← Chapters

အခန်း (၅၄၉-၅၅၀)

Vol. 37 Ch. 549-550

အခန်း (၅၄၉-၅၅၀)

Vol. 37 Ch. 549-550

အပိုင်း (၅၄၉)

အရူးကြီး၏ တိုက်ပွဲက ပြီးဆုံးခြင်း မရှိသေးချေ။ သို့ပေမည့် သူက တုညီနောင် နှစ်ဦးတို့ကို အလုံးစုံ ဖိနှိပ်ထားနိုင်၏။ ထိုနှစ်ယောက်က မြေပြင်ပေါ်သို့ ထလိုက်သည်နှင့် တပြိုင်နက် အရူးကြီးက ပြန်လည်ကာ ရိုက်ချသည်။

ဘုန်း...

၁၀ မီတာကျော် အကွာသို့ လွင့်ထွက်သွားခဲ့၏။ တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို မြင်ပါက ကျိန်းသေပေါက်။ မျက်လုံးများကို အုပ်ထားမိမှာ သေချာ၏။ ကြမ်းတမ်းလွန်းသလို ကြောက်မက်ဖွယ်ရာ လည်း ကောင်းလွန်း၏။

တုညီနောင် ဝတ်ဆင်ထားခဲ့သည့် သံချပ်ကာနှင့် ကိုင်ဆောင်ထားခဲ့သည့် သံတုတ်ကို ပေါင်းလိုက်မည်ဆိုလျှင် နှစ်ဦးသား စုစုပေါင်း အလေးချိန်က တစ်တန်နီးပါးခန့် ရှိ၏။ သို့ပေမည့် ဤမျှလေးလံသည့် အလေးချိန်ကို အဝေးသို့ လွင့်စင်သွားအောင် ရိုက်နှက်နိုင်သည့် ခွန်အားက မည်မျှ ရှိမည်နည်း။

ညီအစ်ကို နှစ်ယောက်တို့က အကြိမ်ကြိမ်လဲကျလျက် ရှိနေသော်လည်း အကြိမ်ကြိမ် ပြန်ထ၏။ သူတို့၏ သံချပ်ကာဝတ်စုံများက တွန့်လိမ်ချိုင့်ဝင်လျက် ရှိနေ၏။ သို့ပေမည့် လူကတော့ ဘာမှ မဖြစ်ချေ။ သွေးတစ်လုတ်မျှပင် အန်မထွက်ခဲ့ပေ။

‘ဒုန်း... ဒုန်း...’

ဆယ်ကြိမ်မကတော့ချေ။ အကြိမ်တစ်ရာခန့် ရှိမည်ဖြစ်ပြီး နောက်ဆုံးမှာတော့ တုညီနောင် နှစ်ဦးတို့က ထပ်မံကာ လွင့်စင်သွား၏။

မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်း ပြုတ်ကျပြီးနောက် သူတို့က ပြန်မထတော့ချေ။ နှစ်ယောက်လုံးက မြေပြင်ပေါ်တွင် လဲလျောင်းလျက် ရှိနေပြီး အရူးကြီးကို လှမ်းအော်၏။ “ဟေ့လူ... ကျုပ်တို့ကို သေအောင်သာ ရိုက်သတ်လိုက်ပါတော့။ ကျုပ်တို့ မထတော့ဘူး”

သောက်ကျိုးနည်း... ထလိုက်သည်နှင့် သစ်ပင်နှင့် ရိုက်နှက်ခြင်းကို ခံရ၏။ မည်သို့ပင် ဖြစ်စေ ပြန်လည် လဲရမည်သာလျှင် ဖြစ်၏။ အဘယ့်ကြောင့် အလုပ်ရှုပ်ခံပြီး ပြန်ထရမည်နည်း။

သို့နှင့် ညီအစ်ကိုနှစ်ဦးလုံးက ခြေလက်များကို ဖြန့်ကားပြီး အသာလဲလျောင်းလျက် ရှိ၏။ လုံးဝ မလှုပ်ချေ။ “ငါတို့ မလှုပ်တော့ဘူး။ လာပြီးသာ ရိုက်သတ်လိုက်တော့”

ပြိုင်ဘက်မရှိတော့သောကြောင့် အရူးကြီးက တိုက်ခိုက်သည့် ဈာန်ဝင်စားနေခြင်းမှ ပြန်လည်ကာ ကင်းလွတ်သွားခဲ့၏။ သူက မြန်မြန်ဆန်ဆန် သတိဝင်လာခဲ့၏။

“ခင်ဗျားတို့ နှစ်ယောက်က ဘာလို့ လှဲနေရတာလဲ” အရူးကြီးက မေးလိုက်သည်။

တုတက ဖြေ၏။ “မြေပြင်ပေါ်မှာ လှဲနေရတာ သက်တောင့်သက်သာ ရှိလို့ပဲ”

တုအာကလည်း ဝင်ပြောသည်။ “အင်း... ကျုပ်တို့ကိုလာပြီး ရိုက်ချင်လည်း ရိုက်သတ်လိုက်တော့။ ထမှာ မဟုတ်ဘူး”

ဤနှစ်ယောက်က တကယ့် လူလည်များ ဖြစ်၏။ သတ်ချင်ရင် သတ်လိုက်၊ မသတ်လျှင် သူတို့ သွားမည် ဟူသည့် သဘောပင်။

အရူးကြီးက ပြောလိုက်၏။ “ကောင်းပြီ... ဒါဆိုရင် ခင်ဗျားတို့ သွားတော့။ ခင်ဗျားတို့ကို မရိုက်တော့ဘူး”

တုတနှင့် တုအာတို့ နှစ်ယောက်က ငါးကြင်းကောင်များ ထခုန်လိုက်သကဲ့သို့ပင် ဒူးနှင့်ပင် ကုန်းမထဘဲ ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူတို့ နှစ်ဦးက ဘာတစ်ခုမှ လုံးဝ မဖြစ်ကြသေးပေ။

“အစ်ကိုကြီး... ကျုပ် အိမ်သာ တက်ချင်လာပြီ” တုအာက ပြောသည်။

“မင်းပြောမှပဲ ငါလည်း တူတူပဲ။ ဟိုကောင်ကြီးက သိပ်သန်တာပဲ။ ငါတို့ကို အီးထွက်မတတ် ရိုက်ခဲ့တာပဲ”

ပြီးနောက် ညီအစ်ကို နှစ်ယောက်တို့က တောအုပ်ဘက်ဆီသို့ လှည့်ကာ ကြည့်ရှုလိုက်၏။ အရူးကြီးဆီသို့ ပြန်လှည့်ကြည့်ကာ မေးလိုက်သေး၏။ “ဟေ့ အရူးကြီး... ငါတို့ အီးသွားပါမလို့ မင်းလိုက်အုံးမလား”

အရူးကြီးက ခေါင်းခါယမ်းလိုက်သည်။ “မလိုက်တော့ဘူး”

ပြီးနောက် သူက ခေါင်းကို လှည့်ကြည့်လိုက်၏။ လူတွေ ဘယ်ရောက်သွားသနည်း။ အရူးကြီးက တုညီနောင် နှစ်ဦးကို တောက်လျှောက် ဖိနှိပ် တိုက်ခိုက်လျက် ရှိနေသောကြောင့် တခြားသောသူများကို လှည့်ကာ ကြည့်ရှုနိုင်ခဲ့ခြင်း မရှိချေ။ နယ်စပ်နှင့် လေးငါးမိုင်ခန့် ဝေးကွာသည့်နေရာသို့ပင် ရောက်ရှိနေ၏။

ထို့နောက် အရူးကြီးက သစ်ပင်ကြီးကို ဆွဲမပြီး ရွှဲ့ပြည်နယ်၏ နယ်စပ်ဘက်သို့ ပြန်ပြေးလာ၏။ လမ်းတစ်လျှောက်တွင် ထွက်ပြေးနေသည့် ချောင်ပြည်နယ်မှ သံချပ်ကာဝတ် မြင်းစီးတပ်သားများကို မြင်၏။ သူက အနည်းငယ် အံ့အားသင့်သွား၏။ ထိုသူများကို လိုက်လံ တိုက်ခိုက်ရမည်လား။

ရလဒ်အားဖြင့် သူ တွေဝေလျက်ရှိနေသည့် ခဏအတွင်းမှာပင် ချောင်ပြည်နယ်၏ သံချပ်ကာဝတ် မြင်းတပ်သားများက လျင်လျင်မြန်မြန်ဖြင့် ထွက်ပြေးသွားခဲ့ကြ၏။ ‘သောက်ကျိုးနည်း... ရွှဲ့ပြည်နယ်က တကယ့်ကို အစွမ်းထက်လွန်းတယ်။ ဒီလောက်များတဲ့ မကောင်းဆိုးဝါးလိုကောင်တွေကို ဘယ်ကများ ရှာတွေ့ခဲ့တာလဲ’

‘အခု ဒီကောင်ကြီးဆိုရင် ပိုတောင် ကြောက်ဖို့ ကောင်းသေးတယ်။ သစ်ပင်ကို လက်နက်လို အသုံးပြုပြီး တိုက်ခိုက်တာတဲ့။ သောက်ကျိုးနည်း ... ရိုက်သတ်လိုက်ရုံနဲ့ ငါတို့အကုန်လုံး အသားပြားများ ဖြစ်ကုန်လိမ့်မယ်’

...............

အခြားသောတစ်ဖက်မှာတော့ နာကျည်းမှုနှင့် ဟူယန်ရှဲ့တို့ နှစ်ယောက်လုံးက တိုက်ခိုက်လျက် ရှိနေ၏။ တိုက်ပွဲက အဆုံးသတ်နီးပါးသို့ပင်။ ရုတ်တရက် ဆိုသလိုပဲ သူတို့နှစ်ဦးက တိုက်ပွဲကို ရပ်တန့်လိုက်၏။

ဟူယန်ရှဲ့က ပြောလိုက်သည်။ “ငါရှုံးပြီ”

ကြည့်ရှုနေသူများက အံ့အားသင့်သွားကြ၏။ ဒီလိုပဲ ရှုံးပေးလိုက်သည်လား။ အဘယ့်ကြောင့် သူတို့က ရှုံးနိမ့်မှုကို မမြင်ရသနည်း။ အမှန်စင်စစ်သော် သူတို့ မမြင်နိုင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဟူယန်ရှဲ့က နောက်ထပ် သိုင်းကွက် သုံးကွက် ကစားပြီးမှ ရှုံးနိမ့်မည် ဖြစ်သောကြောင့်ပင်။ ထိပ်တန်းပညာရှင်များ အနေနှင့် တိုက်ပွဲ၏ အရှိန်အဟုန်နှင့် ဦးတည်ချက်ကို ကောင်းကောင်း သိရှိ၏။ ဆက်လက်ကာ တိုက်ခိုက်မည် ဆိုပါက သိုင်းကွက် သုံးကွက်အတွင်း သူ အရေးနိမ့်တော့မည်။

“ဟူယန်ရှဲ့... ကျုပ်က ကျိုးရိချမ်ပါပဲ။ ရေစက်ပါရင် ပြန်ဆုံကြတာပေါ့”

နှစ်ယောက်လုံးက မိမိ၏ သက်ဆိုင်ရာ တည်နေရာဆီသို့ ပြန်သွားခဲ့ကြ၏။ နှမျောစရာ ကောင်းသည်က အခြေအနေ၊ အချိန်အခါက မသင့်တော်ခြင်းပင်။ မဟုတ်ပါက သူတို့ နှစ်ဦးက သွေးသောက်ညီအစ်ကို ဖွဲ့ဖြစ်မှာ သေချာ၏။ ဤနယ်စပ်အမဲလိုက်ပွဲ ပွဲစဉ်သုံးပွဲလုံးကို သူတို့က အနိုင်ရရှိခဲ့ပြီ ဖြစ်၏။

ဤသို့နှင့်ပင် ပြီးဆုံးသွားခဲ့လေပြီလား။

နှစ်တစ်ရာမှတစ်ခါ ကြုံရခဲသည့် စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှသော နယ်စပ်အမဲလိုက် တိုက်ပွဲကြီးက ဤသို့ပင် ပြီးဆုံးသွားခဲ့၏။ အားမရစရာပင်။ နိုင်ငံအသီးသီးမှ သံတမန် ထောင်ပေါင်းများစွာတို့က တကယ့်ကို မူးဝေဝေပင် ခံစားနေမိ၏။

“အားကြီးလိုက်တာ... တကယ့်ကို အားကြီးလိုက်တာ” သံတမန် ထောင်ပေါင်းများစွာတို့က လက်များကို မြှောက်၍ မအော်ဘဲ မနေနိုင်ခဲ့ကြတော့ချေ။ ရွှဲ့ပြည်နယ်က အနာဂတ်တွင် သူတို့၏ ရန်သူဖြစ်လာကောင်း ဖြစ်လာနိုင်သော်လည်း လောကကြီးသည် သူရဲကောင်းဆန်မှုကို တန်ဖိုးထား မြတ်နိုးနေဆဲပင်။

ရွှဲ့ပြည်နယ်၏ စစ်သည်တော်များက တကယ့်ကို အံ့မခန်းပင်။ သူတို့က လိပ်ပြာလွင့်လုမတတ် တုန်လှုပ် အံ့ဩနေမိကြ၏။ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းသည့် စစ်သည်များ၊ တကယ့်ကို လက်ရွေးစင် စစ်သည်များပင် ဖြစ်သည်။

သံတမန်များ အော်ဟစ်ပြီးနောက် ရွှဲ့ပြည်နယ်မှ တော်ဝင် သက်တော်စောင့် တပ်သား ထောင်ပေါင်းများစွာ တို့က လက်ကိုမြှောက်၍ ကြွေးကြော်လိုက်ကြ၏။

“ရွှဲ့ပြည်နယ်... ဘုန်းကြီး သက်ရှည်ပါစေ။ အောင်ပြီ... အောင်ပြီ...။ အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ”

လူတချို့က ပြောကြပေလိမ့်မည်။ ‘သက်တော်ရာကျော်’ ဆိုသည့် စကားလုံးကို ပေါ့ပေါ့တန်တန် အော်ဟစ်၍ မရကြောင်း၊ ဧကရာဇ်များ အပေါ်တွင်သာ အသုံးပြု၍ ရနိုင်ကြောင်း ပြောကြပေလိမ့်မည်။ သို့ပေမည့် လက်ရှိ အခြေအနေကို ပြောရမည်ဆိုလျှင် နင်ယွမ်ရှန်းက လက်ရှိ အခြေအနေနှင့် သင့်တော်ကိုက်ညီလျက် ရှိနေသည်။

နင်ကျန်းက စစ်ဝတ်စုံအပြည့်အစုံဖြင့် နယ်စပ်အမဲလိုက်ပွဲ စင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။ သူက ဦးညွတ်ကာ ပြောလိုက်၏။ “ကံကောင်းထောက်မစွာဖြင့် ကျုပ်... အရှင်မင်းကြီးကို စိတ်ပျက်အောင် မလုပ်ခဲ့မိပါဘူး”

ထိုအချိန်မှာပဲ တောင်ဝင်ရန် အင်ပါယာဆီမှ မင်းသားလျန်က စင်မြင့်ပေါ်တွင် ပေါ်လာ၏။ ပြီးနောက် သူက ကြေညာလိုက်သည်။ “ချောင်နဲ့ ရွှဲ့ပြည်နယ် အမဲလိုက်ပွဲက တရားဝင် ပြီးဆုံးသွားခဲ့ပြီ။ ရွှဲ့ပြည်နယ်က အနိုင်ရရှိတယ်”

“သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ”

ရွှဲ့ပြည်နယ်ဘက်မှ အရာရှိများ၊ တော်ဝင် သက်တော်စောင့်တပ်များနှင့် ကျုံးယောင်၏ အနောက်ပိုင်း တပ်သားများက လက်ကို မြှောက်ကာ ကြွေးကြော်လိုက်ကြ၏။ ဤအချိန်မှာတော့ သူတို့ မည်သူ့ဘက်၌ ရပ်တည်သည် ဖြစ်စေ၊ ဤတိုက်ပွဲကြီးက ရွှဲ့ပြည်နယ်၏ အောင်ပွဲကြီးသာ ဖြစ်၏။

ဤအချိန်မှာတော့ နင်ကျန်းက ရွှဲ့ပြည်နယ်၏ အလံတော်ကို ကိုင်ဆောင်ပြီး စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ လှမ်းလျှောက်လာ၏။ ထုံးတမ်းစဉ်လာအရ အနိုင်ရရှိသည့်ဘက်မှ အရှင်မင်းမြတ်က စင်မြင့်ပေါ်တွင် အလံကို ဝှေ့ယမ်းရပေလိမ့်မည်။ ပြီးနောက် တော်ဝင်အလံကို အောင်ပွဲအထိမ်းအမှတ်အဖြစ် အမဲလိုက် စင်မြင့်တွင် အမြဲတမ်း စိုက်ထူထားရမှာ ဖြစ်သည်။

သို့ပေမည့် ရွှဲ့ဘုရင်က အပြင်းအထန် နာမကျန်း ဖြစ်နေ၏။ အလံကို ဝှေ့ယမ်းနိုင်ပါ့မလား။ အလံတိုင်နှင့် အလံက ကီလိုဂရမ် ၅၀ ကျော် လေး၏။ နင်ကျန်းက စင်မြင့်ပေါ်သို့ တက်လာပြီး ဒူးတစ်ဖက် ထောက်၏။ ပြီးနောက် အလံကို ရွှဲ့ဘုရင် နင်ယွမ်ရှန်း ထံသို့ ဆက်သလိုက်၏။

အားလုံးသော သူတို့က ကြောင်အသွားခဲ့ကြသည်။ ‘နင်ကျန်း...မင်းအဖေကို ဒုက္ခပေးနေတာလား။ သူ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား။ သူ နေမကောင်းလို့ အလံကို မဝှေ့ယမ်းနိုင်ဘူး ဆိုတာ မင်းသိရဲ့သားနဲ့’

ထိုအချိန်မှာတော့ မျက်စိအားလုံးက နင်ယွမ်ရှန်းထံသို့ ရောက်ရှိနေ၏။ နင်ယွမ်ရှန်းက စောင်ကဲ့သို့ ထူထဲသည့် ဝတ်ရုံကြီးကို ခြုံထား၏။ ခန္ဓာကိုယ်မှာ ကိုင်းညွတ်လျက် ရှိနေပြီး ဆံပင်များက ဆွတ်ဆွတ်ဖြူ၏။ တကယ့်ကို အိုမင်းမစွမ်း ဖြစ်နေသည့် ပုံပင်။ သူက မြင့်မားသည့် စင်မြင့်ပေါ်တွင် ထိုင်နေ၏။

လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်လို့နေ၏။ သူတို့က နင်ယွမ်ရှန်းကို တိတ်ဆိတ် ငြိမ်သက်စွာ ကြည့်ရှုနေ၏။ ထိုထဲတွင် မင်းသားလျန်နှင့် ချောင်ဘုရင်တို့လည်း ပါဝင်၏။ အတင်းဖျင်း ပြောလိုသည့်၊ ကဲ့ရဲ့လိုသည့် အကြည့်ပေါင်းများစွာက အားလုံးသောသူတို့၏ မျက်လုံးဆီမှပင်။

သို့ပေမည့် ထိုအချိန်မှာပဲ နင်ယွမ်ရှန်းက ရုတ်တရက် ထလိုက်သည်။

“ကျား...”

သူ၏အော်သံက မိုးကြိုး ပစ်ချလိုက်သကဲ့သို့ပင် ကျယ်လောင်၏။

အားလုံးက လန့်ဖြန့်သွားခဲ့ကြ၏။ အသံထဲတွင် အားနည်းသည့် အရိပ်အယောင်ဟူ၍ မရှိချေ။

သူက ခန္ဓာကိုယ်ကို ခပ်ပြင်းပြင်း လှုပ်ခါလိုက်၏။ စောင်ကဲ့သို့သော ဝတ်ရုံရှည်ကြီးက လွင့်စင်သွားခဲ့၏။ သူ၏ ကိုယ်တွင် ပတ်ထားသည့် ဝါဂွမ်းအင်္ကျီက တစ်စစီ ဆုတ်ပြဲသွား၏။

ခမ်းနားထည်ဝါလွန်းသည့် တော်ဝင်ဝတ်ရုံကြီးက ပေါ်ထွက်လာခဲ့၏။ အနက်ရောင် နောက်ခံပေါ်တွင် ရွှေနဂါးရုပ်ပါသည့် ဝတ်ရုံက ကျက်သရေ ရှိလှ၏။ ခေါင်းထက်မှ ဦးထုပ်က သူ့၏ အတွင်းအားများကြောင့် ရုတ်တရက် လွင့်စင်သွား၏။ ဆံနွယ်ဖြူများက လေထဲ၌ လွင့်မျောလျက် ရှိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နင်ယွမ်ရှန်းက မျက်လှည့်ပြလိုက်သကဲ့သို့ပင်။ သူက လုံးဝ အိုမင်းမစွမ်း ဖြစ်နေသည့် လူမဟုတ်တော့ပေ။ နာမကျန်း ဖြစ်နေသည့် လူတစ်ယောက် မဟုတ်တော့ပေ။ မျက်နှာပေါ်တွင် ရှိနေသည့် အရေးအကြောင်းများကလည်း အစအန မကျန်အောင် ပျောက်ကွယ်သွားခဲ့၏။

သူ၏ တွေဝေငေးငိုင်လျက်ရှိနေသည့် မျက်လုံးများကလည်း စူးရှထက်မြက်လာ၏။ မျက်နှာသွင်ပြင် တစ်ခုလုံးက ချက်ချင်းပင် ကြည်လင်သွားခဲ့၏။ သူရဲကောင်းဆန်သည့် ... ထည်ဝါခန့်ညားသည့် အသွင်အပြင်မျိုး ဖြစ်တည်လာခဲ့၏။ သူ၏ ဆံနွယ်များက ပိုမိုကာ အာဏာရှိ ဩဇာညောင်းသည့် ပုံစံမျိုးအဖြစ် သူ့ကို ထင်ဟပ်စေရ၏။ သူက အသက် ၅၀ ကျော်နှင့် လုံးဝ မတူတော့ချေ။ အလွန်ဆုံး ရှိမှ အသက် ၄၀ ခန့်သာလျှင် ရှိမည် ထင်ရသည်။

ပြီးနောက် နင်ယွမ်ရှန်းက ကီလိုဂရမ် ၅၀ ခန့် လေးလံသည့် အလံတိုင်ကြီးကို လက်တစ်ဖက်ဖြင့် ဆွဲယူပြီး ခပ်မြင့်မြင့် မြှောက်လိုက်၏။ ကီလိုဂရမ် ၅၀ ဆိုသည်မှာ သူ့၏ လက်ထဲတွင် ဘာမှမဟုတ်သကဲ့သို့ပင်။

“ဟား ဟား ဟား...” ရွှဲ့ဘုရင်က ရယ်မောလိုက်၏။ သူရဲကောင်းဆန်စွာ ရယ်မောလိုက်ခြင်းပင် ဖြစ်၏။

သူ၏ ရယ်သံက တိမ်တိုက်များကို ထွင်းဖောက်သွားခဲ့ပြီ။ အားလုံးသော သူတို့၏ နားထဲသို့ ပဲ့တင်သံ အဖြစ် အထပ်ထပ် ထင်ဟပ်လျက် ရှိစေ၏။ သူက လေဖြတ်ထားသည့် လူတစ်ယောက်နှင့် တူနေသေးသည်လား။ လုံးဝ မတူချေ။

“နင်ကျန်း... ကောင်းတယ်။ မင်းက ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး”

နင်ကျန်းက မျက်ရည်များ ကျဆင်းလာခဲ့၏။ မြေပြင်ပေါ်သို့ ဦးခိုက်၏။ သူ၏ ဘဝတစ်သက်တာလုံးတွင် အဖေက သူ့အား ဤကဲ့သို့ ကြင်နာစွာပြောဆိုသည်ကို တစ်ခါမှ မကြားခဲ့ရဖူးချေ။

နင်ယွမ်ရှန်းက စစ်သည်နှစ်ထောင်ကို လှမ်းကြည့်လိုက်၏။ “မင်းတို့ တစ်ယောက်ချင်းစီတိုင်းက ငါ့ရဲ့ ဂုဏ်ယူစရာတွေ။ ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်ယူစရာတွေပဲ။ မင်းတို့က ရွှဲ့ပြည်နယ်ရဲ့ လက်ရွေးစင် စစ်သည်တွေပဲ။ ငါက မင်းတို့ကို ရွှဲ့ပြည်နယ်ရဲ့ နံပါတ်တစ် စစ်သည်တွေအဖြစ် ဘွဲ့တံဆိပ် ပေးမယ်။ မင်းတို့က နိဗ္ဗာန စစ်တပ်ပဲ။”

ဤအချိန်မှာတော့ ဤစစ်တပ်ကြီးက တရားဝင် ဘွဲ့နာမည် တစ်ခု ရရှိခဲ့၏။ တကယ့်ကို ခမ်းနားထည်ဝါလွန်းသည့် နိဗ္ဗာန စစ်တပ်ပင် ဖြစ်၏။

“ဒီနေ့က စပြီး နိဗ္ဗာန စစ်သည်တွေက လောကကြီး တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကံပါလာခဲ့ပြီ။ ဒီနေ့ နိုင်ပွဲတစ်ခုက အောင်ပွဲ သေးသေးလေးပဲ ရှိသေးတယ်။ နိဗ္ဗာနစစ်သည်တွေက ပြိုင်ဘက်ကင်း ဖြစ်လာမယ်လို့ ငါယုံကြည်တယ်”

နင်ယွမ်ရှန်း၏ အသံက အားလုံးသောသူတို့၏ နားထဲတွင် ဟိန်းထွက်နေ၏။ သူက အင်အား ပြည့်ဝလျက် ရှိနေသည် သာမက အတွင်းအားများကလည်း အံ့မခန်း ကောင်းမွန်နေ၏။

ချက်ချင်းပဲ ရွှဲ့ပြည်နယ်မှ စစ်သည်ပေါင်း တစ်သောင်းကျော်တို့က တစ်ညီတစ်ညွတ်တည်း ဒူးထောက် ချလိုက်သည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

ဒူးမထောက်သည့် တပ်တော်ဟူ၍ တစ်ခုတည်းသာ ရှိ၏။ ထိုအရာက နင်ကျန်းနှင့် ရှမ့်လန်တို့၏ နိဗ္ဗာန တပ်တော်ပင် ဖြစ်၏။ သူတို့က မာနကြီး၍ မဟုတ်ချေ။ အမိန့်မရဘဲ ဒူးမထောက်ခြင်းပင်။

“ကောင်းတယ်။ ကောင်းတယ်။ ငါ့ရဲ့ လက်ရွေးစင်စစ်သည်တွေဆိုတာ သာမန်လူတွေနဲ့ ကွဲပြားနေမှာ ဖြစ်မှာပေါ့။ ဟား... ဟား... ဟား...”

ထိုအချိန်မှာတော့ ရွှဲ့ပြည်နယ်မှ အရာရှိများက ကြောင်အနေ၏။ ဘုရင်မင်းမြတ်က နေမကောင်း ဖြစ်နေခြင်း မဟုတ်ဘူးပေါ့။ လေဖြတ်ခြင်းလည်း မရှိဘူးပေါ့။

ချောင်ဘုရင်က ပိုမိုကာ တုန်လှုပ်နေ၏။ နယ်စပ် အမဲလိုက်ပွဲရှုံးနိမ့်ခြင်းက သူ၏ နှလုံးသားကို ဓားနှင့် အဆက်မပြတ် ထိုးစိုက်ခံနေရသကဲ့သို့ပင် ဖြစ်စေ၏။ မည်သူက ထင်မှတ်ထားမည်နည်း။ ရွှဲ့ပြည်နယ်၏ စစ်သည် ၂၀၀၀ တို့က သူ၏ လက်ရွေးစင် စစ်သည် ၂၀၀၀ ကို အနိုင်ယူနိုင်သည်သာမက သံချပ်ကာဝတ် မြင်းသည်တော် ၃၀၀၀ ကျော်ကိုပါ သတ်ဖြတ်သွားခဲ့သည်။

လောကကြီး တစ်ခုလုံး ပြောင်းလဲသွားခဲ့သည်လား။ ယနေ့မှစ၍ သံချပ်ကာ မြင်းစီးတပ်က ဝှက်ဖဲ တပ်မတော် တစ်ခု မဟုတ်တော့ချေ။ သူ၏ သံချပ်ကာဝတ် မြင်းစီးတပ် ရှုံးနိမ့်ပြီး ထွက်ပြေးသွားချိန်၌ သူက မိုးကြိုးပစ်ခံရသလိုပင် အာရုံများ လွင့်ပါးသွားခဲ့၏။ ခန္ဓာကိုယ် တစ်ခုလုံးကလည်း ထုံကျင်လို့ နေ၏။

ဝမ်းနည်းမှု အရှိန်ပင် နှလုံးသားထဲ၌ ပေါ်မလာခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် အလွန်ကြီးမားသည့် ထိုးနှက်ချက်ကို ခံစားလိုက်ရသောကြောင့် သူက ခန္ဓာကိုယ်က အပြင်လောက၏ ခံစားချက်များကို တုံ့ပြန်နိုင်စွမ်း မရှိတော့သောကြောင့်ပင်။

သူက ဤတစ်ကြိမ် ရာနှုန်းပြည့် အနိုင်ရရှိမည်ဟု ထင်မှတ်ထားခဲ့၏။ နောက်ဆုံးမှာတော့ လက်ရွေးစင် စစ်သည် ၅၀၀၀ က ရွှဲ့ပြည်နယ်၏ စစ်သည် ၂၀၀၀ ကို အနိုင်မရရှိခဲ့ပေ။ သိက္ခာကျစရာပင် ဖြစ်သည်။

ပြီးနောက် မျက်လှည့်ပြလိုက်သကဲ့သို့ပင် နင်ယွမ်ရှန်းက ရုတ်တရက် ဖျားနာ၊ နေမကောင်း၊ လေဖြတ်ထားသူ တစ်ယောက် အဖြစ်မှ ခန့်ညားထည်ဝါလွန်းသည့် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ချောင်ဘုရင်က တွေဝေငေးငိုင်နေသည့် အခြေအနေဆီမှ နိုးထလာခဲ့သည်။

“နင်ယွမ်ရှန်း... မင်းငါ့ကို ကစားလိုက်တာလား။ မင်းနေမကောင်းဘူး မဟုတ်လား” ချောင်ဘုရင်က ရုတ်တရက် မတ်တတ်ထရပ်ပြီး ရွှဲ့ဘုရင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

နင်ယွမ်ရှန်းက ရယ်မောလိုက်သည်။ “အစ်ကိုတော်... ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကျုပ် တကယ် နေမကောင်းတာပါ။ အပြင်းအထန်ကို နေမကောင်း ဖြစ်နေတာပါ”

ဤအချိန်မှာတော့ လူတိုင်းက စိတ်ထဲမှ ကဲ့ရဲ့လိုက်ကြ၏။ ‘ခင်ဗျား နေမကောင်းဘူးဆိုတာကို ခွေးပဲ ယုံလိမ့်မယ်။ ရွှဲ့ဘုရင်... ခင်ဗျားက တကယ့်ကို ဟန်ဆောင်တတ်တဲ့ လူတစ်ယောက်ပဲ’

ချောင်ဘုရင်က နင်ယွမ်ရှန်းကို ကြည့်လိုက် ရှမ့်လန်ကို ကြည့်လိုက် လုပ်နေ၏။ သူက အသုံးချခံလိုက်ရပြီ ၊ အရူးလုပ် ခံလိုက်ရပြီဟု အတပ်သိလိုက်သည်။ နင်ယွမ်ရှန်းက ယုတ်မာ၏။ ရှမ့်လန်ကလည်း ယုတ်မာ၏။ နယ်စပ်အမဲလိုက်ပွဲကို ပြုလုပ်မည်ဟု အဆိုပြုတည်းက သူ့ကို ဆော့ကစားရန် ကြံစည်နေခဲ့ခြင်းသာလျှင် ဖြစ်ပေမည်။ ဘုရင်နှင့် နောက်လိုက်တို့ ပူးပေါင်းပြီး ပြဇာတ်တစ်ခုကို ထုတ်ဖော် ကပြသွားခဲ့၏။ သူ ... ချောင်ဘုရင်ကို မျောက်တစ်ကောင်ကဲ့သို့ပင် ဆော့ကစားသွားခဲ့သည်။

အပိုင်း (၅၅၀)

ဤအချိန်မှာတော့ နင်ယွမ်ရှန်းက ပြောလိုက်၏။ “မင်းသားလျန်နဲ့ သံတမန်ပေါင်းတို့... စာချုပ်အတိုင်း လုပ်ဆောင်ဖို့အတွက် အချိန်ကျပါပြီ”

တောင်ဝင်ရန် အင်ပါယာမှ မင်းသားလျန်က အံ့အားသင့်နေ၏။ သူက နင်ယွမ်ရှန်းကို အပြစ်တင်လိုသည့် အကြည့်ဖြင့် ကြည့်၏။

‘နင်ယွမ်ရှန်း... ခင်ဗျားနဲ့ ကျုပ်က ခမည်းခမက် တော်ရုံသာ မကဘူး။ အခင်ဆုံး မိတ်ဆွေတွေ။ ခင်ဗျား ကျုပ်ကို လိမ်ရဲတယ်ပေါ့’

ဤအရာက ရှမ့်လန်၏ အကြံအစည်သာ ဖြစ်ပေလိမ့်မည်။ ယုတ်မာလွန်းလှချေ၏။ ချောင်ဘုရင်ကို ပါးပိတ်ရိုက်လိုက်သကဲ့သို့ ဤကိစ္စက ပြင်းထန်လွန်းလှချေ၏။ ဤအချိန်မှာတော့ မင်းသားလျန်က ချောင်ဘုရင်ကို မသနားဘဲ မနေနိုင်တော့ချေ။ တကယ့်ကို သနားစရာ ကောင်းလွန်းလှသည်။

လက်ရွေးစင် စစ်သည် ၅၀၀၀ ဆုံးရှုံးသွားခြင်းက ကိစ္စမရှိချေ။ အရေးကြီးဆုံးက သူ၏ ဂုဏ်သိက္ခာ တစ်ခုလုံး ပျက်စီးသွားခဲ့ခြင်းပင်။ နင်ယွမ်ရှန်းက သူ့ကို ခြေနင်းတုံးကဲ့သို့ ပြုလုပ်ပြီး အင်အားများကို ပြသသွားခဲ့၏။

ယခု သူက ဩဇာအာဏာကြီးမားသည့် တရားသူကြီးအနေဖြင့် ရောက်ရှိလာခဲ့၏။ ထို့ကြောင့် ကြေညာရပေတော့မည်။

“နယ်စပ် အမဲလိုက်ပွဲရလဒ်က တရားဝင် အတည်ဖြစ်ကြောင်း ကျုပ် ကြေညာလိုက်တယ်။ နှစ်ဖက်လုံး စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ရမယ်။ နှစ်နိုင်ငံလုံးက နယ်စပ် ကျောက်တိုင်တွေကို ရွှေ့ပြောင်းရမယ်”

ဤမျှ မြန်ဆန်၏။ ဤမျှ တိုက်ရိုက်ကျ၏။ ရွှဲ့ပြည်နယ်၏ တော်ဝင်စစ်သည်ထောင်ပေါင်းများစွာတို့က စနစ်တကျ လှုပ်ရှားလာခဲ့ပြီ။ နယ်စပ်ရှိ ကျောက်တိုင်များကို စတင်ကာ ဖယ်ရှား၏။ ပိုမို၍ ရက်စက်သည်မှာ သူတို့က ချောင်ပြည်နယ်၏ နယ်စပ်ကျောက်တိုင် အားလုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ထုချေပစ်လိုက်ခြင်းပင်။

ပြီးနောက် တော်ဝင်အစောင့်တပ်များက မိုင် ၂၀ အကွာအဝေးဆီသို့ တိုးသွားပြီး နယ်စပ်ကျောက်တိုင်များကို စိုက်ထူ၏။ အမှန်စင်စစ်တွင် ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့က မိုင်ပေါင်းရာချီ ကျယ်ဝန်း၏။ လုပ်ငန်းစဉ် တစ်ခုလုံး ပြီးမြောက်ရန် တစ်လ၊ နှစ်လခန့် ကြာမြင့်မှာ ဖြစ်၏။ ယနေ့ နယ်စပ်ကျောက်တိုင် ရွှေ့ခြင်းက သဘောသဘာဝအရ အဖြစ်သလော ပြုလုပ်ခြင်းသာ ဖြစ်၏။

“ချောင်ပြည်နယ်ရဲ့ တပ်မတော်... တပ်ဆုတ်ကြမယ်” မင်းသားလျန်က အမိန့်ပေးလိုက်သည်။

ဤအရာက အရက်စက်ဆုံးသော အမိန့်လည်း ဖြစ်၏။ နယ်စပ်အမဲလိုက်ပွဲတွင် ရှုံးနိမ့်သည့် သူက နယ်မြေ မိုင် ၂၀ နှင့် ခံတပ် ၂၃ ခုကို ပေးအပ်ရပေမည်။ ချောင်ဘုရင်နှင့်အတူ အစောင့်အရှောက်ဖြင့် လိုက်ပါလာခဲ့သည့် တပ်သားများက တစ်သောင်းကျော် ရှိ၏။ မူလက သူတို့က ကိုယ်ပိုင်နယ်မြေထဲတွင် ရှိနေကြခြင်း ဖြစ်သော်လည်း ယခုအခါမှာတော့ သူတို့ရပ်နေသည့် နေရာက ရွှဲ့ပြည်နယ်၏ ပိုင်နက်မြေနေရာ ဖြစ်သွားခဲ့၏။ ရန်သူ၏ မြေပိုင်နက်ထဲမှ သူတို့ ဆုတ်ခွာရပေတော့မည်။

ထိုတင်သာမကသေးချေ။ မိုင် ၂၀ အတွင်းရှိ ခံတပ် ၂၃ ခုမှ တပ်များကလည်း ဆုတ်ခွာရပေလိမ့်မည်။ ကံကောင်းသည်က ဤနေရာက နှစ်နိုင်ငံနယ်စပ်ဖြစ်၍ တပ်စခန်းများနှင့် ခံတပ်များသာ ရှိနေ၏။ မဟုတ်ပါက ပိုမိုကာ အလုပ်ရှုပ်ပေလိမ့်မည်။ အရပ်သားများနှင့်အတူ နယ်မြေကိုပါ ပေးအပ်ရဦးမည်။

ချောင်တပ်မတော်က သူတို့၏ ဘုရင်ကို ကြည့်လိုက်၏။ ဘုရင်၏ အမိန့်ရမှသာ သူ ဆုတ်ခွာနိုင်ပေမည်။ ချောင်ဘုရင်က နှလုံးသားကို ဓားနှင့် မွမ်းခံရသကဲ့သို့ပင် ခံစားနေရ၏။

မင်းသားလျန်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အရှင်မင်းကြီး။ အင်ပါယာတပ်သားတွေက အရှင်မင်းကြီးရဲ့ လုံခြုံရေးကို တာဝန်ယူပါတယ်”

ချောင်ဘုရင်က နာကျင်စွာဖြင့် မျက်လုံးကို မှိတ်လိုက်၏။ သူ ထီးနန်းဆက်ခံခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤကဲ့သို့ အရှက်ခွဲမှုကို မခံခဲ့ရဖူးချေ။ လွန်ခဲ့သည့် လအနည်းငယ်က ဝူဘုရင်လည်း ထိုကဲ့သို့ ခံစားကောင်း၊ ခံစားရပေလိမ့်မည်။

သို့သော်ငြား ဝူဘုရင်က ငယ်ရွယ်သေး၏။ အရှက်ရခြင်းနှင့် အခက်အခဲများကို သည်းခံကျော်ဖြတ်နိုင်စွမ်း ရှိ၏။ သူ ... ချောင်ဘုရင်ကတော့ အသက် ၆၀ ကျော်နေပြီ။

မျက်လုံးကို ပြန်ဖွင့်လိုက်သည့် အချိန်မှာတော့ ချောင်ဘုရင်၏ မျက်လုံးများက သွေးရောင်လွှမ်းလို့ နေ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်၏။ အင်အား တစ်သောင်းကျော် ရှိသည့် ချောင်တပ်မတော်ကြီးက စတင်ကာ ဆုတ်ခွာ၏။ မိုင် ၂၀ အကွာအဝေးဆီသို့ပင်။ နှစ်ဦးတည်းသာလျှင် ကျန်ရှိတော့၏။ တုတနှင့် တုအာတို့ပင်။ ထိုသူတို့က တောအုပ်ထဲတွင် အိမ်သာတက်နေသောကြောင့်ပင် သူများ မြေပိုင်နက်ထဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

.............

တောင်ဝင်ရန် အင်ပါယာမှ မင်းသားလျန်က ပြောလိုက်၏။ “ဆက်လက်ပြီး နယ်စပ် အမဲလိုက်ပွဲရဲ့ စာချုပ် ဒုတိယ အချက်အလက်အတိုင်း ဆောင်ရွက်ရအောင်။ အရှင်မင်းကြီး... အမိန့်စာပြန်တမ်းကို ဖတ်ကြားပေးပါ”

နယ်မြေ ပေးအပ်ပြီး မိုင် ၂၀ သို့ တပ်ဆုတ်ရခြင်းက ချောင်တပ်မတော်အတွက် အရှက်ရဆုံး ကိစ္စရပ် မဟုတ်ပေ။ ယခုလာမည့်ကိစ္စက လူတိုင်း၏ရှေ့တွင် ချီးစားရပြီး အရသာရှိလွန်းသည်ဟု အော်ပြောရ သကဲ့သို့ ဖြစ်ပေလိမ့်မည်။

ချောင်ဘုရင်က အိမ်ရှေ့စံမင်းသားကို သူ့အစား လုပ်ခိုင်းရန် ရည်ရွယ်ထားခဲ့၏။ သို့ပေမည့် တစ်စုံတစ်ယောက် က ပြောလာနိုင်၏။

‘ဒါက ဘုရင်မင်းမြတ်ရဲ့ ကိစ္စ။ ဘာလို့ အိမ်ရှေ့စံမင်းသားက လုပ်ရမှာလဲ။ ဒါဆိုရင် တစ်ခါတည်း ထီးနန်းကို လွှဲပေးလိုက်ပါလား။ ခင်ဗျားက အမိန့်စာတမ်းတောင် မဖတ်နိုင်လောက်အောင် အိုမင်းနေပြီပဲ’ ဟု ပြောလာနိုင်သည်။

ချောင်ဘုရင်က တုန်ယင်စွာဖြင့် မတ်တတ်ထရပ်၏။ ပြီးနောက် အမိန့်စာကို ဖြန့်လိုက်၏။ ရှုံးနိမ့်သူက ဤကဲ့သို့ အမိန့်စာကို ဖတ်ကာ တောင်းပန်ရပေလိမ့်မည်။ အမိန့်စာက ရည်ရွယ်ချက်အားဖြင့် လူသိရှင်ကြား တောင်းပန်လွှာပင် ဖြစ်၏။

ချောင်နှင့်ရွဲ့ နယ်စပ်စစ်ပွဲ၏အမှားက သူ့ဘက်တွင်သာ လုံးလုံးရှိကြောင်း ဖော်ပြခြင်းပင်။ တစ်ဖက်နိုင်ငံကို တောင်းပန်ရုံသာမက လောကကြီးတစ်ခုလုံးကို သူမှားကြောင်း တောင်းပန်ခြင်း ဖြစ်သည်။

သောက်ကျိုးနည်း... ချောင်ဘုရင်က ရှုံးနိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့် စာကို တစ်ချက် ဝေ့ကြည့်ခဲ့၏။ ဘာတစ်ခုမှမမေးဘဲ မင်းမှုရေးရာ ဝန်ကြီးဌာနကို ရေးခိုင်းလိုက်၏။ မင်းမှုရေးရာ ဝန်ကြီးဌာနမှ ပါရမီရှင်က အရစ်ရှည်ကာဖြင့် စာလုံးရေ နှစ်ထောင်လောက် ရေးလိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။

‘သောက်ကျိုးနည်း... ဒါဘယ်ကောင် ရေးတာလဲ။ ဘယ်သူက ဒီလောက် အပိုတွေ လျှောက်ရေးထားတာလဲ’

ချောင်ဘုရင်က အမိန့်တော်စာကို တစ်လုံးချင်းစီ ဖတ်ကြားခဲ့ရ၏။ တစ်ချိန်တည်းမှာပဲ နိုင်ငံအနှံ့အပြားမှ သံတမန်အရာရှိများက ထိုစာကို လိုက်လံ မှတ်တမ်းတင်ကြ၏။ အဘယ့်ကြောင့်ဆိုသော် ချောင်ဘုရင်၏ ဝန်ခံချက်ကို တစ်လောကလုံး သိအောင် ကြေညာရမည် ဖြစ်သောကြောင့်ပင်။

ပါးရိုက်ခံရမှုက တကယ့်ကို ပြင်းထန်၏။ ဖတ်နေရင်းနှင့် ချောင်ဘုရင်က ရင်ထဲတွင် လှိုက်တက်လာခဲ့၏။ မျက်ရည်များက ကျဆင်းလုမတတ်ပင်။ သူက တစ်ခါမှ ထိုကဲ့သို့ အရှက်ရမှုမျိုးကို မကြုံတွေ့ခဲ့ရဖူးပေ။ အသက် ၆၀ ကျော် ၇၀ နား ကပ်လာခဲ့ပြီ။ အဘယ့်ကြောင့် သူက အရှက်ခွဲမှုကို ခံစားနေရသနည်း။

‘ဒါကို ဘယ်သူ ရေးထားတာလဲ။ ဒါကို ဘယ်ကောင် ရေးထားတာလဲ။ ငါ့ကို အရှက်ခွဲနေသလိုပဲ’

ဘာမှန်း မသိလိုက်ဘဲ ချောင်ဘုရင်၏ အသံက တုန်ခါ အက်ကွဲလာခဲ့၏။

ထိုအချိန်မှာပဲ နိုင်ငံတစ်နိုင်ငံ၏ သံတမန် တစ်ယောက်က ရုတ်တရက် ထကာ အော်ပြောလိုက်သည်။

“ချောင်ဘုရင်မင်းမြတ်... ကျယ်ကျယ်ပြောပါ။ ကျုပ်တို့ မကြားရဘူး။ ဘယ်လိုလုပ် လိုက်မှတ်ရမှာလဲ” လျန်နိုင်ငံမှ သံတမန် တစ်ယောက်ပင် ဖြစ်၏။

သို့သော်ငြား ချောင်ဘုရင်က ဘာမှပြော၍ မရချေ။ ထို့ကြောင့် ကျယ်ကျယ်သာလျှင် ထပ်ကာ ပြောရ၏။ မဟုတ်ပါက သံတမန်များက မကြားဘူး အကြောင်းပြကာဖြင့် ရေးချင်ရာကို လျှောက်ရေးကြပေလိမ့်မည်။ ဤအမိန့်စာက တစ်လောကလုံးအနှံ့သို့ ပျံ့နှံ့သွားမည် ဖြစ်သောကြောင့် လျှောက်ရေးလျှင် သူ့အတွက် ပိုမိုကာ အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ စာလုံးရေ နှစ်ထောင်နီးပါးကို နာရီဝက်ခန့် ကြာအောင် ဖတ်ရ၏။ ချောင်ဘုရင်၏ ခန္ဓာကိုယ်က တုန်ယင်နေသလို အသံကလည်း တုန်ယင်နေသည်။

ရွှဲ့ဘုရင် နင်ယွမ်ရှန်းမှာတော့ ရူးသွပ်လုနီးပါးပင် ပျော်ရွှင်လျက် ရှိ၏။ ‘ကျေနပ်လိုက်တာ၊ ကျေနပ်စရာ ကောင်းလိုက်တာ။ တကယ့်ကို ကျေနပ်စရာ ကောင်းတာပဲ’

စုနန်ကို အနိုင်ယူခဲ့စဉ်ကထက် ပိုမိုကာ ကျေနပ်စရာ ကောင်းလွန်း၏။ ဝူဘုရင် လာရောက် တောင်းပန်တုန်း ကထက်လည်း ပိုမို ကျေနပ်စရာကောင်း၏။ ဝူဘုရင် လာရောက်တောင်းပန်စဉ်က အခြေအနေ အရပ်ရပ်ကြောင့် နင်ယွမ်ရှန်းက တစ်ဖက်လူကို အရှက်ခွဲ၍ မရခဲ့ချေ။ ထိုအစား ဝူဘုရင်ကိုပင် နှစ်သိမ့်ပေးခဲ့ရသည်။

ဤတစ်ကြိမ်မှာတော့ မတူတော့ချေ။ နိုင်ငံရပ်ခြားမှ သံတမန် ထောင်ပေါင်းများစွာတို့ ရှိနေ၏။ တောင်ဝင်ရန် အင်ပါယာမှ သံတမန်များလည်း ရှိ၏။ လူတိုင်း၏ ရှေ့တွင်၊ လောကကြီးတစ်ခုလုံး၏ရှေ့တွင် သူက ချောင်ဘုရင်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချရပေလိမ့်မည်။

“ရှမ့်လန်... ခွေးကောင်လေး။ မင်းက ငါ့ကို ကောင်းကင်ဘုံက ပေးလိုက်တဲ့ လက်ဆောင်ပဲ။ ဟား... ဟား... ဟား... မင်းသာ မရှိရင် ငါ ဒီလို ဂုဏ်ကျက်သရေမျိုးကို ရမှာ မဟုတ်ဘူး။ တောင်ပိုင်းနိုင်ငံရဲ့ တိုက်ပွဲက မစသေးဘူး။ ချောင်ဘုရင်က ဒီလောက် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ပြီ။ ဒီနေ့က ငါ အထွတ်အထိပ်ကို ရောက်တဲ့နေ့ပဲ”

...................

နာရီဝက် ကြာမြင့်ပြီးနောက် ချောင်ဘုရင်က စာလုံးရေ နှစ်ထောင်နီးပါး ရှိသည့် အမိန့်စာကို ဖတ်ရှုပြီးစီး သွားခဲ့၏။ သူ့အနေနှင့် နန်းမြို့တော်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် ဤစာကို ရေးသားခဲ့သည့် ကောင်ကို သတ်ပစ်မည်ဟု စိတ်ထဲ၌ ကျိန်ဆိုလျက် ရှိ၏။ သူ့၏ လည်ချောင်း တစ်ခုလုံးကလည်း အက်ကွဲနေ၏။ လေအေးထဲတွင် ရပ်နေရသောကြောင့် သူ၏ ရင်ထဲတွင် အေးစက်လျက် ရှိနေပြီ။ တစ်ကိုယ်လုံးလည်း အေးစက်နေ၏။ ခြေဖျား လက်ဖျားများလည်း အေးစက်နေ၏။

စာကိုဖတ်ရှုပြီးနောက် သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းပြီး မလှုပ်ရှားနိုင်တော့ချေ။ မင်းသားလျန်က ရှေ့သို့ တိုးလာပြီး ပြောသည်။ “နယ်စပ် အမဲလိုက်ပွဲ စာချုပ်ရဲ့ တတိယအချက်ကို ဆောင်ရွက် ကြရအောင်။ စစ်လျော်ကြေး ပေးအပ်ကြမယ်”

ချောင်ဘုရင်၏ ခန္ဓာကိုယ်က ထပ်မံ တုန်ယင်သွားခဲ့၏။ ဤကိစ္စက ဘယ်တော့ ပြီးမည်နည်း။ သူ ထပ်ပြီး အရှက်ကွဲရပေတော့မည်။ စစ်လျော်ကြေး ပေးအပ်ခြင်း ဆိုသည်မှာ တကယ့်ကို ဆိုးဝါးလွန်းသည့်အရာပင် ဖြစ်၏။

လက်ရှိအချိန်တွင်တော့ ချောင်ဘုရင်က ဦးညွတ်ပြီး ရွှေဒင်္ဂါးပြားကြီး တစ်ခုကို ရွှဲ့ဘုရင် နင်ယွမ်ရှန်းထံ ပေးအပ်ရမည်။ အလေးချိန် ၂၀ ဂျင်ခန့် ရှိသော ဤရွှေဒင်္ဂါးကြီးပေါ်တွင် ရွှေဒင်္ဂါး ရှစ်သိန်းဟု ရေးသားထားခဲ့၏။ ဤအရာက အမှတ်အသားတစ်ခုပင်။

“ချောင်ဘုရင်မင်းမြတ်... ရွှေဒင်္ဂါးတွေကို ပေးပါတော့”

ချောင်ဘုရင်က ရွှေဒင်္ဂါးပြားကြီးကိုမ၊ ဦးညွတ်ပြီး ရွှဲ့ဘုရင်ဆီသို့ ကမ်းပေး၏။ “ရွှဲ့ဘုရင်... ရွှေဒင်္ဂါးပြားကြီးကို လက်ခံပေးပါ”

ထိုအချိန်မှာတော့ ရှမ့်လန်က မည်သို့မှ မထိန်းနိုင်တော့ဘဲ အားရပါးရ အော်ရယ်လိုက်မိသည်။

ချက်ချင်း ဆိုသလိုပဲ လူအများအပြားက ရှမ့်လန်ကို စိုက်ကြည့်၏။ အထူးသဖြင့် ချောင်ဘုရင်နှင့် မင်းသားလျန်တို့ပင် ဖြစ်၏။ ဤနေရာက မည်သို့သော နေရာမျိုး ဖြစ်သနည်း။ မည်ကဲ့သို့သော အချိန်ခါမျိုး ဖြစ်သနည်း။ ဤကဲ့သို့သော ပုံစံမျိုးနှင့် အဘယ့်ကြောင့် ရယ်ရဲရသနည်း။ ယဉ်ကျေးမှု ဆိုသည်ကို သိပါရဲ့လား။

ရွှဲ့ဘုရင်နင်ယွမ်ရှန်းက ရွှေဒင်္ဂါးပြားကို လက်ခံပြီးနောက် ဦးညွတ်ကာ ပြောလိုက်၏။ “အစ်ကိုတော်.. ရွှေတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါတွေကို လက်ခံရတာ တကယ့်ကို အားနာစရာပါပဲ။ မတတ်နိုင်ဘူးလေ။ ပေးတဲ့သူရှိမှတော့ ယူရတော့မှာပေါ့။”

ချောင်ဘုရင်က တိတ်ဆိတ်ငြိမ်သက်နေ၏။ သူ၏ မျက်နှာတစ်ခုလုံးကလည်း တင်းမာနေသည်။

ပြီးနောက် မင်းမှုရေးရာဝန်ကြီးဌာနမှ လူများနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အရာရှိများက ရှေ့ဆီသို့ ထွက်လာခဲ့ပြီး ရွှေများကို စတင်ကာ ရေတွက်ကြ၏။ ရွှေအားလုံးကို ချိန်ခွင်ကြီးများဖြင့် စတင်ကာ ချိန်တွယ်၏။ အလေးချိန် ဂျင်တစ်ဝက်၊ ဒင်္ဂါးတစ်ပြား၊ တစ်စေ့မျှပင် လို၍ မရနိုင်ခဲ့ချေ။

အချိန်နာရီဝက်ခန့်ကြာပြီးနောက် ရွှေပေါင်ပေါင်း နှစ်သောင်းခြောက်ထောင်ကို ပေးအပ်ခြင်းကိစ္စက ပြီးဆုံးသွားခဲ့၏။ ဤအဆင့်မှာတော့ နယ်စပ်အမဲလိုက်ပွဲစာချုပ်ပါ အချက်သုံးခုလုံး ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။ အလုံးစုံ ပြီးဆုံးသွားခဲ့၏။

ချောင်ဘုရင်က မည်သည့်စကားကိုမှ မဆိုတော့ချေ။ မင်းသားလျန်ကို လက်သီးဆုပ်ကာ နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်၏။ ထိုအချိန်မှာပဲ ရွှဲ့ဘုရင် နင်ယွမ်ရှန်းက ရှေ့ဆီသို့တိုးပြီး ချောင်ဘုရင်ကို စင်မြင့်ပေါ်မှ တွဲဆင်းပေးရန် ပြင်လိုက်သည်။

ဤစင်မြင့်ကြီးတွင် လှေကားထစ် ၉၉ ထစ် ရှိ၏။ ချောင်ဘုရင်က ဒေါသထွက်နေသော်လည်း လမ်းမလျှောက်နိုင်လောက်အောင် အိုမင်းမစွမ်း ဖြစ်နေသူ မဟုတ်ချေ။ ထို့ကြောင့် သူက အသာပင် ရုန်းကန်လိုက်ပြီး ရွှဲ့ဘုရင်၏ တွဲကူမှုကို ဖယ်ရှားရန် ကြိုးစား၏။ သို့ပေမည့် နင်ယွမ်ရှန်းက သူ့၏ လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသောကြောင့် သူ လုံးဝ ရုန်း၍ မရချေ။

ထို့ကြောင့် ချောင်အိမ်ရှေ့စံ မင်းသားနှင့် နင်ယွမ်ရှန်းတို့က ချောင်ဘုရင်ကို တစ်ဖက်တစ်ချက်စီမှ တွဲကာ စင်မြင့်ပေါ်မှ ဆင်းလာကြ၏။ ဤမြင်ကွင်းက ချောင်ဘုရင်ကို တကယ့်ကို အိုမင်းမစွမ်းသူ တစ်ယောက် ကဲ့သို့ပင် ပေါ်လွင်သွားစေခဲ့၏။ ချောင်ဘုရင်က ရင်ကွဲမတတ် ခံစားနေရ၏။

ဤအချိန်မှာတော့ လူတိုင်း၏မျက်လုံးထဲတွင် နင်ယွမ်ရှန်းက ငယ်ရွယ်နုပျိုပြီး စွမ်းအားပြည့်ဝလွန်းသူ တစ်ယောက်အဖြစ်မြင်ရပြီး ချောင်ဘုရင်ကတော့ အိုမင်းမစွမ်းသူ တစ်ယောက်အဖြစ် မြင်နေရ၏။ နောက်ဆုံးမှာတော့ လှေကားထစ် ၉၉ ထစ်က ပြီးဆုံးသွားသည်။

ချောင်ဘုရင်က ဧရာမမြင်းရထားကြီးပေါ်သို့ တက်၏။ မြင်းရထားအပြင်ဘက်တွင် ရပ်နေသော နင်ယွမ်ရှန်းက လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျုပ်ကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ... အစ်ကိုတော်”

ထိုအချိန်မှာပဲ ရှမ့်လန်က ရုတ်တရက် လက်သီးဆုပ်ကာ အော်ပြောလိုက်သည်။ “ကောင်းကောင်းသွားပါ ချောင်ဘုရင်မင်းမြတ်။ ကောင်းကောင်းသာ သွားပါ”

သောက်ကျိုးနည်း ရှမ့်လန်။ ဤစကားလုံးက သေခါနီးလူကို လှမ်းပြောနေသကဲ့သို့ပင်။

“ချောင်ဘုရင်... နောက် ခုနစ်ရက်နေရင် ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်” ရှမ့်လန်က ထပ်မံကာ အော်ဟစ်လိုက်၏။

ချက်ချင်းဆိုသလိုပဲ ဤနေရာတွင် ရှိနေသည့် လူများက သည်းမခံနိုင်တော့ချေ။ စကားလုံးများက လွန်လွန်းနေပြီ ဖြစ်၏။ စောစောက စကားက မရည်ရွယ်ဘဲ ပြောဆိုခဲ့သည်ဟု ယူဆ၍ ရသော်လည်း ဤစကားကတော့ သေချာပေါက် ရည်ရွယ်ချက် ရှိနေသည်။

‘ခုနစ်ရက်နေလျှင် ပြန်လာခဲ့’ ဆိုသည်မှာ ဘာသဘော ဖြစ်မည်နည်း။ ချောင်ဘုရင် သေပြီး၍ ရက်လည်သောကြောင့် ပြန်လာရမည်ဟု ပြောဆိုနေခြင်းလား။

လူတိုင်းက ရှမ့်လန်ကို ဒေါသတကြီး စိုက်ကြည့်၏။ အထူးသဖြင့် မင်းသားလျန်ပင် ဖြစ်၏။ ‘ရှမ့်လန်... မင်းဘာလို့ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း မောက်မာရတာလဲ။ အခြားနိုင်ငံရဲ့ဘုရင်တစ်ပါးကို မင်းက ပြောင်ကျကျနဲ့ ဆဲဆိုနေတာလား’

ရှမ့်လန်က အသံကျယ်ကြီးဖြင့် ဆက်လက်ကာ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီနယ်မြေက အရင်တုန်းက ချောင်ပြည်နယ် ပိုင်ဆိုင်ခဲ့တဲ့ အရာပဲ။ နယ်စပ်ကျောက်တိုင်တွေကို နောက်ခုနစ်ရက်နေရင် အသစ် လဲတော့မှာ။ ဒါကြောင့် ချောင်ဘုရင်မင်းမြတ် အနေနဲ့ ဒီမြေကို နောက်ဆုံးအနေနဲ့ လာကြည့်ဖို့ ဖိတ်ခေါ်ချင် ခဲ့တာပါ။ ဘာဖြစ်လို့လဲ။ ကျုပ်ပြောတာများ မှားသွားလို့လား”

လူတိုင်းက စကားမပြောနိုင်အောင်ပင် ဆွံ့အသွားခဲ့၏။ အရှက်မရှိဆုံး လူများကသာလျှင် ပြိုင်ဘက်ကင်းသည် ဟူသည့် စကားက အမှန်ပင် ဖြစ်ပေလိမ့်မည်။ ရှမ့်လန်က မျက်နှာပြောင်တိုက်လွန်း၏။ သို့တစေ သူ ပြောသည်ကလည်း မှန်ကန်လို့ နေ၏။ သူတို့ ငြင်းပယ်၍ မရနိုင်ခဲ့ချေ။

ချောင်အိမ်ရှေ့စံ မင်းသားက အမိန့်ပေးလိုက်၏။ “သွားကြရအောင်”

ချောင်ဘုရင်၏ မြင်းရထားက နောက်ဖက်သို့ ထွက်ခွာသွားခဲ့၏။ တစ်မိုင်မပြည့်သည့် အကွာအဝေးသို့ ရောက်ချိန်မှာတော့ ချောင်ဘုရင်က မည်သို့မှ တင်းမခံနိုင်တော့ချေ။

“ဖူး...”

သွေးတစ်လုတ် အန်ထုတ်ပြီး သတိလစ် မေ့မျောသွားခဲ့သည်။

ရထားပေါ်တွင် ပါလာကြသော မိန်းမစိုးများက ကြောက်လန့်ပြီး လိပ်ပြာလွင့် မတတ် ဖြစ်သွားခဲ့၏။ သို့ပေမည့် အသံတစ်ချက်ပင် မထွက်ရဲကြချေ။

................

All Chapters