ဘောင်အကန့်အသတ်များ ပိုမိုကျယ်ပြန့်လာခြင်း
Vol. 110 Ch. 1538
ဝမ်ဝေ့က မျက်လုံးများကို ဖွင့်လိုက်ပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ သူက ထိုသူတို့သုံးဦးနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ခဏတာ ပြန်လည်သုံးသပ်လိုက်၏။ သူက စကားတစ်လုံး၊ မျက်နှာအမူအရာ အသေးအဖွဲ့ကအစ သို့မဟုတ် ကိုယ်အမူအရာ လှုပ်ရှားမှု တစ်ခုကိုပင် စက္ကန့်ပိုင်းမျှ မလွတ်တမ်း သတိထားမိခဲ့သည်။
မည်သည့်အရာမျှ လွတ်မသွားစေရန် ထိုတွေ့ဆုံမှုကို အသေးစိတ် အချက်အလက်တိုင်းကို ဝမ်ဝေ့က ဆန်းစစ်ခဲ့သည်။
"ဒီကိစ္စကို ဇနီးလောင်းလေးနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်"
သူက ရေရွတ်လိုက်၏။ သူက အချိန်မည်မျှ ကုန်လွန်သွားသည်ကို စစ်ဆေးရင်း ထရပ်လိုက်သည်။
ဟင် မဟာညီလာခံ မတိုင်ခင် တစ်နှစ်တောင် မကျန်တော့ဘူးလား။ စိတ်ဝင်စားစရာကောင်းတဲ့ အချိန်ကွာခြားမှုပဲ …
ထိုသူများနှင့် သူစကားပြောခဲ့သည်မှာ တစ်နာရီပင် မကြာခဲ့သော်လည်း နှစ်ပေါင်း တစ်ထောင်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ဝမ်ဝေ့က သူ တံခါးပိတ် ကျင့်ကြံခဲ့သည့် အချိန်ပမာဏကို တွက်ချက်ရင်း အပြင်ဘက်သို့ ထွက်လာလိုက်သည်။ ပထမဆုံးအကြိမ် တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ယွမ်ခေတ်ကာလ ၇၀ ၀၀၀ ကုန်ဆုံးခဲ့ပြီးမှ မေတ္တယျနှင့် တွေ့ဆုံခဲ့သည်။ သူတို့၏ ဆွေးနွေးပွဲသည် နှစ်ပေါင်း ၅၀၀ ၀၀၀ သာ ကြာခဲ့ပြီး ဝမ်ဝေ့က ထပ်မံ တံခါးပိတ် ကျင့်ကြံခဲ့ရသည်။ ယခုအခါတွင် သူက နောက်ထပ် ယွမ်ခေတ်ကာလ ၃၀ ၀၀၀ ကို ကုန်လွန်စေခဲ့ပြီ ဖြစ်၏။
သိပ်တော့ မဆိုးပါဘူး …
သူတွေးလိုက်ပြီး ဝူဟုန်၏ အလုပ်ခန်းဆီ လျှောက်လာလိုက်သည်။ သူ ချဉ်းကပ်သွားချိန်တွင် အမြွှာနှစ်ယောက်သည် အခန်းမှ ထွက်လာကြပြီး သူနှင့် တည့်တိုးတွေ့မိကြလေသည်။ သူတို့၏ ခန္ဓာကိုယ်များက တစ်စက္ကန့်မျှ တောင့်တင်းသွားပြီးမှ စကားဆိုလိုက်ကြသည်။
“ဆရာဦးလေး သီးသန့်ကျင့်ကြံရေး အောင်မြင်တာ ဂုဏ်ပြုပါတယ်”
ဝမ်ဝေ့က ကျေနပ်စွာ ပြုံးလိုက်သည်။
“ကျေးဇူးပါ .. မင်းတို့လဲ ရှေးဦးစံပြတွေ ဖြစ်လာကြတာ ဂုဏ်ပြုပါတယ်”
"ကျွန်တော်တို့ အောင်မြင်မှုအတွက် ဆရာဦးလေး ပါဝင်ကူညီခဲ့တယ်လို့ ဆရာက ပြောပါတယ်။ ဒါကြောင့် ကျေးဇူးတင်ချင်ပါတယ်"
စုန့်ကျန်းက ပြောလိုက်သည်။ သူက ညီမဖြစ်သူ တစ်ခုခုပြောမည်ကို စောင့်နေသော်လည်း သူမ၏ ပါးစပ်မှာ အစာခိုးစားရန် ကြိုးစားနေသည့် ကြွက်တစ်ကောင်ထက် ပို၍ပင် တိတ်ဆိတ်နေလေသည်။ ထို့ကြောင့် သူက တံတောင်နှင့် တွန်းလိုက်ရ၏။
"ဟုတ်ပါတယ်။ ဆရာဦးလေးရဲ့ ပျိုးထောင်ရေးအမြုတေသာ မရှိခဲ့ရင် ကျွန်မတို့ ဒီအဆင့်ကို ရောက်ဖို့ ဘယ်လောက်ကြာမယ်မှန်းတောင် မသိဘူး" စုန့်လုလုက အတင်းအကြပ် ပြုံးပြရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ဖို့ မလိုပါဘူး။ မင်းတို့ရဲ့ အောင်မြင်မှုတွေဟာ မင်းတို့ရဲ့ ပါရမီ၊ ကြိုးစားအားထုတ်မှုနဲ့ မင်းတို့ ဆရာရဲ့ မလျှော့သော ဝီရိယရဲ့ ရလဒ်တွေပါပဲ"
ဝမ်ဝေ့က ပြောလေသည်။ သူက သူတို့၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးခဲ့သည်မှာ အမှန်ဖြစ်သော်လည်း အများစုမှာ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုကြောင့် ဖြစ်ကြောင်း သူ သိသည်။
"ကောင်းပြီလေ … မင်းတို့လည်း အလုပ်ရှုပ်နေမှာပဲ။ ငါလဲ မင်းတို့ရဲ့ ဆရာကို သွားတွေ့လိုက်ဦးမယ်"
ဝမ်ဝေ့က လက်ပြနှုတ်ဆက်လိုက်ပြီး အတွင်းသို့ လျှောက်ဝင်သွားသည်။ ကျမ်းလိပ်များနှင့် ကျောက်စိမ်းအဆောင်စာရွက်များ ဝန်းရံလျက် စာရွက်စာတမ်းများကို ပြန်လည်သုံးသပ်ကာ လက်မှတ်ရေးထိုးနေသော ဝူဟုန်ကို သူ တွေ့လိုက်ရသည်။ သူမ၏ သူမတူ အလှတရားကြောင့် သူက ချက်ချင်း အာရုံပျံ့လွင့်သွားလေသည်။
သူက မျက်မှန်နှင့် ရည်ရွယ်ချက် ကြီးမားသည့် အမှုဆောင်ချုပ် (အမျိုးသမီး စီအီးအို)အဖြစ် သရုပ်ဆောင်ရန် သူမကို တောင်းဆိုတော့မလို ဖြစ်ခဲ့ပြီး သူကိုယ်တိုင်က သူမနှင့် ဖောက်ပြန်နေသည့် အတွင်းရေးမှူး ဖြစ်ချင်နေမိသည်။ သို့သော် သူမ၏ အရှိန်အဝါကြောင့် ချက်ချင်း အာရုံပြောင်းသွားခဲ့သည်။
"မင်းရဲ့ အရှိန်အဝါက … သာလွန်အုတ်မြစ် ၁၃ ပါးကို ပြီးမြောက်သွားပြီလား"
ဝူဟုန်က မော့မကြည့်ဘဲ ပြန်ဖြေသည်။
"အချိန်မလောက်လို့ စိတ်ဝိညာဉ်မျိုးစေ့ကိုပဲ ပေါင်းစည်းရသေးတာ"
ဝမ်ဝေ့က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"အုတ်မြစ် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်လို့ မရဘူးလား"
"သင့်တော်တဲ့ နည်းလမ်းနဲ့ဆို ဖြစ်နိုင်ပါတယ်"
"ဘေးထွက်ဆိုးကျိုးကရော … "
"ပိုပြီး နာကျင်ရုံပဲ"
"ဒါဆိုရင် လုပ်ဖို့ မသင့်တော်ဘူး" ဝမ်ဝေ့က ပြောသည်။ သူမ နာကျင်ခံစားရသည်ကို သူ မလိုချင်ပေ။
"မဟာညီလာခံက အရေးကြီးတယ်။ ရောက်လာဖို့ စောင့်ဆိုင်းရင်း အချိန်ဖြုန်းနေလို့ မဖြစ်ဘူး"
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက သူမဘေးနားတွင် ထိုင်ခုံတစ်လုံး ရှာလိုက်ပြီး လက်ဖက်ရည်နှင့် မုန့်များကို ပြင်ဆင်ကာ သူမ၏ စာရွက်စာတမ်းများ အားလုံး ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေခဲ့သည်။
လုပ်ငန်းစဉ်သည် တစ်နာရီကျော် ကြာခဲ့ပြီး ထိုအရာသည် သူမ၏ အလုပ်ဝန်ပိမှုကို ပြသနေသည်။
"ဘာလို့ ရုတ်တရက် အလုပ်တွေ ဒီလောက် ရှုပ်နေရတာလဲ။ ကုန်းမြေသခင်တစ်ယောက်က ဒီလုပ်ငန်းတွေ အားလုံးကို ကူလုပ်မပေးနိုင်ဘူးလား"
"ကျွန်မတို့ စစ်ပွဲပုံစံထဲကို ဝင်ရောက်နေပြီလေ။ အရာအားလုံး ပိုပြည့်စုံနေဖို့ လိုအပ်တယ်"
ဝူဟုန်က လက်ဖက်ရည် သောက်ပြီး မုန့်စားရင်း ပြောလိုက်သည်။
"ဟမ် ဒါလေးက မဆိုးဘူးပဲ။ ရှင် ကိုယ်တိုင် ဖန်တီးထားတာလား"
"ဒါက ဟွေ့မျိုးနွယ်စုရဲ့ ချက်နည်းတွေထဲက တစ်ခုလေ" ဝမ်ဝေ့က ပြန်ဖြေလာသည်။
သူသည် ဟွေ့မုန့်ဝေ အမည်ရှိ အမျိုးသားတစ်ဦးဆီ တစ်ချိန်က ရင်းနှီးမြှုပ်နှံခဲ့ပြီး ချန်ကျစ်လန် ၏ ဆရာထံတွင် သင်ယူရန်ပင် ပို့ပေးခဲ့သည်။
"ဒါက ကောင်းတဲ့ ချက်နည်းတစ်ခုပဲ"
ဝူဟုန်က သူမ၏ မုန့်ကို လက်စသတ် စားသုံးရင်း ချီးကျူးလိုက်သည်။
"ရှင့်ရဲ့ အရှိန်အဝါကလည်း ကွဲပြားနေတယ်။ ရှင့်ရဲ့ သီးသန့်ကျင့်ကြံရေး ရလဒ်တွေက ကျေနပ်စရာကောင်းမယ်လို့ ထင်တယ်"
"အိုး မင်း မှန်းကြည့်မိမှာတောင် မဟုတ်လောက်ဘူး"
ဝမ်ဝေ့က ပြောလိုက်ပြီး သူ့ဒုတိယတောင်းဆိုချက်မှလွဲ၍ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြလိုက်သည်။ ဝမ်ဝေ့က သူမကို မယုံကြည်၍ မဟုတ်သော်လည်း သတင်းအချက်အလက်များ ထုတ်ဖော်ခံရသည်ကို မလိုချင်ပေ။ သူသည် သမိုင်းမတိုင်မီကမ္ဘာ ၏ အခြေအနေသည် သတင်းအချက်အလက်များကို မဟာတာအို ထံမှ ပိုမို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သည်ဟု ယုံကြည်မှု ပိုရှိခဲ့သည်။
ဝူဟုန်က မှတ်ချက်မပေးဘဲ အာရုံစိုက် နားထောင်ခဲ့ပြီး သူ ပြောပြီးသည့်အခါ သူမက ရေရွတ်လိုက်သည်။
"ဒါဆို ဒါက အမှန်ပဲပေါ့"
"ဘာကိုလဲ"
"လျှို့ဝှက် မဟာယန္တရားတွေ ရှိတယ်လို့ ကျွန်မ ကြားခဲ့ဖူးတယ်။ သူတို့ထဲက တစ်ခုက မှတ်တမ်းခန်းမ ဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာရှိနေတဲ့ အသိပညာ၊ အမှန်တရား၊ ရှေ့ပြေးနိမိတ်တွေနဲ့ ကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေ အားလုံးရှိတယ်တဲ့။ ရှင့်ဇာတ်လမ်းအရဆိုရင် မဟာတာအိုက ဥပဒေအားလုံး ပါဝင်တဲ့ မဟာတာအို အရင်းအမြစ်ကို ဖန်တီးဖို့ လေ့လာစောင့်ကြည့်သူရဲ့ မှတ်တမ်းကို အသုံးပြုခဲ့တာလေ။ အဲဆိုတော့ မှတ်တမ်းခန်းမကိုတော့ သတင်းအချက်အလက်တွေ ထည့်သွင်းဖို့ အသုံးပြုခဲ့ပုံရတယ်"
"အခု မင်းပြောမှ ကိုယ် တစ်ခု တွေးမိသွားတယ်" ဝမ်ဝေ့က ပြောလိုက်သည်။
"အထွတ်အထိပ် တားမြစ်ခံတာအို ၅ ပါးမှာ ဖန်တီးခြင်း၊ ဖျက်ဆီးခြင်း၊ နဲ့ ကောင်းကင်ဘုံတာအိုကလွဲပြီး မဟာယန္တရားတစ်ခုစီ ရှိကြတယ်။ ဒါပေမဲ့ ဖျက်ဆီးခြင်းကျ တိုက်ပွဲဝင်ရုပ်သေးရုပ်ပုံစံနဲ့ ဖြစ်ဖြစ်၊ တစ်ခုခု ပုံစံနဲ့ ရှိနေနိုင်သေးတယ်ဆိုတာ ကိုယ်တို့ သိတယ်။ ဒါပေမဲ့ မှတ်တမ်းခန်းမကတော့ ကောင်းကင်ဘုံတာအိုအတွက် ယန္တရား ဖြစ်ကောင်း ဖြစ်နိုင်တယ်"
"ဖန်ဆင်းခြင်း ကန်" ဝူဟုန်က တောက်ပသော မျက်လုံးများဖြင့် ရုတ်တရက် ပြောလိုက်သည်။
"ဒီစကားလုံးကို သားရေစာရွက်တစ်ရွက်ပေါ်မှာ တစ်ချိန်က ဖတ်ဖူးတယ်။ အဲဒီအချိန်ကစပြီး အဲဒါ ဘာလဲဆိုတာကို နားလည်အောင် ကြိုးစားနေခဲ့တာ။ အခုတော့ ဒါဟာ ဖန်တီးခြင်းတာအိုအတွက် မဟာယန္တရား ဖြစ်တယ်ဆိုတာ ကျွန်မ သေချာသွားပြီ။"
ယေဘုယျအားဖြင့် ဖျက်ဆီးခြင်းသည် ကမ္ဘာဦးဟွင်သွမ်းနှင့် မဟာတာအိုအရင်းအမြစ်ကို တည်ဆောက်ပြီးနောက် ယန္တရားအဖြစ်သို့ ပြောင်းလဲသွားနိုင်ဖွယ် အလွန်မြင့်မားသည်။
"မဟာမြူစက်ဝန်းက ဖန်ဆင်းခြင်းကန်နဲ့ ချိတ်ဆက်နေတယ်လို့ မင်း ထင်လား။ မြူခိုးတွေရဲ့ စွမ်းအင်ရင်းမြစ်က အရင်းအမြစ်ချီ နေရာလွတ်ကနေ ရောက်လာတယ်ဆိုပေမဲ့ပေါ့"
ဝမ်ဝေ့က မှတ်ချက်ပေးသည်။
"အရာအားလုံးက ချိတ်ဆက်နေတာကြောင့် ဖြစ်နိုင်ပါတယ်" ဝူဟုန်က ခေါင်းညိတ်ပြသည်။
"မှန်တယ်။ အရင်းအမြစ်ချီ နေရာလွတ်အကြောင်း ပြောရရင် ဟုန်ကျွင်းက ဒါကို ဘယ်အချိန်မှာ ဖန်တီးခဲ့တယ်ဆိုတာ ဘယ်တော့မှ မပြောခဲ့ဘူး။ နောက်မှ ပေါ်လာတယ်လို့ မင်း ထင်လား"
"သေချာပေါက်ပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က မတူညီတဲ့ ကမ္ဘာတွေနဲ့ စွမ်းအင်မျှဝေဖို့အတွက်သာမကဘဲ အရင်းအမြစ် စီမံခန့်ခွဲမှု အတွက်ပါ ဖြစ်နိုင်တယ်။ ဒါကြောင့် ခန့်မှန်းရမယ်ဆိုရင် မဟာတာအိုက အဆီအနှစ်ခေတ်ကာလ နောက်ပိုင်းမှာ ကျင့်ကြံသူတွေ အင်အားလွန်ကဲစွာ အသုံးပြုတာကို ကာကွယ်ဖို့အတွက် ဒီနေရာကို ဖန်တီးခဲ့တာ" ဝူဟုန်က ခွဲခြမ်းစိတ်ဖြာသည်။
"မှန်တယ်။ ကာဒီနယ်နဲ့ ခုံရုံးကရော အဆီအနှစ်ခေတ်ကာလ မတိုင်ခင်က ရှိခဲ့တာလား ဒါမှမဟုတ် နောက်မှလား"
"အဲဒီတစ်ခုခု ဖြစ်နေစရာ မလိုပါဘူး။ မဟာတာအိုမှာ အဆီအနှစ်ခေတ်ကာလအတွင်း ခုံရုံးရဲ့ သဘောတရား ရှိခဲ့ပြီး နောက်ပိုင်းမှသာ ပြီးပြည့်စုံအောင် လုပ်ခဲ့တာ ဖြစ်နိုင်တယ်"
"အဲ့ဒီ ကောက်ချက်ချမှုနဲ့ ဆိုရင် အရင်းအမြစ်ချီ ကာဒီနယ်က အငယ်ဆုံးပဲ။ ဒါပေမဲ့ ဒါက တကယ် အရေးမကြီးပါဘူး" ဝမ်ဝေ့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"အမှန်တကယ် မေးစရာက ဒီ လျှို့ဝှက်မဟာယန္တရားတွေကို ထိန်းချုပ်ထားတဲ့ ကာဒီနယ်တွေ ဒါမှမဟုတ် လူတွေ ရှိနေလားဆိုတဲ့ မေးခွန်းပဲ"
"လေ့လာစောင့်ကြည့်သူနဲ့ ဖြစ်ပျက်ခဲ့တာတွေကို မြင်ပြီးနောက်မှာ မဟာတာအိုက ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို ဘယ်သူ့ကိုမှ အပြည့်အဝ ထိန်းချုပ်ခွင့် ပေးမယ်လို့ မထင်ဘူး … သူမအနေနဲ့ မှတ်တမ်းခန်းမကနေ ဥပဒေဆိုင်ရာကဏ္ဍကို ခွဲထုတ်ပြီးသား ဖြစ်နေရင်တောင်မှပေါ့"
"ဖျက်ဆီးခြင်းရဲ့ စွမ်းအားက သူ့လက်ထဲက အထက်မြက်ဆုံး တုတ်ချောင်းပဲ။ ဒါဆို ဖန်ဆင်းခြင်းကန် ပဲ ကျန်တော့တယ်"
ဝမ်ဝေ့က ရေရွတ်လိုက်သည်။
သာလွန်ခေတ်ကာလထဲ ကမ္ဘာကြီးက အကြီးအကျယ် ပြောင်းလဲတော့မည့်အခြေအနေမျိုးမှာ လျှို့ဝှက်ကာဒီနယ်တစ်ယောက် ရှိကောင်းရှိနိုင်သည်ဆိုသော အတွေးက မရေမတွက်နိုင်လောက်သည့် သက်ရောက်မှုတွေ ရှိလာနိုင်သည့်အတွက် သူတို့နှစ်ဦးက ထိုဖြစ်နိုင်ခြေကို စိတ်ထဲမှာ မှတ်ထားဖို့ ရွေးချယ်ခဲ့ကြသည်။
"ဘာကြောင့် ဖန်ကူ က ဒီလမ်းကို ရွေးချယ်ခဲ့တယ်လို့ ရှင် ထင်လဲ" ဝူဟုန်က မေးသည်။
"သူ့ရဲ့ စရိုက်က အမြဲတမ်း ဒီလိုမျိုး ဆိုးရွားခဲ့တာကို အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့တာလား ဒါမှမဟုတ် တစ်ခုခုက သူ့ကို ပြောင်းလဲစေခဲ့တာလား"
"ကိုယ် ထင်တာတော့ သူဟာ အမှန်တကယ် ကြင်နာတတ်တဲ့သူပါပဲ"
"ရှင် ပြောတာကို ထောက်ပြစရာ တစ်ခုခု ရှိလို့လား ဒါမှမဟုတ် ဘက်လိုက်မှု ပါနေလို့လား" သူမက မေးသည်။
"ဘက်လိုက်မှု မရှိပါဘူး။ ကိုယ့်ရဲ့ အမြင်ကတော့ ဟုန်ကျွင်းလို ဉာဏ်များတဲ့သူတစ်ယောက်ဆီကနေ ပြီးပြည့်စုံအောင် ဖုံးကွယ်ထားဖို့က ခက်ခဲလိမ့်မယ်။ အထူးသဖြင့် နောက်ပိုင်းမှာ သူက ကံကြမ္မာဟွင်သွမ်းနတ်ဘုရား ဖြစ်လာတဲ့အခါမှာပေါ့"
"ဟုတ်တယ်။ ဒါဆို သူ့ဆီ ဘာဖြစ်ခဲ့တယ်လို့ ရှင် ထင်လဲ"
"ယုတ္တိရှိရှိ တွေးကြည့်ရင် အဖြေက ရှင်းပါတယ်" ဝမ်ဝေ့က ပြောလိုက်သည်။
"ဖန်ကူအနေနဲ့ သူ လုပ်ခဲ့သမျှ အားလုံးကို လုပ်နိုင်ဖို့အတွက် သူဟာ အလွန် အစွမ်းထက်တဲ့ တာအိုသာလွန်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ရမယ်။ အဲ့ဒီအဆင့်မှာ သူ့ကို လွှမ်းမိုးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ ရှိတယ်"
"ပြီးပြည့်စုံသူ"
ဝူဟုန်က ရေရွတ်လိုက်သည်။
"အဲ့ဒီ အဆင့်ရှိတဲ့ သက်ရှိကို လွယ်လွယ်ကူကူ ဖယ်ရှားလို့ မရဘူး။ သူက ဝိညာဉ်၊ အကြွင်းအကျန်၊ ဒါမှမဟုတ် ပိုဆိုးတာက စွဲလမ်းမှု တစ်ခုကို ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။ ဖန်ကူက အဲဒါကို ကြုံတွေ့ခဲ့ရပြီး ထိန်းချုပ်ခံရတာ ဖြစ်နိုင်တယ်"
"ပြီးပြည့်စုံသူက စကြာဝဠာထဲမှာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေသေးတယ်ဆိုတဲ့ အတွေးက နေလို့မကောင်းစေဘူး"
ဝမ်ဝေ့က ညည်းတွားသည်။
"ဟုတ်တယ်။ ရှင့်ရဲ့ ပြဿနာဆွဲဆောင်နိုင်တဲ့ စွမ်းရည်နဲ့ဆိုရင် အဲဒါကို ပုံစံတစ်မျိုးမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်ဆိုတာ ကျွန်မ ယုံပြီးသား"
ဝူဟုန်က သူ့ကို ထူးဆန်းစွာ ကြည့်ရင်း ပြောလိုက်သည်။ ဝမ်ဝေ့၏ နှုတ်ခမ်းများသည် တွန့်သွားသည်။ အကြောင်းမှာ ဤသည်မှာ ကြီးမားသော ဖြစ်နိုင်ခြေတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
"မျှော်လင့်တာက အဲဒီအချိန်ကျရင် ကိုယ်တို့မှာ တိုက်ခိုက်နိုင်တဲ့ ခွန်အား ရှိနေလောက်ပါပြီလေ "
"ကိုယ်တို့တဲ့လား "
"မင်း လက်မှတ်ထိုးခဲ့တဲ့ စာကို မေ့နေပြီလား" ဝမ်ဝေ့က သူမ၏ လက်ကို မြှောက်ပြကာ လက်စွပ်ကို ပြလိုက်သည်။
"ကိုယ့်ရဲ့ ပြဿနာအားလုံးက အခု မင်းရဲ့ ပြဿနာတွေ ဖြစ်သွားပြီ"
"ဒါက ကျွန်မက လူတစ်ယောက်နဲ့ လက်ထပ်လိုက်တဲ့ မိန်းကလေးငယ်လေးတစ်ယောက်လို ခံစားရပြီးမှ အဲ့ဒီလူမှာ ပြင်းထန်တဲ့ အကြွေးတွေ ပတ်လည်ဝိုင်းနေတာကို တွေ့လိုက်ရသလို ဖြစ်နေတာ ဘာကြောင့်လဲ"
ဝမ်ဝေ့က ထိုစကားများကို ကြားပြီး ရယ်မောလိုက်သည်။
"မရယ်ပါနဲ့"
"ရယ်စရာကောင်းလို့ပါကွာ" ဝမ်ဝေ့က အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ သူသည် ကိုယ့်ကိုကိုယ် ထိန်းချုပ်လိုက်သည်။ မဟုတ်ပါက တစ်နေကုန် ရယ်မောနေမိလိမ့်မည်။
ဝူဟုန်က မျက်လုံး လှန်ကာ ကြည့်လိုက်ပြီး အခြားအကြောင်းအရာသို့ ပြောင်းပြောလာခဲ့သည်။
"ဟုန်ကျွင်းရဲ့ ဇာတ်လမ်းထဲမှာ တစ်ခုခုက ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဘာကြောင့် မဟာတာအိုက လူသားပုံစံကို ယူခဲ့တာလဲ။ ပိုအရေးကြီးတာက ဘာကြောင့် လူသားအဝတ်အစားတွေ ဝတ်ဆင်ထားရတာလဲ။ သူ ဒီအတိုင်း ဖန်တီးခဲ့တဲ့ ပုံပန်းသွင်ပြင်လား ဒါမှမဟုတ် အဲဒီနောက်မှာ အမှန်တရား တစ်ခုခု ရှိနေဦးမယ်လို့ ထင်လား"