ သူတို့ ဤကဲ့သို့ မဖြစ်သေးသရွေ့တော့ တစ်ဖက်လူများကို နှစ်ပိုင်းပိုင်းဖြတ်နေဦးမှာသာ။

ထိုနည်းအတိုင်းပင် သူတို့က မရပ်မနား သတ်ဖြတ်လျက် ရှိနေ၏။ ပြီးနောက် ရှင်းပြ၍ မရနိုင်လောက်အောင်ပင် ပတ်ဝန်းကျင်က တဖြည်းဖြည်း ရှင်းလင်းသွားခဲ့၏။ ဤနတ်ဆိုး စစ်သည်များက သံချပ်ကာဝတ် မြင်းစီးတပ်သား သုံးထောင်လုံးကို သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်၏။ အကုန် သတ်ဖြတ်ပစ်လိုက်၏။

သူတို့က စစ်ကြောင်း ပုံစံအတိုင်း ပြန်လည် စုစည်းပြီး ရှေ့ဆီသို့ လှမ်းတက်သွား၏။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မည်ဆိုလျှင် မြေပြင်ပေါ်၌ မရေတွက်နိုင်သည့် မြင်းစီးတပ်သား အလောင်းများနှင့် စစ်မြင်းအသေကောင်များက ပြန့်ကျဲနေ၏။ ကျန်ရှိနေခဲ့သည့် ချောင်မြင်းစီး စစ်သည် ၁၀၀ ခန့်က ဆက်လက်ကာ မတောင့်ခံနိုင်တော့ဘဲ အရပ်မျက်နှာ အသီးသီးဆီသို့ ထွက်ပြေးကုန်ကြ၏။ သူတို့ မပြေးလျှင်လည်း သေဆုံးရုံသာရှိသည်။

ဝမ်တက သူ၏ နံရိုး နှစ်ချောင်းလောက် ကျိုးသွားသည်ဟု ခံစားရ၏။ သို့ပေမည့် ကိစ္စမရှိချေ။ သူက အထူးဓားမော့ရှည်ကြီးကို သိမ်းဆည်းပြီး ရှေ့သို့ ဆက်လက်ချီတက်၏။ တပ်သားများက ယခင်အတိုင်း စီးချက်ညီညီ၊ အရှိန်မှန်မှန်ဖြင့် တစ်သားတည်း ရှေ့သို့သွားနေကြသည်။ သူတို့၏ ပုံစံက စောဏတုန်းက တိုက်ပွဲကြီး မတိုက်ခိုက်ထားသည့် အတိုင်းပင်။

အမှန်စင်စစ် သူတို့ထဲတွင် လူမည်မျှ သွေးအန်ခဲ့ရသည်၊ လူမည်မျှ အရိုးကျိုးပြီး အကြောပျက်ရသည် ဖြစ်ကြောင်း မည်သူမှ တိတိကျကျ မသိရှိချေ။ သို့ပေမည့် ကိစ္စမရှိချေ။ စစ်ကြောင်းကို အပျက်ခံ၍ မဖြစ်သောကြောင့်ပင်။ ခြေလှမ်းပျက်၍ မဖြစ်ပေ။ သူတို့က တကယ့်ကို စစ်ရေးပြပွဲတစ်ခုကဲ့သို့ပင် ရှေ့သို့ ချီတက်နေ၏။

ဝမ်တက မော့ကြည့်လိုက်တော့ သူ၏အရှေ့တွင် အလံတိုင်တစ်ခု ရှိနေကြောင်း မြင်ရ၏။ ဤအရာက ချောင်ပြည်နယ်၏ စစ်အလံ ဖြစ်ရပေလိမ့်မည်။ ထိုအလံကို ယူလိုက်လျှင် သူနိုင်ပြီ ဖြစ်၏။ သို့ပေမည့် ဝမ်တက မယူခဲ့ချေ။ သူက အထူးဓားမော့ကြီးကို မြှောက်လိုက်၏။ ဒုတိယ ဓားကွက်ကို သုံးလိုက်၏။ ထောင့်ချိုးအတိုင်း ခုတ်ပိုင်းချလိုက်သည်။

လက်မောင်းခန့် တုတ်သည့် အလံတိုင်က ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်း ပြတ်ထောက်သွားခဲ့၏။ ချောင်ပြည်နယ်၏ စစ်အလံကြီး တစ်ခုလုံးက ပြိုလဲသွားခဲ့ပြီ ဖြစ်၏။ နယ်စပ်အမဲလိုက်ပွဲကြီးက ပြီးဆုံးသွားခဲ့၏။

ရွှဲ့ပြည်နယ်သည် ပြီးပြည့်စုံသည့် အောင်ပွဲတစ်ခုကို ရရှိခဲ့၏။

........

All Chapters