အသူရာ နတ်ဆိုးသခင်
Vol. 128 Ch. 1787
“ငါတို့ကို လွှတ်ပေးစမ်း... လူယုတ်မာတွေ... လူသား ခွေးသားတွေ...”
ကြမ်းတမ်း ခက်ထန်သည့် အော်ဟစ်သံများမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ အဆုပ်ထဲမှ နေ၍ အရှိန်အဟုန်နှင့် ထွက်ပေါ်လာနေခဲ့၏။ သို့သော်လည်း... ပေအနည်းငယ်ခန့် အကွာအဝေးကို ရောက်ရှိပြီးသည်နှင့် ထိုအော်ဟစ်သံများမှာ မမြင်နိုင်သည့် တံတိုင်း တစ်ခု၏ တားဆီးခြင်း ခံရသည့် အလား ရပ်တန့် သွားခဲ့ရလေသည်။
ထိုအသံများ၏ ဇစ်မြစ်ကို လိုက်ရပါက လျှို့ဝှက်စွမ်းအင်ဖြင့် ဖန်တီးထားသည့် တိုင်များကို မြင်တွေ့ရလိမ့်မည် ဖြစ်ကာ ဆယ်ဂဏန်းခန့် ရှိမည့် ပုံရိပ်များမှာ ၎င်းတို့နှင့် တွဲလျက် ချည်နှောင် ခံထားရသည်။ ကျင့်ကြံခြင်း အခြေခံများ ချိပ်ပိတ်ခံထားရသည့်တိုင် သူတို့မှာ ထူးခြား အားကောင်းသည့် ခန္ဓာကိုယ်များကို သုံးကာ လွတ်မြောက်ဖို့ ကြိုးပမ်းရင်း သံကြိုးများနှင့် ခြေချင်းများကို တချွင်ချွင် လှုပ်ခါနေကြသည်။
"ရှင် ဘာလုပ်နေတယ် ဆိုတာ နားလည်ရဲ့လား..."
မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိလှသည့် မိန်းမပျိုတစ်ဦး၏ အသံက ကျန်သူများနှင့်အတူ ထွက်ပေါ် လာနေခဲ့သည်။
သူတို့ အားလုံးမှာ အထက် ကောင်းကင်တွင် ပျံဝဲလျှက် ထိုင်နေသည့် ပုံရိပ်အား ပစ်မှတ်ထားကာ အော်ဟစ် နေကြခြင်း ဖြစ်သည်။ ထိုသူမှာ ရှုယု တစ်ဖြစ်လည်း ကျန်းယုမှ တစ်ပါး အခြား မည်သူ ဖြစ်နိုင်ပါမည်နည်း။
ကျန့်ယုမှာ အော်ဟစ်သံများကို စိတ်မဝင်စားဟန်ဖြင့် နားရွက်ကို ကုပ်ရင်း ရယ်မော နေခဲ့၏။ သို့သော်လည်း တကယ်တမ်းတွင်တော့ ထိုစစ်ဝိညာဉ်မှာ ရန်သူများ၏ ရည်ရွယ်ချက်နှင့် ကိုယ်ရေးကိုယ်တာတို့ကို အကဲခတ်ရန် အတွက် စကားလုံးများနှင့် ခြိမ်းခြောက်မှုများအားလုံးကို လျှို့ဝှက်စွာ မှတ်တမ်းတင်နေခြင်း ဖြစ်သည်။
ချုပ်နှောင်ထားသည်မှာ နာရီပေါင်းများစွာ ကြာပြီဖြစ်သော်လည်း သူတို့က ဆက်လက်၍ အော်ဟစ်နေကြဆဲ ဖြစ်သည်။
အချို့က ခြေလက်များကို ဖောက်ထုတ်ရင်း သံကြိုးများနှင့် ခြေချင်းများပေါ်သို့ သွေးများကို ပက်ဖျန်းကာ နတ်ဆိုးသွေးဖြင့် လျှို့ဝှက်စွမ်းအင်များကို စားပစ်ဖို့ ကြိုးပမ်း နေကြသည်။ ကံဆိုးစွာပင် ကျန်းယုမှာ လောကရှန့်ထို တစ်ပါး ဖြစ်သည်။ သူတို့ အတွက် မျှော်လင့်ချက် မရှိသလောက် နီးပါး ဖြစ်သည်။
ရှေ့တန်း စခန်း အတွင်းတွင်တော့ အလုပ်သမားများမှာ ပျော်ရွှင်စွာဖြင့် ပွဲလမ်းသဘင်များ ကျင်းပလျက် ရှိကြ၏။ သူတို့ အားလုံးမှာ အာရုဏ်ဦး ကြယ်တာရာသားများ ဖြစ်ကြလေရာ ယနေ့က ထူးခြားသော အထိမ်းအမှတ်နေ့ တစ်ခု ဖြစ်သည်။
အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို အာရုဏ်ဦး ကြယ်ကွင်းပြင် အဖြစ် ကြေညာခဲ့သည်။
ထို့အပြင်... ၎င်းမှာ သူတော်စင် ခုနစ်ပါး ကြယ်ကွင်းပြင် တစ်ခုလုံးကို သိမ်းပိုက်ထားသည့် အာရုဏ်ဦးတို့၏ နယ်မြေက အဘယ်ကြောင့် ကြယ်ကွင်းပြင် တစ်ခု မဟုတ်ပဲ ကြယ်တာရာ နယ်မြေ တစ်ခု ဆက်ဖြစ်နေရသေးသနည်း ဆိုသည့် မေးခွန်းကို နောက်ဆုံးတွင် ဖြေကြားပေးခဲ့သည်။
"အရှင်မင်းကြီးက အရမ်း ကြောက်ဖို့ ကောင်းတာပဲ..."
မူးယစ်ရီဝေနေသည့် လူငယ်တစ်ဦးက ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် အော်ဟစ်လိုက်၏။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ဆိုသူက အဘယ်နည်း။ အစစ်အမှန် မွေးဖွားခြင်း ဆိုသည်က အဘယ်နည်း။ မဟာစက်ဝန်း ကြယ်ကွင်းပြင် ဆိုသည်က အဘယ်နည်း။ အရှင်မင်းကြီး၏ ရှေ့မှောက်၌ သူတို့ အားလုံး ခေါင်းငုံ့ အညံ့ခံရုံသာ တတ်နိုင်သည်။
"ဟုတ်တာပေါ့... သူက ငါ့တို့ ဇာတိမြေကလေ... ဘာလို့ ကြောက်စရာ မကောင်းရမှာလဲ... ဟဲ ဟဲ ဟဲ...”
ကြိမ်လုံးကိုင်ထားသည့် အဘွားအိုတစ်ဦးက ထိန်းချုပ်မထားဘဲ အူမြူးစွာ ရယ်မောလိုက်၏။ ပွဲလမ်းသဘင် ကျင်းပနေခြင်းကြောင့်သာ မဟုတ်ပါက အခြားလူများမှာ သူမကို ရူးနေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။ သို့သော်လည်း ယခုလို နေ့မျိုးတွင်တော့ သူမ၏ မဆင်မခြင် ကြွားဝါမှုများနှင့် အရူးတစ်ပိုင်းပြောဆိုမှုများကို မည်သူမျှ ဂရုမစိုက်ကြပေ။
ဤနေ့ရက်များ၏ ပျော်ရွှင်မှုက အတိုင်းအဆမဲ့လှသည်။ မင်္ဂလာပေါ် မင်္ဂလာ ထပ်ဆင့် နေခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။
မကြာသေးခင်ကပင် အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ သူ၏ ဇနီးလောင်းကို လူသိရှင်ကြား ကြေညာခဲ့သည်။ ထိုမိန်းကလေးမှာ အခြားလူ မဟုတ်ပဲ နှစ်နှစ်တာ ကာလ အတွင်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို တည်ငြိမ် အေးချမ်းမှု ရရှိအောင် ကြိုးပမ်း အားထုတ်ခဲ့ပြီး လူအများစု၏ ချင်ခင် နှစ်သက်မှုကို ရရှိထားသည့် ရွှယ်ရီဖေး ဖြစ်နေခဲ့သည်။
ယနေ့တွင်တော့ အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို ပေါင်စည်း၍ အာရုဏ်ဦး ကြယ်ကွင်းပြင် အဖြစ် ကြေညာခဲ့သည်။ အဆုံးမဲ့ နတ်ဘုရား အင်ပါယာအား လူသိရှင်ကြား ကွပ်မျက်ခဲ့သည် ဆိုသည့် အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံး အာရုဏ်ဦး၏ စိုးမိုးမှုအောက်သို့ ရောက်ရှိသွားခဲ့တာကတော့ သေချာပေသည်။
ဤအရာကသည်ပင် သူတို့ကို ရက်သတ္တပတ်နှင့် လပေါင်းများစွာတိုင်အောင် ပျော်ရွှင်ပွဲများ ကျင်းပဖို့ အတွက် လုံလောက်စေခဲ့သည်။
နတ်ဆိုး ကျင့်ကြံသူများမှာ တက်ကြွ လှုပ်ရှားနေသည့် ပတ်ဝန်းကျင်ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြ၏။ လွန်ခဲ့သည့် နာရီပိုင်းလောက်ကပင် ထိုနွားဖျင်း တစ်ဦးချင်းစီတိုင်းကို နောက်ဘဝသို့ ပို့ဆောင်ပေးဖို့ သူတို့ စီစဉ် နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုအခါတွင်တော့ ချုပ်နှောင်ခံရကာ လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ချေ။ သူတို့က စဉ်းတီတုံးပေါ်က ငါးများ ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။
ထိုစခန်းတွင် လောကရှန့်ထို တစ်ဦး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ သူတို့ စိတ်ထဲမှ ကျိန်ဆဲရုံသာ တတ်နိုင်ကြသည်။
အားလုံးထဲ၌ အရပ် အလွန် ရှည်သည့် လူကြီးသာလျှင် အတည်ငြိမ်ဆုံးဖြစ်သည်။ သူ့နံဘေးရှိ တိုင်တွင်တော့ ခရမ်းရောင် ဆံပင်ရှည်များနှင့် မိန်းကလေး တစ်ဦး ရှိနေခဲ့သည်။ သူမက သူတော်စင် ရသေ့ကြီးများနှင့် မိန်းမစိုးများကိုပင် ဖမ်းစားနိုင်လောက်အောင် ထူးခြားသည့် ရုပ်ရည် သွင်ပြင်ကို ပိုင်ဆိုင်ထား၏။ သူမမှာ နတ်ဆိုးကဲ့သို့ ဆွဲဆောင်မှု ရှိခြင်း ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ပင် ဖြစ်ပေလိမ့်မည်။
ဝိညာဉ်အာရုံဖြင့် ဆက်သွယ်၍ မရလေရာ မိန်းကလေးက အရပ်ရှည်ရှည် လူကို ကြည့်လိုက်ရင်း...
“ဘိုးဘေးအရှင်က အကြောင်းပြန်ပြီလား...”
ဟူ၍ မေးလိုက်၏။ သူမ၏ နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုက ဆေးမနိုင်သည့် ပေါင်းပင်ကဲ့သို့ ကြီးထွားလာနေခဲ့သည်။
ဘိုးဘေးအရှင် ဟူသော အသုံးအနှုန်ကြောင့် ကျန်းယု နားစွင့်လိုက်မိ၏။ ထိုနတ်ဆိုးများ၏ အသံထွက်တိုင်းနှင့် မရေမရာ အော်ဟစ်သံတိုင်းကို သူ မှတ်တမ်းတင်နေခဲ့သော်လည်း... ထိုခေါင်းစဉ်က သူ့ကို စပ်စုချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
ကျန်းယုမှာ အတိတ်ဘဝမှာတန်းက ခေသူ တစ်ယောက် မဟုတ်ခဲ့ချေ။ သူက လောကရှန့်ထို အဆင့်တူများစွာထက် သာလွန်သည့် အသိပညာ၊ အတွေ့အကြုံနှင့် ခွန်အားတို့ကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် အလွှာကြားက လောက၌ မြို့တော်သခင် တစ်ယောက် ဖြစ်လာဖို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
၎င်းမှာ များစွာသော လူများ လိုချင်တောင့်တခဲ့သော်လည်း ချို့ယွင်းချက်များကြောင့် မရရှိနိုင်ခဲ့သည့် ကံကောင်းခြင်းကို ကိုယ်စားပြုနေသော ရာထူးတစ်ခု ဖြစ်သည်။ သူ့တွင် ချို့ယွင်းချက်များ မရှိပေ။
သို့သော်လည်း... ထိုကဲ့သို့ စွမ်းအင် ရှိသူ တစ်ဦးမှာ ပတ်ဝန်းကျင် ကန့်သတ်ချက်များ၊ ချောင်းမြောင်း တိုက်ခိုက်မှု၊ အဆိပ်သင့်မှုတို့နှင့် အတူ တွန်းလှန်၍ မရနိုင်သည့် အဆုံးသတ် တစ်ခုဆီသို့ ရောက်ရှိခဲ့ရသည်ကတော့ အတော်လေး ရယ်စရာ ကောင်းလှသည်။
မည်သို့ပင် ဆိုစေ... ကျန်းယုမှာ သူ၏ အားသာချက် သုံးမျိုး ဖြစ်သည့် အသိပညာ၊ အတွေ့အကြုံနှင့် ခွန်အား တို့ကို ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ထို့အပြင် ဤဆက်စပ်မှု စစ်အလံက သူ့ကို ထပ်လောင်း အသိပညာ၊ ခွန်အားနှင့် ဉာဏ်ပညာတို့ကို ထပ်လောင်း ပေးထားသည်။
ဘိုးဘေးအရှင်...
ရှုယု ဘဝမှာတုန်းက ထိုအသုံးအနှုန်းကို ရှေးဟောင်း ချိပ်ပိတ်နယ်မြေ ဆိုင်ရာ အစီရင်ခံစာများထဲတွင် သူ မကြာခဏ ဆိုသလို ဖတ်ရှုခဲ့ဖူးသည်။ ထိုအသုံးအနှုန်းကို သုံးနှုန်းသူတိုင်းမှာ ကြီးမားသည့် ရည်ရွယ်ချက်များနှင့် လျှို့ဝှက်စွာ လှုပ်ရှားနေသည့် နတ်ဆိုးများသာ ဖြစ်သည်။ သူ ပိုင်ဆိုင်ထားသည့် အသိပညာ၊ အတွေ့အကြုံများဖြင့် နိဂုံးချုပ်ရပါက ဖြစ်နိုင်ချေက တစ်ခုသာ ရှိသည်။
နတ်ဆိုး အင်ပါယာ...
အတိတ်ဘဝတုန်းက ရှုယုမှာ ထိုနာမည်ကို ကြားရုံမျှဖြင့်ပင် ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသည် အထိ ကြောက်ရွံ့ သွားလေ့ ရှိသည်။ သို့သော်လည်း... ယခုတွင်တော့ ထူးဆန်းစွာပင် သူ စိတ်အနှောက်အယှက် မဖြစ်ပဲ တည်ငြိမ် နေခဲ့သည်။
စစ်သည်တော် တစ်ယောက် အနေဖြင့် အသက်နှင့် ခန္ဓာကို အရှင်သခင်ထံ အပ်နှံထားခဲ့ပြီး ဖြစ်လေရာ သူ့ကို ထိတ်လန့်စေနိုင်သည့် အရာ မရှိတော့ချေ။ စစ်ဥပဒေသ၏ အခြေခံမူများကို ဤနေရာတွင် ခံစားနိုင်ပေသည်။
ထို့အပြင်... ဆက်စပ်မှု အလံပိုင်ရှင် ဝေ့ဝူယင်မှာ နတ်ဆိုး အင်ပါယာထက် အချို့သော အဆင့်များတွင် နိမ့်ကျခြင်း မရှိဟု သူ ခံစားရသည်။ အလံပိုင်ရှင် တိုးတက်နေသမျှ သူ၏ စွမ်းအားမှာလည်း တိုးတက် နေလိမ့်မည် ဖြစ်သည်။ အကယ်၍ စစ်ပွဲအတွင်း သေဆုံးသွားခဲ့လျှင်ပင် သူက အသစ်တစ်ဖန် ပြန်လည် မွေးဖွား နိုင်ပေသည်။
အရပ်ရှည်ရှည် ပုံရိပ်မှာ မျက်မှောင်ကြုတ် လိုက်၏။ သူက မသိမသာပင် အပေါ်ကို လှမ်းကာ အကဲခတ် လိုက်သည်။ သို့သော်လည်း အကျဉ်းစောင့်မှာ သူတို့ကို လုံးဝ စိတ်ဝင်စားပုံ မရသလို တစ်ချက်မှ လှည့်မကြည့်ကြောင်း တွေ့လိုက်ရသည်။
"ငါတို့ စောင့်ရုံပဲ ရှိတာပေါ့ ကောင်းထျန်းယုရယ်..."
သူက ပြန်ဖြေလိုက်၏။ သို့သော်လည်း... ထိုစကားလုံးများကပင် မိန်းမငယ်လေး အတွက် ခွန်အားများ ဖြစ်စေခဲ့ကာ ကြီးထွားလာနေသည့် စိုးရိမ်စိတ်ကို သက်သာစေခဲ့သည်။
သို့သော်လည်း... သူမ မသိခဲ့သည့် အရာက ဘိုးဘေးအရှင်မှာ ထိုဆန်းကြယ်သည့် တည်ရှိမှု ကြယ်ကွင်းပြင်ကို ရှင်းလင်းသွားခဲ့သည့် အချိန်ကတည်းက စလို့ တစ်ကြိမ်မျှ ပြန်လည် မတုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။ သိသာ ထင်ရှားခြင်း မရှိသော်လည်း သူ၏ ကံကြမ္မာမှာ အခြားသူတစ်ဦး၏ လက်ထဲတွင် ရှိနေသည့်အလား ခံစားရသည်။
၎င်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေ၏။
ဝှစ်...
ထိုအခိုက်တွင်ပင် ရွှေရောင် အမွေးအတောင်များ ရှိသည့် မီးဖီးနစ်ငှက် တစ်ကောင် ကောင်းကင်ထက်တွင် တိတ်တဆိတ် ပေါ်လာခဲ့၏။ ထို မီးဖီးနစ် ပေါ်တွင် စီးနင်းလိုက်ပါလာသူမှာ အောက်ခြေရှိ လူများ ဂုဏ်ပြုချီးကျူးနေကြသည့် ပုံရိပ်ကိုယ်တိုင်ပင် ဖြစ်သည်။ ထိုသူ၏ နောက်တွင်တော့ နာ့ရှင်းရီမှာ ကပ်လျက် လိုက်ပါလာခဲ့၏။
ဤထူးခြားသည့် လောကကို ပထမဆုံး အကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်လေရာ နာ့ရှင်းရီမှာ အံ့ဩ တုန်လှုပ် သွားခဲ့သည်။ ဤနေရာက ကြယ်တာရာ အသိုက်ဟု ခေါ်ဆိုသည့် နေရာလော။
***