ဒါကို လက်ဆောင်လို့ ခေါ်သလား
Vol. 5 Ch. 68
“ပန်းဆိုင်ရဲ့ စီးပွားရေးက ကောင်းသထက် ကောင်းလာပြီ။ အောင်မြင်မှုကို မျှဝေတဲ့အနေနဲ့ ကျွန်မ ရှင်တို့အတွက် လက်ဆောင်လေးတွေ ပြင်ဆင်ပေးထားတယ်” ရှန်းမူမူက ညစာစားပြီးချိန်တွင် သူတို့အတွက် သူမ ပြင်ဆင်ထားသော လက်ဆောင်ထုပ်များကို ထုတ်ယူပြီး ကြေငြာလိုက်သည်။ သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကိုယ်လူချော နှစ်ယောက်ကို လက်ဆောင်ပေးလိုက်သည်။
ချီရှောင်ပိုင်သည် “အောင်မြင်မှုကို မျှဝေ” ဟူသော စကားလုံးကို ထူးဆန်းစွာ အသုံးပြုမှုကြောင့် စိတ်ရှုပ်သွားကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဒါပေမယ့် သူ အတွန့်မတက်ခင် ရှန်းမူမူ၏ ဖြူစင်တောက်ပသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုကို တွေ့လိုက်ရသည်။
ရှန်းမူမူသည် လက်ဆောင်သေတ္တာကို ကုလားထိုင်အောက်ကနေ ဆွဲယူပြီး စားပွဲပေါ် လေးနက်စွာ ချထားလိုက်သည်။
ထို့နောက် သူမသည် သူမ၏ အိတ်ကပ်ထဲမှ စာအိတ်နီ တစ်အိတ်ကို ထုတ်ယူကာ သူ့ဖခင်ထံ ကမ်းပေးပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်၊ “ဒါက ရှင့်အတွက်၊ ကျွန်မ ရှင့်ကို ဘာဝယ်ပေးရမှန်း မသိတာနဲ့ ကျွန်မ တွေးရင်းတွေးရင်းနဲ့ ရှင့်မှာ ပြတ်လပ်နေတာ ဘာတစ်ခုမှ မရှိတာကို နားလည်သဘောပေါက်သွားခဲ့တယ်။ ဒါကြောင့် ရှင့်ကို ကျွန်မရဲ့ ပျော်ရွှင်မှုကို မျှဝေခံစားနိုင်စေဖို့ စာအိတ်နီပေးရုံမှတပါး အခြား ဘာကိုမှ မတွေးမိတော့ဘူး။”
ချီမော့၏ အကြည့်တွေက ခဏတာမျှ စိုက်ကြည့်နေပြီးနောက် သူ့မျက်ဝန်းတွေက ဖြည်းညှင်းစွာ ကွေးညွှတ်သွားခဲ့သည်။
သူ၏ နူးညံ့သောအကြည့်တွေက စာအိတ်နီပေါ်သို့ ကျရောက်သွားကာ ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် ၎င်းကိုယူရန် လက်ဆန့်လိုက်သည်။
သူ့အသံတွင် ပြုံးပျော်ရွှင်မှု အရိပ်အငွေ့ ယှက်သန်းနေခဲ့သည်၊ “အိုကေ၊ ကိုယ် မင်းရဲ့ ပျော်ရွှင်မှုကို မျှဝေယူလိုက်ပြီ။”
ချီမော့၏ မှတ်ဥာဏ်ထဲတွင် စာအိတ်နီကို သူ အသက်ငယ်ရွယ်စဉ် တရုတ်နှစ်ကူးတုန်းက သူ့အဘွားဆီကနေသာ ရရှိခဲ့ဖူးသည်။
သူ အသက်ကြီးလာတော့ သူ့ကို ဘယ်သူ့မှ လက်ဆောင်အဖြစ် ပိုက်ဆံ မပေးကြဘူး။
စီးပွားရေးလောကတွင် မျက်နှာသာရဖို့ သူ့ကို လက်ဆောင်ပေးပို့တဲ့ ပန်းချီကား၊ ဝိုင်၊ လက်ရေးလှများနှင့် ယှဉ်လိုက်ရင် သူ့ရှေ့က စာအိတ်နီက အထူကြီး မဟုတ်ပေမယ့် ပိုထူးခြားပုံပေါ်သည်။
သူသည် စာအိတ်နီကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်ကြည့်တော့ သူ့ဆီကနေ ကြာရှည်စွာ ပျောက်ကွယ်သွားခဲ့သော နွေးထွေးမှုနှင့် စိတ်ခံစားချက်တို့ကို ပြန်ခံစားမိသည်။
ဒါပေမယ့် စာအိတ်နီကို တစ်ဖက်လှန်လိုက်သောအခါတွင် သူ့မျက်ဝန်းတွေက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။ သူက အံ့အားသင့်စွာ ဗလာသက်သက် စိုက်ကြည့်မိသည်။
တစ်ဖက်တွင် ရေးသားထားသည်မှာ - တစ်ဘဝလုံး အံ့အားသင့်စရာတွေနဲ့ ကံကောင်းမှုတွေ ရှင့်ဆီ အဆက်မပြတ် ရောက်လာစေဖို့ ကျွန်မ မျှော်လင့်ပါတယ်။
လက်မှတ်ရေးထိုးသည့်နေရာ၌ ချစ်စရာကောင်းတဲ့ ရုပ်ပြောင်ပုံလေးကို ရောင်စုံဘောပင်ဖြင့် ဆွဲထားခဲ့သည်။
အရမ်းချစ်စရာကောင်းတဲ့ ရုပ်ပြောင်ပုံလေးကိုကြည့်ပြီး ရင့်ကျက်တည်ငြိမ်သော အမျိုးသားသည် သူ့နှုတ်ခမ်းများကို ကွေးညွှတ်ထားရုံမှတပါး ရွေးစရာ မရှိပေ၊ သူ့မျက်ဝန်းနက်တွေကလည်း ရွှင်မြူးခြင်းများ အပြည့်ရှိနေ၏။
ရှန်းမူမူသည် ဒီစာသားကို အွန်လိုင်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဥာဏ်ကွန့်မြူးထားခဲ့သည်။ သူမသည် ဒီစာသားက ချီမော့အတွက် အထူးသင့်လျော်ကြောင်း မြင်လိုက်တာနဲ့ ခံစားမိခဲ့သည်။
ဒါက ဖြစ်နိုင်တယ်၊ မဟုတ်ဘူးလား။
တစ်ဘဝလုံး အံ့အားသင့်စရာတွေနဲ့ ကံကောင်းခြင်းတွေ သူ့ဆီ ရောက်လာမှသာလျှင် သူ ဆက်တိုက်ဆိုသလို ငွေရှာနိုင်မှာမဟုတ်လား။
သူ ချမ်းသာနေသရွေ့ သူမတို့မိသားစုမှာ စားဝတ်နေရေးအတွက် စိတ်ပူစရာ မလိုဘဲ သာယာဝပြောသောဘဝဖြင့် နေထိုင်နိုင်ပါလိမ့်မည်။
ဒါဟာ သူလိုချင်တဲ့ ကောင်းချီးတစ်ခုလည်း ဖြစ်နိုင်တယ်လို့ သူမ မှန်းဆခဲ့သည်။
ရှန်းမူမူက မျက်တောင်ခတ်ပြီး သူမမျက်လုံးထဲတွင် သူ့တုံ့ပြန်မှုကို မျှော်လင့်နေမှုအပြည့်ရှိကာ သူမရှေ့က အမျိုးသားကို ခပ်ပြုံးပြုံးမျက်နှာထားဖြင့် “ရှင် သဘောကျလား” ဟု လေးလေးနက်နက် မေးမြန်းလိုက်သည်။
အမျိုးသားက ဖြည်းဖြည်းချင်း မျက်လုံးပင့်ကာ သူမနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။ သူမ၏ အလွန်တရာ လေးနက်သော အကြည့်များကို မြင်တော့ “ကိုယ် အရမ်းကြိုက်တယ်” ဟု သံလိုက်လို ဆွဲဆောင်မှုရှိသောအသံဖြင့် တုံ့ပြန်ခဲ့သည်။
ရှန်းမူမူက ပြုံးလိုက်သည်၊ “ရှင် ကြိုက်တယ်ဆို ကောင်းတယ်။”
သူတို့ဘေးနားက ချီရှောင်ပိုင်သည် စောင့်ဆိုင်းနေရင်း စိတ်မရှည်လက်မရှည် ဖြစ်နေခဲ့ပြီ။
သူ့အဖေက လက်ဆောင်အဖြစ် စာအိတ်နီ ရရှိခဲ့တာကိုမြင်တော့ ကျန်တဲ့ လှပစွာ ထုပ်ပိုးထားသော လက်ဆောင်သေတ္တာက သူ့အတွက် ဖြစ်ရမယ်လို့ မှန်းဆမိသည်။
ဒါက အရမ်းခမ်းနားလွန်းတယ်။
သူ့စိတ်ထဲမှာ ပျော်ရွှင်မှုများ ပေါက်ကွဲထွက်သွားသည်။
သူ့ပါးစပ်ထောင့်စွန်းများပင် မထိန်းနိုင်စွာ ကွေးတက်လာခဲ့သည်။
သူ၏ မူလက မှုန်ကုပ်ကုပ်ဖြစ်နေသော မျက်နှာသည်ပင် မှုန်ကုပ်မှု လုံးဝ မရှိတော့ဘဲ သူ့မျက်နှာပေါ်တွင် “ငါ့လက်ဆောင်ကို မြန်မြန်ဖွင့်ခွင့်ပေးပါတော့” ဟူသော စကားလုံးကို ရေးသားထားပုံပေါ်သည်။
ချီရှောင်ပိုင်က ရှန်းမူမူကို သွားပေါ်အောင် ပြုံးပြပြီး မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် “ဒါက ကျွန်တော့်အတွက်လား၊ ဟုတ်လား” ဟု မေးလိုက်သည်။
ရှန်းမူမူ၏ နှုတ်ခမ်းများသည် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုအသွင် ကွေးညွှတ်သွားခဲ့သည်။
“ဒါပေါ့၊ ငါ နင့်အတွက် အချိန်အကြာကြီး စဉ်းစားပြီးတော့ အထူးဝယ်ခဲ့ပေးတာလေ။”
ဝိုး…၊ သူမက ဒီအတွက် အချိန်အကြာကြီး စဉ်းစားခဲ့တာဆိုတော့ ဒါက အရမ်းထူးခြားတဲ့လက်ဆောင်ပဲ ဖြစ်ရမယ်။
ချီရှောင်ပိုင်က လက်ဆောင်သေတ္တာကို ဖွင့်ဖောက်ဖို့ မစောင့်နိုင်တော့ဘူး။
သူသည် လက်ဆောင်သေတ္တာကို ချည်နှောင်ထားသော ဖဲပြားကို ဂရုတစိုက် ဖြည်လိုက်သည်။
သူသည် ထုပ်ပိုးထားသော စက္ကူစများကို မပျက်စီးစေရန် အနားတွေကို တစ်ခုချင်း ဖြည်းဖြည်းချင်း ခွာလိုက်သည်။
သူ့အကြည့်တွေက လေးနက်မှုအပြည့်ရှိသည်။
ရှန်းမူမူက အနားမှာ လာမှီပြီး တိုးတိုးလေး ပြောလိုက်သည်၊ “နင် ဒါကို ကြိုက်မယ်လို့ ငါမျှော်လင့်တယ်။”
ချီရှောင်ပိုင်က ပြောသည်၊ “ဒါပေါ့၊ ကျွန်တော် သေချာပေါက် ဖတ်…”
ချီရှောင်ပိုင်တစ်ယောက် သူ့ရဲ့ ပြောလက်စ စကားလုံး ရပ်တန့်သွားပြီး ရုတ်ခြည်း အေးခဲသွားသည်။
ဒါက ဘာလဲ။
မေးခွန်းဟောင်းစာအုပ်တွေလား။
ချီရှောင်ပိုင်သည် ခေါင်းကို ချာခနဲလှည့်ပြီး ရှန်းမူမူကို ကြည့်လိုက်သည်။
“ခင်ဗျား ထုပ်ပိုးတဲ့ ပစ္စည်း မှားသွားတာများလား။”
ရှန်းမူမူက ဆိုးသွမ်းစွာ ပြုံးပြပြီး “ဟင့်အင်း၊ ဒါက နင့်အတွက် ငါ ပြင်ဆင်ပေးထားတဲ့ စိတ်ကြိုက်လက်ဆောင်ပဲ” ဟု ပြောလိုက်သည်။
ချီရှောင်ပိုင်ရဲ့ အမူအရာက တစ်စက္ကန့်အတွင်း ပျော်ရွှင်မှုကနေ ဝမ်းနည်းမှုအဖြစ် ပြေင်းလဲသွားခဲ့သည်၊ “ခင်ဗျားက ဒါကို လက်ဆောင်လို့… ပြောချင်တာလား။”
ရှန်းမူမူက ခေါင်းငုံ့ပြီး ဓားအပြည့် ထုတ်သုံးလာခဲ့သည်၊ “ကောင်းပြီ… နင် ဘာဖြစ်လို့ တစ်ခုလောက် မတွက်ကြည့်တာလဲ။”
ချီရှောင်ပိုင် - …
ချီမော့သည် လက်ဆောင်သေတ္တာထဲမှာ မေးခွန်းဟောင်း အစုံအလင်ကို တွေ့တော့ သူ့မျက်ဝန်းထောင့်တွေ ဖြည်းညှင်းစွာ ကွေးညွှတ်သွားခဲ့သည်။ ဒါပေမယ့် ချီရှောင်ပိုင်က သူ့ကို အပြစ်တင်တဲ့အကြည့်နဲ့ ကြည့်လိုက်တဲ့အခါမှာ သူ့ကို မျက်လုံးမှေးကြည့်ပြီး ပြုံးပြလိုက်သည်။
ချီမော့က လက်သီးဆုပ်ကို ပါးစပ်နားကပ်ပြီး ချောင်းဟန့်ကာ တိုးတိုးလေး ပြောလိုက်သည် - “အင်း၊ အဲဒါကို တွက်ကြည့်လိုက်လေ။”
ချီရှောင်ပိုင် - …
ဒါက ဘာလက်ဆောင်မျိုးလဲ။
သူတို့က သူ့ကို အရူးလုပ်ဖို့ အဖွဲ့လုပ်လိုက်ကြတာလား။
ဒီနေ့က ဧပရယ်ဖူးလ်နေ့လည်း မဟုတ်ပါဘူး။
သူက စကားအနည်းငယ် ငြင်းခုံချင်သောအခါတွင် သူ့အဖေနှင့် ရှန်းမူမူသည် ထမင်းစားပွဲမှ ထွက်သွားနှင့်ပြီဆိုတာကို တွေ့လိုက်ရကာ တစ်ယောက်ပြီး တစ်ယောက် အပေါ်ထပ်ကို တက်သွားကြသည်။
ချီရှောင်ပိုင်သည် သူ့ရှေ့က မေးခွန်းဟောင်းတွေကိုကြည့်ပြီး သူတို့နှစ်ယောက်ရဲ့ နောက်ကျောကို လှမ်းကြည့်လိုက်သည်။
သူသည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။
သူ့ဘေးနားရှိ အစေခံတွေက သူတို့ပါးစပ်တွေကို ဖုံးအုပ်ပြီး ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။
အပေါ်ထပ်သို့ တက်လာပြီးနောက် ရှန်းမူမူသည် ဆိုဖာပေါ်တွင် ပျင်းရိငြီးငွေ့စွာ လှဲလျောင်းနေရင်း ဖုန်းပွတ်နေခဲ့သည်။
သူမသည် ဇနီးသည်များ အဖွဲ့ထဲမှ စကားဝိုင်းကို မစစ်မိတာ ကြာပြီ။
ဒီနေ့ သူမ ဝင်ကြည့်ဖို့ နှိပ်လိုက်တော့ ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း ဆွေးနွေးနေကြသူ အများအပြားကို တွေ့ခဲ့ရသည်။
သူမသည် ချက်ချင်းဆိုသလို ထထိုင်ပြီး သူတို့၏ စကားဝိုင်းကို ဂရုတစိုက် စတင်ဖတ်ရှုခဲ့သည်။
သူမသည် ဤကိစ္စနှင့် ပတ်သက်၍ ချီရှောင်ပိုင်နှင့် စကားပြောဖို့ အခွင့်အရေး ရှာနေသည်။
အဖွဲ့ထဲရှိ ဇနီးသည် တော်တော်များများ၏ ကလေးများသည် အထက်တန်း တတိယနှစ်ကို တက်ရောက်နေကြသည်။
ဖြစ်နိုင်တာက… ဤအတွေ့အကြုံရှိသော “မိခင်ရင်းများ” ၏ စကားဝိုင်းကို ကြည့်ခြင်းဖြင့် သူမလည်း စိတ်ကူးဥာဏ်အချို့ ရရှိနိုင်ပါသလား။
သို့သော် သူမ ဖတ်ကြည့်လေလေ သူမ၏ အမူအရာက ပိုထူးဆန်းလေလေ ဖြစ်လာခဲ့သည်။
သူမ၏ မျက်ခုံးတွေ ထိကပ်သွားသည်အထိ မျက်မှောင်ကြုတ်ထားမိသည်။
ပထမတော့ သူတို့တွေဟာ ပိုမိုကောင်းမွန်တဲ့ ပညာရေးအရင်းအမြစ်တွေရဖို့အတွက် ဘယ်နာမည်ကြီး နိုင်ငံခြားတက္ကသိုလ်တွေကို ကလေးတွေအား ပညာသင် စေလွှတ်ကြမလဲဆိုတာကို ဆွေးနွေးနေကြတာပါ။
ဒါပေမယ့် နောက်တော့ သူတို့ရဲ့ စကားဝိုင်းက တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်၊
-(မစ္စချန်၊ ရှင့်ကလေး ဟားဗတ်ကို စေလွှတ်တုန်းက ဘယ်စီနီယာဆီကနေ ထောက်ခံစာ ရရှိခဲ့တာလဲ။)
- (အခု ကျွန်မကလေးတွေကို ဟားဗတ် ဒါမှမဟုတ် ကိမ်းဘရေ့ချ်ကို ပို့ချင်တယ်ဆိုရင် ဘယ်လောက် ပမာဏလောက် လှုဒါန်းသင့်လဲ။)
- (တကယ်တော့ ဒီလောက် အခက်အခဲ မများပါဘူး၊ ကလေးတွေအတွက် သူတို့ရဲ့ စွမ်းရည်တွေကို လအနည်းငယ်လောက် အပြင်းအထန် ပြင်ဆင်စေပြီး နာမည်ကျော် ဆရာတစ်ယောက်ရှာဖို့က အဆက်အသွယ်တွေကို သုံးလိုက်ရုံပါပဲ၊ ဒီနည်းနဲ့ဆို အရမ်းကောင်းတဲ့ ကျောင်းတွေကိုတောင် သွားနိုင်ပါသေးတယ်။)
- (လိုအပ်ရင် ကျွန်မ ရှင်တို့ကို ကူပြီး မိတ်ဆက်ပေးနိုင်ပါတယ်။)
ရှန်းမူမူသည် ဤစကားဝိုင်းနှင့် ပတ်သက်၍ သူမအား ထူးဆန်းစွာ ခံစားရစေသည့် အရာများကို အတိအကျ ဖော်ပြရန် ခက်ခဲပေသည်။
ထို့အပြင် အချို့သော နိုင်ငံခြားတက္ကသိုလ်များသည် အလှုငွေများဖြင့် ဝင်ခွင့်နေရာများကို အမှန်တကယ် ရရှိနိုင်ပါသည်။
အချို့သောကျောင်းများသည် နာမည်ကြီးဆရာများ၏ ထောက်ခံစာများကို အထူးအလေးပေးကြသည်။
ဤသည်မှာ အထက်တန်းလွှာ လူ့အဖွဲ့အစည်းတွင် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သည်။
ရှန်းမူမူသည် ချီရှောင်ပိုင်၏ အိပ်ခန်းဆီသို့ ခေါင်းလှည့်ပြီး လှမ်းကြည့်လိုက်သည်။
သူမသည် မျက်လုံးမှေးပြီး အတွေးနက်သွားခဲ့သည်…
ချီရှောင်ပိုင်သည်လည်း တက္ကသိုလ်ကောင်းကောင်းတစ်ခုကို လွယ်လွယ်ကူကူ ဝင်နိုင်မယ်လို့ ခံယူထားတဲ့ လူတွေလိုပဲ ဖြစ်နိုင်သလား၊ ဒါကြောင့် သူ့အဆင့်တွေကို ဂရုမစိုက်တာလား။
ရှန်းမူမူသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး နောက်ဆုံးတွင် ချီရှောင်ပိုင်၏ အခန်းတံခါးကို ခေါက်ဖို့ မဆုံးဖြတ်မီ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသည်။
တံခါးက အတွင်းကနေ ပွင့်လာခဲ့သည်။
ရှန်းမူမူ၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာကြောင့် ချီရှောင်ပိုင်သည် စိတ်ရှုပ်ထွေးစွာ ခဏတာမျှ တုံ့ဆိုင်းသွားကာ “ဘာဖြစ်လို့လဲ” ဟု မေးလိုက်မိသည်။
ရှန်းမူမူက အသက်ပြင်းပြင်းရှုကာ လိုရင်းကို တန်းမေးလိုက်သည်။
“အချိန်ရရင် ခဏလောက် စကားပြောရအောင်လား။”
***