← Chapters

နတ်ဆိုးဧကရီ၏ သမီး

Vol. 1 Ch. 258

နတ်ဆိုးဧကရီ၏ သမီး

Vol. 1 Ch. 258

ဘန်း"

ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ အနီးအနားရှိ တောင်ထွတ် တစ်ခုပေါ်တွင် မြေပြင်သည် ပွင့်ထွက်သွားခဲ့ပြီး နတ်ဆိုးသားရဲကြီး တစ်ကောင် ထွက်ပေါ်လို့ လာသည်။ အနီးအနားရှိ သင်တန်းကျောင်းမှ ကင်းလှည့် အဖွဲ့သည် မျက်နှာများ ဖြူဖျော့သည်အထိ လန့်ဖျပ် ကုန်ကြလေသည်။ သူတို့သည် လက်နက် အသီးသီးကို ဆွဲထုတ် လိုက်ကြပြီး အများစုမှာ အချက်ပြ မီးရှူးများ လွှတ်တင်ရန် အသင့်ပြင် လိုက်ကြသည်။

နတ်ဆိုးသားရဲများ ပုန်ကန် ထကြွကြသော သတင်းသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ တိုင်အောင် ပျံ့နှံ့နေပြီး ဖြစ်သည်။ သင်တန်းကျောင်းသည် တောင်စဉ် သုံးထောင်၏ မြောက်ဘက် ကပ်လျက်တွင် တည်ရှိရာ ကျီးလန့်စာစား ဖြစ်နေကြသည်။ သို့သော် ကင်းလှည့်အဖွဲ့၏ အင်အားကို နှစ်ဆ တိုးလိုက်ရုံသာ သူတို့ တတ်နိုင်လေသည်။

"မဟုတ်ဘူး ... ဒါက ဝိညာဉ် သားရဲပဲ"

"အားလုံးပဲ ... မတိုက်ကြနဲ့၊ အဲဒါ ကျန်းရီ"

ကင်းလှည့် အဖွဲ့သည် မြန်မြန်ဆန်ဆန် တုံ့ပြန်လာသည်။ ဝိညာဉ် သားရဲကြီးပေါ်တွင် ထိုင်နေသူမှာ သူတို့စိတ်ထဲတွင် ထင်ထင်ရှားရှား အမှတ် ရနေသည့်သူ ဖြစ်လေသည်။

ကျန်းရီသည် မလှမ်းမကမ်းရှိ တောင်ထွတ်ပေါ်မှ ဝိညာဉ်သားရဲ သင်တန်းကျောင်းကြီးအား မြင်လိုက် ရသောအခါ သက်ပြင်းရှည် တစ်ချက်ချ၍ မောပန်း နွမ်းနယ်နေသော မျက်နှာကို ပွတ်သပ်လိုက်သည်။ ထို့နောက် လူအုပ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ကျောင်းအုပ် သင်တန်းကျောင်းမှာ ရှိလား"

"ဝှစ်"

လူအများ ခေါင်းညိတ်ပြ လိုက်သည်ကို တွေ့လိုက် ရသောအခါ ကျန်းရီသည်  မနာလို အားကျမှုတို့ ပြည့်နေသော မျက်လုံးအစုံကို ကျောခိုင်း၍ ဟွမ်ကြီးကို ဝိညာဉ်သားရဲ သင်တန်းကျောင်းဆီ ဦးတည်လိုက်သည်။ သူတို့သည် ကျန်းရီ၏ ဝိညာဉ်သားရဲကို မည်သို့ခေါ်မှန်း မသိသော်လည်း ၎င်းသည် မြေကြီးအား တူးနိုင်သည့် အပြင် တတိယအဆင့် ဝိညာဉ် သားရဲလည်း ဖြစ်နေသည်။ ဒုကျောင်းအုပ် အဆင့်လောက် ဖြစ်သော လူများသာ ထိုအဆင့် ဝိညာဉ် သားရဲများကို ယဉ်ပါးအောင် လုပ်နိုင်လောက်သည်။

"ရပ်လိုက် ... အဲဒီက ဘယ်သူလဲ၊ သင်တန်းကျောင်းရဲ့ နယ်နိမိတ်က စိတ်ရှိတိုင်း သွားလို့မရဘူး"

တောင်ဘက်ခြမ်း ဂိတ်တံခါးတွင် မတ်တတ် ရပ်နေကြသော အစောင့် တစ်သိုက်သည် မြားတစ်စင်း အလား ဖြတ်သန်းသွားသည့် ဝိညာဉ်သားရဲ တစ်ကောင်ကို ရိပ်ခနဲ မြင်လိုက် ရသောကြောင့် သတိအနေအထား ဖြစ်သွားကြသည်။ သူတို့ အားလုံးသည် ထိတ်လန့်တကြား သံပြိုင် အော်လိုက်ကြသည်။

"ကျန်းရီပါ ... လမ်းဖယ်ပေးကြ"

ကျန်းရီ ပြန်ဖြေလိုက်ပြီး ကျုံးဝူသားရဲမှာ နှေးကွေးခြင်းမရှိ ဆက်လက် ပြေးထွက် သွားခဲ့သည်။ ကျန်းရီသည် သူ့ဝိညာဉ်သားရဲကို ထိန်းချုပ်ကာ ဂိတ်တံခါးကို ကျော်ဖြတ်၍ အတွင်းဆောင်များ ရှိရာ တည့်တည့် ဝင်သွားခဲ့သည်။ လူတိုင်းမှာ မှင်တက်၍ ကျန်ရစ်ခဲ့သည်။

"ဝိုး"

သင်တန်းကျောင်းမှ လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အများစုဆိုလျှင် ကျင့်ကြံရန်ပင် စိတ်မပါရကား စုဝေး၍ ဆွေးနွေးငြင်းခုံ နေကြသည်။ သူတို့သည် သင်တန်းကျောင်း အတွင်း ဝင်ရောက်လာသော အားကောင်းလှသည့် ဝိညာဉ်သားရဲ တစ်ကောင်၏ အရှိန်အဝါအား ခံစားမိ လိုက်သောအခါ သတိ အနေအထား ဖြစ်သွားကြသည်။

"ဝိုး ... ဒီဝိညာဉ် သားရဲက အရမ်း အားကောင်းတယ်၊ ဒါက တတိယအဆင့် မဟုတ်လား ... ဒါကို ဘာဝိညာဉ် သားရဲလို့ ခေါ်လဲ"

"ကျန်းရီ၊ တကယ် ကျန်းရီပဲ ... ငါတို့ကျောင်းရဲ့ အတော်ဆုံး၊ နိုင်ငံအဆင့်ပြိုင်ပွဲ ပထမ ကျန်းရီပဲ"

"ဒါက ကျန်းရီလား ... ရှန်ဝူစစ်တပ်ကို ကြားဖြတ် တိုက်ခိုက်တဲ့ နိုင်ငံ သစ္စာဖောက်မှုရဲ့ အပြစ်သား၊ ရှားယွိမြို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတဲ့ တစ်ယောက်ပေါ့"

"စီနီယာကျန်းရီ ... ပြန်လာတာကို ကြိုဆိုပါတယ်"

"ဝါး ... စီနီယာကျန်းရီ ပြန်လာတယ်၊ သူက တော်တော် ချောတာပဲ၊ ငါသတိတောင် လစ်သွားတော့မယ်"

ဝိညာဉ်သားရဲ သင်တန်းကျောင်း တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ လတ်တလော၌ ကျန်းရီ၏ သတင်းများသည် သင်တန်းကျောင်းတွင် ရေပန်းအစားဆုံး သတင်းများ ဖြစ်ကြသည်။ ကျောင်းသား အများစုသည် ကျန်းရီအတွက် ဂုဏ်ယူ ကြသော်လည်း ကျန်းရီကြောင့် အရှက်ရကြ သူများလည်း ရှိလေသည်။

လက်ရှိတွင် ကျန်းရီသည် သင်တန်းကျောင်းရှိ ဆရာများ၊ ကျောင်းသားများ အားလုံးထက် ထူးချွန်သော ပါရမီရှင် ဖြစ်သည်။ သူသည် သင်တန်းကျောင်း၏ နှစ်တစ်ထောင် သမိုင်းတွင် အားအကောင်းဆုံးသူ၊ ပါရမီအပါဆုံးသူ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ သို့သော် အကျော်ကြားဆုံးသူ ဖြစ်သည်မှာတော့ သေချာလေသည်။

"အစ်ကိုကြီး ပြန်လာပြီလား၊ ဘယ်မှာလဲ"

အနောက်ဘက် အဆောင်တွင် အသားလုံးကြီး တစ်လုံးသည် အလွန် ပျော်ရွှင်သော အမူအရာနှင့် တစ်လိမ့်လိမ့် ထွက်လာခဲ့သည်။ သူထွက်လာသည်မှာ နောက်ကျ နေသောကြောင့် ကျန်းရီသည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်၍ အတွင်းဆောင်ထဲသို့ ပြေးဝင် သွားနှင့်လေပြီ။

"ပြန်ဝင်တော့ "

ကျန်းရီသည် အတွင်းဆောင်ထဲ ပြေးဝင်သွားရင်း ကျုံးဝူသားရဲကို ချက်ချင်း သိမ်းဆည်းလိုက်သည်။ သို့သော် ကျူးကော့ချမ်ယွမ်၏ အဆောင်ကို သူမသိကြောင်း အမှတ်ရလိုက်၍ ကြောင်တက်တက် ဖြစ်သွားခဲ့သည်။

"ဝှစ်"

ဒုကျောင်းအုပ်များ ရောက်လာကြပြီး ကျောင်းအုပ်ချီ၏ အော်သံကိုပါ ကြားလိုက် ရလေသည်။

"ကျန်းရီ ... မင်းဘာလို့ ပြန်လာတာလဲ"

ကျန်းရီသည်လည်း ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဒုကျောင်းအုပ်ချီ ... ကျွန်တော့်ကို ကျောင်းအုပ်ဆီ မြန်မြန် ခေါ်သွားပေးပါ၊ အရေးတကြီး တင်ပြစရာ ရှိနေတယ်"

"ငါ့နောက်က လိုက်ခဲ့"

ကျောင်းအုပ်ချီသည် ကျန်းရီ၏ အလွန် လေးနက်နေသည့် အမူအရာကို မြင်သောအခါ သူမကို ဒုကျောင်းအုပ်ဟု သုံးနှုန်း လိုက်သည်ကိုပင် စိတ်ထဲ ထားမနေနိုင်ချေ။ သူမသည် ချက်ချင်း နောက်လှည့်၍ အဆောင်တစ်ခုထံ ဦးတည်လိုက်သည်။ ကျန်းရီနှင့် ကျန်ဒုကျောင်းအုပ် များလည်း နောက်မှလိုက်ပါ သွားကြသည်။

ခဏတွင်းချင်း ကျူးကော့ချမ်ယွမ်၏ အဆောင် အပြင်ဘက်သို့ သူတို့ ရောက်ရှိ သွားကြသည်။ ကျောင်းအုပ်ချီ အကြောင်းကြားတော့မည့် ဆဲဆဲတွင် တံခါးပွင့် သွားခဲ့ပြီး အိုမင်းနေသော အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ကျန်းရီနဲ့ ကျောင်းအုပ်ချီ ဝင်လာခဲ့၊ ကျန်တဲ့သူတွေ အပြင်မှာ ရပ်နေကြ၊ တစ်ယောက်မှ အနားကပ် မလာစေနဲ့"

ကျောင်းအုပ်ချီနှင့် ကျန်းရီသည် လျင်မြန်စွာ ဝင်သွားခဲ့ကြသည်။ ကျူးကော့ချမ်ယွမ်မှာ ဘီးတပ် ကုလားထိုင်ထက်တွင် ထိုင်နေရမှန်း ကျန်းရီချက်ချင်း သတိပြုမိ လိုက်သည်။

ကျန်းရီသည် ဦးညွှတ် အရိုအသေပေး၍ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ကျူးကော့ချမ်ယွမ်သည် လက်ကာ၍ ရပ်တန့်စေ လိုက်သည်။

"ကျန်းရီ ... ရှားနိုင်ငံက ပြန်လာခဲ့တာလား၊ နတ်ဆိုးသားရဲ စစ်တပ်နဲ့ရော တွေ့ခဲ့သေးလား၊ အဲဒီမှာ အခြေအနေ ဘယ်လိုရှိလဲ"

"ကျွန်တော် တွေ့ခဲ့တယ် "

ကျန်းရီသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

"အခြေအနေ အတိအကျကို ကျွန်တော် မသိပေမဲ့ နတ်ဆိုး အင်ပါယာကို မြင်ခဲ့တယ်၊ သူက လူသားအသွင်ရှိတဲ့ အမျိုးသမီး တစ်ယောက်ပဲ၊ နတ်ဆိုး ဘုရင်တွေလည်း ဆယ်ကောင်ကျော် ရှိပြီး တတိယအဆင့် နတ်ဆိုး သားရဲတစ်ကောင် ကတော့ သောင်းဂဏန်းလောက် ရှိလိမ့်မယ်၊ အရေအတွက် အတိအကျတော့ ကျွန်တော် မသိဘူး"

"အမ်"

ကျူးကော့ချမ်ယွမ်နှင့် ကျောင်းအုပ်ချီ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ ကျောင်းအုပ်ချီသည် မှင်တက်နေရာမှ ချက်ချင်း မေးလိုက်သည်။

"တွေ့ခဲ့တယ် ... ဒါဆို မင်းဘယ်လိုလုပ် အသက်ရှင် နေသေးတာလဲ၊ ကျောင်းအုပ် ...  အဲဒီ တောင်တွေရဲ့ အနက်ဆုံးပိုင်းမှာ နေတဲ့ တစ်ယောက်က တကယ်ကြီး စည်းဖောက် လိုက်တာပေါ့"

ကျူးကော့ချမ်ယွမ်သည် ခေါင်းညိတ်လိုက်ပြီး ခါးသီးစွာ ပြောလာခဲ့သည်။

"လူသားမျိုးနွယ်ရဲ့ အတော်ဆုံး သိုင်းပညာရှင် ဆယ်ယောက်ကတောင် စည်းမဖောက် ရသေးဘူး၊ နတ်ဆိုးသားရဲ တစ်ကောင်က စပြီး စည်းဖောက်လာတယ်၊ ကျန်းရီ ... ငါ့ကို အသေးစိတ် ပြောပြစမ်း"

"ဟုတ်ကဲ့"

အကြောင်းအရာသည် လူသားမျိုးနွယ်၏ သေရေး ရှင်ရေးနှင့် သက်ဆိုင် နေသောကြောင့် ကျန်းရီသည် ဘာကိုမှ မချန်လှပ် ထားရဲပါချေ။ သူသည် နတ်ဆိုးသားရဲ စစ်တပ်နှင့် ကြုံတွေ့ပုံမှအစ နတ်ဆိုးဧကရီ ပြောခဲ့သော နောက်ဆုံး စကားပါမကျန် တစ်ခု မလွဲမချော်စေပဲ သေချာ ပြောပြလိုက်သည်။

"ဟမ်"

ကျောင်းအုပ်ချီသည် ဆွံ့အနေခဲ့ပြီး နားထောင် နေရင်းဖြင့် သူမ၏ မျက်နှာထားမှာ ပုံစံအမျိုးမျိုး ပြောင်းလဲ နေခဲ့သည်။ ကျူးကော့ချမ်ယွမ်သည် အလုံးစုံအား နားထောင် ပြီးသည့်အခါ မျက်ဝန်းများ စူးရဲနေခဲ့ပြီး ဒေါသတကြီး ပြောဆို လာခဲ့သည်။

"အဲဒါ ဘယ်သူလဲ၊ ဘယ်အရူးကောင်လဲ ... နတ်ဆိုး ဧကရီရဲ့ သမီးကို ပြန်ပေးဆွဲပြီး မျိုးနွယ်စု နှစ်ခုအကြား စစ်မီး ပျိုးပေးနေတယ် ... ယုတ်မာလိုက်တဲ့ အကြံအစည်"

"ဘာ"

ကျောင်းအုပ်ချီ၏ အမူအရာသည် ထပ်မံ ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ရေရွတ်လိုက်သည်။

"ကျောင်းအုပ် ... တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ နတ်ဆိုးဧကရီရဲ့ သမီးကို ပြန်ပေးဆွဲပြီး နတ်ဆိုးသားရဲ ပုန်ကန်ထကြွမှု ဖြစ်အောင် လှုံ့ဆော် လိုက်တာပေါ့၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဘယ်သူက ဒီလောက်ရဲတင်း နေတာလဲ၊ တစ်ယောက်ယောက်ကသာ အမှန်တရားကို တွေ့သွားရင် အဲဒီလူက လူသားမျိုးနွယ် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားမှာပေါ့"

"ရည်ရွယ်ချက် ရှိရှိ"

ကျန်းရီ၏ မျက်လုံးများ မှေးစင်း သွားခဲ့ပြီး မိုးပြာနဂါး အင်ပါယာမှ သူ့အား ကင်းထောက် သံတမန်ရာထူး ချီးမြှင့်ထားသည်ကို အမှတ်ရ သွားခဲ့သည်။ သူသည် သံသယ အနည်းငယ် ဝင်လာ၍ ပြောကြည့်လိုက်သည်။

"ကျောင်းအုပ် ... မိုးပြာနဂါး အင်ပါယာက တစ်ယောက်ယောက်များ ဖြစ်နိုင်မလား၊ နယ်မြေမှာ ပြဿနာတွေ ဖြစ်လာရင် နိုင်ငံတချို့ ပျက်စီး သွားလိမ့်မယ်၊ ဒါဆို အကျိုးအမြတ် အများဆုံး ရမှာက သူတို့ပဲလေ"

"ဖြစ်နိုင်တာပေါ့"

ကျောင်းအုပ်ချီသည် နှာခေါင်းရှုံ့ လိုက်သည်။

"ဒီကိစ္စသာ အင်ပါယာက တကယ်လုပ်တာ ဆိုရင် သူတို့ ကိုယ့်သေတွင်း ကိုယ်တူး နေကြတာပဲ"

"ထင်မြင်ချက်တွေ ပြောဖို့ စောသေးတယ် "

ကျူးကော့ချမ်ယွမ်သည် လက်ယမ်းပြကာ ညွှန်ကြားလိုက်သည်။

"ကျောင်းအုပ်ချီ ... နတ်ဆိုးဧကရီ ပြောခဲ့တဲ့ စကားကို ချက်ချင်းသွားပြီး ကြေညာလိုက်၊ နတ်ဆိုးဧကရီ၏ သမီးကို တွေ့တာနဲ့ ကယ်ဆယ်ဖို့ နယ်မြေ တစ်ခုလုံးကို အကူအညီ တောင်းထား ... ဒါဆို နတ်ဆိုးသားရဲ စစ်တပ်က အလျှော့ပေးလိမ့်မယ်"

"နားလည်ပါပြီ"

ကိစ္စသည် အလွန် အရေးကြီးသောကြောင့် ကျောင်းအုပ်ချီသည် အချိန် မဆွဲတော့ပဲ စီစဉ်စရာ ရှိသည်တို့ စီစဉ်ရန် ချက်ချင်း ထွက်ခွာ သွားခဲ့သည်။ ကျူးကော့ချမ်ယွမ်သည် တစ်ခဏ ငြိမ်သက်နေပြီး ရုတ်တရက် မေးလာခဲ့သည်။

"ကျန်းရီ ... မင်း တစ်ခုခုကို ချန်ထားသေးတယ် မဟုတ်လား၊ မဟုတ်ရင် နတ်ဆိုးဧကရီက မင်းကို ဒီလိုမျိုး ဘယ်လိုလုပ် လွှတ်လိုက်မှာလဲ"

"အမြော်အမြင် ရှိပါပေတယ်"

ကျန်းရီသည် အမြီးသုံးချောင်း မြေခွေးလေးနှင့် သူ့အကြားရှိ ဖြစ်ရပ် အကုန်အစင်ကို ပြောပြလိုက်သည်။ ထို့နောက် မေးကြည့်လိုက်သည်။

"ကျောင်းအုပ် ... အဲဒီ အမြီးသုံးချောင်း မြေခွေးလေးက နတ်ဆိုးဧကရီရဲ့ သမီး ဖြစ်နိုင်တယ်လို့ ထင်လား၊ မဟုတ်ရင် ကျွန်တော့်ကို ဒီလို လွှတ်မပေးလောက်ဘူး မလား"

"အတိအကျပဲ"

ကျောင်းအုပ်သည် ဘဝင်ကျ သွားသည့်နှယ် အခိုင်အမာ ပြောလာခဲ့သည်။

"ဒီနတ်ဆိုးဧကရီရဲ့ မူလအသွင်က အမြီးငါးချောင်း မြေခွေး ဖြစ်နိုင်တယ်၊ မင်းတွေ့ခဲ့တဲ့ အမြီးသုံးချောင်း မြေခွေးက သူ့သမီးဆိုတာ သေချာ သလောက်ပဲ"

"ထင်ထား သလိုပါပဲ"

ကျန်းရီသည် အမြီးသုံးချောင်း မြေခွေးလေးကို သတ်လိုက်ခြင်း သို့မဟုတ် ဝိညာဉ်သားရဲ အဖြစ် ယဉ်ပါးအောင် လုပ်ခြင်းတို့ မပြုမိသည်မှာ ကံကောင်းကြောင်း တွေးနေမိသည်။ မဟုတ်ပါက သူအကြိမ် တစ်ထောင်လောက် သေပြီး လောက်ပေပြီ။

"ကျန်းရီ"

ကျူးကော့ချမ်ယွမ်သည် ပြောသင့် မပြောသင့် ဆုံးဖြတ်နေသည့် ဟန်နှင့် အလေးအနက် စကားစ လာခဲ့သည်။

"အမြီးသုံးချောင်း မြေခွေးလေးက မင်းကို ညှို့သေးတယ်လို့ ပြောခဲ့တယ် မဟုတ်လား"

"ဟုတ်ပါတယ် ... ဘာလို့များလဲ ကျောင်းအုပ်"

ကျန်းရီသည် သတိထား၍ ပြန်မေးလိုက်သည်။

"ဟုတ်ပြီ"

ကျူးကော့ချမ်ယွမ်သည် ဘီးတပ် ကုလားထိုင်ကို ရိုက်၍ ပြောလာသည်။

"မင်း ဒုကျောင်းအုပ် တချို့ ခေါ်ပြီး ရှားနိုင်ငံကို ချက်ချင်းသွား၊ ငါ့မှာ အနံ့ခံ အာရုံကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်တဲ့ ဆေးလုံးရှိတယ် ... အမြီးသုံးချောင်း မြေခွေးက မွှေးရနံ့ ဖျော့ဖျော့ တစ်မျိုးကို ထုတ်တတ်တယ်၊ သူထုတ်လိုက်တာနဲ့ မင်းသိလိမ့်မယ်၊ လေထဲမှာ ပါလာမယ့် အနံ့ကနေ တစ်ဆင့် မြေခွေးလေးကို ရှာပြီး မင်းကယ်ပေး ရမယ် ... မဟုတ်ရင် နယ်မြေက လူတွေအကုန်လုံး သေကျေပျက်စီး ကုန်ကြလိမ့်မယ်"

"နားလည်ပါပြီ"

ကျန်းရီသည် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်း သဘောတူလိုက်သည်။ မီးဝိညာဉ် ပုလဲမှာ အလင်းရောင်တစ်ချက် တောက်ပသွားပြီး ကျောက်စိမ်းသေတ္တာ သုံးလုံး ထွက်လာခဲ့သည်။ သူသည် သေတ္တာများကို ကျူးကော့ချမ်ယွမ်ဆီ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ကျောင်းအုပ် ... ကျွန်တော် ဆေးပင်တွေ အားလုံး ရလာခဲ့ပြီ၊ ရှောင်နူကို ဆရာလျောင် ကုသပေးဖို့ အတွက် ကျောင်းအုပ်ကို ဒုက္ခပေး ရတော့မှာပဲ ... ကျွန်တော် သွားပါတော့မယ်"

ကျူးကော့ချမ်ယွမ်သည် ခေါင်းညိတ်လိုက်ပြီး တည်ကြည်စွာ ပြောကြား လာခဲ့သည်။

"ဘေးကင်းကင်းနဲ့ အသက်ရှင်လျက် ပြန်လာခဲ့"

***

All Chapters