← Chapters

အခန်း (၅၅၁-၅၅၂)

Vol. 37 Ch. 551-552

အခန်း (၅၅၁-၅၅၂)

Vol. 37 Ch. 551-552

အပိုင်း (၅၅၁)

ရွှဲ့ပြည်နယ်၏ တပ်စခန်းမှာတော့......

“ကျုံးယောင်... ကျုပ်ရဲ့ နိဗ္ဗာန စစ်သည်တွေကို ဘယ်လိုမြင်လဲ” နင်ယွမ်ရှန်းက စိတ်အားထက်ကြွစွာ မေးမြန်းလိုက်၏။

ဆောင်းရာသီ ဖြစ်သော်လည်း သူက ပါးလွှာသည့် အဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့် ခံညားပြီး ကျက်သရေ ရှိလွန်းနေ၏။ လွန်ခဲ့သည့် လဝက်အတွင်း သူက အသက်ရှူကြပ်လုမတတ် မွန်းကျပ်ခဲ့၏။ သူ၏ ဦးနှောက်သွေးကြောပိတ်သည့် ရောဂါက တစ်နာရီခန့်အတွင်း ပျောက်ကင်းသွားခဲ့၏။ ထို့ကြောင့် သူ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် လုပ်ဆောင်ချက်များက မည်သည့် ထိခိုက်မှုမှ မရှိခဲ့ချေ။

တစ်လခန့် အနားယူပြီးနောက် အလုံးစုံ ပြန်လည်ကာ ကောင်းမွန်သွားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် နေမကောင်း ဟန်ဆောင်ရန်အတွက် သူက ဆံပင်ကို ဆံဖြူဆိုးထားရပြီး နေ့စဉ်နေ့တိုင်း ခါးကို ကိုင်းထားရ၏။ ယခု အချိန်မှသာလျှင် သူက ကျားတစ်ကောင်ကဲ့သို့ ခွန်အားအပြည့်နှင့် သွက်လက်ဖျတ်လတ်စွာ ခပ်မတ်မတ် သွားနိုင်ခဲ့သည်။

ဟုတ်ပေ၏။ သူ အနည်းငယ်လည်း ဝမ်းနည်းမိ၏။ ကျားတစ်ကောင်ကဲ့သို့ လမ်းလျှောက်နိုင်မည့် နေ့ရက်က သိပ်ကြာရှည်တော့မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ပါကင်ဆန်ရောဂါက တဖြည်းဖြည်း ဆိုးဝါးလာပြီ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကျားတစ်ကောင်ကဲ့သို့ လမ်းလျှောက်နိုင်သည့် နောက်ဆုံး နေ့ရက်များကို သူ တန်ဖိုးထားသင့်၏။

ယခုအချိန်မှာတော့ သူ၏ ဂုဏ်သိက္ခာက အထွတ်အထိပ်သို့ ပြန်ရောက်နေကြောင်း ကျုံးယောင်၏ အမူအရာကို ကြည့်လျှင် သိရှိနိုင်သည်။

‘ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး။ ဒီအချိန်ကို အခွင့်အရေးယူပြီး ရွှဲ့ပြည်နယ်ရဲ့ သေရေးရှင်ရေး အချက်အလက် အားလုံးကို ဖြေရှင်းရမယ်’

နင်ယွမ်ရှန်း၏ မေးခွန်းကို ကြားသည့်အချိန်မှာတော့ ကျုံးယောင်က ချက်ချင်း ဖြေဆိုလိုက်၏။ “အရှင်မင်းကြီးရဲ့ နိဗ္ဗာန စစ်သည်တွေက တကယ့်ကို အားအကောင်းဆုံး စစ်သည်တွေပါပဲ”

နင်ယွမ်ရှန်းက တစ်စုံတစ်ခု သတိရသွားပုံပေါ်၏။ သူက လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။ “ကျုံးယောင်... ကျုပ် ခင်ဗျားကို ဘယ်လောက် ပေးစရာ ရှိသေးလဲ”

ကျုံးယောင်က ဖြေလိုက်၏။ “ရွှေဒင်္ဂါး ကိုးသိန်းခွဲပါ”

နင်ယွမ်ရှန်းက အမိန့်ပေးလိုက်သည်။ “လီစွမ်း... ဝန်ကြီးချုပ်ကျူးကို ရွှေဒင်္ဂါး ကိုးသိန်းခွဲ ပေးခိုင်းလိုက်။ ပြီးတော့ နောက်ထပ် စစ်စရိတ်အတွက် ရွှေဒင်္ဂါး သုံးသိန်းခွဲ ထပ်ပေးလိုက်အုံး။”

ကျုံးယောင်က ဦးညွတ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီးရဲ့ မေတ္တာတရားအတွက် ကျေးဇူးတင်ပါတယ်”

နင်ယွမ်ရှန်းက ဆက်ပြောလိုက်သည်။ “ဒီနေ့ နိုင်ပွဲက ဂုဏ်ယူစရာ ကောင်းတယ်ဆိုပေမဲ့ ဒီအပေါ်မှာ သာယာနေလို့ မဖြစ်ဘူး။ စစ်ပွဲကြီးက မကြာခင် လာတော့မယ်။ ဒီတစ်ခါ ချောင်ဘုရင်က တကယ့်ကို မျက်နှာပျက်ခဲ့ရတယ်။ သူ့ရင်ထဲမှာ ရှိနေတဲ့ အမုန်းတရားတွေ၊ ဒေါသတွေက ကြီးမားသွားခဲ့ပြီ။ တောင်ပိုင်းနိုင်ငံမှာ မင်းသားကျင်း အာဏာရလာတာနဲ့ ချောင်ဘုရင်က ကျိန်းသေပေါက် စစ်ကို စတင်လိမ့်မယ်။ အဲဒီအချိန်ကျရင် မနှစ်ကလို ဖြစ်မှာ မဟုတ်တော့ဘူး။ ဒီတစ်ခါ စစ်ပွဲက တိုင်းပြည်ကိုတောင် ပြိုလဲသွားနိုင်စေတဲ့ စစ်ပွဲမျိုး ဖြစ်လိမ့်မယ်”

“ဟုတ်ပါတယ်”

နင်ယွမ်ရှန်းက ကျုံးယောင်၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်၏။ “အစ်ကိုတော် ကျုံးယောင်... ကျုပ်တို့ နှစ်ယောက်က ထာဝရအတူရှိဖို့အတွက် ရေစက်မပါဘူးဆိုတာ ကျုပ် သိတယ်။ ဒါပေမဲ့ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ခင်ဗျားက တာဝန်ကို ဘယ်တော့မှ မပျက်ကွက်ခဲ့ဘူး။ ဒါကို ကျုပ် တကယ်ပဲ အမှတ်ရမိနေတယ်။

နင်ယီနဲ့ နင်ချီတို့က မကြာခင် သေးခင်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြတယ်ဆိုတာ ကျုပ်သိတယ်။ ကျုပ် ပြန်ရောက်တာနဲ့ သူတို့ကို ထိန်းချုပ်ရမယ်။ ကျုပ် လဲမကျသေးသရွေ့ ကျုပ်မိသားစု ပြိုကွဲရမယ့် အချိန် မဟုတ်သေးဘူး”

ကျုံးယောင်က ပိုမို တိတ်ဆိတ်စွာဖြင့် ဦးညွှတ်လိုက်သည်။

နင်ယွမ်ရှန်းက ဆက်ပြောသည်။ “နောက်ထပ် ဖြစ်လာမယ့် စစ်ပွဲက သုံးနိုင်ငံစစ်ပွဲ ဒါမှမဟုတ် လေးနိုင်ငံစစ်ပွဲတောင် ဖြစ်နိုင်တယ်။ နိုင်ငံအသီးသီးကစေလွှတ်မယ့် စစ်သည်အင်အားက စုစုပေါင်း လေးသိန်း၊ ငါးသိန်း ဒါမှမဟုတ်ရင် ဒီထက်တောင် များနိုင်တယ်။

ဒီစစ်ပွဲမှာ နင်မျိုးနွယ်စုရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးရုံသာ မကဘူး။ ကျုံးမိသားစုရဲ့ ကံကြမ္မာကိုလည်း ဆုံးဖြတ်ပေးလိမ့်မယ်။ အနောက်ဘက်နယ်မြေသာ ကျဆုံးသွားခဲ့ပြီဆိုရင် ရွှဲ့ပြည်နယ်က အပိုင်းပိုင်း အစစ ခွဲဝေခံရမယ့် အခြေအနေမျိုးကို ရောက်သွားလိမ့်မယ်။ ကျုံးမျိုးနွယ်စုလည်း ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် အနောက်ဘက် စစ်မြေပြင်ကို အစ်ကိုတော် ကျုံးယောင်ဆီကို ကျုပ် အပ်ခဲ့မယ်။”

ကျုံးယောင်က ဒူးတစ်ဖက် ထောက်ကာ ပြောလိုက်၏။ “ကျုပ် သေတဲ့အထိ အစွမ်းကုန် ကြိုးစားပါ့မယ်”

နင်ယွမ်ရှန်းက ကျုံးယောင်၏ ပခုံးကို နောက်တစ်ကြိမ် ပုတ်သည်။

ကျုံးယောင်က ပြော၏။ “အရှင်မင်းကြီး... ကောင်းကောင်း အနားယူပါ။ ကျုပ်ကို ခွင့်ပြုပါအုံး”

သူ တံခါးဝသို့ ရောက်ချိန်မှာတော့ နင်ယွမ်ရှန်းက ရုတ်တရက် လှမ်းမေးလိုက်သည်။ “အစ်ကို ကျုံးယောင်... နင်ကျန်းကို ဘယ်လိုမြင်လဲ”

ဤစကားကို ကြားသည့်အချိန်မှာတော့ ကျုံးယောင်၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့၏။ သူက လှည့်မကြည့် သော်လည်း မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။ အရှင်မင်းကြီး၏ စကားထဲ၌ နက်ရှိုင်းသည့် အဓိပ္ပာယ်များ ပါဝင်နေ၏။ အံ့အားသင့် တုန်လှုပ်ဖွယ်ရာလည်း ကောင်း၏။ သို့သော်ငြား ကျုံးယောင် အနေနှင့် မည်ကဲ့သို့ ပြန်ဖြေရမည်ကို မသိချေ။

“ထားလိုက်ပါတော့... ကျုပ် မမေးဘူးလို့ပဲ သဘောထားလိုက်တော့” နင်ယွမ်ရှန်းက လက်ကို ဝှေ့ယမ်း လိုက်၏။

ကျုံးယောင်က ထွက်ခွာသွားသည်။

....

နောက်တစ်နေ့မှာတော့ နင်ယွမ်ရှန်းက နန်းမြို့တော်ဆီသို့ ပြန်ရန် အမိန့်ပေး၏။ စစ်သည်များက ချောင်ရွှဲ့နယ်စပ်မှ ထွက်ခွာပြီး နန်းမြို့တော်ဆီသို့ ဦးတည်၏။

“ဟိုခွေးကောင်လေးကို ခေါ်လိုက်စမ်း” နင်ယွမ်ရှန်းက ပြောလိုက်သည်။

ခဏအကြာမှာတော့ ရှမ့်လန်က နင်ယွမ်ရှန်း၏ ကြီးမားလွန်းသည့် တော်ဝင်ရထားလုံးပေါ်တွင် ပေါ်ပေါက် လာခဲ့၏။

“သခင်လေးရှမ့်... မင်းဟာ တကယ့်ကို အရည်အချင်းရှိတာပဲ။ ငါ တကယ် အံ့ဩသွားတယ်” နင်ယွမ်ရှန်းက ပြုံးကာ ပြောလိုက်သည်။

ရှမ့်လန်က စကားမပြောနိုင်သလိုပင် ဖြစ်နေ၏။ ‘အရှင်မင်းကြီး... စကားကို ကောင်းကောင်းပြောလို့ မရဘူးလား။ ဒီလိုပြောလိုက်တိုင်း ကျုပ်ကို တစ်ခုခု လုပ်ဖို့ ကြိုးစားနေသလို ခံစားရတယ်’

“ဟား... ဟား... ဟား...”

နင်ယွမ်ရှန်းက ရယ်မောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ် ၂၀အတွင်းမှာ မနေ့ကရခဲ့တဲ့နိုင်ပွဲက ငါ့အတွက် တကယ့်ကို ကျေနပ်စရာကောင်းတဲ့ ကိစ္စပဲ။ ဒီသတင်းသာ လောကကြီး တစ်ခုလုံးကို ပျံ့နှံ့သွားမယ်ဆိုရင် အားလုံးက ဘယ်လောက်တောင် တုန်လှုပ်သွားမလဲ။ စိတ်ကူးနဲ့ စဉ်းစားလိုက်ရင်တောင်မှ ကျေနပ်ဖို့ ကောင်းနေပြီ။”

နင်ယွမ်ရှန်းက စကားမဆုံးသေးချေ။ ထိုအချိန်မှာတော့ သူက နန်းမြို့တော်သို့ ပြန်ရောက်ပြီး သူ့၏ ဩဇာအာဏာကို ပြသရန် ၊ လောကကြီးကို နောက်တစ်ကြိမ် တုန်လှုပ်အောင် ပြုလုပ်ရန် မျှော်လင့်နေမိ၏။ ထို့ပြင် လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူ့ကို ဟန်ဆောင်ရိုသေပြခဲ့သည့် နန်းတွင်း အရာရှိများကို ပညာပေးချင်၏။

သူတို့အားလုံးက ဘုရင်မင်းမြတ် လေဖြတ်သွားပြီဟု ထင်မှတ်ပြီး အိမ်ရှေ့စံမင်းသား သို့မဟုတ် တတိယမင်းသားထံသို့ ခိုလှုံခဲ့ကြ၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကလည်း ဖခင်ဖြစ်သူ နာမကျန်း ဖြစ်နေသောကြောင့် ဩဇာအာဏာ မရှိတော့ဟု ထင်မှတ်ပြီး ဘုရင်မင်းမြတ်၏ အာဏာကို လျစ်လျူရှုခဲ့၏။ နှစ်ဖက်အဖွဲ့၏ ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့ပြီး ရွှဲ့ပြည်နယ်၏ အကျိုးစီးပွားကိုပင် ထိခိုက်စေခဲ့သည်။

ယခုတစ်ကြိမ် နယ်စပ်အမဲလိုက်ပွဲတွင် နင်ယွမ်ရှန်းက အကြီးအကျယ် အောင်ပွဲကို ရရှိခဲ့ပြီး တစ်လောကလုံးကို တုန်လှုပ်စေခဲ့၏။ သူ၏ ဂုဏ်သတင်းက ထိပ်ဆုံးအခြေအနေဆီသို့ ပြန်လည်ကာ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ဤလူစုက မည်မျှ တုန်လှုပ်သွားမည်နည်း။ မည်မျှ ကြောက်ရွံ့သွားမည်နည်း။ တကယ်ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။

“ကောင်လေး... ဒီတခါ မင်းကြောင့် ငါ မျက်နှာပန်း လှခဲ့ရပြန်ပြီ” နင်ယွမ်ရှန်းက ပြောလိုက်သည်။

ရှမ့်လန်က ပြန်ပြောလိုက်၏။ “အရှင်မင်းကြီး... စကားလုံး နှစ်လုံးလောက် သင်ပေးပါရစေ”

နင်ယွမ်ရှန်းက အံ့ဩသွားခဲ့သည်။ “မင်းငါ့ကို ပညာမတတ်ဘူးလို့ ပြောချင်တာလား”

ရှမ့်လန်က စကားလမ်းကြောင်း ပြောင်းလိုက်၏။ “အရှင်မင်းကြီး... ကျုပ်တို့ အရင်က သဘောတူထားတာ ရှိတယ်လေ။”

ရှမ့်လန်နှင့် ဘုရင်မင်းမြတ်တို့ ယခင်က သဘောတူညီချက် တစ်ခု ရယူဖူး၏။ နယ်စပ်အမဲလိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည် ဆိုပါက ရှမ့်လန်နှင့် နင်ကျန်းတို့က မျှော်လင့်ချက်မရှိတော့သောကြောင့် ပြည်နှင်ဒဏ် ပေးခြင်းကို ခံရပေလိမ့်မည်။ အကယ်၍ အနိုင်ရရှိခဲ့သည်ဆိုပါက ဘုရင်မင်းမြတ်က နင်ကျန်းကို ထီးနန်းလုပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် တရားဝင် အခွင့်အာဏာ ပေးအပ်ရမည်ဖြစ်ပြီး စစ်သည် အင်အား ငါးထောင် တိုးချဲ့ခွင့် ပေးရမည်။ ထျန်းရွဲ့ကာကွယ်ရေးတပ်မှုးဆိုသည့် ရာထူးကိုလည်း ပေးအပ်ရမှာ ဖြစ်သည်။

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အင်း... အဲဒါက ငါတို့ သဘောတူပြီးသား ကိစ္စပဲ။ ငါက နောက်ထပ် ဆုလာဘ် တစ်ခုခု ထပ်ပြီး ပေးချင်သေးတယ်။ ပြောစမ်း... မင်း ဘာလိုချင်လဲ။ ငါ့မှာ ရှိသရွေ့ ငါ မင်းကို ပေးမယ်”

ရှမ့်လန်က ခဏလောက် စဉ်းစားလိုက်သည်။

“ဒါဆိုရင်တော့ ကျုပ် အားမနာတော့ဘူး။ ကျုပ်ကို မင်းကြီးဘွဲ့ ပေးပါ”

“ရှမ့်လန်... မင်း ငါ့ကို သိပ်ပြီး အထင်ကြီးနေပြီ”

တော်ဝင်ရန်အင်ပါယာတွင်တောင်မှ တော်ဝင်သွေး မဟုတ်ပါက မင်းကြီးဘွဲ့ကို ပေးအပ်လေ့ မရှိကြချေ။ အောက်ပိုင်းနိုင်ငံများဆိုလျှင် တော်ဝင်သွေး သို့မဟုတ် မျိုးရိုးနာမည်တူနေခြင်း မရှိပါက မင်းကြီးဘွဲ့ကို ပေး၍ မရဆိုသည်က သံမဏိစည်းမျဉ်း ကဲ့သို့ပင် ဖြစ်လို့နေ၏။

“ရှမ့်လန်... မင်းမေ့နေပြီလား။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်တုန်းက အရှေ့ပိုင်းလောကမှာ ရှိနေတဲ့ နိုင်ငံအသီးသီးမှာ နယ်စားဘွဲ့တွေပဲ ရှိခဲ့တာ။ အင်ပါယာကျန်းလီ အာဏာရပြီး နောက်ပိုင်းမှာမှ မင်းကြီးဘွဲ့ ဆိုပြီး ပေါ်ပေါက်လာခဲ့တာ။ ရွှဲ့ပြည်နယ်တစ်ခုလုံးမှာ တော်ဝင်သွေးမဟုတ်တဲ့ မင်းကြီးဘွဲ့ရတဲ့သူဆိုလို့ ပျံ့ရှောင်းတစ်ယောက်ပဲ ရှိတယ်။ ကျုံးယောင်တောင်မှ နယ်စားဘွဲ့အဆင့်ပဲ ရှိတာမလား”

သို့ပေမည့် ပျံ့ရှောင်းက ဝူပြည်နယ်မှာ ရှိစဉ်တည်းက နယ်စားဘွဲ့အဆင့် ရှိ၏။ သူက မည်ကဲ့သို့သော ကောင်းကျိုးများကို ပြုလုပ်ခဲ့သနည်း။ ရွှဲ့ပြည်နယ်တစ်ခုလုံးကို ကယ်တင်ပေးခဲ့သူတစ်ယောက် ဖြစ်၏။ ဝူနှင့်ရွှဲ့ပြည်နယ်၏ ကြားထဲတွင် ရှိနေသည့် ကံကြမ္မာ တစ်ခုလုံးကို ပြောင်းလဲပေးခဲ့သူက ပျံ့ရှောင်းပင်။ ရွှဲ့ပြည်နယ်တစ်ခုလုံး ပျက်စီးလုနီးပါးဖြစ်ခဲ့သည့် တိုက်ပွဲကြီးကို အနိုင်ယူပေးနိုင်ခဲ့သည်သာမက သူက နင်ယွမ်ရှန်းကို နန်းပလ္လင် ဆက်ခံနိုင်ရန်အတွက် ကူညီပေးခဲ့သည်။

ထို့ကြောင့် ရွှဲပြည်နယ်က ခရိုင်ပေါင်းကိုးခုနှင့် လူသန်းနှင့်ချီသည့် ပိုင်ဆိုင်မှုများကို ရရှိခဲ့၏။ အခြေခံအားဖြင့် ပြောရမည်ဆိုလျှင် ရွှဲပြည်နယ်တွင် ဒုတိယမင်းကြီးဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ ပေါ်ပေါက်လာသည် ဆိုပါကလည်း ဤအရာက ကောင်းသည့်အရာမျိုး ဖြစ်လိမ့်မည် မထင်ပေ။

ဟုတ်ပေ၏။ ရှမ့်လန် တစ်ယောက် ပေါက်ပန်းလေးဆယ်များကို ပြောဆိုနေခြင်း ဖြစ်ကြောင်း ဘုရင်မင်းမြတ်က ကောင်းကောင်းသိ၏။ သူ့အတွက် တောင်းဆိုနေခြင်း မဟုတ်တန်ရာ။

“မင်းက နင်ကျန်းအတွက် မင်းကြီးဘွဲ့ကို လိုချင်တာ မဟုတ်လား” နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်”

ရှမ့်လန်က ပြောလိုက်၏။ “စတုတ္ထမင်းသား နင်ကျန့်က နယ်စားဘွဲ့ကို ရထားတယ်။ ဒါပေမဲ့ ပဉ္စမမင်းသားက မြို့စားဘွဲ့တစ်ခုပဲ ရှိတယ်။ ဒါက အနည်းငယ် ရုပ်ဆိုးတယ်လို့ ထင်ပါတယ်”

နင်ယွမ်ရှန်းက သက်ပြင်းကို ချလိုက်၏သည် “နင်ကျန်းမှာ မင်းလို မိတ်ဆွေတစ်ယောက် ရှိနေတာ ကံကောင်းခြင်းပဲ”

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... တကယ်လို့ မင်းသားနင်ကျန်းက နန်းပလ္လင်ကို ယှဉ်ပြိုင်ချင်တယ် ဆိုရင် သူ့အနေနဲ့ အနည်းဆုံး တခြားမင်းသား နှစ်ယောက်တို့နဲ့ ခြေရည်တူတဲ့ အခြေအနေမျိုး ဖြစ်ဖို့တော့ လိုအပ်တယ်။”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မင်းက စိတ်မရှည်ဖြစ်နေတာပဲ။ နင်ကျန်းက မကြာသေးခင်ကမှ မြို့စားဘွဲ့ကို ရထားတာလေ။ ပြီးတော့ ဒါက လအနည်းငယ်ပဲ ရှိသေးတယ်။ သူသာ ရုတ်တရက် မင်းကြီးဘွဲ့ကို ရသွားမယ်ဆိုလို့ရှိရင် မျှခြေတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ မင်းရဲ့ အခြေအနေကို အနည်းငယ် ပြောင်းပေးလိုက်။ ငါ့ရဲ့ လုပ်နိုင်စွမ်းထဲမှာရှိနေတဲ့ ဘာပဲဖြစ်ဖြစ် ငါ ကျိန်းသေပေါက် မင်း သဘောကျအောင် လုပ်ပေးမယ်။ ဒါပေမဲ့ တခြားသူတွေအတွက်တော့ လုပ်ပေးလို့မရဘူး။ မင်းအတွက်မင်းပဲ ဖြစ်ရမယ်”

အရှင်မင်းကြီးက တိုက်ရိုက်ဆန်လွန်း၏။ သူ၏ လုပ်ဆောင်နိုင်စွမ်းဘောင်အတွင်း ဤအရာက တကယ်ပင် အကန့်အသတ် များပြားလွန်း၏။ ဘုရင်မင်းမြတ်ဆိုလျှင်တောင်မှ လုပ်ချင်ရာကို ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

သူ၏ ကိုယ်ပိုင်အကျိုးကျေးဇူးအတွက် ရှမ့်လန်က ဦးနှောက်ကို သေသေချာချာ အလုပ်ပေးကာဖြင့် စဉ်းစားလျက် ရှိနေ၏။ သူ ဘာလိုချင်သနည်း။ အချိန်တော်တော်ကြာ တွေးတောပြီးသည့်နောက် သူက အလျော့ပေးလိုက်၏။ သူ့အနေနှင့် သူလိုချင်သည့်အကြောင်းအရာကို စဉ်းစား၍ပင် မရခဲ့ချေ။ ဤအရာက အံ့အားသင့်စရာ ကောင်းလွန်းနေသည်။

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်သည့်အချိန်မှာတော့ သူ့အနေနှင့် မည်သည့်အရာကို လိုချင်သည် ဖြစ်ကြောင်းကိုလည်း ရှာဖွေမတွေ့ရှိခဲ့ချေ။ သူ ... ရှမ့်လန်၌ ပိုက်ဆံရှိ၏။ ဩဇာအာဏာ ရှိ၏။ သူ လိုချင်သည်ဆိုပါက အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိ၏။ အောင်မြင်မှုအသီးအပွင့်၊ ချမ်းသာမှု၊ မိန်းမလှလေးများ ... အားလုံးကလည်း သူ့အနား ပတ်ဝန်းကျင်တွင် ရှိနေ၏။

ပြောရမည်ဆိုလျှင် လောကကြီးတစ်ခုလုံး ငြိမ်းချမ်းမှုကိုသာ လိုအပ်သည်။

ဘုရင်မင်းမြတ်ကလည်း ဘေးတစ်ဖက်မှကြည့်ပြီး ဆွံ့အလျက် ရှိနေ၏။ ရှမ့်လန်က တကယ့်ကို ကောင်းကျိုးပေါင်း များစွာကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် ရှမ့်လန်ကို တစ်စုံတစ်ခု ချီးမြှင့်ချင်မိ၏။ သို့ပေမည့် အဆုံးသတ်မှာတော့ ရှမ့်လန်က ဘာလိုချင်မှန်းပင် ကောင်းကောင်း မသိခဲ့ချေ။ သူ့အနေနှင့် ဘာကိုမှလည်း ပေး၍မရနိုင်သလို ဖြစ်နေ၏။ သောက်ကျိုးနည်းလှချေ၏။

“ဒါဆိုရင် ငါ ကျင်းမူကုန်းရဲ့ မင်္ဂလာပွဲကို စီစဉ်ပေးလိုက်မယ်ဆိုရင်ရော”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ပြော၊ မင်းဘယ်သူ့ကို နှစ်သက်လဲ။ ဘယ်လိုမိန်းကလေးပဲဖြစ်ဖြစ် ငါ ကျိန်းသေပေါက် ကျင်းမူကုန်းနဲ့ လက်ထပ်ပေးမယ်”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ သို့ပေမည့် ဤအရာက ဖြစ်နိုင်ဖွယ်ရာပင်။ ဝတုတ်က အသက် ၂၀ ပြည့်ပြီ ဖြစ်၏။ သို့ပေမည့် ရည်းစားဟူ၍ပင် မရှိသေးချေ။ တစ်ခါတရံ အိပ်ရာထဲတွင် လှဲပြီး မာယာမျဉ်းပြိုင်စာအုပ်ကို ဖတ်ရှုခြင်းကိုသာ ပြုလုပ်တတ်သူတစ်ယောက်ဖြစ်၏။

ယောက်ဖတစ်ယောက်အနေနှင့် သူ၏ယောက်ဖကို လက်တွဲဖော်တစ်ယောက် ရှာဖွေပေးရန် သူ၌ တာဝန်ဝတ္တရားအပြည့် ရှိ၏။ မဟုတ်ပါက သူ၏ယောက္ခထီးနှင့် ယောက္ခမကို မည်ကဲ့သို့ သွားရောက်ကာ ရှင်းပြရတော့မည်နည်း။

ပြောရမည်ဆိုလျှင် ကျူးဟုန်ကျူး၌ ကျူးနင်ဟုခေါ်သော မြေးတစ်ယောက် ရှိ၏။ သူမက တကယ့်ကို ကြင်နာလှပလွန်းသူ တစ်ယောက်ဖြစ်၏။ ထိပ်တန်းပါရမီရှင် အမျိုးသမီးတစ်ယောက်လည်း ဖြစ်သေးသည်။ ယခုနှစ်တွင် ၁၉ နှစ်ပြည့်မှာဖြစ်ပြီး ယခုထိလည်း လက်မထပ်ရသေးချေ။ သို့ပေမည့် သူမကို ချစ်ခင်နှစ်သက်နေသည့် ယောက်ျားလေးပေါင်းများစွာ ရှိနေသည်။

ထို့ကြောင့် ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ကျူးနင်ဆိုရင်ရော ဘယ်လိုသ‌ဘောရလဲ။”

“.........” ဘုရင်မင်းမြတ်က ရုတ်တရက် သက်ပြင်းကိုပင် ချလိုက်မိသည်။

ကျူးနင်က နန်းမြို့တော်ထဲရှိ ပါရမီရှင် အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမက ကျူးဟုန်ကျူး၏ အသက်သွေးရတနာ မြေးမလေးပင် ဖြစ်ပြီး ကျူးဟုန်ကျူး၏ လက်ထဲမှ အစစ်အမှန် ပုလဲပန်း တစ်ပွင့်ကဲ့သို့ပင်။ ထို့အပြင် နံပါတ်တစ်ပါရမီရှင် ဘွဲ့ထူးဆိုသည်မှာ မိမိဘာသာ မိမိသဘောဖြင့် ပေးအပ် ထားခဲ့ခြင်း မဟုတ်ပေ။ တခြားသောသူများက သူမကို တံဆိပ်ကပ်ပေးထားခြင်းသာ ဖြစ်၏။

ဤမိန်းကလေးက သိုသိုသိပ်သိပ်နှင့် နေထိုင်တတ်၏။ ဘယ်တော့မှ အိမ်ထဲမှ အိမ်ပြင် မထွက်ခဲ့ချေ။ သူမက တခြား ရှုပ်ရှုပ်ထွေးထေါး ပွဲလမ်းသဘင်များကိုလည်း တက်ရောက်ခြင်း မရှိချေ။ သူမက ထူးခြားလွန်းသည့် နိုင်ငံရေးစာတမ်းများ၊ ကဗျာများကိုလည်း လူသိရှင်ကြား ရေးသားခဲ့ခြင်းလည်း မရှိချေ။

ထိုသို့ဆိုလျှင် သူမက အဘယ်ကြောင့် နန်းမြို့တော်ထဲတွင် ပါရမီရှင် အမျိုးသမီးတစ်ယောက်အဖြစ် ဘွဲ့ထူးကို ရရှိနေရသနည်း။ ပထမဦးဆုံးအားဖြင့် ဝန်ကြီးချုပ်ကျူးဟုန်ကျူး၏ စာများ၊ နိုင်ငံရေးရာ စာတမ်း တော်တော်များများတို့က သူမ ရေးသားခဲ့ခြင်း ဖြစ်၏။ ဤအရာနှင့်ပင် အံ့အားသင့်စရာ ကောင်းနေပြီ မဟုတ်ပါလား။

ဒုတိယအားဖြင့် ယခုနှစ်တွင်မှ သူမက ၁၉ နှစ်ပြည့်မှာ ဖြစ်၏။ ကျိန်းသေပေါက် ကျော်ကြားသည့် မိသားစုတစ်ခု၏ မျိုးဆက်ဖြစ်ပြီး သူမကို လက်ထပ်ချင်သည့် လူပေါင်းများစွာတို့မှာ မြစ်ထဲမှာ ငါးများ ကဲ့သို့ပင် များပြားလွန်းလှ၏။ သူမဆီသို့ ရောက်ရှိလာခဲ့ပြီး သူမကို ကမ်းလှမ်းချင်သည့်လူ မည်မျှရှိသနည်း ဆိုသည်ကို ကျူးမိသားစုသာလျှင် သိရှိပေလိမ့်မည်။ သို့ပေမည့် သူမက အားလုံးတို့ကို ငြင်းပယ်ခဲ့၏။ ထိုအထဲတွင် ထိပ်တန်းကျောင်းတော်သားများပင်လျှင် ပါဝင်၏။

အပိုင်း (၅၅၂)

ကျူးဟုန်ကျူးက ပြောခဲ့ဖူး၏။ သူမ၏ လက်ထပ်ပွဲနှင့် ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည် ဆိုခြင်းပင်။ တကယ်၍ ယောက်ျားတစ်ယောက်ကို နှစ်သက်ခြင်း မရှိပါက မိသားစုအနေနှင့် သူမကို ဖိအားပေးလိမ့်မည် မဟုတ်ပေ။ များပြားလွန်းသည့် လူငယ်ကျောင်းတော်သားများက သူမဆီသို့ လာရောက်ကာ လည်ပတ်ခဲ့၏။ ပြီးနောက် ထိုသူတို့က နှစ်နာရီအတွင်း ရှုံးနိမ့်ပြီး ပြန်သွားခဲ့၏။

နားထောင်ရသည်မှာ ထူးဆန်းသလို ခံစားရပေလိမ့်မည်။ ဟုတ်ပေ၏။ နှစ်နာရီဆိုသည်မှာ စာဖတ်သူတို့ သုံးသပ်နေသည့် အကြောင်းအရာမျိုး မဟုတ်ချေ။ တိတိကျကျ ပြောရမည်ဆိုလျှင် ကျူးနင်က ပါရမီရှင် တစ်ယောက်ဖြစ်၏။ ထို့ကြောင့် နှစ်နာရီအတွင်း သူမ၏ ပါရမီကို ယှဉ်ပြိုင်ပြီး ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်၏။ အခြားသောစကားအရ ပြောရမည်ဆိုလျှင် သူမက ကျောင်းတော်သား ဒါဇင်ပေါင်းများစွာကို အနိုင်ယူခဲ့ပြီး ဖြစ်သည်။

ဟုတ်ပေ၏။ ဤအရာမှာ သူမအနေနှင့် နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်သင့်သည်ဟု အဓိပ္ပာယ် သက်ရောက်နေသည် မဟုတ်ပါလား။ သူမက ကျိန်းသေပေါက် ထိပ်တန်းကျောင်းတော်သား ဖြစ်လာပေလိမ့်မည်။

သို့ပေမည့် ဤမိန်းကလေးက များပြားလွန်းသည့် စာအုပ်စာပေများကို ဖတ်ပြီး အသိပညာကလည်း ကျယ်ပြော၏။ သူမ၏ အသိပညာက တကယ့်ကို နက်ရှိုင်းပြီး ကျယ်ပြန့်လွန်းလှ၏။ သူမအနေနှင့် ကျောင်းတော်သားပေါင်းများစွာကို အနိုင်ယူရရှိခဲ့ပြီးနောက် ကျော်ကြားလာခဲ့၏။ နန်းမြို့တော်ထဲတွင်ပင် ထိပ်တန်းပါရမီရှင် အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့၏။

ဤကဲ့သို့သော ဘွဲ့ထူးနှင့်ပတ်သက်၍ ကျူးကလန်မှာတော့ သိပ်ပြီးထူးခြားသည်ဟု မခံစားရပေ။ တခြားသော သူများအတွက် နန်းမြို့တော်ထဲတွင် ပါရမီရှင်အမျိုးသမီး ဖြစ်လာခဲ့ခြင်းက ဆုလာဘ်တစ်ခုဖြစ်၏။ သို့ပေမည့် ကျူးမိသားစုအတွက် ထိုအရာက သာမန်သာဖြစ်သည်။

အကယ်၍ မူလန်ကို ရွှမ်ဝူမြို့ထဲတွင် အလှပဆုံး မိန်းကလေးတစ်ယောက်ဟု ကင်ပွန်းတပ်မည်ဆိုပါက ရှမ့်လန်က ကျိန်းသေပေါက် ဒေါသတကြီးဖြစ်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူမြို့ထဲတွင် သာမက လောကကြီးတစ်ခုလုံးတွင်လျှင် အချောဆုံး မိန်းကလေးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

အတိုချုပ်အရ ပြောရမည်ဆိုလျှင် ဤကျူးနင်က ရင်ဆိုင်ရ ခက်ခဲသည့် လူတစ်ယောက် ဖြစ်၏။ သူမက ယခုနှစ်မှ ၁၉ နှစ် ပြည့်မည်ဆိုသော်လည်း အခုအချိန်ထိ လက်ထပ်ခဲ့ခြင်း မရှိချေ။ ကျူးမိသားစုကလည်း အလျင် မလိုချေ။ သူတို့ကလည်း ဤအရာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိကြပေ။

အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ဘုရင်မင်းမြတ်၏ သမီးတော်များသာလျှင် လက်ထပ်ရန် စိုးရိမ်ပူပန်ကောင်း ပူပန်ရနိုင်၏။ သို့ပေမည့် ကျူးမိသားစု၏ သမီးတော်မှာတော့ ကျိန်းသေပေါက် လက်ထပ်ပွဲ အတွက် စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ။

လောကတွင် ရှိနေသည့် လူပေါင်းများစွာတို့က ကျူးကလန်၏ သမီးကို လက်ထပ်ချင်စိတ် ရှိကြ၏။ သူတို့က ဘုရင်မင်းမြတ်၏သမီးကို လက်ထပ်သည်ထက် ကျူးမိသားစု၏သမီးကို လက်ထပ်ချင်စိတ်က ပိုများ၏။ ကျူးမိသားစု၏ တခြားသောအဖွဲ့ဝင်များက တော်ဝင်မိသားစုနှင့် နီးကပ်၏။ ကျူးဟုန်ရွှဲ့နဲ့ နင်ဟန်တို့က ဆရာတူတပည့်များ ဖြစ်ကြပြီး ကျူးဟုန်ပင်းကိုလည်း ဘုရင်မင်းမြတ် ကိုယ်တိုင် လီတစ်ထောင် မြင်းတစ်ကောင်ဟု ချီးကျူးခဲ့ဖူး၏။

သို့ပေမည့် ကျင်းမူကုန်းမှာတော့ တော်ဝင်မျိုးနွယ်များနှင့် ခပ်ဝေးဝေးတွင် နေထိုင်ပြီး နန်းတော်ထဲသို့ ဝင်ရောက်သည် ဆိုခြင်းက ရှားရှားပါးပါးဖြစ်၏။ ရှမ့်လန်ဆီမှ ဤကဲ့သို့ အလွန်တရာ မောက်မာဝင့်ကြွား ဂုဏ်ယူလွန်းသည့် နန်းမြို့တော်၏ ပါရမီရှင် အမျိုးသမီးတစ်ယောက်နှင့် ကျင်းမူကုန်းကို လက်ထပ်ပေးရန် တောင်းဆိုသည်ကို ကြားရချိန်က ဘုရင်မင်းမြတ်သည် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့၏။

ကံကောင်းစွာဖြင့် ရှမ့်လန်က လောကကြီး၏ ငြိမ်းချမ်းရေးအကြောင်းကို မပြောခဲ့ခြင်းပင်။ မဟုတ်ပါက ဘုရင်မင်းမြတ်က ကျိန်းသေပေါက် လောကကြီး၏ ငြိမ်းချမ်းရေးအကြောင်းကိုသာလျှင် ဆက်လက် ပြောဆိုရန် တိုက်တွန်းမိပေလိမ့်မည်။

သို့ပေမည့် နင်ယွမ်ရှန်းကလည်း ကျိန်းသေပေါက် ဂုဏ်သိက္ခာကို လေးစားသည့် လူတစ်ယောက် ဖြစ်၏။ သူက သူ၏ကလေးရှေ့တွင် သူ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသချင်သည့် အကြီးအကဲတစ်ယောက်နှင့် ဆင်တူ၏။ ထို့အပြင် သူက ရှမ့်လန်ကို ဆုလာဘ်တစ်ခု ပေးမည်ဟု အတင်းကာရော ပြောဆိုခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ပထမဦးဆုံး အခြေအနေတွင် ငြင်းပယ်ခဲ့ပြီး ဖြစ်သောကြောင့် ဒုတိယ အခြေအနေကိုတော့ သူက ငြင်းပယ်၍ မရနိုင်တော့ချေ။ ထို့ကြောင့် လေးလေးနက်နက် ပြုမူရပေလိမ့်မည်။

“ကောင်းပြီ။ ငါ ကြိုးစားပေးမယ်”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “မြို့တော်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ ကိုယ်တိုင်ကိုယ်ကျ ဝန်ကြီးချုပ်ကျူးဆီ သွားမယ်။ ပြီးတော့ ကျင်းမူကုန်းအတွက် လက်ထပ်ပွဲ မြန်းပေးတာပေါ့”

ပြောပြောပြီးချိန်မှာပဲ ဘုရင်မင်းမြတ်က ကျောရိုးမကြီးပင် စိမ့်တက်သွားမိ၏။ စောဏက ပြောဆိုခဲ့သည့် စကားလုံးများနှင့် ပတ်သက်၍ သူက တကယ်ပဲ နောင်တရမိ၏။ သူက သူ့ပြဿနာ သူရှာခဲ့ခြင်းပင်။ ဤကဲ့သို့ သွားရောက်ကာ မြန်းမည်ဆိုပါက ကျိန်းသေပေါက် ဂုဏ်သိက္ခာက ကျဆင်းဦးမှာ သေချာသည်။

ကျူးနင်ဆိုသည်မှာ မည်သူဖြစ်သနည်း။ သူမက ကျိန်းသေပေါက် ထိပ်တန်းကျောင်းတော်သားပင် မကခဲ့ချေ။ ကျင်းမူကုန်း ဆိုသည်ကရော မည်ကဲ့သို့သောသူမျိုး ဖြစ်သနည်း။

‘ကောင်းပြီလေ။ ငါ့ကို ချစ်လျှင် ငါ့ခွေးကိုလည်း ချစ်ရမယ်’

ဘုရင်မင်းမြတ်က လက်ရှိအခြေအနေမှာတော့ ကျင်းမူကုန်းနှင့်ပတ်သက်၍ ကောင်းမွန်သည့် ခံစားချက်များပင် တည်ရှိလာပြီး ဖြစ်၏။ သို့ပေမည့် အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ကျင်းမူကုန်း သည်သာ လုံလောက်အောင် အောင်မြင်နေသည်ဆိုပါက ရှမ့်လန်ကလည်း ကျင်းမိသားစု၏ သမက်တော် တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ကျင်းမူကုန်း အယောက်တစ်ရာပင်လျှင် ကျူးနင်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ဟုတ်ပေ၏။ ကျင်းမူကုန်းက အနည်းငယ်တော့ ချစ်ဖို့ကောင်း၏။ သို့ပေမည့် မည်သူမှ သူ့ကို မချစ်ခြင်းက ဆိုး၏။

……………..

စကားအနည်းငယ် ပြောပြီးနောက် ဘုရင်မင်းမြတ်၏ အမူအရာက အနည်းငယ်လေးနက်သွား ခဲ့၏။ သူက ပြောလိုက်သည်။ “ရှမ့်လန်.. မင်းရဲ့ နိဗ္ဗာနစစ်သည်တွေက အရမ်းကို အားကောင်းတယ်။ သူတို့လူ ဘယ်လောက်များများကို လေ့ကျင့်ပေးနိုင်သေးလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... အစစ်အမှန်တစ်ခုကို ကြားချင်တာလား”

“ဟုတ်တာပေါ့” ဘုရင်မင်းမြတ်က ပြန်ပြောလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒီစစ်သည်တွေက ဆက်ပြီးတော့ လေ့ကျင့်ပေးလို့ မရတော့ဘူး။ ကျင်းမိသားစုရဲ့ ထိပ်တန်းသံမဏိတွေ အကုန်လုံးကို ကျုပ်တို့ အသုံးပြုခဲ့ပြီးပြီမလို့ပဲ။ ဒီနိဗ္ဗာနစစ်သည်တွေက ၂၀၀၀ ကျော်တောင် ရှိတယ်။ ကျုပ်က စုစုပေါင်း ရွှေဒင်္ဂါးပေါင်း သိန်းနဲ့ချီပြီးတော့ အသုံးပြုခဲ့ရတယ်”

ဤစစ်တပ်ကြီးက တကယ့်ကို ဈေးကြီးသည် ဖြစ်ကြောင်း ဘုရင်မင်းမြတ်က သိရှိသည်။ သို့ပေမည့် ဤမျှလောက် ဈေးကြီးလိမ့်မည်တော့ မထင်မှတ်ခဲ့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကျင်းမိသားစုရဲ့ သံမဏိအလုပ်ရုံက ကျုပ်တို့မိသားစု ပိုင်တယ်ဆိုပေမဲ့ ဒီပစ္စည်းတွေကို ရရှိဖို့အတွက်ကတော့ ကျိန်းသေပေါက် ပိုက်ဆံတွေ အသုံးပြုခဲ့ရတာပဲ။ ကျုပ်တို့မိသားစု ပိုင်ဆိုင်တယ်ဆိုပြီး အလဟသ လျှောက်ပြီး သုံးလို့မှ မဖြစ်တာ။”

ဟုတ်ပေ၏။ ဘုရင်မင်းမြတ်ကလည်း ကောင်းကောင်း နားလည်၏။ မိသားစု၊ မိသားစုတိုင်းက ထိုကဲ့သို့ပင် ဖြစ်၏။ ဥပမာအားဖြင့် တော်ဝင်စစ်တပ်က သူ၏ ပိုင်ဆိုင်မှု ဖြစ်၏။ ထို့အပြင် တော်ဝင် အလုပ်ရုံကလည်း သူ ပိုင်ဆိုင်သည့်အရာပင်။ သို့ပေမည့် တော်ဝင်စစ်တပ်အနေနှင့် တော်ဝင်အလုပ်ရုံဆီမှ ပစ္စည်းပစ္စယများကို ဝယ်ယူသည့်အချိန်တွင် ငွေပေးဝယ်ရ၏။ မဟုတ်ပါက ရှုပ်ထွေးနိုင်၏။

ရှမ့်လန်က ပြောလိုက်သည်။ “သာမန်အရ ပြောရမည်ဆိုရင် တစ်ယောက်ချင်းစီတိုင်းက ခဲဓားငါးချောင်းနဲ့ လေ့ကျင့်ခဲ့ရတယ်။ ဒီလူတွေအတွက်ကို စုစုပေါင်း ခဲပေါင်း ၁၀၀၀ ကတ်တီနီးပါးလောက် အသုံးပြုခဲ့ ရတာလေ။ ဒီတစ်ခေါက် ကောင်းကင်တာအိုအဖွဲ့အစည်းက ဒီပစ္စည်းတွေ အကုန်လုံးကို ချေးငှားပေးခဲ့တယ်။

ပြီးတော့ သူတို့ကို နေ့စဉ်နေ့တိုင်း ဆေးရည်လည်း စိမ်ခိုင်းရသေးတယ်။ ဒီဆေးရည်စိမ်တာက ငွေကြေး တော်တော်ကုန်တယ်။ ကောင်းကင်တာအိုအဖွဲ့အစည်းက စီရင်စု တော်တော်များများမှာ ရှိနေတဲ့ တန်ဖိုးကြီးဆေးပင်တွေ အကုန်လုံးကို ဝယ်ယူခဲ့ရတယ်။

မင်းသား နင်ကျန်းရဲ့ ပထမဦးဆုံး နန်းပလ္လင်အတွက် တိုက်ခိုက်မှုက စတင်ရုံပဲ ရှိသေးတယ်။ ဒါပေမဲ့ လောလောဆယ် ကျုပ်တို့က ကောင်းကင်တာအိုအဖွဲ့အစည်းပေါ်မှာ ရွှေဒင်္ဂါး ၅ သိန်း ၃ သောင်းလောက် အကြွေးတင်နေပြီ”

ဤပိုက်ဆံများက ရှမ့်လန် ချေးငှားခဲ့သည့် ပိုက်ဆံများ ဖြစ်၏။ သို့ပေမည့် အကြွေးရှင်ကတော့ နင်ကျန်း ဖြစ်၏။ ရှမ့်လန်ကို နောက်ကွယ်မှ ပိုက်ဆံ ပြန်လည်ကာ ပေးရပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်၏ စစ်တပ်အတွက် အသုံးပြုခဲ့သည့် ငွေပမာဏက ကျိန်းသေပေါက် များပြားလွန်းလှ၏။ စစ်သည်ပေါင်း ၁၀,၀၀၀ ကျော်လောက်ကို လက်နက်တပ်ဆင်ပေးရန် လုံလောက်သည့် ပိုက်ဆံမျိုးပင်။

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ တကယ်လို့ အချိန်သာ လုံလောက်မယ်ဆိုရင် ကျုပ်အနေနဲ့ နောက်ထပ် ဒီလိုစစ်သည်မျိုး ၃၀၀၀ ကျော်လောက်ကို ထပ်ပြီး လေ့ကျင့်ပေးရပေလိမ့်မယ်။ ဒါပေမဲ့ အရှင်မင်းကြီး... နောက်ထပ် ဖြစ်ပွားမယ့် စစ်ပွဲကြီးမှာ ဒီစစ်သည်တွေကို အသုံးပြုချင်တာလား”

နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒါက မဖြစ်နိုင်ဘူး။ ကျင်းမိသားစုရဲ့ အလုပ်ရုံက အနည်းဆုံး ဒီလို ထိပ်တန်းသံမဏိ အရေအတွက်များများကို ထုတ်လုပ်ဖို့ဆိုရင် နောက်ထပ် တစ်နှစ်လောက် စောင့်ရလိမ့်မယ်။ ပြီးတော့ ဒီနိဗ္ဗာနစစ်တပ်က မြေပြင်တိုက်ခိုက်မှုမှာသာ အားကောင်းတာ။ နန်အိုနိုင်ငံရဲ့ တိုက်ပွဲတည်နေရာမှာတော့ တကယ့်ကို ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ဖြစ်နိုင်တယ်။”

ဘုရင်မင်းမြတ်က ခေါင်းညိတ်လိုက်သည်။ နန်အိုနိုင်ငံက သစ်တောများ၊ လျှိုမြောင်များ ပေါများသည့် နေရာဖြစ်၏။ နယ်မြေတည်နေရာက ကျဉ်းမြောင်း၏။ ထို့ကြောင့် ဤကဲ့သို့ လေးလံသည့် သံမဏိချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့သည့် စစ်သည်များ ဝင်ရောက်တိုက်ခိုက်သည် ဆိုပါက လွတ်လွတ်လပ်လပ် လှုပ်ရှားတိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။

ဤနေရာတွင် တောထဲသို့ သွားလာတိုက်ခိုက်ခဲ့ဖူးသည့် စစ်သည်များကသာလျှင် ပိုမိုကာ အသုံးဝင်ပေလိမ့်မည်။ နိဗ္ဗာနစစ်သည်များကို တိုက်ခိုက်စေချင်သည်ဆိုပါက ကျိန်းသေပေါက် တည်နေရာကျယ် တစ်ခုကို ရှာဖွေရပေလိမ့်မည်။

“ဒါပေမဲ့ အရှင်မင်းကြီး... ကျုပ်အနေနဲ့ နိဗ္ဗာနစစ်သည်တွေကို နောက်ထပ်တစ်ဖွဲ့ လေ့ကျင့်ပေးဖို့အတွက် ပြင်ဆင်ခဲ့ပြီးသားပါ”

ရှမ့်လန်က ပြောလိုက်သည်။ “နိဗ္ဗာနစစ်သည်တွေရဲ့ ဒုတိယအသုတ်က ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။ ဒါပေမဲ့ သူတို့က ဓားမော့ရှည်တွေကို အသုံးပြုမယ့်လူတွေ မဟုတ်တော့ဘူး။ အဲဒီအစား နန်အိုတိုက်ပွဲအတွက် သင့်တော်တဲ့ စစ်တပ်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ သူတို့က မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာနိုင်တဲ့ လေးသမားတွေ ဖြစ်လိမ့်မယ်။ သူတို့က စုစုပေါင်း လူဦးရေ ၃၀၀၀ လောက် ရှိလိမ့်မယ်”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “လူဦးရေ ၃၀၀၀ က စစ်ပွဲတစ်ခုလုံးရဲ့ အလှည့်အပြောင်းကို ပြောင်းလဲဖို့ဆိုတာ မနည်းလွန်းဘူးလား”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... တကယ်လို့ တစ်ယောက်ချင်းစီတိုင်းက နှစ်ပိဿာလေးကို ကိုင်ဆွဲပြီး အသက်ရှုရှိုက်စာ အနည်းငယ်အတွင်း မြားပေါင်း ရာချီကို တိတိကျကျ ပစ်နိုင်စွမ်းရှိတဲ့ လူတွေဆိုရင်ရော ... ”

နင်ယွမ်ရှန်းက မျက်လုံးပြူးသွား၏။ ဤအရာက မဖြစ်နိုင်ချေ။ လက်ရှိအခြေအနေမှာတော့ တော်ဝင်ရန် နိုင်ငံ၏ လက်ရွေးစင် မြားပစ်သမားများပင်လျှင် တစ်ပိဿာကျောက်လေးကို ပစ်နိုင်၏။ ကျောက်လေးက တကယ့်ကို လေးလွန်းလှသည့်အရာဖြစ်ပြီး ကျွမ်းကျင်သည့် မြားသမားများသာ အသုံးပြုနိုင်စွမ်း ရှိနေ၏။

ပစ်ရသည့် မြား၏ အကွာအဝေးကလည်း ခြေလှမ်း ၁၅၀ အတွင်းတွင် ရှိ၏။ ထို့အပြင် နှစ်ပိဿာ ကျောက်လေးနှင့် ပစ်ခတ်မည်ဆိုပါက အနည်းဆုံး ခြေလှမ်း ၂၅၀ လောက်ကိုပင် ရောက်နိုင်စွမ်းရှိ၏။ ထို့အပြင် မြားပေါင်း ၁၀၀ ကျော်ကို တကယ့်ကို တိတိကျကျ ပစ်ခတ်နိုင်စွမ်း ရှိမည်လား။ နင်ယွမ်ရှန်းအနေနှင့် အထူးတပ်ဖွဲ့ဆိုသည့်အရာကို ကြားဖူးလိမ့်မည် မဟုတ်ချေ။

ဟုတ်ပေ၏။ ရှမ့်လန်က သူ၏ စစ်သည်များအားလုံးကို အထူးတပ်သားများကဲ့သို့ပင် လေ့ကျင့်ပေးချင်စိတ် ရှိ၏။ ထို့အပြင် လူ ၃၀၀၀ ကို အသုံးပြုကာ လေ့ကျင့်ပေးချင်ခြင်းပင်။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “နှစ်ပိဿာလေးနဲ့ မြားပေါင်း ရာချီကို ပစ်ခတ်ဖို့ဆိုတာ တကယ့်ကို ကြီးမားတဲ့ အားအင်တွေ လိုတယ်။ နိဗ္ဗာနတပ်သားတွေတောင်မှ ဒီလောက် အားကောင်းတဲ့ ခွန်အားမျိုး ရှိမှာမဟုတ်ဘူး။ ပြီးတော့ နှစ်ပိဿာလေးဆိုတာ အများအပြား ထုတ်လုပ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး။”

ဟုတ်ပေ၏။ လက်မောင်းအား ပေါင် ၅၀၀ ရှိသည်ဆိုလျှင်တောင် နှစ်ပိဿာလေးနှင့် မြားပေါင်း ရာချီကို ပစ်ခတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဤအရာက အလွန်လေးသည့် အထူးလေးကြီးများ ဖြစ်သောကြောင့်ပင်။

ထို့အပြင် လောကကြီးတွင် ရှိနေသည့် လေးများအားလုံးကို သစ်သားနှင့် ပြုလုပ်ထားခဲ့ခြင်း ဖြစ်၏။ သမိုင်းကြောင်းအရ ပြောရမည်ဆိုလျှင် အင်္ဂလန်က လေးရှည်ကြီးများကို အသုံးပြုကြ၏။ ထိုသူတို့၏ မြား အတိုဆုံးက ၀.၅ မီတာခန့်ရှိပြီး အရှည်ဆုံးက ၂ မီတာတောင် ကျော်၏။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ပေါင် ၁၀၀ ကျော်လေး၏။

သာမန်လေးဆွဲခြင်းအတွက် လေးကိုဆွဲလေ အားပိုလိုအပ်လေပင်။ လေးကို အဆုံးထိ ဆွဲချိန်၌ မြှားဦးက ခါပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ ခက်ခဲသွားပေလိမ့်မည်။ လေးကို ဆွဲရင်းနှင့် လေး၏ပစ်မှတ်က ယိုင်နဲ့သွားခဲ့သောကြောင့် ပစ်မှတ်ကို တည့်တည့် ထိမှန်ဖို့ဆိုသည်မှာ ပိုမိုကာ ခက်ခဲသွားသည်။

သို့ပေမည့် ရှမ့်လန်ကတော့ ခေတ်မီကွန်ပေါင်းလေးများကို ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ထားခဲ့၏။ သူ အခု အလူမီနီယမ်အလွိုင်းနှင့် မလုပ်နိုင်ပေမဲ့ ခံနိုင်ရည်မြင့်လွန်းသည့် သံမဏိများ အသုံးပြုကာ ပြုလုပ်နိုင်လိမ့်မည်ဟုတော့ တွေးတောထား၏။ ကာဗွန်ပါဝင်မှုနည်းသည့် သံမဏိလေးများက ကြီးမားသည့် အားအင်အဆင့်ကို ပေးစွမ်းနိုင်မှာ သေချာ၏။

ဤအရာက မြားပစ်သမားများအတွက် ခေတ်ပြောင်းတော်လှန်ရေး တစ်ခုကဲ့သို့ပင် ဖြစ်လာပေလိမ့်မည်။ ဗလာသွေးမျိုးဆက်ပိုင်ရှင်များက အာရုံစူးစိုက်နိုင်စွမ်း ရှိကြောင်းကို ရှမ့်လန်က သိရှိထား၏။ ဒါက ထိုသူတို့၏ သဘာဝပင် ဖြစ်သည်။

ထိုသို့ဆိုလျှင် ဒုတိယအသုတ် နိဗ္ဗာနတပ်သားများကိုလည်း သွေးမျိုးဆက် ပြောင်းလဲပြီးသည်နှင့် တပြိုင်နက် မြားပစ် လေ့ကျင့်ရေးကို ဝင်ရောက်ကြပေလိမ့်မည်။ ထိုသူတို့က ဓားသမားများကဲ့သို့ပင် လအနည်းငယ် အတွင်း မြားပစ်ခြင်းကို အကြိမ်ပေါင်း သန်းချီ လေ့ကျင့်ကြမှာ ဖြစ်၏။

ဤလူများ၏ စိတ်နှလုံးက ငြိမ်သက်လျက်ရှိနေသည့် ရေကဲ့သို့ပင် ဖြစ်ပြီး အာရုံစူးစိုက်မှုကလည်း တကယ့်ကို ကောင်းလွန်း၏။ မြားပစ်လေ့ကျင့်ခြင်းအပေါ် အာရုံစိုက်သည်ဆိုပါက မည်သည့်အကျိုးကျေးဇူးများကို ရရှိလာလိမ့်မည်နည်း။ ကျိန်းသေပေါက် ထိရောက်သည့် အကျိုးကျေးဇူးများဖြစ်ပေမည်။

ဤကဲ့သို့သော လေးသမား ၃၀၀၀ ပါဝင်သည့်အဖွဲ့ဆိုသည်မှာ မည်သည့်တပ်တော်အတွက်မဆို အိပ်မက်ဆိုးကြီး ဖြစ်လာပေလိမ့်မည်။ နိဗ္ဗာနတပ်တော်၏ ဓားသမားအဖွဲ့က အနီးကပ် တိုက်ခိုက်ပွဲများအတွက် အသုံးပြုမှာ ဖြစ်ပြီး အထူးလေးသမားများအဖွဲ့ကတော့ အဝေးပစ်တိုက်ပွဲများ၌ အသုံးပြုရပေလိမ့်မည်။ ဤတပ်တော်နှစ်ခုကို ပေါင်းစပ်လိုက်သည်ဆိုပါက ပြိုင်ဘက်ကင်းနီးပါး ဖြစ်သွားပေလိမ့်မည်။ ရှမ့်လန်၏ အထူးလေးသမား ၃၀၀၀ အပေါ် ထားရှိသည့် မျှော်လင့်ချက်က အလွန်ကြီးမားသည်။

သမိုင်းကြောင်းအရ အင်္ဂလန် လေးရှည်ပစ်ခတ်သူများက ပြင်သစ်တပ်မတော်ကို အပြတ်အသတ် ချေမှုန်းခဲ့ဖူး ၏။ အင်္ဂလန်စစ်သား ၆၀၀၀ ကျော်က ပြင်သစ်တပ်မတော် ၃၀,၀၀၀ ကျော်ကို ဝင်ရောက်တိုက်ခိုက်၏။ အင်္ဂလန်စစ်တပ် ၆၀၀၀ တွင် လေးရှည်ပစ်ခတ်သူ ၅၀၀၀ ပါဝင်၏။

ရလဒ်အားဖြင့် ပြင်သစ်စစ်သည်ပေါင်း ၁၀,၀၀၀ ကျော် အသတ်ခံခဲ့ရပြီး သူတို့ဘက်မှာ အသေအပျောက်က ၃၀၀ ထက် မပိုခဲ့ချေ။ ထိုအရာက မယုံကြည်နိုင်လောက်အောင် အံ့အားသင့်စရာကောင်းသည့် အောင်ပွဲ တစ်ရပ်ပင် ဖြစ်သည်။ (agincourt စစ်ပွဲ ဖြစ်နိုင်သည် - ဘာသာပြန်သူ)

ရှမ့်လန် လေ့ကျင့်ပေးမည့် ဒုတိယ နိဗ္ဗာနတပ်တော်က အရေအတွက် မများသော်လည်း တိုက်ခိုက်နိုင်စွမ်းက ထိုအင်္ဂလန်၏ လေးရှည်ပစ်ခတ်သူများထက် သာလွန်မှာတော့ သေချာ၏။ ထိုသို့ဆိုလျှင် ထိုသူတို့က စစ်မြေပြင်တွင် မည်ကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ပြသမည်နည်း။ လုံးဝစိတ်ကူးယဉ်၍ပင် မရနိုင်ချေ။

ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက ဤတပ်တော်အကြောင်းကို သုံးသပ်ရင်း စိတ်ကူးယဉ်ကမ္ဘာထဲသို့ပင် ရောက်ရှိနေ၏။ ရုတ်တရက် သူက မနေနိုင်ဘဲ မေးလိုက်မိ၏။ “ရှမ့်လန်... မင်း ဒီလောက်ထိတောင် လုပ်ပြီးမှတော့ ဘာလို့ ဒီတပ်မတော်ကို ကျင်းမိသားစုရဲ့ တပ်မတော်အဖြစ် လေ့ကျင့် မပေးရတာလဲ”

ရှမ့်လန်က ပြန်လည်ကာ မေးမြန်းလိုက်သည်။ “ပြီးတော့ရော၊ ကျုပ်က ကျင်းမိသားစုကို ဦးဆောင် ပုန်ကန်ရမှာလား။ ရွှဲ့နိုင်ငံရဲ့ ဘုရင်လုပ်ရတော့မှာလား။ ပြီးတော့ အရှင်မင်းကြီးက ကျုပ် ယောက္ခထီးကို ဘုရင် ဖြစ်စေချင်တာလား။ ကျုပ်ကို ဘုရင် ဖြစ်စေချင်တာလား။ ဒါမှမဟုတ် ကျင်းမူကုန်းကို ဘုရင် ဖြစ်စေချင်တာလား။”

‘ဟမ်... ရှမ့်လန်က ဘုရင်လုပ်မည်တဲ့လား’

ဤဖြစ်နိုင်ချေကို သုံးသပ်မိလိုက်တော့ ဘုရင်မင်းမြတ်က မအံ့သြဘဲ မနေနိုင်တော့ချေ။ ဤကဲ့သို့သော ပြဿနာကောင်သာ ဘုရင်လုပ်သည်ဆိုပါက ပြည်သူများ အမှန်တကယ် ဒုက္ခရောက်ပေလိမ့်မည်။

ထို့အပြင် ရှမ့်လန်၏ ရည်မှန်းချက်က အိမ်ရှေ့စံမင်းသား၊ ရွှယ်မိသားစုနှင့် တတိယမင်းသားတို့ကို ဖယ်ရှားဖို့ပင် ဖြစ်၏။ နင်ကျန်းကို ထောက်ခံပေးခြင်းက တွက်ခြေကိုက်သော လုပ်ငန်းစဉ်ပင် ဖြစ်သည်။

ရှမ့်လန်၏စိတ်ထဲတွင် ကျင်းမိသားစုက ဘုရင်ဖြစ်မည့် ကံဇာတာ မပါလာချေ။ ထို့အပြင် သူ ကိုယ်တိုင် ကလည်း ထိုကဲ့သို့သော ကံမျိုးမပါလာဘူး ဆိုသည်ကို သိရှိထားပြီးသား ဖြစ်၏။ သူက အာဏာ၏ အရသာကိုသာ ခံစားချင်၏။ တာဝန်ကို ထမ်းဆောင်ချင်စိတ်မရှိချေ။ ဂုဏ်သရေနှင့် စည်းစိမ်ဥစ္စာကိုသာ လိုချင်၏။ လုံ့လဝီရိယနှင့် ပြည်သူပြည်သားများအပေါ် ချစ်ခင်နှစ်သက်ရန် သူက စိတ်ဆန္ဒ မရှိချေ။

သူ ကြည့်မရသည့်လူ တစ်စုံတစ်ယောက်ကို တွေ့သည်ဆိုပါက ကျိန်းသေပေါက် သည်းခံနိုင်မှာ မဟုတ်ဘဲ တစ်ခါတည်း သတ်ဖြတ်မှာ သေချာသည်။

All Chapters