← Chapters

ကစားပွဲ၏ လျှို့ဝှက်ချက်များ

Vol. 128 Ch. 1791

ကစားပွဲ၏ လျှို့ဝှက်ချက်များ

Vol. 128 Ch. 1791

အသူရာ နတ်ဆိုးသခင်၏ စကားလုံးများကို နားထောင်ရင်း ဝေ့ဝူယင် ပြောခဲ့ဖူးသည်များကို နာ့ရှင်းရီ ပြန်လည် သတိရလိုက်မိသည်။

နာမည် တစ်ခုကို သတ်မှတ်ပြီးသည်နှင့် ပြောင်းလဲလို့ မရချေ။ နောင်နှစ်ပေါင်း တစ်ဘီလျံ အကြာတွင် ထာဝရ ဧကရာဇ် တည်ရှိခဲ့ဖူးကြောင်း အကြားအမြင် မရှိခဲ့သူ တစ်ဦးမှာ ထာဝရ နယ်မြေ ဆေးလုံးကို ဖန်တီးမည် ဆိုပါက၊ သို့မဟုတ် တိုက်တိုက်ဆိုင်ဆိုင် တူညီသည့် ရင်းမြစ်များနှင့် ဆေးဖော်စပ်နည်းကို အသုံးပြုမိကာ အသစ် ဖန်တီးမိခဲ့မည် ဆိုပါက... ၎င်းမှာ ထာဝရ နာမည်ပါ ဆေးလုံးပင် အမြဲဖြစ်နေလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်၏ ကိုယ်ပိုင် ထုတ်ကုန်များအတွက်လည်း အလားတူပင် ဖြစ်သည်။ အာရုဏ်ဦး အဂ္ဂိရတ် ထုတ်ကုန်တစ်ခုစီတိုင်းမှာ အဂ္ဂိရတ် တာအို၏ အသိပညာအရ အနည်းဆုံး ကောင်းကင်ဘုံ သိရှိထားသည့် သမိုင်းတစ်လျှောက်လုံးတွင် ပထမဆုံး ဖြစ်သည်။ ဤအကြောင်းရင်း ကြောင့်ပင် ထာဝရ ဧကရာဇ်မှာ ထာဝရ နယ်မြေတွင် နေထိုင်စဉ် အခါက ဆေးလုံးအသစ် များစွာကို တီထွင်နိုင်ခဲ့သော်လည်း အချို့ကိုသာ “ထာဝရ” ဟူသော နာမ ဝိသေသနတပ်ကာ ခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖောက်ပြန်နတ်ဆိုးများနှင့် မူလ နတ်ဆိုးများဟူသော အသုံးအနှုန်းများမှာ ၎င်းတို့၏ ဖန်တီးမှုတွင် စတင်ဖြစ်ပေါ်လာသော ခေါင်းစဉ်များဖြစ်ပြီး မည်သည့်အခါမျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ သို့စေကာမူ... ၎င်းတို့ကို လူမှုရေး စံနှုန်းများဖြင့် ဒုတိယ သတ်မှတ်ချက်များလည်း ပေးနိုင်သည်။

ဥပမာအားဖြင့် မန်နာကို အချို့သော ကမ္ဘာများ၊ ကုန်းမြေတိုက်ကြီးများတွင် လောက စွမ်းအင် သို့မဟုတ် အခြားအမည်များဖြင့် မကြာခဏ ရည်ညွှန်းလေ့ ရှိကြသည်။

"ဒီလောက်ဆို မင်း နားလည်လောက်ပြီ ထင်ပါတယ်... ငါ ကောင်းထျန်းယုကို သူ့ရဲ့ အိမ်ကနေ ခေါ်သွားတာ မဟုတ်ဘူး... အိမ်ကို ပြန်ခေါ်သွားခဲ့တာ”

အသူရာ နတ်ဆိုးသခင်က ခိုင်မာ တည်ကြည်သည့် အသံဖြင့် အဆုံးသတ်လိုက်၏။ လုံထျန်းယုနှင့် ရုပ်ရည်သွင်ပြင်ချင်း အလွန် ဆင်တူသူများကို မြင်တွေ့လိုက်ရခြင်းမှာ ထိုအချက်ကို သက်သေနှင့် တကွ ပြလိုက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့က မျိုးနွယ်ဘိုးဘေး တူညီကြသည်။ ထို့ကြောင့် သူတို့က မိသားစု တစ်ခု ဖြစ်ပေသည်။

တစ်နည်းပြောရလျှင် လုံထျန်းယုမှာ အသူရာ နတ်ဆိုးသခင်၏ ညီမ ဖြစ်သည်။ ဤသို့ဆိုလျှင် နတ်ဆိုး အင်ပါယာဟု ခေါ်ဆိုခံရသူကရော... သူက သူမ၏ အဖေနှင့် အမေ နှစ်ဦးလုံးပင် ဖြစ်သည်။

နာ့ရှင်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက လုံထျန်းယု... မဟုတ်သေး ကောင်းထျန်းယုကို လှည့်ကြည့်လိုက်သည်။ လုံချန်မှာ ဤလောကတွင် မရှိတော့လေရာ ‘လုံ’ ဆိုသည့် နာမည်ကို ဆက်လက် ထိန်းသိမ်းထားရန် မလိုအပ်တော့ပေ။ နောက်ဆုံးသော တွေ့ဆုံမှုတွင် သူတို့ကြားရှိ ဆက်ဆံရေးကလည်း အပြီးတိုင် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။

"ရှင်တို့ တစ်ဦးချင်းစီမှာ လူသားမျိုးနွယ်ရဲ့ ရုပ်သွင်လက္ခဏာတွေ ရှိနေတယ်... ရှင်တို့ဟာ နတ်ဆိုး အင်ပါယာရဲ့ ဖန်တီးခံရတယ်ဆိုရင် ဘာကနေ မွေးဖွားလာတာလဲ... ရုပ်ကလာပ်တွေကနေလား..."

ကောင်းထျန်းယုမှာ လူသား ရုပ်ကလာပ် တစ်ခုမှ မွေးဖွားလာခဲ့ခြင်းလော သူမ သိလို နေခဲ့သည်။ အသူရာ နတ်ဆိုးသခင် တစ်ဖြစ်လည်း ကောင်းကျိက ခေါင်းခါလိုက်၏။

"ငါတို့အားလုံးက မင်းတို့လို နည်းလမ်းအတိုင်းပဲ မွေးဖွားလာတာ... ကောင်းကင်ဘုံရဲ့ ဆန္ဒနဲ့ ကောင်းချီးပေးထားတဲ့ ရေတစ်စက်၊ ကျောက်စရစ်ခဲ... ဒါမှမဟုတ် နေကြယ်တစ်လုံးကနေ မွေးဖွားလာတဲ့ မူလ နတ်ဆိုးတွေလို မဟုတ်ဘူး... ငါတို့တွေ အားလုံးဟာ စွမ်းအင်၊ အမတေတိုင်းနဲ့ အသင့်တော်ဆုံး မျိုးနွယ်ဖြစ်တဲ့ လူသားတွေရဲ့ သန္ဓေတည်ခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းရတယ်... လူသားတွေ ဆိုတာက မျိုးနွယ်တိုင်းနဲ့ မျိုးပွားနိုင်တဲ့ တစ်ခုတည်းသော မျိုးနွယ်ပဲလေ"

နာ့ရှင်းရီ ဤအဖြေကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့၏။

"ဒါဆိုရင် ရှင်တို့ရဲ့ အမေတွေအားလုံး ဘယ်သူတွေလဲ... ရှင်တို့ရဲ့ အဖေတွေကရော..."

ကောင်းထျန်းယု၏ မျက်လုံးများက အနည်းငယ် ညှိုးနွမ်းသွား၏။ အသူရာ နတ်ဆိုးသခင်၏ မျက်နှာ အမူအရာကတော့ လေသံကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။

"ငါတို့ဟာ ငါတို့ရဲ့ အမေတွေပဲ... ငါတို့ရဲ့ ဘိုးဘေးအရှင်သာလျှင် အဖေအဖြစ် ရှိတယ်"

ထိုဝါကျ နှစ်ကြောင်းကို နားထောင်ရင်း နာ့ရှင်းရီ စိတ်လှုပ်ထွေး သွားခဲ့၏။ သူမ လုံးဝ နားမလည်နိုင်ခဲ့ပေ။

"ဘာ... လို့..."

မိန်းကလေးက ပိုမို ရှင်းလင်းစေဖို့ အတွက် နောက်ထပ် မေးခွန်း တစ်ခု မေးဖို့ ဟန်ပြင်လိုက်လိုက်၏။ သို့သော်လည်း... ရုတ်တရက်ပင် သဘောပေါက်သွားကာ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။

စိတ်ဝိညာဉ်ကို ထိုမျှ လွယ်ကူစွာ ဖန်တီးနိုင်ပါသလော။ ဘာမှမရှိရာကနေလော။ ဘိုးဘေးအရှင် ဆိုသည့် ပုဂ္ဂိုလ်မှာ နတ်ဘုရားတစ်ပါးလော။

"...”

နာ့ရှင်းရီ၏ မျက်လုံးများက နူးညံ့သွားကာ ကောင်းထျန်းယုကို လှည့်ကြည့်လိုက်သည်။ မိန်းကလေးမှာ သူ့ကိုယ်သူ မွေးဖွားခဲ့ပြီး စိတ်ဝိညာဉ်ကို သန့်စင်ကာ လွှဲပြောင်းခဲ့ကြောင်း သဘောပေါက်လိုက်သည်။ သူမက သူမ၏ အမေပင် ဖြစ်သည်။

ထိုဝါကျမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသော်လည်း ငြင်းမရအောင် မှန်ကန်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ... အလွန်လည်း ရက်စက်သည်။

နာ့ရှင်းရီ လက်လှမ်းကာ ကောင်းထျန်းယုကို ရင်ခွင်အတွင်း ထည့်သွင်းရင်း ပွေ့ဖက်လိုက်၏။ ထို့နောက် နူးညံ့ညင်သာစွာဖြင့် ပြောလိုက်လေတော့သည်။

"ဘာပဲဖြစ်ဖြစ်... ညီမလေးကို ပြန်ရပြီ ဖြစ်တဲ့ အတွက် အစ်မကြီး အရမ်း ပျော်ပါတယ်”

...

"ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကြီးဟာ သူတို့ရဲ့ နှစ်ပေါင်း ရှစ်သောင်းကြာ ကစားပွဲကို အပြီးတိုင် အဆုံးသတ်စေလိမ့်မယ်... အဲဒီအချိန်ကစပြီး အာရုဏ်ဦး ကြယ်ကွင်းပြင်ဟာ အလွှာအပြင်က လောကကြားမှာ ကိုယ့်ကိုယ်ကို ထူထောင်နိုင်လိမ့်မယ်... ဒီလှောင်အိမ်နဲ့ ချည်နှောင်ခံရတော့မှာ မဟုတ်ဘူး"

နတ်ဆိုး အုပ်စုအထက်တွင် ဖုံးကွယ်ထားသည့် ဝေ့ဝူယင်မှာ ပိုင်လင်ပေါ်တွင် ထိုင်ရင်း စဉ်းစားဟန်ဖြင့် တီးတိုး ရေရွတ်နေခဲ့၏။

ကောင်းထျန်းယုနှင့် သူမ၏ ဇစ်မြစ်ရင်းမြစ်ဆိုင်ရာ ကိစ္စရပ်များမှာ သူ့အတွက် အရေးမကြီးပေ။ နတ်ဆိုး အင်ပါယာမှာ အစီအစဉ်မျိုးစုံကို ချမှတ်တတ်သူဖြစ်ပြီး ဤနတ်ဆိုးများမှာ သူ့ အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ကြောင်း ဝေ့ဝူယင် ကောင်းစွာ သိရှိထားသည်။

ဝေ့ဝူယင် သတိထားမိသလောက်ပင် နတ်ဆိုး အင်ပါယာထံတွင် မဟာ ဗျူဟာမြောက် အစီအစဉ်များစွာ ရှိသည်။ ပထမ တစ်ချက်က ကြယ်တာရာမိုးများနှင့် လရောင်ဖြာ ဧကရီတို့လိုမျိုး ပြင်ပ သူလျှို အမျိုးမျိုးကို တက်ကြွစွာ အသုံး၍ နေရောင်ခြည် အမတေများကို စုစည်းကာ ချိပ်တံဆိပ်ကို တဖြည်းဖြည်း သန့်စင်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အဆက်မပြတ် ကြိုးပမ်းမှုများနှင့် ဖီဆန်ပေါက်စ၏ တောက်ပသော ရောင်ခြည်များကြောင့်ပင် မြေပြင်တစ်လျှောက် အက်ကွဲကြောင်းများ ပျံ့နှံ့နေခဲ့ပြီ ဖြစ်ပြီး ချိပ်တံဆိပ်၏ ရုပ်ပိုင်းဆိုင်ရာမှာလည်း ရှောင်လွှဲ၍ မရနိုင်အောင် ပြိုလဲလုနီးနီး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကြီးကို ကြိုတင် နိမိတ်ဖတ်ထားသည့် နှစ်တစ်ရာ ကန့်သတ်ချက် အထိ အပြည့်အဝ ကြာမြင့်ဦးမည် ဖြစ်သည်။

နောက်ထပ် အစီအစဉ်တစ်ခုမှာ ချုံကုန်း (လူသား) အင်ပါယာ၏ စစ်တုရင် ရုပ်များ ဖြစ်သည့် ဝူကလန်ကို မကောင်းဆိုးဝါးဆန်းစွာ ခြယ်လှယ်ခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက် အနေဖြင့် ဝူကလန်မှာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် ပါသည့် ဧရာမ အရွယ် နေကြယ်ကြီးကို ဖန်တီးခဲ့ကာ နတ်ဆိုး အင်ပါယာ လွတ်မြောက်ရန် လိုအပ်သော အချိန်ကို နှစ်သိန်းပေါင်း များစွာမှ နှစ်ပေါင်း တစ်သိန်းအထိ လျှော့ချနိုင်ခဲ့သည်။

ထိုအချင်းအရာမှာ အများဆုံး နှစ်ထောင်ဂဏန်းခန့်သာ အသက်ရှင်နိုင်သည့် လူသားများ အတွက် မထူးခြားနိုင်သော်လည်း... နတ်ဆိုး အင်ပါယာ အတွက်တော့ နှစ်ပေါင်း သိန်းပေါင်းများစွာမှ နှစ်ပေါင်း တစ်သိန်းအထိ လျှော့ချနိုင်ခဲ့ခြင်းမှာ မယုံကြည်နိုင်လောက်အောင် အောင်မြင်မှု ဖြစ်သည်။

သူ့ အစီအစဉ်၏ နောက်ထပ် အပိုင်းအစ တစ်ခုမှာ ဤနတ်ဆိုးများပင် ဖြစ်သည်။ သူတို့မှာ အောင်မြင်မှုများစွာကို မရရှိခဲ့သော်လည်း နတ်ဆိုး အင်ပါယာ အပေါ် စိတ်နှလုံး တစ်ခုလုံးနှင့် ရင်းနှီး၍ ယုံကြည် ကိုးကွယ်ကြသူများ ဖြစ်သည်။ သူတို့က ကြယ်တာရာမိုးများ၏ နေရောင်ခြည် စီးဆင်းမှု သတ်မှတ်ထားသည့် နေရာသို့ ရောက်၊ မရောက် သေချာစေခြင်း၊ အစီအရင် အချို့ ထူထောင်ရာတွင် ကူညီပေးခြင်းတို့ ကဲ့သို့သော ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ တာဝန်များကို ထမ်းဆောင်ကြရသည်။

"အာဏာရှင် အင်ပါယာတွေရဲ့ ဘုတ်ခုံလို့ ခေါ်တဲ့ ကိစ္စကြီးကို ငါ နည်းနည်း ပိုနားလည်သွားပြီ"

ဝေ့ဝူယင် စိမ်းပြာရောင် စပျစ်သီးအချို့ကို ထုတ်ယူကာ စားလိုက်၏။ ၎င်းတို့က အရသာရှိပြီး ကြွပ်ဆတ်သည်။ သူ နတ်ဆိုး အင်ပါယာနှင့် အကျဉ်းချုံး စကားပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ အသေးစိတ် အချက်အလက်များမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေရှိ လူတစ်ဦး တစ်ယောက်ချင်းစီတိုင်း၏ စိတ်များကို တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။

အထူးသဖြင့် သူတို့ ပြောခဲ့ကြသည်က 'ကစားပွဲ'၏ အမှန်တရားများ အကြောင်းပင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်သောင်းက စတင်ခဲ့သည့် ဤကစားပွဲမှာ ရိုးရှင်းသော်လည်း ရှုပ်ထွေးသည့် 'လွတ်မြောက်ခြင်း' ကစားပွဲတစ်ခု ဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ 'ဘုရင်'ကို ရှေးဟောင်း ချိပ်ပိတ် နယ်မြေမှ လုံခြုံစွာနှင့် (ထိုထက် ပိုမို၍ အရေးကြီးသည်က) အခြားသူများထက် စောလျင်စွာ 'ပို့ဆောင်'ရန် ဖြစ်သည်။

မူလက ကစားသမား သုံးဦး ချုံကုန်း အင်ပါယာ၊ တိုက်တန် အင်ပါယာနှင့် နတ်ဆိုး အင်ပါယာတို့သာ ပါဝင်ခဲ့သည်။ နတ်ဆိုး အင်ပါယာ၏ အဆိုအရ သူတို့ သုံးဦး၏ ခွင့်ပြုမှုကို ရရှိပြီးနောက်တွင် စတုတ္ထမြောက်နှင့် ပဉ္စမြောက် ကစားသမားများပါ ထပ်မံ ပါတင် လာခဲ့သည်။ သူတို့က ကောင်းကင် အင်ပါယာနှင့် နတ်ဆိုး အင်ပါယာပင် မသိသည့် အခြား အင်ပါယာ တစ်ဦး ဖြစ်သည်။

ပထမ သုံးဦးကို စည်းမျဉ်းများနှင့် အားသာချက်အချို့ ပေးထားပြီး ၎င်းမှာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်း သူတို့၏ မျိုးနွယ်များကို တိုးတက်စေခြင်း ဖြစ်သည်။ လူသားနှင့် တိုက်တန် မျိုးနွယ်များဝင် သေမျိုးများကို ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အတွင်း ပို့ဆောင်ခဲ့ကာ စည်းမျဉ်းများနှင့် ထိန်းချုပ်၍၊ ထိုအပျက်အစီး နယ်မြေ၏ အကြွင်းအကျန်များအတွင်း အမွေအနှစ်များသာ ကျန်ရှိစေခဲ့သည်။

အခြား အင်ပါယာ နှစ်ဦး ပါဝင်လာပြီးနောက်တွင် ချုံကုန်း အင်ပါယာနှင့် နတ်ဆိုး အင်ပါယာတို့မှာ အမွေအနှစ်များနှင့် ပစ္စည်းများကို ပေးအပ်ခြင်း၊ အချို့သော စွမ်းဆောင်မှုများကို လုပ်ဆောင်ခြင်းတို့ အပါအဝင် အခွင့်အရေးများ ရရှိခဲ့သည်။

ထိုအရာကပင် ဖောက်ပြန်နတ်ဆိုးများကို မလွဲမသွေ ဖန်တီးစေခဲ့သည်။

ထိုအရာကပင် ဝူကလန်၏ အဆုံးမဲ့ ကောင်းကင် ကျမ်းဂန်ကို မွေးဖွားစေခဲ့သည်။ ၎င်းကို နတ်ဆိုး အင်ပါယာက ပြုပြင် မွမ်းမံကာ အင်ပါယာ ကောင်းကင် နည်းလမ်း အဖြစ် ပြန်လည် ဖန်တီးခဲ့သည်။ ဝူကလန်မှာလည်း ထျန်းကလန် အဖြစ် နာမည် ပြောင်းလဲ သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မူလ နတ်ဆိုးများမှာ ကောင်းကင်ဘုံက လိုအပ်သည်ဟု ယူဆသည့်အတိုင်း ပြန့်ကျဲစွာ မွေးဖွားခွင့် ရရှိခဲ့သည်။

ကစားပွဲ၏ ကနဦး နှစ်တစ်ရာအတွင်း တိုက်တန်မျိုးနွယ်မှာ ရိုင်းစိုင်းလှသည့် ပဋိပက္ခများနှင့် မျိုးနွယ်စု စစ်ပွဲများအကြား မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရပြီး တဖြည်းဖြည်း မြင့်တက်လာနေခဲ့သည့် လူသားများ၊ သားရဲများ၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ခဲ့ရသည်။ သူတို့၏ မွေးဖွားနှုန်းမှာ လူသားများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပါချေ။ အရေအတွက် နည်းပြီး သက်တမ်း မရှည်ခဲ့ဟု ဆိုနိုင်ပေသည်။

တိုက်တန် အင်ပါယာမှာ ပြိုင်ပွဲ စတင်ပြီး မကြာမီတွင်ပင် ရှုံးနိမ့်သွားခဲ့သည်။ ကျန်ရှိသော ကစားသမားများမှာ ချုံကုန်း အင်ပါယာနှင့် နတ်ဆိုး အင်ပါယာတို့သာ ဖြစ်လာခဲ့သည်။

***

All Chapters