ခင်ဗျား ကျွန်တော့်အဖေစကားကို တကယ်နားထောင်သင့်တယ်
Vol. 5 Ch. 65
“ဘယ်အချိန်က ဖြစ်သွားတာလဲ၊ ခင်ဗျား အဆင်ပြေရဲ့လား။ ခင်ဗျား စောစောတုန်းက ဒါကို ဘာဖြစ်လို့ မပြောရတာလဲ။ အဲဒီလူ ဘယ်ရောက်သွားလဲ” ချီရှောင်ပိုင်က အမြောက်ကျည်လို မေးခွန်းတွေ အဆက်မပြတ် ထုတ်လာခဲ့သည်။
ရှန်းမူမူသည် ဒုက္ခများသွားပြီး ပြန်ဖြေဖို့ အဖြေတစ်ခု ရှာတွေ့ခဲ့သည် - “ငါက သူနဲ့ ထိပ်တိုက်တွေ့ခဲ့တာ မဟုတ်ဘူး၊ အဲဒီလူက အခြားတစ်ယောက်ကို လျှို့ဝှက်ရိုက်ကူးပြီး ငါ့ရှေ့ကနေ ဖြတ်ပြေးသွားတာ၊ ဒါနဲ့ ငါက တရားမျှတမှုကို ကူရှာပေးတာပါ။”
သူမ၏ စကားကိုကြားပြီးနောက် ချီမော့၏ မျက်ခုံးများ အနည်းငယ်မျှပင် မပြေလျှော့သွားဘဲ ပိုလို့တောင် တင်းမာသွားခဲ့သည်။
ချီမော့သည် သူ့လည်စည်းကို သူ့လက်ချောင်းရှည်များဖြင့် ဆွဲကိုင်ထားပြီး ညှိနှိုင်းလို့ မရမည့် အသံဖြင့် “သက်တော်စောင့်ကိစ္စကို ဆုံးဖြတ်ပြီးသွားပြီ” ဟု ပြောလာခဲ့သည်။
ထိုသို့ပြောပြီးနောက် သူက သူမကို ငြင်းပယ်ဖို့ အခွင့်အရေး နည်းနည်းမှ မပေးဘဲ ဒုတိယထပ်ရှိ စာကြည့်ခန်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့သည်။
ချီရှောင်ပိုင်သည် ပျင်းရိသော အမူအရာဖြင့် သူ့ကျောင်းလွယ်အိတ်ကို သူ့ပခုံးပေါ် ပေါ့ပေါ့ပါးပါး တင်လိုက်ပြီး “ဒီကိစ္စမှာ ခင်ဗျား ကျွန်တော့်အဖေပြောတာကို နားထောင်သင့်တယ်၊ သူ့မှာ အတွေ့အကြုံရှိတယ်။ ကျွန်တော် ငယ်ငယ်က…” ချီရှောင်ပိုင်က တခဏတာမျှ စဉ်းစားပြီးနောက် ပြောလာခဲ့သည်၊ “… ကျွန်တော် နှစ်တန်း သုံးတန်းလောက်က ဖြစ်လိမ့်မယ်၊ သူတို့တွေ ကျွန်တော် ပြန်ပေးဆွဲခံရမှာကို စိုးရိမ်လို့ဆိုပြီး ကျွန်တော် ကျောင်းသွားကျောင်းပြန် အနောက်ကနေ သက်တော်စောင့်တွေ ပါတယ်။”
ရှန်းမူမူ - “အင်း… မင်းနဲ့ ငါက ဘယ်လိုတူမှာလဲ။ မင်း အဲ့တုန်းက နှစ်တန်း သုံးတန်းလောက်လေ။”
ချီရှောင်ပိုင်သည်လည်း ဒီဥပမာက မသင့်တော်ဘူးလို့ ခံစားရပြီး သူက ပခုံးတွန့်လိုက်သည်၊ “ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ကာကွယ်ဖို့ တစ်ယောက်ယောက် ရှိနေတာက ပိုလုံခြုံတယ်။”
ရှန်းမူမူသည် ဒီစကားကို တုံ့ဆိုင်းစွာ လက်ခံလိုက်သည်။
သက်တော်စောင့် ငှားရမ်းဖို့ အကြံပြုချက်ကို သူမ လက်ခံလိုက်တာကိုတွေ့လိုက်ရသဖြင့် ချီရှောင်ပိုင်တစ်ယောက် စိတ်သက်သာရာရသွားကာ အခန်းထဲသို့ ပြန်လှည့်သွားခဲ့သည်။
အခန်းတံခါးလက်ကိုင်ပေါ် သူ့လက်တင်လိုက်သည်နှင့် ရုတ်ခြည်းဆိုသလို သူ့ပခုံး အပုတ်ခံလိုက်ရသည်။
“အဲ့နေရာမှာ ရပ်လိုက်၊ မင်း အခန်းထဲ မဝင်ရသေးဘူး။”
ချီရှောင်ပိုင်က စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်တော့ ရှန်းမူမူက သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။
ရှန်းမူမူသည် လေးနက်တဲ့ အမူအရာဖြင့် မေးခွန်းထုတ်လာခဲ့သည်၊ “ရှောင်ချီ၊ မင်း အစောပိုင်းက ဆဲဆိုလိုက်သလား။”
ချီရှောင်ပိုင်သည် တခဏတာမျှ ကြက်သေ သေသွားခဲ့သည်။
သူ့မျက်ဝန်းတွေက ဖြည်းညှင်းစွာ ပြူးကျယ်သွားခဲ့ကာ “…အာ”
ဗီလာဝန်း အဝင်ဝတွင် လူတစ်ယောက်ကို ကန်ကျောက်လိုက်တဲ့အချိန်တုန်းကဟာကို သူမကို ရည်ညွှန်းတာလား။
ဒါက ဖြစ်နိုင်တယ်… သေချာပေါက်… ဖြစ်နိုင်တယ်…
သူ လုပ်ခဲ့တယ်။
ရှန်းမူမူသည် သူ လွတ်သွားမှာကို စိုးရိမ်နေသလိုမျိုး ချီရှောင်ပိုင်၏ ပခုံးကို ဆုပ်ကိုင်ထားသော သူမ၏ လက်အားကို တိုးမြှင့်လိုက်ပြီး “အခြေအနေက ဖရိုဖရဲဖြစ်နေလို့ ဘယ်သူမှ သတိမထားမိဘူးလို့ မထင်နဲ့၊ မင်း ပြောလိုက်တယ်။”
ချီရှောင်ပိုင်က မျက်မှောင်ကြုတ်ပြီး အကြည့်လွှဲလိုက်သည်၊ “ကျွန်တော် မလုပ်ဘူး။”
ရှန်းမူမူ၏ အကြည့်တွေက သူ့အပေါ် စစ်ဆေးသလို ကြည့်ရှုလာခဲ့သည်၊ “မင်း လုပ်ခဲ့တယ်။”
ချီရှောင်ပိုင်သည် မသိမိုက်မဲသလို ဆက်လက်ဟန်ဆောင်ခဲ့သည်၊ “ကျွန်တော် လုပ်ခဲ့လား။”
“မိုက်မဲချင်ဟန်ဆောင်နေတာ ရပ်လိုက်” ရှန်းမူမူက သူ့နဖူးကို ခေါက်လိုက်သည်၊ “ငါ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် နောင်တစ်ခါ ဒီလို ထပ်မပြောရဘူး။ နင် သိပ်မကြာခင် အရွယ်ရောက်တော့မှာဆိုတော့ ဒီလိုဆဲဆိုတာမျိုး ပေါ့ပေါ့ဆဆ ပြောလို့ မရဘူး။”
ရှန်းမူမူသည် မသိလိုက်ဘဲ မိခင်တစ်ဦး၏ အခန်းကဏ္ဍကို အသုံးပြုခဲ့ပြီး မောက်မာပြီး မိုက်မဲသော သခင်လေးကို ဆုံးမချင်စိတ်ကို မထိန်းနိုင်တော့ပေ။
“အိုး… ကျွန်တော် သိပါပြီ” ချီရှောင်ပိုင်က နီရဲသွားသည့် သူ့နဖူးကို ပွတ်သပ်ပြီး သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေတဲ့ အမူအရာလေးနဲ့ “ကျွန်တော် အခု အခန်းထဲကို ဝင်လို့ရပြီလားဟင်”
ရှန်းမူမူက သူ့အသွင်အပြင်ကို ရယ်စရာကောင်းတယ်လို့တွေးမိပြီး သူမ မရယ်မိအောင် ကြိုးစားထိန်းချုပ်ခဲ့သည်။
သူမက အနည်းငယ် မျက်မှောင်ကြုတ်ပြီး မေးစေ့ကို ပင့်မြှောက်ကာ အာဏာသုံးတဲ့ လေသံအပြည့်ဖြင့် “အင်း… နင် ဝင်နိုင်ပြီ” ဟု ပြောလိုက်သည်။
ချီရှောင်ပိုင် - …
အခြားတစ်ဖက်တွင်။
ချီမော့သည် စာကြည့်ခန်းရှိ ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်ချလိုက်ပြီး ချက်ချင်းဆိုသလို လက်ထောက်သုန်းကို ဖုန်းခေါ်လိုက်သည်။
ဖုန်းခေါ်ဆိုသံ သုံးသံထက် မပိုသည့်အချိန်မှာပင် လက်ထောက်သုန်း၏ တက်ကြွသော အသံ ထွက်ပေါ်လာခဲ့သည် - “မစ္စတာချီ ဘာများ ညွှန်ကြားချင်ပါသလဲ။”
ချီမော့က ခပ်တိုးတိုး ပြောလိုက်သည် “သက်တော်စောင့် လေးယောက် စီစဉ်လိုက်ပါ။ ငါ့မိန်းမ အပြင်သွားတိုင်း သူမရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်။”
သူက ခဏရပ်သွားပြီးနောက် စိတ်ပြောင်းသွားခဲ့သည်၊ “ရှစ်ယောက် စီစဉ်လိုက်။”
သက်တော်စောင့်လေးယောက်က နည်းနည်း နည်းပုံရသည်။
“ကောင်းပါပြီ မစ္စတာချီ၊ ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်၊ မနက်ဖြန်မနက်ကျရင် မစ္စတာချီနဲ့ တွေ့ဖို့ ခေါ်လာခဲ့ပါ့မယ်” လက်ထောက်သုန်းက တစ်ခါတည်း တုံ့ပြန်ခဲ့သည်။
“အင်း” ချီမော့၏ အချိုးအစားကျသော လက်ချောင်းများသည် ရှေးဟောင်းစားပွဲခုံပေါ် အသာအယာ တောက်နေကာ တောက်တောက်ဆိုသော အသံများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအခါမှသာ သူ၏ မှုန်မှိုင်းနေသော မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားခဲ့သည်။
ရုတ်တရက် သူ့မျက်ဝန်းနက်ထဲတွင် အလင်းတစ်ခု ခပ်ဖွဖွ လင်းလက်သွားပြီး သူ တစ်စုံတစ်ခုကို တွေးလိုက်မိပုံရကာ “ပုံမှန်အားဖြင့် ငါ့မိန်းမ အဝေးကနေ လိုက်ပါပေးဖို့ သူတို့ကို ညွှန်ကြားထားပါ၊ သူမကို မခြောက်မိစေနဲ့။” ဟု ပြောလိုက်သည်။
“စိတ်မပူပါနဲ့ မစ္စတာချီ ကျွန်တော် သူတို့ကို မဒမ်ရဲ့ နေထိုင်မှုဘဝကို မနှောင့်ယှက်ဖို့ သတိပေးထားပါ့မယ်။”
လက်ထောက်သုန်းသည် ဖုန်းချပြီးနောက် နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်သည်။
အရင်တုန်းကတော့ ငါ့သူဌေးက သူ့အလုပ်မှာပဲ လုံ့လဝီရိယရှိပြီး အသေးစိတ်ကျတယ်ဆိုတာကိုပဲ ငါသိခဲ့တယ်။
သူ့နေထိုင်မှုဘဝမှာလည်း သူ့ဇနီးသည်ကို ချစ်မြတ်နိုး ငဲ့ညှာတတ်တဲ့ လူကောင်းတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
လက်ထောက်သုန်း၏ သူ့သူဌေးအပေါ် လေးစားမှုတွေ ပိုလို့တောင် တိုးပွားလားခဲ့သည်။
လက်ထောက်သုန်းသည် သူ့လက်သီးများ ဆုပ်ပြီး ကြိုးစားထားဟုလုပ်လိုက်သည်။
လက်ထောက်သုန်းသည် သူ့သူဌေးက သူ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် မှတ်ယူမည်ဟု ကတိပြုလိုက်သည်။
အလုပ်ပဲဖြစ်ဖြစ် ဘဝနေထိုင်မှုပဲဖြစ်ဖြစ်ပေါ့။
နောက်နေ့မနက်။
ရှန်းမူမူသည် တတိယထပ်ရှိ လသာဆောင်ပေါ်တွင် မတ်တပ်ရက်ကာ ရှန်းလဲ့ဆီမှ အကြွေးတောင်းမည့် ကိစ္စကို ဆွေးနွေးရန် သူမ၏ ရှေ့နေထံ ဖုန်းခေါ်လိုက်သည်။
ရုတ်ခြည်းဆိုသလို ကျယ်လောင်ပြီး ညီညာသော အသံတစ်ခုကို ကြားလိုက်ရသည်၊ “မင်္ဂလာနံနက်ခင်းပါ သူဌေးချီ”
အသံလာရာဆီသို့ ငုံ့ကြည့်လိုက်သောအခါ သူမလက်ထဲမှ ဖုန်း ထွက်မကျသွားအောင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ရသည်။
ခြံဝင်းထဲတွင် သန်သန်မာမာ အမျိုးသား ရှစ်ဦးသည် လက်နောက်ပစ် ကျောမတ်ပြီး ခြေချဲကာ ခပ်မတ်မတ် ရပ်နေသည်။
သူတို့ဘေးတွင် လက်ထောက်သုန်းနှင့် ကျန်သူတွေ ရှိနေကြသည်။
သူတို့၏ မျက်နှာချင်းဆိုင် အပြင်ဘက် ထိုင်ခုံတွင် ချီမော့က လက်ဖက်ရည် ထိုင်သောက်နေသည်။
ရှန်းမူမူသည် တခဏတာမျှ ကြက်သေ သေသွားပြီးနောက် ဖြည်းညှင်းစွာ တံတွေးမျိုချလိုက်သည်။
သူတို့တွေက သူမအတွက် စီစဉ်ပေးထားတဲ့ သက်တော်စောင့်တွေ ဖြစ်နိုင်လား။
ဒါက နည်းနည်းလေး… အများကြီး ချဲ့ကားလွန်းရာ မကျနေဘူးလား။
ဗီလာဝန်းအတွင်း လုံခြုံရေး တင်းကြပ်ထားပြီး အပြင်လူများ မဝင်ရောက်နိုင်ကြောင်းကိုသာ မသိထားခဲ့ပါက လူဆိုးဂိုဏ်းရုပ်ရှင်ရိုက်မယ့် အဖွဲ့သားတွေ ရောက်လာတယ်ဟု သူမ သံသယဖြစ်မိပေလိမ့်မည်။
ထိုကဲ့သို့ ထင်မြင်ယူဆနေသူက သူမ တစ်ဦးတည်း မဟုတ်ခဲ့ပါ။
ချီမော့သည်လည်း ထိုအတိုင်း ခံစားနေရသည်။
ချီမော့သည် လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး သူ့မျက်ခုံးကို အသာအယာ နှိပ်နယ်ကာ လက်ထောက်သုန်းအား “တူညီဝတ်စုံ ဝတ်ဖို့ မလိုအပ်ဘူး၊ တစ်ချိန်လုံး အသံကျယ်ကျယ်နဲ့ နှုတ်ဆက်ဖို့ မလိုအပ်ဘူး။” ဟု တိုးတိုးလေး ပြောလိုက်သည်။
ချီမော့၏ အကြည့်တွေက သူ့ရှေ့တွင် တန်းစီနေသော သန်သန်မာမာ လူရှစ်ယောက်ကို အမှတ်တမဲ့ အကြည့်ရောက်သွားပြီး သူ့မျက်ခုံးကြားကို ထပ်မံ နှိပ်နယ်မိပြန်ကာ ကူကယ်ရာမဲ့စွာ မျက်လွှာချလိုက်သည်။
“နေကာမျက်မှန်တွေကိုလည်း ချွတ်ခိုင်းထားစမ်းပါကွာ။”
ဒီလိုချဲ့ကားထားတဲ့ အရာတွေက သူတို့၏ အထောက်အထားကို တစ်စက္ကန့်အတွင်း သိဖို့ လုံးဝ မလိုအပ်ပေ။
လက်ထောက်သုန်း၏ ညွှန်ကြားချက်အရ သက်တော်စောင့်များသည် နေကာမျက်မှန်ကို ချွတ်ကာ သတိအနေအထား မတ်တပ်ရပ်နေရာမှ သက်သာအသွင်သို့ ပြောင်းလိုက်ကြသည်။
ထိုအခါမှသာ ချီမော့က အသာအယာ ခေါင်းညိတ်ပြီး စိတ်ကျေနပ်မှုကို ဖော်ပြလိုက်သည်။
သူမကို ဖိအားမများစေချင်သလို စောင့်ကြည့်ခံနေရသလိုမျိုး မခံစားရစေချင်ဘူး။
သူမ တစ်ယောက်တည်း ရှိနေသလိုမျိုး သက်တောင့်သက်သာလေး ခံစားရစေချင်မိသည်။
*
ချီရှောင်ပိုင်သည် တနင်္လာနေ့တွင် ကိုယ်ပိုင်စာကြည့်ချိန် တက်နေရကာ ည ရှစ်နာရီခွဲအထိ အိမ်မပြန်ရသေးပေ။
သူ အိမ်ထဲဝင်လိုက်တာနဲ့ အိမ်က တော်တော်ပြောင်းလဲသွားတာကို မြင်လိုက်ရပြီး ရှုပ်ယှက်ခတ်နေတဲ့ ပတ်ဝန်းကျင်ကို ဟိုနားဒီနား ကြည့်လိုက်မိသည်။
ဆိုဖာ၊ ကန့်လန့်လာ၊ အခန်းအပြင်အဆင်များ၊ အားကစားခန်းမရှိ အလေးတုံးများနှင့် ပြေးစက်များကိုပင် တွေ့ရကာ သူတို့အပေါ်တွင် ရောင်စုံမှတ်စုလေးများ ကပ်ထားခံရသည်။
သူ ဘယ်သွားရမှန်း မသိခင် ရုတ်တရက် သူ့ဆီ တင်းနစ်ဘောလုံး တစ်လုံးက ပြေးဝင်လာခဲ့သည်။
ချီရှောင်ပိုင်သည် တင်းနစ်ဘောလုံးကို မြေပြင်သို့ ပုတ်ချလိုက်ပြီး မိမိရရ ဖမ်းမိလိုက်သည်။
ရှန်းမူမူသည် ဒုတိယထပ်မှ အောက်သို့ ဆင်းလာပြီး ခပ်ပြုံးပြုံး အမူအရာဖြင့် “ရှောင်ချီ၊ ကြည့်လိုက်၊ ဒါက နင့်အတွက် ငါပြင်ဆင်ထားတဲ့ အကြိုစာမေးပွဲသုခဘုံပဲ။”
ရှန်းမူမူသည် ထိုသို့ပြောပြီး သူမ၏ လက်တွေကို တိုင်းပြည်တစ်ခုကို အောင်နိုင်သွားသည့် လူတစ်ယောက် ဖြန့်ကားလိုက်သည်။
ချီရှောင်ပိုင်သည် လုံးဝကို စိတ်ရှုပ်ထွေးသွားသည်ဦ “… ???”
ဒီမှာ ဘာဖြစ်နေတာလဲ။
ရှန်းမူမူသည် လှေကားမှဆင်းလာနေစဉ် သူ့ကို တစ်ခါတည်း ရှင်းပြပေးခဲ့သည်၊ “ဒီနေ့ကစပြီး စာကြည့်ခန်းနဲ့ အိပ်ခန်းကလွဲလို့ တခြားနေရာတွေ အကုန်လုံးမှာ ရောင်စုံမှတ်စုတွေ ငါကပ်ထားတယ်။ ငါ ဒါတွေကို တနေ့ခင်းလုံး ကိုယ်တိုင်ကိုယ်ကျ ရေးသားထားတာ။”
ချီရှောင်ပိုင်သည် အကြောင်းအရာကို သေချာနားမထောင်ဘဲ မျက်ခုံးပင့်ကာ အနည်းငယ် နှောင့်ယှက်လိုက်ပြီး “ခင်ဗျား လက်ရေးလှ လေ့ကျင့်နေတာလား။” ဟု မေးလိုက်သည်။
ရှန်းမူမူသည် ဒီကလေးရဲ့ ခေါင်းကို တူးဆွပြီး ကြည့်ချင်မိသည်။ ဒီကလေးရဲ့ ဦးနှောက်က သာမန်လူတွေနဲ့ မတူဘူး။
ရှန်းမူမူက အသက်ပြင်းပြင်းရှုပြီး “သေချာကြည့်၊ အဲဒီမှာ အင်္ဂလိပ်လိုတွေ ရေးထားတယ်” ဟု ပြောလိုက်သည်။
“အင်္ဂလိပ်” ဟု ကြားလိုက်တာနဲ့ ချီရှောင်ပိုင်တစ်ယောက် ဦးရေပြားတွေ တင်းကြပ်သွားပြီး မျက်မှောင်ကြုတ်သွားသည်။
“အိမ်က ပစ္စည်းတွေမှာ ရောင်စုံမှတ်စုတွေ ကပ်ထားတာက ခေတ်လွန်အိမ်အလှဆင်မှုပုံစံလား။”
“ငါ ဒီနည်းလမ်းကို အရင်က တီဗွီပေါ်မှာ မြင်ဖူးတယ်၊ ဒါက ပျော်စရာကောင်းတဲ့ အင်္ဂလိပ်စာ အသိုက်အဝန်းကို ရရှိစေလိမ့်မယ်။”
ရှန်းမူမူသည် ချီရှောင်ပိုင်၏ လက်ထဲမှ တင်းနစ်ဘောလုံးကို လှမ်းယူလိုက်သည်။
သူမသည် တင်းနစ်ဘောလုံးကို ကြမ်းပြင်ပေါ် အသာအယာ ပုတ်ပြီး ပစ်လိုက်တော့ နံရံပေါ်က မှတ်စု တစ်ခုအပေါ် ထိသွားခဲ့သည်။
သူတို့နှစ်ယောက်သား အနီးကပ်ကြည့်ဖို့ ရွေ့လိုက်ကြသည်။
၎င်းသည် အတိတ်ကာလအကြောင်း ဝါကျပုံစံ ဖြစ်သည်။
ရှန်းမူမူသည် သူ့ကို အတိတ်ကာလဝါကျပုံစံကို ချောမွေ့စွာ စတင်ရှင်းပြပေးခဲ့သည်။
သူမ၏ အင်္ဂလိပ်အသံထွက်သည် ချောမွေ့ပြီး လေယူလေသိမ်း ကောင်းမွန်သည်။
သူမ၏ ရှင်းလင်းသော အသံနှင့် ပေါင်းစပ်လိုက်သောအခါတွင် အလွန်နာပျော်ဖွယ်ကောင်းသည်။
ဒါပေမယ့် သူမ၏ အသံက ဘယ်လိုပဲ လေယူလေသိမ်း ကောင်းမွန်နေပါစေ ချီရှောင်ပိုင်ကတော့ စိတ်ပျက်အားငယ်နေတဲ့ အရိပ်အယောင်ကို ပြသနေဆဲပါပင်။
သူမက စာမေးပွဲအတွက် အာရုံစိုက်ပြီး အင်္ဂလိပ်စာကို သင်ကြားပြသပေးလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။
အဲဒါကို ပေါ့ပေါ့ပါးပါး ကိုင်တွယ်ပြီး စာရွက်ပေါ်မှာ ဖြီးဖြန်းရေးလိုက်လျှင် အဆင်ပြေသွားပါလိမ့်မည်။
ဒီလို သုံးဖက်မြင် အတွေ့အကြုံမျိုးကို ရရှိခံစားရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ဒီအချိန်မှာ သူသည် စွင်းဝူခုန်းကဲ့သို့ ခံစားလိုက်ရသည်။
ချီရှောင်ပိုင်သည် သူ့ခေါင်းကို အားဖြင့် ဆုပ်ကိုင်ထားပြီး ခွင့်လွှတ်မှုကို တောင်းခံသည့်အနေဖြင့် “ဆရာ မန္တန်ရွတ်နေတာကို ရပ်လိုက်ပါတော့” ဟုသာ ပြောလိုက်ချင်တော့သည်။
ဒါပေမယ့် သူ မလုပ်ရဲဘူး။
***