အမြင့်ဆုံးအဆင့်ကို ချောင်းကြည့်ခြင်း
Vol. 110 Ch. 1537
ဟုန်ကျွင်းက ဝမ်ဝေ့၏ ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်သည်။ သူက အဖန်ရည်သောက်ရင်း ဆက်လက် အတွေးနစ်နေမိ၏။ ယနေ့ဖြစ်ရပ်က သူ့စိတ်ထဲတွင် ရှင်းလင်းနေလေသည်။
“ဒီလိုဖြစ်ရမှာမျိုး မဟုတ်ဘူး”
အန်နန်စစ်က အခန်းအတွင်း ပြန်လည်ပေါ်ထွက်လာကာ ပြောလိုက်လေ၏။
“အဲ့ဒီကလေးက အန္တရာယ်များတယ်။ ငါတို့ သူ့ကို အားကိုးလို့ရတယ်ဆိုတာ သေချာရဲ့လား”
ရဝေက ပြောလိုက်သည်။ သူက တည်ရှိမှုစာချုပ်ကို အပြည့်အဝ မယုံကြည်ပေ။ ဝမ်ဝေ့ စွမ်းဆောင်နိုင်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုသူက ဟာကွက်ကို ရှာတွေ့သွားမည်ဆိုလျှင်ပင် အံ့ဩမိမည် မဟုတ်ပေ။
“ငါတို့မှာ ရွေးချယ်စရာများ ရှိသေးလို့လား” အန်နန်စစ်က ပြောလိုက်လေသည်။
“ယင်ကျန်းက စိတ်ပျက်ဖို့ကောင်းတယ်။ တခြားသုံးယောက်က သူ့ထက်နှစ်တွေအများကြီး ရှေ့စောနေတယ်ဆိုပေမဲ့လည်း ဝမ်ဝေ့က သူတို့နဲ့ လိုက်မှီတော့မှာလေ။ ပိုပြီးအရေးကြီးတာက အလုံးစုံကောင်းကင်ကံကြမ္မာကပ်ဘေးပဲ” အန်နန်စစ်က ဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်လေသည်။
“အဲဒါ သူလို့ထင်လား”
“တကယ်လို့ အရင်ကသာဆိုရင်တော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ သေချာလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ သေချာတယ်”
“အဲ့လိုလား” အန်နန်စစ်က ရှုပ်ထွေးမှုကို တွေးတောရင်း ရေရွတ်လိုက်သည်။
“သူက ကျူးကျော်သူဖြစ်နေတာက ငါတို့အတွက် သတင်းကောင်းပဲ”
“ဆိုလိုတာက ငါတို့တွေက သူ့ဖက်မှာ နေရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ မဟုတ်ရင် ငါတို့အဆုံးသတ်သွားလိမ့်မယ်” ရဝေက ထပ်ပြောလိုက်သည်။
မဟာတာအိုက သူတို့ကိုသုတ်သင်ဖို့ စီမံထားပြီးသား ဖြစ်၏။ ထို့ကြောင့် အကယ်၍ သူတို့သာဝမ်ဝေ့ဖက် ရွေးချယ်လိုက်ပါက သူတို့က ဤအဆုံးမဲ့ဟွင်သွမ်းစကြဝဠာအတွင်း နေရာကျန်တော့မည် မဟုတ်ပေ။
“ရွေးချယ်စရာ မရှိဘူးလေ။ ဒါပေမဲ့ သူတို့မှာတော့ ရှိနေတုန်းပဲ” အန်နန်စစ်က ဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်သည်။
“ငါက သူ့ကို သစ္စာဖောက်ပြီး မဟာတာအိုဖက်ကို ရွေးချယ်လိုက်ရင် တုံးအသွားမှာပေါ့” ဟုန်ကျွင်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်လေ၏။
“အခုတော့ အဲ့လိုခံစားရကောင်းခံစားရနေနိုင်ပေမဲ့ အနာဂတ်မှာ မပြောင်းလဲဘူးလို့တော့ မဆိုလိုဘူးလေ” အန်နန်စစ်က လှောင်ပြောင်ကာ ပြောလိုက်သည်။
“ဒါမှမဟုတ် တခြားသူတွေကလည်း အဲ့လိုအတွေးမျိုး ရှိလာနိုင်တာပဲ” ရဝေက ထပ်ပြောလိုက်၏။
“ငါက တခြားသူတွေ လုပ်မဲ့အရာတွေကို လိုက်ပြီးတော့ မထိန်းချုပ်နိုင်ဘူး” ဟုန်ကျွင်းက ပခုံးတွန့်ကာ ပြောလိုက်သည်။
“ခင်ဗျားက အလေးအနက်ပြောနေတာ မဟုတ်ဘူးပဲ။ တကယ်လို့ အဲ့ဒီနေ့ရောက်လာပြီး မဟာတာအိုက ခင်ဗျားကို သူ့ဖက်ပါအောင် မျှားခေါ်ဖို့ ကြိုးစားလာရင် ပြည်တွင်းစစ်ဖြစ်လာလိမ့်မယ်”
အန်နန်စစ်က သတိပေးလိုက်၏။ တခြားသောမျိုးနွယ် အင်အားကြီးပုဂ္ဂိုလ်များက သမိုင်းမတိုင်မီကမ္ဘာမှ ထွက်မသွားနိုင်ခဲ့ပေ။ ဆိုလိုသည်မှာ သူတို့က ဟောကိန်းထဲမှ အရူးဧကရာဇ်ကို ရွေးချယ်ရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။
ဟုန်ကျွင်းက ထိုစကားများကို နက်နက်နဲနဲ စဉ်းစားကာ မျက်မှောင်ကြုတ်လိုက်လေ၏။
“အဲ့လိုဆိုရင်လည်း စပြီး ပြင်ဆင်ထားရအောင်”
သူတို့က ပြည်တွင်းစစ်ကို တတ်နိုင်သမျှရှောင်ရှားဖို့ လိုအပ်ပေသည်။ ယခုအခါ ကြိုတင်ပြင်ဆင်ထားသည်က အကောင်းဆုံး ဖြစ်၏။ ရွေးချယ်စရာက လတ်တလောအတွင်း ပြဿနာတစ်ခု မဟုတ်တော့သော်လည်း ယခု လှုပ်ရှားသည်က အကောင်းဆုံးဖြစ်ပေသည်။
......
ဟုန်မုန့်
ဝမ်ဝေ့က မျက်လုံးဖွင့်လာကာ ဟွင်သွမ်းစကြဝဠာကို ကြည့်လိုက်၏။ ထို့နောက် သူက အားရပါးရ စတင်ရယ်မောတော့သည်။
“ငါ့ကိုယ်ငါ ချီးကျူးရမှာပဲ”
“သူက သူ့ဘာသာသူအဖြေတွေ့သွားလိမ့်မယ်လို့ ထင်မထားဘူး။ ဒီလိုသတင်းအချက်အလက် နည်းနည်းလေးနဲ့လေ။ ရှင့်ရဲ့ အဲ့ဒီပုံစံက အတော်လေးကို ကောင်းမွန်တာပဲ” ဝူဟုန်ကပြောလိုက်လေ၏။
“ဟုတ်တယ်။ ဒါပေမဲ့ သူက နည်းနည်းလေး တုံးအနေတုန်းပဲ။ သူ့ကို ကူညီပေးရအောင်” ဝမ်ဝေ့က လက်ဖျောက်တီးလိုက်ရင်း ပြောလိုက်သည်။ ထို့နောက် ဝမ်ဝေ့က သူ၏ ဒုတိယတောင်းဆိုချက်ကို တောင်းဆိုစဉ်အခါက ရှိလာသည့်အတွေးကို ပိုမိုအားဖြည့်ပေးလိုက်လေသည်။
“ရှင် အဲ့ဒီအတွက် ပြန်ပြီး ပေးဆပ်ရလိမ့်မယ်” ဝူဟုန်က ပြောလိုက်လေသည်။
“အဲ့ဒါက ထိုက်တန်ပါတယ်” ဝမ်ဝေ့က ပြုံးလိုက်၏။
“သူတို့က ကျွန်မတို့ကို ကူညီမယ်လို့ ထင်လား” ဝူဟုန်က မေးလိုက်လေသည်။ သူမအနေဖြင့် ကူညီမည့်အစား အစီအစဉ်ကို တားဆီးမည်ကိုသာ စိုးရိမ်နေမိသည်။
“ဘာလို့မလုပ်ရမှာလဲ။ အဲ့ဒီလူတွေကလည်း ကိုယ်တို့လိုမျိုး ရည်မှန်းချက်ကြီးတာပဲလေ။ သူတို့က ကိုယ်တို့ထက်တောင် ရှေ့ဆက်ရမဲ့ လမ်းစဉ်ကို ကြာကြာရှာဖွေခဲ့ကြတာ။ အခု သူတို့က ရှေ့ဆက်ရမဲ့လမ်းစဉ်ကို ပြသမဲ့ စမ်းသပ်ခံ ဝက်တစ်ကောင် ရှိလာပြီလေ။ ဘာလို့မကူညီဘဲ နေမှာလဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။
“အဲ့လိုဖြစ်နိုင်ပါတယ်” ဝူဟုန်က ရေရွတ်လိုက်၏။
“တစ်ခုခု မှားနေလို့လား”
“အဲ့ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး သေချာရဲ့လား”
“အခုတော့ ကိစ္စတွေကို သံသယဖြစ်နေပြီလား” ဝမ်ဝေ့က မလုံမလဲပြုံးကာ မေးလိုက်သည်။
“ကျွန်မက သံသယဖြစ်နေတာ မဟုတ်ဘူး။ ကျွန်မတို့တွေ နည်းနည်းပိုပြီးတော့ ရှေးရှိးစွဲနည်းနဲ့ လုပ်ရင် ပိုကောင်းမယ်လို့ တွေးမိလို့ပါ။ ရှင်က ကိုးခုမြောက် ပြောင်းလဲမှုကို မစတင်ခင် ရှစ်ခုမြောက်ကို အရင်စတင်သင့်တယ်လေ”
ဝမ်ဝေ့က တိတ်ဆိတ်သွားလေ၏။ သူက သူမ၏ စိုးရိမ်ပူပန်မှုကို နားလည်ပေသည်။ အကယ်၍ သူ့အစီအစဉ် အလုပ်ဖြစ်ခဲ့ပါက သူသည် ကူးပြောင်းမှုနှစ်ခုကို အတူတကွရရှိမည်ဖြစ်ကာ အထွတ်အထိပ်ငါးယောက်၏ အနေအထားသို့ ရောက်သွားလိမ့်မည်။ သို့သော်လည်း အစီအစဉ်က စွန့်စားရာကျပေ၏။
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ကိုယ်တို့တွေ အရင်က ဇွတ်မှိတ်ပြီးတော့ ကိစ္စတွေကို စီစဉ်ထားပြီးသားလေ။ အခုမှ နောင်တရဖို့ နောက်ကျသွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အဆိုးဆုံးအခြေအနေဖြစ်လာမှာက ကိုယ်က ခဏတာချိတ်ပိတ်ခံရပြီးတော့ မင်းက တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်”
“ရှင်က အဲ့လိုအကျိုးဆက်တွေ အကြောင်းကို ပေါ့ပေါ့တန်တန်ပြောတာမျိုးကို သဘောမကျဘူး။ တကယ်လို့ ရှင်သာ ချိတ်ပိတ်ခံရရင် ကျွန်မတို့မိသားစုက မျက်နှာပျက်ရမှာပေါ့။ ပြီးတော့ ကျွန်မက အချိန်အကြာကြီး တစ်ယောက်ကြီး ရှိနေရမှာလေ” ဝူဟုန်က ငြီးတွားလိုက်လေသည်။ သူတို့အဆင့်အနေအထားမျိုးတွင် သေခြင်းတရားက အရေးမပါတော့သည့်အတွက် ဂုဏ်သိက္ခာ သို့မဟုတ် မျက်နှာရဖို့က အဓိကအချက် ဖြစ်လာလေသည်။
“မျက်နှာရဖို့ ဘာလို့များ ဂရုစိုက်နေရမှာလဲ” ဝမ်ဝေ့က ထိုထူးကဲသာလွန်မှု ပုဂ္ဂိုလ်များသည် အသေးအဖွဲကိစ္စများ၌ ဂရုစိုက်လွန်းကြောင်း ခံစားမိလေသည်။ သူက ထိုစွမ်းအား အားလုံးဖြင့် သူတို့၏ လူသားဆန်မှုကို ထိန်းသိမ်းသည့်နည်းလမ်းရှာကြောင်း သိသည့်အတွက် ရယ်မောလိုက်သည်။
“ရှင်က ဂရုမစိုက်ဘူးဆိုပေမဲ့လည်း ဂိုဏ်းရဲ့ဂုဏ်သိက္ခာကိုရော ဘယ်လိုလုပ်မှာလဲ။ ကျွန်မတို့ရဲ့ ကလေးတွေကရော”
“ဂိုဏ်းက အဆင်ပြေမှာပါ။ ပြီးတော့ အဲ့ကောင်စုတ်လေးနှစ်ယောက်ကလည်း အဆင်ပြေမှာပါ” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ပြောလိုက်လေသည်။
“ကောင်းပြီလေ … ရှင်က ဂုဏ်သိက္ခာကို ဂရုမစိုက်ဘူးဆိုရင် ကျွန်မကိုရော ဂရုစိုက်ရဲ့လား။ ကျွန်မတစ်ယောက်တည်း ထားခဲ့ရမှာကို နည်းနည်းလေးမှတောင် မစိုးရိမ်ဘူးလား”
“အဲ့ဆိုရင် ကိုယ်နဲ့ တူတူလိုက်ပြီးတော့ ချိတ်ပိတ်လိုက်ရင်ရော” ဝမ်ဝေ့က မေးလိုက်သည်။
“တော်ပြီ … ရှင်နဲ့ စကားမပြောတော့ဘူး” ဝူဟုန်က ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။ ထို့နောက် သူမက ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က သက်ပြင်းချပြီး သူ့မူလဇစ်မြစ်ကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် မတ်တတ်ထရပ်လိုက်သည်။ သူက ဟွင်သွမ်းစကြဝဠာမြောက်မြားစွာအထိ သူမနောက်လိုက်ကာ ပြန်လည်ချော့မော့ရမည်ဖြစ်ကြောင်း သိထားလေသည်။ သို့သော်လည်း သူက စိတ်ထဲမထားပေ။
အဆုံးမဲ့က အချိန်ကြာလွန်းသဖြင့် သူတို့အနေဖြင့် သူတို့ကြားထဲမှ မီးတောက်လေးအား တောက်ပနေစေဖို့ နည်းလမ်းများရှိဖို့ လိုအပ်ပေသည်။ ဒရမ်မာနှင့် ပဋိပက္ခများက အကောင်းဆုံးနည်းလမ်း ဖြစ်၏။
ဒီတစ်ခေါက် သူမက ဘယ်လောက်ကြာကြာ လိုက်ချော့ခိုင်းမလဲ မသိဘူး …
ဝမ်ဝေ့အနေနှင့် သူမသည် ယခင်ကမှတ်တမ်းဟောင်းကို ချိုးဖောက်ဖို့ မျှော်လင့်နေမိသည်။ ထို့နောက် ပြန်တည့်သွားသည့်နောက်ပိုင်းကိစ္စများက ဒဏ္ဍာရီဆန်လွန်းလှ၏။ ထိုအမျိုးသမီးက သူ တစ်ခါမှမတွေးခဲ့ဖူးသည့် ခံစားမှုမျိုးကို ခံစားရအောင် လုပ်နိုင်ခဲ့သည်။
ထို့ကြောင့် သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာကာ သူမအား လိုက်လံရှာဖွေလိုက်သည်။
........
ထိုအချစ်ငှက်နှစ်ကောင်က အချစ်စိတ်ပြင်းပြနေကြစဉ် လူငါးယောက်ကမူ သတိပေးမှုကို ရုတ်ချည်း လက်ခံရရှိလိုက်လေသည်။ ပထမတစ်ယောက်က မိခင်ကမ္ဘာမြေ ဖြစ်၏။ သူမက သဘာဝအတိုင်း အစိမ်းရောင်ဆံပင်များရှိထားသည့် အနက်ရောင်အမျိုးသမီးတစ်ယောက်ဖြစ်ကာ သစ်ရွက်များဖြင့် ပြုလုပ်ထားသည့် သရဖူတစ်ခုကို ပန်ဆင်ထားပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
သူမက သစ်ကိုင်းပေါင်းသန်းပေါင်းများစွာ ရှိနေသည့် သစ်ပင်ကြီးကို ရေလောင်းနေလျက် ရှိ၏။ သစ်ရွက်တစ်ခုခြင်းဆီက ဟွင်သွမ်းစကြဝဠာတစ်ခု ဖြစ်ပေသည်။
ထိုအထွတ်အထိပ်ငါးယောက်အနက် မိခင်ကမ္ဘာမြေက အကျော်ကြားဆုံး ဖြစ်၏။ အကြောင်းအရင်းကမူ သူမသည် တခြားအထွတ်အထိပ်နှစ်ယောက်ကို မွေးထုတ်ပေးခဲ့၍ ဖြစ်သည်။ ကမ္ဘာမြေက လက်တွေ့နှင့်ဟွင်သွမ်းစကြဝဠာများထဲ တည်ရှိခဲ့သော်ငြား အမြဲတမ်း ထိုသို့မဟုတ်ခဲ့ပေ။ တစ်ကြိမ်တခါက ဟွင်သွမ်းစကြဝဠာတစ်ခုတွင် ကမ္ဘာမြေတစ်ခုသာ ရှိလေ၏။
ကမ္ဘာမြေက ထိုဟွင်သွမ်းစကြဝဠာမှာ ထူးကဲသာလွန်မှုကို ရရှိခဲ့ပြီး ကမ္ဘာမြေကို သူမနှင့်အတူခေါ်ဆောင်ခဲ့ကာ လက်တွေ့များထဲ ဖြန့်ဝေခဲ့သည်။ မိခင်ကမ္ဘာမြေက တစုံတစ်ခုကို ခံစားမိကာ စိတ်ကို ဖြန့်ကျက်ပြီး တခြားသူများနှင့် တွေ့ဆုံလိုက်၏။
အလုံးစုံစတင်ခြင်း တာအိုဆရာက တောင်တန်းကို ပုံဆွဲရာ၌ အာရုံစိုက်ထားလိုက်သည်။ သူက အနက်ရောင်တာအိုဝတ်ရုံ၌ အစွန်းအထင်းများရှိနေသည်ကိုပင် ဂရုမစိုက်ဘဲ ပန်းချီကားကိုသာ အာရုံစိုက်ထားလေ၏။ အကယ်၍ တစ်ယောက်ယောက်သာ ထိုပန်းချီကားကို မြင်လိုက်ရလျှင် သုံးနှစ်အတွင်း ထူးကဲသာလွန်မှုအဆင့်ကို ရကောင်းရနိုင်လိမ့်မည်။ ထိုအရာက မည်မျှအံ့ဩဖို့ကောင်းနေသလဲဟူ၍ ဖြစ်၏။
တာအိုဆရာက တစ်စုံတစ်ခုကို ခံစားမိ၍ ရပ်တန့်ကာ မျက်မှောင်ကြုတ်မိလေသည်။ သူက ဒေါသထွက်မိသော်လည်း သူ့စိတ်ကို အစည်းအဝေးထံ ပို့ဆောင်လိုက်ရ၏။
ထို့နောက် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး တောင်ဝှေးအထက် သင်္ကေတများရေးထိုးရာ၌ အာရုံစိုက်ထားသည့် နတ်သူငယ်တစ်ပါးလည်း သူ့လက်ချောင်းကို ဖောက်ကာ ရွှေရောင်အမှုန်များအား ချပေးလိုက်သည်။ ပြောရမည်ဆိုလျှင် ထိုအရာက သင်္ကေတရေးထိုးရာ၌ ပါဝင်ပစ္စည်းများ ဖြစ်၏။ ထိုအမှုန်များက ခရမ်းရောင်ဟုန်မုန့်ချီမှ ဖန်တီးထားခြင်းဖြစ်သလို ဟွင်သွမ်းစကြဝဠာအား သဲမှုန်အထိ ကြိတ်ထားခြင်း ဖြစ်၏။
ကိစ္စတွေက အရိုးရှင်းဆုံးပဲ …
အရင်းအမြစ်မှော်ဆရာက ရေရွတ်လိုက်လေသည်။
အရင်းအမြစ်မှော်ဆရာက တစ်စုံတစ်ခုကို ခံစားမိကာ သူ့သင်္ကေတရေးထိုးမှုကို ရပ်တန့်ပြီး အစည်းအဝေးကို တက်ရောက်လိုက်သည်။
မွန်းစတားဘုရင်မကလည်း နဂါး၊ ချီလင်၊ ဘန်ရှီး အစရှိသည့် သက်ရှိများစွာ၏ ခန္ဓာကိုယ်များဖြင့် ပေါင်းစည်းထားသည့် ဧရာမသက်ရှိတစ်ပါး ဖြစ်၏။ ထိုမွန်းစတားတွင် တည်ရှိမှုထဲ၌ သက်ရှိအားလုံး၏ အစိတ်အပိုင်းများ ရှိနေလေသည်။ အတိအကျပြောရလျှင် သက်ရှိအားလုံးက သူမ၏အစိတ်အပိုင်းမျှသာ ဖြစ်နေ၏။ ထူးဆန်းသည့်အရာမှာ ကွဲပြားသည့်အရာများ အတူတကွ ရှိနေသော်လည်း ထူးဆန်းသည့် အလှတရားကို ဆောင်ကျဉ်းပေးလာသည်။
နောက်ဆုံးအပိုင်းက မလိုဘူး …
မွန်းစတားဘုရင်မက ပြောလိုက်လေသည်။
တောင်းပန်ပါတယ် ဒါကိုဖျက်လိုက်ချင်လား။
ဝိဇ္ဇာကမေးလိုက်လေသည်။
မလိုဘူး။ ရှင့်ကိုရှင်သာ ဂရုစိုက်။
ကောင်းပြီလေ။
နောက်ဆုံးသော အထွတ်အထိပ်ကမူ ပေါ်ထွက်လာဖို့ ငြင်းဆန်ခဲ့သော်လည်း သူတို့က သူ့နာမည်အား မိစ္ဆာအယောင်ဆောင်ဟူသော နာမည်ကိုသာ အသုံးပြုခဲ့ကြသည်။
.....
“မင်းတို့ ခံစားမိလား” မိခင်ကမ္ဘာမြေက မေးလိုက်လေသည်။
“သေချာနေတဲ့အရာကို ဘာလို့များမေးနေတာလဲ။ အဲ့ဒီကောင်လေးက တက်လှမ်းလာဖို့ ကြိုးစားနေတာပဲ။ မေးခွန်းက ငါတို့ သူ့ကို တားဆီးသင့်လားဆိုတာပဲ” မိစ္ဆာအယောင်ဆောင်က မေးလိုက်သည်။
“ဘာလို့ သူ့ကို တားရမှာလဲ” အလုံးစုံစတင်ခြင်း တာအိုဆရာက ပြန်မေးလိုက်လေသည်။
“ငါတို့တွေက အချိန်အကြာကြီး အထီးကျန်နေတာဆိုတော့ နောက်ထပ်လူ တစ်ယောက် ရှိလာတာ မကောင်းဘူးလား”
“ဘာပဲဖြစ်ဖြစ် ငါကတော့ ဂရုမစိုက်ဘူး” အရင်းအမြစ်မှော်ဆရာက ပြန်ပြောလိုက်သည်။
“ငါလည်း ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါက မင်းတို့ကမ္ဘာမြေသားတွေကိုတော့ စိတ်ကုန်နေပြီ” မွန်းစတားဘုရင်မက ပြောလိုက်လေသည်။
“ငါလည်း တူတူပဲ” မိစ္ဆာအယောင်ဆောင်က ဖြတ်ပြောလိုက်၏။
“ဟုန်မုန့်က ငါတို့ကိုချစ်တာ ငါတို့အမှားမှ မဟုတ်တာ” မိခင်ကမ္ဘာမြေက ပခုံးတွန့်ကာ ပြောလိုက်လေသည်။
“သိပ်လွန်လွန်းမလာနဲ့” မွန်းစတားဘုရင်မက ပြန်လည်ငြင်းခုံလိုက်၏။
“ကဲ ခေါင်းစဉ်ကိုပဲ ပြန်ပြောရအောင်။ အချိန်က အသက်ပဲ” အရင်းအမြစ်မှော်ဆရာက ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့လိုမဟုတ်ဘူးလေ။ ငါတို့က ကမ္ဘာကြီးထဲမှာ ရှိတဲ့အချိန်အကုန်လုံး ရှိနေတာပဲ” အလုံးစုံစတင်ခြင်း တာအိုဆရာက ထပ်ပြောလိုက်သည်။
“ငါက အချိန်ဖြုန်းရတာ မကြိုက်ဘူး။ အဆုံးမဲ့ဆိုရင်တောင်ပေါ့။ အခု ငါတို့က ဝင်ရောက်စွက်ဖက်မှာလားဆိုတာ ဆုံးဖြတ်ရမယ်” အရင်းအမြစ်မှော်ဆရာက ရေရွတ်လိုက်သည်။
“ငါက ပြဿနာ မရှိဘူး”
“ငါလည်း အဆင်ပြေတယ်”
“လူသစ်တစ်ယောက် ရောက်လာတာ ကောင်းတာပဲ”
“အနည်းဆုံးတော့ သူ့ကို သွားပြီးရန်စလို့ ရလား”
အားလုံးက ထိုမွန်းစတားဘုရင်မ၏ စကားကို လျစ်လျူရှုလိုက်ကြ၏။
“ကောင်းပြီလေ … ဒီလိုဆိုရင် ငါ သွားပြီ” အရင်းအမြစ်မှော်ဆရာက ဆက်သွယ်မှုကို အဆုံးသတ်လိုက်လေသည်။
“တကယ့်ကို ပျင်းစရာကောင်းတဲ့လူပဲ။ သူ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ အလောင်းအစားထပ်ရင် ဘယ်လိုလဲ” မိစ္ဆာအယောင်ဆောင်က ပြောလိုက်သည်။
“ဘာလို့မလုပ်ရမှာလဲ။ ဒါပေမဲ့ သူ အောင်မြင်မယ်လို့ လောင်းတယ်” မိခင်ကမ္ဘာမြေက သဘောတူလိုက်လေသည်။ သူမက သူမ၏ကလေးများအပေါ် အမြဲတမ်း ယုံကြည်မှုရှိခဲ့၏။
“ငါလည်း အဲ့လိုပဲ” တာအိုဆရာက ခေါင်းညိတ်လိုက်လေသည်။
“ငါတို့အားလုံးက သဘောတူနေလို့ မဖြစ်သေးဘူးလေ။ အဲ့ဆိုတော့ ငါက သူ ဆိုးဆိုးရွားရွား ရှုံးပြီး အရှက်ကွဲမယ်ဆိုတဲ့ဘက်က လောင်းမယ်” မွန်းစတားဘုရင်မက ပြောလိုက်သည်။
“ငါလည်း သူ ကျရှုံးမယ်ဆိုတဲ့ဘက်က လောင်းတယ်။ သူက ရည်မှန်းချက် ကြီးလွန်းတယ်။ ကိစ္စတွေကို ဖြည်းဖြည်းချင်း လုပ်ဆောင်သင့်တယ်လို့ ထင်တယ်” မိစ္ဆာအယောင်ဆောင်က ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါတို့ ဘာလောင်းကြမှာလဲ” မိခင်ကမ္ဘာမြေက မေးလိုက်လေ၏။
“ငါက မင်းရဲ့ ကမ္ဘာအရင်းအမြစ်သစ်ပင် အမြစ်ကို လိုချင်တယ်” မွန်းစတားဘုရင်မက ပြောလိုက်သည်။
“ဒီလိုဆိုရင် ငါက မင်းရဲ့အရင်းအမြစ်သွေးကို လိုချင်တယ်”
“ကောင်းပြီလေ”
တာအိုဆရာက မိစ္ဆာအယောင်ဆောင်ကို ကြည့်ကာ ပြောလိုက်လေသည်။
“အဲ့လိုကြီးကြီးမားမား လောင်းချင်တာလား”
“ဘာလို့မလုပ်ရမှာလဲ”
“ကောင်းပြီလေ”