ပြီးဆုံးခြင်း
Vol. 128 Ch. 1783
နှစ်ထပ် လောကနယ်မြေ အတွင်း၌... လူသား သုံးဦးနှင့် သားရဲ နှစ်ကောင်တို့မှာ ရှုပ်ထွေးလှသည့် ခံစားချက် မျိုးစုံဖြင့် တိတ်ဆိတ်နေခဲ့ကြလေသည်။
အန်နုမှာ အလွန်ပင် စိတ်ကျေနပ်နေခဲ့၏။ ဟန်ရှဲ့၏ ဝိညာဉ်ခန္ဓာကို ဆုတ်ဖြဲခြင်း၊ ကိုက်ခဲခြင်း၊ ကုတ်ခြစ်ခြင်းနှင့် ရိုက်ချိုးခြင်းတို့ကို ကြည့်ရှုရသည့် ခံစားချက်မှာ ကာမဂုဏ်ခံစားမှု အထွတ်အထိပ် ရောက်သလိုမျိုး ကောင်းမွန် လှသည်။ ထို့အပြင်... ဟန်ရှဲ့မှာ အလွယ်တကူ သေဦးမည် မဟုတ်ချေ။ အန်နုက သူ၏ အတွင်း လောကထဲတွင် အချိန် ပြောင်းပြန်လှန်ခြင်း အစီအရင်ကို ရေးထွင်းထားခဲ့သည်။
ဟန်ရှဲ့ ဖျက်ဆီးလုနီးပါး ဖြစ်သည့်အခါတိုင်း အတင်းအကျပ် ပြန်လည် အသက်သွင်းခြင်း ခံခဲ့ရသည်။ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့သည့် နာကျင်မှု၊ ဆင်းရဲဒုက္ခနှင့် စိတ်ပျက်အားငယ်မှုများ အားလုံးကို သင့်လျော်စွာ ပြန်လည်ပေးဆပ်ပြီးမှသာ ထိုလူယုတ်မာမှာ သေဆုံးခြင်း၏ ပြီးပြည့်စုံမှုကို ခံစားရမည် ဖြစ်သည်။ ထိုအရာက ရက်ပေါင်းများစွာ ကြာမြင့်နိုင်သလို နှစ်ပေါင်းများစွာလည်း ကြာနိုင်ပေသည်။ သို့သော်လည်း အန်နု ဂရုမစိုက်ချေ။
ဝေ့ဝူယင်ထံတွင် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ အတွက် သီးခြား အစီအစဉ်များ ရှိနေပေသည်။
အခြားတစ်ဖက်၌ ပိုင်လင်ကတော့ အလှပဆုံးသော ကျောက်စိမ်း နန်းတော်ကို ဆိုးသွမ်းသော အကြည့်ဖြင့် အဝေးမှ လေ့လာနေခဲ့၏။ ၎င်းမှာ ခမ်းနား၍ သန့်စင်ကာ မြင်ရသူတိုင်းကို စိတ်ငြိမ်သက်စေသည်။ ကြည့်ရှုရုံဖြင့်ပင် အလွန် စိတ်အပန်းဖြေစေသော မြင်ကွင်းပင် ဖြစ်သည်။
"သွားလေ..."
ဝေ့ဝူယင်က ပြုံးကာ တိုက်တွန်းလိုက်၏။ ပိုင်လင်၏ အတွေးများကို သူ အပြည့်အဝ သိရှိသည်။ ထိုကောင်လေးမှာ စူးစမ်း လေ့လာရသည်ကို အလွန် နှစ်သက်သည်။ ထိုအတွက် ခွင့်ပြုဖို့လည်း ဝေ့ဝူယင်ထံတွင် ပြဿနာ မရှိချေ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာကနှင့် ခြားနားစွာပင် ကြယ်ကွင်းပြင် ၁၈ ခုလုံးမှာ သူ့ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ပြီ ဖြစ်သည်။ ရာစုနှစ်ပေါင်း များစွာတိုင်အောင် လှုပ်ရှားမှုမရှိတော့သည့် ဝင်္ကပါများနှင့် အစီအရင်များ ပင်လျှင် သူ၏ လက်ထဲ၌ ရှိနေသည်။
ဂီး...
ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ရင်း အပေါ်သို့ ပျံတက် သွားခဲ့၏။ သူမက နန်းတော်၏ အကြီးမားဆုံး မျှော်စင်ဆီသို့ ဦးတည်သွားနေကာ ကိုယ်ပိုင် နယ်မြေကို မှတ်သားရန် စီစဉ်နေသည်။
ဝေ့ဝူယင် ညင်သာ နွေးထွေး ပြုံးလိုက်မိ၏။ လက်စားချေမှုနှင့် သွေးကြွေးများ ပြီးဆုံးသွားသည့်နောက်တွင် လောကမှာ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သူ နောက်တစ်ကြိမ် သတိရလိုက်သည်။
နေသွေးနီနီဂိုဏ်းမှာတုန်းက လက်စားချေခဲ့ပြီးသည့် နောက်တွင် သူ၏ ကျင့်ကြံခြင်း နှလုံးသားမှာ ရည်မှန်းချက် တစ်စုံတစ်ရာ မရှိတော့ဘဲ ကြီးမားစွာ ဆုံးရှုံးသွားခဲ့သည်။ ကျင့်ကြံခြင်းနှင့် အနာဂတ်အတွက် ကြိုးပမ်းအားထုတ်လိုမှု၊ နာကျင်မှုနှင့် အတွေးများ အားလုံးမှာ တစ်နည်းနည်းဖြင့် ပျောက်ကွယ်သွားကာ၊ ရည်ရွယ်ချက် တစ်ခုတစ်လေပင် မကျန်ရှိခဲ့တော့ချေ။
အစ်ကိုကြီးနှင့် နောက်ဘဝတွင် ပြန်လည် တွေ့ဆုံဖို့ ဝေ့ဝူယင် စဉ်းစားခဲ့ဖူးသည်။ ထိုအတွေးကပင် သူ့ကို မှောင်မိုက်ပြီး ဆိုးယုတ်သည့် အစွန်းဆီသို့ ပို့ဆောင်ခဲ့သည်။ ဘဝတွင် အရာရာတိုင်း ဝေဝေဝါးဝါး နေခဲ့သည့် အချိန်တစ်ခုပင်။
မေ့မေ့၏ ဝင်ရောက်စွက်ဖက်မှုကြောင့်သာ သူ၏ ကျင့်ကြံလိုစိတ်မှာ ပြန်လည် အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။ ဘဝလမ်းကြောင်းကို နောက်ထပ် အနည်းငယ် ဆက်လက် လျှောက်လှမ်းရန် စိတ်အားတက်ကြွစေခဲ့သည်။
ပြန်လည် တွေးကြည့်လိုက်တော့... ဘဝက အပြောင်းအလဲ အချိုးအကွေ့များ များလွန်းလှသည်။ နေသွေးနီနီဂိုဏ်းတွင် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစည်နေခဲ့သည့် ရည်ရွယ်ချက်မဲ့ ကောင်လေးကို...
“မင်းက တစ်နေ့မှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုကို အပိုင်ရတဲ့လူ ဖြစ်လာလိမ့်မယ်.... မျက်တောင် တစ်ခပ်စာ အတွင်းမှာ မိုင်ပေါင်း သန်းနဲ့ချီ ခရီးသွားနိုင်ပြီးတော့ လက်တစ်ဖက် လှုပ်ရှားလိုက်ရုံနဲ့ ဂြိုဟ်တွေကို ဖျက်ဆီးနိုင်လိမ့်မယ်..."
ဟု ပြောဆိုပါက သူက အူလှိုက်သည်းလှိုက် ရယ်မောလိမ့်မည် ဖြစ်သည်။ ရယ်ရလွန်းကာ မောပန်း၍ သူ အိပ်မောပင် ကျသွားနိုင်သည်။
သို့သော် ယခု ဤနေရာ၌ သူ ရှိနေခဲ့သည်။ ထိုအတွေးက ဝေ့ဝူယင်ကို မှတ်ဉာဏ်များ၏ ပင်လယ်ထဲ အတွင်း လွင့်မျောသွားစေခဲ့သည်။
နေသွေးနီနီဂိုဏ်းသို့ သွားရောက်ခဲ့သည့် ခရီးလမ်းက မည်မျှ ကြမ်းတမ်းခဲ့သည်ကို ဝေ့ဝူယင် မှတ်မိနေဆဲ ဖြစ်သည်။ ခြေထောက်တွင် ဖိနိပ်မပါ။ သူ၏ နာမည်ဖြင့် မိသားစု မရှိ။ ပြန်သွားစရာ အိမ်လည်း မရှိ။ နှလုံးသား တစ်ခုလုံး မျှော်လင့်ချက် ကင်းမဲ့ကာ ဗလာဟင်းလင်း ဖြစ်နေခဲ့သည့် ခံစားချက်မျိုးပင်။
သို့သော်လည်း တဖြည်းဖြည်း ထိုအရာများက ပြောင်းလဲ သွားခဲ့သည်။ သူ့ထံတွင် တုလင် ရှိလာခဲ့သည်။ ဝေ့စီ ရှိလာခဲ့သည်။ မေ့မေ့ ရှိလာခဲ့သည်။ စုမေ့ ရှိလာခဲ့သည်။
ကျင့်ကြံခြင်း လမ်းကြောင်းကို သူ ဆက်လက် လျှောက်လှမ်းခဲ့သည်။ ဖိနပ်အသစ်များ ဝယ်ခဲ့သည်။ မိသားစုကို ရှာဖွေတွေ့ရှိခဲ့သည်။ အိမ်တစ်ခု ဖန်တီးခဲ့သည်။ မျှော်လင့်ချက်ကို မီးမွှေးခဲ့သည်။
လုံချန်၏ လက်ချက်ဖြင့် ဦးခေါင်းပြတ်ထွက်သွားသည့် ပုံရိပ်ယောင် မြင်ကွင်းကို မြင်တွေ့လိုက်ရသော အခိုက်၌ ဝေ့ဝူယင်မှာ သူ့ စိတ်ထဲမှ အတွေးများကို အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။ သူ ခက်ခက်ခဲခဲ ရရှိထားသမျှ အရာအားလုံးကို သူ မသိခဲ့သည့် အကြောင်းရင်းများကြောင့် သူ လုံးဝ မသိရှိခဲ့ဖူးသော လူငယ်တစ်ဦးက ရက်ရက်စက်စက် သိမ်းယူသွားခဲ့သည်။
သူ၏ အစီအစဉ်များ၊ ကျင့်ကြံခြင်းအတွက် အပတ်တကုပ် ကြိုးပမ်းမှုများနှင့် သူ၏ ဉာဏ်ရည်ဉာဏ်သွေးများ အားလုံးမှာ ထိုအခိုက်အတန့် တစ်ခုတည်းဆီသို့ ဦးတည်ခဲ့သည်။ ထိုခံစားချက်က စိတ်ကို နာကျင်စေသည်။ ဝိညာဉ်ကို ဆွဲဖဲ့နေသည်။ နှလုံးသားကို ကြေမွစေသည်။
"..."
ဝေ့ဝူယင်၏ နှလုံးသားမှာ အတိတ်အပေါ် လွမ်းဆွတ်မှုများနှင့် ထုံမွှမ်း နေခဲ့၏။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ သူ လူငယ်ဘဝက လွှမ်းမိုးမှု ကြီးကြီးမားမား ရှိခဲ့ဖူးသည့် စံပြပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်။ သူ စိတ်ကူးယဉ်ခဲ့ရသည့် ရည်မှန်းချက် တစ်ခု ဖြစ်သည်။ သူ ကိုးကွယ်ခဲ့သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။
သို့သော်လည်း ယနေ့တွင်တော့ ဆန်းကြယ် ဧကရာဇ်မှာ သူ၏ လက်ဖြင့်ပင် အဆုံးသတ်ခဲ့ရပြီ ဖြစ်သည်။ ထိုနေ့ရက်များကို ပြန်လည် အမှတ်ရရန်မှာ ခက်ခဲသည်။ ဟောင်းနွမ်းပြီး မြှုပ်နှံထားသော စိတ်ခံစားမှုများကို တစ်ဖန် ပြန်လည် ခံစားရရန် ခက်ခဲသည်။
"အရှင်ဝေ့..."
ရုတ်တရက် ဝါဂွမ်းကဲ့သို့ နူးညံ့သော အသံတစ်ခုမှာ ဝေ့ဝူယင်၏ နားထဲသို့ တိုးဝင်လာကာ နှလုံးသားကို တစ်ဖန် ပြန်လည် လှုပ်ရှားစေခဲ့သည်။
ဆန်းကြယ် ဧကရာဇ်၏ ဝမ်းနည်းဖွယ် အဆုံးသတ်ကြောင့် အတိတ်ကို ပြန်လည် သတိရခဲ့သော်လည်း၊ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ နာမည်ခံ ဂိုဏ်းချုပ် တစ်ဖြစ်လည်း သူ၏ ပထမဆုံး တရားဝင် အစေခံ ဖြစ်သူ လင်းရှန်းရှန်း၏ နူးညံ့သော ခေါ်သံက သူ၏ ပစ္စုပ္ပန်ကိုလည်း အလားတူ သတိရခဲ့သည်။
သူက သွေးစွန်းသော ခြေဖဝါးများဖြင့် မြေကြီးလမ်းကို နင်းလျှောက်နေသည့် ကလေးငယ် တစ်ဦး မဟုတ်တော့ချေ။ ပြင်းထန်လွန်းလှသည့် ရေဓာတ်ခန်းခြောက်မှုများနှင့် အတူ ဆာလောင်လွန်း၍ သစ်ခေါက်များ စားနေရသည့် ဖိနပ်မပါသော ကလေးငယ် မဟုတ်တော့ချေ။
လှည့်ကြည့်လိုက်သောအခိုက်၌ တောက်ပလှသော ရွှေရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် လင်းရှန်းရှန်းနှင့် မိခင်ဖြစ်သူထက် အနည်းငယ် သာလွန်ကာ နှစ်လိုဖွယ် အလှတရားကို ပိုင်ဆိုင်ထားသော လင်းရှန်းရှဲ့တို့ နှစ်ဦးကို တွေ့မြင်လိုက်ရသည်။
ကျန်းကျိရီမှာ မျက်မှောင်ကြုတ် နေခဲ့၏။ သူမ၏ မျက်လုံးများထဲတွင်တော့ လင်းရှန်းရှန်းနှင့် ဆက်သွယ်ထားသည့် ဝိညာဉ် ထုတ်လွှင့်မှု တစ်ချို့ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ သူမက လင်းရှန်းရှန်းကို ပေါ့ဆမှု အတွက် ဆူပူ နေခြင်း ဖြစ်သည်။
သို့သော်လည်း... လင်းရှန်းရှန်းကတော့ အင်အားနှင့် စွမ်းအား ကြီးမားစွာ ကွာခြားသော်လည်း ထိုမြေကြီးရှန့်ထိုကို ဂရုမစိုက်ပုံရသည်။
ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ ကျောထောက်နောက်ခံ တစ်ဦးရှိသည့်အခါ ယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ... ပြုမူပုံက ရယ်စရာ ကောင်းသည်။
သို့သော်လည်း သူ၏ ဘဝတွင်တော့ အောင်မြင်မှုနှင့် ဂုဏ်သတင်း အားလုံးမှာ ကိုယ်ပိုင် ကြိုးစားမှုများမှ တိုက်ရိုက် ရရှိလာခဲ့ခြင်း ဖြစ်သည်။ သူ့ထံတွင် အင်အားကြီး ပုဂ္ဂိုလ် တစ်ဦး၏ ကျောထောက် နောက်ခံ မရှိသလို ကာကွယ်ပေးမည့်သူလည်း မရှိပါချေ။
သို့သော်လည်း... အာရုဏ်ဦး ဧကရာဇ်၏ အစေခံမှာ ကျန်းကျိရီထက် သိသိသာသာ ပိုမိုမြင့်မားသော အဆင့်အတန်းမျိုး ရှိကြောင်းကိုတော့ သူ ဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် ယခုလို နေ့မျိုးတွင်ပင်။ စုနန်ကျူးတို့ ကဲ့သို့သော ပုဂ္ဂိုလ်များမှာ ကျန်းကျိရီက သူတို့အား မလေးမစား လာလုပ်ပါက အနည်းငယ်မျှ မတွန့်ဆုတ်ဘဲ သေသည်အထိ ရိုက်နှက်မည် ဖြစ်သော်လည်း၊ လင်းရှန်းရှန်း ဆိုလျှင်တော့ ဝေ့ဝူယင်၏ မျက်နှာကို ထောက်ထားကာ ခွင့်လွှတ်ပေလိမ့်မည်။ သို့သော်လည်း ထိုအရာက သူတို့၏ အနိမ့်ဆုံး စည်းမျဉ်းများကို မထိခိုက်သရွေ့ ဖြစ်သည်။ ထပ်လောင်းပြောရလျှင်... သူတို့မှာ သေချာ မစဉ်းစားပဲ သူမ၏ အသက်ကို သတ်ရဲကြလိမ့်မည် မဟုတ်ချေ။
ဤကဲ့သို့သော အကြောင်းရင်းများကြောင့်ပင် နာ့ရှင်းရီမှာ အကာအကွယ် မပါသည့် ကျင့်ကြံခြင်း လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူမက ကိုယ်ပိုင် စွမ်းဆောင်ချက်များ၊ အောင်မြင်မှုများနှင့် အတူ ဝေ့ဝူယင်၏ နာမည်ကို အမှီသဟဲ မပြုပဲ ကိုယ်ပိုင် ဂုဏ်သတင်းကို တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း... ရွှယ်ရီဖေးကတော့ ဝေ့ဝူယင်၏ နံဘေးတွင် ရပ်တည်ကာ ယောက်ျားဖြစ်သူ၏ ဂုဏ်သတင်းနှင့် အလားအလာကို အမြင့်ဆုံးထိ မြှင့်တင်ပေးဖို့ ဖေးမကူညီခဲ့သည်။ မိမိ ပတ်ဝန်းကျင်ရှိ လူများကိုပါ မြှင့်တင်ပေးဖို့ ကြိုးပမ်းခဲ့သည်။
သူတို့ နှစ်ယောက်မှာ ကွဲပြား ခြားနားသော လမ်းကြောင်းနှစ်ခုကို ရွေးချယ်ခဲ့သော်လည်း ဝေ့ဝူယင်၏ မျက်လုံးများထဲတွင်တော့ နှစ်မျိုးစလုံး ချီးကျူးထိုက်ပေသည်။
***