အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၂)
Vol. 60 Ch. 827
စုမင်၏ဝိညာဉ်က လုံးဝတည်ငြိမ်နေခဲ့သည်။ ကြိုးကြာငှက်ကလဲ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့နှစ်ယောက်က ရွှေရောင်သစ်ပင်ကနေ ထွက်လာသော တည်ရှိမှုကို ခံစားမိပြီး ထိတ်လန့်တုန်လှုပ်သွား၏။ သစ်ပင်၏ဖိအားက မဟာချိပ်ပိတ်မှော်အစီအရင်ထက်ကို ကျော်လွန်နေသည်။ အမှန်တော့ ထိုဖိအားအောက်မှာ ငှက်၏မှတ်ဉာဏ်များက အနည်းငယ်ရှုပ်ထွေးလာသည်။ သူက ရွှေရောင်သစ်ပင်ကို မှတ်မိသယောင်ယောင်ရှိပုံရသော်လည်း ရှင်းရှင်းလင်းလင်း မမှတ်မိပေ။
လေထုထဲမှာ ဒေါသတကြီးဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်လာပြီး သွေးကြောလမ်းကြောင်းများနှင့်ဖွဲ့စည်းထားသောမှော်သင်္ကေတက တောက်ပလာသည်။ ပြင်းထန်သောစိတ်ဆန္ဒတစ်ခုက နေရာတစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွား၏။သို့သော် ငှက်က စုမင်ကိုကာကွယ်ရန်အသွင်ပြောင်းထားသောနေရာရောက်ချိန်တွင် ထိုလှိုင်းဂယက်မှာ သူတို့ကို မမြင်ဘဲ ကျော်သွားလေသည်။
စုမင်က ခဏခဏစိတ်လှုပ်ရှားနေလေသည်။ သစ်ပင်ကို ပိုင်ဆိုင်ပြီး သူ့ကိုယ်ပွားအဖြစ်ပြောင်းလဲခြင်းက သူ့အောင်မြင်မှုနှင့်တိုက်ရိုက်ဆက်နွယ်နေသည်။သစ်ပင်က ငှက်၏အသွင်ပြောင်းစွမ်းရည်ကိုရှာဖွေတွေ့ရှိခဲ့လျှင်
စုမင်၏အောင်မြင်မှု အခွင့်အလမ်း နည်းပါးလေလေဖြစ်၏။
သစ်ပင်က သူ့ကို အသက်ရှိုက်စာရှစ်ရာကြာချိန်အထိ မတွေ့မှသာ သူ့အစီအစဉ် အောင်မြင်လိမ့်မည်။
ငှက်က သူ၏အသွင်ပြောင်းစွမ်းရည်ဖြင့် စုမင်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ တစ်စုံတစ်ယောက်က ဘယ်လိုပဲကြည့်ကြည့် စုမင်ရှိရာတည်နေရာကို ရွှေရောင်သွေးကြောလမ်းကြောင်းများနှင့် တစ်ထပ်တည်းကျအောင် လုပ်ခဲ့သည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ အသက်ရှိုက်စာများစွာ ကြာပြီးနောက် ကြီးမားသောစိတ်ဆန္ဒကနေ အေးစက်သောဒေါသသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“စွေ့ချန်ကျစ်ဆိုတဲ့ကောင်...မင်းက သေလူဆို သေလူအတိုင်းပဲနေပါ့လားကွာ..ငါ့အပေါ်မှာ ဒီလိုဥပဒေသမျိုး ထားရဲတာလဲ..ဖျက်ပစ်လိုက်စမ်း..ဖျက်လိုက်..မဟုတ်ရင် ငါ့ကို စောစောကတည်းကသိမ်းပိုက်ဖို့ ကြိုးစားရဲတဲ့ အဲဒီကောင်စုတ်လေးကို သတ်ပစ်မိမှာပဲ..”
“စွေ့ချန်ကျစ်..မင်းသေသွားရင်တောင် မင်းက စာနာမှုနဲ့ထိုက်တန်တာမဟုတ်ဘူး..သေတာပဲကောင်းတယ်.မဟုတ်ရင်..လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ မင်းကိုပြန်တိုက်ခိုက်လိုက်ရမှာ. ငါ့ကျမှ ဘာလို့ဒီလိုဖြစ်သွားရတာလဲ..ဘာလို့ ငါ့ကျမှလဲ...”
ကြီးမားသောစိတ်ဆန္ဒကနေ ရူးသွပ်သောအသံတစ်ခုထွက်ပေါ်လာပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
“ဟားဟား.. ငါအောင်မြင်ပြီ..မင်းရဲ့အဘိုးကြိုးကြာက အရမ်းတော်တာပဲ..ဒီချုံပင်ငယ်လေးက ငါ့ကိုတိုက်ခိုက်ရဲတာလား.ငါ့ကိုတောင်ရှာမတွေ့ဘူးပေါ့ ဟားးး..”
ငှက်က စိတ်လှုပ်ရှားစွာ စကားပြောလိုက်သည်။ သူ့ကိုယ်သူကျေနပ်အားရနေရင်း အရင်ကကြောက်ရွံ့မှုနှင့်စိုးရိမ်ပူပန်မှုကို ခဏတာမေ့သွားပုံရသည်။
“ကောင်လေး စု.. မင်းငါ့ကိုကတိပေးထားတဲ့သလင်းကျောက်တွေအကြောင်း မမေ့နဲ့..ဒီတစ်ခါတော့ ငါ့အစွမ်းအစအားလုံးကိုသုံးမယ်..တစ်စက်မှ မတွန့်ဆုတ်ဘူး..ဒါပေမဲ့ ငါတကယ်ပင်ပန်းနေပြီ..မင်းသိလား..ငါ့ရဲ့အတောင်တွေနဲ့ခြေထောက်လေးတွေတောင် ပိုသေးသွားပြီ..”
ငှက်က အခွင့်အရေးကို မြန်မြန်အသုံးချပြီး သူ့ကြိုးစားအားထုတ်မှုနှင့်ပံ့ပိုးကူညီမှုကို အလေးပေးဂုဏ်တင်လိုက်သည်။
စုမင်က တိတ်ဆိတ်နေခဲ့သည်။ သူက ငှက်၏သေးငယ်သောအတောင်များနှင့်ခြေထောက်များကို မကြည့်ပေ။ ငှက်၏လှည့်စားတတ်သောစွမ်းရည်နှင့်ဆိုလျှင် သူလိုချင်သော အတောင်ပံကြီးကြီးနှင့်ဧရာမသားရဲကြီးအဖြစ်တောင် ပြောင်းလဲပစ်နိုင်သည်။
ထိုကြီးမားသောစိတ်ဆန္ဒ ပျောက်ကွယ်သွားချိန်တွင် စုမင်က သူ့ဝိညာဉ်ကို တစ်ဖန်ဖြန့်ကျက်ပြီး ရွှေရောင်သစ်ပင်ကို ဆက်လက်သိမ်းပိုက်လိုက်သည်။ အသက်တစ်ရှိုက်စာပြီးတစ်ရှိုက် ကုန်ဆုံးသွားလေသည်။
ထိုသို့ ကုန်ဆုံးသွားတိုင်း စုမင်၏အောင်မြင်မှုအခွင့်အလမ်းက အနည်းငယ်တိုးလာလိမ့်မည်။ သူ့အတွက်တော့ အချိန်လုပြီး ရုန်းကန်းတိုက်ရသောပြိုင်ပွဲတစ်ခုပင်ဖြစ်၏
‘မြန်မြန်.. မြန်မြန်လုပ်.. .”
စုမင်က သူ့နှလုံးသားထဲမှာ ဟိန်းဟောက်လိုက်သည်။ ထို့အပြင် သူ့ဝိညာဉ်က ဆက်လက်ဖြန့်ကျက်နေလေသည်။ သူ၏လွှမ်းမိုးမှုက အရင်တစ်ရာပုံဆယ့်လေးပုံကနေ နှစ်ဆယ်ပုံထိ ရောက်ရှိသွားလေသည်။
ငှက်၏အသွင်ပြောင်းစွမ်းရည်က စုမင်ဝိညာဉ်နှင့်ဖုံးလွှမ်းထားသောနေရာအားလုံးကို တစ်ပြိုင်နက်တည်း ဖုံးကွယ်ပေးထားသည်။ စုမင်၏အနက်ရောင်မြူခိုးလွှာကို ရွှေရောင်အဖြစ်ပြောင်းပေးပြီး သစ်ပင်၏ဆန္ဒသတိမထားမိအောင် တားဆီးပေးခဲ့သည်။
စုမင်က သွေးကြောလမ်းကြောင်းအားလုံး၏နှစ်ဆယ့်ရှစ်ပုံကို လွှမ်းခြုံလိုက်သောအခါ အသက်ရှိုက်စာပေါင်း တစ်ရာနီးပါးကုန်ဆုံးသွားလေသည်။
ထိုအမြန်နှုန်းမျိုးကို မြန်ဆန်သည်ဟု ယူဆနိုင်သည်။ သို့သော် စုမင်က သူ့ကိုယ်သူ နှေးကွေးကြောင်း ခံစားနေရဆဲပင်ဖြစ်သည်။ထို့ပြင် ပိုင်ရှင်က အိမ်မှာရှိနေစဉ် ဝင်ရောက်ကျူးကျော်သောသူခိုးတစ်ယောက်လို သူ့ကိုယ်သူခံစားရလေသည်။သူ မြန်မြန်ပြီးအောင်လုပ်မှသာ သူ့အောင်မြင်မှုအခွင့်အလမ်းက ပိုများလာ
လိမ့်မည်။
ငှက်က စိတ်လှုပ်ရှားနေပုံရသော်လည်း သူ့စိတ်ထဲက စိုးရိမ်မှုက နည်းနည်းလေးမှ မလျော့သွားခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုစိုးရိမ်မှုက ပိုကြီးထွားပြီး စုမင်ကို မြန်မြန်လုပ်ရန် တိုက်တွန်းနေလေသည်။
“မြန်မြန်လုပ်.. မြန်မြန်…ဟာ.. ရပ်လိုက်တော့..”
ငှက်က စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် စုမင်၏ဝိညာဉ်ပျံ့နှံ့မှု ချက်ချင်းရပ်တန့်သွားသည်
ထို့နောက် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့်ကြီးမားသောစိတ်ဆန္ဒတစ်ခုက သွေးကြောလမ်းကြောင်းအားလုံးထဲသို့
ပျံ့နှံ့လာခဲ့သည်။ ထိုဆန္ဒ၏ကြီးမားသောအသံက အဆက်မပြတ်ရှာဖွေနေပြီး နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
“ရူးမိုက်တဲ့ကောင်..မင်းဒီမှာရှိနေသေးတယ်ဆိုတာ ငါသိတယ်..စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ကောင်..အရှက်မရှိတဲ့ကောင်..မင်းကိုယ်မင်းဖုံးကွယ်ဖို့ ဘယ်လိုနည်းလမ်းသုံးခဲ့လဲဆိုတာ ငါမသိဘူး..ဒါပေမဲ့ ငါမင်းကိုရှာတွေ့လိမ့်မယ်..ငါမင်းကိုသေချာပေါက်ရှာတွေ့လိမ့်မယ်..”
ထိုကြီးမားသောစိတ်ဆန္ဒက စုမင်တို့နေရာကိုထပ်ခါတလဲလဲဖြတ်သန်းသွားသည်။ ကြိုးကြာငှက်က အလွန်စိတ်လှုပ်ရှားနေပြီး တစ်လက်မမျှပင် မလှုပ်ရှားရဲပေ။
မျက်စိတစ်မှိတ်အတွင်း အသက်ဆယ်
ရှိုက်စာ ကုန်ဆုံးသွားလေ၏။ ကြီးမားသောစိတ်ဆန္ဒက ထိုနေရာတစ်ဝိုက်တွင် ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ပိုမိုပြင်းထန်လာသည်။ ထိုအချိန်တွင် စိတ်ဆန္ဒက ယခင်ကထက် ပိုမိုကြီးမားလာပြီး နေရာတစ်ဝိုက်တွင် ကျယ်လောင်သောအသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
“ငါမင်းကိုရှာမတွေ့နိုင်ဘူးဆိုတာ မယုံနိုင်ဘူး.. မင်း..စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ကောင်..’
သစ်ပင်၏စိတ်ဆန္ဒက ဟိန်းဟောက်လိုက်သည့်အခါ ရွှေရောင်သွေးကြောလမ်းကြောင်းများက ရုတ်တရက် လိမ်ကောက်သွားသည်။ ထို့နောက် သွေးကြောများက သစ်ပင်အလယ်ဗဟိုမှာရှိ မရဏအငွေ့အသက်များထုတ်လွှတ်နေသောနှလုံးသားဆီသို့ နီးကပ်လာသည်။
ငှက်က သူ၏အသွင်ပြောင်းစွမ်းရည်ကိုမြန်မြန်ဆန်ဆန် အသုံးပြုပြီး လုပ်ဆောင်ချက်တစ်ခုကို မြန်မြန်အသက်သွင်းခဲ့သည်။ စုမင်၏ဝိညာဉ်ဖုံးလွှမ်းထားသောနေရာကလဲ လိမ်ကောက်သွားပြီး တခြားနေရာများလို ပြုမူသွားသည်။
သို့ပေမဲ့ ရွှေရောင်သွေးကြောများက ပြန်ကျုံ့သွားပြီး သစ်ပင်၏နှလုံးသားဆီ နီးကပ်လာချိန်တွင် စုမင်က အန္တရာယ်အငွေ့အသက်ကို ရုတ်တရက်ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သစ်ပင်ဧ။်ဆန္ဒက ဟိန်းဟောက်လိုက်သည့်အခါ နှလုံးသားက အလိုလိုကျုံ့သွားလေသည်။
ထို့နောက် နှလုံးသာက မြန်မြန်ခုန်လာပြီး ပြန့်ကားသွားပြန်သည်။
“ဒုတ်...”
ထိုနှလုံးသားက တစ်ကြိမ်ခုန်ပြီးနောက် ခရမ်းရင့်အောင်မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ထိုမြူခိုးများက နေရာတိုင်းတွင် တလိမ့်လိမ့်တက်လာလေသည်။ ထိုမြူခိုးများက ငှက်၏အသွင်ပြောင်းစွမ်းရည်နှင့်ဖုံးကွယ်ထားသောနေရာကို ထိတွေ့မိသွားသည်။ ထိုစဉ် ငှက်ထံမှ စူးရှသောအော်သံထွက်ပေါ်လာသည်။
“ငါတို့ကို ရှာတွေ့သွားပြီကွ”
“ဒါဆို မင်းဒီမှာရောက်နေတာကိုးး..”
သစ်ပင်၏စိတ်ဆန္ဒက ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့အသံက လေထဲမှာ ပဲ့တင်ထပ်သွားပြီး နှစ်ယောက်သားပုန်းနေသောနေရာကို ရက်စက်ကြမ်းကြုတ်သောဖျက်ဆီးလိုစိတ်က ပြေးဝင်လာသည်။
စုမင်၏အမူအရာက တွန့်ဆုတ်ခြင်းမရှိပေ။သစ်ပင်က သူ့ကို ရှာဖွေတွေ့ရှိသွားသောကြောင့် နောက်ထပ်မပုန်းတော့ပေ။ ယင်းအစား သူ၏ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ပြီး ငှက်ဆီကို အော်ပြောလိုက်သည်။
“သလင်းကျောက်တုံးတစ်သောင်း..”
ငှက်က စုမင်၏အသံကိုကြားသည့်အခါသူ့ခန္ဓာကိုယ်ကို ချက်ချင်းစုစည်းပြီး မူလပုံပန်းသဏ္ဌာန်ကို ပြောင်းလဲလိုက်သည်။စုမင်၏ “ကျောက်တုံးတစ်သောင်း”ဟူသော
လှုံ့ဆော်မှုကြောင့် တုန်လှုပ်သွားသည်။ ငှက်၏မျက်လုံးများက နီရဲတွတ်လာပြီး ခေါင်းမော့ဟိန်းဟောက်လိုက်သည်။ ထိုအချိန်တွင် စုမင်၏စကားများက သူ့နှလုံးသားထဲမှာ ပဲ့တင်ထပ်နေသော တစ်ခုတည်းသောအရာပင်ဖြစ်သည်။ ထိုအရာက သူ့အတွက် လောကကြီးထဲမှာရှိသောမည်သည့်အရာထက်မဆိုပိုကြီးမားသောဆွဲဆောင်မှုပင်ဖြစ်သည်။ ထိုသွေးဆောင်မှုမျိုးက သူ့ကို ရူးသွပ်သွားစေရန် လုံလောက်သည်။
“အာ..သလင်းကျောက်တုံးတစ်သောင်း..တောက်ပလင်းလက်နေတဲ့သလင်းကျောက်တုံးတွေ..စောစောတုန်းက စုမင်က ငါ့ကိုပြောထားတဲ့ ကျောက်တုံးငါးထောင်နဲ့ဆိုရင် စုစုပေါင်းကျောက်တုံးတစ်သောင်းငါးထောင်ရလိမ့်မယ်..ငါ အစွမ်းကုန်ပေးဆပ်မယ်..ငါ့မှာရှိတဲ့အရာအားလုံးနဲ့ကို ပေးဆပ်မယ်..”
ထိုအချိန်တွင် ကြိုးကြာငှက်က ကြိုးကြာငှက်မဟုတ်တော့ပေ။သူက
သေခြင်းတရားကို မကြောက်ရွံ့သောစစ်သည်တော်တစ်ယောက်ဖြစ်သွားသည်။ ထိုမျှမက စကြဝဠာတစ်ခုလုံးကအစွမ်းထက်စစ်သည်တော်များကို မကြောက်သောငှက်လဲဖြစ်သွား၏
ငှက်က အနိုင်မခံအရှုံးမပေးလိုသောစိတ်၊ လောကကြီးအပေါ် မကြောက်ရွံ့မှုနှင့်သလင်းကျောက်များအပေါ်စွဲလမ်းမှုတို့နှင့်အတူ အရာအားလုံးကိုဖျက်ဆီးပစ်ချင်စိတ်ပေါက်သွားသည်။ သူက ပြင်းထန်သောရူးသွပ်မှုနှင့်အတူ သစ်ပင်ဆီသို့ ဒုန်းစိုင်းသွားလေသည်။
ငှက်က သလင်းကျောက်တုံးများကို နှစ်သက်သော်လည်း အငြိုးအတေးပိုကြီးလေသည်။ ထို့ပြင် မဟာချိပ်ပိတ်မှော်အစီအရင်ကို ပိတ်ချလိုက်ခြင်းကြောင့် ငှက်က မဟာလောကကြီးလေးခုအပေါ် ရန်ငြိုးထားခဲ့သည်။ ထို့ကြောင့် ငှက်က အိပ်ပျော်နေချိန်မှာတောင် ဒေါသထွက်လွန်း၍အံတကြိတ်ကြိတ်ဖြစ်ခဲ့သည်။ ထို့ပြင် သူက သစ်ပင်ကိုလဲ အမုန်းကြီးမုန်းနေလေသည်။ သစ်ပင်က သူ့ထက်ပိုအားကြီးနေကြောင့်ဖြစ်၏။
“ကျောက်တုံးနှစ်သောင်း..မင်း ငါ့ကိုသလင်းကျောက်တုံးနှစ်သောင်းပေးရမယ်..ခုနကထက်နောက်ထပ်ငါးထောင်ထပ်တိုးလိုက်..နှစ်သောင်းဖြစ်သွားအောင်လို့..ငါ..ငါ့အသက်နဲ့ရင်းပြီးတိုက်ခိုက်မယ်”
ငှက်က အက်ရှသောအသံနှင့် ဟိန်းဟောက်လိုက်သည်။သူ့ရူးသွပ်မှုကြောင့် နောက်ထပ် ကျောက်တုံး ငါးထောင် ထပ်တောင်းလိုက်သည်။
“ငါ မင်းကို သုံးသောင်းပေးမယ်”
စုမင်က သူ့ဝိညာဉ်နဲ့ ငှက်ဆီကို အသံပို့လိုက်သည်။ စုမင်က သူ့စွမ်းအားကို အစွမ်းကုန်သုံးပြီး သွေးကြောလမ်းကြောင်းများကို မြန်မြန်ဖုံးလွှမ်းနေ လေသည်။သူ နည်းနည်းလေးထပ်အားထည့်လိုက်လျှင် သွေးကြောလမ်းကြောင်း ၏နှစ်ဆယ့်ကိုးပုံကို ဖုံးအုပ်နိုင်လိမ့်မည်။
ငှက်က တကယ်ရူးသွပ်သွားလေ၏။ သူက စစ်သည်တော်တစ်ယောက်လို သစ်ပင်၏စိတ်ဆန္ဒကို တည့်တည့်ဝင်တိုက်မိသွားသည်။
“ဗုန်းးး..”
လေထုထဲမှာ ကျယ်လောင်သောအသံတစ်ခု ပဲ့တင်ထပ်လာသည်။ စုမင်က အလွန်ကြောက်စရာကောင်းသောစိတ်ဆန္ဒကြောင့် နောက်ပြန်လဲကျသွားသည်။အလားတူ ငှက်၏ခန္ဓာကိုယ်က ပြိုကွဲပြီး ပေတစ်ထောင်အကွာမှာ ပြန်စုစည်းလာသည်။
ထို့နောက် သစ်ပင်၏ဆန္ဒကနေ ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာသည်။
“မင်းပဲကိုး..ချီးပဲ..အခု ငါမှတ်မိပြီ..အရှုံးသမား..မင်းက ဘယ်လိုလုပ် ငါ့ရှေ့မှာပေါ်လာရဲတာလဲ..မင်း ငါရှေ့မှာကိုယ်ယောင်ပြဖို့ မထိုက်တန်ဘူး..”
သစ်ပင်၏ဟိန်းဟောက်သံက လေထုထဲမှာ ပဲ့တင်ထပ်လာသည့်အခါ စုမင်က သွေးကြောအားလုံး၏နှစ်ဆယ့်ကိုးပုံကို သိမ်းပိုက်နိုင်ခဲ့သည်။ သူဆက်လက်သိမ်းပိုက်ရင်း နစ်ရာပုံသုံးဆယ်ပုံထိ ဖုံးလွှမ်းနိုင်ခဲ့သည်။
ထိုသွေးကြောများ၏သုံးပုံတစ်ပုံနီးပါးက
မည်းမှောင်သွားပြီး စုမင်၏တည်ရှိမှုကို ထင်ရှားစေခဲ့သည်။ ထိုသိမ်းပိုက်မှုအဆင့်က သစ်ပင်ကိုပိုင်ဆိုင်ရန်ကြိုးစားခဲ့သည့်လူထောင်ပေါင်းများစွာထဲမှာ မည်သူမှမရရှိခဲ့သောနေရာဖြစ်သည်။
စုမင်က ထိုသို့သိမ်းပိုက်ထားစဉ် သူ့ နှလုံးသားထဲမှာ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန် သူ့ဝိညာဉ်ထဲမှာ ဧရာမပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်ထဲ၌ နဂါးငွေ့တန်းထဲ၌ သစ်ပင်ကြီးတစ်ပင် ရှိနေသည်။ ထိုသစ်ပင်၏အရွယ်အစားက အရမ်းကြီးမားလွန်းသောကြောင့် သစ်ပင်တစ်ပင်လုံးကို သာမန်မျက်စိနှင့် မမြင်နိုင်ပေ။ ကျင့်ကြံဂြိုလ်တစ်ခုက သစ်ပင်နှင့်ယှဉ်လျှင် အလွန်သေးငယ်သွားလိမ့်မည်။ ထိုသစ်ပင်က ခရမ်းရောင်ဖြစ်ပြီး ၎င်းကနေ ပျံ့နှံ့လာသည့် ကြီးမားသောဖိအားက စကြဝဠာတစ်ခုလုံးကို ဖျက်ဆီးရန်အတွေးတစ်ခုသာ လိုအပ်လေသည်။ သို့ပေမဲ့ ထိုဧရာမသစ်ပင်ကြီးတစ်ပင်လုံးက လုံးဝခရမ်းရောင်မဟုတ်ပေ။ သစ်ပင်ထဲကနေ ရွှေရောင်နှင့်ခရမ်းရောင်စပ်ထားသောအလင်းတန်းမျိုးဖြင့်တောက်ပနေသည်။ စုမင်က သွေးကြောလမ်းကြောင်းများ၏သုံးပုံတစ်ပုံကိုသိမ်းပိုက်ပြီးနောက် စုမင်၏ဝိညာဉ်ထဲမှာ ထိုကဲ့သို့ပုံရိပ်မျိုး ပေါ်လာသည်။ ထိုအချိန်မှာ သူ တစ်ခုခုကို ခံစားမိသွားလေသည်။ ထိုအရာက သူ
ပိုင်ဆိုင်ရန်ကြိုးစားနေသောသစ်ပင်၏ အစစ်အမှန်ခန္ဓာကိုယ်ပင်ဖြစ်သည်။
သို့ပေမဲ့ သစ်ပင်က မပြည့်စုံဘဲ အစိတ်အပိုင်းတော်တော်များများက ညှိုးနွမ်းနေလေ၏။ သစ်ပင်က အရမ်းကြီးပုံပေါ်ပြီး ကြောက်စရာကောင်းသောမရဏအရှိန်အဝါများပျံ့လွင့်လာသည်။ သို့သော် စုမင်၏ထိတ်လန့်တုန်လှုပ်မှုက အရမ်းကြီးမားနေဆဲပင် ဖြစ်၏။
သူ့ဝိညာဉ်က ကြိုးကြာငှက်နှင့်ချိပ်ဆက်ထားသောကြောင့် ငှက်လဲ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ အစကတော့ ငှက်က သွေးရူးသွေးတန်းအော်ဟစ်နေသော်လည်း ထိုသစ်ပင်ကြောင့် အံ့အားသင့်သွားလေသည်။ ထိုစဉ် သူ့မှတ်ဉာဏ်ထဲမှာ အပိုင်းအစလေးများလိုရှိနေသောအမှတ်တရများက ခဏတာ စုစည်းသွားသည်။
“အိစန်း..မင်းက အိစန်းပဲ..မင်းမသေသေးဘူးလား..စွေ့ချန်ကျစ်က မင်းကို သတ်လိုက်တာမဟုတ်ဘူးလား..မင်း အသက်ရှင်နေတုန်းပဲ..”
ငှက်က သူ့ပါးစပ်ကနေ ထိုစကားများအလိုလို ထွက်ကျလာသည်။ သူ့မျက်နှာမှာ ရှုပ်ထွေးမှုနှင့် ပြည့်နေပြီး သူ့အသံမှာ ကြောက်ရွံ့မှုအနည်းငယ်တောင် ပါနေသည်။
“ငါ့ကိုမှတ်မိလား..အရှုံးသမား..စွေ့ချန်ကျစ်..အဲဒီကောင် ငါ့ကိုသတ်လို့မရဘူး..မင်းက ကောင်းကင်ဘုံရဲ့ ဆန္ဒကို ဆန့်ကျင်ခဲ့တယ်..အရှုံးသမား..သစ္စာဖောက်ကောင်..”.
သစ်ပင်၏ဆန္ဒက ဟိန်းဟောက်လိုက်သည်။ ထို့နောက် ငှက်၏မျက်နှာပေါ်က ရှုပ်ထွေးမှုများက ပို၍ပြင်းထန်လာသည်။
“မင်းက မပြည့်စုံဘူး.. မင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်... စုမင်... သူ့ကို သိမ်းပိုက်ပြီး ကိုယ်ပွားလုပ်လိုက်..သစ်ပင်က ပြီးပြည့်စုံပြီး ထိခိုက်ဒဏ်ရာရမှု မရှိဘူးဆိုရင်တော့ လောကကြီးထဲက ဘယ်သူမှ ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ အခု... မင်းမှာ အောင်မြင်ဖို့ အခွင့်အရေးရှိတယ်..မင်း သစ်ပင်ကိုပိုင်ဆိုင်ဖို့ ငါကူညီမယ်..”
ငှက်၏မျက်နှာက ဇဝေဇဝါဖြစ်နေပြီး စူးစူးဝါးဝါး အော်ဟစ်နေလေသည်။