← Chapters

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့

Vol. 128 Ch. 1779

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့

Vol. 128 Ch. 1779

ရွှေဝါရောင် မျက်ဝန်း နှစ်စုံမှာ တစ်ပြိုင်နက်တည်း ဖွင့်ဟလာကြပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင် ဖြာထွက်နေသည့် မြင်ကွင်း၊ အထူးသဖြင့် အလွန်အမင်း သန့်ရှင်းသပ်ရပ်ကာ နူးညံ့သိမ်မွေ့လှသည့် လက်ရာမြောက် ကျောက်စိမ်းနန်းတော်ကြီး အပါအဝင် အရာအားလုံးကို အပြည့်အဝ စုပ်ယူ ကြည့်ရှုလိုက်သည်။

ရုတ်တရက်... နားထဲသို့ တိုးဝင်လာသည့် နဂါး ဟိန်းသံ သဲ့သဲ့ကို ကြားရ၏။ မီးဖီးနစ်၏ အနွေးဓာတ်က သူတို့၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို သက်သာရာရစေသည်။ ထူးဆန်းစွာပင် ရင်းနှီးနေသည့် ရနံ့တစ်ခုက သူတို့နှစ်ဦး၏ နှာခေါင်းထဲသို့ လွင့်ပျံလာ၏။

နှလုံးသားအား လုံခြုံ စိတ်ချရမှု ခံစားချက်တစ်ခုက လွှမ်းမိုးလာလေရာ လင်းရှန်းရှဲ့ မသိစိတ်ဖြင့် ပြုံးလိုက်မိသည်။ လင်းရှန်းရှဲ့၏ မိခင်ဖြစ်သူ လင်းရှန်းရှန်း၏ မျက်လုံးများကမူ အရိုင်းသက်သက် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။

သူမက လှည့်ကြည့်လိုက်ရင်း ထိုရနံ့၏ မူလရင်းမြစ်ကို ရှာဖွေလိုက်ရာ၊ မီးဖီးနစ်ထက်၌ စီးနင်းရင်း ရှေ့သို့ စိုက်ကြည့်နေသည့် လူငယ်တစ်ဦးကို တွေ့ရှိ လိုက်ရလေသည်။ ဘေးတိုက် မြင်တွေ့ နေရသည့် ထိုလူငယ်၏ ရုပ်သွင်ကို သူမ မည်ကဲ့သို့ မေ့မည်နည်း။

“အရှင် ဝေ့ဝူယင်..."

လင်းရှန်းရှန်းက ခေါ်ဝေါ် နှုတ်ဆက်လိုက်လေ၏။ အခြားတစ်ဖက်၌ လင်းရှန်းရှဲ့ကတော့ ပတ်ဝန်းကျင်ကို လှည့်ပတ် လေ့လာ နေခဲ့ကာ ကောင်းကင်ယံ၌ ပျံဝဲနေသည့် စိမ်းပြာရောင် မထင်မရှား ပုံရိပ်ကို သတိထားမိသွားခဲ့သည်။

ရင်းနှီးသည့် ဝိညာဉ်နှင့် လျှို့ဝှက် စွမ်းအား လှုပ်ရှားမှုများကို ခံစားမိသော်လည်း သူမ၏ အတွေးများကတော့ ဖော်မပြနိုင်လောက်အောင် ဝေဝါးနေခဲ့သည်။

"ဆရာလား..."

အခြားလူများ အတွက် ဝေဝေဝါးဝါး ပုံရိပ်ကို အလွယ်တကူ တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိမြင်နိုင်ရန် ခက်ခဲသော်လည်း၊ လင်းရှန်းရှဲ့ အတွက်တော့ ထိုပုဂ္ဂိုလ်၏ ပုံရိပ်တစ်ခုလုံးကို အနီးကပ် မြင်တွေ့ရန်ပင် မလိုအပ်ပါချေ။ နှလုံးခုန်နှုန်း တစ်ချက်တည်း အတွင်း၌ပင် ထိုအော်ရာကို သူမ မှတ်မိသွားခဲ့သည်။ လတ်တလော မှတ်ဉာဏ်များမှာ ဝေဝါး နေသော်လည်း ဆရာဖြစ်သူက အဓိပတိ ကျောက်စိမ်း နယ်မြေ အတွင်း ခေါ်ယူခဲ့သည်ကိုတော့ သူမ မှတ်မိနေဆဲ ဖြစ်သည်။

“...”

အခြားတစ်ဖက်၌ မိဘများက ဟန်ရှဲ့ဟု အမည် ပေးခဲ့ကြသော်လည်း "ဆန်းကြယ် ဧကရာဇ်" ဟု အများက သိရှိထားကြသည့် လူသားမှာ ဤဖြစ်ရပ်များကြောင့် အံ့အားသင့်သွားခဲ့သည်။ သူ စိတ်လည်း ရှုပ်ထွေး နေခဲ့၏။

ပထမဆုံး အနေဖြင့်... ဟန်ယုဟိုင်မှာ အလွန် အရေးကြီးသော အခြေအနေတစ်ခုတွင် ဝင်ရောက် စွက်ဖက်ခဲ့သည်။ အသိစိတ် ပင်လယ်၊ စိတ်မျက်လုံးနှင့် ဝိညာဉ်များပေါ်တွင် ချိပ်တံဆိပ်များ ချမှတ်ထားခဲ့သည့် မိန်းကလေး နှစ်ယောက်ကို လုယူခဲ့သည်။

ထို့နောက်... ဟန်ယုဟိုင်မှာ သူ့ကို တိုက်ခိုက်ခဲ့သည်။ ၎င်းက ရိုးရှင်းသော တိုက်ပွဲတစ်ခု မဟုတ်ချေ။ ထူးဆန်းစွာပင် ဟန်ယုဟိုင်မှာ သူ့ကို ဤနေရာတွင် ဆက်ရှိနေစေရန် အတွက် ကာကွယ်ရေးနှင့် ထိုးစစ်များအား ရည်ရွယ်ချက်ရှိရှိ သတိထားကာ တိုက်ခိုက်ခဲ့သည်။

ဟန်ရှဲ့ ထိုအရာကို သံသယ ဖြစ်မိသော်လည်း... အများကြီး စဉ်းစားမနေဘဲ သူ၏ ပိုင်ဆိုင်မှုများ ဖြစ်သည့် မိန်းကလေး နှစ်ဦးကို ပြန်လည်ရယူရန် ကြိုးစားခဲ့သည်။

ဟန်ယုဟိုင်မှာ စကားတစ်ခွန်းမှ မပြောဘဲ တိုက်ခိုက်နေခဲ့သည်။ သူ ခြေတစ်လှမ်းမျှပင် နောက်ဆုတ်ဖို့ အတွက် ငြင်းဆန်ပြီး ပြင်းထန်သည့် ထိုးနှက်ချက်များကိုသာ ပစ်သွင်းနေခဲ့သည်။ သူက မိန်းကလေးနှစ်ဦးကို ဆုံးရှုံးဖို့ ငြင်းဆန်ကာ အသက်နှင့် လဲ၍ ကာကွယ်ပေးခဲ့သည်။

လင်းရှန်းရှန်းနှင့် လင်းရှန်းရှဲ့တို့မှာ ဟန်ယုဟိုင်၏ ဇနီးနှင့် ရင်းနှီးသည့် ပတ်သက်မှု ရှိသော်လည်း ထိုအရာက ဤနေရာတွင် သူ့ကို တိုက်ခိုက်ရန်အတွက် လုံလောက်သော အကြောင်းပြချက် မဟုတ်ပေ။

ယခုမူ... အဇူရာ အကြေးခွံများနှင့် နဂါးတစ်ကောင်မှာ ကျန်းကျိရီ၊ မီးဖီးနစ်၊ ဝေ့ဝူယင်တို့နှင့် အတူ ပေါ်လာခဲ့ပြီ ဖြစ်သည်။ အခြေအနေက အပြုသဘော မဆောင်ကြောင်း ဟန်ရှဲ့ သိသည်။ အထူးသဖြင့်... နဂါးထံမှ ခံစားရသည့် မုန်းတီးမှုများက သူ့ ကျောရိုးကိုပင် စိမ့်တက် စေသည်။

ထို့အပြင်... မိန်းကလေးနှစ်ဦးအား ချိပ်ပိတ် ထားသည့် ဝိညာဉ် ကျင့်စဉ်မှာ သူကိုယ်တိုင်၏ ဝိညာဉ် အင်အားဖြင့်ပင် လွယ်လွယ်ကူကူ ပြန်မဖြည်နိုင်သည့် အံ့မခန်း နည်းလမ်း တစ်ခု ဖြစ်သည်။ သာမန် လောကရှန့်ထိုများပင်လျှင် ၎င်းကို ပြန်လည် ဖြေနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤအချက်ကို ကျင့်စဉ်စာလိပ်ကိုယ်၌တွင် အတိအကျ ဖော်ပြထားသည်။ သို့သော်လည်း... ဝေ့ဝူယင်က ၎င်းတို့ကို ခဏချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

ပိုမို၍ အံ့ဩစရာ ကောင်းသည်က... တန်ပြန် သက်ရောက်မှု၊ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခြင်း ဖြစ်သ်ည။ သူတို့၏ မျက်လုံးများက ယခင်ကထက်ပင် ပိုမို၍ တောက်ပနေသယောင် ထင်ရသည်။

လင်ရှန်းရှဲ့မှာ ပိုမို၍ တုန်လှုပ်စရာပင် ကောင်းနေခဲ့သည်။ မိခင် ဖြစ်သူနှင့် ခြားနားစွာပင် လင်းရှန်းရှဲ့၏ သတိစိတ်ပင်လယ်နှင့် ဝိညာဉ်တို့မှာ လုံးဝ သန့်စင်ခံခဲ့ရခြင်း ဖြစ်သည်။ သူမထံတွင် မည်သည့် မှတ်ဉာဏ်နှင့် ကိုယ်ရည်ကိုယ်သွေးတို့မှ ကျန်ရှိ မနေသင့်ပေ။

ဟန်ရှဲ့မှာ ထိုအတွက် ပြင်ဆင်မှုများကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ပြုလုပ် ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူမက သူ့ကို အော်ရာမြင်ရုံဖြင့်ပင် မှတ်မိပြီး 'ဆရာ' ဟု ရည်ညွှန်းနေခဲ့သေးသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ဟန်ရှဲ့ ဆင်ခြင်နိုင်စွမ်း မရှိတော့ချေ။

သို့စေကာမူ... သူ ဖြေရှင်းရမည့် ပြဿနာတစ်ခုက ရှေ့တွင် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ဆိုသည့် ပုဂ္ဂိုလ်ပင်...။

နဂါးအား အရေခွံ ဆုတ်လိုသည့် ဆန္ဒကို ဖိနှိပ်လိုက်ရင်း ဟန်ရှဲ့ ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက်တွင်တော့ မြေကြီးရှန့်ထိုများ၏ စိတ်ဝိညာဉ်ကိုပင် လှုပ်ခတ်နိုင်သည့် ဝိညာဉ် အင်အားများကို အသုံးပြုကာ အားကောင်းလှသည့် အသံဖြင့် ဖြည်းညှင်းစွာ မေးလိုက်၏။

"မင်း ဘာလုပ်လိုက်တာလဲ... နောက်ပြီး မင်း ဘာလို့ ဒီကို ရောက်လာတာလဲ...”

ဝေ့ဝူယင် ဝေ့ဝူယင်သာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို မသိမ်းရသေးဘူး ဆိုပါက၊ ပြိုင်စံရှား ထျန်းတိုက်ကျုံးကို အနိုင် မယူနိုင်ခဲ့သူ ဆိုပါက၊ လင်းမင် မသေဆုံးခင်က ဝေ့ဝူယင်သာ ဆိုပါက သူ များစွာ စိုးရိမ်လိမ့်မည် မဟုတ်ချေ။

ပြိုင်ဘက်ကင်း ဝိညာဉ် အင်အားများကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် လွန်ခဲ့သည့် နာရီပိုင်းက ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများကို မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ ဝေ့ဝူယင်၏ ကြေညာသံ တစ်လောကလုံးကို လွှမ်းမိုးသွားစဉ်က သူ ကိုယ်တိုင်ပင် မတွန်းလှန်နိုင်သလို ခံစားခဲ့ရသည်။

ဝေ့ဝူယင်၏ အကြည့်များမှာ ဟန်ရှဲ့၏ ပုံသဏ္ဍာန်မှ တစ်ခါမျှ မခွာသွားခဲ့ချေ။ ထို့အပြင်... ဟန်ရှဲ့၏ မေးခွန်းများကိုလည်း မဖြေခဲ့ချေ။ ပထမမေးခွန်းကမူ ရိုးရှင်းပါသည်။ သူက ဝိညာဉ် အင်အားနှင့် အင်ပါယာ ဥပဒေသ အော်ရာတို့ကို ရောနှောကာ ထိုဝိညာဉ် ချိပ်တံဆိပ်ကို လွယ်လွယ်လေး ဖြေရှင်းလိုက်ခြင်းသာ ဖြစ်သည်။ ၎င်းက အသက်ရှူခြင်းကဲ့သို့ပင် လွယ်ကူသည်။

ဒုတိယ မေးခွန်း၏ အဖြေမှာမူ အနည်းငယ် ပို၍ ရှုပ်ထွေးသည်။ လင်းရှန်းရှဲ့အား ပြန်ပေးဆွဲခဲ့သည့် ကာလအတွင်း... ဝေ့ဝူယင် သူမ၏ စိတ်ကို စူးစမ်းကြည့်ခဲ့သည်။ ထိုအခါ... သူမ၏ မူလဇစ်မြစ်နှင့် ဝိညာဉ်တွင် ဖြစ်ပေါ်နေသည့် ထိတ်လန့်စရာ ဒဏ်ရာ အပါအဝင် မှောင်မိုက်သော အမှန်တရားကို သူ ရှာဖွေတွေ့ရှိခဲ့သည်။

မျက်နှာ မပါသည့် လူများ၊ သေခြင်း တရားနှင့် လျှို့ဝှက် ဆန်းကြယ်သည့် သုံးနှစ်သား အရွယ် ဝေဝေဝါးဝါး မှတ်ဉာဏ်တစ်ခု...

ထိုမျှ နူးညံ့သိမ်မွေ့သော အရွယ်တွင် လင်းရှန်းရှဲ့ မည်ကဲ့သို့ သေဆုံးခဲ့ရသည်ကို ဝေ့ဝူယင် မြင်ခဲ့ရသည်။ သို့သော်လည်း... သူမ၏ မှတ်ဉာဏ်များမှာ မပျက်မစီး ရှိနေဆဲဖြစ်ပြီး၊ ကျန်ရှိသော မှတ်ဉာဏ်များမှာလည်း သာမန် ပုဂ္ဂိုလ်တစ်ဦးနှင့် ကိုက်ညီနေခဲ့သည်။ အခြားသူများက မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်သော်လည်း ဝေ့ဝူယင်ကတော့ သိရှိခဲ့သည်။

လင်းရှန်းရှဲ့၏ ဝိညာဉ်မှာ ကျူးကျော်ဝင်ရောက်ခံခဲ့ရပြီး အသစ်တစ်ဖန် ထပ်ရေးခြင်းကို ကြုံတွေ့ခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ အခြားသူတစ်ဦး၏ ဝိညာဉ်ကို လက်ခံထားရန်အတွက် ခွက်တစ်ခုအဖြစ်သို့ ပြောင်းလဲခြင်း ခံခဲ့ရသည်။ တစ်နည်းအားဖြင့် ပြောရလျှင်... လင်းရှန်းရှဲ့မှာ မှတ်ဉာဏ်၊ စိတ်ခံစားမှုနှင့် အတွေးများမှလွဲ၍ ထိုသုံးနှစ်သား အရွယ် မိန်းကလေး မဟုတ်တော့ဘဲ လုံးဝ အခြားသူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ပျံဝဲနေသည့် ပုံရိပ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ သူ သန့်စင်ထားသည့် ဝိညာဉ် အစိတ်အပိုင်းကို သူမ၏ ဝိညာဉ်ထဲသို့ အစားထိုး ထည့်သွင်းခဲ့သည်။ ထို့နောက်... သူမ၏ အတိတ်ဘဝကို စုပ်ယူကာ လင်းရှန်းရှဲ့အဖြစ် ပြုမူနေထိုင်ခဲ့သည်။

ထိုစဉ်က သုံးနှစ်အရွယ် မိန်းကလေးကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လင်းရှန်းရှဲ့မှာ အရင်းခံအားဖြင့် ဟန်ရှဲ့၏ မူလ ဝိညာဉ်မိတ္တူ တစ်ခုသာ ဖြစ်သည်။ ပြန်လည် ရှင်သန် ထမြောက်ခြင်းကို ကြိုးပမ်းရန်အတွက် မူလ ဝိညာဉ်မိတ္တူကို သဘာဝအတိုင်း ပြုစုပျိုးထောင်ရန် ဒီဇိုင်းထုတ်ထားသည့် အသွေးအသား ခန္ဓာတစ်ခုမျှသာ ဖြစ်သည်။

မူလ ဝိညာဉ်ပိုင်ဆိုင်မှုဟူသော အယူအဆမှာ ကျင့်ကြံသူများအတွက် မရင်းနှီးပါချေ။ အဘယ်ကြောင့်ဆိုသော် မူလ ဝိညာဉ်နှင့် ပတ်သက်သည့် အသိပညာများကို အတိုင်းအတာတစ်ခုအထိ နားလည်ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။

ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်ထံ၌ မူလ ဝိညာဉ်နှင့် ပတ်သက်၍ လုံလောက်သည့် အသိပညာများ ရှိပေသည်။ ထိုအသိပညာများမှာ ဝေ့ဝူယင် အတွက် ကျင့်ကြံခြင်း ဝိညာဉ် လေးမျိုးကို ဖန်တီးနိုင်စေခဲ့ရုံမျှသာ မက ငရဲနှင့် ပတ်သက်သည့် အသိပညာများကို ထိန်းသိမ်းထားခြင်း ကဲ့သို့သော ဝိညာဉ်အခြေခံ စွမ်းရည်များကိုရရှိစေခဲ့သည်။

ပုံမှန်အားဖြင့်... ထိုကဲ့သို့ နက်နဲသည့် ထိုးထွင်းသိမြင်မှုများမှာ လျှို့ဝှက် အာဏာရှင် အဆင့်ထက် ကျော်လွန်သည့် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ရှိသူများအတွက်သာ ကန့်သတ်ထားသည်။

သို့သော်လည်း ခန္ဓာကိုယ် သိမ်းပိုက်ခြင်းကတော့ ဝိညာဉ် ပညာရှင်များအတွက် မစိမ်းပေ။ လုံလောက်သည့် အချိန်နှင့် ပြင်ဆင်မှုတို့သာ ရရှိပါက အခြားသူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းမှာ လုံးဝ မခက်ခဲပေ။

၎င်းမှာ အရင်းခံအားဖြင့် ဆိုးယုတ်သည့် မိစ္ဆာ နည်းလမ်း ဖြစ်သော်လည်း... မှန်ကန်စွာ လုပ်ဆောင်နိုင်ပါက အကျိုးကျေးဇူးများ အကန့်အသတ်မရှိ ရရှိစေနိုင်ပေသည်။

ထိုအတွက် ဖြေရှင်းချက်ကတော့ ရှုပ်ထွေးသော်လည်း ရိုးရှင်းပေသည်။ လင်းရှန်းရှဲ့၏ ဝိညာဉ်ကို ပြန်လည် အသက်သွင်းရန် ဖြစ်သည်။

***

All Chapters