ရှာတွေ့ပြီ
Vol. 1 Ch. 260
"ချူး"
ရှားနိုင်ငံ မြောက်ဘက်တွင် ငါးရောင်စုံ ငှက်ကြီးသည် ရှားနိုင်ငံထံ ကြောက်စရာ အမြန်နှုန်းဖြင့် ပျံသန်း လာခဲ့သည်။ ငှက်ကြီး၏ ကျောထက်တွင် လူခြောက်ယောက် စီးနင်းလိုက်ပါ လာခဲ့သည်။ ငှက်၏ ရှေ့ဘက်တွင် လိုက်ပါလာသူမှာ ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော ကျောင်းအုပ်ချီ ဖြစ်ပြီး သူမ၏ ဘေးဘက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းရီ ဖြစ်လေသည်။
"ဒုကျောင်းအုပ်ချီ ... ခင်ဗျားရဲ့ ငှက်ကြီးက တတိယအဆင့် အမြင့်ပိုင်း နတ်ဆိုး သားရဲမလား ... အရမ်း မြန်နေတယ်"
ကျန်းရီသည် ကျော်ဖြတ်လာသော တောင်တန်းများကို ငုံ့ကြည့်ရင်း ပင့်သက် ရှိုက်လိုက်မိသည်။ လေတိုးမှုကြောင့် သူ့မျက်လုံးများပင် သေချာ မဖွင့်နိုင်ပေ။ ငါးရောင်စုံ ငှက်ကြီးသည် ငွေလ ဝံပုလွေကြီးထက် အနည်းငယ်သာ နှေးလေသည်။ သို့သော် ကောင်းကင်ထက်တွင် ပျံသန်းရသည်မှာ အတားအဆီး မရှိသောကြောင့် ငွေလ ဝံပုလွေထက် ပိုမို ခရီးတွင်လေသည်။
"ဟမ့်"
ကျောင်းအုပ်ချီသည် ကျန်းရီ၏ 'ဒုကျောင်းအုပ်'ဟူသော အသုံးအနှုန်းကို ကြားသောအခါ မျက်နှာ မည်းသွားခဲ့သည်။ သူမသည် ဂုဏ်ဆာနေသော လေသံနှင့် ပြန်ဖြေလာခဲ့သည်။
"ဒါပေါ့ ... ငါ့ရဲ့ ငါးရောင်စုံဥဒေါင်းက တတိယအဆင့် အမြင့်ပိုင်း နတ်ဆိုး သားရဲလေ၊ ဒီလောက် မြန်တာက ပုံမှန်ပဲ ... တတိယအဆင့် နတ်ဆိုး သားရဲတွေထဲမှာ သူ့ထက်မြန်တာ ဆိုလို့ လက်တစ်ဖက်စာ လောက်ပဲ ရှိတယ်"
ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ မျှော်ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော်တို့ ဘယ်ကိုအရင် သွားရှာကြမှာလဲ"
"ငါတို့ ရှားယွိမြို့ အနားကို အရင် သွားကြတာပေါ့၊ အခုလောက်ဆို နတ်ဆိုးသားရဲ စစ်တပ်က ရှားဖုန်းမြို့မှာ ရှာနေလောက်ပြီ၊ ဟူး ... ငါထင်တာ မမှားရင် ရှားဖုန်းမြို့က ကပ်ဘေးဆိုက် နေလောက်ပြီ"
ကျောင်းအုပ်ချီသည် သက်ပြင်းရှည် တစ်ချက်ချ၍ ငါးရောင်စုံ ဥဒေါင်းငှက်ကို ပိုမြန်သွားစေရန် ထိန်းချုပ်လိုက်သည်။ ကျန်းရီ၏ မျက်လုံးများထဲတွင် စိုးရိမ်ငွေ့များ ယှက်သန်း နေခဲ့သည်။ ကြင်ယာတော် အစောင့်အကြပ်စစ်တပ် ထွက်ခွာ လာပြီလား ဟူသည်ကို သူမသိပေ။ ထွက်ခွာလာပါက နတ်ဆိုးသားရဲ စစ်တပ်နှင့် ကြုံတွေ့၍ ရှားဝူဟွေနှင့် စုလောရွှယ် သေဆုံး သွားနိုင်လေသည်။
တစ်နာရီခန့် ကြာသော် ...
"ရွှစ်"
ကျောင်းအုပ်ချီ၏ ဝတ်ရုံထဲမှ ကျောက်စိမ်း တံဆိပ်ပြားသည် လင်းလက် လာခဲ့သည်။ သူမသည် ထုတ်ကြည့် လိုက်ပြီးနောက် မျက်နှာ အကြီးအကျယ် ပျက်သွားကာ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
"စုဖျင်ဖျင်း သေပြီ ... ရှားဖုန်းမြို့မှာရှိတဲ့ စစ်သည်တွေ၊ ပြည်သူ ပြည်သားတွေလည်း တိုက်ပွဲထဲမှာ သေသွားကြပြီ"
ကျန်ဒုကျောင်းအုပ် များသည်လည်း မျက်နှာများ ပျက်ကုန်ကြသည်။ စုဖျင်ဖျင်းသည် အတော်ဆုံး သိုင်းသမား ဆယ်ယောက်တွင် မပါဝင်သော်လည်း ရှားနိုင်ငံအား နှစ်ပေါင်း နှစ်ရာကျော် စောင့်ရှောက်ခဲ့သော အစောင့်အရှောက် အဖြစ် ထင်ရှား ကျော်ကြားသည်။ စုဖျင်ဖျင်းသည် နှစ်ထောင်ပေါင်း များစွာအတွင်းတွင် လူတစ်သန်းခန့်နှင့် အတူ သေဆုံးခဲ့သော ပထမဆုံး ဗာဂျရာအဆင့် သိုင်းပညာရှင် ဖြစ်လေသည်။ သူတို့ မတုန်လှုပ်ပဲ နေနိုင်ကြ ပါမည်လော။
"အယ် ... နတ်ဆိုးသားရဲ စစ်တပ်က ရှားယွိမြို့ကို အရင် မသွားဘူးလား၊ သူတို့ အနောက်ဘက်ကို သွားနေကြတာ"
ကျောင်းအုပ်ချီသည် အဆင့်မြင့် သတင်းပေး ကိရိယာဖြစ်သော ကျောက်စိမ်း တံဆိပ်ပြားကို တစ်ဖန်ငုံ့ကြည့် လိုက်ပြန်သည်။ သတင်းကို မည်သူပို့မှန်း မသိရသော်လည်း သူမ၏ မျက်လုံးများ ထပ်မံ ကျဉ်းမြောင်းသွားကာ နောက်တစ်ကြိမ် အော်ပြော လာခဲ့သည်။
"ငါးရောင်စုံ ဥဒေါင်းငှက် ... အနောက်ဘက်ကိုလှည့်၊ နတ်ဆိုးသားရဲ စစ်တပ်က သူတို့ရဲ့ ဦးတည်ရာကို ပြောင်းလိုက်မှတော့ နတ်ဆိုးဧကရီက မြေခွေးလေးရှိတဲ့ နေရာကို အကြမ်းဖျင်း အာရုံခံမိလို့ ဖြစ်ရမယ် ... အနောက်ဘက် အရပ်မှာ ရှိနေတာ ဖြစ်နိုင်တယ်"
"ရှားယွိမြို့ မကျတော့ဘူးလား"
ကျန်းရီ စိတ်သက်သာရာ ရသွားခဲ့သည်။ စုလောရွှယ်နှင့် ကျန်လူများ မထွက်ခွာ ရသေးလျှင် သော်လည်းကောင်း၊ သတင်းများ ရခဲ့၍ ရှားယွိမြို့သို့ ပြန်သွားခဲ့လျှင် သော်လည်းကောင်း သူတို့ ဘေးကင်းလေသည်။
"အနောက်ဘက် ... အဲဒီဘက်မှာ ကျင်းရှန်နိုင်ငံ ရှိတာမဟုတ်လား၊ နတ်ဆိုးသားရဲ စစ်တပ်က ရှားနိုင်ငံရဲ့ နေရာ အတော်များများကို ဖျက်ဆီးသွားပြီး အခု ကျင်းရှန် နိုင်ငံဘက်ကို လှည့်သွားပြန်ပြီ ... မိုးပြာနဂါး အင်ပါယာက တကယ်ပဲ မြေခွေးလေးကို ပြန်ပေးဆွဲပြီး နတ်ဆိုးသားရဲ စစ်တပ်ရဲ့ အင်အားနဲ့ နိုင်ငံခြောက်ခုက စစ်တပ်တွေ အကုန်လုံးကို ချေမှုန်းပစ်ချင် နေတာလား"
ကျန်းရီသည် ဒေါသ ထွက်နေသော မျက်လုံးအစုံနှင့် ရေရွတ်လိုက်သည်။ နောက်ကွယ်တွင် မည်သူဖြစ်စေ ထိုသူသည် နယ်မြေ တစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လေသည်။ ထိုကိစ္စသည် လူသားအချင်းချင်း သွေးကွဲသော တိုက်ပွဲဆိုလျှင် အဆင်ပြေ သေးသော်လည်း နတ်ဆိုးသားရဲ စစ်တပ်၏ အင်အားကို အသုံးချကာ အပြစ်မဲ့သော အသက်များစွာကို ဆုံးရှုံးစေသည့် ယုတ်ညံ့လွန်းသော ကြံစည်မှု ဖြစ်နေလေသည်။
ကျန်းရီ၏ စိတ်ထဲတွင် ဒေါသတို့က ထိုးတက်လာပြီး မြေခွေးလေးကို ရှာဖွေရန် ကျင်းရှန်နိုင်ငံဆီ အမြန်ရောက် သွားဖို့ရာသာ ဆုတောင်းမိသည်။ အချိန်တစ်ရက် ပိုကြာသည်နှင့် အသက်များစွာ ဆုံးရှုံးနေမည် ဖြစ်သည်။
ငါးရောင်စုံ ဥဒေါင်းငှက်သည် ရောင်စဉ်တန်း တစ်ခုနှင့်အတူ ကျင်းရှန်နိုင်ငံဆီ ပျံသန်း နေခဲ့သည်။ ကျန်းရီသည် ဆေးပုလင်းကို ထုတ်ယူ၍ ဆေးတစ်လုံးကို စားလိုက်သည်။ ထို့နောက် အနံ့ခံအာရုံ ပိုမို တိုးတက်စေရန် အနက်ရောင် အတွင်းအားကိုပါ အသုံးပြု၍ လမ်းတစ်လျှောက်တွင် မြေခွေးလေး၏ အနံ့ကို အာရုံခံနိုင်ရန် ကြိုးစား နေလိုက်သည်။
***
စုဖျင်ဖျင်း၏ သေဆုံးမှု၊ ရှားဖုန်းမြို့တွင် အသက် သန်းပေါင်းများစွာ ပျက်စီး သွားမှုနှင့် နတ်ဆိုးသားရဲ စစ်တပ်သည် ကျင်းရှန်နိုင်ငံဘက် လှည့်သွားခြင်း စသည်တို့သည် ကြီးမားစွာသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေလေသည်။
ဤတစ်ကြိမ်သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော် အတွင်း ပထမဆုံး ဗာဂျရာအဆင့် သိုင်းပညာရှင် အသတ်ခံရခြင်း ဖြစ်ပြီး ထိုသူမှာ နတ်ဆိုးဧကရီ၏ လက်တစ်ချောင်းတည်းဖြင့် အသတ်ခံ လိုက်ရခြင်း ဖြစ်လေသည်။ နတ်ဆိုးဧကရီ၏ စွမ်းအားသည် နယ်မြေ တစ်ခုလုံးအား ဖိန့်ဖိန့်တုန် သွားစေလေသည်။ နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက် မပေါ်ထွက်လာလျှင် မည်သူမှ ဝင်ပါရဲကြမည် မဟုတ်ပေ။
ရှားနိုင်ငံသည် ကပ်ဘေးမှ ပွတ်ကာသီကာ ရှင်သန် သွားနိုင်သော်လည်း ပျော်ရွှင်မှုများ ဆိတ်သုဉ်း နေခဲ့သည်။ စစ်ပွဲအတွင်းတွင် စုဖျင်ဖျင်း သေဆုံး သွားခဲ့ပြီး နိုင်ငံ၏ အတော်ဆုံးသော စစ်တပ်မှာလည်း ဖျက်ဆီးခံ လိုက်ရသည်။ ရှားနိုင်ငံ၏ စစ်တပ် အင်အားသည် နိုင်ငံ ခြောက်ခုတွင် အားအနည်းဆုံး ဖြစ်သည်၊ ယခုအခါ ပို၍ပင် အဆပေါင်းများစွာ အားနည်း သွားခဲ့လေပြီ။ နိုင်ငံ တစ်ခုခုမှ စစ်တပ် အကူအညီ မပေးလျှင် ရှားနိုင်ငံ ပြန်လည် ဦးမော့လာရန် ခက်ခဲသွားပြီ ဖြစ်သည်။
ရှားနိုင်ငံတွင် ဗာဂျရာအဆင့် အစောင့်အရှောက် မရှိတော့ပြီဖြစ်ရာ အဝတ်ဗလာ ဖြစ်နေသည့် မိန်းမပျိုလေး ပမာ အခြား နိုင်ငံများမှ အနိုင်ကျင့် အရှက်ခွဲသည်ကို ငြိမ်ခံနေရ တော့ပေမည်။ ထို့ပြင် နတ်ဆိုးသားရဲ စစ်တပ်သည် ကျင်းရှန်နိုင်ငံဘက် လှည့်သွားပြီ ဖြစ်သော်လည်း ရုတ်တရက် နောက်ပြန် လှည့်လာလျှင် မည်သို့ လုပ်မည်နည်း၊ ရှားနိုင်ငံ၏ မြောက်ဘက်တွင် တောင်စဉ်သုံးထောင် ရှိသည်မှာ လူတိုင်း သိကြသောအချက် ဖြစ်လေသည်။
မိုးပြာနဂါး အင်ပါယာသည် အရေးမပါသော စကားများ တစ်ပုံတစ်ပင်နှင့် အတူ နတ်ဆိုးသားရဲ စစ်တပ်ကို တွန်းလှန် တိုက်ကြရန် နယ်မြေမှ စစ်သည်များ အားလုံးကို တိုက်တွန်းထားပြီး ဆုလာဘ်များစွာ ချီးမြှင့်မည့် အကြောင်း ကြေညာချက် ထုတ်လိုက်ပြန်သည်။ သို့သော် အင်ပါယာမှ စစ်သည် စေလွှတ်မည့် အရိပ်အယောင် လုံးဝမရှိပေ။
နောက်ဆုံးတွင်တော့ အားတက်စရာ သတင်းများ ရောက်ရှိ လာခဲ့သည်။ ကြယ်တံခွန်ကျွန်း ရွှေယွဲ့လျန် မျှော်စင်သခင်မ ရွှေယို့လန်၊ ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီး၊ မိုးပြာနဂါး သင်တန်းကျောင်း၊ ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းနှင့် ဝိညာဉ်သားရဲ သင်တန်းကျောင်းတို့မှ ကျောင်းအုပ်များ ... စသည့် လူလေးစားခံ ပုဂ္ဂိုလ်ငါးဦးတို့သည် နတ်ဆိုးဧကရီအား သတိပေးစာ ထုတ်ပြန်လိုက်သည်။ စာတွင် ပါရှိသည်တို့မှာ လူသားတို့က နတ်ဆိုးဧကရီ၏ သမီးအား ပြန်ပေးဆွဲသည် ဟူသော အချက်ကို သူတို့ဒေါသ ထွက်ရကြောင်း၊ မြေခွေးလေးကို ရှာဖွေရန် လူများစွာ စေလွှတ်ထားပြီး ဖြစ်ကြောင်း၊ ဤဖြစ်ရပ်၏ နောက်ကွယ်မှ ကြိုးကိုင်သူကို တွေ့လျှင် နတ်ဆိုးဧကရီထံ လွှဲပေးမည် ဖြစ်ကြောင်း စသည်တို့ ဖြစ်လေသည်။ သူတို့သည် တင်းမာသော စကား အသုံးအနှုန်းတို့ဖြင့် နတ်ဆိုးဧကရီအား နတ်ဆိုးသားရဲ စစ်တပ်ကို ပြန်ရုပ်သိမ်းရန်နှင့် အပြစ်မဲ့သူများကို မသတ်ရန် သတိပေး ထားလေသည်။ သို့မဟုတ်ပါက နတ်ဆိုးသားရဲ စစ်တပ်ကြီးကို ဖိနှိပ်ရန် သူတို့ကိုယ်တိုင် ဝင်ပါမည်ဖြစ်ကြောင်း ပြောကြား ထားခဲ့သည်။
သတိပေးစာ အကြောင်းသည် နယ်မြေ တစ်ခွင်လုံးသို့ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့သည်။ ကျင်းရှန်နိုင်ငံမှ အထူး သံတံမန်သည် မိုးပျံနတ်ဆိုး သားရဲတစ်ကောင်ကို စီး၍ နတ်ဆိုးဧကရီထံ စာလွှာအား ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့သည်။ နတ်ဆိုး ဧကရီသည် သံတမန်ကို မသတ် လိုက်သော်လည်း တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။
"ပြည်သူတွေကို မသတ်ဖို့ သဘောတူတယ်၊ ဒါပေမဲ့ ငါ့သမီးကို ပြန်မတွေ့မချင်း စစ်တပ်ကို ပြန်မရုပ်နိုင်ဘူး ... ငါ့သမီးလေးသာ အန္တရာယ် တစ်ခုခုကြုံခဲ့ရရင် ဒီနယ်မြေ တစ်ခုလုံးကို သွေးနဲ့ ဆေးပစ်မယ်"
နတ်ဆိုးသားရဲ စစ်တပ်သည် ဆက်လက် ချီတက်ကြပြီး နဂါးတစ်သောင်း တောင်ကြားမှ တစ်ဆင့် ကျင်းရှန်နိုင်ငံ နယ်နိမိတ်အတွင်း ဝင်ရောက် သွားကြသည်။ ၎င်းတို့အတွက် ကျင်းရှန်နိုင်ငံ၏ နယ်စပ် ခံတပ်တို့ကို ဖြတ်သန်းရန် နှစ်နာရီသာ ကြာမြင့်ခဲ့သည်။ ဤတစ်ကြိမ်တွင် နတ်ဆိုးဧကရီသည် မည်သို့မှ မလှုပ်ရှားဘဲ နတ်ဆိုးဘုရင် တစ်ကောင်ကသာ ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ်ကို တစ်စစီ ဆွဲဖြဲခဲ့သည်။
ကျင်းရှန်နိုင်ငံမှ စစ်တပ်သည် အရှုံးနှင့် ဆုတ်ခွာခဲ့ရပြီး နတ်ဆိုး သားရဲများသည် မြို့များကို သိမ်းပိုက်ကြသည်။ နတ်ဆိုး ဧကရီသည် အညံ့ခံသူများကို မသတ်ရန် အမိန့်ထုတ် ထားသော်လည်း နတ်ဆိုး သားရဲများ ဖြတ်သန်းသွားသော မြို့များကိုမူ မြေပေါ်တွင် နင်းခြေခဲ့ကြသည်။
"မြန်မြန်လေး ... မြန်မြန်လေး"
ကျောင်းအုပ်ချီ၊ ကျန်းရီနှင့် ကျန်လူများသည် နတ်ဆိုးသားရဲ စစ်တပ်ကို ရှောင်ကွင်း၍ ကျင်းရှန်နိုင်ငံ၏ အတွင်းဘက် နယ်မြေထဲ တိုက်ရိုက်ပျံသန်း သွားလိုက်ကြသည်။ သူတို့သည် ငါးရောင်စုံ ဥဒေါင်းငှက်အား ခပ်နိမ့်နိမ့် ပျံသန်းစေရင်း မြေခွေးလေး၏ တည်နေရာကို အဆတ်မပြတ် စူးစမ်း လာကြသည်။
ဤရက်ပိုင်း အတွင်း သူတို့လူစုသည် နေ့မနား၊ ညမနား ရှာဖွေနေကြသည်။ အထူးသဖြင့် သုံးရက်လုံးလုံး အနားမယူ ရသေးသော ကျန်းရီသည် မျက်လုံးများ ရဲရဲနီ နေခဲ့လေပြီ။ ဤသို့သော အခြေအနေနှင့် ကျန်းရီ မည်သို့ အိပ်နိုင်မည်နည်း။ သူသည် ဆေးနှင့် အနက်ရောင် အတွင်းအားကို အဆက်မပြတ် သုံးရင်း လေထဲမှ မြေခွေးလေး၏ ရနံ့ကို စက္ကန့်မလပ် သေသေချာချာ စစ်ဆေး နေခဲ့သည်။
ကျင်းရှန်နိုင်ငံကို ဝင်ရောက်ပြီး ဒုတိယမြောက် ညတွင် ကျန်းရီသည် ရင်းနှီးနေသော အနံ့အသက် တစ်စကို ရလိုက်၍ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။ ထိုရနံ့သည် အခြားတစ်ခု မရှိနိုင်၍ တစ်ချက်လေးမျှသာ ရလိုက်ခြင်း ဖြစ်သော်လည်း ကျန်းရီ၏ စိတ်သည် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။ သူသည် အလောတကြီး အော်ဟစ်လိုက်သည်။
"မြောက်ဘက်ကိုသွား ... မြန်မြန်လေး၊ ကျွန်တော် အနံ့ရလိုက်တယ် ... မြေခွေးလေးရဲ့ အနံ့ဖြစ်နိုင်တယ်"
"လိုက်ကြ"
ကျောင်းအုပ်ချီနှင့် ကျန်လူများသည် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး မျက်လုံးများ ဖျတ်ခနဲ ဖွင့်လာကာ ကိုယ်မှ လူသတ်ငွေ့များ ထွက်ပေါ် လာကြသည်။
***