ပုစဉ်းရင်ကွဲကို ချောင်းနေသော ရှိခိုးကောင်သည် ငှက်ရွှေဝါကိုကား မမြင်
Vol. 36 Ch. 531
မည်သူမျှ ဖရန်ဂျီပန်နီ ရှေ့သို့ ထွက်လာ လိမ့်မည်ဟု မထင်ထားပေ။ အကြောင်းမှာ သူက ဇာတ်လမ်း အစကတည်းက တိတ်ဆိတ် နေခဲ့သောကြောင့်ပင်။ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်လု နီးပါး ဖြစ်နေပြီး အာသာနှင့်သူ၏ အဖော်များ ရှုံးနိမ့်ရတော့မည် ဖြစ်၏။ ထိုအချိန်တွင်မှ ဖရန်ဂျီပန်နီ ရှေ့သို့ ထွက်လာပြီး သူ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်ကြောင်း ဖော်ထုတ်ခဲ့သည်။
သာမန်လူများဆိုလျှင် ဖရန်ဂျီပန်နီ ရူးနေသည်ဟု ထင်ကြပေလိမ့်မည်။ သို့သော် ဂိမ်းမာများမှာ သာမန် လူများ မဟုတ်ကြပေ။ ဖရန်ဂျီပန်နီU သူတို့ အတွက် အထူးအမ်ပီစီ တစ်ဦး ဖြစ်၏။ ဖရန်ဂျီပန်နီ ရှေ့သို့ ထွက်လာသည်နှင့် အာသာနှင့်သူ၏ အစည်းအရုံးဝင်များ၏ စိတ်ဓာတ်မှာ မြင့်တက် လာခဲ့သည်။ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်မှာ ထိုမျှ ရိုးရှင်းနေခြင်း မရှိပေ။
တခြား ဂိမ်းမာများမှာ ဖရန်ဂျီပန်နီကို သိကြသော်လည်း သူ့ကို ဂရုမစိုက်ခဲ့ကြပေ။ သူတို့က အာသာနှင့်ဖယ်ရီမလေး အပေါ်တွင်သာ အာရုံစိုက် နေခဲ့ကြသည်။
ဖရန်ဂျီပန်နီ၏ ခန္ဓာကိုယ်က ကြီးမားသော မာနာစွမ်းအားမြင့် လက်တစ်ခု ပုံသဏ္ဍန်သို့ ပြောင်းလဲကာ လမ်းကို ပိတ်ဆို့ထားသော ဂိမ်းမာများကို ဘေးသို့ တွန်းဖယ် ပစ်လိုက်သည်။ ဂိမ်းမာများမှာ အချိန်မှီ ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ သနားစရာ အခြေအနေသို့ ရောက်ရှိ သွားခဲ့ကြသည်။
အာသာနှင့် သူ၏ အဖော်များကမူ ဖရန်ဂျီပန်နီ နောက်မှ လိုက်၍ အမှောင် ဝင်ပေါက်ဆီသို့ သွားခဲ့ကြသည်။ အာသာက ဖယ်ရီမလေးကို ဝင်ပေါက်ရှေ့သို့ ဆွဲခေါ်သွားစဉ် ဖယ်ရီမလေးမှာ တစ်စုံတစ်ခုကို ပြန်သတိရမိပုံ ရပြီး ဖရန်ဂျီပန်နီကို သမင်လည်ပြန် ကြည့်ကာ ပြောလိုက်သည်။ "ငါတို့နဲ့ အတူ လိုက်ခဲ့ပါ။ နင့်ရဲ့ အသွင်အပြင်က ကြောက်စရာ ကောင်းပေမဲ့ နင်က သတ္တဝါကောင်း တစ်ကောင်လို့ ငါ ယုံတယ်။ ငါ့ လူမျိုးစုက နင့်ကို လက်ခံပေးမှာပါ။ နင် ဒီမှာ ဆက်နေစရာ မလိုဘူး။ ရှားလော့ခ်က နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူက ကြောက်မက်ဖွယ် နတ်ဆိုး တစ်ပါးပဲ။"
ဖရန်ဂျီပန်နီကမူ ပြုံးကာ ခေါင်းခါလိုက်သည်။ သူ ဖယ်ရီမလေးကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "သွားလိုက်တော့။ ငါ့အတွက် ဆုံးဖြတ်ရ ခက်ခဲအောင် မလုပ်ပါနဲ့ကွာ။"
"အာ။"
ဖယ်ရီမလေးမှာ စိတ်ရှုပ်ထွေး သွားခဲ့သည်။ သို့သော် ဂိမ်းမာများမှာမူ ဖယ်ရီမလေးကို ဆွဲခေါ်ကာ ထိုနေရာမှ ထွက်သွားခဲ့ကြသည်။
သူမ၏ မြင်ကွင်းထဲတွင်မူ ဖရန်ဂျီပန်နီက စိတ်ပျက်လက်ပျက် ဖြစ်ခြင်း၊ စိတ် သက်သာရာရခြင်း ခံစားချက်မျိုးစုံဖြင့် စိတ်ရှုပ်ထွေး နေသည်ကို တွေ့ခဲ့ရသည်။ သူ့ကြည့်ရသည်မှာ မစ်ရှင် တစ်ခုအား ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် စိတ်သက်သာရာ ရသွားသကဲ့သို့ပင်။
"နေပါဦး၊ ဖရန်ဂျီပန်နီကရော ငါတို့နဲ့ အတူ ထွက်ပြေးမှာ မဟုတ်ဘူးလား။" ဖယ်ရီမလေးမှာ ဇဝေဇဝါ ဖြစ်နေခဲ့သော်လည်း ဂိမ်းမာများမှာမူ ထွက်ခွာရန်သာ အလျင်စလို ဖြစ်နေကြပြီး ဖရန်ဂျီပန်နီ၏ ကိစ္စကို စိတ်မဝင်စားကြပေ။
ဖရန်ဂျီပန်နီက နောက်လှည့်ကာ ပြိုင်ဘက် ဂိမ်းမာ အုပ်စုကြီးကို ရင်ဆိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အစွမ်းထက် မာနာစွမ်းအင်များ ထုတ်လွှတ် နေခဲ့သည်။ ကျွမ်းကျင်သော မာနာပညာရှင်များမှာမူ ထိုမာနာစွမ်းအင်မှာ ဖရန်ဂျီပန်နီထံမှ စီးဆင်းလာခြင်း မဟုတ်ကြောင်း တွေ့နိုင်ပေမည်။ ယင်းက ဖရန်ဂျီပန်နီ၏ နောက်တွင် ကိုယ်ပျောက်သတ္တဝါ တစ်ကောင်က မာနာစွမ်းအင်ကို ထုတ်လွှတ်ပေး နေသကဲ့သို့ပင်။
သို့သော် ဂိမ်းမာများမှာ မာနာပညာရှင်များ မဟုတ်ကြဘဲ မာနာစွမ်းအင် ကျွမ်းကျင်တတ်မြောက်သော လေ့လာသူများမှာလည်း ထိုဖြစ်စဉ်ကို အနီးကပ် လေ့လာနိုင်ခြင်း မရှိခဲ့ပေ။
ဖရန်ဂျီပန်နီ၏ မာနာစွမ်းအင်မှာ ပြိုင်ဘက် ဂိမ်းမာများ အားလုံးကို တားဆီး ပေးထားနိုင်ခဲ့ပြီး အာသာ၊ သူ၏ အဖော်များနှင့် ဖယ်ရီမလေးအား အမှောင်ဝင်ပေါက်မှ တစ်ဆင့် နေရာရွှေ့ပြောင်းခွင့် ဖန်တီးပေး နိုင်ခဲ့သည်။ ဂနိုင်သားမှာ အမှောင်ဝင်ပေါက်ထဲသို့ နောက်ဆုံး ဝင်ရောက်သွားသော သတ္တဝါ ဖြစ်ပြီး သူ ဝင်ရောက်ပြီး သွားသည်နှင့် ဖရန်ဂျီပန်နီထံမှ မာနာစွမ်းအင် ပျောက်ကွယ်သွားပြီး သူ မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျ သွားသည်။
သူ၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရင်း အသိစိတ်လွတ် နေခဲ့သည်။ သူ၏ နှုတ်ခမ်းများမှာမူ "ဘဝက အရမ်း ခက်ခဲတယ်"ဟု ရေရွတ်နေသယောင်ပင်။
...
ဖယ်ရီမလေးမှာ ကြောက်စိတ်မပြေသေးဘဲ မြေပေါ်ကမ္ဘာသို့ ရောက်ရှိ လာခဲ့သည်။ မှောင်မိုက်သော ဂူကို မြင်မြင်ချင်း သူမ မြေအောက်လောကသို့ ပြန်ရောက်လာသည်ဟုပင် ထင်မိသွားသည်။ သို့သော် ပတ်ဝန်းကျင်မှ အပင်များနှင့် မာနာလှိုင်းများအရ ဖယ်ရီမလေးမှာ သူမ မြေပေါ်ကမ္ဘာသို့ ပြန်လည် ရောက်ရှိ လာကြောင်း သေချာသိသည်။ လတ်ဆတ်သော လေနှင့် မြေကြီး၏ ရနံ့မှာ မြေအောက်လောကနှင့် အလွန် ကွာခြားလှ၏။
ဖယ်ရီမလေးမှာ မျက်ရည်များ ကျနေခဲ့သည်။ သူမ မြေပေါ်ကမ္ဘာသို့ အသက်ရှင်ရက် ပြန်ရောက် လာနိုင်မည်ဟု မမျှော်လင့် ထားခဲ့ပေ။
သူမ ယခင်က အော့ခ်များ၊ ဂနိုမ်းများနှင့် ခွေးခေါင်းလူသားများ ကဲ့သို့သော မြေအောက်လောက သတ္တဝါများကို အထင်သေးခဲ့မိသည်။ သို့သော် ယခုမူ သူတို့၏ စတေးမှုနှင့် ရဲစွမ်းသတ္တိတို့ဖြင့် သူမကို မြေအောက်လောကမှ ထွက်ပြေး လွတ်မြောက် စေခဲ့သည်။
၎င်းမှာ အောင်ပွဲခံရန် အချိန် မဟုတ်သေးပေ။ ပြိုင်ဘက် ဂိမ်းမာများက သူတို့ နောက်မှ အချိန်မရွေး ထွက်လာနိုင်သေးသည်။ အာသာက အားနည်းနေသော ဖယ်ရီမလေးကို ဆွဲထူကာ ရှေ့သို့ ညွှန်ပြရင်း သူ၏ ရဲဘော်များအား အော်ပြော လိုက်သည်။ "ရှေ့ဆက် ချီတက်ကြ။ ငါတို့ ဒီနေရာကနေ ထွက်သွားမှ ရမယ်။ နဂါးမျိုးနွယ်သားနဲ့ သူ့ သူငယ်ချင်းတွေက ဂူအနားမှာ ငါတို့ကို စောင့်နေကြတယ်။"
ဂူ၏ အတွင်းပိုင်းမှ အော်ဟစ်သံများနှင့် လှုပ်ရှားသံနှင့် တိုက်ခိုက်သံများ ကြားလိုက် ရသည်။
အော်ဟစ်သံများမှာ ဗစ်တိုးရီးယား ဘာသာစကားဖြင့် ဖြစ်ပြီး ၎င်းမှာ မြေပေါ်ကမ္ဘာ ဘုံဘာသာစကားလည်း ဖြစ်၏။ အာသာနှင့်သူ၏ အဖော်များမှာ ထိုစကားကို နားမလည် နိုင်ခဲ့ကြသော်လည်း သူတို့က ဗစ်တိုးရီးယား မြို့သားများ ဖယ်ရီမလေးအတွက် တိုက်ခိုက်လာကြခြင်း ဖြစ်သည်ကိုတော့ သိကြသည်။
အာသာနှင့်သူ၏ အဖော်များ အချင်းချင်း ကြည့်လိုက် ကြသည်။ သူတို့က နဂါးမျိုးနွယ်သားက ပြိုင်ဘက်ဂိမ်းမာများ၏ ဝိုင်းရံ တိုက်ခိုက်ခြင်းကို ခံနေရပြီး သူတို့ကို လိုက်ပါ ပို့ဆောင်နိုင်မည် မဟုတ်မည်ကို စိုးရိမ် နေကြသည်။
နဂါးမျိုးနွယ်သား၏ ကာကွယ်ပေးမှု မရှိဘဲ သူတို့ ဤဂူမှ ထွက်ခွာနိုင်မည် မဟုတ်ပေ။ ဗစ်တိုးရီးယား မြို့သားများက သူတို့ကို တွေ့သည်နှင့် သတ်ဖြတ်ကြ ပေလိမ့်မည်။ အာသာနှင့်သူ၏ အစည်းအရုံးဝင်များ သေဆုံးသွားပါက သူတို့၏ ပစ္စည်း ကိရိယာများ ဆုံးရှုံးသွားရရုံသာ။ သို့သော် ပြိုင်ဘက်ဂိမ်းမာများက ဖယ်ရီမလေးကို ဖမ်းဆီးသွား နိုင်ကြပေလိမ့်မည်။ အကယ်၍ သူတို့သာ သူမကို မတော်တဆ သတ်ဖြတ်ခဲ့ကြပါက မည်သို့ လုပ်ရမည်နည်း။
အာသာမှာ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင် ထားခဲ့သည်။ အကယ်၍ အခြေအနေမှာ အကောင်းမြင်ဖွယ် မရှိခဲ့ပါက သူတို့ အမှောင်ဝင်ပေါက်ထဲသို့ ပြန်လည် ဆုတ်ခွာကြမည်။ သူတို့က ချန်အန်းမြို့ အဖွဲ့ဝင်များကို ရင်ဆိုင်ရန်သာ ဆန္ဒ ပိုရှိကြသည်။ မြင်းခွာ ဒုန်းစိုင်းသံများ သူတို့ဆီ ချဉ်းကပ်လာစဉ် အာသာမှာ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင် ထားခဲ့သည်။ မြင်းစီးသူရဲအုပ်စု တစ်စုက မကြာမီ သူတို့ ရှေ့တွင် ထွက်ပေါ် လာခဲ့ပြီး အုပ်စုခေါင်းဆောင်မှာ နဂါးမျိုးနွယ်သား ဖြစ်၏။
နဂါးမျိုးနွယ်သားက ကျယ်ဝန်းသော ဂူကြီး ထဲတွင် ကြီးမားသော မြင်းတစ်ကောင်ကို စီးနင်းထားခဲ့သည်။ နဂါးမျိုးနွယ်သား နောက်မှ ဂိမ်းမာများကလည်း စစ်မြင်းများ စီးနင်းထားကြပြီး သူတို့က ပြင်းထန်သော တိုက်ပွဲ တစ်ခုကို ဆင်နွှဲခဲ့ကြရပုံ ပေါ်သည်။ နဂါးမျိုးနွယ်သားမှာ ဒဏ်ရာရ နေခဲ့သော်လည်း ဒဏ်ရာများက ပြောပလောက်သည်တော့ မဟုတ်ပေ။
နဂါးမျိုးနွယ်သား၏ နောက်တွင် အစိမ်းရောင် သင်္ကေတများ မရှိသော အမ်ပီစီ တစ်ဦးနှင့် တောဝံပုလွေ နှစ်ကောင် ရှိနေကြသည်။
ထိုအမ်ပီစီဘေးတွင် ရပ်နေသူမှာလည်း အစိမ်းရောင် သင်္ကေတများ မရှိသော ဖယ်ရီ တစ်ဦး ဖြစ်၏။
ဖယ်ရီ နှစ်ဦး အချင်းချင်း ကြည့်လိုက် ကြသည်။ ထို့နောက် နဂါးမျိုးနွယ်သား ဘေးမှ ဖယ်ရီက စိတ်လှုပ်ရှားစွာ အော်ပြော လိုက်သည်။ "မင်းသမီး။ မင်းသမီး။ အဲ့ဒါ မင်းသမီးမလား။"
ထိုဖယ်ရီက ပျော်ရွှင်စွာ အော်ဟစ်ကာ ဖယ်ရီမလေး မင်းသမီး ဆီသို့ ပြေးဝင်သွားပြီး ပွေ့ဖက်လိုက်သည်။ အကယ်၍ ဝတ်စုံ ကွာခြားမှုသာ မရှိနေပါက ဂိမ်းမာများအနေဖြင့် တစ်ပုံစံတည်း ရုပ်ဆင်ကြသော ဖယ်ရီများကို ခွဲခြား မှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။
၎င်းမှာ အချင်းချင်း တွေ့ဆုံရန် နေရာကောင်း တစ်ခု မဟုတ်နေပေ။ နဂါးမျိုးနွယ်သားက အာသာနှင့်သူ၏ အဖော်များအား မန်ဒရင်း ဘာသာစကားဖြင့် ဂူမှ ထွက်ခွာရန် တောင်းဆိုလိုက်သည်။
ဂူအပြင်ဘက်တွင်မူ ဗစ်တိုးရီးယား မြို့သားများလည်း တိုက်ပွဲတွင် ပါဝင် နေခဲ့ကြသည်။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်များ မြေအောက်လောကရှိ တိုက်ပွဲတွင် ရှုံးနိမ့် နေခဲ့ကြသော်လည်း လူဆိုးလေး ယောဂအသင်းနှင့်‘ရှားလော့ခ်နဲ့အတူ ထိုညအတွက်’ တို့မှာ မြေပေါ်ကမ္ဘာရှိ တိုက်ပွဲတွင် အနိုင်ရ နေခဲ့ကြသည်။ ဗစ်တိုးရီးယားမြို့ရှိ အကြီးဆုံးနှင့် အစွမ်းအထက်ဆုံး အစည်းအရုံး နှစ်ခု အနေဖြင့် သူတို့က နဂါးမျိုးနွယ်သား၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို လုယူလိုကြသော ပြိုင်ဘက် ဗစ်တိုးရီးယား မြို့သားများကို လွှမ်းမိုးတားဆီး ထားနိုင်ကြသည်။
အာသာနှင့်သူ၏ အဖော်များမှာ မြေပေါ်ကမ္ဘာသို့ ရောက်သည်နှင့် ဘေးကင်းသွားပြီဟု ယူဆနိုင်ပေသည်။ နဂါးမျိုးနွယ်သား၏ ဦးဆောင်မှ်ဖြင့် ဗစ်တိုးရီးယား မြို့သား အုပ်စု တစ်စုက အာသာနှင့်သူ၏ အဖော်များကို ဝန်းရံကာ ဗစ်တိုးရီးယားမြို့သို့ ဦးတည် သွားခဲ့ကြသည်။
နဂါးမျိုးနွယ်သား ဘေးမှ ဖယ်ရီက အာသာနှင့် အော့ခ်များ အပေါ် သူ၏ မယုံကြည်မှုကို ပြသ ခဲ့သော်လည်း ဖယ်ရီမလေး မင်းသမီးမှာမူ မိုးလက်ဖက်ရည်ကို ချန်ထားခဲ့ရန် ဆန္ဒ မရှိပေ။ သူမက မိုးလက်ဖက်ရည်ကို လောကသစ်ပင်ဆီသို့ ခေါ်ဆောင် သွားလိုခဲ့သည်။
သို့သော် သူမက မိုးလက်ဖက်ရည်ကို အရင်ဆုံး မေးမြန်းရဦးမည်။
မိုးလက်ဖက်ရည်ကတော့ ထာဝရတိုင်းပြည်မှ ထွက်ခွာရန် ရည်ရွယ်ချက် မရှိပေ။ အကြောင်းမှာ သူမ၏ သူငယ်ချင်းများက ဒန်ဂျင်တွင် ရှိနေသောကြောင့်ပင်။ အကယ်၍ သူမသာ ဖယ်ရီမလေး မင်းသမီး နှင့်အတူ ထွက်ခွာ သွားခဲ့ပါက သူမက တခြား ဂိမ်းမာများနှင့် အဆက်အသွယ် ပြတ်တောက်သွား ပေလိမ့်မည်။ လောကသစ်ပင်၏ တည်နေရာမှာ အလွန် ဝေးကွာသော နေရာ တစ်ခု ဖြစ်၏။ သူမအဖို့ မစ်ရှင်များ လုပ်ဆောင်ရန်၊ ကန့်သတ်ဒန်ဂျင် နယ်မြေကို စိန်ခေါ်ရန် သို့မဟုတ် ဂိမ်းတွင်း လှုပ်ရှားမှုများတွင် ပါဝင်ရန် လက်တွေ့မကျ ဖြစ်သွားပေလိမ့်မည်။ သူမ၏ အွန်လိုင်းဂိမ်းမှာ တစ်ကိုယ်တော် ဂိမ်းတစ်ခု ဖြစ်သွားလိမ့်မည်။
ဤကိစ္စကို နောက်ပိုင်းတွင် ဆွေးနွေးနိုင်ပေသည်။ အရေးကြီးဆုံးမှာ လတ်တလော ဘေးကင်းရေးပင်။ ဂိမ်းမာများမှာ ဖယ်ရီ နှစ်ဦးလုံးကို ဗစ်တိုးရီးယား တောအုပ်မှ ခေါ်ထုတ် သွားလိုခဲ့ကြသည်။ ဖယ်ရီများက ဗစ်တိုးရီးယား တောအုပ် အပြင်ဘက်တွင် နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု တည်ဆောက် ထားခဲ့ပြီး ၎င်းက ဗစ်တိုးရီးယား တောအုပ်ကို လောကသစ်ပင်၏ သစ်တောနှင့် ချိတ်ဆက် ပေးထားသည်။
နေရာရွှေ့ပြောင်း ဝင်ပေါက်မှာ တည်ငြိမ်ခြင်း မရှိပေ။ ဖယ်ရီများ၏ မာနာစွမ်းရည်များမှာ အားကောင်းသည် မှန်သော်လည်း ၎င်းမှာ မြေအောက်လောက၏ မာနာစွမ်းရည်များထက်တော့ နိမ့်ကျနေဆဲပင်။ နေရာရွှေ့ပြောင်း ဝင်ပေါက်မှာ လောကသစ်ပင်၏ ကြီးမားသော မာနာရေကန်ကို လည်ပတ်အသက်ဝင်နိုင်ရန် သုံးစွဲနေရသည်။ ၎င်းမှာ ကောင်းမွန်သော မာနာနည်းစနစ်များ ပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်း မဟုတ်ပေ။
နေရာရွှေ့ပြောင်း ဝင်ပေါက်မှာ တည်ငြိမ်ခြင်း မရှိသော်လည်း သူတို့ အသုံးပြုရန် အတွက်တော့ လုံလောက် ပေလိမ့်မည်။
ထိုအုပ်စုက ဂူမှ ထွက်ခွာကာ ဗစ်တိုးရီးယား တောအုပ်၏ နယ်နိမိတ်ဆီသို့ ဦးတည် သွားခဲ့ကြသည်။
အောင်မြင်မှုမှာ သူတို့၏ လက်တစ်ကမ်း အကွာတွင်ပင်။
အုပ်စုမှာ ဗိုလ်ချုပ်ရှီဒန် ဦးဆောင်ထားသော နတ်ဘုရား တိုင်းပြည်စစ်တပ်က ဗစ်တိုးရီးယား တောအုပ် အပြင်ဘက်တွင် စောင့်ဆိုင်း နေလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြပေ။
သူ၏ နောက်ဆုံးတိုက်ပွဲ ရှုံးနိမ့်မှု အပြီးတွင် ဗိုလ်ချုပ်ရှီဒန်မှာ သူ၏ ဆုံးရှုံးမှုမှ ပြန်လည် ရုန်းထနိုင်ခြင်း မရှိတော့ပေ။ သူက သူ ရှုံးနိမ့်ခဲ့သည်ဟု မထင်ပေ။ ဗစ်တိုးရီးယား မြို့သားများက သူ့ကို သစ္စာဖောက်ခဲ့သည်ဟုသာ သံသယ ရှိနေသည်။
ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယား မြို့သားများကို မယုံကြည်တော့ပေ။ အကယ်၍ ဗစ်တိုးရီးယား မြို့သားများသာ သူ့ကို လာမရှာခဲ့ပါက သူလည်း အမှောင်ဝင်ပေါက် တိုက်ပွဲတွင် ပါဝင်ပြီး ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ ရလိမ့်မည် မဟုတ်ပေ။
ဖယ်ရီ တစ်ဦးက အမှောင်ဝင်ပေါက်တွင် ပေါ်လာပြီး မြေအောက်လောက သတ္တဝါများနှင့် ဗစ်တိုးရီးယားမြို့သားအုပ်စု တစ်စုမှ ဖယ်ရီမင်းသမီး တစ်ဦးအား ထွက်ပြေးရန် ကူညီနေကြောင်း သူသိရသောအခါ ဗိုလ်ချုပ်ရှီဒန်မှာ ၎င်းက လှည့်စားမှု တစ်ခုသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။
ဗစ်တိုးရီးယား မြို့သားများ သူ့ကို မည်သို့ လှည့်စားမည်ကို မသိသော်လည်း သူတို့တွင် ရည်ရွယ်ချက်ကောင်း မရှိကြောင်းတော့ သူ သေချာ သိသည်။ မြေအောက်လောက သတ္တဝါများက ဖယ်ရီမင်းသမီး တစ်ဦးအား ထွက်ပြေးနိုင်ရန် မည်သို့ ကူညီကြမည်နည်း။ ဖယ်ရီမင်းသမီး တစ်ဦးကရော မြေအောက်လောကသို့ မည်သို့ ရောက်ရှိ သွားနိုင်မည်နည်း။
ဗိုလ်ချုပ်ရှီဒန်က ဗစ်တိုးရီးယား မြို့သားများ အချင်းချင်း သတ်ဖြတ်နေသည်ကို မြင်တွေ့သည့်အခါ ကိစ္စများက ထိုမျှရိုးရှင်းနေလိမ့်မည် မဟုတ်ဟု ယူဆခဲ့သည်။
သတင်း အချက်အလက်များ စုဆောင်းရန်မှာ ခက်ခဲခြင်း မရှိပေ။ အကယ်၍ တခြား မြို့များသာ ဖြစ်ခဲ့ပါက သူက အားစိုက်ကြိုးပမ်းမှုများ ပိုမို ပြုလုပ်ခဲ့ ရပေလိမ့်မည်။ အခုမူ ဗစ်တိုးရီးယားမြို့ ဖြစ်နေသောကြောင့် ဗစ်တိုးရီးယား မြို့သားများက သူတို့၏ မြို့အကြောင်းကို ဗိုလ်ချုပ်ရှီဒန်အား ပြောပြရန် အပြိုင်အဆိုင်ပင် ဖြစ်နေကြသည်။
ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယား မြို့သားများ ရှင်းပြပြီးနောက် ဘာဖြစ်ပျက်နေသည်ကို နားလည် သွားခဲ့သည်။
ဖယ်ရီမလေး မင်းသမီးမှာ ထာဝရတိုင်းပြည်မှ သတ္တဝါများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သို့သော် ထာဝရတိုင်းပြည်မှ သတ္တဝါများက ဗစ်တိုးရီးယား မြို့သားများကို ဆက်သွယ်လာပြီး ဖယ်ရီမလေး မင်းသမီးအား ထာဝရတိုင်းပြည်မှ ကယ်တင်ရန် ကူညီပေးပါက ရက်ရောသောဆု တစ်ခု ပေးအပ်မည်ဟု ပြောခဲ့ကြသည်။ ဗစ်တိုးရီးယား မြို့သားများမှာ ဆု၏ အသေးစိတ် အကြောင်းအရာကို မသိကြသော်လည်း ဗိုလ်ချုပ်ရှီဒန်မှာ ခဏမျှ စဉ်းစားပြီးနောက် ၎င်းမှာ ရက်ရောသောဆု တစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်း သိလိုက်သည်။ ဖယ်ရီများမှာ လောကသစ်ပင်အောက်တွင် နေထိုင်ကြသော ဆန်းကြယ်သော လူမျိုးစု တစ်ခု ဖြစ်ပြီး ရတနာ များစွာ ရှိနေ ပေလိမ့်မည်။
အကယ်၍ ဗိုလ်ချုပ်ရှီဒန်သာ ဖယ်ရီမလေး မင်းသမီးကို ကယ်တင် နိုင်ခဲ့ပါက သူက ဖယ်ရီများ၏ ခင်မင်မှုနှင့် မဟာမိတ် ဖွဲ့ခြင်းကို ရရှိနိုင်ပေမည်။ သူ၏ ဆုံးရှုံးမှုကို ပြန်ဖာထေးပြီး ဘုရင်၏ ရှေ့မှောက်တွင် သူ၏ အဆင့်အတန်းကို မြှင့်တင် နိုင်ပေလိမ့်မည်။
ဤအတွေးဖြင့် ဗိုလ်ချုပ်ရှီဒန်မှာ စိတ်လှုပ်ရှား လာခဲ့သည်။ သူက သူ၏ အကြံပေးများနှင့် ဆွေးနွေးကြည့်လိုက်ရာ သူတို့လည်း ဗိုလ်ချုပ်ရှီဒန်မှာ ပါရမီရှင် တစ်ဦး ဖြစ်မည်ဟု ပြန်တုန့်ပြန်ကြသည်။
အစီအစဉ်အား ဂရုတစိုက် စဉ်းစားခဲ့ရသည်။ ဗိုလ်ချုပ်ရှီဒန်မှာ သူတို့၏ ထွက်ပြေးလမ်းကြောင်းကို ရှာဖွေရန် လိုအပ်ပြီး ဗစ်တိုးရီးယား မြို့သားများ၏ အကူအညီအား လိုအပ် ခဲ့သည်။ ဗိုလ်ချုပ်ရှီဒန်မှာ ထွက်ပြေးခြင်း အစီအစဉ်နှင့် နေရာရွှေ့ပြောင်း ဝင်ပေါက် တည်ဆောက်ခဲ့ခြင်း အကြောင်းကို ဖွင့်ဟခဲ့သော ဗစ်တိုးရီးယား မြို့သားများအား ဒင်္ဂါးအချို့ ပေးအပ်ခဲ့လိုက်သည်။
ဗိုလ်ချုပ်ရှီဒန် စိတ်မရှည်တော့ပေ။ သူက ကျန်ရှိနေသော စစ်သားများကို ဦးဆောင်ကာ ဗစ်တိုးရီးယား တောအုပ် အပြင်ဘက်ရှိ ထွက်ပြေးနေသော ဗစ်တိုးရီးယား မြို့သားများနှင့် ထာဝရတိုင်းပြည်မှ သတ္တဝါများကို ဝင်တိုက်ခိုက်တော့မည်။ ဤတစ်ကြိမ်တွင်မူ သူက ဗစ်တိုးရီးယား မြို့သားများကို သုတ်သင် ရှင်းလင်းပစ်ပြီး မြေအောက်လောက သတ္တဝါများကိုမူ အရှင်ဖမ်းဆီးမည် ဖြစ်၏။ သူက ဖယ်ရီမလေး မင်းသမီးကို ဗွီအိုင်ပီ တစ်ဦး အဖြစ် ဆက်ဆံပြီး နတ်ဘုရား တိုင်းပြည်သို့ လိုက်ပါပို့ဆောင် ပေလိမ့်မည်။ ထို့နောက် ဘုရင်က ဘာဆက်လုပ်သင့်သည်ကို ဆုံးဖြတ် ပေလိမ့်မည်။
ဗိုလ်ချုပ်ရှီဒန်မှာ သူ၏ အစီအစဉ်များကို တိတ်တဆိတ် ပြုလုပ်ခဲ့သည်။ သူ ဗစ်တိုးရီးယား မြို့သားများအား ထုတ်မပြောခဲ့ပေ။ ဂိမ်းမာများမှာလည်း ဤအမ်ပီစီမှ ပြုလုပ်နေသော အစီအစဉ်များကို သတိမပြု မိခဲ့ကြပေ။ သူတို့က ဗိုလ်ချုပ်ရှီဒန်၏ အမိန့်များကို သူတို့၏ မစ်ရှင်များကဲ့သို့သာ ဆက်ဆံ ခဲ့ကြသည်။ နဂါးမျိုးနွယ်သား၊ အာသာနှင့်သူ၏ အဖော်များ ဗစ်တိုးရီးယား တောအုပ်မှ ထွက်ခွာကာစတွင်ပင် ဗိုလ်ချုပ်ရှီဒန်က သူ၏ စစ်သားများကို ဦးဆောင်ကာ သူတို့ ရှေ့တွင် ထွက်ပေါ် လာခဲ့တော့သည်။