အသင်္ချေဝါးမျိုသူ၏ အတွေ့အကြုံ (၄)
Vol. 110 Ch. 1530
ဝမ်ဝေ့အနေနှင့် ယခင်က ထိုမိခင်နှင့် သားဖြစ်သူကို ကူညီရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ သူ့၌ ပိုမိုအရေးကြီးသည့် ကိစ္စများ ရှိလာသည်။ သူက ချက်ချင်းဆိုသလို ဆန့်ကျင်ဘက်သို့ ပြေးထွက်သွားရာ အမဲလိုက်နေသည့် ကျားနတ်ဆိုးကို ထိတ်လန့်သွားစေခဲ့သည်။ ဝမ်ဝေ့က အခြားသူများ၏ တုံ့ပြန်မှုကို သတိမပြုမိသလို ဂရုလည်း မစိုက်ခဲ့ပေ။
သူ့အာရုံစူးစိုက်မှုအားလုံးမှာ သူ့မှတ်ဉာဏ်များပေါ်သာ ရှိနေခဲ့သည်။ သူ့မှတ်ဉာဏ်အများစုမှာ ဤဟင်းလင်းပြင်၏ အဆုံးမဲ့ အမှောင်ထုသာ ဖြစ်နေကြောင်း သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် သူက မှတ်ဉာဏ်များကို အပိုင်းနှစ်ပိုင်း ပိုင်းခြားဖို့ ကြိုးစားလိုက်သည်။ ပင်မမှတ်ဉာဏ်နှင့် အခြားအထွေထွေ မှတ်ဉာဏ်များ ဖြစ်၏။ ပင်မမှတ်ဉာဏ်များသည် သူ့အဓိက စရိုက်လက္ခဏာကို ပုံဖော်ပေးသည့် ကမ္ဘာမြေမှ မှတ်ဉာဏ်များ ဖြစ်ပြီး ကျန်မှတ်ဉာဏ်များမှာ ဤထာဝရဝိညာဉ် အနေအထားဖြင့် နေထိုင်ခဲ့ရသည့် အတွေ့အကြုံများ ဖြစ်ပေသည်။
ဤဖြစ်စဉ်သည် သူ့အာရုံစူးစိုက်မှုအားလုံး လိုအပ်သဖြင့် နက်နဲသော တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့ကာ ပြင်ပမှ သတင်းအချက်အလက်များအပေါ် ဆောင်ရွက်နိုင်စွမ်းအား ကန့်သတ်လိုက်သလို ဖြစ်သွားလေသည်။ ထို့ကြောင့် သူ့ပင်ကိုအသိစိတ် အသက်ဝင်လာပြီး အဆမတန် အလုပ်လုပ်နေချိန်၌ပင် သူက မည်သည့်အရာကိုမျှ သတိမပြုမိတော့ပေ။
ငါ အဆင်ပြေသွားလောက်ပါပြီ …
ဝမ်ဝေ့က ဓာတ်ပုံမှတ်ဉာဏ်စွမ်းအားကို စမ်းသပ်ရင်း တွေးလိုက်သည်။ သူ့မှတ်ဉာဏ်ကို ထိန်းသိမ်းထားပြီးပြီဖြစ်သလို သူ့ပင်မစရိုက်လက္ခဏာကိုလည်း သတ်မှတ်ပြီးပြီ ဖြစ်၏။ ထို့ကြောင့် အချိန်ကုန်လွန်မှုကြောင့် ပြောင်းလဲသွားမည်ကို စိုးရိမ်နေရန် မလိုတော့ဟု ဝမ်ဝေ့ ခံစားလိုက်ရသည်။ သို့သော် ထိုသို့သော ယုံကြည်မှုမျိုးသည် အသိပညာနည်းပါးသူတစ်ဦး၏ မောက်မာမှုသာ ဖြစ်ပေသည်။ အချိန်သည် ကျင့်ကြံသူတိုင်း၏ ရန်သူဖြစ်၍ မည်သူကမျှ သူတို့ကို ပြောင်းလဲပစ်နိုင်မည်မဟုတ်ဟု ယုံကြည်စိတ်ချစွာ မပြောဝံ့ပေ။
ဝမ်ဝေ့က ပတ်ဝန်းကျင်ကို လွတ်လပ်စွာ သတိထားမိပြီးနောက် သတိပြန်ရလာခဲ့သည်။ သူက ချက်ချင်းဆိုသလို ကြီးမားသော အားနည်းချက်ကို ခံစားလိုက်ရသည်။ သို့သော် ထိုခံစားချက်မှာ သူ့ဝိညာဉ်အများစု ပျက်သုဉ်းသွားခဲ့စဉ်အခါနှင့် မတူညီပေ။ ခံစားချက်ကမူ သူ့ယခင်စွမ်းအားကို မထိန်းချုပ်နိုင်ခြင်း သို့မဟုတ် မသုံးစွဲနိုင်ခြင်းမျိုးနှင့် ပို၍ ဆင်တူသည်။
ဘာတွေ ဖြစ်နေတာလဲ …
ဝမ်ဝေ့က ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း တွေးလိုက်သည်။
သူ့အံ့ဖွယ်အသိစိတ်မှာ ယခင်က လျင်မြန်ကာ အစွမ်းထက်ပြီး လွယ်ကူခဲ့သည်။
သို့သော် ယခုအခြေအနေမှာ ကွဲပြားနေသည်။ ထိုအရာကို ဖြန့်ကျက်ဖို့အတွက် အချိန်ယူရပြီး … သူ ဖြန့်ကျက်လိုက်သည့်တိုင် အားကုန်ခမ်းစေသည်။ ထို့အပြင် သူ့ပတ်ဝန်းကျင်ရှိ ကျဉ်းမြောင်းသော နေရာတစ်ဝိုက်၌ ကန့်သတ်ခံထားရပုံပေါ်နေသည်။ သူက မှော်စက်ဝန်းတစ်ခုအပေါ် လှောင်အိမ်တစ်ခုထဲတွင် ရှိနေသည်ကို သတိပြုမိလိုက်သည်။
ငါ ဖမ်းဆီးခံလိုက်ရတာလား … အဲဒါ အစီအရင်လား … ငါ အားနည်းနေရခြင်းရဲ့ အကြောင်းအရင်း ဖြစ်လောက်တယ်။ အဲဒါက ချိတ်ပိတ်ရေး အစီအရင် ဖြစ်လောက်မယ်။
သူက တတ်နိုင်သမျှ သတင်းအချက်အလက်များ စုဆောင်းရန်အတွက် သူ့စိတ်ကို စုစည်းလိုက်သည်။ သူ့လုပ်ဆောင်မှုက အကျိုးရှိခဲ့လေသည်။ သူက အသံတစ်သံကို ကြားလိုက်ရသည်။ လူနှစ်ဦး အငြင်းပွားနေကြပြီး အသံအရ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဖြစ်ပေသည်။
"ညင်သာလက်သီး … ရှင် ဘာလုပ်နေတာလဲ" အမျိုးသမီးက မေးလိုက်သည်။
"ဝမ့်စစ် … ငါ့လမ်းက ဖယ်နေစမ်း" ညင်သာလက်သီးက ပြတ်သားစွာ ပြောလိုက်သည်။
"ကြည့်ရတာ ငါ ပိုပြီး တည့်တိုးပြောရမယ်တူတယ်" ဝမ့်စစ်က ပြောသည်။ "အဲဒီသေမျိုးတွေကို အကုန်သတ်ခဲ့တာ ရှင်မလား"
"ဟုတ်တယ်"
"ဒါဆို ရှင်က မငြင်းဘူးပေါ့"
"အရှင်မင်းကြီးက ဒဏ်ရာအပြင်းအထန်ရထားပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်နာလန်ထူဖို့ လိုအပ်တယ်။ မဟုတ်ရင် ငါတို့ကမ္ဘာကို ကျူးကျော်သိမ်းပိုက်ခံရလိမ့်မယ်” ညင်သာလက်သီးက ပြောသည်။
"အဲဒီသက်ရှိက အကောင်းဆုံး အာဟာရပဲ။ ကံမကောင်းစွာနဲ့ပဲ ဒါက မလုံလောက်သေးဘူး။ သူမှာ စံပြအဆင့်ဝိညာဉ်ရှိပေမဲ့ ပမာဏက ကောင်းကင်ဘုံအဆင့်မှာပဲ ရှိသေးတယ်။ အရှင်မင်းကြီး သူ့ကို ဝါးမျိုနိုင်ဖို့အတွက် ငါ ကူပေးရမယ်"
"အဲဒီသက်ရှိရဲ့ ဝိညာဉ်က အရှင့်ကို နိုးထစေဖို့နဲ့ သူ့ဒဏ်ရာတွေအတွက် ဖြေရှင်းနည်းရှာဖို့ လုံလောက်ခဲ့တယ်။ ငါတို့ လူမျိုးတွေကို သတ်ဖို့ မလိုပါဘူး"
"မင်း ဒီလောက် အသက်ရှည်ရှည် နေလာတာတောင် ဘာလို့ ဒီလောက် တုံးနေရတာလဲ" ညင်သာလက်သီးက လှောင်ပြုံးပြုံးလိုက်သည်။
"အိပ်ပျော်နေတဲ့ ဧကရာဇ်နဲ့ ပြင်းထန်စွာ ဒဏ်ရာရထားတဲ့ ဧကရာဇ်က သိပ်မကွာဘူး။ သူက တတ်နိုင်သမျှ အမြန်ဆုံး သူ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်ဖို့ လိုအပ်တယ်။ တကယ်လို့ သေမျိုးအနည်းငယ်ကို ပူဇော်ရတာက တန်ကြေးတစ်ခုဆိုရင် ငါ အဲဒီအလဲအလှယ်ကို လုပ်ဖို့ ဆန္ဒရှိတယ်"
"အနည်းငယ်တဲ့လား … ရှင် သူ့ရဲ့ ဝိညာဉ်ကို နောက်တစ်ဆင့် တိုးမြှင့်ဖို့ ဝိညာဉ်ဘယ်လောက် လိုအပ်မယ်ဆိုတာ သိလား။ ရှင် သေမျိုးလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို သတ်ရလိမ့်မယ်"
"အဲဒါဆိုလည်း ဘာဖြစ်လဲ။ သူတို့က နှစ်ပေါင်း ၁၀၀၀ အတွင်းမှာ လူပြန်ပြည့်လာမှာပဲ" ညင်သာလက်သီးက ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
"ရှင် … "
"တော်ပြီ။ အရှင်မင်းကြီး နေရာက မရှိရင် ငါက လက်ရှိ ဘုရင်ခံပဲ။ ဒါကြောင့် ငါပြောသလို လုပ်" ညင်သာလက်သီးက အမိန့်ပေးလိုက်သည်။
ဝမ်ဝေ့က စကားပြောဆိုမှုကို အာရုံစိုက် နားထောင်နေခဲ့သည်။ အခြေအနေကို နားလည်ပြီးနောက် သူက ချက်ချင်းပင် အစီအစဉ်တစ်ခုကို ကြံစည်လိုက်သည်။ သူက သတိပြန်ဝင်လာခြင်း သို့မဟုတ် ဉာဏ်ပညာရှိသည့် အရိပ်အမြွက် တစ်စုံတစ်ရာကို ပြသခြင်း မရှိဘဲ ဖုံးကွယ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်တစ်ခုကို စတင် ကြံစည်နေခဲ့သည်။ သူ့အစီအစဉ်မှာ ရိုးရှင်းလှပြီး တတ်နိုင်သမျှ စွမ်းအားများ စုဆောင်းပြီး တစ်ချက်တည်းဖြင့် ချိတ်ပိတ်ရေးအစီအရင်ကို ဖြိုခွင်းကာ လွတ်လပ်ခွင့်ကို ပြန်လည်ရယူရန် ဖြစ်၏။
သို့သော် ဤသည်မှာ အစီအစဉ်၏ ပထမပိုင်းသာ ဖြစ်သည်။ ဒုတိယပိုင်းမှာ သူ လေ့လာခဲ့ရသည့် သတင်းအချက်အလက်များ ဖြစ်၏။ စကားပြောဆိုမှု ပြီးဆုံးပြီး တစ်မိနစ်မပြည့်မီတွင် ဝမ်ဝေ့က စွမ်းအားတစ်ခု သူ့ဝိညာဉ်ထဲသို့ ဝင်ရောက်လာပြီး အာဟာရဖြည့်ပေးနေသည်ကို ခံစားလိုက်မိသည်။
အပြာရောင်ရေကန်လို စွဲဆောင်မှု မရှိပေမဲ့ ခဏတာအတွက်တော့ အဆင်ပြေပါတယ် …
ဝမ်ဝေ့က သူ့ဆီ ပေးအပ်ထားသည့် ဝိညာဉ်များကို စုပ်ယူရန် အာရုံစိုက်ထားရင်း တစ်ချိန်တည်းမှာပင် တိုးမြှင့်လာသော စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်နေခဲ့သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဝမ်ဝေ့က ပိုမို ဝလာခဲ့သည်။ သူက အနီရင့်ရင့် အရောင်များဖင့် လွှမ်းခြုံခံထားရသည့် လှောင်အိမ်အတွင်း ဧရာမခရမ်းရောင်အစက်ကြီးကြီးသဖွယ် ဖြစ်နေသည်။
သို့သော် သူ့ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဌာန်က အရေးမကြီးပေ။
သူ အားဖြည့်ခံနေရစဉ် အချိန်အတောအတွင်း သူက မည်သည့်အချိန်မဆို ထုတ်လွှင့်ဖို့ အသင့်ဖြစ်နေသော ကြောက်မက်ဖွယ် နည်းစနစ်တစ်ခုကို စုစည်းခဲ့သည်။ ပို၍ အရေးကြီးသည်မှာ သူက သူ့စိတ်စွမ်းအားကို သူ့ဝိညာဉ်တိုက်ကွက်ထဲ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့လေပြီ။ ယခုမူ သူက သင့်တော်သည့် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်၏။ ထိုအချိန်မှာ မကြာမီ ရောက်ရှိလာခဲ့သည်။
အဆုံးမဲ့ကြာရှည်နေသည်ဟု ခံစားရပြီးနောက် ဝမ်ဝေ့၏ လှောင်အိမ်က နောက်ဆုံးတွင် နောက်ထပ်နေရာတစ်ခုသို့ ရွှေ့ပြောင်းခံခဲ့ရသည်။ တစ်စုံတစ်ယောက်က သူ့အား ခေါင်းတလားတစ်ခုထံ ဂရုတစိုက် ကြည့်ရှုနေကြသည့် လူသားများစွာရှိရာ မှောင်မည်းနေသည့် အခန်းတစ်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုခေါင်းတလားထဲ၌ အလယ်အလတ်အရွယ် ခန့်ညားသည့် အမျိုးသားတစ်ဦးက ဖျော့တော့သော အသားအရေဖြင့် ငြိမ်းချမ်းစွာ လဲလျောင်းနေသည်။
"ကဲ စကြစို့"
အသံဩဩ တစ်သံက ပြောလိုက်ရာ ထိုအသံသည် ညင်သာလက်သီး၏ အသံဖြစ်ကြောင်း ဝမ်ဝေ့ မှတ်မိလိုက်သည်။ ထိုအမျိုးသားသည် တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရောင်ကွဲများရှိသည့် မျက်လုံးများကြောင့် ပို၍ပင် ပြင်းထန်နေသည့် တင်းမာသော အမူအရာကို ဆောင်ထားလေသည်။ ညင်သာလက်သီးသည် လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ လှောင်အိမ်ပေါ်ရှိ မှော်စက်ဝန်းသည် ပိုမို တောက်ပလာသည်။
ဝမ်ဝေ့က သူ့စွမ်းအားများ စုပ်ယူခံနေရသည်ကို ချက်ချင်း ခံစားလိုက်ရပြီး သူ စောင့်ဆိုင်းခဲ့ရသည့်အချိန် ကျရောက်လာမှန်း သိလိုက်သည်။
သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် ခရမ်းရောင် အလင်းတန်းက အနက်ရောင်လျှပ်စီးကြောင်းများနှင့်အတူ ထွက်ပေါ်လာသည်။ ဝိညာဉ်အကာအကွယ် ပစ္စည်းများ ကွဲအက်သွားသည့် အသံများက ရွှေရောင်ခန်းမထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် လက်ရှိတွင်ရှိနေကြသော အမတ်များအားလုံး သွေးများ စီးကျကာ ကြမ်းပြင်ပေါ် လဲကျသွားကြသည်။
တိုက်ခိုက်မှုက လှောင်အိမ်နှင့် အစီအရင် အပါအဝင် လမ်းကြောင်းရှိ အရာအားလုံးကို ဆုတ်ဖြဲပစ်လိုက်လေသည်။ ဤခန်းမဆောင်၏ နံရံများနှင့် တိုင်လုံးများပင် တိုက်ကွက်၏ စွမ်းအားကြောင့် အက်ကွဲသွားကြလေ၏။ သို့သော် မပျက်စီးသေးပေ။
"မင်း ဘယ်လိုသတ္တိကောင်းနေတာလဲ"
ကျယ်လောင်သော အသံက ခန်းမတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ဝမ်ဝေ့က ခေါင်းတလားထဲမှ အမျိုးသား ဖြည်းညှင်းစွာ မတ်တတ်ရပ်သည်ကို မြင်လိုက်ရ၏။ ထိုသူက နဂါးပုံစံများပါသော ရွှေရောင်ဧကရာဇ်ဝတ်ရုံနှင့်အတူ ပိုမိုပေါ်လွင်စေသည့် မြင့်မြတ်သော ရုပ်ရည်ကို ဖော်ပြနေသည်။ သို့သော် သူ့နှာခေါင်းနှင့် နားများမှ စီးကျနေသော သွေးများက သူ့ခန့်ညားထည်ဝါသော ပုံရိပ်ကို ပျက်စီးစေခဲ့လေသည်။
ဝမ်ဝေ့၏ ပထမဆုံး အလိုလိုသိစိတ်မှာ ထွက်ပြေးရန် ဖြစ်သော်လည်း သူက သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ ရန်သူက အားနည်းပြီး ဒဏ်ရာရနေသည်ဖြစ်ရာ လက်ရှိအခြေအနေတွင် ကျောခိုင်းပြေးခြင်းသည် အကောင်းဆုံးချဉ်းကပ်မှု မဟုတ်ပေ။ သူက နောက်ထပ် တိုက်ကွက်တစ်ခုကို ထုတ်လွှင့်ဖို့ မဆိုင်းမတွ လုပ်ဆောင်ခဲ့သည်။
သို့သော် ဧကရာဇ်က သူ့ပတ်ဝန်းကျင်တွင် မီးလျှံနဂါးတစ်ကောင်ကို ဆင့်ခေါ်လိုက်ရာ ထိုအရာက သူ့ကို တိုက်ကွက်မှ ကာကွယ်ပေးခဲ့လေသည်။ မီးလျှံနဂါးသည် တုန်ယင်သွားပြီး မီးလျှံ အနည်းငယ် လျော့ပါးသွားသော်လည်း ပျောက်ကွယ်မသွားခဲ့ပေ။
ဝမ်ဝေ့က ဤပြောင်းလဲမှုကို သတိပြုမိပြီး ဆက်လက် တိုက်ခိုက်ခဲ့သည်။ သူ့နည်းဗျူဟာမှာ ရိုးရှင်းလှ၏။ သူ ဆက်မတိုက်ခိုက်နိုင်တော့သည်အထိ တိုက်ခိုက်ရန် ဖြစ်သည်။ သူ့အနေနှင့် သူ့ပြိုင်ဘက်ထက် တိုက်ခိုက်ရေးအတွေ့အကြုံ နည်းပါးသည့်အတွက် ဝိညာဉ်နည်းစနစ်သည် ပြင်းထန်စွာ ဖျက်ဆီးမှုအတွက် ပုံစံထုတ်ထားခြင်းဖြစ်လေရာ ကောင်းမွန်သော ချဉ်းကပ်မှု ဖြစ်လေသည်။
ထို့ကြောင့် လျင်မြန်ပြီး ပြင်းထန်သော တိုက်ခိုက်မှု သုံးကြိမ်အပြီးတွင် ဒဏ်ရာရပြီးသား ဧကရာဇ်သည် ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ပေ။
"ဒီအယုတ်တမာကောင်"
သူက အော်ဟစ်ရင်း သူ့ခေါင်းအထက် လက်ဝှေ့ယမ်းလိုက်သည်။ သူက နန်းတော်၏ အစီအရင်ကို အသက်သွင်းလိုက်ရာ မှော်စက်ဝန်းမြောက်မြားစွာ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် သူက နန်းတော်ကို အပြင်ဘက်မှ ဗုံးကြဲတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။
သူ အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး …
ဝမ်ဝေ့ တွေးလိုက်သည်။
အစီအရင်သည် ဧကရာဇ်မင်း၏ ခွန်အားကို မြှင့်တင်ပေးနိုင်သော်လည်း၊ သူ့ဒဏ်ရာကြောင့် ထိုအရာကို ဆက်လက် အသုံးပြုနေခြင်းသည် သူ့စွမ်းအင်များကို ကုန်ခမ်းစေသည်။
ဝမ်ဝေ့က ထိုလူထက်ပိုပြီး ခံနိုင်ရည် ရှိနိုင်ကြောင်း လောင်းကြေးထပ်ခဲ့သည်။
"အယုတ်တမာကောင် … မင်းက ငါ့ကို ဒါ လုပ်ဖို့ တွန်းအားပေးလိုက်တာပဲ"
ဧကရာဇ်၏ အသံသည် မိုးမြေကြားတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ဝမ်ဝေ့က ကောင်းကင်၌ အဖြူရောင် နဂါးတစ်ကောင် သဏ္ဌာန်ပြလာသည်ကို မြင်လိုက်ရ၏။ ထိုအရာသည် ဖြည်းညှင်းစွာ ဧကရာဇ်၏ ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်နေသော ချပ်ဝတ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဝမ်ဝေ့၏ အန္တရာယ် သတိပေးခေါင်းလောင်းသည် အမြင့်ဆုံးနှုန်းဖြင့် မြည်လာခဲ့ပြီး ဧကရာဇ်က မကြာမီပင် အကြောင်းအရင်းကို သက်သေပြခဲ့သည်။ မိုးကုတ်စက်ဝန်း၌ မီးလျှံလှံများဖြင့် ဖုံးလွှမ်းသွားပြီး နီရဲသွားသည်။ သူတို့သည် ဥက္ကာပျံမိုးသဖွယ် အလှတရားနှင့်အတူ သူဆီသို့ အလျင်အမြန် ကျဆင်းလာသည်။
ဝမ်ဝေ့က သူ့စိတ်စွမ်းအားကို ထိန်းချုပ်ရာတွင် ယခုအခါ အနည်းငယ် ကျွမ်းကျင်လာပြီဖြစ်ရာ သူ့ကို ကာကွယ်ရန်အတွက် ဒိုင်းအကာတစ်ခုကို ဖန်တီးခဲ့လေသည်။ သို့သော် သူက အစိမ်းရောင်ပင်လယ်နှင့် ဝင်မတိုက်ခင် စက္ကန့်အနည်းငယ်သာ ခံနိုင်ရည်ရှိခဲ့သည်။
ခွန်အား ကွာခြားချက်က အရမ်းကြီးလွန်းတယ်။ သူ့ကန့်သတ်ချက်ကို မရောက်ခင်အထိ ငါ ကြာကြာ ခံနိုင်မယ်မထင်ဘူး …
ဝမ်ဝေ့က ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ငါ အသက်ရှင်ချင်ရင် ငါ ခွန်အား ပိုလိုတယ် …
သူ့မျက်ဝန်း၌ ရက်စက်သောအလင်းတစ်ခု လင်းလက်သွားလေသည်။ သူက စိတ်စွမ်းအားချပ်ဝတ် တစ်ခုကို ဖွဲ့စည်းပြီး အစိမ်းရောင်ပင်လယ်မှ ပျံတက်လာခဲ့သည်။
သူက အံ့ဖွယ်အသိစိတ်ကို တတ်နိုင်သမျှ နယ်မြေများစွာကို ဖုံးလွှမ်းနိုင်ရန် ဖြန့်ကျက်လိုက်ပြီး သေမျိုးလူသားများ အားလုံးကို အာရုံစိုက်ထားခဲ့သည်။ သူက ချက်ချင်း ရွေ့လျားခြင်းမပြုဘဲ သူ့အံ့ဖွယ်အသိစိတ်က ရုပ်ပိုင်းဆိုင်ရာအရ တတ်နိုင်သမျှ လူများစွာကို ဖုံးလွှမ်းပြီးသည်အထိ စောင့်ဆိုင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်က သူ့ဒုတိယမြောက် တိုက်ကွက်ဖြစ်သည့် အနက်ရောင်မီးလျှံကို ထုတ်လွှင့်လာသည်။
ဤမီးလျှံသည် အန္တရာယ်ရှိကြောင်း သိရန် ဝမ်ဝေ့က သူ့ပင်ကိုအသိစိတ်ကို အသုံးပြုနေဖို့ မလိုအပ်ပေ။ သူ့အသိကင်းမဲ့မှုကလည်း ဤမီးလျှံသည် သူ့လက်ရှိအခြေအနေကဲ့သို့သော ဝိညာဉ်သက်ရှိပုံစံများကို ပစ်မှတ်ထားကြောင်း ခန့်မှန်းခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
အခုပဲ …
သူက တွေးလိုက်သည်။ သူက လှုပ်ရှားမှုတစ်ခုဖြင့် သူ့အံ့ဖွယ်အသိစိတ် ဖုံးလွှမ်းထားသော သေမျိုးများအားလုံး၏ ဝိညာဉ်များကို အတင်းအကျပ် ဆွဲထုတ်ပြီး တစ်ခုလုံး မြိုချလိုက်သည်။