← Chapters

နားလည်ပြီ။ သူမက လမ်းမသိတဲ့ ငတုံးလေးပဲ။

Vol. 5 Ch. 61

နားလည်ပြီ။ သူမက လမ်းမသိတဲ့ ငတုံးလေးပဲ။

Vol. 5 Ch. 61

ရှန်းမူမူ စကားပြောနေစဥ်၌ အခြားလူနှစ်ယောက်၏ နှလုံးသားများက ကွဲပြားသော ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားသွားခဲ့သည်။

ချီမော့၏ မျက်လုံးများက လှုပ်ခတ်သွားကာ သူ့နှလုံးသားထဲ၌ နူးညံ့ညင်သာမှုတို့ မြင့်တက်လာသကဲ့သို့ ဖိုင်ပေါ်ရှိ လက်ချောင်းလေးများက ကွေးညွှတ်သွားသည်။

သူသည် သူမ လတ်တလော၌ အလွန် အလုပ်များနေကြောင်း သိရှိပေသည်။

ရှန်မြို့၌ ဆိုင်ခွဲတစ်ခုဖွင့်ရန် စုံစမ်းရင်း အလုပ်များနေသည်။

သူသည် သူမက ထိုမျှအထိ အလွန် အလုပ်ရှုပ်နေသော်လည်း ချီရှောင်ပိုင်၏ အဆင့်များကို နားလည်နိုင်ရန် အချိန်ယူလေ့လာထားမည်ဟု ထင်မှတ်မထားခဲ့ပေ။

ကြည့်ရသည်မှာ သူမက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စည်းရုံးရေး စုဝေးပွဲကို အရေးကြီးသည်ဟု မှတ်ယူထားပုံရသည်။

ဖြစ်နိုင်သည်မှာ သူက ဤမိသားစုကို အရေးကြီးသည်ဟု မှတ်ယူထားခြင်းလည်း ဖြစ်နိုင်သည်။

စားပွဲတစ်ဖက်မှ အတန်းပိုင်ဆရာမ၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွားပြီး သူမ၏ အံ့အားသင့်မှုနှင့် ပျော်ရွှင်မှုတို့ကို ဖုံးကွယ်မထားနိုင်ဘဲ ရှန်းမူမူအား ရှင်းလင်းစွာ မြင်တွေ့နိုင်စေရန် သူမ မျက်မှန်ကို လက်နှင့် တွန်းတင်ကာ ပြန်၍ နေရာချလိုက်သည်။

(အတန်းပိုင်က ဆရာမပါတဲ့။ နာမ်စားက အခုမှပါလာလို့ အခုက စပြီး ပြင်လိုက်ပါ့မယ်။)

ယခင်က ချီရှောင်ပိုင်က ဆရာတစ်ယောက်ကို ဒေါသထွက်အာင် လုပ်မိ၍ မိဘခေါ်ရသောအချိန်၌ အတန်းပိုင်ဆရာမက ရှန်းမူမူအား မြင်တွေ့ဖူးပေသည်။

ထိုအချိန်တွင် သူသည် ရှန်းမူမူက ချီရှောင်ပိုင်နှင့် မသင့်မြတ်သည့် မိထွေးတစ်ယောက်၏ သဘောထားကိုသာ မြင်တွေ့ခဲ့ရပြီး သူတို့နှစ်ယောက် စကားပြောသည့်အခါ စကားလုံးအနည်းငယ်မှလွဲ၍ ပိုပြောချင်ပုံ မရကြပေ။

မည်သို့ဖြစ်၍ နွေရာသီပိတ်ရက်တစ်ခု ကျော်လွန်သွားပြီးနောက် သူမက ချီရှောင်ပိုင်၏ အဆင့်များနှင့် ထိုမျှ ရင်းနှီးသွားရပါသနည်း။

သူမသည် သိသိသာသာကို ယနေ့ လာရောက်ရန်အတွက် ကြိုတင်ပြင်ဆင် လေ့လာထားသည်မှာ သိသာပေသည်။

အတန်းပိုင်ဆရာမတစ်ယောက်အနေနှင့် သူမသည် ရှန်းမူမူကဲ့သို့ မိဘမျိုးကို တွေ့ရရန် ပို၍ လိုလာသည်။

သူမနှင့် ဆက်ဆံရသည်မှာ ခက်ခဲလိမ့်မည် မဟုတ်ပေ။

နောက်ထပ် ဆယ်မိနစ်မှာ အတန်းပိုင်ဆရာမနှင့် သူမ၏ တစ်ယောက်ချင်း ဆွေးနွေးခန်း ဖြစ်လာလုနီးပါး ဖြစ်သည်။

အဆုံးတွင် အတန်းပိုင်ဆရာမ၏ သဘောထားမှာ :

ချီရှောင်ပိုင်က အခုနှစ်အတွက် အင်္ဂလိပ်စာအမှတ်များကို တိုးတက်လာအောင် လုပ်နိုင်လျှင် ပထမအဆင့်တက္ကသိုလ်ကို ဝင်ရောက်ရန် အခွင့်အရေးကောင်း ရှိပေလိမ့်မည်။

အတန်းပိုင်ဆရာက ထပ်ပြောခဲ့သည်။ "ဒါပေမယ့် ဆယ့်နှစ်တန်းမှာ ကျောင်းသင်ခန်းစာတွေက အရမ်းကို များလွန်းတယ်။ ကျွန်မတို့ ကျောင်းက ကျောင်းသားတွေကို ပြင်ပကျောင်းတွေ ထပ်တက်ဖို့ အားမပေးချင်ဘူး။ အဲဒီလိုလုပ်တာက ကျောင်းသားကို ဖိအားပိုများစေပြီး သင်ယူမှုကိုလည်း နှောင့်နှေးစေလိမ့်မယ်။ မိဘတွေက အဓိကအနေနဲ့ ကြီးကြပ်ပြီး ထောက်ပံ့တာမျိုး လုပ်ပေးသင့်တယ်။"

ရှန်းမူမူက နှုတ်ခမ်းကို ဖိပိတ်ရင်း ခဏလောက်စဥ်းစားနေပြီးမှ ပြန်ဖြေလိုက်သည်။

"အင်း.. ရှင် ဘာပြောချင်လဲဆိုတာ ကျွန်မ နားလည်ပါပြီ။ သူ အိမ်မှာ အနားရတဲ့အချိန်အတွင်း တခြားဘာသာရပ်တွေကို ထိခိုပ်မှုမရှိဘဲ အင်္ဂလိပ်စာအထောက်အကူပြု သင်ခန်းစာကို သင်ယူနိုင်အောင် ကျွန်မ စီစဥ်လိုက်ပါ့မယ်။"

အတန်းပိုင်ဆရာမက တွေဝေတုန့်ဆိုင်းသွားပုံပေါ်သည်။

သူမက ကိုယ့်ဘာသာ တွေးလိုက်၏။ ရှင်ကလား။ သင်ပြပေးမယ်ဟုတ်လား။ ရှင်လုပ်နိုင်လို့လား။

အတန်းပိုင်ဆရာမက ရှန်းမူမူအား အထင်အမြင်သေးနေသည်ကို အပြစ်မတင်သင့်ပေ။ သူမက ကျောင်းသားမိဘများစွာကို မြင်ဖူးခဲ့ပေသည်။

ပေကျင်းအမှတ်တစ် အထက်တန်းကျောင်းကဲ့သို့သော အထက်တန်းစား ကျောင်းတစ်ခုတွင် မိဘများက သူတို့၏ ကလေးများ ကျောင်းတွင် အမှန်တကယ် ဘာကို သင်ယူကြသည်အား ဂရုမစိုက်ကြဘဲ သူတို့က မည်သည့် အဆင့်အတန်းမြင့် သခင်လေး၊ သခင်မလေးများနှင့် ရင်းရင်းနှီးနှီး နေနိုင်မည်ဆိုသည့်အကြောင်းကို ပိုဂရုစိုက်ကြသည်။

မိဘအများစုသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးနောက် သူတို့ကလေးများအား နိုင်ငံခြားသို့ သွားရောက် ပညာသင်ယူနိုင်စေရန် နိုင်ငံခြားတက္ကသိုလ်များ၏ ဝင်ခွင့်ကို စပွန်ဆာငွေကြေးပေးကာ ဝယ်ယူထားခဲ့ပြီး ဖြစ်သည်။

သူတို့၏ ကလေးကို ကိုယ်တိုင် သင်ပြပေးချင်သည့် ရှန်းမူမူကဲ့သို့သော မိဘမျိုးမှာ အလွန်ပင် နည်းပါးလှသည်။

အတန်းပိုင်ဆရာမသည် သူမက ပုံကြီးချဲ့ပြောဆိုနေသည်ဟု ယူခြင်းက မမှားလှပေ။

သူမသည် ထိုအတွေးကို အပြင်ဘက်သို့ ထုတ်မပြောခဲ့သော်လည်း စိတ်ထဲ၌ တွေးနေခဲ့သည်။

သူမက စကားပရိယာယ်သုံးကာ တုန့်ပြန်လိုက်သည်။ "တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာက နေ့စဥ်သုံး အင်္ဂလိပ်စာနဲ့ ကွာခြားတယ်။ ခက်ခဲမှုက သေးသေးလေး မဟုတ်ဘူး။"

ထိုသည်ကို ကြားသည့်အခါ ရှန်းမူမူက ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခုကို ထုတ်ဖော်​ပြလိုက်သည်။ "ကျွန်မ--"

သူမသည် 'ကျွန်မက တက္ကသိုလ်ဝင် အင်္ဂလိပ်စာ စာမေးပွဲမှာ အမှတ်ပြည့်နီးပါး ရခဲ့ဖူးတယ်။' ပြောချင်ခဲ့သော်လည်း ချက်ချင်း အလျင်အမြန် တုန့်ပြန်၍ စကားအား ရပ်တန့်လိုက်သည်။

သူမက ဂရုမစိုက်ဘဲ ထိုအကြောင်းကို ထုတ်ပြော၍ မရနိုင်ပေ။ ၎င်းက သူမ၏ အရင်ဘဝမှ အကြောင်း ဖြစ်လေသည်။

ကံကောင်းစွာနှင့် သူမက သူမကိုယ်သူမက အချိန်မီ ရပ်တန့်လိုက်နိုင်သည်။ သူမက စကားလမ်းကြောင်းကို ပြောင်းလိုက်၏။

"ကျွန်မ.... လောင်ချီက အင်္ဂလိပ်စာ အတော်လေး ကောင်းတယ်လေ။ ကျွန်မလည်း အဆင်ပြေပါတယ်။ ချီရှောင်ပိုင်ကို သင်ပေးဖို့အတွက်က လုံလောက်တာထက် ပိုနေပါပြီ။"

သူမ စကားပြောပြီးသည်နှင့် သူမက ချီမော့အား မျက်ခုံးပင့်ပြလိုက်သည်။

အခုလေးတင် 'လောင်ချီ' ဟု အခေါ်ခံလိုက်ရသည့် အမျိုးသားက တောင်တစ်လုံးကဲ့သို့ မယိမ်းယိုင်သည့် တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားသည်။

သူ၏ မျက်ခုံးတို့က မသိမသာ တွန့်သွားခဲ့သည်ကို သူကိုယ်တိုင်သာ သိရှိပေသည်။

ချီရှောင်ပိုင်ကို အင်္ဂလိပ်စာသင်ပေးရမယ်ဟုတ်လား။ သူကလား။

အတန်းပိုင်ဆရာမက သူမ စိတ်ထဲတွင် မယုံမကြည်ဖြစ်နေဆဲ ဖြစ်သော်လည်း တိုက်ရိုက် မပြသသည်က ပိုကောင်းပေသည်။ သူမက ဝတ်ကျေတန်းကျေဆန်သော ပုံစံဖြင့်သာ တုန့်ပြန်လိုက်၏။

"ရှင်တို့ မိဘတွေက ကျောင်းနဲ့ ဒီလို ပူးပေါင်းပေးနိုင်တာ အံ့သြစရာပါပဲ။"

ထို့နောက်တွင် 'မိသားစုနှင့် ကျောင်းတို့ မည်သို့ ပူးပေါင်းဆောင်ရွက်၍ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အဆင်ပြေကျန်းမာအောင် လုပ်ဆောင်မလဲ' ဟူသည့် ခေါင်းစဥ်ကို ကူးပြောင်းသွားခဲ့သည်။

*********

သူမ၏ အမေက တစ်ယောက်ချင်း ဆွေးနွေးနေစဥ် ချီရှက ကျောင်း အနောက်ဘက် လမ်းထဲမှ မစ်တီးတစ်ခွက် သွားဝယ်ကာ ပြန်လာခဲ့သည်။ (ချီရှ ရဲ့ 'ချီ' က ချီရှောင်ပိုင်ရဲ့ 'ချီ' နဲ့ ရေးတဲ့ စာလုံးချင်း မတူပါဘူး။)

သို့သော်လည်း သူမ လမ်းပျောက်သွားလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။

ပေကျင်းအမှတ်တစ် အထက်တန်းကျောင်းက အလွန် ကြီးမားလှသည်။

သူမ ဆက်လျှောက်သွားလေ သူမ ဝန်းကျင်၌ လူများ ပို၍ နည်းပါးလာလေ ဖြစ်သည်။

တွေဝေတုန့်ဆိုင်းနေစဥ် သူမသည် သိပ်မဝေးသောနေရာမှ ခုံတန်းတွင် ကျောင်းသားတစ်ယောက် ထိုင်နားနေသည်ကို မြင်လိုက်ရသည်။

သူမက တမင်သက်သက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး လမ်းကို မေးချင်ခဲ့သည်။

သို့သော် သူမ နီးကပ်လာသည်နှင့် ထိုအတွေးက ချက်ချင်း ပျောက်ကွယ်သွား၏။

သူ့ မျက်လုံးကို မှိတ်ထားလျက်နှင့်ပင် ထိုကျောင်းသားက ဒေါသကြီးသည့် အသွင် ပေါ်ပေသည်။

သူ့ကို ရန် မစသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထိုအချိန်၌ ထိုကျောင်းသား၏ မျက်လုံးတို့ ပွင့်ဟလာကာ ပျင်းရိပျင်းတွဲနိုင်ကာ အေးစက်၍ သီးသန့်ဆန်သည့် အကြည့်တို့ဖြင့် သူ့မျက်လုံးတို့က မှေးကျဥ်းသွားသည်။

သူတို့နှစ်ယောက်က မျက်လုံးချင်း ဆုံတွေ့ခဲ့သည်။

ချီရှက ထိတ်လန့်သွားပြီး မျက်တောင်တဖျတ်ဖျတ် ခတ်ကာ လှည့်၍ ထွက်ပြေးသွားတော့သည်။

သူမက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်တဲ့ အမူအရာလဲ။

ချီရှောင်ပိုင်က မျက်မှောင်​ကြုတ်လိုက်ပြီး သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် မိန်းကလေးကို တွေးတွေးဆဆ ကြည့်လိုက်သည်။

နေရောင်ခြည်ဖြင့် လွှမ်းခြုံခံထားရသည့် မိန်းကလေး၏ အသားအရေက ဖြူဖွေးကြည်လင်နေပြီး သူမ ဆံပင်များကို နားနောက်တွင် သိမ်းညှပ်ထားကာ နဖူးထက်၌ ခပ်ပွပွဆံမြိတ်လေး ချထားသည်။

သူသည် သူမ အသွင်အပြင်ကို အနည်းငယ် ရင်းနှီးသလို ခံစားမိသော်လည်း သူ အရင်က သူမကို ဘယ်မှာမြင်ဖူးလဲ စဥ်းစား၍ မရချေ။

ဤမိန်းကလေးက အနည်းငယ် ထူးဆန်းပေသည်။

သူမက သူ့ကို မြင်မြင်ချင်း အဘယ့်ကြောင့် ချက်ချင်း လှည့်ထွက်ပြေးသွားရပါသနည်း။

ချီရှောင်ပိုင်၏ မျက်ခုံးက စုကျုံ့သွားပြီး အကြည့်တို့က သူမပေါ်တွင် မသိလိုက်မသိဘာသာ ကျရောက်နေဆဲ ဖြစ်သည်။

သူသည် မိန်းကလေးက လမ်းသုံးခွဆုံနေရာ၌ ရပ်တန့်သွားပြီး ဘယ်ကြည့်ညာကြည့်နှင့် ဇဝေဇဝါ ဖြစ်နေပုံပေါ်သည်ကို မြင်လိုက်ရသည်။

ချီရှောင်ပိုင်၏ မျက်လုံးတို့က အနည်းငယ် ပြေလျော့သွားသည်။

သူမ လမ်းရှာမတွေ့ခြင်းဖြစ်ကြောင်း သူက အခု နားလည်သွားပြီ ဖြစ်သည်။

သူက လည်ကိုဆန့်ရင်း ပျင်းရိစွာ ခေါ်လိုက်သည်။

"မင်း လမ်းရှာမတွေ့ဘူးလား။"

မိန်းကလေးက သူ့ကို စိတ်ရှုပ်ထွေးစွာ ပြန်လှည့်ကြည့်လိုက်သည်။

သူမ၏ အရည်လဲ့သော မျက်လုံးတို့က ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်၏။ အခြားမည်သူမှ အနားမရှိသည်ကို မြင်သောအခါ သူမအား စကားပြောလာသူက သူဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။

သူမက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ "အင်း"

ချီရှောင်ပိုင်၏ နှုတ်ခမ်းတို့က မျဥ်းဖြောင့်သဏ္ဌာန် စေ့ပိတ်သွားပြီး သူ့မျက်နှာထက်တွင် 'ဘယ်လောက်ပြဿနာများလိုက်သလဲ' ဟူသည့် အမူအရာကို ဝတ်ဆင်ထားသည်။

နောက်တစ်စက္ကန့်၌ သူက ခုံတန်းမှ ထရပ်လိုက်၏။

သူ့လက်များကို အိတ်ကပ်ထဲ ထည့်ထားပြီး သူက သူမရှေ့သို့ လျှောက်လာကာ သူမကို အေးစက်စက် ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။ "မင်း ဘယ်သွားမှာလဲ။"

ချီရှက အူကြောင်ကြောင်နှင့် မျက်တောင်ခတ်လိုက်သည်။

ထိုစကားလုံးများက သိသိသာသာ ကောင်းမွန်သော ရည်ရွယ်ချက်ရှိသော်လည်း ဤလူ၏ နှုတ်ဖျားမှ ထွက်လာပြီး သူ၏ အေးစက်စူးရှသည့် အကြည့်တို့နှင့် ပေါင်းစပ်လိုက်သည့်အခါ စစ်ဆေးမေးမြန်းနေသလို ထင်မှတ်ရပေသည်။

စက္ကန့်အနည်းငယ် ရပ်တန့်သွားပြီးနောက် ချီရှက အပြုံးဖျော့ဖျော့ဖြင့် ပြန်ဖြေလိုက်သည်။

"အရှေ့ဘက် နံပါတ်သုံး စမ်းသပ်ဆောင်"

ချီရှောင်ပိုင်က သူမ ဘာကြောင့် ပြုံးလိုက်လဲ မသိပေ။ သူ့မျက်ခုံးက အနည်းငယ် ကျုံ့သွားခဲ့သည်။

သူက သုံးလမ်းခွဆုံမှ တစ်နေရာကို လက်ညှိုးညွှန်ပြလိုက်သည်။

"အဲဒီလမ်းအတိုင်း တည့်တည့်ဆင်းသွား။ ရေကူးခန်းမကို ကျော်သွားပြီးရင် ညာဘက်ကို ကွေ့လိုက်။ မင်း ရောက်သွားလိမ့်မယ်။"

ချီရှက ပြုံးနေဆဲ ဖြစ်သည်။ "အိုး.. အိုခေ.. ကျေးဇူး"

သူမ ခြေလှမ်းကာ သွားတော့မည့်အချိန်၌ သူမသည် သူ၏ ပျင်းရိနေဟန် အသံ ထပ်မံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ငါလည်း အဲဒီဘက်သွားမှာပဲ။ လိုက်လာခဲ့။"

ထိုသို့ပြောပြီးသွားသည်နှင့် ချီရှသည် သူက သူမအား လမ်းပြကာ လျှောက်သွားသည်ကို မြင်လိုက်ရသည်။

ချီရှောင်ပိုင်၏ ပျင်းရိသော အကြည့်များက တစ်ဖန်ကျရောက်သွားပြီး သူ့အရှိန်ကို လျှော့လိုက်ကာ လမ်းပျောက်တတ်သည့် မိန်းကလေး လိုက်မီစေရန် လုပ်ပေးလိုက်သည်။

ပေကျင်းအမှတ်တစ် အထက်တန်းကျောင်းတွင် ရေကူးကန် သုံးခုရှိသည်။ ဤမိန်းကလေး၏ အူကြောင်ကြောင် အ​ကြည့်များကို ကြည့်၍ ဆုံးဖြတ်ရလျှင် သူမက သေချာပေါက် တစ်ယောက်တည်း လမ်းရှာတွေ့နိုင်မည် မဟုတ်ပေ။

အခုက အချိန်စောနေသေးသည်။ လမ်းလျှောက်ရင်း အချိန်ဖြုန်းခြင်းက သူ့အတွက် ပြဿနာမဖြစ်နိုင်ချေ။

ချီရှက သူမထက် ခေါင်းတစ်လုံးစာ ပိုအရပ်ရှည်သော ကျောင်းသားကို ကြည့်လိုက်သည်။ သူမက နှစ်စက္ကန့်လောက် တွေဝေနေပြီးနောက် သူ့ခြေလှမ်းများနောက် အမီလိုက်သွားခဲ့သည်။

သူတို့နှစ်ယောက်က ပရုတ်ပင်တန်း ခြံရံထားသော လမ်းထက်တွင် တစ်မီတာအကွာအဝေးကို ထိန်းသိမ်းထား၍ အတူလျှောက်နေခဲ့သည်။

တစ်လမ်းလုံး နောက်ထပ် စကားတစ်ခွန်းမှ မပြောခဲ့ပေ။

သူတို့ ဦးတည်ရာသို့ ရောက်သည့်အခါ ချီရှောင်ပိုင်က မေးငေါ့၍ စမ်းသပ်ဆောင်ကို ပြလိုက်သည်။

"အဲဒီမှာ ရောက်ပြီ။"

ချီရှက ပြုံးလိုက်သည်။ "ကျေးဇူး--"

သူမ စကားမဆုံးခင် အသံတစ်ခုက ကြားဖြတ်နှောက်ယှက်လိုက်သည်။

"ရှရှ အမေ ဒီမှာ--"

ချင်ကျားမုက အတန်းပိုင်ဆရာမနှင့် စကားပြော၍ ပြီးသွားသဖြင့် ထွက်လာလာချင်း သူမ သမီးကို ချက်ချင်း တွေ့လိုက်ရသည်။

တခဏအတွင်း သူမ မျက်လုံးများက ကျဥ်းမြောင်းသွားပြီး စိုးရိမ်ပူပန်စိတ်တို့ ဝင်ရောက်လာ၏။

သူမ ဘေးက အဲဒီအကောင်လေးက ဘယ်သူလဲ။

သူမ အမေကို မြင်သည့်အခါ ချီရှက ချက်ချင်း မသွားခဲ့ပေ။ သူမက သူမကို လမ်းပြပေးခဲ့သည့် ကောင်လေးအား အရင် ကျေးဇူးတင်စကားပြောရန် ရည်ရွယ်လိုက်သည်။

သို့သော် သူမ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူမ ဘေးမှ ကောင်လေးက ထွက်သွားပြီ ဖြစ်သည်။

အဝေးသို့ ကြည့်လိုက်သည့်အခါ သူမက ကောင်လေး၏ အရပ်မြင့်မြင့် ပိန်သွယ်သည့် ပုံရိပ်က ပေါ့ပါးသော ခြေလှမ်းများနှင့် သူမတို့ လာခဲ့သည့် လမ်းတလျှောက်ကို ပြန်လျှောက်သွားခဲ့ပြီ ဖြစ်သည်။

ချီရှက ခဏလောက် ကြောင်အမ်းစွာ စိုက်ကြည့်နေခဲ့သည်။

သူလည်း သည်လမ်းက သွားမလို့ဟု အခုလေးတင် ပြောခဲ့တာ မဟုတ်ဘူးလား။

သူ ဘာလို့ အဲဒီဘက်ကို ပြန်သွားရတာလဲ။

သူမက ကြောင်တောင်တောင်နှင့် ရပ်နေစဥ် သူမ အမေက လှေကားအောက်သို့ ဆင်းလာကာ သူမဘေး၌ ရပ်၍ သူမ၏ ​အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။

"ရှရှ အဲဒီကောင်လေးက ဘယ်သူလဲ။"

ချီရှက သူမ အမေ၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။ "အမှတ်တစ် အထက်တန်းကျောင်းက ကျောင်းသားတစ်ယောက်ပါ။"

ချင်ကျားမုက စိုးရိမ်စွာ ကြည့်လိုက်သည်။ "အဲဒီကောင်လေးက သမီးကို လိုက်ဖို့ ကြိုးစားနေတာလား။"

သူမ သမီးက အလွန် လှပသောကြောင့် ချင်ကျားမုသည် အမြဲ စိုးရိမ်ပူပန်နေရပေသည်။

ရလဒ်အနေနှင့် သူမ သမီးဘေး၌ အသက်အရွယ်တူ ကောင်လေးများကို မြင်သည့်အခါတိုင်း သူမက မသိလိုက်ဘဲ အသေးစိတ် စစ်ဆေးကြည့်ရှုမိမည် ဖြစ်သည်။

မူလတန်းကျောင်းတက်ကတည်းက သူမ၏ အဖိုးတန်သမီးလေး ဘေး၌ ဝန်းရံနေသော ကောင်လေးများက အမြဲ မပြတ်လပ်ပေ။

အလယ်တန်းကျောင်းသို့ ရောက်သည့်အခါ ကောင်လေးများသည် သူမ သမီးထံမှ 'စာအုပ်ငှားခြင်း' 'ဘောပင်န်ငှားခြင်း' နှင့် 'ထီးငှားခြင်း' ဟူသော အကြောင်းပြချက်များနှင့် ပို၍ပင် ချဥ်းကပ်လာကြသည်။

ချင်ကျားမု၏ အတွေ့အကြုံအရ သူမသည် ထိုကောင်စုတ်လေးများ၏ ရည်ရွယ်ချက်ကို အကြည့်တစ်ချက်နှင့်ပင် မြင်နိုင်ပေသည်။

ထို့ကြောင့် အထက်တန်းကျောင်းသို့ ရောက်သည့်အခါ တင်းကျပ်သော စည်းမျဥ်းစည်းကမ်းများကြောင့် ကျော်ကြာသည့် ကျောင်းတစ်ကျောင်းကို အထူးတလည် ရွေးချယ်ခဲ့သည်။

ယောက်ျားလေးကျောင်းသားများ မရှိသည့် အဆောင်နေကျောင်းမှာ ထားခြင်းက သူမအတွက် ပို၍ စိတ်သက်သာရာ ရစေသည်။

ကံကောင်းစွာနှင့် သူမသမီးက အမြဲတမ်း လိမ္မာရေးခြားရှိပြီး ကောင်လေးများနှင့် ရင်းရင်းနှီးနှီး ပြုမူခြင်းကို မည်သည့်အခါမှ မတွေ့ဖူးခဲ့ပေ။

​

ထိုသည်ကို တွေးမိသည့်အခါ ချင်ကျားမုက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

သူမ၏ ချစ်ရသော သမီးလေးကို မမွေးခင်မှာ သူမ၏ ဘာမှဂရုမစိုက်တတ်သော လွတ်လပ်သည့် စိတ်နေစိတ်ထားက ထိုမျှ ယုံမှားသံသယလွန်ကဲသည့် အခြေအနေသို့ ရောက်ရှိသွားရလိမ့်မည်ဖြစ်ကြောင်း သူမ မည်သို့ သိခဲ့ပါမည်နည်း။

သူမ၏ အဖိုးတန်သမီးလေးကို မွေးပြီးကတည်းက သူမက သမီးလေးအား ကမ္ဘာပေါ်၌ အကောင်းဆုံး အရာများသာ ပေးချင်ခဲ့ပေသည်။

သူမက အပြောချိုသော ယောက်ျားတစ်ယောက်း လှည့်စားမှုကို ခံစားရပြီး ကြီးပြင်းလာရမည် မဟုတ်ပေ။

ချီရှသည် သူမအမေ၏ ဆိုလိုရင်းအား သိရှိပေသည်။ သူမက ချွဲချွဲနွဲ့နွဲ့နှင့် ပြောလိုက်သည်။

"မေမေ မဟုတ်ပါဘူး။ သူက သမီးကို လမ်းရှာတွေ့အောင် ကူညီပေးခဲ့တဲ့ လူကောင်းလေးပါ။ သူက အဲဒီလို မကောင်းတဲ့ ကလေးမျိုး မဟုတ်ပါဘူး။" ချီရှက ရှင်းပြလိုက်သည်။

သူ့တွင် အေးစက်သည့် မျက်နှာရှိသော်လည်း နှလုံးသားနွေးထွေးသည့် လူကောင်းလေး ဖြစ်သည်။

ချင်ကျားမုက စိုးရိမ်နေဆဲ ဖြစ်သည်။ သူမက သမီးဖြစ်သူ၏ ဆံပင်လေးအား ပွတ်သပ်လိုက်ရင်း လေးလေးနက်နက် သတိပေးလိုက်သည်။

"ဟုတ်ပါပြီ။ အမေ ထပ်ပြောဦးမယ်။ သမီးကျောင်းမှာ စာကို ကောင်းကောင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလား ဂရုမစိုက်ဘူး။ ဒါပေမယ့် အနည်းဆုံး တက္ကသိုလ်ရောက်တဲ့အထိတော့ ချိန်းတွေ့ဖို့ ခွင့်မပြုဘူးနော်။ သမီးအဖေလို သိမ်မွေ့ညင်သာပြီး ထောက်ထားညှာတာတတ်တဲ့ သူမျိုးကို ဉာဏ်ရှိရှိနဲ့ ရှာရမယ် ဟုတ်ပြီလား။"

သူတို့ လမ်းလျှောက်နေရင်း ချီရှက သူမ အမေလက်မောင်းကို လွှဲယမ်းရင်း ရွှတ်နောက်နောက် ပြောလိုက်သည်။

"သိပါပြီ။ သိပါပြီ။ မေမေ့ မျက်လုံးထဲမှာ ဘယ်သူမှ ဖေဖေ့လောက် မကောင်းဘူး။ ဖေဖေကပဲ တစ်လောကလုံးမှာ အကောင်းဆုံးသူပါ ဟုတ်ပြီလား။"

ချင်ကျားမု : ...

အဲဒါက အဓိကအချက် မဟုတ်ဘူးလေ။

***

All Chapters