← Chapters

ဒါက အသိပေးတာပဲ၊ ဆွေးနွေးနေတာ မဟုတ်ဘူး

Vol. 5 Ch. 62

ဒါက အသိပေးတာပဲ၊ ဆွေးနွေးနေတာ မဟုတ်ဘူး

Vol. 5 Ch. 62

ရှန်းမူမူတို့ အတန်းပိုင်ဆရာမ၏ ရုံးခန်းမှ ထွက်လာသောအခါတွင် နေ့လည်စာစားချိန်သို့ပင် ရောက်ရှိနေခဲ့ပြီ။

ချီရှောင်ပိုင်သည် ရှန်းမူမူထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ကားပါကင်တွင် တွေ့ဆုံဖို့ ထွက်လာခဲ့သည်။

ဒရိုင်ဘာရှောင်ဝမ်သည် အဝေးကနေ သူတို့သုံးယောက်သား လျှောက်လာတာကို တွေ့လိုက်ရသည်။ သူက ရိုသေလေးစားစွာ ကားတံခါးကိုဖွင့်ပြီး ဘေးနားမှာ ရပ်စောင့်နေခဲ့သည်။

ချီရှောင်ပိုင်သည် သူ့လမ်းလျှောက်နှုန်းကို တိတ်တဆိတ် အရှိန်မြှင့်ပြီး ခရီးသည်ထိုင်ခုံထဲသို့ ဝင်ထိုင်လိုက်သည်။

ရှန်းမူမူနှင့် ချီမော့တို့သည် သဘာဝကျကျပင် အနောက်ခန်း၌ ဝင်ထိုင်လိုက်ကြသည်။

ချီရှောင်ပိုင်၏ ဖုန်းက တုန်ခါလာခဲ့သည်။

ဝေကျောက်နန်ထံမှ ဝီချက်မက်ဆေ့ချ်ဝင်လာတာဖြစ်ပြီး သူ့ထံသို့ ညည်းညူသည့် စာအတန်းလိုက် သုံးခု ပို့လာခဲ့သည်။

“ရုပ်ချောကြီးကျောက်နန် - ငါ့အမေက အတန်းပိုင်နဲ့ စကားပြောပြီးတော့ ငါ့ကို ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းခဲ့တယ်။ ငါ သေပြီ။ ငါ့အမေက ငါ့အတွက် အိမ်မှာ ကျူရှင်သင်ဖို့ ဆရာမတစ်ယောက် ရှာပေးမယ်လို့ပြောတယ်။”

“ရုပ်ချောကြီးကျောက်နန် - စွင်းဝူခုန်း အရမ်းစိတ်တိုနေပြီ.jpg"

“ရုပ်ချောကြီးကျောက်နန် - ငါ အရမ်းစိတ်ညစ်နေပြီ။”

ချီရှောင်ပိုင်၏ အကျင့်စရိုက်အရ သူ့ကို ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် စကားအကောင်းပြန်ပြောဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ပေ။

“ချီ - မင်းနဲ့ ထိုက်တန်တယ်။”

“ရုပ်ချောကြီးကျောက်နန် - ဟီးဟီး… မင်းလည်း ကျူရှင်အပေးခံရဖို့ ငါ မိုးကောင်းကင်ကို ဆုတောင်းထားတယ်။”

“ချီ - မဖြစ်နိုင်ဘူး။”

“ရုပ်ချောကြီးကျောက်နန် - မင်း ဆောင်ပုဒ်တစ်ခုကိုသိနေမလားပဲ။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးတဲ့ကွ။”

“ချီ - တိတ်စမ်း။”

အင်္ဂလိပ်စာကိုမြင်လိုက်တာနဲ့ သူ့ဦးရေပြားတွေ စပ်ဖျဉ်းဖျဉ်းဖြစ်လာသလို ခံစားရသည်။

သူက ပိုမိုပြင်းထန်တဲ့လှောင်ပြောင်တဲ့စကားတွေနဲ့ ပြန်လည်ပစ်ပေါက်နေချိန်တွင် ကားနောက်ခန်းမှာ ထိုင်နေတဲ့ ရှန်းမူမူကနေ သူ့ကို စကားလှမ်းပြောသံကို ကြားလိုက်ရသည်။

“ရှောင်ပိုင် ဒီနေ့ မင်းတို့အတန်းပိုင်ဆရာမနဲ့ စကားပြောပြီးတော့ မင်း အင်္ဂလိပ်စာအတွက် ကျူရှင်ပြပေးဖို့ လိုအပ်နေပြီလို့ ငါတို့အားလုံး သဘောတူကြတယ်။”

ချီရှောင်ပိုင် - “…”

မဖြစ်နိုင်တာ။

ကံကြမ္မာက အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ ပြန်ရောက်လာပဲလား။

တကယ်လို့သာ ငါ ကြိုသိခဲ့မယ်ဆိုရင် ဝေကျောက်နန်ကို ငါ မလှောင်ပြောင်ခဲ့ပါဘူးကွာ။

ငါ့မက်ဆေ့ချ်တွေကို အခု ပြန်ဖျက်ဖို့ အချိန်မီနိုင်သေးလား။

သူ့ကြည့်ရတာ လုံးဝ စိတ်မပါသလိုပင်။ ချီရှောင်ပိုင်က သူ့ခေါင်းကို နောက်ပြန်လှည့်ပြီး ထုတ်ပြောလာခဲ့သည် - “ကျွန်တော် ကျူရှင်မသင်ချင်ဘူး။”

ရှန်းမူမူက သူမရှေ့ရှိ ထိုင်ခုံနောက်ကျောကို ထုပြီး သူမ၏ အသံကို မြင့်လိုက်သည် - “ဒါက သတိပေးချက်ပဲ၊ ငြင်းပယ်ခွင့်မရှိဘူး။”

ချီရှောင်ပိုင်၏ အကြည့်တွေက သူ့အဖေထံ အမှတ်တမဲ့ ကျရောက်သွားခဲ့သည်။

သူ့အဖေက ကားပြတင်းပေါက်အပြင်ဖက်သို့ အကြည့်လွှဲနေပြီး သူက သူတို့၏ စကားဝိုင်းကို နားမထောင်နေသည့်ပုံစံပေါ်သည်။

ဒါပေမယ့် သူ့ရဲ့ “ကျွန်တော် ကျူရှင်မသင်ချင်ဘူး” ဟု ပြောသံကိုကြားတော့ သူ့မျက်ခုံးတွေက သိသိသာသာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ချီရှောင်ပိုင်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး တံတွေးမျိုချကာ အင်တင်တင်ဖြင့် မေးလာခဲ့သည် - “ဘယ်ဆရာနဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ သင်ရမှာလဲ။”

ရှန်းမူမူသည် ထိုင်ခုံနောက်ကျောကို လက်သီးဖြင့် ထုနေသေးသော်လည်း သူမ၏ အကြည့်တွေကတော့ နူးညံ့ပျော့ပြောင်းနေပြီးသားပင် - “ငါ သင်ပေးမှာ၊ နေ့တိုင်းကျောင်းဆင်းပြီးချိန် အိမ်ပြန်ရောက်တာနဲ့ တစ်နေ့ကို နာရီဝက် သင်ရမယ်။”

“မင်းလား…” ချီရှောင်ပိုင်က မယုံကြည်နိုင်စွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ “ကျွန်တော့်ကို ကျူရှင်ပြပေးမှာလား။ အိမ်သင်ကျူရှင်ဆရာတစ်ယောက် ရှာပေးမှာ မဟုတ်ဘူးလား။”

ရှန်းမူမူက မျက်ခုံးပင့်လိုက်သည်၊ “ဘာလဲ၊ နင့်အဆင့်တွေက အရမ်းဆိုးရွားနေတာကိုတောင် နင်က ဆရာကို ဟိုဟိုဒီဒီ ရွေးချယ်ချင်နေသေးတာလား။ ဒါမှမဟုတ် နင့်အဖေကိုပဲ သင်ပြခိုင်းရမလား။”

သူမက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

သူမပါးစပ်ကနေ ထိုစကားလုံးတွေ ထွက်ကျလာသည်နှင့် တပြိုင်နက် ချီရှောင်ပိုင်၏ အမူအရာက ချက်ချင်းဆိုသလို အေးခဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ချီရှောင်ပိုင်က သူ့ခေါင်းကို ဖြည်းညှင်းစွာ ပြန်လှည့်သွားပြီး “ရွေးချယ်ဖို့မလိုပါဘူး၊ ခင်ဗျားပဲသင်ပေးပါတော့” ဟု အလွန်အမင်း မလိုလားစွာဖြင့် ပြန်ဖြေခဲ့သည်။

သူ့ကို အင်္ဂလိပ်စာသင်ပေးဖို့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် သင်ကြားပြပေးမည့် သူ့အဖေရဲ့ အေးစက်တဲ့ အသွင်အပြင်ကို တွေးကြည့်လိုက်ရုံဖြင့် တွန့်ဆုတ်သွားခဲ့မိသည်။

ဒါက တကယ့်ကို… ထူးဆန်းလွန်းတယ်။

သူတို့၏ စကားဝိုင်းကိုကြားပြီးနောက် တစ်ချိန်လုံး ကားပြတင်းအပြင်သို့ စိုက်ကြည့်နေသော အမျိုးသားသည် ရှန်းမူမူဖက်သို့ ပြန်လှည့်လာပြီး “သူ့ကို ကျူရှင်သင်ပေးဖို့ ကိုယ့်ကို မလိုအပ်ဘူးလား” ဟု မေးလာခဲ့သည်။

ပူပြင်းစူးရှတဲ့ နေ့လည်ခင်း နေရောင်ခြည်က ချီမော့၏ အေးစက်ဖြူဖျော့နေသည့် မျက်နှာပေါ် အလင်းထိုးနေသဖြင့် သူ၏ ထင်ရှားပြတ်သားသည့် အသွင်အပြင်ကို နွေးထွေးသည့် ရွှေအိုရောင်အလင်းဖြင့် ဝန်းရံထားကာ ထင်ရှားပေါ်လွင်နေစေခဲ့သည်။

ရှန်းမူမူက လက်ခါပြလိုက်သည် - “ကြက်သတ်ဖို့အတွက်နဲ့ ဘာဖြစ်လို့ အရိုးခုတ်ဓားမကို အသုံးပြုရမှာလဲ။”

ချီရှောင်ပိုင် - “…”

ချီမော့က ခဏရပ်သွားပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေက ကွေးညွှတ်သွားကာ ဖျတ်ခနဲ ပြုံးလိုက်မိသည်။

“ကောင်းပြီ။”

ကားသည် လမ်းမပေါ်မှာ ဆက်လက်မောင်းနှင်နေခဲ့သည်။

ချီရှောင်ပိုင်သည် ကျူရှင်သင်ကြားရမည့် အဖြစ်မှန်ကို လက်မခံနိုင်သေးပေ။

သူက ဝေကျောက်နန်ထံသို့ ညည်းညူရန် ဝီချက်မက်ဆေ့ချ်ပို့လိုက်သည်။

တိတ်ဆိတ်နေသော ကားထဲတွင် သူ၏ စာရိုက်နေသောအသံကိုသာလျှင် ကြားနိုင်ပေသည်။

ရှန်းမူမူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိပုံရသည်။ သူမ၏ မျက်လုံးတွေက တလက်လက် တောက်ပလာပြီး ချီမော့ကို အပြုံးဖြင့် ကြည့်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်စွာဖြင့် သူမလက်ကို လက်ကိုင်အိတ်ထဲသို့ ထည့်လိုက်သည်။

သူမလက်ကိုပြန်ထုတ်လိုက်ချိန်တွင် သူမလက်ထဲတွင် စက္ကူအိတ်တစ်လုံး အပိုပါလာခဲ့သည်။

ရှန်းမူမူသည် ဆွဲထုတ်လာခဲ့သည့် စက္ကူအိတ်လေးကို ချီမော့ရှေ့သို့ လက်ဆန့်ပေးလိုက်သည် - “ရှင့်အတွက် ကျောက်ထန်းသကြားလုံး ဝယ်လာခဲ့တယ်”

ရှန်းမူမူသည် သူမ သူ့ကို အစောပိုင်းက ပေးထားတဲ့ ကတိစကားကို မမေ့လျော့ခဲ့ပေ။

တကယ်လို့ သူမ ကျောက်ထန်းသကြားလုံးရောင်းတဲ့ဆိုင်ကိုတွေ့ရင် သူ့အတွက် ပြန်ဝယ်လာပေးပါလိမ့်မည်။

အခု ကျောင်းနောက်ဖေးမှာ ကျောက်ထန်းသကြားလုံးရောင်းတဲ့ဆိုင်ကိုတော့ သူမ သူ့အတွက် သကြားလုံး တစ်အိတ် အထူးတလည် တန်းစီပြီး ဝယ်လာပေးခဲ့သည်။

ချီမော့၏ အကြည့်တွေက အနည်းငယ် တဖျတ်ဖျတ် လင်းလက်သွားသည်။ သူက လှမ်းယူဖို့လုပ်ချိန်တွင် ရှန်းမူမူက သူမလက်ကို ပြန်ရုတ်သိမ်းကာ “ကျွန်မကို အရင် တစ်ခုကျွေးကြည့်” ဟု ပြောလိုက်သည်။

သူမက ထိုသို့ပြောပြီး စက္ကူအိတ်ကို ပျော်ရွှင်စွာ ဖွင့်လိုက်သည်။

ရုတ်ခြည်းဆိုသလို သူမ၏ မျက်နှာအမူအရာက မည်းမှောင်သွားခဲ့သည်။

ချီမော့က မေးသည်၊ “ဘာဖြစ်တာလဲ။”

ရှန်းမူမူက နောင်တရစွာ ပြောလိုက်သည်၊ “သကြားလုံးတွေ ကွဲကုန်ပြီ။”

သူမ အစောပိုင်းက နှာဘူးကောင်ကို အိတ်ဖြင့် ရိုက်နှက်လိုက်တုန်းက ကွဲကုန်တာ ဖြစ်နိုင်သည်။

ချီမော့၏ အသံက နူးညံ့သိမ်မွေ့စွာ ထွက်ပေါ်လာခဲ့သည်၊ “အဆင်ပြေပါတယ်၊ သူတို့က ကွဲသွားရင်တောင် စားနိုင်ပါသေးတယ်။”

ရှန်းမူမူသည် အစကတည်းကပင် သူတို့ကို လွှင့်ပစ်ဖို့ ရည်ရွယ်ချက် မရှိပေ။ သူက ဒီလိုပြောတာကိုကြားတော့ သူမ သိချင်စိတ် ပြင်းပြသွားခဲ့သည်။

ရှန်းမူမူသည် နောက်ကျောကိုမှီပြီး အနောက်တိုင်း ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး သိမ်မွေ့သော မျက်နှာထားရှိသည့် သူမရှေ့ရှိလူကို စိတ်ဝင်တစား ကြည့်လိုက်သည်။

နာမည်ကြီး စီးပွားရေးလုပ်ငန်းစုကြီး၏ အထင်ကြီး လေးစားဖွယ်ကောင်းသော စီအီးအိုဖြစ်သူ ချီမော့သည် ရိုးရိုးကျောက်ထန်းသကြားလုံးများကို နှစ်သက်သဘောကျနေသည်မှာ ထူးခြားဆန်းပြားသော အရသာများကို ငြီးငွေ့နေလို့များလား။

ဒါက ကျောက်ထန်းသကြားလုံးလေးပါပဲ။

သူက ဒါကို ဒီလောက်တောင် ကြိုက်တယ်လား။

ကျောက်ထန်းသကြားလုံးတွေ ကွဲသွားတာတောင် သူက အဲ့တာတွေကို လွှင့်ပစ်ဖို့ ဆန္ဒမရှိပေ။

ချီမော့သည် သူမလက်ထဲမှ စက္ကူအိတ်ကိုလှမ်းယူလိုက်ပြီး သူ၏ အနက်ရောင်မျက်ဝန်းတို့ဖြင့် အကြည့်ချင်းဆုံကာ “မင်း ဘာဖြစ်လို့ ဒီလိုကြည့်နေတာလဲ” ဟု မေးလိုက်သည်။

ရှန်းမူမူတစ်ယောက် အသိပြန်ကပ်သွားသည်။ သူမက ခေါင်းခါလိုက်သည်၊ “ဘာမှ မဟုတ်ပါဘူး။”

သူမသည် စပ်စုချင်မိသော်လည်း သူမသည် ဒါကို စေ့စေ့ပေါက်ပေါက် သိချင်လောက်သည့်အထိ မဖြစ်မိတာကြောင့် မစပ်စုလိုက်တော့ပေ။

စီအီးအိုတစ်ဦးတွင် ဤကဲ့သို့ ထူးခြားမှုအချို့ရှိရန် လိုအပ်သည်။

ဒါက လက်သင့်ခံနိုင်စရာပါပဲ။

...

ကားသည် ရှီယွီယွဲ့ဗီလာဝန်းသို့ တန်းတန်းမတ်မတ် ပြန်မမောင်းခဲ့ပေ။

ရှန်းမူမူ၏ အကြံပြုချက်အရ သူတို့သုံးဦးသည် အင်္ဂလိပ်စာကိုးကားစာအုပ်များကို ဝယ်ယူရန် စာအုပ်ဆိုင်သို့ သွားခဲ့ကြသည်။

ပြီးတော့ သူတို့သည် အနီးနားရှိ စားသောက်ဆိုင်မှာပဲ စားသောက်ခဲ့ကြသည်။

ရှော့ပင်းမောလ်မှ ထွက်လာသောအခါ မှောင်စပျိုးနေခဲ့ပြီ။ ထိုအခါမှသာ ကားသည် ရှီယွီယွဲ့ဗီလာဝန်းသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

သူတို့နေထိုင်ရာ ခြံတံခါးဝသို့ ကွေ့ဝင်ခါနီးတွင် လူတစ်ဦးသည် လမ်းဘေးမှ ရုတ်တရက် ခုန်ထွက်လာကာ လမ်းကို ပိတ်ဆို့လိုက်သည်။

***

All Chapters