← Chapters

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ (၂)

Vol. 128 Ch. 1780

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ (၂)

Vol. 128 Ch. 1780

လင်းရှန်းရှဲ့မှာ လွန်ခဲ့သော နှစ်ပေါင်း ရာချီကတည်းက သေဆုံးခဲ့ခြင်း ဖြစ်သောကြောင့်... ပုံမှန်အားဖြင့် သူမ၏ ဝိညာဉ်ကို ပြန်လည် အသက်သွင်းရန်မှာ လုံးဝ မဖြစ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ သူမက သံသရာ စက်ဝန်း အတွင်း ဝင်ရောက်ကာ ဘဝသစ်ပင် ဝင်စားကောင်း ဝင်စားနေနိုင်ပေသည်။

သို့သော်လည်း အံ့အားသင့်စရာ ကောင်းစွာပင် ထိုသုံးနှစ်သမီး ဝိညာဉ်လေးမှာ အမှန်တကယ် ပျောက်ကွယ်မသွားခဲ့ပေ။ သူမ၏ အစစ်အမှန် ဝိညာဉ်မှာ မူလခန္ဓာကိုယ်နှင့် ချည်နှောင်ထားဆဲပင် ဖြစ်သည်။ ကောင်းကင်တာအို၏ သဘာဝ တရားအရ... အစစ်အမှန် ဝိညာဉ်မှာ ခန္ဓာကိုယ် အပိုင်စီး ခံရပြီး နောက်တွင်ပင် ထိုခန္ဓာကိုယ် သေဆုံးသွားသည့် အချိန်အထိ၊ သို့မဟုတ်... သိမ်းပိုက်ထားသူက ဝိညာဉ် ပျံ့နှံ့ခြင်းကို မခံစားရမချင်း ထိုခန္ဓာကိုယ်နှင့် ဆက်နွှယ်နေမည် ဖြစ်သည်။

ထိတ်လန့်စရာ ကောင်းတာ တစ်ခုက သုံးနှစ်သား သမီးလေး၏ အစစ်အမှန် ဝိညာဉ်မှာ ဟန်ရှဲ့၏ ဝိညာဉ်မိတ္တူ တစ်ဖြစ်လည်း လင်းရှန်းရှဲ့ကို ခြောက်လှန့်နေခြင်း ဖြစ်သည်။

ဝေ့ဝူယင်မှာ ကျန့်ကျန့်၏ အကူအညီနှင့် အတူ အစစ်အမှန် ဝိညာဉ်နှင့် ဝိညာဉ်မိတ္တူတို့ကို တစ်ပေါင်းတည်း ပေါင်းစည်း ခဲ့သည်။ ပြဿနာ တစ်စုံတစ်ရာ မရှိပဲ အရာအားလုံးက ချောချောမွေ့မွေ့ ပြီးမြောက်ခဲ့သည်။ ၎င်းက သူ၏ ဝိညာဉ်လမ်းစဉ် အပေါ် နားလည်မှုကြောင့် ဖြစ်နိုင်သလို အပြစ်သား တက်တူးနှင့်လည်း သက်ဆိုင်ကောင်း သက်ဆိုင် နေနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ... ၎င်းတို့မှာ ချောမွေ့စွာပင် ပေါင်းစည်း သွားခဲ့သည်။

ဝေ့ဝူယင်မှာ ဟန်ရှဲ့၏ ဝိညာဉ်ကို သန့်စင်ပစ်ရန် သို့မဟုတ်... သတ်ပစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ဘဲ၊ ထိုနှစ်ခုကို ပေါင်းစည်းရန်သာ ဆုံးဖြတ်ခဲ့သည်။ အကယ်၍ ဟန်ရှဲ့၏ ဝိညာဉ်ကိုသာ သတ်ပစ်ခြင်း သို့မဟုတ် သန့်စင်ခြင်းတို့ ပြုလုပ်ပြီး လက်ရှိ မှတ်ဉာဏ်များကို ဝိညာဉ်အသစ်ထဲသို့ ထည့်သွင်းပါက... ထိုအရာမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် လက်ရှိ 'လင်းရှန်းရှဲ့' ကို သတ်ပစ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ ပို၍ လက်တွေ့ကျပြီး ဆင်ခြင်တုံတရားရှိသော နည်းလမ်းကို ရွေးချယ်ခဲ့သည်။

ထို့ကဲ့သို့ ပေါင်းစပ်ပြီးနောက်... ဟန်ရှဲ့ ခန္ဓာ အပိုင်စီးခြင်း အပြီးသတ် လုပ်ငန်းစဉ်ကို စတင်သည့် အခါ အနှောက်အယှက် အတားအဆီး ဖြစ်စေရန် ကာကွယ်ရေး အစီအမံများကိုပါ ချမှတ်ခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ရန် ကျန့်ကျန့်၏ အင်အားဖြင့် မခက်ခဲခဲ့ချေ။ ထို့ကြောင့်ပင် လင်းရှန်းရှဲ့မှာ အကုန်အစင် သန့်စင်ခဲ့ရပြီး ဖြစ်သည့်တိုင် ချို့ယွင်းချက် မရှိ ပြန်လည် နိုးထ လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ ဟန်ရှဲ့၏ မေးခွန်းများကို ပြန်ဖြေရန် စိတ်မဝင်စားခဲ့ပေ။ ထို့အစား... သူက တိကျသည့် လေသံဖြင့် ဆိုလိုက်၏။

"ခင်ဗျားက စတင်သူ မရှိပဲ ဝိညာဉ်လမ်းစဉ် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်ဖို့ ကြိုးစားခဲ့တယ်... အကျိုးဆက် အနေနဲ့ ဆိုးဆိုးရွားရွား ကျရှုံးခဲ့တယ်"

“...”

လင်းရှန်းရှန်းနှင့် လင်းရှန်းရှဲ့တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ဝေ့ဝူယင်၏ လေသံမှာလည်း သူ ပုံမှန် ပြောဆိုလေ့ရှိသည့် လေသံနှင့် ခြားနားစွာပင် နွေးထွေးမှုများ ကင်းမဲ့နေသည်ကို သူတို့ သတိထားလိုက်မိသည်။

"..."

ဟန်ရှဲ့၏ ဝေဝေဝါးဝါး ပုံရိပ်မှာ အနည်းငယ် တုန်ခါသွားခဲ့၏။ သို့သော်လည်း သစ္စာဖောက် ဟန်ယုဟိုင်ကြောင့် ဝေ့ဝူယင် ဤကိစ္စအား သိရှိနေခြင်းအပေါ် သူ အံ့သြခြင်း သိပ်မရှိပေ။

‘ကျေးဇူးမသိတတ်တဲ့ ခွေးသား...’

သူ စိတ်ထဲမှ ဟန်ယုဟိုင်ကို ဆဲလိုက်မိ၏။ ဝေ့ဝူယင်က ထိုအရာကို သတိမထားမိသလို ဂရုစိုက်ခြင်းလည်း မရှိချေ။ တည်ငြိမ်စွာပင် ဆက်ပြောလိုက်၏။

"ဒါကြောင့်ပဲ... ခင်ဗျားက စတင်သူ နေရာကို အစားထိုးဖို့ အတွက် ရှေးဟောင်း မိစ္ဆာ နည်းလမ်း တစ်ခုကနေ ရှာတွေ့ခဲ့တဲ့ ပုံစံခွက်တစ်ခုကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာပေါ့... လတ်ဆတ်ပြီး မပျက်စီးသေးတဲ့ သေမျိုး ခန္ဓာကိုယ် တစ်ခုကို အရင် ပိုင်ဆိုင်အောင် လုပ်ရမယ်... နောက်ပြီး အဲဒီ ခန္ဓာကိုယ်နဲ့ သွေးသားချင်း ဆက်စက်နေတဲ့ လျှို့ဝှက် အာဏာရှင် တစ်ယောက်ကို အသုံးချပြီး သေမျိုးနဲ့ လျှို့ဝှက် သေမျို နဲ့ အင်အား နှစ်ခုကို ပေါင်းစည်းမယ်... အဲဒီ နည်းလမ်းနဲ့ လျှို့ဝှက် လမ်းစဉ်ပေါ် ခြေချဖို့ ရည်ရွယ်ခဲ့တယ်...”

လူတိုင်းက အထင်အမြင် သေးကြသော်လည်း ထိုနည်းလမ်းမှာ အဇူရာ မူလ ကြယ်စင်စုတွင် ဝိညာဉ်သခင် ဖြစ်လိုသည့် လူအများအပြား မှီခို အားထားလေ့ ရှိသည့် နည်းလမ်း တစ်ခု ဖြစ်သည်။ အထွတ်အမြတ် စာကြည့်တိုက်တွင်ပင် ထိုကဲ့သို့ ဖော်ပြထားသည်။

ဝရား...

အန်နုက ဟိန်းလိုက်ရင်း ဟန်ရှဲ့ကို သတ်ဖြတ်လိုသည့် မျက်ဝန်းများနှင့် စောင့်ကြည့် နေခဲ့၏။ ဝေ့ဝူယင် ကြောင့်သာလျှင် သူ စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက် ဆက်လက် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ မဟုတ်ပါက... သူ ထိုဝိညာဉ်ကို နုပ်နုပ်စင်းကာ တစ်ကိုယ်လုံးကို မျိုချပစ်ပြီးသား ဖြစ်ပေလိမ့်မည်။

လင်းရှန်းရှဲ့မှာ နိုးလာသည်မှာ မကြာသေးသော်လည်း ပါးနပ်ပြီး ဉာဏ်ရည် ထက်မြက်သူ တစ်ယောက် ဖြစ်လေရာ ဝေ့ဝူယင်၏ စကားလုံးများမှ တစ်ဆင့် အရာရာကို နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်နှာက ချက်ချင်းပင် ဖြူရော် သွားခဲ့၏။

ဆရာ ဖြစ်သူက သူမနှင့် မိခင် နှစ်ဦးစလုံးကို သူ့ ဝိညာဉ်လမ်းစဉ် အတွက် အသုံးချဖို့ ရည်ရွယ်ထားခဲ့ခြင်းလော။ သူမကို ထိုအတွက် လက်သက် မွေးကာ ပြုစု ပျိုးထောင်ထားသည်လော။

လင်းရှန်းရှန်းမှာလည်း အလားတူပင် တဖြည်းဖြည်း နားလည် လာနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမမှာ မှုန်ဝါးဝါး ပုံရိပ်ကို မည်သူမှန်း အတိအကျ မသိပဲ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ဖြစ်နိုင်ကြောင်း မှန်းဆရုံသာ ရှိသည်။

အခြားတစ်ဖက်၌... ဝေ့ဝူယင်မှာလည်း စဉ်းစား နေခဲ့၏။ ဟန်ရှဲ့ တစ်ယောက် လင်းမင် အပေါ် များစွာ လုပ်ဆောင် ပေးခဲ့သည်ကို ကြည့်လျှင်၊ အထူးသဖြင့် သူ နှစ်ပေါင်းများစွာ ကျင့်ကြံထားသည့် ဆန်းကြယ် မူလအား ပေးလိုက်ခြင်းကို ကြည့်ရလျှင်... လင်းရှန်းရှဲ့ အစား လင်းမင်ကို စတင်သူ အဖြစ် သုံးဖို့ ရည်ရွယ်ခဲ့တာ ရှင်းလင်းပေသည်။

သို့သော်လည်း... လင်းမင်ထံတွင် သွေးမျိုးဆက်ချင်း ဆက်စပ်နေသည့် လျှို့ဝှက် အာဏာရှင် မရှိပါချေ။

“လင်းမင်က သူတို့နဲ့ သွေးမျိုးဆက်ချင်း ဆက်စပ် နေတာလား...”

သူ မေးလိုက်မိ၏။ ‘လင်း’ မျိုးရိုးချင်း တူသော်လည်း လင်းမင်နှင့် လင်းရှန်းရှန်းတို့မှာ မတူညီသည့် ကြယ်ကွင်းပြင်များမှ ဆင်းသက်လာသူများ ဖြစ်လေရာ အဆပ်အစပ် မရှိနိုင်ဟု ဝေ့ဝူယင် ယူဆခဲ့မိသည်။ ယခု စဉ်းစားကြည့်လိုက်တော့ လင်းမင်၏ လင်းကလန်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှ လင်းကလန်တို့မှာ ဇစ်မြစ် တစ်ခုတည်းမှ ဆင်းသက်လာတာမျိုးလည်း ဖြစ်နိုင်သည်။

ဝေ့ဝူယင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာ၏။

"ဒါမှမဟုတ် သူက ခင်ဗျားရဲ့ မျိုးဆက်ထဲကလား"

ထိုသို့ဆိုလျှင်... ဟန်ယုဟိုင်မှာ လင်းရှန်းရှန်း အစား လျှို့ဝှက် အာဏာရှင် အဆင့် အစားထိုး ဖြစ်လာလိမ့်မည် ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင်... လင်းမင်နှင့် ဟန်ယုဟိုင်တို့မှာ မိန်းကလေးများ ဖြစ်ကြသည့် လင်းရှန်းရှဲ့နှင့် လင်းရှန်းရှန်းတို့ထက် အစစ၊ အရာရာ ပိုမို သာလွန် ကောင်းမွန်သည့် အစားထိုးများ ဖြစ်ကြပေသည်။

“မင်း...”

ဟန်ရှဲ့၏ ရီဝေဝေ ပုံရိပ်မှာ ပျံ့နှံ့လုနီးပါး အထိ တုန်ရီ သွားခဲ့၏။ အခြားသူများ၏ မျက်လုံးများတွင်... ထိုတုန့်ပြန်မှုမှာ လျှို့ဝှက် အစီအစဉ်များ ဖော်ထုတ်ခံလိုက်ရခြင်းကြောင့် ခံစားလိုက်ရသည့် ထိုးနှက်ချက် တစ်ခု ဖြစ်သော်လည်း ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများထဲတွင်မူ အဆိုပါ မြေခွေးအိုကြီးမှာ ဝိညာဉ် အင်အားကို စုဆောင်းရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။

သူက တိုက်ခိုက်ရန် စီစဉ်နေသည်။ သို့မဟုတ် ထွက်ပြေးရန် စီစဉ်နေသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ မကြာခဏ ထုတ်ဖော်လေ့ မရှိသည့် မထီမဲ့မြင်ပြုခြင်းနှင့် စက်ဆုပ်ခြင်း အရိပ်အယောင်များဖြင့် တောက်ပသွားခဲ့လေသည်။

သို့သော်လည်း... သူ ဟန်ရှဲ့ကို နားလည်နိုင်သည်။ ကျင့်ကြံခြင်း လောကမှာ အမြဲတမ်းလိုလို ရုန်းကန်ရမှုများ၊ မှောင်မိုက်မှုများနှင့် ပြည့်နှက် နေလေ့ ရှိသည်။ သူသာ ဟန်ရှဲ့ နေရာတွင် ဆိုပါကလည်း ထိုနည်းလမ်းကို ရွေးကောင်း ရွေးခဲ့နိုင်သည်။

ကျင့်ကြံခြင်းက ခက်ခဲသည်။ ဤစကားစုမှာ လောကတွင် တည်ရှိနေသမျှ ကျင့်ကြံသူ အားလုံး အတွက် အမှန်တရားကို ရည်ညွှန်းကာ နေရာတိုင်းတွင် ပဲ့တင်ထပ်နေသည့် မသေနိုင်သော ဂါထာတစ်ပုဒ်လည်း ဖြစ်သည်။

သို့သော်လည်း... သူ ဟန်ရှဲ့ကို စက်ဆုပ်သည်။ ၎င်းမှာ လုပ်ယူ ဖန်တီးထားခြင်း မဟုတ်ဘဲ နှလုံးသားထဲမှ အလိုအလျောက် ထွက်ပေါ်လာသည့် ခံစားချက်မျှသာ ဖြစ်သည်။

ဝေ့ဝူယင် ဟန်ရှဲ့ကို အခွင့်အရေး ပေးလိမ့်မည် မဟုတ်ချေ။ ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်... သူ၏ ငွေရောင် မျက်လုံးများမှာ ဝိညာဉ် အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။

ဝှစ်...

"ဟမ်..."

ဟန်ရှဲ့၏ မထင်မရှား ပုံရိပ်မှာ ချက်ချင်းပင် ရပ်တန့်သွား၏။ ချက်ချင်းပင် သူ၏ ပတ်ပတ်လည်၌ အရွယ်အစား ကြီးမားပြီး ဝိညာဉ် လှုပ်ရှားမှုများဖြင့် လှည့်ပတ်နေသည့် သင်္ကေတ များစွာ ပေါ်လာခဲ့သည်။ လောကနယ်မြေ တစ်ခုလုံးမှာ ထိုသင်္ကေတကြီးများဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။

ထိုလောကနယ်မြေ အတွင်း၌ တစ်ချိန်လုံး ငြိမ်သက် နေခဲ့သည့် အစီအရင် တစ်ခု ရှိနေခဲ့ပေသည်။ ဝေ့ဝူယင်မှာ နှစ်ပေါင်း ရှစ်သောင်းကျော်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၎င်းကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

***

All Chapters