ရှန်းလဲ့ = အမှိုက်
Vol. 5 Ch. 63
ရှန်းလဲ့သည် ရှေ့သို့ ငုံ့ကာ ကားအတွင်းပိုင်းသို့ ကောင်းကောင်းမြင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ကားထဲမှာ ရှန်းမူမူ ရှိနေလားဆိုတာကို သူ ရှင်းရှင်းလင်းလင်း မြင်ချင်သည်။
လုံခြုံရေးအစောင့်တွေက သူ့ကို ဆွဲထုတ်သွားခဲ့သည်။
“ဘာလဲ။ မင်း ထပ်လာပြန်ပြီလား။ မင်း မထွက်သွားနိုင်သေးဘူးလား။”
ရှန်းလဲ့သည် ကားပေါ်ကလူတွေကို လက်ညှိုးညွှန်ပြသည်။ “ဒါက ငါ့ညီမပဲ။ ငါက အိမ်ပိုင်ရှင်ရဲ့ ဆွေမျိုးတစ်ယောက်လို့ မင်းကိုပြောသားပဲ။”
လုံခြုံရေးအစောင့်က သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားကာ ဘေးသို့ ဆွဲထုတ်သွားသည်။
“မင်း ဘယ်သူ့ကို လာလိမ်ဖို့ ကြိုးစားနေတာလဲ။ တကယ်လို့ မင်းသာ ဆွေမျိုးသားချင်းတစ်ယောက်ဆိုရင် မင်းရဲ့ အထောက်အထားကို သက်သေပြဖို့ ဘာဖြစ်လို့ ဖုန်းမခေါ်တာလဲ။ သွား…၊ သွား…၊ ပုံပြင်တွေပြောနေတာကို ရပ်လိုက်တော့။”
ကားပြတင်းပေါက်မှ အက်ကွဲကြောင်းတစ်ခုဆီကနေ သူတို့၏ ငြင်းခုံသံများ လွင့်ပျံလာခဲ့သည်။ ရှန်းမူမူသည် ဒါကိုကြားတော့ မျက်မှောင်ကြုတ်ပြီး အတွေးများသွားခဲ့သည်။
ရှန်းလဲ့သည် လုံခြုံရေးအစောင့်နှင့် ဆက်လက်ငြင်းခုံနေခဲ့သည်။ “သူတို့က ငါ့ညီမအရင်းနဲ့ ငါ့ယောက်ဖပဲ။”
လုံခြုံရေးအစောင့်သည် လိုင်စင်နံပါတ်ပြားကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က မယုံကြည်မှုတွေက ပိုသိသာလာခဲ့သည်။
ဤသည်မှာ ချီမိသားစုယာဉ်များ၏ လိုင်စင်နံပါတ်ပြား ဖြစ်သည်။
ဒီလူက ချီမော့ကို သူ့ယောက်ဖလို့ပြောနေတာလား။
ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။
လုံခြုံရေးအစောင့်၏ ခဏတာ လှစ်ဟမှုကို အခွင့်ကောင်းယူပြီး ရှန်းလဲ့သည် သူ့ကို ဖမ်းချုပ်ထားသော လက်မှ လွတ်မြောက်သွားကာ ကားပြတင်းပေါက်နားသို့ ပြေးသွားခဲ့ပြီး အတွင်းဘက်သို့ ငုံ့ကိုင်းကြည့်ကာ ပြောလိုက်သည်။ “မူမူ၊ ဆင်းလာပါဦး။ ဒီလူက ငါ့ကို ဝင်ခွင့်မပြုဘူး။ ငါ ဘယ်သူလဲဆိုတာ သူ့ကို ပြောပြလိုက်။”
ရှန်းမူမူသည် မသိစိတ်က သူ့အလိုလို နောက်ပြန်ဆုတ်ကာ အကွာအဝေး တစ်ခုကို ဖန်တီးလိုက်မိသည်။
တစ်ချိန်တည်းမှာပင် ဤလူသည် မူလကိုယ်၏ သွေးစုပ်ဖုတ်ကောင်အစ်ကို ရှန်းလဲ့ဖြစ်သည်ကို သူမ လုံးဝ နားလည်သဘောပေါက်သွားခဲ့သည်။
မကြာသေးမီက သူမသည် အလွန်ပျော်နေခဲ့ပြီး ဤအညစ်အကြေး၏ တည်ရှိမှုကို မေ့လုနီးပါး ဖြစ်ခဲ့သည်။
အခု သူသည် သူမရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး သူမကို အနည်းငယ် အံ့အားသင့်သွားစေသော်လည်း သူမ၏ သမာဓိကို ဆုံးရှုံးသွားစေဖို့ မလုံလောက်ပေ။
ရှန်းမူမူသည် သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး သူမလက်ကို ဘေးသို့ ရွှေ့လိုက်သည်။
သူမသည် ကားပြတင်းပေါက်မှန်ကို ဖြည်းညှင်းစွာ ပြန်တင်လိုက်သည်။
ရှန်းလဲ့သည် အံ့အားသင့်စွာ ကားပြတင်းပေါက်မှန်ကို ပုတ်လိုက်သော်လည်း သူ့အော်သံများ တိတ်ဆိတ်သွားခဲ့သည်။
“ဟေး…၊ မင်း ဘာလုပ်နေတာလဲ။”
“မင်း ဘာဖြစ်လို့ ကားပြတင်းမှန်ကို ပိတ်လိုက်တာလဲ။”
...
ချီမော့နှင့် ချီရှောင်ပိုင်တို့သည် ရှန်းမူမူ၏ လုပ်ရပ်ကိုမြင်ပြီး အစောပိုင်းက အငြင်းပွားမှုကိုလည်း မြင်တွေ့ခဲ့ရသည်။
ထိုလူ၏ အေးစက်သော မျက်လုံးများကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာအမူအရာက မည်းမှောင်သွားခဲ့သည်။
သူတို့အိမ်ထောင်မပြုခင်မှာ သူ့အထူးလက်ထောက်သုန်း တင်ပြခဲ့တဲ့ အချက်အလက်တွင် ဤမျက်နှာကို မြင်တွေ့ဖူးသည်။
ရှန်းလဲ့သည် ပညာမတက်ဘဲ ငွေဆုံးရှုံးသည့် ဖြစ်ရပ်မျိုးတွင် ဖြစ်စေ၊ ငွေဆုံးရှုံးခါနီး ကိစ္စရပ်မျိုးတွင် ဖြစ်စေ အမြဲပါဝင်ပတ်သက်နေသည့် လူ့အမှိုက်မျိုး ဖြစ်သည်။
သူသည် မြင့်မားသော ပန်းတိုင်ကို ရည်မှန်းထားသော်လည်း ထိုပန်းတိုင်သို့ ရောက်ရန် အရည်အချင်း မရှိသည့် လူတန်းစားထဲမှ တစ်ဦး ဖြစ်သည်။
တစ်ဖက်တွင်မူ ချီရှောင်ပိုင်သည် တစ်ဖက်လူအကြောင်းကို မသိခဲ့ပေ။ ရှန်းလဲ့၏ စကားကို ကြားသောအခါ လုံးလုံး စိတ်ရှုပ်သွားပုံရသည်။
ရှန်းမူမူက သူမ နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။
သူမသည် ဖြေရှင်းဖို့ လိုအပ်တာတွေကို ဖြေရှင်းရပေမည်။
ရှန်းမူမူသည် သက်ပြင်းချပြီး ကားပေါ်ရှိ လူနှစ်ယောက်နှင့် စကားပြောရန် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
“ကျွန်မ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြေရှင်းဖို့ အောက်ကို ခဏလောက် ဆင်းလိုက်ဦးမယ်။ ကျွန်မ ဒီမှာ ခဏစောင့်နေပေး။”
ကားတံခါးကို တွန်းဖွင့်ပြီး ရှန်းမူမူသည် ကားပေါ်မှ ဆင်းလာခဲ့သည်။
အဆုံး၌ သူမ ထွက်လာတာကိုမြင်ပြီး ရှန်းလဲ့သည် ချက်ချင်းဆိုသလို ထူးထူးကဲကဲ အောင်မြင်သွားသလို ခံစားလိုက်ရသည်။
သူက လုံခြုံရေးအစောင့်ကို ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊ အခု ငါဘယ်သူလဲဆိုတာ မင်းသိပြီမလား၊ ခွေးအစောင့်”
ရှန်းမူမူသည် သူ့ကို အေးအေးဆေးဆေး တစ်ချက်ကြည့်ကာ လုံခြုံရေးအစောင့်ဆီသို့ လျှောက်သွားခဲ့သည်။
ရှန်းလဲ့သည် သူ့ဒေါသကို ဖြေလျော့လိုက်နိုင်သလို ခံစားလိုက်ရသည်။ သို့သော် သူလာရောက်လည်ပတ်သည့် ရည်ရွယ်ချက်ကို မမေ့လျော့ခဲ့ပေ။ သူက ရှန်းမူမူအနားသို့ လျှောက်လာပြီး သူမကို တစ်ချိန်တည်း မေးခွန်းထုတ်ခဲ့သည်။
“နင် ငါ့ဖုန်းတွေကို ဘာဖြစ်လို့ ပြန်မဖြေတာလဲ။ နင့်ဖုန်းပျက်သွားလို့လား။”
“နင်က ငါ့ကို ဝီချက်မှာတောင် ဘလော့ထားသေးတယ်။ အဲ့တာ ဘာကို ဆိုလိုတာလဲ။ နင်က အောင်မြင်သွားတာနဲ့ နင့်ဆွေမျိုးရင်းတွေကိုတောင် အသိအမှတ် မပြုနိုင်တော့ဘူးပေါ့လေ။”
“ရှန်းမူမူ ငါ နင့်ကို စကားပြောနေတယ်။ နင် နားမကြားဘူးလား။”
ရှန်းမူမူက သူ့ကို လျစ်လျူရှုထားပုံရပြီး သူ့ကို ပျင်းရိစွာ စိုက်ကြည့်နေကာ သူမ၏ အကြည့်ထဲတွင် အေးဆေးတည်ငြိမ်တဲ့ အလင်းရောင်တွေ ဖြာထွက်နေခဲ့သည်။
ရိုးရိုးသားသားပြောရရင် မူလကိုယ်၏ အစ်ကိုဖြစ်သူက ရုပ်မဆိုးဘူး။
သူ့မျက်နှာသွင်ပြင်က တစ်ခုချင်းစီဆိုရင် ပျမ်းမျှအားဖြင့် သာမာန်ဆန်သော်လည်း ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မဆိုးပါဘူး။
ဒါပေမယ့် သူက ဘယ်လောက်ပဲ လူနဲ့တူနေပါစေ ခွေးထက်တောင် ပိုဆိုးပါသေးသည်။
မူလကိုယ်ထံ ရှန်းလဲ့ ပေးပို့သော ဝီချက်မက်ဆေ့ချ်များကို သူမ မမေ့ခဲ့ပါ။
သူ ပေါ်လာတိုင်း အမြဲလိုလို ငွေနဲ့ ပတ်သက်သည်။
ဟိုးယခင်နှစ်များစွာအထိ စကားပြောမှတ်တမ်းကို ပြန်ဆွဲကြည့်ခဲ့သည်။
ထိုအချိန်တုန်းက မူလကိုယ်သည် သာမန် ရုံးဝန်ထမ်းတစ်ဦးမျှသာ ဖြစ်သည်။
ရုံးဝန်ထမ်းတစ်ယောက်က လစာ ဘယ်လောက်ရနိုင်မလဲ။ သူ့ရဲ့ အဆက်မပြတ် တောင်းဆိုနေတဲ့ ပိုက်ဆံတွေကို ဘယ်လို ပေးနိုင်ပါ့မလဲ။
သူ့ရဲ့ ခေါင်းမာပြီး မာနကြီးသော စိတ်သဘောထားနှင့် စကားလုံးတွေကို ရှန်းမူမူ ပြန်တွေးတိုင်း ရွံ့ရှာမိစေသည်။
မူလကိုယ်က သူ့အား virtual ငွေကြေးများကို ဈေးကစားခြင်း မပြုလုပ်ဖို့၊ အများစုမှာ အရောင်းအဝယ်လုပ်နည်းမသိသူများကို ပစ်မှတ်ထားသည် လိမ်လည်လှည့်ဖြားမှုတစ်ခု ဖြစ်နိုင်သည်ဟု အကြံပေးခဲ့သည့်အခါက ရှန်းလဲ့ ပြောလာသည်မှာ “နင်က နင့်ကိုယ်နင် အတတ်ဆုံး၊ တခြားလူတွေအားလုံးက အရူးတွေပဲလို့ထင်နေတာလား။ နင်က အရမ်းစွမ်းဆောင်နိုင်လို့လား။ နင် အရင်က ဘာဖြစ်လို့ ပိုက်ဆံအများကြီး ရှာနိုင်တာကို မတွေ့ဖူးရတာလဲ။”
မူလကိုယ်က သူမ ငွေရှာရန် ပင်ပင်ပန်းပန်း အလုပ်ကြိုးစားခဲ့သည်ကို ပြောပြပြီး သူမအား တစ်ချိန်လုံး အားမကိုးနေဖို့၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပိုက်ဆံရှာသင့်ကြောင်း ပြောသည့်အချိန်တွင် ရှန်းလဲ့က အရှက်မရှိ ပြန်ပြောလာသည်မှာ “ငါ မင်းကို အားမကိုးရင် ငါ ဘယ်သူ့ကို သွားအားကိုးရမှာလဲ။ ငါက အိမ်ထောင်မပြုရသေးခင် ငါ့မိဘတွေ စောစောစီးစီး ဆုံးပါးသွားခဲ့တယ်။ ငါ ဘယ်သူ့ကို အားကိုးရမှာလဲ။”
မူလကိုယ်၏ ဘောနပ်စ်ကို အဖြတ်ခံလိုက်ရသောအခါ သူမ၏ အလုပ်မှာ ခက်ခဲလာခဲ့သည်။ သူမ၏ တစ်ဦးတည်းသော ဆွေမျိုးကို ရင်ဖွင့်လိုသောအခါ ရှန်းလဲ့သည် သူ့ညီမအတွက် စိတ်မပူဘဲ အဲဒီအစား ပြောလာခဲ့သည်မှာ “ငါ နင့်ကို အလုပ်ပြောင်းဖို့ ပြောပေမယ့် နင်က ငါ့စကားကို နားမထောင်ဘူး။ အခုမှ နောင်တရနေတယ်ပေါ့လေ၊ နင်မှားမှန်း သိပြီလား။”
“နိုင်ငံခြားမှာ အလုပ်သွားလုပ်ရင် ပိုက်ဆံပိုရှာနိုင်တယ်လို့ ငါ့သူငယ်ချင်းတွေဆီက ကြားတယ်။ နင် စမ်းကြည့်သင့်တယ်။”
သေစမ်း…။
ဒါကိုတွေးပြီး ရှန်းမူမူသည် လက်သီးကို တင်းတင်းဆုပ်ကာ သူမ၏ ဒေါသတွေကို ထိန်းဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
ဤစက်ဆုပ်ဖွယ်ကောင်းသောပုဂ္ဂိုလ်သည် မူလကိုယ်၏ အသက်ကို လုံးဝ ဂရုမစိုက်ပေ။
နိုင်ငံခြားမှာ အလုပ်သွားလုပ်ရတာ လွယ်ပါ့မလား။
တကယ်လို့ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် သူမ အသက်ရှင်ရက် ပြန်လာနိုင်ပါ့မလား။
ကားပေါ်ကနေ ဆင်းပြီး လုံခြုံရေးအစောင့်ဆီ ရောက်ဖို့ အကွာအဝေးက သိပ်မရှိပါဘူး။
ဒါပေမယ့် ရှန်းမူမူဟာ သူစိမ်းတစ်ယောက်ဖြစ်တဲ့ ရှန်းလဲ့အပေါ် ဒေါသတွေ သုညကနေ အမြင့်ဆုံးအထိ တိုးလာဖို့ကိုတော့ လုံလောက်ခဲ့၏။
ရှန်းလဲ့သည် သူ့ညီမက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး လုံခြုံရေးအစောင့်ထံ လျှောက်သွားသည်ကို သတိပြုမိသည်။
စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် သူ ရုတ်ခြည်းဆိုသလို နားလည်သဘောပေါက်သွားခဲ့သည်။
အို…၊ သူ့ညီမက သူ့ကို ဆွဲထုတ်ခဲ့တဲ့ လုံခြုံရေးအစောင့်ကို ဆူပူကြိမ်းမောင်းပြီး သင်ခန်းစာပေးချင်တာ ဖြစ်နိုင်တယ်။
ကောင်းပြီ၊ သူပဲ စည်းမျဉ်းစည်းကမ်းတွေက တင်းကြပ်ပြီး ပိုင်ရှင်မဟုတ်သူတွေကို ဝင်ခွင့်မပြုဘူးလို့ ပြောခဲ့တာ မဟုတ်လား။
အခု ပိုင်ရှင်အစစ်ရောက်လာပြီဆိုတော့ ဘယ်လို ပြန်တောင်းပန်မလဲဆိုတာကို ကြည့်ရအောင်။
လုံခြုံရေးအစောင့်က သူ့ကို မျက်နှာသာမပေးတာက ရှန်းမူမူကို မျက်နှာသာမပေးတာနဲ့ အတူတူပဲ။
ထုံးစံအတိုင်း သူ့ကို သင်ခန်းစာတစ်ခု ပေးသင့်သည်။
ရက်ပေါင်းများစွာ အဝေးသို့ နှင်ထုတ်ခံရခြင်း၏ အရှက်တရားသည် သိပ်မကြာခင်အချိန်အတွင်းမှာပင် ဖယ်ရှားနိုင်တော့မည်ဟု တွေးလိုက်မိရာ ရှန်းလဲ့၏ မျက်နှာပေါ်ရှိ အမူအရာသည် ပို၍ ဂုဏ်ယူဝံ့ကြွားလာခဲ့ပြီး သူ့အောက်နှုတ်ခမ်းကို စိတ်လှုပ်ရှားစွာ ကိုက်လိုက်သည်။
ရှန်းမူမူသည် လုံခြုံရေးအစောင့်၏ အရှေ့တွင် ရပ်တန့်လိုက်သည်။
ရှန်းမူမူက မျက်လွှာချကာ အသာလေး ခေါင်းဆတ်ပြလိုက်သည်။
သူမသည် စစ်မှန်သော တောင်းပန်သည့် အမူအရာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်မ တောင်းပန်ပါတယ်၊ ဒီလူက ရှင့်ကို ဒုက္ခများစေမိပြီ။”
“ရှန်းမူမူ နင် ဘာပြောနေတာလဲ” ရှန်းလဲ့၏ ဘဝင်ခိုက်နေသောအပြုံးသည် ချက်ချင်းဆိုသလို အေးခဲသွားပြီး “နင် သူ့ကို ဘာဖြစ်လို့ တောင်းပန်နေရတာလဲ” ဟု စိတ်ရှုပ်ထွေးစွာ အော်ဟစ်လိုက်သည်။
လုံခြုံရေးအစောင့်က အံ့အားသင့်သွားပြီး ခပ်မြန်မြန် ပြောလိုက်သည်၊ “မဟုတ်တာ…၊ မဟုတ်တာ…၊ မစ္စချီ ဒါက ကျွန်တော်တို့ အလုပ်ပါပဲ၊ သူက မစ္စချီရဲ့ ဆွေမျိုးမှန်း ကျွန်တော်တို့ မသိခဲ့လို့ပါ၊ ဒါ့ကြောင့်…”
ရှန်းမူမူက သူမ၏ မျက်လုံးကို ဖြည်းညှင်းစွာ မော့ကြည့်ကာ “ရှင်တို့အလုပ်ကြိုးစားမှုအတွက် ကျေးဇူးပါ။ နောက်တစ်ခါ ဒီလူကို ထပ်တွေ့ရင် သူ့ကို ဝင်ခွင့်မပြုပါနဲ့။ ကျွန်မ သူနဲ့ ဘာမှ မဆိုင်ဘူး။”
ရှန်းလဲ့ - “…”
သူ သူမ၏ စကားလုံးတွေကို ကြားလိုက်ရသည်။
သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူး။
သူတို့ ငယ်ငယ်လေးကတည်းက သူမကို အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် ကြိမ်းမောင်းခဲ့သလိုပဲ ရှန်းလဲ့သည် ရုတ်ခြည်းဆိုသလို အော်ဟစ်လာခဲ့သည်၊ “နင် ငါ့ကို ရှင်းပြစမ်း၊ နင် ဘာဖြစ်လို့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြောနေရတာလဲ။”
ရှန်းမူမူက မျက်မှောင်ကြုတ်ပြီး နားညည်းသွားသလို သူမ၏ နားရွက်တွေကို ပွတ်သပ်လိုက်သည်။ သူမသည် ဖြည်းညှင်းစွာ လှည့်ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်၊ “ငါ့မှာ နင့်လို အစ်ကိုမျိုး မရှိဘူးလို့ ငါပြောခဲ့တယ်။ အခုအချိန်ကနေစပြီး နင်က နင်ပဲ၊ ငါက ငါပဲ။ နင် နားလည်ပြီလား။”
သူမ၏ စကားများသည် မြန်သည်မဟုတ်သလို နှေးသည်လည်း မဟုတ်ပေ၊ ရှန်းလဲ့သည် သူမ၏ မျက်ဝန်းထဲမှာ အရင်က တစ်ခါမှ မမြင်ဖူးခဲ့သော စိတ်ပိုင်းဖြတ်မှုနှင့် အေးဆေးတည်ငြိမ်မှုတွေကို တွေ့လိုက်ရသည်။
ရှန်းလဲ့သည် သူမကို မယုံကြည်နိုင်သလို ခေါင်းအစ ခြေအဆုံး အပြန်ပြန် အလှန်လှန် ကြည့်မိရင်း ဒေါသစိတ်တွေက သူ့ခြေဖဝါးကနေ ငယ်ထိပ် တက်ဆောင့်လာခဲ့သည်။
သူ၏ နာခံမှုရှိသော ညီမလေးသည် အဘယ်ကြောင့် ရုတ်ခြည်းဆိုသလို မတူညီတဲ့ လူတစ်ဦးအသွင် ပြောင်းလဲသွားရတာလဲ။
သူမကို ဘာက ပြောင်းလဲစေတာလဲ။
“ကောင်းတယ်၊ ကောင်းတယ်၊ နင် ငါ့ဖုန်းကို ပြန်မဖြေဘူး၊ နင် ငါ့ကို ဝီချက်မှာလည်း ဘလော့ထားတယ်။ နင်က အတောင်အလက်တွေ စုံသွားတော့ ငါနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ကြိုးစားနေတာပေါ့လေ” သူက ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းတက်လာပြီး သူ့အသံက ထပ်မာလာပြန်သည်၊ “ကျေးဇူးကန်းတဲ့မိန်းမ၊ နင်က လူချမ်းသာနဲ့ လက်ထပ်နိုင်တော့ ဆွေမျိုးတွေကို လျစ်လျူရှုထားပြီပေါ့လေ။ နင့်မျက်လုံးထဲမှာ ငါ့ကို အစ်ကိုလို့တောင် မြင်သေးရဲ့လား။”
ရှန်းမူမူသည် စကားလုံး တစ်လုံးစီကို ရှင်းလင်းပြတ်သားစွာ ရွတ်ပြခဲ့သည်၊ “ရှင်က လုံးဝ နားမလည်ဘူးဆိုတော့ ကျွန်မ ရှင်းပြပေးပါ့မယ်။”
“အတိအကျပြောရရင်၊ တခြားသူတွေကို တွယ်ကပ်ဂုတ်သွေးစုပ်ပြီး ပိုက်ဆံတောင်းတတ်တဲ့လူတွေကို ဆွေမျိုးလို့ခေါ်ဖို့ မထိုက်တန်ဘူး။”
“သူတို့ကို အမှိုက်လို့ခေါ်တယ်။”
***