အခန်း (၅၅၅-၅၅၆)
Vol. 37 Ch. 555-556
အပိုင်း (၅၅၅)
သို့ပေမည့် ရှမ့်လန် တွက်ချက်ထားသည်မှာ နန်းမြို့တော်က အရင်းမြစ် ပိုမိုများပြားပြီး နေထိုင်မှု အဆင့်အတန်း မြင့်မားသောကြောင့် ဗလာသွေးမျိုးဆက် ပိုင်ရှင်များ၏ ရှင်သန်နိုင်စွမ်းက ပိုမို မြင့်မား၏။ ဝေးလံခေါင်ဖျားသည့် ဒေသများတွင်တော့ ဘဝက ခက်ခဲကြမ်းတမ်းသည့်အတွက် အသက်ရှင်သန်နိုင်စွမ်းက နိမ့်ကျပေလိမ့်မည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ရှမ့်လန် ဤလောကဆီသို့ မရောက်ခင် မူလခန္ဓာကိုယ်ပိုင်ရှင် ကဲ့သို့ပင် ဖြစ်၏။ သာမန်မိသားစုသာဆိုလျှင် အငတ်ဘေးနှင့် သေလျှင်သေ၊ မဟုတ်လျှင် ချောက်ထဲသို့ ပစ်ချခံရပြီး သေနေလောက်ပြီ။ သူ၏ မိဘနှင့် ညီလေးတို့က သူ့ကို ကာကွယ်ပေးပြီး ချစ်ပေးခဲ့၏။ ထို့ကြောင့်သာလျှင် မူလလက်ဟောင်း ရှမ့်လန်က ဤအသက်အရွယ်အထိ ကြီးပြင်းလာခဲ့ခြင်း ဖြစ်၏။
အစပိုင်းတုန်းက ရှမ့်လန်က မူလလက်ဟောင်းပိုင်ရှင်သည် ဗလာသွေးမျိုးဆက်ရှိသည်ဟု ထင်မှတ်ခဲ့၏။ နောက်ပိုင်း အသေးစိတ် လေ့လာကြည့်သည့်အချိန်မှာတော့ သူ့ခန္ဓာကိုယ်၏ သွေးမျိုးဆက်က ပိုပြီး ထူးခြားနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဗလာသွေးမျိုးဆက်ပိုင်ရှင်များက ဦးနှောက်မရှိသူများ မဟုတ်ချေ။ သူတို့က အော်တစ်ဇင်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကပေါက်ကချာ ဖြစ်နေရုံသာ ရှိ၏။ အာရုံခံစားမှု လွယ်ပြီး အာရုံစူးစိုက်မှုကလည်း ကောင်း၏။ ရှမ့်လန် မရောက်ရှိလာခင် မူလခန္ဓာကိုယ်ပိုင်ရှင်ကတော့ အခြေခံအားဖြင့် ဦးနှောက်မရှိသည့် အရူးသာလျှင် ဖြစ်၏။
အဓိကအကြောင်းအရာကို ပြန်ဆက်ရမည်ဆိုလျှင် ပဏာမ စာရင်းများအရ နန်းမြို့တော်မှလွဲ၍ ရွှဲ့ပြည်နယ် တစ်ခုလုံးတွင် ဗလာသွေးမျိုးဆက်ပိုင်ရှင်အရေအတွက်က ၃၇၀၀ လောက်သာလျှင် ရှိ၏။ ရှမ့်လန် ခန့်မှန်းထားသည့် တစ်ဝက်တောင် မရှိချေ။ ယခုထက် ပိုမိုကာ ရှိသင့်၏။ စွန့်ပစ်ခံရပြီး သေဆုံးကုန်ကြခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။
ထို့အပြင် အသက်ရှင်ကျန်ရှိသူများ၏ နေထိုင်မှုဘဝကလည်း ရှမ့်လန် ထင်ထားသည်ထက်ပင် ပိုမို၍ အများကြီး ဆိုးရွား၏။ ထိုသူတို့ကို အချိန်တိုအတွင်း ကယ်တင်ပြီး နန်းမြို့တော်သို့ ခေါ်လာရပေလိမ့်မည်။ ထိုသူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးရပေလိမ့်မည်။ ပြုပြင်ပြောင်းလဲရပေလိမ့်မည်။ ဒုတိယ နိဗ္ဗာနတပ်သားများ ဖြစ်လာစေရမည်။ ပိုမို၍ အံ့မခန်း တိုက်ခိုက်နိုင်စွမ်းရှိသည့် အထူးတပ်ဖွဲ့၊ အထူး လေးသည်တော်များ ဖြစ်လာပေရမည်။
“ယောက်ျား.. အနားယူရအောင်။” ပင်းအာက ညုတုတုဖြင့် ပြောလိုက်၏။
ရှမ့်လန် လှည့်ကြည့်သည့်အချိန်မှာတော့ ပင်းအာ၏ ခန္ဓာကိုယ်ပေါ်တွင် ရင်ကာလေးတစ်ခုသာလျှင် ကျန်ရှိတော့၏။ သူမ၏ နူးညံ့ဖြူဖွေးသည့် ခန္ဓာကိုယ်က နှင်းပွင့်ကဲ့သို့ပင် ဆွဲဆောင်မှု ရှိ၏။ ရှမ့်လန်က ကြောင်အသွားခဲ့၏။ အိမ်ထဲတွင် မီးဖို ရှိနေသော်လည်း ယခုက ဖေဖော်ဝါရီလသာ ရှိသေး၏။ ရာသီဥတုက အေးနေတုန်းပင်။ “ပင်းအာ.. မအေးဘူးလား”
မိခင်ဖြစ်သူကို ဤကဲ့သို့မြင်သည့်အချိန်မှာတော့ ကလေးငယ်က မျက်လုံးပြူးသွား၏။ ဖခင်ကို တလှည့်၊ မိခင်ကို တလှည့် ကြည့်၏။ ‘ဒါ ဘာသဘောလဲ။’
“လိမ္မာတဲ့သမီးလေး၊ အိပ်တော့နော်”
ပင်းအာက နို့တိုက်ပြီး သမီးကို ချော့သိပ်ရန် ကြိုးစားသည်။ “သမီးလေးက လိမ္မာတယ်။ အိပ်တော့နော်။ အမေ လုပ်စရာရှိတယ်။ မနှောက်ယှက်နဲ့”
ထိုအချိန်မှာပဲ မင်းသမီးနင်ယန်၏ အသံက အပြင်မှ ထွက်လာ၏။ “ပင်းအာ.. ဒီနေ့ ငါ့အလှည့်နော်။ ပင်းဆိုးလေး”
ယခု နင်ယန်က ပင်းအာ၏ နာမည်ပြောင်ကိုတောင် သိရှိလို့နေခဲ့သည်။
ရုတ်တရက် ပင်းအာ၏ မျက်နှာက ငိုချင်စိတ်များ ပေါက်နေ၏။ “သမီးလေး... အကုန်လုံးက နင့်ကြောင့်ပဲ။ နင်စောစောမအိပ်လို့ ဖြစ်တာပဲ”
ရှမ့်မီလေးက နို့ကို အားပါးတရ စို့လျက်ရှိနေ၏။ ကျန်သည့်အရာကို ဂရုမစိုက်ပေ။
..............
နောက်ပိုင်းရက်တွေမှာတော့ နင်ကျန်းခမျာ ရူးမတက် အလုပ်ရှုပ်လို့ နေခဲ့၏။ သူက ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုး တာဝန်ကို တရားဝင် လက်ခံရယူရ၏။ အရူးလန်နှင့် နာကျည်းမှု၊ နိဗ္ဗာန တပ်သားများနှင့် လန်ညီနောင် ဆယ်ယောက်တို့ အားလုံးက သူ့နောက်သို့ လိုက်ပါသွားကြသည်။
ရှမ့်လန်ကလည်း ရှင်းပြ၍ မရနိုင်အောင်ပင် ထျန်းရွှဲ့ကာကွယ်ရေးရုံး၏ အကြီးအကဲအရာရှိတစ်ယောက် ဖြစ်လာ၏။ သို့ပေမည့် သူက ထျန်းရွှဲ့ကာကွယ်ရေးရုံးကို ခြေတစ်လှမ်းတောင် မလှမ်းသေးချေ။ အသေးအဖွဲ ကိစ္စများဖြင့် သူ့ကို လာမရှာရန် မှာကြားထား၏။ သူ .. ရှမ့်လန်က အခွင့်အရေးကို အရယူသူတစ်ယောက် ဖြစ်၏။ တာဝန်ကိုတော့ မယူချင်ပေ။
နင်ကျန်းကတော့ ခက်ခဲကြမ်းတမ်းသည့် စစ်ဘက်ဆိုင်ရာဘဝကို စတင်ခဲ့၏။ သူ ယခင်က ဘာရာထူးမှ မယူခဲ့ဖူးချေ။ ရုတ်တရက် ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုး ရာထူးကို ရရှိပြီးသည့်နောက် မြို့တော် တစ်ခုလုံး၏ ကာကွယ်ရေး၊ လုံခြုံရေး စသည့်အရာများကို တာဝန်ယူရ၏။
သူက အတော်လေး ဒုက္ခရောက်သည်ဟု ပြောရပေမည်။ အထူးသဖြင့် တတိယမင်းသားနှင့် အိမ်ရှေ့စံ မင်းသားတို့၏လူများက သူနှင့် မပူးပေါင်းကြချေ။ ထို့အပြင် ပြဿနာ မဖြစ်ဖြစ်အောင် နည်းလမ်းပေါင်းစုံ နှောင့်ယှက်ကြသည်။
ဤကာလအတွင်း မြို့တော်၏ လုံခြုံရေးက သိသိသာသာ ယိုယွင်းလာခဲ့၏။ တရားဥပဒေ စိုးမိုးရေးကလည်း အတော်လေး ပျက်ပြားနေသည်ကို ရှမ့်လန်တောင် ခံစားလို့ ရ၏။ သို့ပေမည့် သူက ဝင်မကူညီချေ။ ဘုရင်မင်းမြတ်ကလည်း ဝင်ရောက်မကူညီချေ။ ကိုယ့်ကိစ္စ ကိုယ်လုပ်ရပေလိမ့်မည်။
နင်ကျန်းကလည်း မငြီးငြူချေ။ နေ့စဉ်နေ့တိုင်း စစ်သေနာပတိရုံးမှာပဲ စားလိုက်၊ အိပ်လိုက်၊ အလုပ် လုပ်လျက်ရှိ၏။ တစ်နေ့ကို လေးနာရီသာ အိပ်၏။ ကျန်သည့်အချိန်များတွင် မြို့တော်၏ နေရာအနှံ့ဆီသို့ သွားရောက်ပြီး ဗြောင်တစ်မျိုး၊ လျှို့ဝှက်၍တစ်ဖုံ စုံစမ်းစစ်ဆေးလို့ နေ၏။
မြို့၏ တံခါးတိုင်း၊ မြို့ထဲတွင် ရှိနေသည့် ဂိုထောင်တိုင်း၊ တပ်ဖွဲ့တိုင်းကို သူက လိုက်လံကာ စစ်ဆေး၏။ အဘယ်ကြောင့်ဆိုသော် စုံစမ်းစစ်ဆေးမှုမရှိလျှင် သူ့၌ ပြောရေးဆိုခွင့် မရှိသောကြောင့်ပင်။ တခြားအရာကို မပြောနှင့်ဦး။ လုံ့လဝီရိယရှိသည့် နေရာတွင် နင်ကျန်းက ဘုရင်မင်းမြတ်ထက်တောင် အများကြီးသာသည်။
ဘုရင်မင်းမြတ်နှင့် ရှမ့်လန်က အတူတူပင်။ ခိုလို့ရလျှင် သက်တောင့်သက်သာနှင့် ခိုကာ နေချင်ကြ၏။ သူတို့က တိုင်းပြည်ကို အုပ်ချုပ်ရာတွင် ထောက်လှမ်းရေး သတင်းအချက်အလက်များအပေါ် လုံးလုံး မှီခိုထားကြပြီး အခွင့်ကောင်း ယူတတ်သည့် အကျင့်ရှိ၏။
သို့ပေမည့် နိုင်ငံကြီးတစ်နိုင်ငံကို အုပ်ချုပ်ရသည့်မှာ ငါးသေးသေးလေး တစ်ကောင်ကို ချက်ရသလိုပင်။ အသေးစိတ်ဂရုစိုက်ရသည်။ အချိန်အများစု၌ ထောက်လှမ်းရေးသမားများကို အားကိုး၍ မဖြစ်ပေ။
နင်ယွမ်ရှန်း ယခုနှစ်တွင် မည်မျှဖြုန်းတီးခဲ့သနည်း။ နိုင်ငံတော် ဘဏ္ဍာတိုက်က လက်ရှိ အခြေအနေတွင် ကြွက်ပင် ပတ်ပြေးလို့ ရနေသည်။
...........
“ငါ တကယ်ပဲ ဒီလောက် မွဲနေတာလား” ဘုရင်မင်းမြတ်က ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်ပြလာခဲ့သည့် အစီရင်ခံစားများကို တတလဲလဲ ဖတ်ရှုနေ၏။ မနှစ်က ဆောင်းဦးရာသီ အခွန်ငွေ အားလုံးကို သုံးပြီးသွားခဲ့၏။ ရာသီကုန် အခွန်ကောက်ဖို့ကလည်း လအနည်းငယ် လိုသေး၏။
ဟုတ်ပေ၏။ နိုင်ငံတော်ဘဏ္ဍာတိုက်ထဲတွင် ပိုက်ဆံနည်းနည်းတော့ ရှိနေသေး၏။ သို့ပေမည့် ထိုပိုက်ဆံများက သတ်မှတ်ပြီးသားဖြစ်ပြီး တစ်ပြားမှ ထိ၍ မရချေ။ အရာရှိများ၏ လစာ၊ စစ်သည်များ၏ လစာ စသည့်အရာများကို ပေးရန် ဖယ်ထားခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်တောင် လိုငွေက ပြနေသေးသည်။
လွန်ခဲ့သည့် တစ်ခေါက်က ယင်ယွမ်အဖွဲ့အစည်းဆီမှ ရွှေဒင်္ဂါး နှစ်သန်းကျော်ကို ချေးငှားပြီး နောက်မှာတောင်မှ လိုငွေ ရွှေဒင်္ဂါး ၁.၆ သန်း ရှိနေသေး၏။ ယခုနှစ် ပိုတောင်ဆိုးသေး၏။ နှစ်လသာလျှင် ရှိသေး၏။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရဆိုလျှင် ဆောင်းဦးရာသီ အခွန်နှင့် နွေဦးရာသီ အခွန်ငွေများ အားလုံးက မနှစ်ကအတိုင်း ရရှိမည်ထားဦး။ သဘာဝ ဘေးအန္တရာယ် တစ်ခုမှ မရှိဘူးဟု တွက်ချက် ထားသည် ထားဦး။ ထိုအရာတောင်မှ ရွှေဒင်္ဂါး နှစ်သန်းကျော် လိုငွေပြလို့ နေခဲ့သည်။
သို့ပေမည့် ယခုနှစ်တွင် သဘာဝဘေးအန္တရာယ်နှင့် အပြောင်းအလဲ မရှိဘဲ နေပါ့မလား။ လအနည်းငယ်အတွင်း စစ်ပွဲကြီးနှစ်ခု ဖြစ်နိုင်၏။ တစ်ခုက တောင်ပိုင်းတွင် ဖြစ်ပြီး နောက်တစ်ခုကတော့ အနောက်ပိုင်းတွင် ဖြစ်၏။ ထို့အပြင် စစ်ပွဲက ရွှဲ့ပြည်နယ်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့် စစ်ပွဲများလည်း ဖြစ်ပေလိမ့်မည်။
“မူဝါဒသစ်တွေ၊ မူဝါဒသစ်တွေ”
နင်ယွမ်ရှန်း၏ ခေါင်းထဲတွင် ထိုစကားလုံးကိုသာ ထပ်တလဲလဲ ပေါ်လျက် ရှိနေ၏။ အဘယ်ကြောင့် မူဝါဒသစ်တွေကို အကောင်အထည် ဖော်ရသနည်း။ နိုင်ငံတော်ဘဏ္ဍာတိုက်က လိုငွေပြနေပြီ မဟုတ်ပါလား။ ထို့ကြောင့်သာပင်။
ရွှဲ့ပြည်နယ် နယ်နိမိတ်အတွင်းတွင် ကိုယ်ပိုင်နယ်မြေတွေ၊ ကိုယ်ပိုင်စစ်တပ် ပိုင်ဆိုင်သည့် တော်ဝင် မျိုးနွယ်ဟောင်းများ ဒါဇင်နှင့်ချီ ရှိနေ၏။ ထိုတင်သာမကသေးချေ။ ထိုမိသားစုကြီးများက ဆားလုပ်ငန်းနှင့် သံလုပ်ငန်းများကို လုပ်ကိုင်ခွင့် ရရှိထားခဲ့၏။
အကယ်၍ မူဝါဒသစ်ကိုသာ ပြည့်ပြည့်ဝဝ အကောင်အထည် ဖော်နိုင်သည်ဆိုပါက ထိုမိသားစုများ ပိုင်ဆိုင်ထားသည့် နယ်မြေအားလုံးကို ပြန်လည်ကာ သိမ်းဆည်းနိုင်ပေလိမ့်မည်။ ကိုယ်ပိုင်စစ်တပ် အားလုံးကို ဖျက်သိမ်းနိုင်ပေလိမ့်မည်။ သတ္တုအားလုံးကလည်း နိုင်ငံတော်ပိုင် ဖြစ်ရပေလိမ့်မည်။ ထိုသို့သာ လုပ်နိုင်သည်ဆိုပါက စိုက်ပျိုးမြေ မည်မျှ ပိုလာမည်နည်း။ အခွန်ထမ်းပြည်သူ မည်မျှ ပိုလာမည်နည်း။ ထိုအရာကို မည်သူက တိတိကျကျ သိရှိနိုင်မည်နည်း။
ထို့အပြင် ဆားလုပ်ငန်းနှင့် သံလုပ်ငန်းကို နိုင်ငံကသာ လက်ဝါးကြီးအုပ် ရယူနိုင်မည်ဆိုလျှင် ဝင်ငွေအရင်းမြစ်က ပိုမိုကာ တိုးလာမှာ သေချာ၏။ ထိုသို့ဆိုလျှင် နိုင်ငံတော်ဘဏ္ဍာတိုက်၏ လိုငွေပြသည့် ပြဿနာက လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပြီး နှစ်စဉ် အခွန်ဘဏ္ဍာဝင်ငွေက အနည်းဆုံး နှစ်ဆ တိုးလာပေလိမ့်မည်။
မူဝါဒသစ်က တိုင်းပြည်ချမ်းသာပြီး စစ်အင်အားကို ကြီးမားစေသည့် မဟာဗျူဟာ ဖြစ်ကြောင်း သေချာ၏။ ကံဆိုးစွာဖြင့် ယခုအချိန်သည် အကောင်အထည် ဖော်နိုင်မည့် အချိန်ကောင်း မဟုတ်သေးချေ။ စစ်ပွဲကြီးက ဖြစ်လာတော့မည်။ တိုင်းပြည်ပြိုလဲသွားနိုင်သည့် စစ်ပွဲမျိုး ဖြစ်လာဖို့ကလည်း များ၏။ ဤအချိန် ပြည်တွင်း တည်ငြိမ်ရေးက အရေးကြီးဆုံး ဖြစ်၏။
စုနန် သေဆုံးသွားခဲ့ပြီးနောက် လက်ရှိ တော်ဝင်မျိုးနွယ်များကို ထပ်ကာ ကြည့်ရှုသင့်၏။ ကျုံးမိသားစုကို ထိ၍ ရသလား။ မရပေ။ ရွှယ်မိသားစုကို ထိ၍ ရသလား။ မရပေ။ ရွှမ်ဝူနယ်စားကြီး ကျင်းမိသားစုကို ထိ၍ ရသလား။ မရပေ။
ထိုအရာကို တွေးပြီးသည့်နောက် ဘုရင်မင်းမြတ်က ရုတ်တရက် ခေါင်းကိုက်လာ၏။ သူ့၌ ပါကင်ဆန် ရောဂါကလည်း ရှိနေပြီး အချိန်ကလည်း သိပ်မကျန်တော့ချေ။ သူ၏လက်ရှိ ဦးစားပေးက မူဒါဝသစ် မဟုတ်တော့ချေ။ မင်းသားကျင်းကို အနိုင်ယူနိုင်ဖို့သာ ဖြစ်တော့သည်။
အကယ်၍ ရွှဲ့ပြည်နယ်က မကြာမီ ဖြစ်လာတော့မည့် တောင်ပိုင်းစစ်ပွဲတွင် မင်းသားကျင်းကို အနိုင်တိုက်နိုင်ခဲ့ပြီး အနောက်တောင်ပိုင်းတစ်ခုလုံးကို လွှမ်းမိုးနိုင်မည်ဆိုပါက ရွှဲ့ပြည်နယ်နှင့် ချောင်ပြည်နယ်ကြား စစ်ပွဲ ဖြစ်တော့မည် မဟုတ်ချေ။ နောက်နှစ်အနည်းငယ်အတွင်း နင်ယွမ်ရှန်း၏ ပထမဦးဆုံးသော တာဝန်က မင်းသားကျင်းကို ဖယ်ရှားပြီး ရွှဲ့ပြည်နယ် တည်ငြိမ်အောင် ပြုလုပ်ဖို့သာလျှင် ဖြစ်၏။
ဒုတိယ တာဝန်က ဘုရင်အသစ်ကို ထီးနန်း လွှဲပြောင်းပေးအပ်မည်။ ထိုသူ့ကို မြင်းပေါ် တင်ပေးပြီး ခရီးဆက်ခိုင်းရပေလိမ့်မည်။ ရွှဲ့ပြည်နယ်၏ နိုင်ငံရေးအပြောင်းအလဲကို ချောမွေ့အောင် ပြုလုပ်ပေးရ ပေလိမ့်မည်။ ထိုအရာက အလွန်အမင်း ခက်ခဲသည်။
ထီးနန်းလုပွဲဆိုသည်က ရှိကိုရှိပေလိမ့်မည်။ ထို့အပြင် ဆက်ခံမည့်သူက ထင်ပေါ်ကျော်ကြားသည့် လူလည်း ဖြစ်ရပေလိမ့်မည်။ သို့ပေမည့် ထီးနန်းလုပွဲက အလုံးစုံသော တိုက်ပွဲများကိုဖြစ်စေသည့် အခြေအနေမျိုးဆီသို့ ရောက်၍ မဖြစ်ချေ။ ပြည်တွင်းစစ်ဖြစ်သည်ဆိုပါက တကယ်ကို ဆိုးဝါးသည့် အရာမျိုး ဖြစ်လာပေလိမ့်မည်။
အိမ်ရှေ့စံမင်းသားကို ကျူးမိသားစုက ကျောထောက်နောက်ခံ ပေးထား၏။ တတိယမင်းသားကို ကျုံးမိသားစုနှင့် ရွှယ်မိသားစုတို့ကလည်း ထောက်ပံ့ထား၏။ ပဉ္စမမင်းသားကိုတော့ ရှမ့်လန်နှင့် နိဗ္ဗာန် စစ်တပ်မှ ထောက်ပံ့ပေးထား၏။ မည်သူပဲ ထီးနန်းဆက်ခံ၊ ဆက်ခံ ကျန်သည့်နှစ်ယောက်ကို ဖယ်ရှားပစ်မှာ သေချာ၏။ ထိုအရာကို တွေးပြီးသည့်နောက် ဘုရင်မင်းမြတ်က တကယ်ပင် ခေါင်းကွဲမတတ် ကိုက်ခဲ လာမိ၏။
လက်ရှိအခြေအနေ၌ အရေးကြီးဆုံးက မင်းသားကျင်းကို ဖယ်ရှားရန်ဖြစ်၏။ မြောက်ပိုင်းစစ်သူကြီး နန်းကုန်းအိုက စစ်သည်ပေါင်း ၅၀၀၀၀ ကျော်ကို စုစည်းထားခဲ့ပြီး ထျန်းယွမ်အုပ်ချုပ်ရေးမှူးရုံး၌ စစ်သည်ပေါင်း ၃၀၀၀၀ လည်း အဆင်သင့် ဖြစ်နေသည်။
နင်ယွမ်ရှန်း အမိန့်ပေးလိုက်သည်နှင့် ဤစစ်သည်ပေါင်း ၈၀၀၀၀ က တောင်ပိုင်း နန်အိုနိုင်ငံ၏ စစ်မြေပြင်သို့ ချီတက်နိုင်ပေလိမ့်မည်။ ကျူးလင်း၏စစ်သည်များနှင့် ပူးပေါင်းလိုက်လျှင် စစ်သည်ပေါင်း ၁၃၀၀၀၀ ရှိလာပေလိမ့်မည်။
မင်းသားကျင်း၏ သဲကန္တာရလူရိုင်းမျိုးနွယ်က စုစည်းလိုက်လျှင် အနည်းဆုံး စစ်သည်ပေါင်း ၁၀၀၀၀၀ လောက် ရှိ၏။ ၁၃၀၀၀၀ နှင့် ၁၀၀၀၀၀ တိုက်ခိုက်လျှင် အနိုင်ရရှိဖို့က ခက်ခဲကောင်း ခက်ခဲနိုင်၏။ သို့ပေမည့် နန်အိုနိုင်ငံ၏ ခံစစ်စည်းကို ထိန်းသိမ်းထားဖို့ ဆိုသည်မှာတော့ ဖြစ်နိုင်၏။
နန်အိုအခြေအနေ မပျက်စီးသရွေ့ နင်ယွမ်ရှန်းအနေဖြင့် နန်အိုကို နောက်ထပ် စစ်ကူတွေ ပေးပို့နိုင်သေး၏။ ဤအချိန်တွင် ချင်နိုင်ငံက ရွှဲ့ပြည်နယ်၏မဟာမိတ် ဖြစ်နေ၏။ တစ်နှစ်လောက် အနားယူပြီးလျှင် ချင်နိုင်ငံမှာလည်း စစ်သည်ပေါင်းသောင်းချီ ရှိလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် အရှေ့ဘက်နှင့် အနောက်ဘက်မှ မင်းသားကျင်းကို ညှပ်တိုက်၍ ရ၏။ နိုင်ခြေကလည်း အတော်ပင် များသည်။
ထိုအရာကို တွေးပြီးနောက် ဘုရင်မင်းမြတ်က ရှမ့်လန်ကို နောက်တစ်ကြိမ် ကျေးဇူးတင်မိ၏။ အရာအားလုံးက ရှမ့်လန်ကြောင့်ပင် ဖြစ်၏။ မဟုတ်ဘဲ စုနန်နှင့် ချင်နိုင်ငံတို့ ပေါင်းစည်းသွားသည် ဆိုပါက ရွှဲ့ပြည်နယ်၏ တောင်ပိုင်းဒေသတစ်ခုလုံးက လုံခြုံတော့မည် မဟုတ်ချေ။ လက်ရှိ ချင်နိုင်ငံ ရှိနေသည့် အတွက်ကြောင့်သာ အနည်းဆုံး နိုင်ငံ၏ အနောက်တောင်ပိုင်းက တည်ငြိမ်နေခြင်း ဖြစ်၏။
ချင်ဘုရင်မ အာယုနာနာက မကြာခင် မီးဖွားတော့မည်ဖြစ်ပြီး ယခုအခြေအနေတွင် မွေးတောင် မွေးပြီးလောက်ပြီ ဖြစ်၏။ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် ချင်နိုင်ငံ၌ ထီးနန်းဆက်ခံသူ ရှိလာပြီ ဖြစ်၏။ ထိုအရာကလည်း ရွှဲ့ပြည်နယ်အတွက် သတင်းကောင်းပင်။
လွန်ခဲ့သည့် တစ်လလောက်က ရွှဲ့ဘုရင် နင်ယွမ်ရှန်းက ချင်နိုင်ငံသို့ သံတမန် အဖွဲ့ကြီးတစ်ခု စေလွှတ်ခဲ့၏။ နို့ထိန်းနှင့် အမျိုးသမီးသမားတော်များ၊ ဝမ်းဆွဲဆရာမနှင့် ဆေးဘက်ဝင်ပစ္စည်းများ မှန်သမျှကို ပေးပို့ခဲ့၏။ အာယုနာနာ၏ ကလေးအတွက် ကစားစရာ ပစ္စည်းများလည်း မရေတွက်နိုင်အောင် ပေးပို့ခဲ့၏။ ထို့အပြင် စာသင်ကြားမည့် ဆရာ၊ ဆရာမ တစ်ဒါဇင်ကျော်ကို ပေးပို့ခဲ့၏။ ချင်နိုင်ငံနှင့် မဟာမိတ်ဆက်ဆံရေး တည်မြဲဖို့ နင်ယွမ်ရှန်းက တကယ်ပင် ရှိသမျှကို ပုံအောခဲ့၏။ ယခုအချိန်ထိ သူ ဘာကိုပဲ ပေးခဲ့ပေးခဲ့ ပြန်ရခြင်းမျိုး မရှိသေးချေ။
ထိုအရာတင် မကသေးချေ။ သူက အမိန့်စာတစ်ခုကိုလည်း ထုတ်ပြန်ခဲ့သေး၏။ ချင်နိုင်ငံဆီသို့ ဖမ်းခေါ်ခြင်း ခံခဲ့ရသည့် ရွှဲ့ပြည်နယ်သားများ အိမ်ပြန်ချင်သည်ဆိုပါက ပြန်၍ရ၏။ အိမ်မပြန်ချင်လျှင် ချင်နိုင်ငံ၌ ဆက်လက်နေထိုင်၍ ရ၏။ ဤလူများကို ရွှဲ့ပြည်နယ်သို့ ပြန်လာလျှင် ရွှဲ့ပြည်နယ်သားအဖြစ် အပြည့်အဝ အခွင့်အရေးများ ရရှိပေလိမ့်မည်။ ထိုအရာက ထိုသူတို့ကို နိုင်ငံသားနှစ်ခု ခံယူခွင့်ရသလို ဖြစ်စေ၏။
“အင်း... အရူးကြီး နန်းမြို့တော်ကနေ ထွက်သွားပြီလား” နင်ယွမ်ရှန်းက မေးလိုက်သည်။
လီစွမ်းက ဖြေ၏။ “အရူးကြီး မြို့တော်ကို ပြန်မလိုက်လာပါဘူး။ လျန်ခရိုင်ထိပဲ လိုက်ပို့ပြီး တောင်ဘက် ချင်နိုင်ငံဆီကို ပြန်လှည့်သွားတယ်။ ချင်ဘုရင်မ မီးဖွားတာကိုတော့ အချိန်မီ လောက်မယ် ထင်ပါတယ်။”
နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ လက်ရှိ ချင်ဘုရင်မက တကယ်ကို ထူးခြားသူတစ်ယောက် ဖြစ်၏။ သူ့အဖေလို ကောက်ကျစ်စဉ်းလဲမှု မရှိချေ။ သူမက ကြင်နာတတ်ပြီး တရားမျှတ၏။ သို့အပြင် သူမ၏ ဘုရင်မနေရာက ခိုင်မြဲလွန်းလှ၏။ ချင်နိုင်ငံတွင် သူမ၏ လူကြိုက်များမှုက ကြောက်ခမန်းလိလိပင်။ အနည်းဆုံး သူမ၏ ဂုဏ်သတင်းက ရွှဲ့ဘုရင်ထက်သာ၏။ သူမက ရွှဲ့ပြည်နယ်၏ ဘုရင်မ ဖြစ်ဖို့တောင် သင့်တော်နေသေး၏။
ဟုတ်ပေ၏။ နင်ယွမ်ရှန်းကလည်း ပါဝင်ကူညီထား၏။ ရွှဲ့ပြည်နယ်က စရိတ်စက မငဲ့ဘဲ ချင်နိုင်ငံကို ပံ့ပိုး ကူညီခဲ့သောကြောင့် ချင်နိုင်ငံသားတို့၏ ဘဝက ယခင်ကထက် အများကြီး ပိုမိုကာ ကောင်းလာခဲ့၏။ ထို့ကြောင့် သူတို့က ဘုရင်မကို ပိုမိုကာ ကျေးဇူးတင်ကြခြင်းပင်။
လီစွမ်းက ရုတ်တရက် ပြောလိုက်သည်။ “အရှင်မင်းကြီး... ချင်ဘုရင်မက ရှမ့်လန်ဆီကို လျှို့ဝှက်စာ တစ်စောင် ပေးပို့ခဲ့ဖူးတယ်။ ချင်နိုင်ငံမှာ ရွှေတွေ အများကြီး ရှိတယ်တဲ့။ အဲဒါကို ကျုပ်တို့ဆီ ချေးပေးဖို့ ဆန္ဒရှိပါတယ်တဲ့”
ထိုအရာကို နင်ယွမ်ရှန်းက ကောင်းကောင်းသိ၏။ ယခင် ချင်ဘုရင်ဟောင်းက လောဘကြီးလွန်းပြီး ကိုယ်ကျိုးရှာတတ်သူပင်။ ဘယ်တော့မှ မဝနိုင်သည့် ဆာလောင်နေသော ဝံပုလွေ တစ်ကောင်လိုပင်။ ပေးသမျှကို ကျေးဇူးတင်နေမည် မဟုတ်ဘဲ အားနည်းပြီး အနိုင်ကျင့်နိုင်သောကြောင့် ရသည်ဟုပင် ထင်တတ်သူ ဖြစ်၏။
သို့ပေမည့် ချင်ဘုရင်မကတော့ ရွှဲ့ပြည်နယ်ဆီက အများကြီး ရရှိထားခဲ့သောကြောင့် အားနာလာခဲ့၏။ ထို့ကြောင့် ချင်နိုင်ငံမှ ရွှေတွေကို နင်ယွမ်ရှန်းဆီ ချေးပေးချင်စိတ် ရှိ၏။ ဤရွှေပမာဏက ထိတ်လန့်စရာ ကောင်းလောက်အောင်ပင် များပြားကြောင်း နင်ယွမ်ရှန်းက သိ၏။ ချင်ဘုရင်ဟောင်း ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်လုယက် စုဆောင်းထားခဲ့သည့် အရာများ ဖြစ်သည်မဟုတ်ပါလား။
အပိုင်း (၅၅၆)
“မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒါကို လုံးဝယူလို့ မဖြစ်ဘူး။”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ချင်နိုင်ငံရဲ့ မဟာမိတ် တန်ဖိုးက ရွှေတွေထက် အများကြီး ပိုပြီး တန်ဖိုးကြီးတယ်။ ချင်နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ထားတယ်ဆိုပေမယ့် ငါတို့ရဲ့ ဆက်ဆံရေးက သိပ်ပြီး ခိုင်မာသေးတာ မဟုတ်ဘူး။ ဒီပိုက်ဆံကို ယူလိုက်မယ်ဆိုရင် လူတွေက ငါတို့ကို အထင်သေးလိမ့်မယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ။ ချင်နိုင်ငံဆီက ရွှေတွေကို မတောင်းဘူး။”
ပြီးနောက် နင်ယွမ်ရှန်းက မေးလိုက်သည်။ “ယင်ယွမ်အဖွဲ့အစည်းဆီက ရှုပိုတောက် ရောက်ပြီလား။”
“မရောက်သေးပါဘူး။”
နင်ယွမ်ရှန်းက ယင်ယွမ်အဖွဲ့အစည်းဆီမှ ပိုက်ဆံ ထပ်ချေးရပေတော့မည်။ လွန်ခဲ့သည့် တစ်ခေါက်က ချေးငွေကိစ္စ မအောင်မြင်ခဲ့ချေ။ ယင်ယွမ်အဖွဲ့အစည်းက ဖန်လုပ်နည်းလျှို့ဝှက်ချက်ကို တောင်းခဲ့ သောကြောင့် နင်ယွမ်ရှန်းက ငြင်းပယ်ခဲ့၏။ သို့ပေမည့် ထိုစဉ်က နင်ယွမ်ရှန်းက နေမကောင်းဖြစ်နေပြီး အားနည်းနေပုံရ၏။ ပြည်တွင်းပြည်ပ၌ သူ၏ ဂုဏ်သတင်းက အတော်လေး ကျဆင်းနေချိန် ဖြစ်၏။
ဤတစ်ကြိမ်မှာတော့ မတူတော့ချေ။ သူက နယ်စပ်အမဲလိုက်ပွဲတွင် ချောင်ဘုရင်ကို အနိုင်ယူနိုင်ခဲ့၏။ နေမကောင်းသည့် ပုံစံမျိုး မဟုတ်တော့ဘဲ ငယ်ရွယ်နုပျိုပြီး စွမ်းအင်များလည်း ပြည့်ဝနေ၏။ ထို့အပြင် နင်ကျန်းကို ထီးနန်းလုပွဲ ဝင်ခိုင်းခဲ့သည်။
ယင်ယွမ်အဖွဲ့အစည်းက အိမ်ရှေ့စံမင်းသားကို ထောက်ခံထား၏။ ယခု အတော်လေး စိုးရိမ်နေလောက်ပြီ ဖြစ်၏။ ထို့ကြောင့် နင်ယွမ်ရှန်းကို မျက်နှာလို၊ မျက်နှာရ လုပ်ရပေလိမ့်မည်။ ထို့ကြောင့် ဘုရင်မင်းမြတ်က ရှုပိုတောက်ကို ချေးငွေကိစ္စဆွေးနွေးရန် ဆင့်ခေါ်ထားခြင်း ဖြစ်၏။ ဤတစ်ကြိမ် ချေးငွေကိစ္စ အောင်မြင်လိမ့်မည်ဟု သူ ထင်၏။ ယင်ယွမ်အဖွဲ့အစည်းက သူ့ကို စော်ကားရဲလိမ့်မည် မဟုတ်ချေ။
သို့ပေမည့် သူစောင့်ဆိုင်းနေသည့်မှာ နှစ်နာရီကျော် ကြာမြင့်ပြီ ဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်း၏ အကြီးကဲ ရှုပိုတောက်က ရောက်မလာသေးချေ။ ဤတစ်ကြိမ် ပိုက်ဆံ ရကိုရမှ ဖြစ်ပေမည်။ နင်ယွမ်ရှန်းက စစ်သည်ပေါင်း ၈၀၀၀၀ ကို စုစည်းထားခဲ့ပြီး စစ်စရိတ် ရရှိသည်နှင့် ချက်ချင်း တောင်ဘက်ပိုင်းကို ချီတက်နိုင်ပေလိမ့်မည်။ လေးညှို့ပေါ် ရောက်ရှိနေသည့် မြားကို သူက ပစ်ကို ပစ်ရမှာဖြစ်၏။ နန်အိုနိုင်ငံ၏ စစ်တပ်ကြီး ရောက်ရှိလာမည်ဆိုပါက ပိုမိုကာ အန္တရာယ်များပေလိမ့်မည်။ ထို့ကြောင့် ဤအချိန်တွင် ချေးငွေရရမည်ဟု နင်ယွမ်ရှန်းက စိတ်ဆုံးဖြတ်ထား၏။
နောက်ထပ် ဆယ့်ငါးမိနစ် ကြာမြင့်ပြီးနောက် ရှုပိုတောက်က ရောက်ရှိလာခဲ့သည်။
“အရှင်မင်းကြီး... ဂါရဝပြုပါတယ်။” ရှုပိုတောက်က တုန်ယင်စွာဖြင့် ဒူးထောက်လိုက်၏။ ဤတစ်ကြိမ်မှာတော့ နင်ယွမ်ရှန်းက သူ့ကို မထူပေးတော့ချေ။ ဤအတိုင်း မတ်တပ်ရပ်ခိုင်းလိုက်၏။
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “အကြီးအကဲရှု.. ဒီတစ်ခါ ခင်ဗျားကို ခေါ်လိုက်တာ ချေးငွေကိစ္စပဲ။ ဆားခွန်ကို အပေါင်ထားပြီးတော့ ခင်ဗျားတို့ ယင်ယွမ်အဖွဲ့အစည်းကနေ ရွှေဒင်္ဂါး လေးသန်း ချေးချင်တယ်”
ယခင်တုန်းက ၃.၅သန်း၊ အခု ၄ သန်း ဖြစ်သွားခဲ့၏။ သူ၏ အာသီသက ပိုမိုကာ ကြီးမားလာခဲ့၏။ ရှုပိုတောက်က တိတ်ဆိတ်ငြိမ်သက်နေ၏။
ဘုရင်မင်းမြတ်က မျက်မှောင်ကြုတ်လိုက်၏။ ဤအရာက ဘာသဘော ဖြစ်သနည်း။ ‘ငါက ချောင်ဘုရင်ကို အနိုင်ယူပြီး လုံးဝ နေမကောင်းတဲ့ပုံစံလည်း မဟုတ်တော့ဘူး။ ငါ နောက်ထပ် နှစ် နှစ်ဆယ်၊ သုံးဆယ် ထီးနန်းစိုးစံနိုင်သေးတယ်။ ဘာလို့ ချက်ချင်း သဘောမတူရတာလဲ’
နင်ယွမ်ရှန်းနှင့် ယင်ယွမ်အဖွဲ့အစည်းတို့က ယခုအချိန် တစ်ယောက်နှင့်တစ်ယောက် ကြောက်နေရ၏။ နင်ယွမ်ရှန်းက ယင်ယွမ်အဖွဲ့အစည်းဆီမှ ပိုက်ဆံချေးဖို့ လိုအပ်၏။ သို့ပေမည့် ယင်ယွမ်အဖွဲ့အစည်းက နင်ယွမ်ရှန်းကို ကြောက်လန့်နေမည်လား။ မည်သို့ပင် ဆိုစေကာမူ ယင်ယွမ်အဖွဲ့အစည်းက ရွှဲ့ပြည်နယ် ထဲတွင် စီးပွားရေး လုပ်ချင်နေသေး၏။
သို့ပေမည့် ဤအချိန်တွင် နင်ယွမ်ရှန်းအနေနှင့် ယင်ယွမ်အဖွဲ့အစည်းနှင့် လမ်းခွဲလိုက်ရန် ခက်ခဲလို့နေ၏။ အဘယ်ကြောင့်ဆိုသော် သူ ယင်ယွမ်အဖွဲ့အစည်းကို ပေးရမည့် အကြွေးက ရေတွက်၍မရအောင် များပြား နေပြီ ဖြစ်သောကြောင့်ပင်။ အနည်းဆုံး သူ ထီးနန်းစိုးစံနေသည့် အချိန်အတွင်း ပြန်ဆပ်နိုင်မှာ မဟုတ်ချေ။
ရှုပိုတောက်က စကားမပြောချေ။ ဘုရင်မင်းမြတ်က ဒေါသထွက်လာ၏။ ယင်ယွမ်အဖွဲ့အစည်းက ဘာလုပ်ချင်နေသနည်း။ သူ့ကို စော်ကားတော့မည်လား။
အချိန်အတော်ကြာပြီးနောက် ရှုပိုတောက်က ပြောလိုက်၏။ “အရှင်မင်းကြီး... ယင်ယွမ်အဖွဲ့အစည်းက ငွေချေးပေးနိုင်ပါတယ်။ အသေးစိတ်ဆွေးနွေးပြီး စာချုပ်ချုပ်ဖို့ အိမ်ရှေ့စံမင်းသားကို လွှတ်လိုက်ပါ။”
ထိုအရာကို ကြားသည့်အချိန်မှာတော့ နင်ယွမ်ရှန်းက အကြီးအကျယ် ဒေါသထွက်သွား၏။ သူ၏ မျက်နှာများက နီရဲလာခဲ့၏။ ကြားရသည်ကို မယုံကြည်နိုင်သလို ဖြစ်နေ၏။ ယင်ယွမ်အဖွဲ့အစည်းက ဘာလုပ်ချင်နေသနည်း။ ငွေချေးရန်အတွက် အိမ်ရှေ့စံမင်းသားကို လွှတ်ရန် တောင်းဆိုနေ၏။ ရွှဲ့ပြည်နယ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ချင်နေသည်လား။ သူ၏ မိသားစုကိစ္စကို ဝင်ရောက်စွက်ဖက် ချင်နေသည်လား။
‘ငါ့ကို ငွေမချေးနိုင်ဘူးပေါ့။ အိမ်ရှေ့စံမင်းသား နင်ယီကိုတော့ ချေးပေးမယ်ပေါ့။ ယင်ယွမ်အဖွဲ့အစည်းရဲ့ စိတ်ထဲမှာ ငါက အိမ်ရှေ့စံမင်းသား နင်ယီလောက်တောင် အရေးမပါဘူးလို့ ပြောချင်တာလား။ မင်းတို့က ငါနဲ့ ဗြောင်ကျကျ ပြဿနာ တက်ချင်တာလား။ ဒါ အိမ်ရှေ့စံမင်းသားရဲ့ အကြံလား။ ယင်ယွမ်အဖွဲ့အစည်းရဲ့ အကြံလား’
နင်ယွမ်ရှန်းက အေးစက်စက် မေးမြန်းလိုက်သည်။ “အကြီးအကဲရှု... ကျုပ်ကြားတာ မှန်ရဲ့လား”
ရှုပိုတောက်က ဖြည်းညှင်းစွာ ပြောလိုက်၏။ “အရှင်မင်းကြီးကြားတာ မှန်ပါတယ်။ ယင်ယွမ်အဖွဲ့အစည်းက ငွေချေးပေးနိုင်ပါတယ်။ စာချုပ်ချုပ်ဖို့အတွက် အရှင်မင်းကြီးအနေနဲ့ အိမ်ရှေ့စံမင်းသားကို စေလွှတ်လိုက်ပါ။”
“ဟား ဟား ဟား။”
နင်ယွမ်ရှန်းက ဒေါသထွက်လွန်းသောကြောင့် အားရပါးရ ရယ်မောလိုက်သည်။ “ရှုပို့တောက်... ယင်ယွမ်အဖွဲ့အစည်း မရှိဘဲနဲ့ ငါ ပိုက်ဆံမရှာနိုင်ဘူးလို့ ထင်နေတာလား။ ငါ ယင်ယွမ်အဖွဲ့အစည်းကို မစွန့်ပယ်နိုင်ဘူးလို့ ထင်နေတာလား။”
ရှုပိုတောက်က ဦးတိုက်လိုက်၏။ “ကျုပ် မထင်ရဲပါဘူး။”
သို့ပေမည့် စိတ်ထဲတွင်တော့ လှောင်ရယ်လျက် ရှိနေသည်။ ‘ရွှဲ့ဘုရင် နင်ယွမ်ရှန်း.. ခင်ဗျား ကျုပ်တို့ကို ပိုက်ဆံ ဘယ်လောက်တောင် ပေးစရာ ကျန်သေးလဲ။ ခင်ဗျား မသိပေမယ့် ကျုပ်တို့ သိတယ်။ ခင်ဗျားက ဖြုန်းတီးတတ်တဲ့ ဘုရင်တစ်ယောက်ပဲ။ နိုင်ငံတော် ဘဏ္ဍာတိုက်ကြီး တစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်နေပြီ။”
ယင်ယွမ်အဖွဲ့အစည်းက ထိုအရာကို ကောင်းကောင်းသိ၏။ နင်ယွမ်ရှန်းက စစ်သည်ပေါင်း ၈၀၀၀၀ ကို စုစည်းထားခဲ့ပြီး စစ်စရိတ် လိုချင်နေ၏။ ရက်ပိုင်းကလည်း အရေးကြီးနေ၏။ နန်အိုစစ်မြေပြင်ကို အမြန်ဆုံး သွားရပေတော့မည်။ အချိန်က လူကို မစောင့်ချေ။
‘တခြားသူတွေက ခင်ဗျားရဲ့ အာဏာရှိတဲ့ ဟန်ပန်အမူအရာမျိုးကြောင့် အလိမ်ခံရနိုင်ပေမယ့် ယင်ယွမ် အဖွဲ့အစည်းကတော့ လုံးဝ လိမ်ခံရမှာ မဟုတ်ဘူး’
ယင်ယွမ်အဖွဲ့အစည်းကလွဲ၍ ဤမျှများပြားသော ပိုက်ဆံကို တစ်ခါတည်း ထုတ်ပေးနိုင်သည့်သူ မည်သူ ရှိသေးသနည်း။ ထို့အပြင် ဤအရာက ပထမအသုတ်သာ ရှိသေး၏။ ဒုတိယ၊ တတိယ ဆိုတာတွေ လာဦးမှာ သေချာ၏။
ကောင်းကင်တာအိုအဖွဲ့အစည်းကရော ထုတ်ပေးနိုင်သည်လား။ မထုတ်ပေးနိုင်ချေ။ နင်ယွမ်ရှန်း အားကိုးလို့ ရနိုင်သည့်မှာ ယင်ယွမ်အဖွဲ့အစည်း တစ်ခုတည်းသာ ရှိ၏။ ယနေ့ နင်ယွမ်ရှန်းသာ သဘောမတူလျှင် အကုန် ဒုက္ခရောက်ပေတော့မည်။
ထို့အပြင် ဤအရာက ယင်ယွမ်အဖွဲ့အစည်း၏ ပထမဦးဆုံး တောင်းဆိုချက်သာ ရှိသေး၏။ နင်ယွမ်ရှန်း အလျော့ပေးလိုက်သည်နှင့် ယင်ယွမ်အဖွဲ့အစည်း၏ ဒုတိယ တောင်းဆိုချက်က ရှမ့်လန်ဆီမှာ ဖန်လုပ်နည်း နည်းစနစ်သာ ဖြစ်၏။ ဤနောက် တတိယ တောင်းဆိုချက်များကလည်း အဆုံးမရှိ လာပေတော့မည်။ ရွှဲ့ပြည်နယ် အန္တရာယ် ကြုံနေသရွေ့ ရွှဲ့ပြည်နယ်က ယင်ယွမ်အဖွဲ့အစည်းကို လိုအပ်နေသရွေ့ လိုချင်တာ အားလုံးကို ရနိုင်သည်။
“ဟား ဟား ဟား။”
နင်ယွမ်ရှန်းက ထပ်မံကာ ရယ်မောလိုက်၏။ “မင်းတို့ မရှိရင် ငါ ဘာမှ လုပ်စားလို့ မရတဲ့လူအဖြစ်ကို ရောက်သွားမယ်လို့ ထင်နေရတာလား။ လာကြစမ်း၊ အကြီးအကဲရှုကို အပြင်ပို့လိုက်တော့။”
ဒေါသထွက်နေသည့် နင်ယွမ်ရှန်းက ယင်ယွမ်အဖွဲ့အစည်း၏ အကြီးအကဲ ရှုပိုတောက်ကို နန်းတော်ထဲမှ မောင်းထုတ်လိုက်သည်။
…………..
သို့ပေမည့် ဒေါသထွက်ပြီးသည့်နောက် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ကူရာမဲ့သလို ဖြစ်နေ၏။ ယင်ယွမ် အဖွဲ့အစည်းဆီမှ ငွေမချေးနိုင်လျှင် သူ ဘာလုပ်ရမည်နည်း။ စစ်သည်ပေါင်း ၈၀၀၀၀ ကို စုစည်းထားပြီး ဖြစ်၏။ အချိန်က လူကို မစောင့်ချေ။
“ရှမ့်လန်ကို သွားမေးစမ်း။ လဝက်အတွင်း ရွှေဒင်္ဂါးသုံးသန်း ရှာပေးမယ်ဆိုတာ တကယ်လားလို့”
“အမိန့်တော် အတိုင်းပါပဲ။” လီစွမ်းက ရှမ့်လန်ကို သွားရောက်ကာ ရှာ၏။
သို့ပေမည့် တံခါးဝ ရောက်ရုံသာ ရှိသေး၏။ နင်ယွမ်ရှန်းက သူ့ကို လှမ်းတားလိုက်သည်။ “ထားလိုက်ပါတော့။ ဒီကိစ္စကို ငါ့ဘာငါပဲ ဖြေရှင်းလိုက်တော့မယ်။”
ကိစ္စတိုင်း၌ ရှမ့်လန်ကို ဒုက္ခပေး၍ မဖြစ်ချေ။ ရှမ့်လန်ကိုလည်း အရှက်ရအောင် မလုပ်ချင်တော့ပေ။
“ကဲ... ဝန်ကြီးချုပ်ကျူးအိမ်ကို သွားကြရအောင်။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒီတစ်ကြိမ် ငါက ကျင်းမူကုန်း ကိုယ်စား ဝန်ကြီးချုပ်ကျူးအိမ်ကိုသွားပြီး သူ့ရဲ့ မြေးမလေးကို ကမ်းလှမ်းမယ်”
ကျူးမိသားစု၏ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားအပေါ် ထားရှိသည့် သဘောထားက သာမန်သာ ဖြစ်သော်လည်း ပုံမှန် မဟုတ်သော အခြေအနေများလည်း ရှိလို့နေ၏။ ကျူးမိသားစုက မည်သူ့ကိုမှ မထောက်ခံသလို မည်သူ့ကိုမှ ဆန့်ကျင်သည့် အရိပ်အယောင် မပြသပေ။
အခြားသော သူများအဖို့ ဆိုလျှင် ထိုအရာက မရိုးသားသည့် ရည်ရွယ်ချက်များ ရှိနေလိမ့်မည်ဟု ထင်ကောင်း ထင်နိုင်၏။ သို့သော်ငြား ကျူးမိသားစုမှာတော့ ဤကဲ့သို့ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ဘယ်သောအခါကမှ မင်းသားငယ်များအား ဝေဖန်ထောက်ပြလေ့ မရှိသောကြောင့်ပင်။
အိမ်ရှေ့စံမင်းသား၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံတစ်ယောက် ဖြစ်သည်ဆိုသော်လည်း သူက အိမ်ရှေ့စံမင်းသား မည်သည့်အရာကို လုပ်သင့်သည်၊ မလုပ်သင့်ဘူးဆိုသော အရာများကို ဘယ်တော့မှ ပြောကြားလေ့ မရှိချေ။ တစ်ခါမှလည်း မပြောခဲ့ဖူးချေ။
ယခင်တုန်းက နင်ယွမ်ရှန်း အိမ်ရှေ့စံမင်းသားဘဝတည်းက ထိုကဲ့သို့ သဘောထားမျိုးရှိခဲ့သလို ယခု နင်ယီ အပေါ်တွင်လည်း ထိုကဲ့သို့ပင် ဆက်ဆံ၏။ သို့သော် အရေးကြီးဆုံး အခိုက်အတန့်များမှာတော့ ကျူးမိသားစုက အိမ်ရှေ့စံမင်းသားကို အဆုံးစွန်ထိ ထောက်ခံ အားပေးတတ်၏။
လွန်ခဲ့သည့် နှစ် ၂၀ တုန်းက ကျန်းလီ သေဆုံးသွားခဲ့ပြီးနောက် နင်ယွမ်ရှန်းက အကြီးအကျယ် အန္တရာယ် ကြုံတွေ့ခဲ့ရ၏။ ထိုအချိန်မှာတော့ ကျူးမိသားစုက မည်သည့် တွေဝေမှုမျိုးမှ မရှိဘဲ သတ္တိရှိရှိဖြင့် ရှေ့ကို ထွက်လာခဲ့ပြီး အကျပ်အတည်းကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့၏။ ထိုအကြောင်းပြချက် တစ်ခုတည်းနှင့်ပင် နင်ယွမ်ရှန်းက ကျူးဟုန်ကျူးကို တစ်သက်လုံး ကျေးဇူးတင်နေရမှာ သေချာသည်။
……….
စာကြည့်ခန်းအတွင်းမှာတော့ ...
ကျူးဟုန်ကျူးက ကလေးနှစ်ယောက် လက်ရေး လေ့ကျင့်နေသည်ကို ကြည့်ရှုပေးလျက် ရှိ၏။ တစ်ယောက်က ကျူးဟုန်ပင်း ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ ကျူးနင်ပင်။ ထိုနှစ်ယောက်က သူ၏ အချစ်ဆုံး မြေးများ ဖြစ်၏။
ကျူးဟုန်ပင်းက မာနကြီးပြီး သွေးအေးလွန်းသူ တစ်ယောက်ဖြစ်ပြီး လက်ရေးက စနစ်ကျပြီး ငြိမ်သက်၏။ အသက် ၅ နှစ်အရွယ်မှစ၍ လက်ရေးလှ ရေးဟန်က ပြောင်းလဲခြင်း မရှိခဲ့ချေ။ ပိုမို၍ လေးနက်ပြီး တည်ကြည် လာခဲ့ပေ၏။ ပိုမို၍လည်း အဆင့်မြင့်မားလာခဲ့သည်။
ကျူးနင်ကတော့ အေးချမ်းပြီး နူးညံ့သိမ်မွေ့သည့်ပုံစံ ရှိသော်လည်း လက်ရေးဟန်က အနည်းငယ် ယိမ်းယိုင် တတ်၏။ လက်ရေးဟန် တစ်မျိုးပြီးတစ်မျိုး ပြောင်းရေးတတ်၏။ တစ်မျိုးတည်းပေါ်တွင် အာရုံစူးစိုက်ဖို့ ခက်ခဲနေပုံလည်း ရ၏။
ဤမိန်းကလေးက အိမ်ပြင်သို့ တစ်ခါမှ ခြေချခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူမကို အပြင်၌ မြင်ဖူးသူဟူ၍ သိပ်မရှိကြချေ။ သူမကို မြို့တော်၏ အလှပဆုံးသော အမျိုးသမီးဟု မခေါ်ဆိုကြဘဲ မြို့တော်၏ ပါရမီရှင် အမျိုးသမီးဟု ခေါ်ဆိုကြသည်။
သူမက လှပသည်လား။ သေချာပေါက် လှပ၏။ သူမ၏ မျက်ခုံးများက ကွေးညွတ်နေ၏။ မျက်လုံးများ ကလည်း ကွေးညွတ်နေ၏။ နှာတံကလည်း သိမ်မွေ့ကာ ဖြောင့်ဆင်း၏။ နှုတ်ခမ်းသားလေးများက အိထွေးကာဖြင့် အနည်းငယ် ကွေးတက်လျက် ရှိ၏။ သူမ၏ မျက်နှာပေါက်က လှ၏။ သူမက သေချာပေါက် အလှပဂေးလေး တစ်ယောက်ပင်။
သို့ပေမည့် ချီးကျူးထိုက်သည်က သူမ၏ အလှအပ မဟုတ်ဘဲ သူမ၏ စိတ်စွမ်းအင်ပင် ဖြစ်၏။ သူမ၏ မျက်လုံးတစ်စုံက စကားပြောနေသလိုပင် အမူအရာတစ်ခုချင်းစီတိုင်းက တည်ငြိမ်နေသည် ဆိုသော်လည်း အသက်ဝင်လျက် ရှိ၏။
ကလေးနှစ်ယောက်က လက်ရေးလှကို ရေးသားခဲ့ပြီးနောက် ကျူးဟုန်ကျူးကို စစ်ဆေးရန် ပေးအပ် လိုက်သည်။
“ကောင်းတယ်။ ကောင်းတယ်။ ငါ့မြေးလေးတွေရဲ့ လက်ရေးက ပိုပြီးတော့ ကောင်းလာတာပဲ။ အင်း... ငါ့ မြေးမလေးရဲ့ စာလုံးတွေကလည်း ပိုပြီး သက်ဝင် လှုပ်ရှားလာတယ်။။”
ဤအရာက ကျူးဟုန်ကျူးပင် ဖြစ်၏။ အခြေခံအားဖြင့် သူ၏ ပါးစပ်က ချီးကျူးစကားများကို ထွက်လာလေ့ ရှိ၏။ မည်သူ့ကိုမဆို သူက အပြစ်တင်ခဲ၏။ ပြီးနောက် သူက ကျူးနင်၏ လက်ရေးကို သေချာ ကြည့်ရှု၏။ “သမီးလေး... နှစ်သစ်ကူး ပြီးရင် အသက် ၂၀ ပြည့်တော့မယ်နော်။”
ကျူးနင်က မကြားချင်ယောင်ဆောင်ထား၏။ သူမက နောက်ထပ် စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး သေသေချာချာ ဖတ်ရှုနေသည်။
“အင်း... အိမ်ထောင်ဖက်ရှာဖို့ အချိန်တန်ပြီ။”
ကျူးဟုန်ကျူးက ပြောလိုက်၏။ “မင်းက မပူပေမယ့် ဒီအဘိုးကတော့ စိတ်ပူနေပြီ။”
ကျူးနင်က မကြားချင်ယောင် ဆက်ကာဆောင်နေသည်။
ကျူးဟုန်ကျူးက မျက်မှောင်ကြုတ်လိုက်၏။ “အဘိုးက မင်းကို စကားပြောနေတယ်လေ။။”
ကျူးနင်က ပြောလိုက်သည်။ “အဘိုး... သမီး ကြိုးစားနေပါတယ်။”
ကျူးဟုန်ကျူးက မေးလိုက်၏။ “ဒါဆိုရင် ပြောစမ်း။ မင်း ဘယ်လို လူမျိုးကို ကြိုးစားပြီး ရှာနေတာလဲ။”
ကျူးနင်က ခေါင်းခါယမ်းပြလိုက်၏။ ခေါင်းခါသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ မပြောနိုင်လို့လား။ သို့မဟုတ် ကိုယ်တိုင် မသိ၍လား။
ပြီးနောက် ကျူးဟုန်ကျူးက ကျူးဟုန်ပင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ “မင်းလည်း ၁၈ နှစ် ရှိပြီ။ နောက်နှစ်ကျရင် အိမ်ထောင်ဘက် ရှာတော့မှာမလား။။”
ကျူးဟုန်ပင်းက ဖြေလိုက်၏။ “အရာအားလုံးက အဘိုး ဆုံးဖြတ်တဲ့ အတိုင်းပါပဲ။”
သူက အမြဲတမ်း ဤကဲ့သို့ လိမ္မာဆုံးနှင့် အနာခံဆုံးသောသူ ဖြစ်၏။ အဘိုး၏ အကြီးမားဆုံးသော ဂုဏ်ယူစရာ ဖြစ်ချင်သူ တစ်ယောက်ပင်။
ကျူးဟုန်ကျူးက မေးမြန်းလိုက်သည်။ “သမီးလေး... ဘာ စာအုပ်တွေ ဖတ်နေတာလဲ။”
ကျူးနင်က စာအုပ်မျက်နှာဖုံးကို ကျူးဟုန်ကျူးအား ပြလိုက်၏။ လူအများက ဤပေါ်တွင် ရှိနေသည့် စာလုံးများကို ဖတ်တတ်မှာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်စာလုံးများ လုံးဝ မဟုတ်သောကြောင့်ပင်။
အကယ်၍ ရှမ့်လန်သာ ဤနေရာတွင် ရှိသည်ဆိုပါက ဤအရာက ဟီဘရူးစာများ ဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။ ဤကမ္ဘာတွင် တရုတ်စာ တစ်မျိုးတည်း တူးဖော် တွေ့ရှိခြင်း မဟုတ်ချေ။ တခြား ရှေးဟောင်း ယဉ်ကျေးမှု စာအုပ်များလည်း ရှိ၏။
ကျူးနင် လက်ထဲတွင် ရှိနေသည့် စာအုပ်က ရှေးဟောင်းစာအုပ် တစ်အုပ် ဖြစ်၏။ ကောင်းကင် ပင်လယ်နန်းဆောင်မှ ဤစာအုပ်ကို ဘာသာပြန်ဖို့ ၁၀ နှစ်ကျော် အချိန်ယူခဲ့ရ၏။ နောက်ဆုံးမှာတော့ သူမက ထိုအရာကို ငှားရမ်းလာနိုင်ခဲ့သည်။
ထိုအရာကို ကြည့်ရှုမည်ဆိုလျှင် သူမ၏ အဆင့်အတန်းက မည်မျှ မြင့်မားကြောင်း သိသာ၏။ ရွှဲ့ပြည်နယ် တစ်ခုလုံး၌ ဤစာအုပ်ကို နားလည်နိုင်သူ ၅ ယောက်ထက် မပိုချေ။ ဤကောင်မလေးက စာ တကယ် ဖတ်၏။ သူမ ဖတ်နိုင်သမျှ စာအုပ်အကုန် ဖတ်ရှုခဲ့ပြီးဖြစ်၏။
ဘာသာစကား အများအပြားလည်း လေ့လာထား၏။ သိပ္ပံ၊ ဒဿနိကဗေဒ၊ သင်္ချာ၊ အနုပညာ၊ သုခုမ၊ ဘာသာရေး စသည့် အရာအားလုံးကို ဖတ်၏။ စာအုပ်တိုင်းကို အရသာခံပြီး သေသေချာချာ ဖတ်သည်။ သို့ပေမည့် သူမ၌ စကားပြောဖော်ဟူ၍ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမမှလွဲလျှင် မည်သူကမှ ဤစာအုပ်များကို မဖတ်သောကြောင့်၊ ဖတ်ဖို့လည်း စိတ်မဝင်စားသောကြောင့်ပင်။ ထို့ကြောင့် စကားပြော ညှိနှိုင်း၍ မရနိုင်တော့ချေ။
လူငယ်အများအပြားက သူမကို လက်ထပ်ခွင့် လာရောက်ကာ တောင်းကြသော်လည်း ၂ နာရီ ပြည့်အောင်ပင် စကားမပြောနိုင်ဘဲ ထွက်ပြေးကုန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၌ အရှက်သိက္ခာဟူ၍ မကျန်တော့သောကြောင့်ပင်။
ယောက်ျားများက မျက်နှာ လိုချင်ကြ၏။ မိန်းမများက သူတို့ကို ကိုးကွယ်တာ လိုချင်ကြ၏။ မိန်းကလေးများ၏ အားကိုးခြင်း၊ အထင်ကြီးခြင်းကို လိုချင်ကြ၏။ ထို့ကြောင့် နန်းတွင်း စာမေးပွဲ အောင်မြင်သည့်သူများက ကျူးနင်ကို တွေ့သည်နှင့် သူတို့ သိရှိသည့် ဗဟုသုတများကို ထုတ်ကာ ကြွားချင်ကြ၏။ စာအုပ်ပေါင်းများစွာကို ဖတ်ရှုထားသည် သကဲ့သို့ပင်။
သို့ပေမည့် သူတို့ ပါးစပ်ဟလိုက်သည်နှင့် ထိုကောင်မလေးက စာအုပ်ပေါင်းများစွာတို့ကို အကုန်သိလို့နေ၏။ သူမ မသိသည်မှာ ဘာမှ မရှိချေ။ တခြားသူ ပြောတာကို အကုန်သိ၏။
နန်းတွင်းစာမေးပွဲကို အောင်မြင်ပြီးသည့် လူသစ်များက နန်းတွင်း စာမေးပွဲအတွက် တရုတ်စာပေကို အထူးပြု လေ့လာထားကြသည့်သူများ ဖြစ်၏။ သို့သော်ငြား ကဗျာလင်္ကာအပိုင်းတွင် သူတို့က ကျူးနင်ကို မယှဉ်နိုင်ကြချေ။
အဘယ်ကြောင့်ဆိုသော် ကျူးနင်က စာအုပ် အများကြီးကို ဖတ်ရှုထားသည်ဖြစ်၍ သူမ၏ အသိပညာ အချိတ်အဆက်နှင့် အကျယ်အပြန့်ကလည်း ကျယ်ပြန့်လွန်း၏။ ရှေးဟောင်း၊ ခေတ်သစ် ကဗျာ အမျိုးမျိုးက သူမ၏ စိတ်ထဲတွင် ရှိလို့နေသည်။
သူမ ကိုယ်ပိုင် စပ်ဆိုသည့် ကဗျာတွင်တောင်မှ အကန့်အသတ်မဲ့ စိတ်ကူးစိတ်သန်းများ ပါဝင်လျက် ရှိနေပြီး ကြီးကျယ် မြင့်မြတ်လွန်းသည့် ဗဟုသုတများ ရှိ၏။
နန်းတွင်းစာမေးပွဲ အောင်မြင်ခဲ့သူများပင်လျှင် သူမ၏ရှေ့သို့ ရောက်သည်ဆိုပါက သိမ်ငယ် သွားတတ်ကြ၏။
ယောက်ျားများသည် မိန်းမရှေ့သို့ ရောက်လို့ သိမ်ငယ်သွားခဲ့ပြီဆိုပါက လက်လျှော့သွားခဲ့ကြသည်သာလျှင် ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ကျူးနင်က မြို့တော်၏ ပါရမီရှင် အမျိုးသမီး တစ်ယောက် ဖြစ်လာကြပြီး သူမကို မည်သူမှ မယူရဲကြတော့ချေ။