← Chapters

ပွဲချင်းပြီး သေဆုံးခြင်း

Vol. 1 Ch. 259

ပွဲချင်းပြီး သေဆုံးခြင်း

Vol. 1 Ch. 259

ဝိညာဉ်သားရဲ သင်တန်းကျောင်းမှာ ကြေညာချက် ထုတ်လိုက်သည်နှင့် နတ်ဆိုးဧကရီ၏ အမှာစကားသည် နယ်မြေတစ်ခွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ မိုးပြာနဂါး အင်ပါယာနှင့် နိုင်ငံ အသီးသီးသည် နတ်ဆိုးဧကရီ၏ သမီးကို ပြန်ပေးဆွဲသူအား လူသားမျိုးနွယ်၏ ရန်သူအဖြစ် သတ်မှတ်လိုက်ပြီး ဖမ်းဆီးမိန့် ထုတ်လိုက်သည်။ နတ်ဆိုးဧကရီ၏ သမီးအားလည်း ပူးပေါင်း ရှာဖွေကြရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဤတစ်ခေါက်တွင် နိုင်ငံ အသီးသီးသည် အခြေအနေကို သေချာမစုံစမ်း နေနိုင်တော့ပဲ မြေခွေးလေးအား ရှာဖွေရန် ကြော်ငြာစာများ ကပ်ကြလေသည်။ နတ်ဆိုးဧကရီ၏ မျိုးဆက် သမီးငယ်သည် ပြန်ပေးဆွဲ ခံလိုက်ရသည်၊ သူမအလွန် ဒေါသထွက် နေသည်မှာ အံ့သြစရာ မရှိချေ။ နိုင်ငံအားလုံးသည် စစ်ပွဲကို တားဆီးနိုင်ရန် မြေခွေးငယ်အား မြန်မြန်ပြန်တွေ့၍ နတ်ဆိုးဧကရီထံ အရောက်ပို့ နိုင်ရေးသာ ဆုတောင်း နေကြရသည်။

သို့သော် မြေခွေးလေးသည် ကြောင်တစ်ကောင် အရွယ်အစားသာ ရှိ၍ အိတ်တစ်အိတ်ထဲတွင် အသာလေး ထည့်ထား နိုင်လေသည်။ တစ်ယောက်ယောက်ကသာ ဝှက်ထား လိုပါလျှင် လွယ်လွယ်ကူကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။

ကြေညာချက် ထုတ်ပြန်ပြီး နေ့ဝက် ကြာသွားသော်လည်း သတင်း အစအနပင် မရခဲ့ပေ။ မြေခွေးလေးကို ပြန်ပေးဆွဲသူသည် တမင် ရည်ရွယ်ချက်ချက် ရှိရှိ ကြံစည်ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ ထိုသူသည် နတ်ဆိုးသားရဲ စစ်တပ်ကို အသုံးချ၍ လူအများအား ဒုက္ခရောက် စေချင်နေခြင်း ဖြစ်ရမည်၊ သို့မဟုတ် နယ်မြေ တစ်ခုလုံးအား သိမ်းပိုက်လိုသည့် အကြံနှင့် ကြံစည်ခြင်းလည်း ဖြစ်နိုင်သည်။

နတ်ဆိုးသားရဲ စစ်တပ်သည် မြို့ပေါင်းများစွာကို ဖျက်ဆီး၍ ရှားယွိမြို့ရှိရာ ဆက်လက် ချီတက်လို့ နေသည်။

စုတိကောသည် ရှားနိုင်ငံစစ်တပ် သုံးပုံတစ်ပုံနှင့် ဗာဂျရာအဆင့် စုဖျင်ဖျင်း အပါအဝင် အားကောင်းသော စစ်သည်များကို ရှားဖုန်းမြို့တွင် စုစည်းကြရန် အမိန့်ပေး လိုက်သည်။

ရှားဖုန်းမြို့သည် ရှားနိုင်ငံ မြောက်ပိုင်း၏ အဓိက မြို့ကြီးတစ်မြို့ ဖြစ်ပြီး ရှားဖုန်းမြို့၏ တောင်ဘက်တွင် ရှားနိုင်ငံ တော်ဝင်မြို့တော် ရှားယွိမြို့ ရှိလေသည်။ ရှားဖုန်းမြို့ ကျဆုံးလျှင် နတ်ဆိုးသားရဲ စစ်တပ်သည် တောင်ဘက်သို့ ဆက်လက် ချီတက်ကြမည် ဖြစ်၍ ရှားနိုင်ငံသည် ပျက်စီးမည့်ဘေးမှ မလွတ်မြောက် နိုင်တော့ပေ။

နတ်ဆိုးသားရဲ စစ်တပ်သည် ရှားဖုန်းမြို့သို့ နှစ်နာရီအကြာတွင် ရောက်ရှိ လာခဲ့သည်။ နတ်ဆိုးဧကရီသည် ကောင်းကင်ထက်တွင် ပျံသန်းလာရင်း လေထဲတွင် ရှိနေသော စုဖျင်ဖျင်းကို ကြည့်လို့နေသည်။ သူမသည် တွေဝေမနေဘဲ နတ်ဆိုး သားရဲများအား ရှားဖုန်းမြို့ရှိရာ ညွှန်ပြလိုက်ပြီး သူမကမူ စုဖျင်ဖျင်းထံ ပျံသန်းသွားခဲ့သည်။

"သတ်"

စုဖျင်ဖျင်း၏ ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ဖြာထွက်လာခဲ့ပြီး ပုဆိန်ကြီးကို ကိုင်ဆွဲကာ နတ်ဆိုးသားရဲ စစ်တပ်ထံ ပျံသန်း သွားခဲ့သည်။ ညှိနှိုင်းနိုင်မည့် အခြေအနေ မရှိရာ သေသည်အထိ တိုက်ခိုက်ရုံမှ တစ်ပါး အပိုစကားများ ပြောရန် မလိုတော့ပေ။

"သတ်"

ထူထဲခိုင်ခံ့သော မြို့နံရံများသည် နတ်ဆိုးသားရဲ စစ်တပ်ကို တားဆီးနိုင်စွမ်း မရှိပါချေ။ စုတိကောသည် ပုဆိန်သွားတပ် လှံရှည်ကြီးကို ကိုင်မြှောက်၍ ရှေ့ပြေးတပ်ကို ဦးဆောင်ကာ ရှေ့သို့ တိုးဝင်ချီတက် သွားခဲ့သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များမှာလည်း မြို့တံတိုင်းများ ထက်မှ ဆင်းသက် လာကြသည်။ တစ်ချိန်တည်းတွင် မြို့တံခါးများ ပွင့်သွားခဲ့ပြီး စစ်သည်များသည် မြားကြီးတစ်စင်း အလား နတ်ဆိုး သားရဲများထံ တိုးဝင် သွားကြသည်။

"ဝေါင်း ... ဝေါင်း"

"ဝူး ... ဝူး"

"ဂူး ... ဂူး"

သန်းပေါင်း များစွာသော နတ်ဆိုး သားရဲများ၏ တစ်ပြိုင်နက် အော်သံသည် နဝမကောင်းကင်ဘုံ ထိတိုင်အောင် ပျံ့နှံ့ သွားတော့မည်ဟု ထင်ရမတတ်ပင် ကျယ်လောင်လှသည်။ နတ်ဆိုး သားရဲများ၏ ပြင်းထန်လှသော အရှိန်အဝါတို့ကြောင့် မြို့တွင်းရှိ သာမန်တိုင်းသူ ပြည်သားတို့မှာ မတ်မတ်ပင် မရပ်နိုင်လောက်အောင် ထိတ်လန့် နေကြလေသည်။

"ဟိုင်းယား"

စုဖျင်ဖျင်းသည် နတ်ဆိုးဧကရီထံ ပြေးမသွားဘဲ ပုဆိန်ကြီးကို လွှဲကာ အတွင်းအား တိုက်ခိုက်မှုများစွာ ထုတ်လွှတ်လိုက်သည်။ သူ၏အတွင်းအား တိုက်ခိုက်မှု တစ်ချက်စီတိုင်းသည် မီတာ ရာပေါင်းများစွာ ရှည်လျား၍ အရိပ်သာ မြင်လိုက်ရသော နှုန်းဖြင့် နတ်ဆိုးသားရဲ အုပ်စုများထံ ကျရောက်လို့ နေသည်။

နတ်ဆိုး သားရဲများကြားမှ ဆယ်မီတာကျော် မြင့်သော လူဝံကြီး တစ်ကောင်သည် ရုတ်တရက် အနက်ရောင် အလင်းများကို ထုတ်လွှတ် လိုက်လေသည်။ ၎င်း၏ အလင်းများ တောက်ပနေသော လက်တစ်ဖက်သည် အတွင်းအား တိုက်ခိုက်မှုကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ ကြောက်မက်ဖွယ် အော်သံကြီး ထွက်ပေါ်လာခဲ့ပြီး လူဝံကြီးမှာ လွင့်ထွက် သွားခဲ့သည်။ ၎င်း၏ လက်မောင်း တစ်ဖက်သည် သွေးများစိုရွှဲ နေသော်လည်း တစ်ကိုယ်လုံးမှာ မည်သည့်ဒဏ်ရာမှ မကျန်ခဲ့ပေ။

အတွင်းအား တိုက်ခိုက်မှု များစွာသည် အရှေ့ဘက်ရှိ နတ်ဆိုး ဘုရင်များကို ကျော်ဖြတ်၍ အနောက်ရှိ နတ်ဆိုး သားရဲများထံ ကျရောက်လို့ နေသည်။ စုဖျင်ဖျင်းသည် အားကောင်းလွန်းရာ သူ၏တိုက်ခိုက်မှု တစ်ချက်စီတိုင်းသည် တတိယအဆင့် နတ်ဆိုးသားရဲများ အတန်းလိုက်ကို သတ်ဖြတ် နိုင်လေသည်။

"တိုက်ခိုက်ကြ"

လေထုအလယ်မှ စုတိကောသည် သူ၏ ပုဆိန်သွားတပ် လှံရှည်ကြီးကို ကိုင်မြှောက်၍ အော်ဟစ်လိုက်သည်။ မကြာခင်၌ သူ၏ ပုဆိန်သွားတပ် လှံရှည်ကြီးမှာ လခြမ်းကွေးပုံ ဓားအလင်းတစ်ချက် ထွက်ပေါ်လာခဲ့သည်။ နောက်ဘက်မှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များကလည်း အတွင်းအား တိုက်ခိုက်မှုများ ထုတ်ဖော် လိုက်ကြသည်။ လေထုထဲတွင် ရောင်စုံ အတွင်းအားများ ပျံသန်းနေကြပြီး လေထုမှာ အချိန်မရွေး စုတ်ပြဲသွား မတတ် ဖြစ်နေလေသည်။

"သေစမ်း"

စုဖျင်ဖျင်း၏ ကိုယ်အား အပြာရောင် အလင်းဖြင့် အရံအတား တစ်ခုက ကာကွယ် ထားလေသည်။  သူသည် လူဝံ အမျိုးအစား နတ်ဆိုးဘုရင်ထံ ပြေးဝင်သွားခဲ့ပြီး ပုဆိန်ကြီးကို လွှဲကာ ခုတ်ချလိုက်သည်။ ပုဆိန်ကြီးလည်း လေထု အလယ်တွင် ဆယ်မီတာကျော် ကြီးသွားခဲ့ပြီး သေမင်း၏ တံစဉ်အလား လေထုကိုခွင်း၍ ကျဆင်း သွားခဲ့သည်။

"ဟမ့်"

ထိုအချိန်တွင် နတ်ဆိုး ဧကရီသည် နှာတစ်ချက် မှုတ်လိုက်ပြီး သူမ၏ ကျောက်စိမ်းဖြူသွယ် လက်များကို ဆန့်ထုတ်လိုက်သည်။ ယခင်နည်းတူ လှိုင်းတစ်ခု ပျံ့လွင့်သွားခဲ့ပြီး နေရာ တစ်ခုလုံးမှာ အေးခဲရပ်တန့် သွားခဲ့သည်။ စုတိကောနှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များမှာ အတွင်းအား တိုက်ခိုက်မှုများ ပစ်လွှတ်နေဆဲ ဖြစ်သောကြောင့် အမျိုးအစားစုံသော အတွင်းအားများမှာ လေထု အလယ်တွင်ပင် ရပ်တန့် နေခဲ့သည်။ အောက်မှ နတ်ဆိုးသားရဲ များမှာလည်း မလှုပ်ရှားနိုင်ဘဲ ရပ်တန့် နေခဲ့လေသည်။

စုဖျင်ဖျင်း တစ်ယောက်သာ တစ်ခဏ အေးခဲသွားပြီးမှ လှုပ်ရှား လာနိုင်ခဲ့သည်။ သူ၏ ဆံပင်ဖြူများသည် လေမတိုက်ပါပဲ လွင့်နေခဲ့ပြီး အိုမင်းနေသော မျက်နှာထက်တွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေခဲ့သည်။ သူ့ပုဆိန်ကြီးမှာလည်း အောက်သို့ကျဆင်း မသွားဘဲ လေထုကိုသာ ပိုင်းဖြတ် သွားခဲ့သည်။

လေထဲတွင် လှပသော လက်ချောင်းလေး လှုပ်ရှား သွားခဲ့ပြန်သည်။ တစ်စက္ကန့်အတွင်း လက်ချောင်းမှ အလင်းလေးသည် ပုဆိန်ကြီးထက် ကျရောက် သွားခဲ့သည်။

"ဘန်း"

အဖြစ်အပျက်သည် စုဖျင်ဖျင်းအား ကြေကွဲ သွားစေပြီး စစ်သည်များစွာမှာ ဆွံ့အ၍ ကျောက်ရုပ်အလား ဖြစ်သွား ခဲ့လေသည်။ စုဖျင်ဖျင်း၏ သူတော်စင်အဆင့် ပုဆိန်ကြီး အပိုင်းပိုင်း အစစ ကွဲသွားခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက် လက်ချောင်းလေးသည် စုဖျင်ဖျင်း၏ အကာအကွယ် အရံအတားထံ ညွှန်ပြ လာပြန်သည်။

"ဘန်း"

စုဖျင်ဖျင်း၏ အကာအကွယ်မှာ တစ်စစီ ပျက်စီး သွားခဲ့သည်။ လက်ချောင်း သွယ်သွယ်လေးသည် ကောင်းကင်ထက်တွင် ထပ်မံ ဝေ့ဝဲသွားခဲ့ပြီး စုဖျင်ဖျင်း၏ ဦးခေါင်းထံ ညွှန်ပြ လာခဲ့လေသည်။ စုဖျင်ဖျင်း၏ ကိုယ်ကြီး ပေါက်ကွဲသွားခဲ့ပြီး သွေး စသွေးနများမှာ သွေးမိုးရွာသည့် အလား အဘက်ဘက်သို့ ပြန့်ကျဲ သွားခဲ့သည်။

ပွဲချင်းပြီး သေဆုံးခြင်း ...

ရှားနိုင်ငံ၏ အားအကောင်းဆုံးသူ၊ ရှားနိုင်ငံကို နှစ်ပေါင်းနှစ်ရာကျော် ကာကွယ်စောင့်ရှောက် လာခဲ့သူ စုဖျင်ဖျင်းမှာ နတ်ဆိုးဧကရီ၏ လက်တစ်ချောင်း လှုပ်ရုံမျှဖြင့် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။

"အား ... အား"

စုတိကောနှင့် စစ်သည်များသည် စတင် အော်ဟစ် လာကြသည်။ စုဖျင်ဖျင်း သေဆုံးသွားပြီး အရံအတားမှာ ပျက်စီးသွားပြီ ဖြစ်၍ သူတို့ပြန်လည် လှုပ်ရှား လာနိုင်ကြသည်။ ယနေ့တွင် မည်သူမှ အသက် ရှင်နိုင်မည် မဟုတ်ပေ၊ ရှားနိုင်ငံ အဆုံးသတ် သွားခဲ့လေပြီ။

သို့သော် လူတိုင်းသည် အကြောက်အလန့် ကင်းစွာ နတ်ဆိုးသားရဲ စစ်တပ်ထံ ပြေးဝင် သွားခဲ့ကြသည်။ သူတို့သေရမည် ဆိုလျှင်တောင် နတ်ဆိုးသားရဲ အမြောက်အမြားကို သတ်ပြီးမှ ဂုဏ်ရှိစွာ သေကြမည် ဖြစ်သည်။

နတ်ဆိုးဧကရီသည် လေထဲတွင် ရှိနေပြီး ပန်းရောင် ဝတ်စုံလေးမှာ သူမ၏ ကိုယ်ပေါ်တွင် ချပ်ချပ်ရပ်ရပ် ရှိနေသည်။ သူမသည် ပြိုင်ဘက်ကင်းအောင် လှနေသော်လည်း လူတိုင်း၏ အမြင်တွင် သူမသည် သေမင်းထက်ပင် ကြောက်စရာ ကောင်းနေခဲ့သည်။

သူမသည် ထပ်မံ တိုက်ခိုက်ခြင်း မပြုဘဲ လက်တစ်ဖက်ကိုသာ အသာဝှေ့ယမ်း လိုက်သည်။ နတ်ဆိုးသားရဲ စစ်တပ်မှာ ရေလွှမ်းသည့် အလား ရှားနိုင်ငံထံ အလုံးအရင်းနှင့် ပြေးဝင် သွားခဲ့ကြသည်။ နတ်ဆိုးသားရဲများ ဘက်တွင် နတ်ဆိုးဘုရင် ဆယ့်ရှစ်ယောက် ရှိနေပြီး လူသားများ ဘက်တွင် ဗာဂျရာအဆင့် တစ်ယောက်မျှပင် မရှိရာ တစ်ချက်တောင် ခုခံနိုင်မည် မဟုတ်ပေ။

တိုက်ပွဲသည် အချိန်အကြာကြီးပင် မတိုက်ခိုက် လိုက်ရပေ။ နှစ်နာရီအတွင်း ရှားဖုန်းမြို့တွင် သက်ရှိလူသား တစ်ယောက်တောင် မကျန်ရစ်ပဲ သေဆုံး ကုန်ကြလေသည်။ မြို့အတွင်းမှ ထောင်ဂဏန်းသော နေအိမ်များမှာလည်း တစ်စစီ ပျက်စီး နေခဲ့သည်။ ရှန်ဝူစစ်တပ်မှ စစ်သည် နှစ်သောင်းမှာလည်း ရှားဖုန်းမြို့နှင့်အတူ မြှုပ်နှံခံလိုက် ရသည်။

နတ်ဆိုး ဧကရီသည် စုဖျင်ဖျင်း၊ စုတိကော၊ ရှားနိုင်ငံ၏ ထောင်ပေါင်း များစွာသော စစ်သည်များ၊ ပြည်သူ ပြည်သားများ၏ အသက်ဖြင့် သူမ၏ဒေါသကို ကြေညာခဲ့သည်။

သတင်းပျံ့နှံ့ သွားသည်နှင့် ဘုရင် စုတိဝမ်သည် မေ့မြော သွားခဲ့သည်။ မြို့တွင်းတွင်လည်း ပိုးဖြူစနှင့် အပြာရောင်ဝတ်စုံ အမြောက်အမြား ချိတ်ဆွဲလျက်သား ဖြစ်ကုန်ကြသည်။ စစ်ပြေးများ၊ ဂိုဏ်းကြီးဂိုဏ်းငယ် အသီးသီးမှ လူများနှင့် တိုင်းသူ ပြည်သားများသည် မြို့ကိုချန်ရစ်၍ ထွက်ပြေးတိမ်းရှောင် ကုန်ကြလေသည်။

(မှတ်ချက်-ရှေးခေတ် တရုတ်ပြည်မှာ ဆွဲကြိုးချ သတ်သေတဲ့အခါ အပြာရောင် အဝတ်အစားကိုဝတ်၊ အဖြူရောင် အဝတ်စကို ချည်ပြီး သတ်သေပါတယ်)

စုလောရွှယ် ရှားယွိမြို့သို့ ရောက်သောအခါ မြို့သူ မြို့သားတို့သည် မြို့အဝင် တံခါးများတွင် မြို့စောင့် စစ်သည်များကို တွန်းတိုက် နေကြသည်။ သူတို့သည် ရှားယွိမြို့မှ ထွက်သွားကြမည် ဖြစ်၍ စစ်သည်ပမာဏမှာ သိသိသာသာ လျော့နည်း သွားပေလိမ့်မည်။

စုလောရွှယ်သည် စုတိဝမ်ကိုယ်စား အမိန့်တစ်ခု ချက်ချင်း ထုတ်ပြန်လိုက်သည်။ အမိန့်စာသည် ရှားယွိမြို့မှ လူများနှင့် စစ်သည်များ အားလုံး ထွက်သွားလိုက ထွက်သွားနိုင်သည်။ ထိုသူတို့အား ရှားနိုင်ငံမှ အပြစ်မတင်ဟူ၍ ဖြစ်လေသည်။ အကယ်၍ ရှားယွိမြို့နှင့်အတူ မြှုပ်နှံ ခံလိုသူများ ရှိပါကလည်း သူမက အတင်းအကျပ် ထွက်သွားခိုင်းမည် မဟုတ်ပေ။ အနည်းဆုံးတော့ စုလောရွှယ်ဟူသော သူမသည် ထွက်သွားလိမ့်မည် မဟုတ်ချေ။

***

All Chapters