← Chapters

နတ်ဘုရား တိုင်းပြည်၏ တိုက်ခိုက်မှု

Vol. 36 Ch. 532

နတ်ဘုရား တိုင်းပြည်၏ တိုက်ခိုက်မှု

Vol. 36 Ch. 532

ဗိုလ်ချုပ်ရှီဒန်က အခန်းတစ်ခန်း၏ စင်္ကြံတစ်လျှောက် လမ်းလျှောက် နေခဲ့သည်။ သူက သူ၏ တပ်ဖွဲ့များ၏ လက်ကျန်တပ်စိတ်ကို စုစည်း ထားသည်။ သူ၏ စစ်သား များစွာက ရှားလော့ခ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ ရသော်လည်း လက်ကျန် တပ်ဖွဲ့များမှာ ဗစ်တိုးရီးယား မြို့သားများကို ကိုင်တွယ်ရန် လုံလောက် နေသေးသည်။

ခုနမျှ စဉ်းစားပြီးနောက် သူ ဘုရင်ကို အကြောင်းမကြား ခဲ့တော့ပေ။ ယင်းအစား ဗိုလ်ချုပ်ရှီဒန်က တိုက်ရိုက်ဆုံးဖြတ်၍ တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။

သူ ဘုရင်ကို အကြောင်းမကြားခဲ့ရသော အကြောင်းရင်းမှာ ဘုရင်က သူ၏ ဆုံးရှုံးမှုကြောင့် ဒေါသထွက်နေဆဲ ဖြစ်သောကြောင့်ပင်။ သူက သူ၏ ဆုံးရှုံးမှုကို ပြန်မဖာထေး ပေးနိုင်မှီ ဒေါသထွက် နေသော ဘုရင်ကို ရန်သွားစဝံ့ခြင်း မရှိပေ။ ဘုရင်က သူ၏ ဗိုလ်ချုပ်ရာထူးကို ဖယ်ရှားမည်၊ မဖယ်ရှားမည်ကို မည်သူ သိနိုင်မည်နည်း။

အကယ်၍ သူသာ ဖယ်ရီမလေး မင်းသမီးကို ပြန်လည် ခေါ်လာနိုင်ပြီး ထာဝရတိုင်းပြည်မှ သတ္တဝါများကို ဘုရင်ထံသို့ လက်ဆောင်များအဖြစ် ဖမ်းဆီး ပေးနိုင်ခဲ့ပါက သူ၏ ယခင်ဆုံးရှုံးမှုမှာ ဘာမှ မဟုတ်တော့ပေ။ သူ မိမိကိုယ်ကို ပြန်အပြစ်ဖြေပြီး ဂုဏ်ယူ ရနိုင်ပေမည်။

သူ့စဉ်းစားမှုနှင့် အစီအစဉ်များမှာ အပြစ်အနာအဆာ ကင်းမဲ့နေသော်လည်း ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယား မြို့သားများကို အနိုင်ယူ၊ ထာဝရတိုင်းပြည်မှ သတ္တဝါများကို ဖမ်းဆီးပြီး၊ ဖယ်ရီမလေး မင်းသမီးကို ကယ်တင်နိုင်၊ မကယ်တင်နိုင်ကို သေချာ မသိနိုင်ပေ။

"ဗိုလ်ချုပ်၊ ကျွန်တော်တို့ စစ်သားတွေကို စုစည်းထား ပြီးပါပြီ။ ကျွန်တော်တို့ အချိန်မရွေး ထွက်ခွာလို့ ရပါတယ်။"

ဗိုလ်ချုပ်ရှီဒန် မိမိကိုယ်ကို တည်ငြိမ်စေပြီး စိတ်ပိုင်းဖြတ်ထားသော အသံဖြင့် ပြောလိုက်သည်။ "ထွက်ခွာပါ။"

...

ဂိမ်းမာများမှာ အမ်ပီစီများက ဤမျှ ကြီးမားသော အနှောင့်အယှက် တစ်ခု ဖြစ်လာနိုင်သည်ဟု ဘယ်တော့မှ မတွေးမိခဲ့ဖူးပေ။

နတ်ဘုရား တိုင်းပြည်၏ ကျန်ရှိနေသော စစ်သားများ ဂိုးလ်ရှိုင်းယားမြို့မှ ထွက်ခွာ သွားသည့်အခါ ဂိမ်းမာ အနည်းငယ်က နဂါးမျိုးနွယ်သားအား ထိုကိစ္စကို အကြောင်းကြား ခဲ့သေးသည်။ တခြား ဂိမ်းမာများလည်း ထိုသတင်းကို သိခဲ့ကြသည်။

နဂါးမျိုးနွယ်သား၊ အာသာနှင့် သူ၏ အဖော်များမှာ ထိုသတင်းကို အလေးမထားခဲ့ကြပေ။ ဂိမ်းမာ အနည်းငယ်ဆိုလျှင် ဗိုလ်ချုပ်ရှီဒန်၏ စစ်သားများအကြောင်း သတင်းထောက်လှန်းရန် သွားခဲ့ရာ မောင်းထုတ်ခြင်း ခံခဲ့ရသည်။ သူတို့က မည်သည့် သတင်း အချက်အလက်မျှ မရခဲ့ကြပေ။

နဂါးမျိုးနွယ်သား၊ အာသာနှင့် သူ၏ အဖော်များ ဗစ်တိုးရီးယား တောအုပ်မှ ထွက်ခွာသည့်အခါမှသာ သူတို့ နတ်ဘုရား တိုင်းပြည်စစ်တပ်ကို မြင်တွေ့လိုက် ရသည်။

စစ်သား ထောင်ပေါင်း များစွာက ထာဝရတိုင်းပြည်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော်လည်း နတ်ဘုရား တိုင်းပြည်စစ်တပ်၏ အင်အားမှာ ဂိမ်းမာများ အတွက် အလွန် အင်အား ကြီးမားနေဆဲပင်။

နဂါးမျိုးနွယ်သားမှာ အမ်ပီစီများနှင့် ညှိနှိုင်းရန် ကြိုးစား ခဲ့သော်လည်း ဗိုလ်ချုပ်ရှီဒန်မှာ နဂါးမျိုးနွယ်သားက မြေအောက်လောက သတ္တဝါများနှင့် ဖယ်ရီနှစ်ဦး နှင့်အတူ ရှိနေသည်ကို သတိထား မိလိုက်သည်။ ဖယ်ရီ တစ်ဦးမှာတော့ ကြောက်ရွံ့မှုဖြင့် တုန်လှုပ် နေခဲ့သည်။ သူက ထိုဗစ်တိုးရီးယား မြို့သားများ ထာဝရတိုင်းပြည်မှ သတ္တဝါများနှင့် ပူးပေါင်း ကြံစည်နေကြောင်း သေချာသိနေသည်။

"နတ်ဘုရား တိုင်းပြည်၏ ဂုဏ်ကျက်သရေ အတွက် ဒီလူသား သစ္စာဖောက်တွေကို သတ်လိုက်ကြ။" ဗိုလ်ချုပ်ရှီဒန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်ရာ နတ်ဘုရား တိုင်းပြည်မှ စစ်သားများက အာသာနှင့် နဂါးမျိုးနွယ်သားဆီသို့ ပြင်းထန်စွာ အော်ဟစ်ရင်း ပြေးဝင် တိုက်ခိုက် လာခဲ့ကြသည်။

တိုက်ပွဲမှာ မည်သည့် ဖြေရှင်းချက်မျှ မရှိဘဲ ရုတ်ချည်း ဖြစ်ပွားခဲ့သည်။

သာမန် လူများမှာဆိုလျှင် မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားရ ပေလိမ့်မည်။ သို့သော် ဂိမ်းမာများမှာ သာမန် လူများ မဟုတ်ကြပေ။ သူတို့က တိုက်ပွဲ စတင်လာသည်ကို မြင်တွေ့သည့်တိုင် ကြောက်ရွံ့စိတ် မရှိကြပေ။ အမှန်တကယ်တွင် သူတို့က နတ်ဘုရား တိုင်းပြည်မှ စစ်သားများထံမှ အစိမ်းရောင် အကောင်းစားပစ္စည်း ကိရိယာများကို လုယက်နိုင်ရန် ပျော်ရွှင် နေခဲ့ကြသည်။

ဤဂိမ်းတွင် ပစ္စည်း ကိရိယာများ ရရှိရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ခဲ့ပေ။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများလည်း ထိုတိုက်ပွဲအကြောင်း သတင်းကြားသည့်အခါ ချက်ချင်းပင် စစ်မြေပြင်သို့ အလျင်အမြန် သွားရောက် ခဲ့ကြသည်။

သို့သော် သူတို့၏ အရေအတွက်မှာ နတ်ဘုရား တိုင်းပြည်မှ စစ်သားများထက်တော့ နိမ့်ကျ နေဆဲပင်။ ထို့အပြင် ဂိမ်းမာများမှာ ကြိုတင် ပြင်ဆင်ထားခြင်း မရှိသဖြင့် အင်အားဖြည့်တင်းနိုင်ရန် အတွက် အနီးအနားတွင် နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု‌ ရှိမနေပေ။ အရေးကြီးဆုံးမှာ စစ်သားများ၏ ပစ်မှတ်က ဖယ်ရီမလေး မင်းသမီးနှင့်မြေအောက်လောက သတ္တဝါများ ဖြစ်နေခြင်းပင်။

စစ်သားများမှာ ဗစ်တိုးရီးယား မြို့သားများနှင့် မတိုက်ခိုက် ခဲ့ကြပေ။ ယင်းအစား သူတို့က အာသာနှင့် သူ၏ အဖော်များဆီသို့သာ ဦးတည် သွားရောက် ခဲ့ကြသည်။ ဂိမ်းမာများ၏ အားသာချက်မှာ သူတို့၏ အင်အားပြုန်းတီးစေသော နည်းဗျူဟာမှ အရင်းခံသော်လည်း စစ်သားများက လျင်မြန်သော ထိုးစစ် တစ်ခု ပြုလုပ် ခဲ့ကြသည်။ ဂိမ်းမာများမှာ ကောင်းစွာ လေ့ကျင့်ထားသော စစ်သားများ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယား မြို့သားများ အပေါ်တွင်လည်း မည်သည့် ကရုဏာမျှ မပြဘဲ သူတို့ကို မဟာမိတ်များအဖြစ် မယူဆပေ။ သူက ဗစ်တိုးရီးယား မြို့သားများကို မြေအောက်လောက သတ္တဝါများနှင့် ပူးပေါင်း ကြံစည်သော ရန်သူများအဖြစ်သာ ရှုမြင်ခဲ့သည်။

သို့မဟုတ်ပါက ဗစ်တိုးရီးယား မြို့သားများက မြေအောက်လောက သတ္တဝါများနှင့် ဤမျှ ရက်စက် ကြမ်းကြုတ်သော စစ်ပွဲတွင်းတွင် မည်သို့ ရှင်သန် နေနိုင်မည်နည်း။ ဗစ်တိုးရီးယားမြို့ကလည်း ဗစ်တိုးရီးယား တောအုပ်အလယ်တွင် မည်သို့ မပျက်မစီး ကျန်ရှိ နေနိုင်မည်နည်း။ သူတို့က ထာဝရတိုင်းပြည်မှ သတ္တဝါများနှင့် ပူးပေါင်း ကြံစည် ထားကြခြင်းသာ ဖြစ်ရမည်။

ဗိုလ်ချုပ်ရှီဒန်မှာ သူ၏ အတွေးများဖြင့် ဒေါသထွက် လာခဲ့သည်။ သူ၏ စစ်သားများက ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရပြီး သူတို့ထဲမှ အယောက်များစွာက ဒန်ဂျင်တွင် အကျဉ်းချ ခံထားရကာ မြေပေါ်ကမ္ဘာမှ သူတို့၏ မိသားစုများနှင့် ပြန်လည် ဆုံစည်းနိုင်တော့မည် မဟုတ်ပေ။ သို့သော် ဗစ်တိုးရီးယား မြို့သားများမှာမူ သေခြင်းတရားနှင့် မျက်နှာချင်းဆိုင် တွေ့သည့် အခါမှာပင် ပျော်ရွှင်စွာ ရယ်မော နေနိုင်သေးသည်။

ဗိုလ်ချုပ်ရှီဒန်က သူ၏ ဓားလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူတို့ကြောင့်သာ သူ ဤမျှ ဆိုးဝါးသော အခြေအနေတွင်းသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူသာ ဤအခြေအနေကို ပြောင်းပြန် မလှန်နိုင်ခဲ့ပါက ဘုရင်က သူ့ကို အပြစ်ပေး ပေလိမ့်မည် ဖြစ်ပြီး အရာအားလုံး နောက်ကျသွား ပေလိမ့်မည်။

သူက သူ၏ စစ်သားများကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူတို့က ဗစ်တိုးရီးယား မြို့သားများ၏ ပုံစံကွက် အတွင်းသို့ ခုခံမှု များများစားစား မခံရဘဲ ထိုးဖောက် ဝင်ရောက်သွားကြပြီး ဖယ်ရီမလေး မင်းသမီး၏ ရှေ့သို့ ရောက်သွားကြသည်။ အော့ခ်များသည်လည်း စစ်သားများကို တားဆီးရန် ကြိုးစား ခဲ့သည့်တိုင် အနိုင်ယူနိုင်ခြင်း မရှိခဲ့ကြပေ။ ဗစ်တိုးရီးယား မြို့သားများ၏ ပုံစံကွက်ကို ဖောက်ထွင်း ဝင်ရောက်ခဲ့သော စစ်သားများမှာ အသွားတုံး လက်နက်များ တပ်ဆင်ထားကြသည်။ သူတို့က မြေအောက်လောက သတ္တဝါများကို သတ်ဖြတ်ပစ်ရန် ရည်ရွယ်ချက် မရှိကြပေ။ ဤသည်မှာ ဗိုလ်ချုပ်ရှီဒန်၏ အမိန့်အရ ဖြစ်၏။ သူက ထိုသတ္တဝါများကို အရှင်ဖမ်းဆီးပြီး နတ်ဘုရား တိုင်းပြည်သို့ ပြန်လည် ခေါ်ဆောင်ကာ တရားစီရင် စေလိုခဲ့သည်။

အကယ်၍ သူသာ ဖယ်ရီမလေး မင်းသမီးကို ကယ်တင်နိုင်ပြီး မြေအောက်လောက သတ္တဝါများကို ဖမ်းဆီး နိုင်ခဲ့ပါက သူ၏ ယခင်ဆုံးရှုံးမှုမှာ အရေးမပါတော့ပေ။ သူက သူ၏ တပ်ဖွဲ့များက ဖယ်ရီမလေး မင်းသမီးကို ကယ်တင်နိုင်ရန် ကြိုးစား နေရသောကြောင့် ထိုဆုံးရှုံးမှုများ ခံစားခဲ့ရသည်ဟု ဘုရင်ကို လှည့်စားနိုင်ပေမည်။

ရုတ်တရက် သူက ရှေ့တန်းတွင် တိုက်ခိုက်နေသော စစ်သားများ ရပ်တန့် သွားသည်ကို သတိပြု မိလိုက်သည်။ နှစ်ဖက်စလုံး ယာယီ နောက်ဆုတ် လိုက်ကြပြီး သွေးထွက်သံယို ဖြစ်နေမှုလည်း ရပ်တန့် သွားခဲ့သည်။ မြင်းစီးသူရဲ တစ်ဦးက ဗိုလ်ချုပ်ရှီဒန်ထံသို့ ပြန်လည် ရောက်ရှိလာပြီး ရှေ့တန်းအခြေအနေကို သူ့အား အကြောင်းကြား ခဲ့သည်။

"ဘာလဲ။ ဖယ်ရီမလေး မင်းသမီးက မြေအောက်လောက သတ္တဝါတွေ နောက်ကို သူ့သဘောနဲ့သူ လိုက်သွားခဲ့တာ တဲ့လား။ အဲ့ဒီ မြေအောက်လောက သတ္တဝါတွေက သူ့ကို ကယ်တင် ပေးခဲ့ကြတာလား။"

ဗိုလ်ချုပ်ရှီဒန်မှာ သူ့ခေါင်း ချာချာလည်သွားသလို ခံစားလိုက်သည်။ သူက သူ၏ နားများတွင်ပင် မြည်ဟည်းသံများ ကြားလိုက် ရသည်။

သူ အကျိုးအပြစ်များကို ချိန်ဆပြီးနောက် ဆုံးဖြတ်ချက် တစ်ခုအား လေးနက်စွာ ချလိုက်သည်။

"ဒါက သူတို့ရဲ့ လှည့်စားမှု တစ်ခုပဲ ဖြစ်ရမယ်။ သူတို့စကားကို မယုံကြနဲ့။ အဲ့ဒီ ဗစ်တိုးရီးယား သစ္စာဖောက်တွေက ထာဝရတိုင်းပြည်က သတ္တဝါတွေနဲ့ ပူးပေါင်း ကြံစည်နေကြတာ။ သူတို့က အချိန်ဆွဲပြီး ငါတို့ သူတို့ကို လွှတ်ပေး စေချင်နေကြတာပဲ ဖြစ်ရမယ်။"

ဗိုလ်ချုပ်ရှီဒန် အော်ပြော လိုက်သည်။ "သူတို့ကို အပိုင်းပိုင်း ဖြတ်ပစ်ပြီး မင်းသမီးကို ပြန်ခေါ်ခဲ့ကြ။ ဗစ်တိုးရီးယားမြို့သား အားလုံးကို သတ်ဖြတ်ပြီး ထာဝရတိုင်းပြည်က သတ္တဝါတွေကိုတော့ အရှင်ဖမ်း။ သူတို့စကားကို မယုံနဲ့၊ ငါ့ အရင် အစီအစဉ်အတိုင်း လိုက်နာပါ။"

"ဟုတ်ကဲ့ ဗိုလ်ချုပ်ရှီဒန်။"

စစ်သားက သူ၏ မြင်းကို စီးကာ ရှေ့တန်းသို့ ပြန်ရောက်သွားသည်။ စစ်သားများမှာ ဗစ်တိုးရီးယား မြို့သားများနှင့် အာသာ၏ အုပ်စုကို ဝန်းရံ ထားခဲ့ကြသည်။ ဗိုလ်ချုပ်ရှီဒန်၏ အမိန့်ကို အကောင်အထည် ဖော်သည့်အခါ နဂါးမျိုးနွယ်သားနှင့် ဗစ်တိုးရီးယား မြို့သားများ အသတ်ခံမည် ဖြစ်ပြီး မင်းသမီး၊ အာသာနှင့် သူ၏ အဖော်များမှာမူ ဖမ်းဆီးခြင်း ခံရ ပေလိမ့်မည်။

ဗိုလ်ချုပ်ရှီဒန်မှာ အရာအားလုံး သူ၏ အစီအစဉ်အတိုင်း ဖြစ်ပျက် နေသောကြောင့် ကျေနပ် နေခဲ့သည်။ ဆယ်မိနစ်မျှ အကြာတွင် သူ၏ ဆုံးရှုံးမှုများမှာ အရေးပါတော့မည် မဟုတ်ပေ။ ပြဿနာမရှိတော့ဟု သူ ထင်လိုက်စဉ် နတ်ဘုရား တိုင်းပြည်မှ စစ်သားများ၏ ဝန်းရံခြင်းကို ခံထားရသော အော့ခ်များက တိုက်ခိုက်မှု တစ်ခု ပြုလုပ်လာကြသည်။ အော့ခ်အနည်းငယ်က သူတို့၏ အထူး မြေလျှောက်ငှက်များအား စီးထားကြပြီး လူသားမြင်းစီးသူရဲ အနည်းငယ်က သူတို့ နောက်မှ လိုက်သွားကြသည်။ သူတို့က ဖယ်ရီများကို ဖယ်ရီစခန်းဆီသို့ ခေါ်ဆောင်သွားပြီး ဝိုင်းရံပိတ်ဆို့မှုမှ ဖောက်ထွက်ရန် ကြိုးစားခဲ့ကြသည်။

"သောက်ကျိုးနည်းပဲဟ။ သူတို့က အချိန်ဆွဲနေကြတာ။" ဗိုလ်ချုပ်ရှီဒန်က ဒေါသတကြီး အော်ပြော လိုက်သည်။ သူက ရှေ့တန်းနှင့် အလွန် ဝေးကွာ နေသောကြောင့် အမိန့်ကို ချက်ချင်း မပေးနိုင်ခဲ့ပေ။ စစ်သားများမှာလည်း ဝိုင်းရံပိတ်ဆို့မှုမှ ဖောက်ထွက်နေသော အော့ခ်များအပေါ် အချိန်မီ ပြန်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ ထိုအုပ်စုမှာ ဖယ်ရီများ၏ စခန်းဆီသို့ ဖောက်ထွက် ထွက်ပြေးသွား နိုင်ခဲ့ပြီး နတ်ဘုရား တိုင်းပြည်မှ စစ်သားများကို ဖုန်မှုန့်များ ကြားတွင် ထားခဲ့ကြသည်။

ထို ပရမ်းပတာ အခြေအနေတွင် ဗိုလ်ချုပ်ရှီဒန်က သူ၏ ခေါင်းပေါ်မှ စူးရှသော အော်သံ တစ်ခုကို ကြားလိုက် ရသည်။ ဝိုင်ဗန် နဂါးငယ်လေး တစ်ကောင်က သူ၏ ခေါင်းပေါ်မှ ပျံသွားခဲ့သည်။

မှန်ပါတယ်၊ ၎င်းမှာ ဝိုင်ဗန် နဂါးငယ်လေး တစ်ကောင် ဖြစ်၏။

"ဘာဖြစ်လို့ ဝိုင်ဗန် နဂါးတစ်ကောင် ရှိနေတာလဲ။"

ဗိုလ်ချုပ်ရှီဒန် အံ့ဩ သွားခဲ့သည်။ သူက ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိသော ဗစ်တိုးရီးယားမြို့သား တစ်ဦးမှ ဝိုင်ဗန် နဂါးငယ်လေး တစ်ကောင် ခိုးယူခဲ့သည်ကို ပြန်သတိရသွားသည်။ သူ နားလည်သွားလေပြီ။ အနှီး ဝိုင်ဗန်နဂါး သူခိုးမှာ ဗစ်တိုးရီးယား မြို့သားများ ကြားတွင် ရှိနေခြင်းပင်။

သူ ယုံကြည်မှု ရှိလာခဲ့သည်။ အကယ်၍ သူသာ ဤရာဇဝတ်ကောင်များနှင့် ဝိုင်ဗန် နဂါးငယ်လေးကို ဖမ်းဆီး နိုင်ခဲ့ပါက ဘုရင်က သူ့ကို မြို့စား တစ်ဦး အဖြစ် ခန့်အပ်ပြီး ကြီးမားသော ပိုင်နက်မြေတစ်ခု ချီးမြှင့်ပေးမည်မှာ သေချာသည်။

ဗိုလ်ချုပ်ရှီဒန်မှာ အလွန် ပျော်ရွှင် နေခဲ့သည်။

အာသာက သူ၏ မြေလျှောက်ငှက်ကို ရှေ့မှ စခန်းဆီ ပိုမို လျင်မြန်စွာ ပြေးစေရန် ဒုန်းစိုင်းလိုက်သည်။ လောကသစ်ပင်တွင် အရေးကြီးသော ကိစ္စရပ်များ ရှိနေသောကြောင့် စခန်းနေရာတွင် ဖယ်ရီ များများစားစား မရှိနေကြပေ။ မင်းသမီးက အရေးကြီးသည် မှန်သော်လည်း သူမက လောကသစ်ပင်နှင့်တော့ မနှိုင်းယှဉ်နိုင်ပေ။ လောကသစ်ပင်မှ ထွက်လာကြသော ဖယ်ရီများမှာ မင်းသမီး၏ သစ္စာရှိ အစေခံများသာ ဖြစ်ကြ၏။ သူတို့က အရေအတွက် နည်းပါး နိုင်သော်လည်း မင်းသမီးအပေါ်တွင်တော့ ပြင်းပြင်းထန်ထန် သစ္စာ ရှိကြ၏။ သူတို့က အရေးပါသော နေရာရွှေ့ပြောင်း ဝင်ပေါက်ကို စွမ်းအင်ထောက်ပံ့ ပေးနေခဲ့ကြသည်။

ထွက်ပြေးခြင်း အစီအစဉ်တွင် အခက်ခဲဆုံး အပိုင်းမှာ အမှောင်ဝင်ပေါက်ကို ဖြတ်သန်းရခြင်း ဖြစ်ပြီး အမှောင်ဝင်ပေါက်ထဲသို့ ဝင်ရောက် နိုင်ပြီးနောက် အသက်ရှူချောင် နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သူတို့က ဗစ်တိုးရီးယား တောအုပ်၏ အစွန်းတွင် ဗိုလ်ချုပ်ရှီဒန်၏ စစ်တပ်နှင့် တွေ့ဆုံ ရလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ အမ်ပီစီများက မည်သည့် သတိပေးချက်မျှ မပေးခဲ့သောကြောင့် ဂိမ်းမာများမှာ ၎င်းမှာ ဇာတ်လမ်းတွဲ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်ဟုသာ ထင်ခဲ့ကြသည်။

အာသာနှင့် သူ၏ အဖော်များမှာမူ ယင်းကို မတရားခံရသည်ဟု ခံစားခဲ့ရပြီး ဤထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်၏ အခက်အခဲ အဆင့်မှာ အလွန် မြင့်မားသည်ဟုသာ ညည်းတွားနိုင်တော့သည်။ သို့သော် သူတို့ ဇာတ်လမ်းတွဲအပေါ် ဘာမှတော့ မတတ်နိုင်ပေ။

သူတို့က နေရာရွှေ့ပြောင်း ဝင်ပေါက်ထဲသို့ ဝင်ရောက်ပြီး လောကသစ်ပင်၏ သစ်တောများသို့ နေရာရွှေ့ပြောင်းနိုင်ရန်သာ မျှော်လင့်ရမည်။ အကယ်၍ သူတို့သာ ဖယ်ရီများ၏ နယ်မြေသို့ ဝင်ရောက် နိုင်ခဲ့ပါက သူတို့ ဘေးကင်းသွား ကြပေလိမ့်မည်။

နတ်ဘုရား တိုင်းပြည်မှ စစ်သားများမှာမူ အာသာနှင့်သူ၏ အဖော်များ၏နောက်မှ အပူတပြင်း လိုက်လံဖမ်းဆီး နေကြသည်။ ဗစ်တိုးရီးယား မြို့သားများက စစ်သားများကို အချိန်ဆွဲ နှောင့်နှေးထားစေရန် ကြိုးစား ခဲ့သေးသော်လည်း ထိုစစ်သားများမှာ ဗစ်တိုးရီးယား မြို့သားများနှင့် တိုက်ခိုက်နေရန် ရည်ရွယ်ချက် မရှိပေ။ သူတို့၏ ပစ်မှတ်များမှာ အာသာ၊ သူ၏ အဖော်များနှင့် ဖယ်ရီမလေး မင်းသမီးတို့ ဖြစ်ကြ၏။

နောက်မှလိုက်ဖမ်းခြင်းက အာသာ၏ အုပ်စု စခန်းသို့ ဝင်ရောက် သွားသည်အထိ ကြာမြင့်ခဲ့သည်။ နတ်ဘုရား တိုင်းပြည်မှ စစ်သားများလည်း ထပ်ချပ်မခွာ လိုက်လာကြပြီး စခန်းထဲသို့ ပြေးဝင် တိုက်ခိုက် ခဲ့ကြသည်။

အချို့ ဖယ်ရီများက စစ်သားများကို တားဆီးရန် ကြိုးစား ခဲ့သော်လည်း သူတို့ပင်လျှင် အသွားတုံး လက်နက်များဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ဗိုလ်ချုပ်ရှီဒန်၏ အမိန့်အရဆိုလျှင် မြေအောက်လောက သတ္တဝါများကို ဖမ်းဆီးခြင်းမှ သူတို့ကို တားဆီးသည့်လူတိုင်း ဖယ်ရီများ အပါအဝင် လူအားလုံးမှာ သစ္စာဖောက်များသာ ဖြစ်ကြ၏။

"ဒီအမ်ပီစီတွေ ရူးကုန်ကြတာလား။ ဖယ်ရီတွေက သူတို့ရဲ့ မဟာမိတ်တွေပဲ မဟုတ်ဘူးလား။" ဆယ်ဗားနပ်စ်က နောက်ကွယ်မှ ပရမ်းပတာ အခြေအနေကို လှည့်ကြည့်ရင်း အံ့ဩတကြီး မေးလိုက်သည်။

ဆယ်ဗားနပ်စ်က မန်ဒရင်း ဘာသာစကားဖြင့် ပြောဆိုခဲ့သည်။ အကယ်၍ သူမသာ မြေအောက်လောက ဘာသာစကားကို အသုံးပြုခဲ့ပါက နဂါးမျိုးနွယ်သားနှင့် ဗစ်တိုးရီးယား မြို့သားများက နားလည်နိုင်မည် မဟုတ်ပေ။ လှံထိုးခံရသူက ပြန်ပြောလိုက်သည်။ "ငါတို့လည်း မသိဘူး၊ ဒါပေမဲ့ ဖယ်ရီ တစ်ယောက်ကတော့ သူတို့က လူသားတွေနဲ့ မဟာမိတ် ဖွဲ့ထားတယ်လို့ ပြောခဲ့တယ်။ ဒီနတ်ဘုရား တိုင်းပြည်က စစ်သားတွေက ဖယ်ရီတွေကို ကူညီ ပေးနိုင်တယ်။"

ကမ္ဘာနှစ်ခုမှ သတ္တဝါများ မန်ဒရင်း ဘာသာစကားဖြင့် ဆက်သွယ် ပြောဆို ခဲ့ကြသည်။ ဘေးမှ ဖယ်ရီ တစ်ဦးကမူ ထိုစကားဝိုင်းကို နားမလည်နိုင်ပေ။ စိုးရိမ်နေသော ဖယ်ရီက ဗစ်တိုးရီးယား မြို့သားများအား အော်ပြော လိုက်သည်။ "မင်းတို့ ဘာပြောနေကြတာလဲ။ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ဖြတ်သွားကြတော့။ စစ်သားတွေ အမီ လိုက်လာနေကြပြီ။"

ရှေ့မှ သတ္တဝါများက နေရာရွှေ့ပြောင်း ဝင်ပေါက်ထဲသို့ ဝင်ရောက်ကာ ဖယ်ရီများ၏ နယ်မြေသို့ ရောက်ရှိ သွားခဲ့ကြသည်။

မင်းသမီးနောက်မှ လိုက်လာသော မိုးလက်ဖက်ရည်မှာ နေရာရွှေ့ပြောင်း ဝင်ပေါက်၏ ရှေ့တွင် ရပ်လိုက်သည်။

"အရင်ဝင်သွားလိုက်ပါ မင်းသမီး။" မိုးလက်ဖက်ရည်က ဖယ်ရီမလေး မင်းသမီးအား ပြောလိုက်သော်လည်း သူမ ဝင်မသွားခဲ့ပေ။

ဖယ်ရီမလေး မင်းသမီးက ခဏမျှ ချီတုံချတုံ ဖြစ်ကာ မိုးလက်ဖက်ရည်အား ပြောလိုက်သည်။ "နင် ထာဝရတိုင်းပြည်ကို ပြန်သွားမှာလား။ ငါနဲ့ လိုက်ခဲ့လေ။ ထာဝရတိုင်းပြည်က နင်နဲ့ မသင့်တော်ဘူး။ ရှားလော့ခ်က နင် ငါ့ကို ထွက်ပြေးဖို့ ကူညီပေးခဲ့တယ် ဆိုတာ သိသွားရင် နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။"

ဖယ်ရီမလေးမှာ စိုးရိမ်နေ ခဲ့သော်လည်း မိုးလက်ဖက်ရည်မှာမူ ခေါင်းခါလိုက်ရုံသာ ပြုခဲ့သည်။ သူမက ဖယ်ရီမလေး နှင့်အတူ ထွက်ခွာသွားရန် မဆုံးဖြတ် ထားခဲ့ပေ။ သူမက ထာဝရတိုင်းပြည်တွင်သာ ဆက်နေထိုင်ပြီး သူမ၏ သူငယ်ချင်းများ နှင့်အတူတူ ဆက်ရှိ နေလိုခဲ့သည်။

အမ်ပီစီ တစ်ဦးနှင့် ခင်မင်မှုမှာ အရေးကြီးသော်လည်း မိုးလက်ဖက်ရည် အတွက်မူ ဂိမ်းမာများနှင့် သူမ၏ ခင်မင်မှုမှာ ပိုမို အရေးကြီးခဲ့သည်။

ဖယ်ရီမလေး ခေါင်းညိတ် ပြလိုက်သည်။ သူမက မိုးလက်ဖက်ရည်၏ ဆုံးဖြတ်ချက်ကို သူမ၏ မျက်လုံးများ မှတဆင့် မြင်တွေ့လိုက်ရပြီး နောက်ထပ် မဆွဲဆောင် နေတော့ပေ။ ဖယ်ရီမလေးက နေရာရွှေ့ပြောင်း ဝင်ပေါက်ထဲသို့ ဝင်ရောက်ရန် နောက်လှည့်လိုက်စဉ် မြင့်မြတ်သော အလင်းတန်း တစ်ခုက နေရာရွှေ့ပြောင်း ဝင်ပေါက်နှင့် ဝင်တိုက်သွားသည်။

ပေါက်ကွဲမှု၏ ကြီးမားသော ရိုက်ခတ်မှုလှိုင်းက သတ္တဝါများ အားလုံးကို ဝင်ပေါက်အတွင်းသို့ တွန်းပို့ လိုက်သည်။

All Chapters