အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(နောက်ဆုံး)
Vol. 60 Ch. 834
ထိုသစ်ပင်က ခုမှမွေးဖွားလာသောအိစန်းပင်ဖြစ်သည်။
ခန္ဓာကိုယ် ကွဲအက်သွားပြီး သေဆုံးသွားသောအိစန်းက စွေ့ချန်ကျစ်၏စကြဝဠာကနေ အာဟာရဓာတ်များကို စုပ်ယူပြီး အသစ်ပြန်လည်မွေးဖွားလာသည်။သူက အရောင်ဆယ်မျိုးရှိသော သစ်ပင်ကို ကြည့်လိုက်သည်။
သစ်ပင်၏အလင်းရောင်က အဆုံးမရှိ တောက်ပနေသည်။ ၎င်းမှာ ဖိအားကြီးကြီးမားမားအပြင် စကားလုံးများနှင့်ဖော်ပြ၍မရလောက်အောင် အစွမ်းထက်လေသည်။ ထိုအချိန်တွင် စုမင်၏စိတ်က ရပ်တန့်ထားသလို ခံစားလိုက်ရသည်။
အစကတည်းက အိစန်းမှာ နောက်ခံကောင်းမည်ဟု စုမင် မျှော်လင့်ထားလေသည်။ သို့သော် ယခုလောက်အံ့အားသင့်ဖွယ်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ငါပိုင်ဆိုင်တာက... ဒီလောက်အစွမ်းထက်တဲ့ သက်ရှိပုံစံပဲ...”
စုမင်က တိုးတိုးလေးပြောလိုက်သည်။တကယ်လို့ စုမင်မှာ အိစန်းက အံ့ဩစရာကောင်းလောက်သောသက်ရှိမှန်းသိလျှင် ပိုင်ဆိုင်ချင်လောက်သောစိတ်ဆန္ဒရှိမရှိ မသိတော့ပေ။
ကံကောင်းထောက်မစွာပင်... သူပိုင်ဆိုင်တာက အိစန်း၏ပုံစံ အပြည့်အစုံမဟုတ်ပေ။ ၎င်းက ဆယ်ပုံတစ်ပုံသာ ရှိ၏။ ထို့အပြင်..၎င်း၏အသွင်အပြင်ကို ကြည့်လျှင် ပြင်းထန်စွာဒဏ်ရာရရှိထားပုံရသည်။ မဟုတ်လျှင် စုမင်က ပြီးပြည့်စုံ သောအိစန်းဆယ်ယောက်(အိစန်းရဲ့ဆန္ဒဆယ်ခု)ထဲကတစ်ယောက်ဖြစ်လျှင်ပင် မပိုင်ဆိုင်နိူင်ကြောင်း သိလေသည်။
သူ၏ထိတ်လန့်မှုအလယ်တွင် စုမင်၏နှလုံးသားထဲတွင် မေးခွန်းတစ်ခု ချက်ချင်းပေါ်လာသည်။
‘ဒါပေမဲ့ ဒါဏ်ရာရနေတဲ့အိစန်းကတင် မယုံနိုင်လောက်အောင် အားကောင်းနေပြီ၊ အိစန်းကို အပိုင်းပိုင်းကွဲသွားအောင် ဘယ်သူက ပြင်းထန်စွာ ထိခိုက်စေနိုင်မှာလဲ..”
ဤမေးခွန်း ပေါ်လာသည့်အချိန်တွင် စုမင်းက သူ၏အဖြေကို မြင်လိုက်ရသည်။
မွေးကင်းစကလေးငယ်၏ငိုသံနှင့်ဆင်တူသောအသံတစ်ခု ထွက်ပေါ်လာ၏။ထို့နောက် အိစန်း၏ခန္ဓာကိုယ်က အဆပေါင်းများစွာ ပိုကြီးလာသည်ကို မြင်လိုက်ရသည်။ ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် သစ်ပင်၏အဆုံးကို သူ မမြင်နိုင်ပေ။သစ်ပင်က နေရာတစ်ခုလုံး၏ ထက်ဝက်ခန့်ကို သိမ်းပိုက်ထားလေသည်။
သို့သော် စုမင်နှင့် ရင်းနှီးသော ရှေးဟောင်းအသံတစ်ခု အီကန်၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
“အတွေးတစ်ခုတည်းနဲ့ ငါဟာ စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးနိုင်တယ်..အတွေးတစ်ခုတည်းနဲ့ ကောင်းကင်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်.. အတွေးတစ်ခုတည်းနဲ့ ဘဝအမျိုးမျိုးကို ထိန်းချုပ်နိုင်တယ်.. အတွေးတစ်ခုတည်းနဲ့ စကြဝဠာထဲက အရာအားလုံးကို လွှမ်းမိုးနိုင်တယ်...”
ထိုအသံက သဘာဝအတိုင်းစွေ့ချန်ကျစ်၏အသံဖြစ်၏။သူ့ခန္ဓာကိုယ်က ပျက်စီးသွားပြီး နှလုံးသားတစ်ခုသာ ကျန်တော့သည်။ သူ့အသံက အိစန်း၏သစ်ပင်ပင်စည်ကနေ ထွက်ပေါ်လာပြီး ပဲ့တင်ထပ်သွားသည်။ ခိုင်မာသောစိတ်ပိုင်းဖြတ်မှုစွမ်းအားလှိုင်းက ဟင်းလင်းပြင်ထဲတွင် ကြာရှည်စွာတည်ရှိနေခဲ့သည်။
အိစန်း၏ဧရာမခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာသည်။ သစ်ပင်မှ အလင်းရောင်ဆယ်မျိုးတောက်ပလာသောအခါ သစ်ပင်က ထပ်အမြင့်မတက်နိုင်တော့ကြောင့် တွေ့ရှိခဲ့သည်။ ကလေးငိုသံလို နာကျင်စွာ ညည်းညူသံများက အိစန်းကနေ ထွက်ပေါ်လာသည်။
မကြာခင်မှာပဲ အိစန်းက စွေ့ချန်ကျစ်၏နတ်ဘုရားအနှစ်သာရကို စားသုံးပြီးနောက် အလွန်ကြောက်စရာကောင်းသောတည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ခဲ့သည်။ သစ်ပင်က ပြီးပြည့်စုံနေသော်လည်း ကလေးငယ်တစ်ယောက်လို အပြည့်အဝ မကြီးထွားသေးပေ။ သူဧ။်စူးရှသောညည်းသံများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွား၏။ ထိုအသံက စုမင်၏နားထဲသို့ ကျရောက်သောအခါ သူ့အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။
“ငါ မင်းကို မသတ်နိုင်ခဲ့ဘူး.. မင်းကို ငါ့ဝိညာဉ်ထဲမှာနေထိုင်ခွင့်ပေးပြီး ငါ့ကို ဖျက်ဆီးပစ်ဖို့ပဲ ခွင့်ပြုနိုင်တယ်... ငါသေတာနဲ့ မင်း မွေးဖွားလာမယ်ဆိုတာ ငါသိတယ်..ငါ မင်းကို မသတ်နိုင်ပေမဲ့... မင်းမွေးဖွားလာတဲ့အခါ မင်းက ငါဖြစ်လာပြီး ငါကလဲ မင်းဖြစ်လာလိမ့်မယ်.. ငါ့ရဲ့မိတ် ဆွေတွေလျှောက်ခဲ့တဲ့လမ်းကို ငါ မလျှောက်လှမ်းဘူး.. အဲဒီအစား ငါ နှစ်ပေါင်းတစ်သိန်း ပြင်ဆင်ထားတဲ့အရာနဲ့ မင်းကို သေလောက်အောင်ထိခိုက်အောင်လုပ်မယ်”
“အတွေးတစ်ခုတည်းနဲ့... ငါက ဘဝတစ်သန်းကို မွေးဖွားလာစေနိုင်မယ်..”
စွေ့ချန်ကျစ်၏အသံက ရုတ်တရက် ပိုပြင်းထန်လာခဲ့သည်။ သူ့အသံက ပဲ့တင်ထပ်လာသောအခါ သစ်ပင်ပေါ်မှာ အက်ကွဲကြောင်း အများကြီး ပေါ်လာပြီး ပေါက်ကွဲထွက်လာသည်။
ထို့နောက် သစ်ပင်က အပိုင်းပေါင်း တစ်သန်းအဖြစ်ပြောင်းလဲသွားသည်။ထိုအချိန်တွင် နတ်ဘုရားအနှစ်သာရစုပုံနေသောစွေ့ချန်ကျစ်၏နှလုံးသားက နှလုံးသားပေါင်း တစ်သန်းအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင် အပိုင်းပေါင်း တစ်သန်းအဖြစ်ပိုင်းခြားခံထားရသောအိစန်းမှာ အပိုင်းအစပေါင်းတစ်သန်းပိုင်ဆိုင်လေသည်။ ထိုအပိုင်းအစများက ရွှေရောင်နှလုံးသားတစ်သန်း၏ဖိနှိမ်ခြင်းနှင့်ချိပ်ပိတ်ခြင်းကို ခံရလေသည်။ ပေါက်ကွဲသံတစ်ခုက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားသောအခါ
အိစန်း၏အပိုင်းပေါင်းတစ်သန်းက နောက်ပြန်လွင့်စင်သွားလေသည်။ စွေ့ချန်ကျစ်ဧ။်နှလုံးသား(အပိုင်းအစများ)ကတော့ ပျောက်ကွယ်သွားလေသည်။
“ငါ မအောင်မြင်ခဲ့ဘူး.. အဲဒါကြောင့်
ငါ သေခဲ့ရတာပဲ..ဒါပေမဲ့ အောင်မြင်ခဲ့တယ်လို့ပြောရမယ်..အနာဂတ်မျိုးဆက်သစ် တွေအတွက် နတ်ဘုရားအနှစ်သာရရဲ့ကပ်ဘေးကို ချိုးဖျက်ဖို့ အခွင့်အရေးတစ်ခုကို ချန်ထားခဲ့တယ်..အနာဂတ်မျိုးဆက်ရဲ့သားစဉ်မြေးဆက်တွေဖြစ်တဲ့ မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့ရဲ့ နတ်ဘုရားအနှစ်သာရကို ရရှိခဲ့ရင်... မှတ်ထားပါ”
စွေ့ချန်ကျစ်၏အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်အခါ စုမင်က ပါးစပ်အဟောင်းသားနှင့်ကျန်ခဲ့လေသည်။ သို့ပေမဲ့ သူမြင်ခဲ့ရသည့်အမှန်တရားက ပျောက်ကွယ်သွားခြင်း မရှိပေ။ ယင်းအစားက တစ်စုံတစ်ခုကအသစ်ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသည်။
စုမင်က အချိန်များ ကုန်ဆုံးပြောင်းလဲသွားသည်ကိုမြင်လိုက်ရသည်။ သီးခြားနယ်မြေကနေ အားနည်းသောဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာသည့်အခါ စုမင်က နှစ်မည်မျှကုန်ဆုံးသွားမှန်းမရှိပေ။ ထိုဟိန်းဟောက်သံထဲမှာ ရှုံးနိမ့်မှုကိုဝန်မခံလိုစိတ်နှင့်ကောင်းကင်ကိုလောင်ကျွမ်းစေနိုင်သောအမုန်းတရားများပါဝင်လေသည်။
“စွေ့ချန်ကျစ်..ကောက်ကျစ်တဲ့အဘိုးကြီး..ခင်ဗျား ကျုပ်ကိုသတ်လို့မရဘူး..ကျုပ်ကို ထာဝရဖိနှိပ်လို့မရဘူး..ငါ မွေးဖွားလာပြီးသား..ငါ့အသက်ဓာတ်က ဒီစကြဝဠာကြီးထဲမှာရှိပြီးသား..ငါ မင်းရဲ့ချိပ်တံဆိပ်ကနေ ထွက်သွားမယ်လို့ကံကြမ္မာမှာရေးထားပြီးသားပဲ..”
“မင်းက ငါ့ခန္ဓာကိုယ်ကို အပိုင်းဆယ်ပိုင်းခွဲရင်တောင် ငါ့ထဲမှာ တူညီတဲ့စိတ်ဆန္ဒဆယ်ခု မွေးဖွားလာလိမ့်မယ်..တစ်နေ့နေ့မှာ... အဲဒီဆန္ဒဆယ်ခုစလုံး တစ်ဖန်ပြန်လည်ပေါင်းစပ်သွားလိမ့်မယ်..အဲဒီအချိန်မှာ... ငါ အိစန်း ပေါ်လာလိမ့်မယ်”
“မင်းငါ့ကို ဆိုးဆိုးရွားရွားဒဏ်ရာရစေရင်တောင် မင်းရဲ့နတ်ဘုရားအနှစ်သာရက ရှိနေသေးတယ်..မင်းသေဆုံးပြီးနောက် မင်းရဲ့နတ်ဘုရားအနှစ်သာရကိုရယူဖို့ အနာဂတ်မျိုးဆက်တွေအတွက် ဥပဒေတစ်ခုချန်ထားခဲ့တယ်..ကိစ္စမရှိပါဘူး..ငါက အဲဒီအနှစ်သာရကို ငါ့ကိုကုသပေးမယ့်အရင်းအမြစ်အဖြစ် ဖန်တီးနိုင်တယ်..”
“မင်းရဲ့နတ်ဘုရားအနှစ်သာရကိုရယူဖို့ ဒီနေရာကို လူတွေပိုလာလေ.. ငါ့ကိုကုသပေးလေလေပဲပဲ..သူတို့ရဲ့ ဉာဏ်အလင်းအားလုံး..ကနဦးစွမ်းအားတွေ..ဘဝတွေက ငါ့အပိုင်ဖြစ်လိမ့်မယ်..”
ထိုအသံက လေထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ စုမင်၏မျက်လုံးရှေ့က အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။စုမင်က သူ့ဝိညာဉ်ထဲက ထင်ယောင်ထင်မှားမြင်ကွင်းကနေနိုးထလာသည်။ သူ့ဝိညာဉ်က ရွှေရောင်သွေးကြောအားလုံးကို ဖုံးလွှမ်းသွားပြီး နဂါးငွေ့တန်းထဲက ရွှေရောင်နှလုံးသားများနှင့် ပေါင်းစပ်သွားခဲ့သည်။
သူ့ပိုင်ဆိုင်မှုက အရင်ကိုးဆယ့်ငါးပုံကနေ ကိုးဆယ့်ခုနှစ်ပုံအထိရောက်ရှိသွားသည်။
“ဒါဆို ဒါက... အမှန်တရားပဲ..”
ကျိုးခန်းက စုမင်ကို သီးခြားနယ်မြေက ကြီးမားသောလိမ်လည်မှုတစ်ခုဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။ ကြည့်ရတာ ထိုလိမ်လည်မှုကို စွေ့ချန်ကျစ်မဟုတ်ဘဲ အိစန်းက အကွက်ကျကျကြံစည်နေခဲ့ပုံရသည်။
“ဘယ်ဟာကအမှန်တရားဆိုတာ အရေးမကြီးဘူး..သီးခြားနယ်မြေက အစစ်အမှန်လား လိမ်လည်မှုလားဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက…သစ်ပင်ရဲ့ကိုးဆယ့်ခုနစ်ပုံလောက်ကို ပိုင်ဆိုင်ထားပြီးပြီ..ငါ့ရဲ့ကိုယ်ပွားအိစန်းက ပြည့်စုံတော့မှာ..”
စုမင်၏ဝိညာဉ်က ရွှေရောင်နှလုံးသားနှင့်
အဆက်မပြတ် ပျံ့နှံ့သွားပြီး ပေါင်းစပ်သွားသည်။ စွေ့ချန်ကျစ်၏ဥပဒေသကြောင့်ဖြစ်ပေါ်လာသောပုံရိပ်တစ်သိန်းက အိစန်း၏စိတ်ဆန္ဒကိုပိတ်ဆို့ထားဆဲဖြစ်၏။ ထို့ကြောင့် စုမင်၏လုပ်ဆောင်ချက်များက အလွန်တိုးတက်လာခဲ့သည်။
စုမင်၏ပိုင်ဆိုင်မှုက ကိုးဆယ့်ရှစ်ပုံကို ရောက်ရှိသွားသောအခါ အိစန်းက လုံးဝရူးသွပ်သွားလေသည်။ သူ့ဆန္ဒက ထိတ်လန့်တုန်လှုပ်မှု၊ ရူးသွပ်မှုများနှင့်အတူ အော်ဟစ်ငိုကြွေးနေခဲ့သည်။
“မင်းက ငါ့ကို အတင်းအကျပ်သိမ်းပိုက်ခဲ့တာ..ငါ မင်းကို အောင်မြင်ခွင့် လုံးဝ မပေးဘူး.. ငါက ကျန်တဲ့ဆန္ဒကိုးခုကို ဝါးမျိုတဲ့အခွင့်အရေး ဆုံးရှုံးသွားရင်တောင်၊ အကြောင်းကြောင့် ငါ့အသိစိတ်တွေ အားလုံး ဆုံးရှုံးသွားရင်တောင်..ငါ့ဝိညာဉ်ရဲ့အစိတ်အပိုင်းတစ်ခုကိုပဲ ကျန်တဲ့ဆန္ဒကိုးခုက ဝါးမျိုသွားရင်တောင်... ဒီမြင့်မြတ်တဲ့ ငါ အိစန်းရဲ့ ခန္ဓာကိုယ်ကို မင်းကို ပိုင်ဆိုင်ခွင့် လုံးဝ မပေးဘူး...”
အိစန်းက ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ့ရယ်သံထဲမှာ စုမင်နှင့်အတူအသေခံမည်ဟူသောဆန္ဒတစ်ခုရှိလေသည်။
“မြင့်မြတ်တဲ့အိစန်းရဲ့စွမ်းရည်..”
အိစန်းက ထိုစကားများပြောလိုက်စဉ် ကျောက်တိုင်တစ်သိန်းထဲရှိလူများစွာဆီက နာကျင်စွာ အော်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ထို့နောက် ကျောက်တိုင်တစ်ခုထဲက သတ်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် မြန်မြန်ဆန်ဆန် ပုပ်သိုးသွားတာကို မြင်လိုက်ရသည်။ ထိုလူ၏ခန္ဓာကိုယ်မှခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကျောက်တိုင်၏စုပ်ယူခြင်းကိုခံခဲ့ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ခန္ဓာကိုယ်က အရိပ်အယောင်တစ်ခုမှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ မကြာခင်မှာပဲ လူတစ်သောင်းနီးပါး၏နာကျင်စွာအော်ဟစ်သံများက လေထုထဲမှာ တစ်ဖန်ပြန်ပေါ်လာသည်။သူတို့၏ခန္ဓာကိုယ်အားလုံးက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကျောက်တိုင်၏စုပ်ယူခြင်းကိုခံလိုက်ရသည်။
ထိုအချိန်တွင် ထိုကျောက်တိုင်တစ်သောင်းနီးပါး၏ အသွေးအသားနှင့်စွမ်းအားများ စုပ်ယူခံလိုက်ရပြီး ကျောက်တိုင်ပေါ်မှာ အက်ကွဲကြောင်းအများကြီးပေါ်လာသည်။ လေထုထဲမှာ လေထုထဲမှာ အက်ကွဲသံများနှင့် ပြည့်နှက်နေပြီး ကျောက်တိုင်များက အပိုင်းပိုင်းကွဲသွားသည်။ ကျောက်တိုင်ထဲကနေခရမ်းရောင်မြူခိုးများ ထွက်လာပြီး ကျိုးပဲ့နေသောအပျက်အစီးများက လေထဲသို့လွင့်စင်သွားသည်။ ထို့နောက် ပျောက်ကွယ်သွား၏။ ထိုအချိန်ကစပြီး သီးခြားနယ်မြေမှာ ကျောက်တိုင်ကိုးသောင်းသာကျန်ရှိတော့သည်။
ထိုအချိန်တွင် အိစန်း၏စိတ်ဆန္ဒက မြင့်တက်လာပြီး ခရမ်းရောင်မြူခိုးများက လေထုထဲမှ ထွက်ပေါ်လာသည်။ ထိုမြူခိုးငွေ့များက တစ်သောင်းနီးပါးရှိနေပြီး အရေအတွက်က သေဆုံးသွားသောကျင့်ကြံသူအရေအတွက်နှင့်အတူတူပင်ဖြစ်သည်။
ထိုမြူခိုးများက လျင်မြန်စွာစုစည်းသွားပြီး ဧရာမခရမ်းရောင်သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုသစ်ပင်သည် သဘာဝအတိုင်း အိစန်း၏ဝိညာဉ်ပင်ဖြစ်သည်။
“အိ..စန်း..”
ထိုဝိညာဉ် ပေါ်လာပြီးနောက် ဧရာမခရမ်းရောင်သစ်ပင်က ခပ်အုပ်အုပ်ဟိန်းဟောက်လိုက်သည်။ပထမနာမည်တစ်လုံးကိုပြောလိုက်သည့်အခါ စွေ့ချန်ကျစ်၏ဥပဒေသဖြင့်ဖွဲ့စည်းထားသောပုံရိပ်များက ချက်ချင်းပင် အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
ဒုတိယနာမည်တစ်လုံးကို ပြောလိုက်သည့်အခါ စုမင်၏ဝိညာဉ်က ရွှေရောင်နှလုံးသားတစ်သန်းကိုပိုင်ဆိုင်ထားသကဲ့သို့ ပြင်းထန်သောသက်ရောက်မှုတစ်ခုကို ချက်ချင်းခံစားရသည်။
“ငါ ဥပဒေသကို ရပ်တန့်ဖို့ မယုံနိုင်စရာအဖိုးအခတစ်ခုကို ပေးဆပ်ခဲ့ရတယ်..ဆိုလိုတာက အခုကစပြီး ငါ ပြန်ကောင်းလာဖို့ အခွင့်အရေး မရှိတော့ဘူး..ကျန်တဲ့အိစန်းကိုးယောက်(ဆန္ဒကိုးခု)က ပြန်ကောင်းလာတာကို ကြည့်နေရုံပဲ ရှိတော့တယ်..သူတို့က ငါ့ကိုဝါးမျိုမယ့်အချိန်ကို စောင့်မျှော်နေရုံပဲ ရှိတယ်..”
“ကျုပ် အများကြီး ပေးဆပ်ခဲ့ရတယ်.. ဒါကြောင့် ကျုပ် ခင်ဗျားကို မသတ်နိုင်တာကို လက်မခံဘူး..”
အိစန်း၏စိတ်ဆန္ဒက ရူးသွပ်စွာ ပြေးဝင်လာခဲ့သည်။ ထိုအခိုက်အတန့်၌ ထိုစိတ်ဆန္ဒက စုမင်၏ဝိညာဉ်ကို ထိတိုက်မိသွားဧ။်။ စုမင်က ရာစုနှစ်ပေါင်းများစွာ စီစဉ်ထားသောနောက်ဆုံးအပိုင်းကို အကောင်အထည်ဖော်ခဲ့သည်။
“အနက်ရောင်အပိုင်းအစ...”
စုမင်၏ဝိညာဉ်က ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။
“အနက်ရောင်အပိုင်းအစ...”
စုမင်က ယင်းမရဏနယ်မြေမှာရှိစဉ်က အမည်မသိရတနာတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ ထို့နောက် ၎င်းက သူ့ဝိညာဉ်နှင့်ပေါင်းစပ်ထားပြီး နတ္ထိအနှစ်သာရနယ်မြေသို့ လိုက်လာခဲ့သည်။ စုမင်က ၎င်းကိုအော်ခေါ်လိုက်သောအခါ သူ့ဝိညာဉ်ထဲမှာ ပေါ်လာသည်။
ထိုပစ္စည်းက လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုပင်ဖြစ်သည်။ ယခင်က စုမင်က သူ့ဝိညာဉ်ကို လုံးဝလောင်ကျွမ်းစေခဲ့သော်လည်း သူ့အတွင်းထဲမှာ ထိုရတနာလေးရှိနေသည်။ထိုအချိန်တွင် ၎င်းက မူလပုံစံကို ပြန်ပြောင်းပြီး သေးငယ်သောအနက်ရောင်ကျောက်အပိုင်းအစလေးအဖြစ် ပြောင်းလဲသွားသည်။
“လှည့်စားလိုက်စမ်း..”
အနက်ရောင်ကျောက်အပိုင်းအစ ပေါ်လာချိန်တွင် အိစန်း၏ဆန္ဒက စုမင်ကို ဝင်တိုက်ချိန်ဖြစ်သည်။ ကျယ်လောင်သောအသံက လေထဲမှာ ပဲ့တင်ထပ်သွားပြီး သွေးကြောထဲရှိ ရွှေရောင်နှလုံးသားတစ်သန်းက အဆပေါင်းများစွာ သိသိသာသာမြင့်တက်လာခဲ့သည်။ ထို့နောက် နဂါးငွေ့တန်းများစွာနှင့် ရွှေရောင်နှလုံးသားများက အစုံလိုက်ပေါင်းစည်းသွားပြီ သန်းရာပေါင်းများစွာအရေအတွက်ထိတိုးပွားလာသည်။
ထိုနှလုံးသားသန်းပေါင်းများစွာထဲမှာ တစ်သိန်းက အစစ်အမှန်ပင်ဖြစ်သည်။ ကျန်တာတွေက အတုအယောင်များဖြစ်၏။ သို့ပေမဲ့ ၎င်းတို့ ပေးစွမ်းသောတည်ရှိမှုများက တစ်ထပ်တည်းပင်ဖြစ်သည်။ သူတို့ကြားမှာ ကွာခြားချက်နည်းနည်းမှ မရှိပေ။ ထိုအရာက အနက်ရောင်အပိုင်းအစများကျွမ်းကျင်သည့်လျှို့ဝှက်ဆန်းကြယ်စွမ်းရည်- သက်ရှိအမျိုးမျိုးကို လှည့်စားနိုင်သောစွမ်းရည်ပင်ဖြစ်သည်။
ထိုအနက်ရောင်ကျောက်အပိုင်းအစလေးက အိစန်းကို မည်မျှလှည့်စားနိုင်မလဲဆိုတာ မသိပေ။ ထို့ကြောင့် စုမင်က အရင်က အသုံးမပြုခဲ့ပေ။ ယင်းအစား သူ အောင်မြင်မှုနှင့်နီးစပ်လာသည့်အခါမှသာ ထုတ်သုံးခဲ့ကြသည်။
“ဒါ...ဒါ...သက်ရှိအားလုံးကိုအမြစ်ဖြတ်တဲ့မျိုးစေ့ ...ငါ မအောင်မြင်ခဲ့ဘူး..ဒါ မဖြစ်နိုင်ဘူး..ဘယ်လိုလုပ် မအောင်မြင်နိုင်တာလဲ...ဒါကရော ဘာလို့အပိုင်းအစလေးတစ်ခုပဲရှိနေတာလဲ..”
အိစန်း၏အသံမှာ မယုံကြည်နိုင်မှုတစ်ခုနှင့်အတူ စိတ်ပျက်အားငယ်မှုတစ်ခုရှိနေသည်။ သူက အသက်ဆယ်ရှိုက်စာအတွင်းမှာ စုမင်အစစ်အမှန်ကိုရှာနိုင်ရန် လိုအပ်သည်။
အသက်ဆယ်ရှိုက်စာက များများစားစားမဟုတ်သော်လည်း စုမင်ကို အချိန်တိုအတွင်းရှာဖွေရန် ခက်ခဲလေသည်။ ထိုအချိန်တိုလေးက အနိုင်နှင့်အရှုံးကို ခွဲခြားပေးလိမ့်မည်။
“ငါ ရှုံးပြီ.. ဆန္ဒကိုးခုကလဲ ငါ့ဆီကနေ ခွဲထွက်သွားပြီ.. ငါ သိမ်းပိုက်ခံလိုက်ရပြီ..သူ့ကို ဖျက်ဆီးပြီး လက်စားချေဖို့ ကူညီပေးပါ....”
အိစန်း၏စိတ်ပျက်အားငယ်သံက ပဲ့တင်ထပ်သွားသောအခါ စုမင်၏ပိုင်ဆိုင်မှုက ကိုးဆယ့်ကိုးပုံထိရောက်ရှိသွားလေသည်။ နောက်ဆုံး စုမင်က သစ်ပင်၏သွေးကြောများကို အပြည့်အဝလွှမ်းခြုံနိုင်လိုက်သည်။
သစ်ပင်၏ရွှေရောင်သွေးကြောအားလုံးက မည်းနက်သွားလေသည်။