မေးခွန်းနှင့် အဖြေများ
Vol. 128 Ch. 1790
ရုတ်တရက် ဖြာထွက်လာသည့် ခရမ်းရောင် အလင်းတန်းများကို ကြည့်ရင်း နာ့ရှင်းရီ အံ့ဩတုန်လှုပ်သွားခဲ့၏။ သူမ ဓားကို တင်းတင်း ဆုပ်ကိုင်ရင်း အလင်းများကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ခဏ အကြာတွင် ထိုအလင်းမှာ အန္တရာယ်မရှိကြောင်း သူမ အကျဉ်းချုံး ကောက်ချက်ချနိုင်ခဲ့သည်။ ထို့အပြင် ယင်းမှာ ဝေ့ဝူယင်၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ် ပတ်သက် နေနိုင်ချေ ရှိသည်။
ထိုအတွေးက နာ့ရှင်းရီ၏ နှလုံးသား အတွင်းမှ ကြောက်ရွံ့မှု မှန်သမျှကို အလိုအလျောက်ပင် ဖယ်ရှားပစ်ခဲ့သည်။ သူမမှာ ကိုယ်ပိုင် ခွန်အားနှင့် နည်းလမ်းများ အပေါ် ခိုင်မာစွာ ယုံကြည်မှု ရှိသော်လည်း... ဝေ့ဝူယင်သာ ရှိနေပါက ကမ္ဘာပျက် ကပ်ဘေးတစ်ခုကိုပင် တားဆီးနိုင်လိမ့်မည်ဟု ခံစားရသည်။ ဤသည်မှာ သူမ၏ နှလုံးသား အတွင်း၌ နှစ်ပေါင်း များစွာတိုင်အောင် အမြစ်တွယ် လာခဲ့သည့် မယိမ်းမယိုင်သော ယုံကြည်မှု အဆင့်တစ်ခု ဖြစ်သည်။
လုံထျန်းယုက တိုးတိုးလေး ရေရွတ်လိုက်၏။
"နတ်ဆိုး အင်ပါယာအတွက်..."
သူမသာလျှင် မက နတ်ဆိုး အားလုံးမှာ အလားတူ ရေရွတ် နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့ အားလုံး၏ မျက်လုံးများက ဘာသာတရား တစ်ခုအား အစွန်းရောက် စွဲလမ်းသလို ပြင်းပြသော ယုံကြည်ချက်များနှင့် ပြည့်နှက် နေခဲ့လေသည်။ လုံထျန်းယုပင်လျှင် သူမ၏ စကားလုံးများကို ပိုမို ရှင်းလင်းသော အသံဖြင့် ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်။
နာ့ရှင်းရီ မျက်မှောင်ကြုတ်လိုက်၏။ ထိုနတ်ဆိုး ကျင့်ကြံသူတစ်ဦးချင်းစီ၏ မျက်လုံးများမှာ ခရမ်းရောင် အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။ ထူးဆန်းစွာပင် ၎င်းတို့မှာ အဝေးရှိ ခရမ်းရောင် အလင်းတန်းများနှင့် ဆင်တူ နေခဲ့သည်။
နောက်ပြီး နတ်ဆိုး အင်ပါယာ... ထိုသူက မည်သူနည်း။
အလွှာအပြင်က လောကကို အာဏာရှင် အင်ပါယာများ ဟု ခေါ်သည့် မဟာ ပုဂ္ဂိုလ်ကြီး သုံးဦးက အုပ်စိုးနေကြောင်း တစ်ခါတုန်းက ဝေ့ဝူယင် သူမကို ပြောပြဖူးသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ စိတ်ကူး မယဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်ဟု ဆိုသည်။
နတ်ဆိုး အင်ပါယာ ဆိုသူမှာ ထိုအထဲ၌ မပါသည်ကတော့ သေချာသည်။ သို့သော်လည်း နာမည်ကြားရုံဖြင့်ပင် ထိုထက် နိမ့်ကျခြင်း မရှိဟု သူမ ခံစားရသည်။ သူက ကျင့်ကြံခြင်း အခြေခံ တူညီသည့် နောက်ထပ် မဟာ ပုဂ္ဂိုလ်ကြီး တစ်ယောက်လော။
နာ့ရှင်းရီ၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာ၏။ ဤနေရာတွင် သူ ရှိနေကြောင်း သူမ သဘောပေါက်လိုက်ပြီ ဖြစ်သည်။
ရုတ်တရက် အသူရာ နတ်ဆိုးသခင်မှာ တစ်စုံတစ်ခုကို သဘောပေါက် သွားကာ တစ်ကိုယ်လုံး တုန်ရီ သွားခဲ့၏။ ဖြည်းဖြည်းချင်းပင် သူက နာ့ရှင်းရီဘက်ကို လှည့်လိုက်သည်။ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် မျက်နှာဖုံး အောက်ရှိ သူ၏ အကြည့်များမှာ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် တောက်ပလာခဲ့လေ၏။
နတ်ဆိုး အင်ပါယာမှာ သူတို့လို နတ်ဆိုးများ အတွက် ဘုရားသခင် တစ်ပါး ဖြစ်သည်။ အမြင့်မြတ်ဆုံးသော လျှို့ဝှက်ချက်လည်း ဖြစ်သည်။ ထို့ကြောင့်ပင် ‘နတ်ဆိုး အင်ပါယာ’ ဆိုသည့် နာမည်ကို အခြားလူများ၏ ရှေ့၌ သူတို့ တစ်ခါမှ မသုံးခဲ့ကြချေ။ ထို့အစား ‘ဘိုးဘေးအရှင်’ ဟုသာ သုံးနှုန်း ခေါ်ဆိုခဲ့ကြသည်။ သို့သော်လည်း ယခုတွင်တော့...။
နာ့ရှင်းရီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ အသူရာ နတ်ဆိုးသခင်ကို ပြန်လည် စိုက်ကြည့်လိုက်သည်။ အစွန်းရောက်ယင် စွမ်းအင်များက ပေါက်ကွဲထွက်ပေါ်လာကာ အကြည့်များမှာ ပြတ်သား လာခဲ့၏။ အသူရာ နတ်ဆိုးသခင် တိုက်ခိုက်လိုလျှင် သူမသည်လည်း အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သ်ည။
လုံထျန်းယုမှာ ထိုအပြောင်းအလဲကို သတိထားမိသွားလေရာ ရင်တဒိတ်ဒိတ် ခုန်လာခဲ့လေ၏။
"အစ်မကြီး ရှင်းရီ..."
စိုးရိမ်တကြီး ခေါ်လိုက်မိသော်လည်း တာဝန်၏ အရေးပါမှုကိုလည်း သူမ နားလည်ထားသည်။ အသူရာ နတ်ဆိုးသခင် သူဖြေနိုင်သမျှ မေးခွန်းများကို ဖြေပေးမည်ဟု သဘောတူခဲ့သော်လည်း ထိုအထဲ၌ နတ်ဆိုး အင်ပါယာအကြောင်း အသေးစိတ်အချက်အလက်များ မပါဝင်သည်မှာ ထင်ရှားသည်။
အသူရာ နတ်ဆိုးသခင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူ့ မျက်လုံးများ အတွင်းမှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များမှာလည်း တဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့သည်။
နောက်ဆုံး၌... သူက ကြယ်တာရာ အသိုက်ထဲ စတင် ဝင်ရောက်ချိန်ကတည်းက ဖုံးကွယ်ထားခဲ့သည့် ခေါင်းစွပ်ကို ချွတ်လိုက်သည်။ ထိုအခါ ထွက်ပေါ်လာသည့် မျက်နှာက နာ့ရှင်းရီ၏ မျက်လုံးများကို အနည်းငယ် ပြူးကျယ် သွားစေခဲ့သည်။
အသူရာ နတ်ဆိုးသခင်မှာ အလွန် အရပ် ရှည်လျားသည်မှ လွဲ၍ ထူးဆန်းစွာပင် လူသား တစ်ယောက်နှင့် ဆင်တူ နေခဲ့သည်။ သူက အသက်နှစ်ဆယ် နှောင်းပိုင်း အရွယ် လူငယ် တစ်ယောက်နှင့် ဆင်တူကာ အလွန် ခန့်ညား ချောမောလှသည်။ ၎င်းမှာ သူမ မျှော်လင့်ထားသည့် ပုံရိပ်နှင့် လုံးဝ မတူညီပေ။
သူ၏ အသားအရေ လုံထျန်းယုနှင့် ဆင်တူပြီး ကျောက်စိမ်းဖြူကဲ့သို့ ဝင်းလဲ့နေသည်။ အပြစ်အနာအဆာ မရှိ ချောမွေ့သော်လည်း ယောက်ျားဆန်မှုက အနည်းငယ်မျှပင် လျော့ကျသွားခြင်း မရှိပါချေ။
ထို့အပြင် သူ၏ မိုးထိလုနီးပါး အရပ်က မိုးကောင်းကင်ကို ကျော်လွန်ကာ သူ၏ လွှမ်းမိုးချုပ်ကိုင်လိုသည့် အရှိန်အဝါမျိုးကို ထပ်ပေါင်းပေးထားသည်။
တရှန်း၊ ပိုကေတို့ကဲ့သို့ နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ နတ်ဆိုးများနှင့် နှိုင်းယှဉ်လျှင် သူက လူတစ်ယောက် အတိုင်း အတိအကျပင် တူသည်။ အသူရာ နတ်ဆိုးသခင်မှာ နတ်ဆိုး တစ်ကောင်နှင့် နည်းနည်းလေးမျှ နီးစပ်ခြင်း မရှိပါချေ။
ထိုမျှမက သူ့ထံတွင် အဆုံးမဲ့ ချောက်နက်ကြီး တစ်ခုလို အတားအဆီးမဲ့ ဆွဲဆောင်မှု ရှိလှသည့် ခရမ်းရောင် မျက်လုံးများ ရှိနေခဲ့သည်။ စိုက်ကြည့်ရုံဖြင့်ပင် ထိုမျက်လုံးများမှာ ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်မသက်မသာ ဖြစ်စေနိုင်သည်။
အသူရာ နတ်ဆိုးသခင်နှင့် လုံထျန်းယုတို့ နှစ်ယောက်တွင် ငြင်းပယ်၍ မရသည့် မျက်နှာချင်း ဆင်တူမှုများ ရှိနေခဲ့သည်။ ၎င်းတို့မှာ ရင်းနှီးသော ဆွေမျိုးများကဲ့သို့ပင် တူနေခဲ့ကြသည်။ လုံထျန်းယုအား အသူရာ နတ်ဆိုးသခင် ခေါ်ဆောင်သွားရသည့် အကြောင်းရင်းကို နာ့ရှင်းရီ သဘောပေါက် လာသလိုလို ရှိလာခဲ့သည်။
အခြားနတ်ဆိုးများမှာလည်း သူတို့၏ မျက်နှာဖုံးများကို ဖယ်ရှားလိုက်ကြသည်။ ခဏချင်းပင် လှပ ခန့်ညားပြီး လူသားဆန်သည့် ပုံရိပ်အများအပြား ပေါ်ထွက်လာခဲ့၏။ သူတို့အားလုံးတွင် ခရမ်းရောင် မျက်လုံးများ ရှိနေခဲ့ကြသည်။
ထို့အပြင် သူတို့၏ ရုပ်ရည်သွင်ပြင်များကို အကဲခတ် ကြည့်ရပါက ဆွေမျိုးတော်စပ်နေပုံ ပေါ်ကြောင်း ထူးဆန်းစွာပင် သတိပြုမိလိမ့်မည် ဖြစ်သည်။
ရုတ်တရက် နာ့ရှင်းရီ၏ မျက်လုံးများက ပြူးကျယ်လာကာ ဖြစ်နိုင်ခြေတစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။ အသူရာ နတ်ဆိုးသခင်မှာ ကောင်းကင်ဘုံမှ မွေးဖွားလာသည့် မူလ နတ်ဆိုးတစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။ ထိုသို့ဆိုလျှင်... ဇစ်မြစ် မရှိပဲ တောအုပ်ထဲတွင် စွန့်ပစ်ခံထားရသည့် လုံထျန်းယုမှာလည်း မူလ နတ်ဆိုးတစ်ဦး ဖြစ်နေနိုင်ပါသလော။
မူလ နတ်ဆိုးများ အားလုံးမှာ လုံးဝ ပုံမှန် မဟုတ်ချေ။ ခရမ်းရောင် တောင်တန်းမှာ လူသား အခြေအနေသို့ ဝင်ရောက်ခြင်း မပြုနိုင်သော်လည်း မျိုးပွားနိုင်သည့််သက်ရှိသတ္တဝါအဖြစ် တည်ရှိခွင့် ရရှိပြီးနောက် နည်းလမ်းအမျိုးမျိုးဖြင့် သူ၏ မျိုးစေ့ကို ဆက်လက် ဖြန့်ဝေနိုင်ခဲ့သည်။
အန်နု၏ ဘိုးဘေးမိခင်ကြီးမှာ အာကာသ နဂါး၏ ရုပ်ကလာပ်မှ မွေးဖွားလာသည့် မူလ နတ်ဆိုး တစ်ဦး ဖြစ်သည်။ ထို့နောက် သူမက အခြားနဂါးများနှင့် မိတ်လိုက်ကာ ထူးခြားသည့် နဂါးမျိုးနွယ်တစ်ခုကို မွေးဖွားပေးခဲ့သည်။ ဤအရာက အန်နုနှင့် အခြား များစွာသော သူများကို ဖြစ်ပေါ်စေခဲ့ပြီး သူတို့အားလုံးတွင် နတ်ဆိုး စွမ်းအင် အရိပ်အမြွက်များ ပါဝင်နေခဲ့သည်။
အန်နု၏ သွေးမျိုးဆက်ထဲ၌ ရှားပါးစွာ တည်ရှိနေသည့် အစစ်အမှန် နဂါးသွေးမျိုးဆက်မှာ သူ၏ နတ်ဆိုးအော်ရာကို အရေးမပါလောက်သည် အတိုင်းအတာ တစ်ခု အထိ လျှော့ချပေးခဲ့သည်။ အစစ်အမှန် နဂါးသွေးမျိုးဆက်မှာ အလွန်ပင် လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည်။ သွေးတစ်စက်တည်းကပင် တည်ရှိမှုတစ်ခုလုံးကို အပြည့်အဝ ပြောင်းလဲပစ်နိုင်ပေသည်။ ဝေ့ဝူယင်မှာ အကောင်းဆုံး ဥပမာပင် ဖြစ်သည်။
နာ့ရှင်းရီ ဖြစ်နိုင်ချေများကို စဉ်းစားရင်း လုံထျန်းယုကို အကဲခတ် ကြည့်လိုက်၏။ မိန်းမငယ်လေးကတော့ မတိုက်ခိုက်တော့သည့် အတွက် စိတ်သက်သာရာ ရသွားသည့်ပုံ ပေါ်ကာ အစ်မဖြစ်သူ၏ အတွေးများကို နည်းနည်းလေးမျှ သတိထားမိခြင်း မရှိပါချေ။
"ငါ ပြောခဲ့ပြီးပြီ"
အသူရာ နတ်ဆိုးသခင်က ပြောလိုက်၏။
"ငါက ကျေးဇူးတရားကို ရန်နဲ့ မတုံ့ပြန်ဘူး... မင်းက ကောင်းထျန်းယုနဲ့ စိတ်ဝိညာဉ် ညီအစ်မ ဖြစ်တဲ့အတွက် မင်းနဲ့ ပတ်သက်ပြီး ကိစ္စတွေကို ခက်ခဲအောင် ငါ မလုပ်ဘူး... အစွန်းရောက်ယင် နတ်မိမယ်... မင်း ဘာတွေ မေးချင်လဲ"
နာ့ရှင်းရီ၏ အကြည့်များက ထူးဆန်းစွာ ပြောင်းလဲသွားကာ ဓားကို ချလိုက်သည်။ သို့သော်လည်း အသူရာ နတ်ဆိုးသခင်၏ သဘောထားကို အနည်းငယ် စိတ်ပျက်စရာကောင်းသည်ဟု သူမ ထင်မြင်နေဆဲ ဖြစ်သည်။ တကယ်ဆိုလျှင် သူတို့ အားလုံးမှာ သူမကြောင့်သာ ဖမ်းဆီးခံနေရသည့် နေရာမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... သူမကို အနိုင်ယူနိုင် သကဲ့သို့ ပြောဆိုနေသည်။ လုံထျန်းယုကြောင့်သာ မဟုတ်ပါက တိုက်ခိုက်ပြီး မှတ်လောက်သားလောက် ရှိမှ သူမ ဆက်မေးမည် ဖြစ်သည်။
"ရှင် လုံထျန်းယုကို ဘာလို့ ခေါ်သွားတာလဲ..."
သူမက အရေးကြီးဆုံး မေးခွန်းကို မေးလိုက်၏။ အသူရာ နတ်ဆိုးသခင်က ခရမ်းရောင် ရောင်စဉ်လှိုင်းကို စိုက်ကြည့် နေခဲ့၏။ ထို့နောက်တွင်တော့ စကားလုံးများကို နားလည်မှု လွဲမှားမှာ စိုးရိမ်နေသည့်အလား ဖြည်းဖြည်းချင်းနှင့် ရှင်းရှင်းလင်းလင်း စတင် ရှင်းပြလိုက်သည်။
"ဒါက သူ့ရဲ့ ကံကြမ္မာပဲလေ... ကောင်းထျန်းယုရော ငါတို့ အားလုံးရောက ငါတို့ထက် အများကြီး ပိုကြီးမြတ်တဲ့ အရာရဲ့ အစိတ်အပိုင်း တစ်ခုပဲ... ငါတို့ အားလုံးဟာ ဖန်ဆင်းရှင် ဖြစ်တဲ့ ဘိုးဘေးအရှင်ကနေ မွေးဖွားလာတဲ့သူ ဖြစ်တယ်"
ထို့နောက် သူက အတွေးများကို စုစည်းရန် ကြိုးစားနေသည့်အလား ထိုနေရာတွင် ရပ်နားလိုက်သည်။ နာ့ရှင်းရီက မနှောင့်ယှက်ခဲ့ပေ။
အသူရာ နတ်ဆိုးသခင်က နာ့ရှင်းရီကို မျက်နှာမူရင်း ဆက်လက် ပြောလိုက်သည်။
"မင်း ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံခြင်း ခွန်အား အရ ဆိုလရင် နတ်ဆိုးတွေကို မွေးဖွားပေးခဲ့တဲ့ ကောင်းကင် ဖယ်ခွာမှု ဖြစ်စဉ် အကြောင်း နားလည်ထားလိမ့်မယ်လို့ ငါ ယူဆတယ်... အဲဒီလို နည်းနဲ့ မွေးဖွားလာသူတွေကို မူလ နတ်ဆိုးတွေလို့ ရည်ညွှန်းတယ်... ဒါပေမဲ့..."
အသူရာ နတ်ဆိုးသခင်က ညာဘက် လက်ကို ဆန့်ထုတ်ကာ ဘေးနားတွင် ရှိနေသည့် နတ်ဆိုး တစ်ဦးစီတိုင်းဆီသို့ ညွှန်ပြလိုက်သည်။
"ငါတို့ အားလုံးဟာ ကောင်းကင်ဘုံရဲ့ ဆန္ဒကနေ မွေးဖွားလာတာ မဟုတ်ဘူး... နတ်ဆိုး အင်ပါယာရဲ့ မွန်မြတ်တဲ့ ဆန္ဒကနေ မွေးဖွားလာတာ... ငါတို့ကို ဖောက်ပြန်နတ်ဆိုးတွေလို့ ယူဆနိုင်တယ်... မသင့်တော်တဲ့ နာမည်တစ်ခုဖြစ်ပေမဲ့ ငါတို့ရဲ့ တည်ရှိမှုကို ကောင်းကင်ဘုံက ကြေညာထားတာ ကြာပြီ"
***