← Chapters

ယွမ် သုံးသောင်းပါ စာအိတ်နီ

Vol. 5 Ch. 67

ယွမ် သုံးသောင်းပါ စာအိတ်နီ

Vol. 5 Ch. 67

ချီရှောင်ပိုင်သည် အလွန်ဂရုတစိုက်ရှိပေသည်။

သူ့ဖခင်နှင့် မိထွေးက သူ့အပေါ် အာရုံမရှိတာကို အခွင့်ကောင်းယူပြီး သူ့အခန်းထဲ တိတ်တဆိတ် ပြန်သွားခဲ့သည်။

သို့သော် တစ်ဖန် သူ လွတ်မြောက်လုနီးပါးဖြစ်သောအချိန်တွင် ရှန်းမူမူ၏ ချောင်းဆိုးသံကြောင့် ထိတ်လန့်သွားခဲ့သည်။

“ပြန်လာခဲ့၊ နောက်ထပ် နှစ်ခု ကျန်သေးတယ်၊ ဒါကို ပြီးအောင် ကျက်မှတ်ရမယ်။”

ချီရှောင်ပိုင်သည် သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည် - …

အား….၊ ဘာဖြစ်လို့ သူမက ဖမ်းမိနေသေးတာလဲ။

သေချာတာကတော့ သူမ၏ ခေါင်းအနောက်ဖက်မှာ မျက်လုံးတွေ ရှိနေရမယ်။

ရှန်းမူမူသည် ချီရှောင်ပိုင်ကို စည်းကမ်းတင်းကြပ်ထားပြီး သူမကိုယ်တိုင်လည်း မပေါ့လျော့ခဲ့ပေ။

မကြာသေးမီက သူမ၏ ပန်းဆိုင်စီးပွားရေးသည် အထူးကောင်းမွန်ခဲ့သည်။

သူမ၏ ဘဏ်ကတ်ရှိ နံပါတ်သည် အထပ်ထပ် အခါခါ တိုးပွားလာခဲ့သည်။

ငွေရှာခြင်းသည် စွဲလမ်းစေတတ်သောအရာတစ်ခုဖြစ်ပြီး သင် စတင်လိုက်မိသည်နှင့် မရပ်တန့်နိုင်တော့ပါ။

ဒီနေ့။

သူမ ပန်းဆိုင်ကို ရောက်တဲ့အခါ ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားတဲ့ လူငယ်စုံတွဲ တစ်တွဲဟာ ဆိုင်ထဲကနေ ထွက်လာခဲ့သည်။

ချန်ကျိုးက သူမ ရောက်လာတာကိုမြင်တော့ ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်၊ “အစ်မရှန်း ရောက်လာပြီပဲ၊ ကျွန်တော်တောင် အစ်မကို ဖုန်းခေါ်တော့မလို့။”

ရှန်းမူမူက မျက်ခုံးပင့်ပြီး “အိုး…၊ ဘာကိစ္စရှိလို့လဲ၊ တစ်ခုခု ဖြစ်လို့လား” ဟု မေးလိုက်သည်။

ချန်ကျိုးက သူ့လက်ထဲမှ စာရွက်စာတမ်းများကို ညှိနေရင်း ရှင်းပြလာခဲ့သည်၊ “ခုနတုန်းက ထွက်သွားတဲ့ စုံတွဲက ဟိုင်ချန်ကလေ။ သူတို့က ကျွန်တော်တို့ပန်းဆိုင်ကို အွန်လိုင်းပေါ်မှာ တခြားသူတွေ တင်ထားတာကနေ မြင်ပြီး ပေကျင်းကို တက်လာခဲ့တာ။ သူတို့ရဲ့ မင်္ဂလာပွဲအတွက် ပန်းအလှပြင်တာကို ကျွန်တော်တို့ကို တာဝန်စေချင်တယ်။ ဈေးနှုန်းက ပြဿနာမရှိဘူးတဲ့။”

အဆုံးမှာ သူက ထပ်ထည့်ပြောခဲ့သည်၊ “အဲဒီမိန်းကလေးက ကျွန်တော် သိသလို ခံစားရတော့ ကျွန်တော် သူ့ကို အွန်လိုင်းပေါ်မှာ တိတ်တဆိတ် ရှာကြည့်ခဲ့မိတယ်။ သူမက ဟိုင်ချန်မြို့က ဟိုတယ်သူဌေးရဲ့ တစ်ဦးတည်းသော သမီးပဲ။”

ရှန်းမူမူသည် ချန်ကျိူး ပြောချင်သည့် အဓိပ္ပါယ်ကို နားလည်သည်.

ဒီလို ချမ်းသာတဲ့ မိသားစုအတွက် မင်္ဂလာပွဲကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေဟာ များသောအားဖြင့် နိုင်ငံအတွင်း ထိတ်ထိတ်ကြဲသူဌေးတွေ ဖြစ်ကြသည်။

တကယ်လို့ သူတို့မင်္ဂလာပွဲအတွက် ပန်းအလှဆင်မှုကို သူတို့တာဝန်ယူနိုင်မယ်ဆိုရင် “ယွဲ့ကျီ” ဆိုတဲ့ နာမည်က ဟိုင်ချန်ရဲ့ အထက်တန်းလွှာတွေကြား သူ့နာမည်ကို ချန်ထားနိုင်ခဲ့မည်။

ရှန်းမူမူက အတွေးနက်နေပြီး ချန်ကျိုး၏ စကားကို ပြန်မဖြေခဲ့ပေ။

ပန်းဆိုင်၏ စီးပွားရေးလုပ်ငန်းကို မြို့ကြီးများတွင် ချဲ့ထွင်လိုခြင်းသည် သူမ အမြဲတမ်း လုပ်ချင်နေသော အရာ တစ်ခု ဖြစ်သည်။

ဒါပေမယ့် တစ်နည်းနည်းနဲ့။

အခု အခွင့်အရေးက သူမဆီကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာတယ်လို့ ခံစားရတယ်။

သူမ တုံ့ဆိုင်းနေခဲ့သည်။

ဒါ မှန်ရဲ့လား။

ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်လျှင် ဆိုးကျိုးများ ဖြစ်ပေါ်စေမည်လား။

“ဒီကိစ္စကို ငါပြန်စဉ်းစားကြည့်လိုက်မယ်။ အစောပိုင်းက မင်း သူတို့ကို လက်ခံလိုက်လား” ရှန်းမူမူက‌ မေးသည်။

ချန်ကျိုး - “ကျွန်တော် သူတို့ကို စီးပွားရေးကတ် ချန်ထားခိုင်းပြီး နောက်ကျရင် လှမ်းဆက်သွယ်လိုက်ပါ့မယ်လို့ ပြောလိုက်ပါတယ်။”

ရှန်းမူမူက ဒီကိစ္စကို သူ့ကိုင်တွယ်ပုံအား အလွန်စိတ်ကျေနပ်သွားခဲသည်၊ “အင်း၊ ကောင်းတယ်။”

သူတို့နှစ်ယောက်သား အလုပ်အကြောင်း စကားအနည်းငယ်ပြောပြီးနောက် ရှန်းမူမူသည် သူမ၏ ကွန်ပျူတာကို ပိုက်ပြီး အနားက ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်သည်။

ရှန်းမူမူသည် အင်တာနက်ပေါ်တွင် ယွဲ့ကျီပန်းဆိုင်အကြောင်း ဝေ့ပေါ်ပို့စ်များကို လိုက်ရှာကြည့်သည်။

ပေါ့ပေါ့ပါးပါး ရှာကြည့်လိုက်သည်နှင့် ချမ်းသာသော ဇနီးသည်များ၏ ဝေ့ပေါ်ပို့စ်များစွာကို မြင်တွေ့နိုင်သည်။

အများစုဟာ သူတို့ နေ့စဉ်ရရှိတဲ့ ပန်းတွေရဲ့ ဓာတ်ပုံတွေကို မျှဝေထားတာ ဖြစ်သည်။

မှတ်ချက်နေရာမှာ ဆွေးနွေးမှုတွေ အများကြီး ရှိသည်။

တချို့က ဘယ်မှာ ဝယ်လဲလို့ မေးကြပြီး တချို့က တစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်ပို့ဆောင်ပေးလားဆိုပြီး မေးထားကြသည်။

တချို့လူတွေက ဈေးအရမ်းကြီးတယ်၊ မိုက်မဲပြီး ပိုက်ဆံအများကြီးရှိတဲ့သူတွေပဲ ဝယ်ကြလိမ့်မယ်လို့ ရေးသားထားကြသည်။

ရှန်းမူမူသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် တွေးတောနေမိသည်။

အိမ်တိုင်ရာရောက် ပန်းများ ပို့ဆောင်ခြင်းလုပ်ငန်းအတွက် ကနဦးပစ်မှတ်ထားသော ဖောက်သည်အုပ်စုသည် အထက်တန်းလွှာရှိ အမျိုးသမီးများကို ဖြစ်သည်။

သို့သော်လည်း အင်တာနက်၏ လွှမ်းမိုးမှုနှင့်အတူ ဘဝတွင် အလှရသ ခံစားတတ်သော ကော်လာဖြူ လုပ်သားအချို့သည်လည်း ယွဲ့ကျီပန်းဆိုင်၏ ပန်းပေးပို့ခြင်းဝန်ဆောင်မှုကို စိတ်ဝင်စားလာကြသည်။

ရှန်းမူမူက အတွေးနက်နေသည်။

သံပူတုန်း နာနာထုတဲ့အနေဖြင့် အကိုင်းအခက်တွေ ဝေဆာနေချိန်မှာ အမှတ်တံဆိပ်ခွဲ ဆိုင်ခွဲတွေ ဖွင့်လိုက်သင့်လား။

အကြမ်းချင်း စဉ်းစားပြီးနောက်။

အမှတ်တံဆိပ်ခွဲအနေဖြင့် “နေ့စဉ်ပန်းစည်း” ၏ အယူအဆကို “အပတ်စဉ်ပန်းစည်း” အဖြစ်သို့ ပြောင်းလဲနိုင်သည်။

ဈေးနှုန်းက ယွမ် ၃၈၈ မှ ၉၈၈ အတွင်းဖြစ်ပြီး တစ်စည်းကို ယွမ် ၂၀၀ အထိ သက်သာနိုင်စေသည်။

ပိုမိုကျယ်ပြန့်သော ပရိသတ်များထံ ရောက်ရှိအောင် ပစ်မှတ်ထားခဲ့လေ၏။

သူမရင်ထဲမှာ အဆက်မပြတ် ငြင်းခုန်နေတဲ့ လူလေး နှစ်ယောက် ရှိသည်။

တစ်ယောက်က သူမကို အချိန်ယူလုပ်ဆောင်ဖို့ပြောပြီး နောက်တစ်ယောက်တော့ လုပ်ငန်းတစ်ခုကို မြန်မြန်စဖို့ တိုက်တွန်းအကြံပေးနေသည်။

အမှတ်တံဆိပ်နှင့် စီးပွားရေးလုပ်ငန်း။

ဒါဟာ လုပ်ငန်းရှင်တွေအတွက် အတားအဆီးတစ်ခုပါပဲ။

မင်း မကျော်ဖြတ်ခင်မှာ ကမ္ဘာတစ်ခု ရှိတယ်၊ မင်း ကျော်ဖြတ်ပြီးသွားရင် နောက်ကမ္ဘာတစ်ခု ရှိတယ်။

တကယ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ အရမ်း အလုပ်များတော့မယ်။

ယနေ့ခေတ် ပန်းဆိုင်များတွင် ဝန်ထမ်း အနည်းငယ်မျှသာ ကိုင်တွယ်နိုင်မည့် အရာ မဟုတ်ပေ။

အခြားကမ္ဘာတစ်ခုသို့ စွန့်စားဝင်ရောက်ဖို့ သတ္တိရှိလား၊ အဆင်သင့်ဖြစ်နေပြီလားဟု ရှန်းမူမူသည် သူမကိုယ်သူမ မေးခွန်းထုတ်လိုက်သည်။

ရှန်းမူမူသည် တစ်နေ့ခင်းလုံး ပန်းဆိုင်၏ အမှတ်တံဆိပ်ဆိုင်ရာ ပြဿနာကို စဉ်းစားနေခဲ့သည်။

ပြည်တွင်းပြည်ပ အမှတ်တံဆိပ်ဖန်တီးမှုဆိုင်ရာ ဥပမာများစွာကို သူမ လေ့လာခဲ့သည်။

တဖြည်းဖြည်းနဲ့ သူမနှလုံးသားထဲက လူလေး နှစ်ယောက်ထဲက “ရဲရဲဝံ့ဝံ့ လုပ်လိုက်” လို့ ကြွေးကြော်နေတဲ့သူက တိတ်တဆိတ် အသာစီးရသွားခဲ့သည်။

ဆိုင်ပိတ်ချိန်နီးလာတော့ ရှန်းမူမူသည် ဝန်ထမ်းများအား အကျဉ်းချုံးအစည်းအဝေး ဆင့်ခေါ်ခဲ့သည်။

ခေါင်းစဉ်တစ်ခုပဲရှိတယ် - ဘောနပ်ပေးတာဖြစ်လေ၏။

ပန်းဆိုင်၏ ဝင်ငွေသည် မကြာသေးမီက အများကြီး မြင့်တက်လာခဲ့သည်။ ရှီယွီယွဲ့ဗီလာဝန်း တစ်ခုတည်းကပင် ယွဲ့ကျီပန်းဆိုင်မှ အိမ်အရောက် ပန်းပို့ဆောင်ခြင်းဝန်ဆောင်မှုကို မှာယူမှု အိမ်ထောင်စု ၂၀ ကျော် ရှိခဲ့သည်။

ရှီယွီယွဲ့ဗီလာအနီးတစ်ဝိုက်ရှိ အဆင့်မြင့်လူနေရပ်ကွက်များရှိ လူများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖောက်သည်များ ဖြစ်လာစေခဲ့သည်။

အကြမ်းဖျင်းတွက်ချက်ကြည့်ရုံဖြင့်ပင် ပြီးခဲ့သောလအနည်းငယ်အတွင်း သူမ၏ ဝင်ငွေသည် လုပ်ငန်းမဖွင့်မီ သူမ မျှော်မှန်းထားသည့် ဝင်ငွေ ပမာဏသို့ ရောက်ရှိသွားခဲ့သည်။

သူမဟာ အနာဂတ်မှာ ချီမိသားစုကို ထားရစ်ခဲ့ရင်တောင် ဒီပန်းဆိုင်လေးက သူမကိုယ်သူမ အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါသည်။

ရှန်းမူမူသည် ဝန်ထမ်းအားလုံးကို တစ်ခါတည်း လစာတိုးပေးလိုက်သည်။

အလုပ်အများဆုံးတာဝန်ယူလေ့ရှိပြီး အကောင်းဆုံး လုပ်ဆောင်နိုင်စွမ်းရှိသည့် ချန်ကျိုးသည် ဘောနပ်အများဆုံး ရရှိခဲ့သည်။

သူတို့ အလုပ်ဆင်းသောအခါ လူတိုင်းက ရှန်းမူမူကို သူတို့သူဌေးအဖြစ် ရရှိခြင်းက အရမ်းကောင်းတယ်ဟု အဆက်မပြတ် ချီးမွမ်းခန်းဖွင့်ကြသည်။

အလုပ်ချိန် ငါးရက်ရှိပြီး အချိန်ပို အလုပ် မဆင်းရကာ အလုပ်ပိတ်ရက် နှစ်ရက်ရှိသည်။ လစာကို နှောင့်နှေးခြင်း မရှိဘဲ အချိန်မှန်ပေးကာ အလုပ်ချိန်ပြီးတော့ သူဌေးက ရုတ်တရက် ဖုန်းခေါ်ပြီး အလုပ်ခိုင်းတာမျိုး မရှိဘူး။ လုပ်ဖော်ကိုင်ဖက်တွေကြားက ဆက်ဆံရေးကလည်း လိုက်လျောညီထွေမှု ရှိကြသည်။

ရှန်းမူမူသည် အလွန်အမင်း ချီးကျူးခံနေရသဖြင့် လေထဲသို့ အနည်းငယ် မြှောက်တက်သွားသလိုပင် ခံစားရကာ ပြုံးရယ်ရင်း သူမ၏ လက်နှစ်ဖက်ကို အထပ်ထပ် အခါခါ ဝှေ့ယမ်းကာ “ဒါက အခြေခံအကျဆုံးကိစ္စပဲ မဟုတ်လား၊ ဖြစ်သင့်ပါတယ်၊ ဖြစ်သင့်ပါတယ်။”

“ကျွန်မကို ချီးကျူးနေတာ ရပ်လိုက်ပါတော့၊ ရပ်လိုက်ပါတော့၊ မဟုတ်ရင် ကျွန်မ အရမ်းစိတ်ကြီးဝင်သွားမိတော့မယ်။”

......

ဝန်ထမ်းတွေကို နှုတ်ဆက်ပြီးနောက် ရှန်းမူမူသည် အိမ်ကို တိုက်ရိုက်မပြန်ခဲ့ဘူး။

အဲဒီအစား သူမသည် အနီးနားက ဘဏ်ကို ကားမောင်းသွားခဲ့သည်။

သူမသည် ချီမော့နှင့် ချီရှောင်ပိုင်တို့သားအဖကိုလည်း ဒီပျော်ရွှင်စရာကောင်းတဲ့ သတင်းကို မျှဝေဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

ရှန်းမူမူသည် ATM စက်မှ ငွေငါး ယွမ် နှစ်သောင်းကို ထုတ်ယူပြီးနောက် အနီးနားရှိ စူပါမားကတ်အသေးလေးသို့ စာအိတ်နီဝယ်ရန် သွားခဲ့သည်။

ရှန်းမူမူသည် စာအိတ်နီထဲသို့ ငွေသားများကို ဂရုတစိုက် ထည့်သွင်းခဲ့ပြီး စူပါမားကတ်ပိုင်ရှင်ထံမှ ဘောပင်ငှားကာ စာအိတ်နီ၏ နောက်ကျောတွင် စကားလုံး အနည်းငယ် ရေးသားခဲ့သည်။

ဒါက ချီမော့အတွက်ပါ။

ယွမ် နှစ်သောင်းမျှသာ ရှိသည့် ပမာဏသည် ချီမော့အတွက် စာအိတ်နီအဖြစ် သတ်မှတ်လို့ရမည် မဟုတ်ပါ။

ဒါပေမယ့် စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့ ကံတရားကို မျှဝေတာက နည်းတာ များတာက ပြဿနာမရှိဘူးလို့ သူမ ထင်သည်။

သူမ သူ့အတွက် ဘာပေးရမလဲဆိုတာကို ခေါင်းအပူခံပြီး မစဉ်းစားနိုင်တော့ဘဲ သူမ၏ အခက်အခဲတွေကို ဖုံးကွယ်ဖို့အတွက် စာအိတ်နီပေးဖို့ကိုသာ ဆုံးဖြတ်ခဲ့သည်။

ချီရှောင်ပိုင်အတွက် လက်ဆောင်ပြင်ဆင်ရတာက ပိုလွယ်ပေသည်။

ရှန်းမူမူသည် ချက်ချင်းဆိုသလို အကြံရသွားခဲ့သည်။

သူမသည် အနီးနားရှိ စာအုပ်ဆိုင်သို့ ကားမောင်းသွားခဲ့သည်။

“ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် မရှိမဖြစ် လေ့လာသင့်သည်” စာအုပ်စင်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ရှန်းမူမူသည် ချီရှောင်ပိုင်အတွက် အင်္ဂလိပ်စာ မေးခွန်းဟောင်း ငါးစုံကို ရွေးချယ်ရန် မိနစ် နှစ်ဆယ်တိတိ အသုံးပြုခဲ့သည်။

ငွေရှင်းသည့်အခါတွင် ငွေရှင်းကောင်တာဘေးရှိ လက်ဆောင်စက္ကူနှင့် ထုပ်ပိုးသေတ္တာများကို သတိပြုမိလိုက်သည်။

သူမ၏ ကြည်လင်သောမျက်ဝန်းထဲတွင် ကျီစယ်လိုသော အလင်းတန်းတစ်ခု လင်းလက်လာသည်။

ရုတ်တရက် သူမစိတ်ထဲ ချီရှောင်ပိုင်ကို စနောက်လိုသည့် အကြံကောင်းတစ်ခု ပေါ်လာခဲ့သည်။

“သူဌေး၊ ကျွန်မအတွက် ဒါတွေကို လက်ဆောင်သေတ္တာနဲ့ ထုပ်ပိုးပေးပါလား။”

သူဌေးက ကောလိပ်ဝင်ခွင့်မေးခွန်းစာအုပ်တွေကို လက်ဆောင်သေတ္တာ၊ စက္ကူတို့ဖြင့် ထုပ်ပိုးခိုင်းတာကိုကြားပြီး သူမကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်၊ “မင်းပြောချင်တာက ဒါတေကို လက်ဆောင်စက္ကူပတ်ပေးရမှာလား။”

“အင်း…၊ ဒါတွေကို ထုပ်ပိုးသေတ္တာနဲ့ ထုပ်ပိုးပေးပါ” တန်ဖိုးအကြီးဆုံး ထုပ်ပိုးသေတ္တာကို ညွှန်ပြကာ ရှန်းမူမူက ခေါင်းညိတ်ပြသည်၊ “အပြင်ဖက်မှာ ဖဲပြားလေး ချည်ပေးပါ၊ ကျေးဇူးပြုပြီး ဂရုတစိုက် ထုပ်ပိုးပေးပါနော်၊ ကျေးဇူးပါ။”

ဆယ်မိနစ်လောက်ကြာတော့ ရှန်းမူမူသည် သူမလက်ထဲက လှပစွာ ထုပ်ပိုးထားတဲ့ လက်ဆောင်သေတ္တာလေးကို ကြည့်ပြီး စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

အရမ်းကောင်းတယ်၊ ယွမ် ၃၀၀ တန် လက်ဆောင်က ယွမ် သုံးသောင်းတန်လို ခံစားချက်မျိုး ပေးစွမ်းနေပြီ။

ရှန်းမူမူသည် လက်ဆောင်သေတ္တာနှင့် စာအိတ်နီကို ခရီးသည်ထိုင်ခုံတွင် ထားကာ အိမ်ပြန်လာခဲ့သည်။

ရှီယွီယွဲ့ဗီလာဝန်းအနီးရှိ အဆင့်မြင့် လူနေရပ်ကွက်တစ်ခု၏ ဝင်ပေါက်နားတွင် မီးပွိုင့်ကို စောင့်နေစဉ် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုသည် ရှေ့နားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

သူမ၏ အကြည့်တွေ အေးခဲသွားပြီး ဂရုတစိုက် ကြည့်လိုက်သည်။

ချန်ကျိူးသည် အနက်ရောင်မေဘတ်ကားဆီသို့ လျှောက်သွားကာ ဖုန်းနှိပ်ရင်း ယာဉ်မောင်းတံခါးကိုဖွင့်ပြီး အဆင့်မြင့် လူနေရပ်ကွက်ထဲသို့ မောင်းဝင်သွားခဲ့သည်။

စတီယာရင်ဘီးကို ကိုင်ထားသော ရှန်းမူမူ၏ လက်သည် တင်းကြပ်သွားခဲ့သည်။

သူမစိတ်ထဲ သံသယများစွာ မျိုသိပ်ထားလိုက်သည်။

ကုန်တိုက်တွင် နှင်းလျှောစီးပစ္စည်းတွေ ဝယ်ရင်း ချန်ကျိုးနှင့် တွေ့ခဲ့တဲ့အချိန်ကို ပြန်အမှတ်ရသွားခဲ့သည်။

အဲဒီအချိန်က ချန်ကျိုးက - “ဒုက္ခမများပါဘူး၊ နီးပါတယ်။” ဟု ပြောခဲ့သည်။

အဲဒီအချိန်တုန်းက ချန်ကျိုးရဲ့ အိမ်က ကုန်တိုက်နဲ့ နီးတယ်လို့ သူမ ထင်ခဲ့မိသည်။

မထင်မှတ်ဘဲ သူ ပြောတဲ့ နီးနေတယ်ဆိုတာ ရှီယွီယွဲ့ဗီလာဝန်းနှင့် နီးနေတာကိုပင်။

ဤနေရာသည် ပေကျင်း၏ အစစ်အမှန် အိမ်ရာမြေကွက်ဖြစ်ပြီး မြေ၏ တစ်လက်မတိုင်းသည် ရွှေချိန်နှင့် တန်ဖိုးညီသည်။

ဒီမှာ အိမ်ဝယ်ဖို့ တတ်နိုင်တဲ့သူတွေက ချမ်းသာပြီး အာဏာကြီးသူများဖြစ်ကြကာ သူတို့၏ အိမ်နေရာတွေကို သေချာပေါက် ငှားရမ်းဖို့ မလိုလားဘူး။

ဇိမ်ခံကားမောင်းပြီး အိမ်ငှားနေတာ မဖြစ်နိုင်ဘူး…

ချန်ကျိုး… သူက ဘယ်သူများလဲ။

***

All Chapters