အသူရာ နတ်ဆိုးသခင် (၂)
Vol. 128 Ch. 1788
ကြယ်တာရာ အသိုက်...
ဝေ့ဝူယင်ထံမှ တစ်ဆင့် ကြယ်တာရာ အသိုက် အကြောင်းကို နာ့ရှင်းရီ ကြားခဲ့ဖူးပေသည်။ ၎င်းမှာ လူငယ် ကြယ်တာရာမိုးများ ရရှိနေသည့် ရင်းမြစ်လည်း ဖြစ်သည်။ အမှောင်ယင် နန်းတော်၏ တပည့် အချို့မှာ ဖြစ်နိုင်ပါက ကြယ်အလင်း ဆေးတောင့် တစ်ချို့ တောင်းပေးဖို့ သူမထံတွင် အပူကပ်ခဲ့ဖူးသည်။ ၎င်းတို့မှာ လူများစွာ စိတ်ကူးယဉ်ရုံသာ တတ်နိုင်သည့် အဖိုးတန် အသက်ကယ် ရတနာများ ဖြစ်သည်။
ရုတ်တရက်... နာ့ရှင်းရီ၏ ဆဋ္ဌမ အာရုံမှာ တစ်စုံတစ်ရာကို ခံစားလိုက်ရ၏။ အလွန် ရင်းနှီးသော ခံစားချက် တစ်ခု၊ အလွန် ရင်းနှီးသည့် လူတစ်ယောက် အနီးအနားတွင် ရှိနေသလို ခံစားချက် တစ်ခုပင်။
မိန်းကလေး၏ မီးခိုးရောင် မျက်ဝန်းများမှာ အောက်သို့ ရွေ့လျားသွားကာ ရပ်တန့် သွားခဲ့သည်။ သူမ၏ အသက်ရှူသံများမှာ ရပ်တန့် သွားခဲ့၏။ ရှေ့မှောက်ရှိ အဖြစ်မှန်ကို မယုံကြည်နိုင်သကဲ့သို့ သူမ၏ အကြည့်များက ဝေ့ဝူယင်ဆီသို့ ပြန်လည် ရွေ့လျား သွားခဲ့သည်။
ဝေ့ဝူယင်၏ မျက်နှာထက်၌ နွေးထွေးသည့် အပြုံးတစ်ခု ရှိနေခဲ့၏။ ထို့နောက် သူမ၏ သံသယများကို အတည်ပြုလိုက်သည့် အလား ညင်သာသည့် လေသံဖြင့် ပြောလိုက်လေသည်။
“ငါ သူ့ကို ရှာတွေ့ထားတယ်...”
နာ့ရှင်းရီ၏ အကြည့်များက အောက်ဖက်သို့ ပြန်လည်၍ ရွေ့လျား သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်များစွာတုန်းက လုံထျန်းယုကို အသူရာ နတ်ဆိုးသခင် ဖမ်းဆီးသွားခဲ့သည် ဆိုသော ယုံကြည်ချက်နှင့် အတူ သူမ ဝေ့ဝူယင်ထံသို့ သွားခဲ့ကာ ရှာဖွေပေးဖို့ အကူအညီ တောင်းခဲ့သည်။ သူမမှာ ထျန်းကလန်၏ လက်ထပ် ထိမ်းမြားမှု ကိစ္စကိုပင် ကိုယ်တိုင် ကိုယ်ကျ ရအောင် ဖြေရှင်းခဲ့သူ ဖြစ်သည်။ သို့သော်လည်း လုံထျန်းယုမှာ သူမ အတွက် အလွန် အရေးကြီးပြီး ညီမလေး တစ်ယောက်လို ရင်းနှီးသူ ဖြစ်လေရာ ရရှိနိုင်သမျှ အကူအညီတိုင်းကို လိုအပ်နေခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်အခါက ဝေ့ဝူယင်မှာ ပြုံးပြုံးရွှင်ရွှင်နှင့် ကတိပေးကာ သဘောတူခဲ့သည်။ ထိုအရာက လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူမ သိခဲ့ပေသည်။ သို့သော်လည်း... သို့သော်လည်း...
နာ့ရှင်းရီ၏ မီးခိုးရောင် မျက်လုံးများမှာ နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှု ရှိလှသည့် မိန်းကလေး အပေါ်တွင် စွဲမြဲ နေခဲ့၏။ သူမ အတွက်တော့ ထိုမိန်းကလေးမှာ အိပ်မက်များတွင်ပင် တွေ့လိုသည့် လူတစ်ဦးတည်းသောသူ ဖြစ်သည်။
ကျင့်ကြံခြင်း လောကတွင် ပြန်လည် ဆုံဆည်းခြင်း ဟူသည် ရှားပါး ဖြစ်ရပ် တစ်ခု ဖြစ်သည်။ အထူးသဖြင့်... ပိုမို မြင့်မားသည့် ကျင့်ကြံခြင်း၏ နယ်နိမိတ်များတွင် မသေချာသော ဘဝများဖြင့် သေခြင်းရှင်ခြင်းကို ရင်ဆိုင်နေရသည့် သေမျိုး ကျင့်ကြံသူများအတွက်ပင်။
ဤလောကတွင် သင် တွေ့ဆုံလိုသောသူသည် သင့်ထက်စောစီးစွာ ထွက်ခွာသွားချိန်များ ရှိသကဲ့သို့၊ သင်ကိုယ်တိုင် သံသရာ စက်ဝန်း အတွင်း တစ်ဖန် ပြန်လည် ဝင်ခဲ့ရသည့် အချိန်များလည်း ရှိပေသည်။ နာ့ရှင်းရီ၏ နှလုံးသားက ခုန်ပေါက်နေကာ မျက်ဝန်းများမှာ မျက်ရည်စများနှင့် စိုစွတ် လာခဲ့၏။
လုံထျန်ယု...
ကံကောင်းထောက်မစွာပင် သူမ သူ့ကို ပြန်တွေ့ခဲ့ရပြီ ဖြစ်သည်။ သူမမှာ လျှို့ဝှက် ရည်ရွယ်ချက်နှင့် ဖန်တီးထားသည့် တိုင်လုံးတစ်ခုနှင့် တွဲလျက် ချည်နှောင်ခံထားရသည်။ ရုန်းကန်ဖို့ ကြိုးပမ်း နေသော်လည်း သူမ၏ ခန္ဓာကိုယ်ကတော့ အကောင်း ပကတိ အခြေအနတွင် ပြီးပြည့်စုံစွာ ရှိနေဆဲ ဖြစ်သည်။
လုံထျန်းယု ပြန်ပေးဆွဲ ခံခဲ့ရပြီးသည့် နောက်တွင် နာ့ရှင်းရီ ဖြစ်နိုင်သမျှ အဆိုးရွားဆုံး အခြေအနေများကို တွေးတောခဲ့သည်။ ကံကောင်းထောက်မစွာပင် သူမ ထင်မြင်ခဲ့သည့် ကြောက်မက်ဖွယ် အရာများအားလုံးမှာ အနည်းငယ်မျှပင် မှန်ကန်ခြင်း မရှိခဲ့ပါ။
ဆံပင်တစ်ပင်မျှ မကျွတ်။ ခန္ဓာကိုယ် ချို့ယွင်းနေခြင်းလည်း မရှိ။ ကြောက်မက်ဖွယ်ရာ အတွေ့အကြုံများကြောင့် စိတ်ဝိညာဉ် ထိတ်လန့် တုန်လှုပ်နေခြင်းမျိုးလည်း မရှိချေ။
ထိုအခိုက်၌... နာ့ရှင်းရီ ခံစားရသော ပျော်ရွှင်မှုများက ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
ရင်ထဲ၌ ပျော်ရွှင်မှုများ ပေါက်ကွဲ လာခဲ့သော်လည်း သူမ လုံထျန်းယုဆီသို့ ချက်ချင်း ပျံသန်း မသွားခဲ့ချေ။ ထို့အစား... နွေးထွေးစွာ ပြုံးနေသည့် ဝေ့ဝူယင်ဘက်ကိုသာ လှည့်လိုက်၏။ ကျေးဇူးတင်စကားဆိုဖို့ သူမ နှုတ်ခမ်းဟလိုက်စဉ်မှာပင် ဝေ့ဝူယင်က လက်ကာပြလိုက်သည်။
နာ့ရှင်းရီ တစ်ယောက် ပါးပြင်ထက်၌ မျက်ရည်များ စီးကျလာခဲ့၏။ မှန်ပေသည်။ မလိုအပ်ပေ။ သူတို့ နှစ်ယောက်ကြားတွင် ကျေးဇူးတင်စကားများ မလိုအပ်ပေ။
သူမက ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်နှင့် မီးဖီးနစ်တို့မှာ ဝေးရာသို့ ပျံသန်း သွားခဲ့၏။ မကြာခင်မှာပင် လေပြင်းတိုက်ခတ်မှုကြောင့် မြူခိုးများ ပျံ့လွင့်သွားသလိုမျိုး သူတို့ နှစ်ယောက်စလုံး သူမ၏ အမြင် အာရုံမှ ပျောက်ကွယ် သွားခဲ့သည်။
ကျန်းယုက အပေါ်သို့ မော့ကြည့်လိုက်၏။ ထို့နောက် သူ့ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ စစ်အဆောင် ပိုင်ရှင်ထံမှ အမိန့်များ ရရှိထားပြီး ဖြစ်သည်။
ဟူး... ဟူး...
နာ့ရှင်းရီ၏ မျက်လုံးများမှာ ယင်အလင်းတန်းများနှင့် ပေါက်ကွဲ လာခဲ့၏။ ချက်ချင်းပင် လုံလောက်သည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားကြသူများ၊ အထူးသဖြင့် နတ်ဆိုး ကျင့်ကြံသူများမှာ သူမကို သတိထားမိ သွားကြ၏။ သူတို့မှာ ချုပ်နှောင်ခံထားရသော်လည်း အစွမ်းထက်လှသည့် အာရုံခံနိုင်စွမ်းများကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
ကြောက်မက်ဖွယ် ကောင်းလှသော်လည်း အလွန် ရင်းနှီးနေသည့် အော်ရာကို ခံစားလိုက်မိရာ လုံထျန်းယု၏ မျက်လုံးများက ခရမ်းရောင် အလင်းဖြင့် တောက်ပလာခဲ့သည်။ ယင်အလင်းတန်းများမှာ ကောင်းကင်တွင် လမင်း အသစ် တစ်စင်း ကဲ့သို့ တောက်ပနေခဲ့၏။ ကျန်နတ်ဆိုးမှာလည်း မရပ်မနား အော်ဟစ်သံများ၊ ကျိန်စာ တိုက်မှုများကို ရပ်တန့်ကာ အံ့ဩတုန်လှုပ်စွာဖြင့် အပေါ်သို့ ကြည့်လိုက်ကြသည်။
"အစွန်းရောက်ယင် နတ်မိမယ်... မင်းရဲ့ ရည်ရွယ်ချက်ကို ပြော..."
ကျန်းယု၏ အသံက အဆုံးမဲ့ ခရီးသွား နယ်မြေ မြို့တော်သခင် တစ်ဦး၏ ဂုဏ်ယူ ဝင့်ကြွားမှုကို သယ်ဆောင်ထားသလို တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရန် စိတ်ပိုင်းဖြတ်ထားသည့် စစ်သား တစ်ဦး၏ ဂုဏ်သိက္ခာကိုလည်း ကျောထောက်နောက်ခံပြုထား၏။ ၎င်းက လောက တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့လေသည်။
အံ့ဩစရာ ကောင်းတာ တစ်ခုက ရှေ့တန်း စစ်စခန်း အတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသည့် ကျင့်ကြံသူများမှာ ထိုအချင်းအရာကို သတိမထားမိပဲ ဆက်လက် ပျော်ပါး နေကြခြင်း ဖြစ်သည်။ နာ့ရှင်းရီနှင့် ကျန့်ယုတို့ အပြုအမူများမှာ သူတို့ကို အနည်းငယ်မျှပင် အနှောင့်အယှက် မပေးနိုင်ပဲ စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်မှုများကို ဆက်လက် လုပ်ဆောင်နေခဲ့ကြသည်။
နာ့ရှင်းရီ၏ မျက်လုံးများက တည်ငြိမ်နေသော်လည်း သူမ၏ ယင် အော်ရာကတော့ အလွန်ပင် ပြင်းထန် နေခဲ့သည်။ သူမက ကျန့်ယု၏ မေးခွန်းကို ဓားတစ်ချောင်းတည်းဖြင့် ပြန်ဖြေလိုက်၏။
ရွှမ်း...
ဓားကို ဆွဲထုတ်ပြီးပြီးချင်းပင် သူမက တုန့်ဆိုင်းခြင်း မရှိပဲ ခုတ်ယမ်းလိုက်သည်။ သူမ၏ ဦးတည်ရာက ကျန်းယုကို မဟုတ်ပါချေ။ ပျော်ပွဲရွှင်ပွဲ ကျင်းပနေသည့် သေမျိုးများထံကိုသာ ဖြစ်လေသည်။
ဘုန်း... ဘုန်း... ဘုန်း...
မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် နှင်းကဲ့သို့ ဖြူဖွေးလှသည့် ဓားသောင်းပေါင်းများစွာမှာ ကောင်းကင်ယံထက်တွင် ပေါ်လာခဲ့ကာ အောက်သို့ ကျဆင်း သွားခဲ့တော့၏။
ကျန်းယု တုန့်ဆိုင်းခြင်း မရှိပါချေ။ ဓားတစ်ချောင်းစီကို ကြားဖြတ် ဖျက်ဆီးရန် အတွက် အလျင်အမြန် ပြေးထွက် သွားခဲ့တော့၏။
"အစွန်းရောက်ယင် နတ်မိမယ် လား..."
အကျဉ်းချခံရသည့် နတ်ဆိုးများ တုန်လှုပ်သွားကြ၏။ လုံထျန်းယု၏ မျက်လုံးများက ခရမ်းရောင် လပြည့်ဝန်းများလို တဝင်းဝင်း တလက်လက် တောက်ပနေခဲ့ကြပြီ ဖြစ်လေသည်။
ဝှစ်...
သူမ အခြေအနေကို ကောင်းစွာ စဉ်းစားတွေးခေါ်နိုင်ခြင်းမပြုမီတွင် ပုံရိပ်တစ်ခုမှာ အကျဉ်းချခံရသည့် နတ်ဆိုးများဘေးတွင် ပေါ်ပေါက်လာခဲ့၏။ ကျန်းယုမှာ သောင်းပေါင်း များစွာသော ဓားများကို တစ်ခုပြီး တစ်ခု ဖျက်ချနေလေရာ ကောင်းကင်ယံမှာ မိုးကြိုး ထစ်ချုန်းသံများနှင့် တုန်ဟီး နေခဲ့သည်။
မိန်းကလေး နှစ်ဦး မျက်ဝန်းချင်း ဆုံသွားခဲ့ကြ၏။
မီးခိုးရောင် မျက်လုံးတစ်စုံနှင့်
ခရမ်းရောင် မျက်လုံးတစ်စုံ...။
အဆုံးမဲ့လှသော စိတ်ခံစားမှုများနှင့် အပြန်အလှန် ဖလှယ်ဖို့ တောင့်တနေသည့် အသေးစိတ် အချက်အလက်များစွာ...။
သို့သော်လည်း နာ့ရှင်းရီ ဓားကို ကိုင်ဆွဲပြီး ထပ်မံ ခုတ်ရမ်းလိုက်သည်။ ချုပ်နှောင်ထားသည့် လျှို့ဝှက် သံကြိုးများ အားလုံးမှာ ချက်ချင်း ပျံ့လွင့်ကာ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့မှာ အကောင်အထည်မဲ့ လျှို့ဝှက် မြူခိုးများ အဖြစ် လွင့်ပျံ သွားကြလေ၏။
နာ့ရှင်းရီ လုံထျန်းယုဘက်သို့ လက်ကို ဆန့်တန်းလိုက်၏။ နတ်ဆိုး မိန်းမလှလေးမှာ တုန့်ဆိုင်းခြင်း မရှိပဲ ပါးလွှာ၍ အပြစ်အနာ အဆာ ကင်းသည့် လက်ကို ပြန်လည် ဆွဲကိုင်လိုက်သည်။
နာ့ရှင်းရီ အခြားနတ်ဆိုးများကိုပင် ဂရုမစိုက်ဘဲ လုံထျန်းယုကိုသာ ခေါ်ဆောင်သွားခဲ့၏။ သို့သော်လည်း... နတ်ဆိုးများ အားလုံးမှာ ချိတ်ဆက် ဆက်စပ်မှုဖြင့် လွတ်မြောက်သွားခဲ့ကြသည်။ သံကြိုးများ ဖယ်ရှားလိုက်သည်နှင့် သူတို့၏ ကျင့်ကြံခြင်း အခြေခံများမှာ ပြန်လည် ကောင်းမွန်လာခဲ့ကြသည်။
အရပ်ရှည်ရှည် နတ်ဆိုးမှာ အံ့ဩသွားခဲ့သော်လည်း မီးခိုးရောင် မျက်လုံးပိုင်ရှင် မိန်းကလေးကို မှတ်မိသွားကာ သူ၏ မျက်လုံးများမှာ နတ်ဆိုးအလင်းဖြင့် တောက်ပလာခဲ့၏။
သူတို့၏ မူလပန်းတိုင်မှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ စခန်းချထားသည့် ဤနေရာကို တိုက်ခိုက်ရန် ဖြစ်သော်လည်း လောကရှန့်ထို တစ်ဦး ရှိနေမှုကြောင့် လုံးဝ မဖြစ်နိုင်တော့ကြောင်း သဘောပေါက် လိုက်ပြီ ဖြစ်လေသည်။
လွတ်မြောက်ရန် ဤအခွင့်အရေးကို မဖမ်းဆုပ်ပါက လောကရှန့်ထိုမှာ မေးခွန်းထုတ်စရာ မလိုအောင် သူတို့ကို သေချာပေါက် ပြန်လည် ဖမ်းဆီးပေလိမ့်မည်။
"နောက်ကလိုက်ကြ..."
သူက အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။ အထက် ကောင်းကင်ရှိ ပေါက်ကွဲသံများ ကြားမှပင် နတ်ဆိုးများမှာ သူ့စကားကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
ဝှစ်... ဝှစ်... ဝှစ်...
သူတို့ အားလုံးမှာ ကောင်းထျန်းယုနှင့် နာ့ရှင်းရီ နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့ကြ၏။ အခွင့်အရေး ဖမ်းဆုပ်ခြင်း သဘောတရားကို သူတို့ အားလုံး နားလည် သင်ယူထားကြပြီး ဖြစ်သည်။
ကျန်းယု တစ်ယောက် ယင်ဓားများကြောင့် အာရုံပျံ့လွင့်နေချိန်တွင် နတ်ဆိုးများမှာ လွတ်မြောက်သွားခဲ့ကြပြီ ဖြစ်သည်။
***