အပေးအယူ ပြီးမြောက်ခြင်း
Vol. 110 Ch. 1540
"သာလွန်ခေတ်ကာလက အလျှင်အမြန် ရောက်လာနေပြီ။ ကိုယ်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အရှိန်မြှင့်သင့်တယ်လို့ ခံစားရတယ်" ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ထို့နောက် သူ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"ရှုကျင်းယောင်ကို ခေါ်ဖို့ ကြိုးစားတာ အခြေအနေ ဘယ်လိုလဲ" သူ့အနေနှင့် သူ့ဇနီးလေးက မူလစည်းတံဆိပ်ကုန်းမြေ၏ ခွန်အားကို မြှင့်တင်ရန် သာလွန်အဆင့် ပါရမီရှင် တစ်ဦး ရှိစေလိုမှန်း သိထားလေသည်။
"သူမက သဘောတူလုနီးပါးပါပဲ … ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို သိသွားပြီးနောက်မှာ သူမက ဝန်လေးသွားပုံပဲ" ဝူဟုန်က အမှန်အတိုင်း ပြန်ဖြေသည်။
"ဝန်လေးသွားတာလား။ သူမကို ခေါ်ဖို့ကြိုးစားတာက ကြံစည်ထားတယ်လို့ ထင်သွားတာလား။ ကိုယ်တို့က သူမကို ဝိုင်းအုံလုဖို့ ကြိုးစားနေတာကိုလား ဒါမှမဟုတ် ကိုယ်တို့က တစ်ခုခု ကြံစည်နေတယ်လို့ ထင်နေတာလား"
"ကျွန်မ တကယ် မသိဘူး။ ဒါပေမဲ့ သူမက ချီတုံချတုံ ဖြစ်နေတယ်။ ရှင်တို့နှစ်ဦးကြားက ကံကြမ္မာကြိုးမျှင်ကို ဖြတ်တောက်ပြီးတဲ့နောက်မှ သူမက ပိုပြီး ပွင့်လင်းလာနိုင်တယ်"
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူက သူမနှင့် ချည်နှောင်မှု အားလုံးကို ဖြတ်တောက်ဖို့ အလွန်နီးစပ်နေလေပြီ။ သူက သိသာသည့် ကံဖြစ်ရပ်တစ်ခုသာ လိုအပ်၏။ ထိုအခါ လိုအပ်ချက်များ ပြည့်မီလာလိမ့်မည်။ ဝမ်ဝေ့က တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက် ဂိုဏ်းမှ အဆောင်တစ်ခုကို လက်ခံရရှိခဲ့ပြီး ပါဝင်အကြောင်းအရာကို ဖတ်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။
"သူတို့က ရှင် ပြန်လာဖို့ လိုချင်နေတာလား" ဝူဟုန်က မေးသည်။
"ဟုတ်တယ်"
"ဒါက ထိလွယ်ရှလွယ် အချိန်ပဲလေ" ဝူဟုန်က ပြောသည်။
စစ်ပွဲ သို့မဟုတ် ဘေးအန္တရာယ် တစ်ခုက နီးကပ်လာနေပြီး လူတိုင်းက ပြင်ဆင်နေကြသည်။ သူမသည် သူနှင့် အတူ အချိန်ဖြုန်းရသည်ကို နှစ်သက်သလောက် ပိုမို အရေးကြီးသည့် ကိစ္စများရှိနေသည်ကို နားလည်လေ၏။
"ကိုယ် မပြန်ခင် ကိုယ့်အတွက် တစ်ခု ကူပေးဖို့ နေရာတစ်ခုဆီ လိုက်ခဲ့ပါ့လား" ဝမ်ဝေ့က အဆောင်နှစ်ခု ပို့ရင်း ပြောလိုက်သည်။
"ဘယ်ကိုလဲ"
"လေဟာနယ်ပုံရိပ်ယောင်နယ်မြေ" ဝမ်ဝေ့က ပြန်ဖြေပြီး သူ့အစီအစဉ်နှင့် စိုးရိမ်မှုကို ပြောပြသည်။ မာမျိုးနွယ်စု၏ ကောင်းကင်ရွေးချယ်ခံ မာဝမ်သည် မိနစ်အနည်းငယ်ကြာပြီးနောက် တွေ့ဆုံရာအခန်းသို့ ကတိုက်ကရိုက် ဝင်ရောက်လာသည်။
"အရှင်ဝမ်ဝေ့" မာဝမ်က ဝူဟုန်ကို တစ်ချက်ကြည့်ရင်း အရိုအသေပေးလိုက်သည်။ သူ့လေ့ကျင့်မှုတွင် ကမ္ဘာ၏ ထိပ်ဆုံးရှိ ဩဇာရှိသူများ ပါဝင်သောကြောင့် သူ ရန်မစသင့်သည့်သူများကို ကောင်းကောင်းသိထားလေသည်။ ထို့ကြောင့် သူက ချက်ချင်း အရိုအသေပေးလိုက်သည်။
"ဧကရီဝူ"
"ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အချည်းအနှီး မဖြစ်ခဲ့ဘူးလို့ ထင်တယ်" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက မာလီချိုးနှင့် သဘောတူညီချက်ကို သေချာစေရန် သူ့အဖိုးတန်အမှတ်အသားပြားထဲမှ တစ်ခုကို စွန့်လွှတ်ခဲ့ရသည်။
"အရှင့်ရဲ့ စောင့်ရှောက်မှုအတွက် ကျွန်တော် အမြဲကျေးဇူးတင်ပါတယ်" မာဝမ်က ခါးကိုင်းကာ အရိုအသေပေးရင်း ပြောသည်။ ဤလူ၏ အကူအညီသာ မပါရှိပါက သူက ဤမျှ စံချိန်တင် အမြန်နှုန်းဖြင့် အကန့်အသတ်မဲ့စံပြ ဖြစ်လာမည် မဟုတ်ကြောင်း သိသည်။ အမှန်တကယ်တွင် တာအိုအခွင့်အလမ်းဂိုဏ်း၏ မျက်နှာသာပေးမှုသာ မပါရှိခဲ့ပါက သူက ဧကရာဇ်ပင် ဖြစ်လာမည် မဟုတ်ပေ။
"ရပါတယ်" ဝမ်ဝေ့က ခေါင်းညိတ်သည်။
"ဒါနဲ့ မင်း အဖော်ရဲ့ ကံကို ငါ ဘာလို့ မခံစားမိတာလဲ"
သူက ပြိုင်ဆိုင်စိတ်ရှိသော မိန်းကလေး မာဟုန်ဟွားကို မှတ်မိနေသေးသည်။
"...သူမ သေသွားပါပြီ" မာဝမ်က ဝမ်းနည်းမှု အနည်းငယ်ဖြင့် ဖြေလိုက်သည်။
"အိုး"
"သူမက သူမရဲ့ ကံကြမ္မာကို လက်မခံနိုင်ဘဲ အဆင့်မြှင့်တင်ဖို့ အလျင်စလို လုပ်ခဲ့တယ်။ သူမက အတိုင်းအတာမဲ့စမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်ခဲ့ဘူး"
"မင်းတို့ မာမျိုးနွယ်စုရဲ့ ကံကြမ္မာက ပြန်လည်နာလန်ထူဖို့ နီးကပ်နေတာ မဟုတ်သေးဘူး တူတယ်။ ကဲ ထားပါတော့ … ဒီကိစ္စအတွက် ငါ စိတ်မကောင်းပါဘူး" ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
"ကျေးဇူးတင်ပါတယ်" သူတို့သည် ပြိုင်ဘက်များ ဖြစ်ကြသော်လည်း မာဝမ်သည် မာဟုန်ဟွားကို ညီမတစ်ဦးအဖြစ် ဆက်ဆံခဲ့လေသည်။ သူတို့ အတူတကွ မာမျိုးနွယ်စုကို သူတို့၏ ယခင် ဂုဏ်ကျက်သရေသို့ ပြန်လည် အသက်သွင်းနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
ကံမကောင်းစွာဖြင့် ထိုအိပ်မက်သည် ယခုအခါ အရိပ်တစ်ခု ဖြစ်နေခဲ့လေပြီ။
"မင်း အလှည့်ပဲ" ဝမ်ဝေ့က သူ့ဇနီးလောင်းကို လက်ဟန်ပြသည်။
ဝူဟုန်က ခေါင်းညိတ်ပြီးမှ ပြောလိုက်သည်။
“မခုခံနဲ့”
သူမသည် လက်ဖဝါးပေါ်တွင် အပြာရောင် အလင်းရောင်ကို စုစည်းလိုက်ပြီး မာဝမ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်လိုက်သည်။ နောက်ဆုံး သူက ခုခံချင်သော်လည်း ရွေ့လျားရဲခြင်း မရှိပေ။ သူက သူ့ခွန်အားက ဤနှစ်ဦးနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ကြောင်း နားလည်ပြီး ရုတ်တရက် တုံ့ပြန်မှုတစ်ခုက သူ့ကို ပျက်သုန်းခြင်းသို့ ဦးတည်စေနိုင်သည်။
"ကောင်းပြီ။ သွားရအောင်" ဝမ်ဝေ့က လေဟာနယ်ပုံရိပ်ယောင်နယ်မြေ၏ အတွင်းပိုင်းဧရိယာသို့ သူတို့နှစ်ဦးအတူ သွားလိုက်ပြီး ဝူဟုန်က လျှို့ဝှက်စွာ လိုက်ပါသွားခဲ့သည်။ အဆုံးမဲ့ ဝိညာဉ်စွမ်းအင်အတွက် သူ့လမ်းကို ပိတ်ဆို့နေသည့် အတားအဆီးကို ကြည့်ရင်း သူက ပြောလိုက်သည်။
"ကျင့်ကြံရေးလောကမှာ ဘာမှ အလကား မရဘူးဆိုတာ မင်း နားလည်တယ်မလား"
"သိပါတယ်" မာဝမ်သည် ဤအမှန်တရားကို နားလည်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းကဲ့သို့သော ဂိုဏ်းသည် ကျဆင်းနေသော မိသားစုကို ရွေးချယ်ပြီး အကြောင်းမဲ့ သူတို့ကို မြှင့်တင်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှု အားလုံးကို အသုံးပြုမည် မဟုတ်ပေ။ ထို့ကြောင့် သူက အရေးကြီးသော အချိန် ရောက်လာသည့်အချိန်အခါအတွက် သူ့ကိုယ်သူ ပြင်ဆင်နေခဲ့သည်။
"ငါ မင်းရဲ့ ဘိုးဘေးတစ်ဦးနဲ့ အပေးအယူတစ်ခု လုပ်ထားတယ်။ မင်းတို့မျိုးနွယ်စုအတွက် စံပြကို ငါ ပျိုးထောင်ပေးမယ်။ အပြန်အလှန်အနေနဲ့ သူတို့က ငါ့ကို လျော်ကြေးပေးလိမ့်မယ်။ အခု ငါ့ရဲ့ ဆုလာဘ်ကို ယူဖို့ အချိန်ရောက်ပြီ"
ဝမ်ဝေ့က မာဝမ်ကို အတားအဆီးနား ချဉ်းကပ်ရန် လက်ဟန်ပြသည့်အခါ လူငယ်က အသက်ပြင်းပြင်းရှူပြီးနောက် ဧရာမ ခြေလှမ်းဖြင့် ရှေ့သို့ တိုးလိုက်သည်။
အကာအကွယ်သည် သူ့ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးပြီး သူ့အဆင့်နှင့် သွေးမျိုးဆက်ကို တွေ့ရှိပြီးနောက် အတားအဆီးသည် ဖြည်းဖြည်းချင်း ပြိုကွဲသွားပြီး မာဝမ် ပျောက်ကွယ်သွားသည်။
ဝမ်ဝေ့က အထဲ၌ ရှိနေမည့် အဆုံးမဲ့ သန့်စင်ဝိညာဉ်စွမ်းအင်ကို တောင့်တရင်း အလျင်အမြန် ဝင်ရောက်သွားသည်။
သို့သော် သူ့အံ့ဖွယ်အသိစိတ်ဖြင့် ဧရိယာကို စစ်ဆေးပြီးနောက် ပျော်ရွင်နေသော သူ့စိတ်အနေအထားလေး ချက်ချင်း ပျက်စီးသွားလေသည်။
"မာလီချိုး ငါ့ကို ဟာသ တစ်ခုလို့ ထင်နေတာလား"
သူ့အသံသည် လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားသော်လည်း မည်သူမျှ သူ့ကို ပြန်မဖြေခဲ့ပေ။
"ငါ တွက်ချက်မှုတွေ လုပ်ခဲ့ပြီးပြီ .. အဆိုးဆုံး ခန့်မှန်းချက်နဲ့တောင် မင်းက ငါ့အတွက် စုဆောင်းထားတဲ့ ဝိညာဉ်စွမ်းအင်ရဲ့ ၄၀ ရာခိုင်နှုန်းပဲ ထားခဲ့တာ"
ဝမ်ဝေ့သည် မာလီချိုး၏ ခေတ်ကာလမှ ယခုအချိန်အထိ ဝိညာဉ်စွမ်းအင် မည်မျှရှိသင့်သည်ကို နုတ်ယူပြီး တွက်ချက်မှုများကို လုပ်ဆောင်ခဲ့သည်။
"မင်းရဲ့ ပြန်လည်ရှင်သန်ခြင်းအတွက် အချို့ကို ချန်ထားချင်တာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ သိုလှောင်ထားမှုရဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ ငါ လိုချင်တယ်"
မည်သူမျှ ဝမ်ဝေ့ကို ပြန်မဖြေခဲ့ပေ။ သူက လေဟာနယ်ကို စကားပြောနေသကဲ့သို့ ဖြစ်နေသည်။
"မင်းက ခက်ခက်ခဲခဲနည်းနဲ့ပဲ လုပ်ချင်တယ်ဆိုရင် ငါ့ကို အပြစ်မတင်နဲ့"
သူက လက်ဖျောက်တီးလိုက်သည့်အခါ သတိလစ်နေသော မာဝမ်သည် သူ့ရှေ့တွင် ပေါ်လာပြီး လေထဲတွင် မျောနေသည်။ သူက လက်ဖျောက်ထပ်တီးလိုက်သည့်အခါ သင်္ကေတများစွာသည် မာဝမ်၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။
ဝမ်ဝေ့က နောက်ထပ် စကားတစ်လုံးမှ မပြောလိုက်ရပေ။ မျှော်လင့်ထားသည့်အတိုင်း မိနစ်အနည်းငယ်ကြာပြီးနောက် တစ်စုံတစ်ဦးသည် သူ့ရှေ့တွင် ပေါ်လာသည်။ သူက အတောင်ပံ မရှိဘဲ ရွှေရောင်ဆံပင်များက လွင့်မျောနေပြီး အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသော မိန်းမလှလေးကို ကြည့်နေလိုက်သည်။
"မင်းက လေဟာနယ်ပုံရိပ်ယောင်နယ်မြေရဲ့ စိတ်ဝိညာဉ်လား"
"ဟုတ်ပါတယ်။ ကျွန်မကို ကျန်းရှီလို့ ခေါ်နိုင်ပါတယ်"
"ဒါဆို ငါ ဘာလိုချင်လဲဆိုတာ သိသင့်တယ်"
ကျန်းရှီသည် ဝမ်ဝေ့၏ မျက်နှာကို ကြည့်လိုက်ပြီးမှ မာဝမ်ကို ကြည့်လိုက်သည်။ သူမက မျက်မှောင်ကြုတ်ပြီး ဘာလုပ်ရမလဲဆိုတာ ချီတုံချတုံ ဖြစ်နေသည်။
"မင်းရဲ့ ဖန်တီးရှင်က လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို အမြင့်ဆုံး ထိန်းချုပ်ခွင့်ကို ကတိပေးခဲ့တယ်။ မင်း ဘာလို့ ငါ လိုချင်တာကို မလုပ်ပေးတာလဲ"
ဝမ်ဝေ့က သူမကို တိုက်ရိုက် စိုက်ကြည့်ရင်း မေးသည်။
"က … က ... ကောင်းပါပြီ။ ဒါပေမဲ့ လူငယ်လေး မာဝမ်ကို အရင်လွှတ်ပေးပါ"
"မင်း အရင်လုပ်" ဝမ်ဝေ့က ပြောသည်။
ကျန်းရှီက ခဏတာ ချီတုံချတုံ ဖြစ်နေပြီးနောက် သူမက လက်ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်စွမ်းအင် ပိုမိုများပြားသော ဤဧရိယာ၏ ပိုကြီးသောအပိုင်းကို ပြသလိုက်သည်။ ဝမ်ဝေ့က ဧရိယာကို စစ်ဆေးပြီး ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ သူက အရာအားလုံးကို သူ့နေရာလွတ်လက်စွပ်ထဲသို့ အရင်ရွှေ့လိုက်ပြီးမှ တံဆိပ်ကို ဖယ်ရှားကာ မာဝမ်ကို လွှတ်ပေးလိုက်သည်။
ကျန်းရှီသည် မာမျိုးနွယ် လူငယ်ကို စစ်ဆေးပြီးနောက် အမည်မသိနေရာသို့ ပြောင်းရွေ့လိုက်သည်။ ထို့နောက် သူမက ဝမ်ဝေ့ကို ကြည့်ပြီး အရိုအသေ ပေးလိုက်၏။
"သခင်"
ဝမ်ဝေ့က ပြန်မဖြေဘဲ သူမကို ချိတ်ပိတ်ဖို့ ကြိုးမျှင်များစွာ စုစည်းလိုက်လေသည်။
"မင်း ဘယ်လိုထင်လဲ"
"ဒီနေရာကို ကောင်းကောင်းမွန်မွန် ဖန်တီးထားတယ်" ဝူဟုန်က သူ့ဘေးနားတွင် ပေါ်လာပြီး မှတ်ချက်ပေးသည်။
"အဲဒီအမျိုးသမီး မာလီချိုးက ပုံရိပ်ယောင်တာအိုတင် မဟုတ်ဘူး။ သင်္ကေတနဲ့ အစီအရင်မှာပါ ကျွမ်းကျင်တယ်။ ဒီလောက် အဆင့်မြင့်မြင့် အသုံးပြုထားတဲ့ ရှေးဟောင်းသင်္ကေတတွေကို ကျွန်မ နည်းနည်းပဲ မြင်ဖူးတယ်"
ဝူဟုန်က ပတ်ဝန်းကျင်ကို လေ့လာနေစဉ်တွင် သူမ၏ မျက်ဝန်း၌ သင်္ကေတမျက်မှန် တစ်စုံ ပေါ်လာသည်။
"စိတ်ဝင်စားစရာ အကောင်းဆုံးအရာကတော့ သူမဟာ သူမရဲ့ ကိုယ်ပိုင် သင်္ကေတစနစ်ကို တီထွင်ထားတာပဲ"
"ဒီလိုလုပ်တာ အကျိုးကျေးဇူးတွေ ရှိတယ်လို့ ထင်တယ်"
"အများကြီးပဲလေ"
ဝူဟုန်က ခေါင်းညိတ်သည်။
"ကိုယ်ပိုင် သင်္ကေတစနစ် ရှိထားတာမျိုးက သူတို့ ကိုယ်ပိုင်အင်အားကို ထုတ်ဖော်ဖို့ ပုံကြမ်းထုတ်ထားတယ်လို့ ဆိုလိုတယ်။ စနစ်ကို စကြာဝဠာသုံးဖြစ်အောင် လုပ်စရာ မလိုဘူး။ ပိုအရေးကြီးတာက တခြား အစီအရင်သခင် ဒါမှမဟုတ် သင်္ကေတသခင်တွေအတွက် သူ့လက်ရာကို ဖော်ထုတ်ဖို့နဲ့ ပြောင်းလဲဖို့ အဆပေါင်း တစ်ထောင် ပိုခက်ခဲစေတယ်"
"ကိုယ် ကြားနေရတာက ကိုယ်က ဒီနေရာရဲ့ အမြင့်ဆုံး အာဏာရှိနေရင်တောင် မာလီချိုးမှာ ကိုယ့်ဆီကနေ ထိန်းချုပ်မှုကို ပြန်ယူဖို့ နည်းလမ်း ရှိတယ်ဆိုတာပဲ" ဝမ်ဝေ့က မှတ်ချက်ပေးသည်။
"အတိအကျပဲ"
"ဒီလိုဆိုရင် ဒီစိတ်ဝိညာဉ်က တည်ရှိလို့ မရဘူး။ ဖျက်ဆီးပြီး အသစ်တစ်ခု ဖန်တီးလိုက်တာ အကောင်းဆုံးပဲ"
"ဒါက သူ့ကို နှောင့်နှေးစေရုံပဲ ရှိမှာ။ ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ဘူး" ဝူဟုန်က ရှင်းပြသည်။
"မင်း တစ်ခုခု လုပ်နိုင်မလား" ဝမ်ဝေ့က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"သူမရဲ့ စနစ်ကို ဖော်ထုတ်ဖို့နဲ့ အပြည့်အဝ ထိန်းချုပ်မှု ရယူဖို့အတွက် အချိန်အရမ်းကြာလိမ့်မယ်" သူမက ခေါင်းခါသည်။
"ကျွန်မမှာ အခု အချိန်မရှိဘူး … အချိန်ရှိခဲ့ရင်တောင် အဓိပ္ပာယ် မရှိဘူး။ ကျွန်မ ပြီးစီးတဲ့အချိန်မှာ မာလီချိုးက အထွတ်အထိပ်ကို ပြန်ရောက်ပြီး ထိန်းချုပ်မှုကို ယူသွားလိမ့်မယ်"
"ဒါက သတင်းဆိုး ပဲ" ဝမ်ဝေ့က ရေရွတ်သည်။
"ရှင်က ဒီနေရာကို ဘာလို့ လိုချင်နေတာလဲ။ ရှင် ဝိညာဉ်စွမ်းအင် ရခဲ့ပြီးပြီလေ။ ဒီနေရာမှာ စုဆောင်းနိုင်ဖို့ အချိန်ကြာဦးမှာ … ဒါက အမှတ်တရ ကံကောင်းမှုမလို့လား။ ရှင့်ဂိုဏ်းက ကြမ္မာ ထပ်လိုအပ်မယ် မထင်ဘူး"
"ကိုယ် ဘယ်လောက် လောဘကြီးတယ်ဆိုတာ မင်း သိပါတယ်။ ဒီအခွင့်အရေးကို ဘယ်လို လက်လွတ်ခံနိုင်မလဲ။ ဒါ့အပြင် မာလီချိုးက ကိုယ့်ကို လှည့်စားဖို့ ကြိုးစားတာကို မကြိုက်ဘူး။ ဒါကြောင့် မာနနဲ့ ဒေါသကြောင့် ဒီနေရာကို လိုချင်မိတာ"
ဝူဟုန်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။
"ကိုယ့်ကို အဲဒီလို မကြည့်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ဒီနေရာက ဘေးအန္တရာယ်ကပ်ဘေးကာလအတွင်း ဆက်သွယ်ရေးရဲ့ အဓိကပုံစံ ဖြစ်လာတော့မှာ။ ဒါကို ထိန်းချုပ် ထားဖို့က အကြံကောင်းပဲ"
"ရှင် ကောင်းတဲ့ အချက်ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရှင် လုပ်နိုင်တာ ဘာမှမရှိဘူး။ ရှင် ကုသိုလ်ကို အသုံးပြုပြီး ကုသိုလ်လဲလှယ်ရေးစာရင်းကနေ တစ်ခုခု မဝယ်သရွေ့ပေါ့"
ဝူဟုန်က မျက်လုံးလှန်ချင်စိတ်ကို ထိန်းရင်း ပြန်ဖြေလိုက်သည်။
"ဒီနေရာကို ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ထားခဲ့ပေမဲ့ ဈေးပေါပေါ နဲ့ ရလာတာမျိုး ကိုယ် မလိုချင်ဘူး"
"ဒါက ရှင့်ရဲ့ လောဘကို ထိန်းချုပ်ရမဲ့ အခြေအနေတွေထဲက တစ်ခုလို့ ထင်တယ်"
ဝူဟုန်က ပခုံးတွန့်လိုက်သည်။
"ဒီကိစ္စကို လက်လွှတ်လိုက်ပါ ဒါမှမဟုတ်ရင် ကုန်ကျစရိတ် ခွဲခြမ်းစိတ်ဖြာပြီး ရလာမဲ့ အကျိုးကျေးဇူးနဲ့ ကုသိုလ်ကို အသုံးပြုပြီး ဒီနေရာရဲ့ ထိန်းချုပ်မှုကို ရယူတာက တန် မတန် ကြည့်ကြည့်လိုက်လေ"
"ဒါမှမဟုတ် ကိုယ်က ပိုင်ရှင်အဖြစ် အတင်းအကြပ် လုပ်နိုင်တယ်"
ဝမ်ဝေ့က နတ်ဆိုးဆန်စွာ ပြုံးသည်။
"သူမအတွက် ထိန်းချုပ်မှုကို ပြန်လည်ရရှိဖို့ ပိုခက်ခဲစေမဲ့ နည်းလမ်းတစ်ခုကို ချန်ထားခဲ့နိုင်မလား။ ကိုယ် သူမကို တတ်နိုင်သမျှ နှောင့်နှေးစေချင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေချင်တယ်"
"သူမကို ရှင်နဲ့ ညှိနှိုင်းဖို့ အတင်းအကြပ် လုပ်ချင်တာလား"
"ဟုတ်တယ်" ဝမ်ဝေ့က ပြုံးသည်။
"ဒီနေရာက မာလီချိုးရဲ့ သာလွန်လမ်းစဉ်အတွက် အလွန်အရေးကြီးတယ်။ သူမ အပြည့်အဝ ထိန်းချုပ်မှု လိုချင်တယ်ဆိုရင် ကိုယ်နဲ့ ညှိနှိုင်းပြီး ကြီးမားတဲ့ ဈေး ပေးချေရုံကလွဲပြီး တခြားရွေးချယ်စရာရှိမှာ မဟုတ်ဘူး"
"ရှင်က လူဆိုးတစ်ယောက်ပဲ … "
"ကိုယ်က အရင်းရှင်စနစ်အောက်မှာ ကြီးပြင်းလာခဲ့တာလေ။ ဇနီးလေးက ဘာကိုများ မျှော်လင့်နေတာလဲ" ဝမ်ဝေ့က ပခုံးတွန့်ကာ ပြောလိုက်သည်။