ရန်သူတွေ လုပ်ကြံပြီတဲ့လား ... သွားသေလိုက်
Vol. 1 Ch. 261
အမြီးသုံးချောင်း မြေခွေးလေး၏ အနံ့သည် မှတ်မိရန် လွယ်ကူသည်။ ၎င်းသည် နတ်ဆိုး စွမ်းအားနှင့် မြေခွေးရနံ့ကို မထုတ်လွှတ်လျှင်တောင် ၎င်း၏ကိုယ်မှ ရနံ့ဖျော့ဖျော့ တစ်မျိုး အလိုအလျောက် ထုတ်လွှတ် နေလေသည်။ ထိုရနံ့သည် မည်သည့် ရနံ့နှင့်မျှ မတူညီမှ ပန်းတစ်ပွင့်ထံမှ မွှေးရနံ့အလား နှစ်လိုဖွယ် ကောင်းလေသည်။
ထိုရနံ့သည် သိပ်မသိသာပေ။ ထို့ကြောင့် ကျန်းရီသာ ကျူးကော့ချမ်ယွမ် ပေးလိုက်သော ဆေးနှင့် အနက်ရောက် အတွင်းအားကို အသုံးပြု မထားလျှင် အနံ့ခံမိရန် မလွယ်ကူချေ။
ငါးရောင်စုံ ဥဒေါင်းငှက်သည် မြားတစ်စင်း အလား မြောက်အရပ်သို့ အရှိန်နှင့် ပြေးထွက် သွားခဲ့သည်။ သူရနေသော ရနံ့မှာလည်း ပို၍ပင် စူးရှ လာသောကြောင့် ကျန်းရီ၏ မျက်လုံး အစုံသည် တောက်ပ လာခဲ့သည်။ ယခု သူသေချာပေါက် ပြောနိုင်ပြီ ဖြစ်သည်။
"ဒါက မြေခွေးလေးပဲ ... မြေခွေးလေးရဲ့အနံ့၊ ကျွန်တော် သေချာ မှတ်မိတယ်"
"ကောင်းပြီ"
ကျောင်းအုပ်ချီနှင့် ကျန်လူများသည် စိတ်တက်ကြွ လာကြသည်။ သူတို့လူစု မြေခွေးလေးကို ရှာတွေ့ပြီး ကယ်တင်နိုင်လျှင် နတ်ဆိုးသားရဲ စစ်တပ် ပြန်ဆုတ် သွားလိမ့်မည်။ သူတို့သည်လည်း လူသားမျိုးနွယ် အတွက် အကျိုးပြုမှုကြောင့် သမိုင်းတွင် နာမည်ကောင်း ကျန်ရစ်လိမ့်မည်။
ငါးရောင်စုံ ဥဒေါင်းငှက်သည် လေလှိုင်းကြီးများ ဖြစ်သွားသည် အထိ တောင်ပံကြီးများကို ခတ်၍ ပျံသန်းလို့ နေသည်။ သူတို့ တောင်အမြင့်ကြီး တစ်ခုကို ဖြတ်ကျော် ပြီးသည့်အခါ မြို့ကြီးတစ်မြို့ ဘွားခနဲ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် နှာခေါင်းရှုံ့၍ အနံ့ခံလိုက်ပြီး အော်ပြောလိုက်သည်။
"အနံ့က မြို့ထဲကနေ ထွက်လာတာ ... အောက်ဆင်းပြီး မြို့ထဲ ဝင်ကြရအောင်"
"ဝှစ်"
ကျောင်းအုပ်ချီ၏ အတွေးမျှနှင့် ငါးရောင်စုံ ဥဒေါင်းငှက်သည် အောက်သို့ ဆင်းချသွားခဲ့သည်။ ငှက်ကြီး၏ ကြီးမားလှသော ကိုယ်ကြီးနှင့် အရှိန်အဝါတို့ကြောင့် မြို့တံတိုင်းများ ထက်မှ အစောင့်များမှာ သတိအနေအထား ဖြစ်သွားကြသည်။ ထိုသူတို့၏ အကြည့်များသည် ဥဒေါင်းငှက်၏ ကိုယ်ပေါ်မှ ကျန်းရီနှင့် ကျောင်းအုပ်ချီတို့ လူစုထံ ကျရောက် လာခဲ့သည်။ အပြာရောင် ချပ်ဝတ်တို့ ဆင်ယင်ထားသော စစ်သူကြီး တစ်ဦးသည် အော်မေး လာလေသည်။
"အဲဒီက ဘယ်သူများလဲ၊ တစ္ဆေမျက်လုံး မြို့တော်က ပိတ်ထားပြီး အဝင်အထွက် တားမြစ် ထားပါတယ် ... ကျေးဇူးပြုပြီး ထွက်သွားပေးပါ ... မသွားရင် ရန်သူအဖြစ် သတ်မှတ်ပြီး မညှာတာဘဲ သတ်ပစ် ရပါလိမ့်မယ်"
"တစ္ဆေမျက်လုံး မြို့တော် ... ဒီမြို့က ကျင်းရှန်နိုင်ငံရဲ့ မြို့ကြီး ဆယ်မြို့ထဲက တစ်ခုပဲ"
ကျောင်းအုပ်ချီသည် ငါးရောင်စုံ ဥဒေါင်းငှက်၏ အရှိန်ကို လျော့စေ၍ မြို့အထက် လေထုတွင် ရပ်တန့်စေ လိုက်သည်။ သူမ ရှင်းပြရန် ကြံနေဆဲမှာပင် ရုတ်တရက် ကျန်းရီသည် ငါးရောင်စုံ ဥဒေါင်းငှက်ပေါ်မှ ခုန်ချကာ ကျောင်းအုပ်ချီနှင့် ကျန်လူများကို အော်ပြောလိုက်သည်။
"မြန်မြန်လိုက် ... မြေခွေးနံ့က ပျောက်တော့မယ်၊ ရန်သူက သတိထားမိ သွားလို့ မြေခွေးလေးကို ခေါ်ပြီး ထွက်ပြေးဖို့ ကြိုးစားနေပြီ"
"မင်းသေချင် နေတာပဲ ဖြစ်ရမယ်"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် ဒေါသ ထွက်သွားကြသည်။ အထူးသဖြင့် ထိုသူတို့၏ စစ်သူကြီးသည် ဆေဘာဓားကြီးကို လွှဲ၍ အော်ဟစ်လိုက်သည်။
"ရန်သူတွေ လုပ်ကြံပြီ ... တိုက်ခိုက်ဖို့ ပြင်ဆင်ကြ"
"ရန်သူတွေ လုပ်ကြံပြီတဲ့လား ... သွားသေလိုက်စမ်းပါ"
ကျန်းရီ အောက်သို့ အရောက်တွင် တလက်လက် တောက်ပနေသော လက်နက်များ၊ ထွက်လာတော့မည့် အတွင်းအား တိုက်ခိုက်မှုများကို မြင်လိုက် ရသောကြောင့် ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သူသည် စိတ်တိုတိုနှင့် အော်ဟစ်လိုက်သည်။
"ငါက အင်ပါယာရဲ့ ကင်းထောက် သံတမန် ကျန်းရီ၊ မင်းတို့ ငါ့ကို ထိရဲလား ... ဒီသံတမန်က စစ်တပ် အရေးအခင်း တစ်ခုကို ဖြေရှင်းစရာ ရှိနေတယ်၊ မင်းတို့ နှောင့်နှေးအောင် လုပ်ရဲရင် မင်းတို့မှာ ခေါင်းတွေအပို ပါရင်တောင် မလောက်ဘူး ... အကုန်လုံး ထွက်သွားကြစမ်း"
"ကျန်းရီ"
ထိုအမည်သည် မှော်စွမ်းအင်တစ်မျိုး ကိန်းအောင်း နေသည့်အလား အောက်မှ လူတိုင်းကို ဆွံ့အ သွားစေသည်။ ကျန်းရီဟူသော အမည်သည် မကြာသေးမီသော အချိန်ကာလ အတွင်း နယ်မြေတွင် ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်နေခဲ့သည်။ ကျန်းရီ၏ စွမ်းဆောင်မှုများမှာ တစ္ဆေမျက်လုံး မြို့တော်တိုင် ကျော်ကြားလေသည်။ ထိုကံဆိုးသော ကြယ်ပွင့်လေးသည် ဤနေရာသို့ ရောက်လာခဲ့ သည်လော။
"အားလုံးပဲ ဘာမှ မလုပ်ကြပါနဲ့ဦး၊ ငါတို့က ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ ဒုကျောင်းအုပ်တွေပါ ... ငါတို့မှာ မကောင်းတဲ့ အကြံအစည် မရှိပါဘူး"
ကျောင်းအုပ်ချီသည် အော်ပြောလိုက်ပြီး အောက်မှ စစ်သူကြီးထံ တံဆိပ်ပြားတစ်ခု ပစ်ချပေး လိုက်သည်။
"ဒီမှာ ငါတို့ ကျောင်းအုပ်ရဲ့ တံဆိပ်ပြားပဲ"
စစ်သူကြီးသည် တံဆိပ်ပြားကို ဖမ်း၍ တစ်ချက်ကြည့် လိုက်သည်။ တံဆိပ်ပြားပေါ်တွင် ဆန်းကြယ် ထူးခြားသော အရှိန်အဝါ တစ်မျိုး ကိန်းအောင်းနေသည့် 'ကျူးကော့'ဟူသော စာလုံးကို မြင်သောအခါမှ သူသက်ပြင်း ချလိုက်သည်။ သူတို့ စိတ်ထဲတွင် လန့်သွားကြသော်လည်း တံဆိပ်ပြားသည် ကျူးကော့ချမ်ယွမ်၏ တံဆိပ်ပြားအစစ် ဖြစ်လေသည်။ ထို့ပြင် ကျောင်းအုပ်ချီသည် နိုင်ငံ ခြောက်ခုအတွင်း ကျော်ကြားသူ တစ်ဦး ဖြစ်လေသည်။ စစ်သူကြီးသည် သူမ၏ မျက်နှာကို ပြန်မှတ်မိ သွားသောအခါ သံသယ ဝင်မနေတော့ပေ။
"ဝှစ်"
ကျန်းရီသည် မြေပေါ် ရောက်သည်နှင့်နေပြီ ဖြစ်သောကြောင့် အနံ့ထွက်ပေါ် လာရာဘက်သို့ တန်းပြေး သွားလိုက်သည်။ ကျောင်းအုပ်ချီနှင့် ကျန်လူများသည်လည်း အချိန်ဆွဲ မနေရဲပေ။ ကျောင်းအုပ်ချီသည် ငါးရောင်စုံ ဥဒေါင်းငှက်ကို သိမ်း၍ ကျန်လူများနှင့် အတူ အောက်သို့ ခုန်ချလာခဲ့သည်။
သူမသည် ကျန်လူများအား ကျန်းရီနောက် လိုက်ကြရန် အချက်ပြလိုက်ပြီး သူမကမူ စစ်သူကြီးကို စိတ်ဖြင့် ဆက်သွယ်၍ ပြောလိုက်သည်။
"စစ်သူကြီး ... ကျွန်မတို့ အခု လျှို့ဝှက်တာဝန်နဲ့ ရောက်လာကြတာမို့ အသေးစိတ်ကို ရှင်းပြလို့မရဘူး၊ ဒီကိစ္စက လူသားမျိုးနွယ်ရဲ့ တည်ရှိမှုနဲ့ သန်းချီတဲ့ ကျင်းရှန် နိုင်ငံသားတွေရဲ့ အသက်တွေနဲ့ ပတ်သက်နေတယ် ဆိုတာ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ ရင်းပြီး ကျိန်ပြောရဲတယ်၊ ဒါကြောင့် ကျွန်မတို့ကို နှောင့်နှေးအောင် မလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်"
နယ်မြေတစ်ခုလုံး မြေခွေးလေးကို ပြန်ပေးဆွဲသူအား လိုက်ရှာ နေကြသော်လည်း ဘာသတင်းမှ မရှိသောကြောင့် ကျောင်းအုပ်ချီသည် မြေခွေးလေးကို ရှာရန် ရောက်လာခြင်း ဖြစ်သည်ဟု မပြောရဲပေ။ ကျောင်းအုပ်ချီသည် ဤကိစ္စ တစ်ခုလုံး၏ နောက်ကွယ်တွင် ကြိုးကိုင်သူ တစ်ယောက် ရှိနေသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူမတို့ ကျန်းရီ မြေခွေးလေး၏ ရနံ့ကို ခြေရာခံနိုင်ကြောင်း လျှို့ဝှက် ထားသည်က အကောင်းဆုံး ဖြစ်သည်။ ဤသတင်းသာ ပေါက်ကြားသွားပါက အခြေအနေများ တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်သည်။
တစ္ဆေမြို့တော်မှ စစ်သူကြီးသည် ထပ်မံမေးခွန်း မထုတ်တော့ပေ။ ကျောင်းအုပ်ချီ၏ နောက်တွင် ကျူးကော့ချမ်ယွမ် ရှိနေရာ သူသံသယ မဝင်ရဲချေ။ မည်သို့ပင်ဖြစ်စေ ကျူးကော့ချမ်ယွမ်သည် နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် မျက်လုံးများကို မှေးစင်းကာ မေးလိုက်သည်။
"အစ်မကြီးချီ ကျွန်တော့်ရဲ့ အကူအညီများ လိုသေးလား"
"ငါတို့ရဲ့ လှုပ်ရှားမှု မနှောင့်နှေးစေဖို့က လွဲရင် ယာယီ မလိုသေးဘူး၊ အကူအညီ လိုတဲ့အခါ အသိပေးပါ့မယ်"
ထို့နောက် ကျောင်းအုပ်ချီသည် ကျန်းရီနှင့် အခြားလူများ ပြေးသွားရာ ဘက်သို့ ပြေးလိုက် သွားခဲ့သည်။ စစ်သူကြီးသည် အလျင်အမြန် အမိန့်ထုတ်လိုက်သည်။
"ကွေ့ဝူ ... သူတို့နောက်ကို လိုက်ဖို့ လူတချို့ လွှတ်ထား၊ သူတို့ မူမမှန်တာ တစ်ခုခု မလုပ်သရွေ့ ဝင်မနှောင့်ယှက်နဲ့"
"ဝှစ်"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် လူအယောက် တစ်ရာကို ဦးဆောင်၍ နောက်မှ လိုက်သွားခဲ့သည်။ ကျောင်းအုပ်ချီနှင့် လူစုသည် အားအလွန် ကောင်းကြသည်။ သူတို့ ဘာလုပ်မည်ကို လိုက်မကြည့်ဘဲ စိတ်အေးအေး ထားနိုင်မည် မဟုတ်ပေ။
"ဒီဘက်"
မြို့ထဲတွင် ဒုကျောင်းအုပ်များသည် ကျန်းရီကို မီသွားကြသည်။ ဒုကျောင်းအုပ်လျှိုသည် ကျန်းရီကို သယ်ဆောင်ကာ ပြေးလွှားလိုက်သည်။ သူတို့ လူစုကြောင့် မြို့ထဲတွင် ဝရုန်းသုန်းကား ဖြစ်သွားခဲ့သည်။
မိနစ်အနည်းငယ် အတွင်း ကျန်းရီတို့ လူစုသည် မြို့မြောက်ဘက်ရှိ တည်းခိုဆောင် တစ်ခုထံ ရောက်ရှိသွားခဲ့သည်။ တည်းခိုဆောင်သည် အလွန် သပ်ရပ်ခမ်းနား၍ အပြင်တွင် အစောင့်များစွာ ရှိလေသည်။ သူတို့သည် ကျန်းရီတို့လူစု တည်းခိုဆောင်အတွင်း ဝင်တော့မည်ကို တွေ့သောအခါ ရန်သူများကို တွေ့လိုက်ရသည့် အလား လက်နက် အသီးသီးကို ကိုင်ဆွဲကာ သတိ အနေအထားဖြင့် ရပ်လိုက်ကြသည်။
"ထွက်သွားစမ်း"
ဒုကျောင်းအုပ်လျှိုသည် အော်ဟစ်လိုက်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်ကာ အစောင့်များကို လွင့်သွား စေလိုက်သည်။ ကျန်းရီ၏ လမ်းညွှန်မှုဖြင့် သူတို့ လူစုသည် တည်းခိုဆောင်ဝင်း၏ အတွင်းဘက် အဆောင်ငယ် တစ်ခုထံ ရောက်လာကြသည်။
"ဒီနေရာပဲ"
ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာခဲ့သည်။ သူသည် ဒုကျောင်းအုပ်လျှို၏ လက်ထဲမှ ခုန်ဆင်းကာ အဆောင်ငယ်ထံ ပြေးသွားလိုက်သည်။ ဒုကျောင်းအုပ် များသည်လည်း ထက်ရှလှသော မျက်လုံးအစုံနှင့် အကဲခတ်ရင်း လူဖြန့်၍ အဆောင်လေးထံ ပြေးဝင် သွားကြသည်။
"ဒီမှာ ဘယ်သူမှ မရှိဘူး"
အဆောင်လေးသည် တိတ်ဆိတ်လို့ နေသည်။ ဒုကျောင်းအုပ်လျှိုနှင့် အခြားလူများ ပြေးဝင် သွားကြသော်လည်း လူတစ်ယောက်ကိုမှ မမြင်မိပေ။
"ဒီမှာ"
ကျန်းရီသည် အခန်းတစ်ခုထဲသို့ ပြေးဝင်သွားခဲ့ပြီး ခုတင်ထက် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ဗုန်း"
ခုတင်သည် တစ်စစီ ကျိုးကြေသွားခဲ့ပြီး အောက်မှ တွင်းနက်ကြီးတစ်ခု ပေါ်ထွက် လာခဲ့သည်။ ကျန်းရီသည် နှာခေါင်းရှုံ့၍ အနံ့ခံလိုက်ပြီး အလန့်တကြား ရေရွတ်လိုက်သည်။
"သူတို့ မြေအောက်က ထွက်ပြေး သွားကြပြီ၊ မြေခွေးလေးရဲ့ တည်ရှိမှုအပြင် တခြားလူ ခုနစ်ယောက်၊ ရှစ်ယောက်လောက်လည်း ရှိနေတယ် ... အင်အားကိုတော့ မသိရဘူး"
"သွားစို့"
သူတို့ ရောက်လာပြီဖြစ်ရာ လမ်းတစ်ဝက်မှ လှည့်ပြန် မသွားနိုင်တော့ပေ။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူများ ဆိုလျှင်တောင် သူတို့အားလုံး ရင်ဆိုင်ရပေမည်။
"နေဦး"
ကျန်းရီ အော်ဟစ်လိုက်ပြီး သူ၏ ဝိညာဉ်သားရဲ အဆောင်မှာ လင်းလက် လာခဲ့သည်။ အလွန် ကြီးမားသော ဝိညာဉ်သားရဲကြီး တစ်ကောင် ပေါ်လာခဲ့ပြီး အခန်းမှာ ပြိုကျ သွားခဲ့လေသည်။ ကျန်းရီသည် သားရဲကြီး၏ ကျောထက် ခုန်တက်ကာ အော်ပြောလိုက်သည်။
"အကုန်လုံး တက်လာခဲ့ ... ဒီသားရဲက မြေအောက်မှာ ခင်ဗျားတို့ အားလုံးထက် ပိုမြန်တယ်"
"ရှေးဟောင်းမျိုးစိတ် ကျုံးဝူသားရဲ "
ကျောင်းအုပ်ချီနှင့် ကျန်လူများ၏ မျက်လုံးများ ပြူးကျယ် သွားကြသည်။ သူတို့သည် ဝိညာဉ် လက်နက်များ၊ ကောင်းကင်အဆင့် လက်နက်များကို သုံး၍ မြေအောက်တွင် သွားလာ နိုင်သော်လည်း ကျုံးဝူ သားရဲလောက် မလျင်မြန်နိုင်ပေ။
ကျုံးဝူသားရဲသည် ကြီးမားလွန်း၍ သူတို့ အားလုံးအား အသာလေး သယ်ဆောင် နိုင်လေသည်။ သူတို့သည် အလျင်အမြန် ခုန်တက်၍ ဆူးချွန် တစ်ချောင်းစီအား ဆုပ်ကိုင် လိုက်ကြသည်။ ကျန်းရီ အမိန့်ပေးလိုက်သည်။
"ဟွမ်ကြီး ... လိုက်တော့"
"ဘွတ်အဲ ... ဘွတ်အဲ "
ဟွမ်ကြီးသည် အော်သံကျယ်ကြီး ပြုကာ ခြေထောက်ကြီးများကို စတင် ရွေ့လျားလိုက်ပြီး မြေအောက်ထဲသို့ တိုးဝင် သွားခဲ့သည်။ ၎င်း၏ ဦးခေါင်းထက်မှ ဦးချိုကြီးမှာ အဝါရောင် အလင်းများ တောက်ပ လာလေသည်။
"ဗုန်း"
ဟွမ်ကြီးကြောင့် ပျက်စီးနေနှင့်ပြီးသော ကြမ်းပြင်သည် တုန်ခါသွားခဲ့ပြီး လုံးဝပြိုကျ သွားခဲ့လေသည်။ တစ္ဆေမျက်လုံး မြို့တော်မှ စစ်သည်များ လာရောက်စုံစမ်း ကြသောအခါ ကျန်းရီသည် မြေတွင်းထဲတွင် အစအန ရှာမရအောင် ပျောက်သွားခဲ့ပြီ ဖြစ်သည်။
***