← Chapters

ဒီလိုမျိုး ငွေကြေးပံ့ပိုးပေးမှုနဲ့ဆို စက်ဘီးကို ဘာကြောင့် လိုအပ်နေရဦးမှာလဲ

Vol. 5 Ch. 69

ဒီလိုမျိုး ငွေကြေးပံ့ပိုးပေးမှုနဲ့ဆို စက်ဘီးကို ဘာကြောင့် လိုအပ်နေရဦးမှာလဲ

Vol. 5 Ch. 69

ရှန်းမူမူသည် ချီရှောင်ပိုင်၏ အိပ်ခန်းသို့ ပထမဆုံးအကြိမ် ရောက်လာခြင်းပင်။

အခန်းတွင်း အလှဆင်မှုသည် ရိုးရှင်းပြီး အေးမြသော မီးခိုးရောင်ကို အသုံးပြုထားသည်။

အခန်းတံခါးနှင့် မျက်နှာချင်းဆိုင်တွင် အားကစားဖိနပ်များကို ပြသထားသည့် ဗီရိုတစ်လုံးရှိပြီး နောက်ဆုံးပေါ် အားကစားဖိနပ် အမျိုးမျိုးကို ပြသထားသည်။

အရောင်စုံ အားကစားဖိနပ်များသည် အခန်း၏ အေးစက်သော အရောင်အဆင်းကို မှိန်ဖျော့သွားစေပါသည်။

ဖိနပ်ဗီရို၏ ဘေးတွင် စီဒီချပ်များ စင် နှစ်ခုအပြည့်ရှိပြီး ထောင့်စွန်းနားတွင် ဂစ်တာ တစ်လုံး ချိတ်ဆွဲထားသည်။

ထိုအရာများကိုမြင်လိုက်တာနဲ့ ဤနေရာသည် ဆယ်ကျော်သက် ကောင်လေး၏ အခန်းဖြစ်ကြောင်း ပြောနိုင်ပေသည်။

ချီရှောင်ပိုင်သည် ရှန်းမူမူအား ကုလားထိုင်ပေးကာ သူကတော့ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

ရှန်းမူမူ၏ လေးနက်သော အမူအရာကို သတိပြုမိသောကြောင့် သူသည် ပုံမှန်နေနေကြထက် မတ်မတ်ထိုင်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်သည်။

“ဘာပြောချင်လို့လဲ။”

ရှန်းမူမူသည် လိုရင်းကို တိုက်ရိုက်သွားခဲ့သည်၊ “ငါ နင်တို့အတန်းပိုင်ဆရာမနဲ့ နောက်ဆုံး စကားပြောခဲ့တုန်းက နင်တို့အတန်းထဲက ကျောင်းသားတော်တော်များများက ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုပြီးတာနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စီစဉ်ထားကြတယ်တဲ့။”

ချီရှောင်ပိုင်က ဘာကြောင့်မှန်းမသိဘဲ သူမ မေးခွန်းထုတ်လာသောကြောင့် ခေါင်းညိတ်ပြလိုက်သည်၊ “ဟုတ်တယ်၊ အဲ့တာ အမှန်ပဲ။”

ရှန်းမူမူက ဆက်မေးခဲ့သည်၊ “အဲ့တာဆို နင်လည်း အဲ့လိုတွေးထားတာလား။”

“ဘာကို တွေးတာလဲ။ နိုင်ငံခြား ကျောင်းသွားတက်ဖို့ကိုလား။” ချီရှောင်ပိုင်က စိတ်ရှုပ်ထွေးနေသည်။

တရုတ်နိုင်ငံ တက္ကသိုလ်များသည်လည်း အလွန်ကောင်းမွန်သည်ဟု သူခံစားရပြီး အောင်မြင်မှုရရှိရန် နိုင်ငံခြားသို့ သွားရမည်ဟု မတွေးထားခဲ့ပေ။

သူက “ဟင့်အင်း” လို့ ပြန်ဖြေခါနီးမှာ ရှန်းမူမူက ထပ်မေးလာတာကို ကြားလိုက်ရသည်၊ “နာမည်ကြီး နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှာ တက်ရောက်နိုင်ဖို့ နင့်အတွက် ပိုက်ဆံသုံးပေးဖို့ နင့်အဖေကို တောင်းဆိုဖို့ကို နင် စဉ်းစားဖူးလား။”

“ကျွန်တော် အဲ့လို မတွေးဖူးဘူး။ ပြီးတော့…” ချီရှောင်ပိုင်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

ထို့နောက် သူက အဝေးသို့ လှမ်းကြည့်ပြီး သူ့ပခုံးတွေ ညွှတ်ကျသွားခဲ့သည်။

“ပြီးတော့ သူက ကျွန်တော့်အတွက် အဲ့လိုမျိုး ဘယ်တော့မှ လုပ်ပေးမှာ မဟုတ်ဘူး။”

မူလတန်း၊ အလယ်တန်း ပြီးတော့ အထက်တန်းကျောင်းအထိ သူ့အဖေက သူ့အတန်းဖော်တွေရဲ့ တခြားမိဘတွေလို ကျောင်းကို ပစ္စည်းကိရိယာများ၊ စာကြည့်တိုက်များ၊ ကျောင်းအဆောက်အအုံများကိုတောင် မလှူဖူးဘူး။

သူက ချီရှောင်ပိုင်ကို တစ်ခွန်းတည်းသာ ပြောခဲ့သည် - မင်း အကောင်းဆုံး လုပ်နိုင်သလောက်သာ လုပ်။

ချီရှောင်ပိုင်သည် အနည်းငယ် မျက်မှောင်ကြတု်ကာ သူ့နှလုံးသားထဲရှိ စိတ်ပျက်မှုကို လျစ်လျူရှုသော အမူအရာဖြင့် ဖုံးကွယ်ထားခဲ့သည်။

သူ့ရင်တွင်းက ခံစားချက်တွေကို မထုတ်ဖော်ပြသချင်ဘူး။

ဒါပေမယ့် အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် သူ့ရင်တွင်း စိတ်ခံစားချက်များကို အလွယ်တကူ ဖုံးကွယ်နိုင်သည် အရွယ်ကို မရောက်သေးပါ။

ရှန်းမူမူသ် မူရင်းဝတ္ထုကို မဖတ်ထားဘဲ သူ့ရဲ့ ထိခိုက်လွယ်တဲ့ သဘောသဘာဝကို မသိထားရင်တောင် သူမသည် ဆယ်ကျော်သက်အရွယ်ကောင်လေး၏ မျက်နှာပေါ်ရှိ စိတ်မသက်မသာဖြစ်နေတာကို ဖတ်မိနိုင်နေဆဲဖြစ်သည်။

လူငယ်တိုင်းရဲ့ နှလုံးသားထဲမှာ သူတို့ဖခင်က သူတို့ရှေ့မှာ ရပ်တည်ပေးတဲ့ တောင်ကြီး တစ်ခုလိုပါပဲ၊

သူတို့ဖခင်ကို မော်ကြည့်ချင်ကြပြီး သူ့လို အမြင့်ပေါ်ရောက်အောင်လည်း ကြိုးစားချင်ကြသည်။

ချီမော့၏ ကိုယ်ကျင့်စရိုက်နှင့် ဘဝအတွေ့အကြုံများသည် အခြားမိဘများကဲ့သို့ ချီရှောင်ပိုင်ကို အရိုးရှင်းဆုံးနှင့် အပြစ်ကင်းစင်သော ဖခင်မေတ္တာကို ပေးဖို့ ရည်ရွယ်ထားခြင်း မရှိပေ။

အချိန်ကြာလာသည်နှင့်အမျှ ချီရှောင်ပိုင်သည် သူ၏ အသိအမှတ်ပြုမှုကို တောင့်တခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ့နည်းသူဟန်ဖြင့် သက်သေပြလိုခဲ့သည်။

ရှန်းမူမူသည် ပတ်ဝန်းကျင်ရှိ လေထုကို ဤမျှ လေးလံမနေစေချင်ပါ။

ရှန်းမူမူသည် စားပွဲပေါ်မှ စပျစ်ဆိုဒါဘူး နှစ်ဘူးကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်သည်။

ချီရှောင်ပိုင်ဆီ ဆိုဒါတစ်ဘူး လှမ်းပစ်ပေးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် - “မင်း အကောင်းဆုံး လုပ်နိုင်ပါတယ်၊ ရှောင်ချီ။ အရမ်းတော်တယ်။”

ချီရှောင်ပိုင်က လက်ပြန်ဖြင့် ပေါ့ပေါ့ပါးပါး ဖမ်းယူကာ မျက်ခုံးပင့်လိုက်သည်၊ “အင်း…”

ရှန်းမူမူက “မင်းမှာ ငွေနဲ့ အရင်းအမြစ်တွေ အားသာချက် ရှိပေမယ့် မင်းက တခြားသူတွေလို အလွယ်လမ်းလိုက်ဖို့ စိတ်ကူးမရှိဘူး။ ဒါက အရမ်းကို ရှားပါးတဲ့ အတွေးအခေါ်ပဲ” ဟု ရှင်းပြပေးသည်။

ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာတဲ့ ပိုက်ဆံရှိ သခင်လေးတစ်ယောက်အတွက် အဲဒါက တကယ့်ကို ချီးကျူးစရာပါပဲ။

ချီရှောင်ပိုင်၏ မျက်ဝန်းထဲတွင် အလင်းရောင် တစ်ခု ဖျတ်ပြေးသွားကာ နောက်ဆုံးတွင် သူ၏ အေးစက်ပြီး သီးသန့်ဆန်သော မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ချီရှောင်ပိုင်သည် ချီးမွမ်းသံကြောင့် အနည်းငယ် ရှက်သွားပြီး စကားခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်၊ “ဒါဆို ကျွန်တော် အင်္ဂလိပ်စာ လေ့လာစရာ မလိုတော့ဘူးလို့ ဆိုလိုတာလား။”

“ဆုတောင်းလေ” ရှန်းမူမူသည် သူ့ကို မျက်စောင်းရွယ်လိုက်သည်၊ “ငါဆိုလိုတာက ကောလိပ်စာမေးပွဲတွေက အရေးကြီးတယ်၊ ဒါပေမယ့် ငါကတော့ အဲဒါကို အရေးကြီးတယ်လို့ မထင်ဘူး။”

ချီရှောင်ပိုင်သည် သူ နားကြားမှားသွားသလားဟုပင် တွေးလိုက်မိပေသည်။

သူ အထက်တန်းကျောင်းစတက်ကတည်းက သူ့ပတ်ဝန်းကျင်ကလူတိုင်းက ကောလိပ်စာမေးပွဲက ဘဝရဲ့ အချိုးအကွေ့တစ်ခုဖြစ်ပြီး ဦးစားပေးရမယ့် အရာတစ်ခုလို့ ပြောကြသည်။

သူမ ပြောသလို အဲ့တာက တကယ်ပဲ အရေးမကြီးဘူးလား။

ရှန်းမူမူက ပြောသည်၊ “ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ရတဲ့ ရမှတ်တွေထက် ပိုတန်ဖိုးရှိတာက ဒီနှစ်က မင်းရဲ့ အတွေ့အကြုံတွေ၊ မင်း အကောင်းဆုံး ကြိုးစားခဲ့တာတွေအတွက် စိတ်ကျေနပ်မှုနဲ့ နှစ်တွေကြာလို့ ငယ်ဘဝကို ပြန်တွေးကြည့်တဲ့အခါ နောင်တမရမယ့် ခံစားချက်၊ အဲ့တာတွေက ပိုအရေးပါတယ်။”

ချီရှောင်ပိုင်၏ မျက်လုံးတွေက ပေကလပ် ပေကလပ် ဖြစ်သွားသော်လည်း ထိုစကား၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည်ပုံရသည်။

ရှန်းမူမူက ခဏလောက် ရပ်ပြီးမှ နူးညံ့သိမ်မွေ့စွာ ဆက်ပြောခဲ့သည်၊ “မင်း အကောင်းဆုံး ကြိုးစားနေသရွေ့ မင်း ရမှတ် ဘယ်လောက်ပဲ ရပါစေ၊ ကိစ္စမရှိဘူး၊ မင်းအဖေက မင်းအတွက် ဂုဏ်ယူနေလိမ့်မယ်။”

ချီရှောင်ပိုင်က ရုတ်တရက် မော့ကြည့်လိုက်သည်၊ “တကယ်လား။”

သူ့အဖေက သူ့အတွက် တကယ်ပဲ ဂုဏ်ယူမှာလား။

အတန်းပိုင်ဆရာမ၊ အိမ်တော်ထိန်းကျန်း၊ လက်ထောက်သုန်းတို့လို တစ်ယောက်ယောက်က သူ့ကို ဒီလိုပြောလာမယ်ဆိုရင် ဒါက သူတို့ သူ့ကို စာကျက်ဖို့ လှည့်စားတဲ့ နည်းလမ်းတစ်မျိုးပဲ။

ဒါပေမယ့် ထူးဆန်းသည်မှာ ထိုစကားတွေက ရှန်းမူမူ၏ ပါးစပ်ကနေ ထွက်လာခဲ့တယ်ဆိုရင် လူတွေကို ယုံကြည်သွားစေနိုင်မယ့် မှော်ဆန်တဲ့ အရာတစ်ခုလိုပါပဲ။

ရှန်းမူမူ၏ မျက်နှာအမူအရာက တည်ကြည်နေပြီး “သေချာပေါက်ပဲ” ဟု ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလာခဲ့သည်။

ချီရှောင်ပိုင်က တိတ်ဆိတ်နေပြီး အနည်းငယ် မျက်မှောင်ကြုတ်ထားသည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူ စိတ်တည်ငြိမ်သွားခဲ့သည်။

သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့် အရိပ်အမြွတ် တစ်ခု ပေါ်လာခဲ့သည်။

“ဒါဆို ကျွန်တော် ကြိုးစားကြည့်မယ်။”

ရှန်းမူမူက ပြုံးသည်၊ “ကောင်းတယ်၊ ကြိုးစားကြည့်ပါ။”

ရှန်းမူမူသည် တခြားသူများကို အားပေးသည့်နေရာမှာ အမြဲတော်လွန်းသည်။ သူမသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ဆက်ပြောလာခဲ့သည်၊ “အခုနောက်ပိုင်း အိမ်တဝိုက်မှာ ကပ်ခွာမှတ်စုတွေ နည်းနည်းပဲ ကျန်တော့တယ်၊ မင်း တစ်ဝက်လောက်ကို ပိုင်နိုင်သွားပြီလေ။ ကြည့်ပါလား၊ မင်းသာ စိတ်ဆုံးဖြတ်လိုက်မယ်ဆို သူတို့ကို လေ့လာတာ သေချာပေါက် လွယ်လွယ်လေးပဲ။”

အချီးမွမ်းခံရသော ကောင်လေး၏ မျက်လုံးတွေက ကွေးညွှတ်နေပြီး ပဲလုံးစေ့ဆိုဖာပေါ် နောက်ပြန်မှီထိုင်လိုက်ကာ သူ၏ မောက်မာသော သဘောသဘာဝကို ထုတ်ဖော်ပြသနေခဲ့သည်။

ချီရှောင်ပိုင်က မထီမဲ့မြင် မျက်ခုံးပင့်ကာ “ဒါပေါ့၊ ကျွန်တော်က ဘယ်သူမိုလို့လဲ”

ထူးဆန်းသည်မှာ သူ၏ မာနကြီးသော သဘောထားကို မြင်လိုက်ရသောအခါတွင် ရှန်းမူမူသည် နည်းနည်းတောင် အမြင်ကတ်စရာကောင်းတယ်လို့ မခံစားရပေ။

ဒါက နည်းနည်းလေးတောင် ချစ်ဖို့ကောင်းတယ်လို့ ထင်မြင်မိသည်။

ချီရှောင်ပိုင်က ကတိပေးခဲသည်။

ဒါပေမယ့် သူ ကတိပေးပြီးတဲ့အခါမှာ သူက ကတိတည်နိုင်အောင် အစွမ်းကုန် ကြိုးစားလေ့ရှိသည်။

သူ တကယ်အားထုတ်ထားခဲ့သည်ကို မြင်တွေ့နိုင်ပါသည်။

ဝေကျောက်နန်နှင့် သူ၏ အပတ်စဉ် ဘတ်စကတ်ဘော ကစားပွဲများကို ဖျက်သိမ်းရန် အစပြုခဲ့သည်။

ပြီးတော့ အိမ်တောထိန်းကျောက်အား သူ့ Lego တွေကို စတိုခန်းထဲ သိမ်းခိုင်းခဲ့သည်။

ထို့နောက်တွင် သူက ကောလိပ်စာမေးပွဲပြီးသည်အထိ ထိုအရာတွေကို ထပ်မထိတော့ဘူးဟု လေးနက်စွာ ကတိပြုခဲ့သည်။

မနက်မိုးလင်းလာရင် အခန်းတံခါးခေါက်ပြီး အိပ်ရာနှိုးစရာ မလိုတော့ဘဲ ထမင်းစားခန်းထဲ အချိန်မှန် ပေါ်လာခဲ့သည်။

သူသည် ပေါင်မုန့်ချပ် အနည်းငယ်ကို ဆွဲယူပြီး တံခါးဝကနေ အမြန်ထွက်သွားသည်။

ညစာစားပြီးတဲ့အခါမှာတော့ သူ့အခန်းထဲမှာ စာကျက်ဖို့ သူ့ကိုယ်သူ မြှုပ်နှံထားခဲ့သည်။

သူ နားထောင်နေကြ ဆူညံသော တေးဂီတတွေအစား ပြန်လည်နားဆင်နိုင်သော အင်္ဂလိပ်အသံသွင်းသံများဖြင့် အစားထိုးခဲ့သည်။

အိမ်တော်ထိန်းနှင့် အစေခံတွေက ဒါဟာ ထူးဆန်းတယ်လို့ပင် ခံစားခဲ့ရသည်။

တကယ်လို့ ရှန်းမူမူသာ သူ့ကို မတားထားခဲ့ရင် အိမ်တော်ထိန်းသည် သူ့သခင်လေး၏ ခန္ဓာကိုယ်အား အပိုင်စီးထားခြင်း ရှိ မရှိကို ကြည့်ရှုရန်နှင့် တကယ်လို့ အပိုင်စီးထားပါက မကောင်းဆိုးရွားနှင်ဖို့ တာအိုဆရာတစ်ဦးကို ဖိတ်ခေါ်ဖို့ တကယ်ပဲ စဉ်းစားခဲ့ပါသည်။

သို့သော် ချီမော့သည် ချီရှောင်ပိုင်၏ ပြောင်းလဲမှုများကို နည်းနည်းလေးမှ သတိမပြုမိပေ။

မှန်ပါတယ်။

အဆိုပါ အလုပ်သရဲသည် နောက်ထပ် အလုပ်ကိစ္စဖြင့် ခရီးထွက်သွားခဲ့သည်မှာ နှစ်ပတ် ပြည့်ခဲ့ပေပြီ။

ရှန်းမူမူသည် သံတမန်တစ်ဦးအဖြစ် ပြုမူခဲ့သည်။

အစွန့်ပစ်ခံ ခွေးပေါက်လေးတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ အိမ်မွေးတိရိစ္ဆာန်ဆိုင်က ဝန်ထမ်းတစ်ဦးလိုပါပဲ။

ရံဖန်ရံခါ သူမသည် ချီရှောင်ပိုင်၏ အခြေအနေနှင့် ပတ်သက်ပြီး ချီမော့ထံ ပုံများနှင့် စာသားများတွဲလျက် သတင်းပို့လေ့ ရှိသည်။

ချီရှောင်ပိုင်က သူ့ပါးစပ်ထဲမှာ ပေါင်မုန့်နှစ်ချပ်ကို ကိုက်ထားပြီး လက်တစ်ဖက်ဖြင့် ကျောင်းလွယ်အိတ်ကို ဆွဲယူချိန်မှာ လွယ်အိတ်က မတော်တဆ လွှတ်ကျသွားတာကို ခြေထောက်ဖြင့် လှမ်းဖမ်းယူဖို့ ကြိုးစားလိုက်သော်လည်း အဲဒီအစား သူ့ပါးစပ်ထဲက ပေါင်မုန့်တွေသာ ဆုံးရှုံးသွားခဲ့သည်။

ရှန်းမူမူသည် ထိုပုံကို ချီမော့ထံ ပေးပို့ခဲ့သည်၊ “အံ့အားသင့်စရာပဲ၊ လူသားတွေ ခြေလေးချောင်းသတ္တဝါတွေကို ယဉ်ပါးအောင် မွေးမြူနေတဲ့ ရှေးဦးရှားပါးဗီဒီယို”

အဆိုပါ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ခန့်ညားချောမောသော အမျိုးသား၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားခဲ့ပြီး သူက ဖြည်းညှင်းစွာ စာပြန်ခဲ့သည်၊ “ရိုက်ချက်ကောင်းတယ်။”

ရှန်းမူမူ - “ရှင် ကျွန်မကို မြှောက်နေတာပဲ၊ ကျွန်မကို ချီကော်ပိုရေးရှင်းရဲ့ ဖန်တီးမှုဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ စဉ်းစားနေပြီလား။”

ချီရှောင်ပိုင်၏ တရုတ်ဘာသာစကား အဖြေလွှာကို စစ်ဆေးကြည့်သောအခါတွင် ဖတ်ရှုနားလည်မှုအပိုင်းတစ်ခုလုံး အမှားတွေ ပြည့်နေတာကို တွေ့လိုက်ရသည်။

ရှန်းမူမူ - “ချီရှောင်ပိုင်ရဲ့ အဖြေလွှာတွေက သူ ကျဘမ်းဖြေထားတဲ့ပုံပဲ၊ သူ့အဖြေလွှာက ကျွန်မဘဝနဲ့တူနေတယ် - ဘာတွေ အလုပ်များနေလဲဆိုတာ မသေချာဘူး။”

ချီမော့ - “အင်း… အနည်းဆုံးတော့ မင်းမှာ ဟာသဥာဏ်ရှိတယ်။”

ရှန်းမူမူ - “ကျေးဇူးပါ။”

ချီရှောင်ပိုင်က ရှုပ်ထွေးတဲ့ စကားလုံး တစ်လုံးကို ထပ်ခါတလဲလဲ မှားနေတာကို မြင်လိုက်ရတဲ့အခါ သူမ စိတ်ဓာတ်ကျပြီး ကိုယ့်ဆံပင်တွေကို ဆောင့်ဆွဲမိတဲ့အထိပါပဲ။

ရှန်းမူမူ - “ဒီကောင်စုတ်လေးက သူ့ဆံပင်ထူတာကို အခွင့်ကောင်းယူပြီး အမြဲလို အရှုပ်တွေလုပ်နေတာပဲ။ ကျွန်မ သူ့အတွက် ဂျင်းခေါင်းလျှော်ရည် စီစဉ်ပေးသင့်လား။ ရှင်ရော တစ်ဘူးလောက် ယူမလား။”

ချီမော့ - “သူ့အတွက်ပဲ လုပ်ပေးလိုက်ပါ၊ ကိုယ်က မလိုပါဘူး။”

ရှန်းမူမူ - “ကြိုတင်ပြင်ဆင်တာ ပိုကောင်းတယ်၊ ရှင် နောက်နှစ်အနည်းငယ်အတွင်းမှာ လိုလာလိမ့်မယ်။”

ချီမော့ - “ကျေးဇူးပါ။”

ချီရှောင်ပိုင်သည် နာကျင်သောအမူအရာဖြင့် သူ့ Legoများကို စတိုခန်းထဲသို့ တွန်းပို့လိုက်သောအခါတွင် ရှန်းမူမူက ဓာတ်ပုံရိုက်လိုက်သည်။

ရှန်းမူမူက ရွှတ်နောက်နောက် မေးလိုက်သည် - “စတိုခန်းမှာ သော့အပိုရှိလား။ ကျွန်မ စတိုခန်းထဲခိုးဝင်ပြီး သူ ဆက်လို့ မပြီးသေးတဲ့ Legoတွေကို ဆက်လိုက်မယ်ဆိုရင် သူ အရမ်းဒေါသထွက်ပြီး ဆံပင်တွေ ထောင်သွားမလားပဲ၊ (နတ်ဆိုးဆန်စွာ ရယ်မောနေသည့်ပုံ)”

ချီမော့ - “ခဏစောင့်”

မိနစ်ဝက်လောက်ကြာတော့ အိမ်တော်ထိန်းကျန်းသည် အိပ်ခန်းတံခါးကို လာခေါက်လေ၏။

“သခင်မ ဒါက စတိုခန်းရဲ့ သော့အပိုပါ။ သခင်ကြီးက သခင်မကို ပေးဖို့ ပြောလိုက်လို့ပါ။”

ရှန်းမူမူ - ……

ချီမော့နဲ့ ပေါင်းသင်းရတာက ရိုးရိုးရှင်းရှင်း ကြည်နူးဖွယ်ကောင်းတယ်လို့ သူမ ပိုပြီး ခံစားလာရသည်။

သူမ ဘယ်လိုပဲ အဓိပ္ပါယ်မရှိတာတွေ ပြောနေပါစေ၊ သူက အမြဲ ပြန်ဖြေပေးသည်။

သူမက စကားများတယ် သို့မဟုတ် ပျင်းဖို့ကောင်းတယ်လို့ ဘယ်တော့မှ မညည်းညူဘူး။

သူက ဘာပြောရမှန်းမသိရင်တောင် သူမ ပေးပို့တာကို သူမြင်ကြောင်း အစက် ခြောက်စက်တော့ အနည်းဆုံး ပြန်ပေးပို့ပေသည်။

ဟိုးအရင်ကတည်းက သိကျွမ်းခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်လိုပါပဲ။

ရှန်းမူမူက အရမ်းစိတ်လှုပ်ရှားသွားသည်။

ဒီလို ရက်ရောလွန်းတဲ့ စပွန်ဆာမျိုးနဲ့ဆို သူမ ဘာကိုများ ထပ်တောင်းဆိုစရာလိုအပ်ဦးပါမည်နည်း။

သူမသည် ချီမိသားစုတွင် တစ်သက်လုံး အလုပ်လုပ်ပေးချင်မိသည်။

***

All Chapters