ကျေးရွာ
Vol. 36 Ch. 533
ရှားလော့ခ် ရှေ့မှ မှော်ဖန်လုံးမှာ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အဖြူရောင် ရောင်ခြည်များဖြင့် ပြည့်နှက်နေခဲ့သည်။ ပေါက်ကွဲမှု အပြီးတွင်တော့ နေရာရွှေ့ပြောင်း ဝင်ပေါက်မှာ တစ်ဖက်သို့ တိမ်းစောင်း သွားသည်။ ဖယ်ရီမလေး မင်းသမီး၊ အာသာ၊ နဂါးမျိုးနွယ်သားနှင့် တခြား ဂိမ်းမာများမှာ ပျောက်ကွယ် သွားခဲ့ကြသည်။
"အရှင်ရှားလော့ခ်က အံ့ဩစရာ တွေနဲ့ ပြည့်နှက်နေတာပဲ။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ အရှင် ကိုယ်တိုင် ကိုင်တွယ်ချင်သလား။" ဘရု ရှားလော့ခ်အား မေးရင်း မှော်ဖန်လုံးကို ကြောင်ငေးစွာ ကြည့်နေ ခဲ့သည်။
ရှားလော့ခ်က ခေါင်းခါကာ ပြောလိုက်သည်။ "မလိုဘူး၊ အရာအားလုံး ထိန်းချုပ်မှု အောက်မှာ ရှိနေတုန်းပဲ။"
ရှားလော့ခ် သူ၏ လက်ကို မှော်ဖန်လုံးပေါ်တွင် တင်ကာ မာနာစွမ်းအင် ထည့်သွင်းလိုက်သည်။ ပုံရိပ်များက မှော်ဖန်လုံးတွင် ပြန်လည် ထွက်ပေါ် လာခဲ့သည်။
ရှားလော့ခ် မျက်မှောင် ကြုတ်လိုက်သည်။ ပုံရိပ်များမှာ သူ မျှော်လင့်ထားသော သစ်တောများကို မပြသခဲ့ပေ။ ယင်းအစား ပုံရိပ်များမှာ လွင်ပြင် နေရာတစ်ခုကို ပြနေခဲ့သည်။
ဂိမ်းမာများ နှင့်ဖယ်ရီမလေး မင်းသမီးတို့မှာ လွင်ပြင် တစ်ခုသို့ နေရာရွှေ့ပြောင်းခြင်း ခံခဲ့ရသည်။
"ဖယ်ရီတွေရဲ့ သစ်တောက လွင်ပြင်ပေါ်မှာ ရှိနေတယ် ဆိုတာ ငါ မသိခဲ့ဘူးရော။ လောကသစ်ပင်က ဒီလို လွင်ပြင်ပေါ်မှာ ပေါက်ရောက် နေတာတဲ့လား။ ငါ သိထားတာတွေကပဲ မှားနေတာလား။ ဒါမှမဟုတ် ကမ္ဘာကြီးကပဲ အရမ်း မြန်မြန် တိုးတက် ပြောင်းလဲနေတာလား။" ဘရုက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ရှားလော့ခ်မှာ ဘရု၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။ အကြောင်းမှာ ဘရုကလည်း ထိုအဖြေကို သိထားပြီး ဖြစ်သောကြောင့်ပင်။ ဂိမ်းမာများမှာ မတူညီသော နေရာ တစ်ခုသို့ နေရာရွှေ့ပြောင်းခြင်း ခံခဲ့ရပုံပင်။ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ထိန်းချုပ်နေသော ဖယ်ရီများမှာ မြင့်မြတ်သော အလင်းတန်း ဗုံးပေါက်ကွဲမှုဒဏ် ခံလိုက်ရသည်။ ထို့ကြောင့် သတ်မှတ်ထားသော နေရာရွှေ့ပြောင်းခြင်း တည်နေရာမှာ ပြောင်းလဲ သွားခဲ့ရသည်။ ဂိမ်းမာများသာ သူတို့ မည်သည့် နေရာတွင် ရှိနေသည်ကို သိကြပေမည်။ ရှားလော့ခ်မှာ ထိုဂိမ်းမာများကို ရှာဖွေရန် ဆန္ဒရှိသော်လည်း ၎င်းမှာ အချိန်နည်းနည်းတော့ ကြာမြင့် ပေလိမ့်မည်။ ကံကောင်းထောက်မစွာပင် ဂိမ်းမာများမှာ ရှားလော့ခ်၏ မာနာရင်းမြစ်နှင့် ချိတ်ဆက် ထားခဲ့သည်။ အကယ်၍ ဂိမ်းမာများသာ လောက သစ်ပင်နှင့် အလွန် ဝေးကွာသော နေရာသို့ နေရာရွှေ့ပြောင်းခြင်း ခံခဲ့ရသည် ဆိုပါက ရှားလော့ခ်အနေဖြင့် အစီအစဉ်တစ်ခု လုပ်ရပေလိမ့်မည်။
...
ဘောင်းဘီမဝတ်သူက ဖိုရမ်ပေါ်တွင် အကူအညီ တောင်းခံသော ပိုစ့် တစ်ခု ဖန်တီး ခဲ့သည်။
[အရေးပေါ်၊ ငါ အွန်လိုင်းမှာ စောင့်နေပါတယ်။]
"မင်္ဂလာပါ၊ ငါက ဘောင်းဘီမဝတ်သူပါ ٩(͡๏̯͡๏)۶
ငါတို့ ဘေးကင်းပါတယ်။ ငါတို့ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လု နီးပါး ဖြစ်နေပေမဲ့ နောက်ဆုံးအချိန်မှာမှ ပြဿနာ တစ်ခုနဲ့ ကြုံတွေ့ ခဲ့ရတယ်။ ငါတို့ လောကသစ်ပင် သစ်တောကို နေရာရွှေ့ပြောင်းခြင်း ခံရမှာ ဖြစ်ပြီး အဲ့ဒါက နဂါးမျိုးနွယ်သားရဲ့ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တည်နေရာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ငါတို့က လွင်ပြင် နေရာတစ်ခုကို ရောက်လာကြတယ်။ ငါတို့ ဘယ်ရောက်နေလဲ ဆိုတာ မသိဘူး။ တစ်ချက်ကြည့်ကြည့်ပြီး မင်းတို့ထဲက တစ်ယောက်ယောက်များ ဒီနေရာကို မှတ်မိနိုင်၊ မမှတ်မိနိုင်ကို စမ်းပေးကြပါ။
(ပုံ) (ပုံ)
ဒါက ငါတို့ရဲ့ တည်နေရာ မြေမျက်နှာသွင်ပြင် မြေပုံပါ။ မင်းတို့ တည်နေရာကို မှတ်မိရင် ကျေးဇူးပြုပြီး ငါတို့ကို ချက်ချင်း ဆက်သွယ်ပေးပါ။"
ဂိမ်းမာများစွာက သူ၏ ပိုစ့်ကို စိတ်အားထက်သန်စွာ ပြန်လည် ဖြေကြား ခဲ့ကြသော်လည်း မည်သည့် ဂိမ်းမာမျှ ထိုနေရာကို မသိကြပေ။ ဗစ်တိုးရီးယားမြို့ အနီးတွင် တောင်ကုန်းဧရိယာ များစွာ ရှိနေသော်လည်း မည်သူမျှ ထိုနေရာကိုတော့ မသိပေ။
ဘောင်းဘီမဝတ်သူမှာ တောင်ထိပ် တစ်ခု ပေါ်တွင် ထိုင်နေခဲ့သည်။ သူ အွန်လိုင်း ပြန်တက်ပြီးနောက် နိုးထ လာခဲ့သည်။ သူက ဖိုရမ်ကို အချိန်ကြာမြင့်စွာ မွှေနှောက် ရှာဖွေ ကြည့်ရှု ခဲ့သော်လည်း မည်သည့် အသုံးဝင်သော သတင်း အချက်အလက်မျှ မရလာပေ။
လမ်းပျောက်နေသော ဂိမ်းမာများက လိုက်ပါလာသော အမ်ပီစီ ဖယ်ရီနှစ်ဦးကို မေးမြန်း ကြည့်သေးသော်လည်း သူတို့သည်လည်း မသိကြပေ။ လောကသစ်ပင်မှ လာခဲ့သော ဖယ်ရီက ပြောလိုက်သည်။ "အဲ့ဒီ ဆိုးယုတ်တဲ့ လူသားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒီပြဿနာ ဖြစ်လာတာ။ သောက်ကျိုးနည်းပဲ လူသားကောင်တွေ။"
ဖယ်ရီမှာ မကျေမနပ် ပြောဆိုခဲ့သည်။ ဗစ်တိုးရီးယား မြို့သားများကို တစ်ချက် ကြည့်ပြီးနောက် ဖယ်ရီက စကားပြန်ပြင် ပြောလိုက်သည်။ "အာ၊ ငါ မင်းတို့ကို ရည်ညွှန်းနေတာ မဟုတ်ဘူးနော်။ ငါက နတ်ဘုရား တိုင်းပြည်က လူသားတွေကို ပြောတာ။"
လမ်းပျောက်နေသော ဂိမ်းမာများမှာ မည်သည့် အသုံးဝင်သော သတင်း အချက်အလက်မျှ မရခဲ့ကြပေ။ သို့သော် သူတို့၏ လက်ရှိ တည်နေရာတွင် ဒီအတိုင်း ဆက်နေခြင်းမှာလည်း ဉာဏ်ရှိရာ မကျပေ။ သူတို့က အသင့်ပြင်လိုက်ပြီး တောင်အောက်သို့ သတိရှိရှိ ဆင်းခဲ့ လိုက်ကြသည်။
ဂိမ်းမာများမှာ တောတွင်းရှင်သန်ရေး ပညာရပ်တွင် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ အာသာနှင့်သူ၏ အဖော်များမှာ အထူးအစားအစာများ မလိုကြပေ။ သူတို့က ရွှံ့စေး တစ်ဆုပ်ကို ခပ်ယူကာ အိုးတစ်လုံးထဲတွင် ချက်ပြုတ်လိုက်ပြီး စားသုံး ခဲ့ကြသည်။
နဂါးမျိုးနွယ်သားနှင့် ဗစ်တိုးရီးယား မြို့သားများကလည်း သူတို့၏ ရိက္ခာခြောက်များကို ယူဆောင် လာခဲ့ကြသည်။ မြေပေါ်ကမ္ဘာတွင် ပုန်းကွယ်နေသည့် တိရစ္ဆာန် များစွာ ရှိနေသောကြောင့် သူတို့၏ အစားအစာအတွက် ယင်းတို့ကို အမဲလိုက် နိုင်ပေသည်။ ထိုသို့မဟုတ်ပါက...
"ငါတို့ ဒီဝိုင်ဗန် နဂါးငယ်လေးကို စားလို့ရတယ်။" လှံထိုးခံရသူက နောက်တောက်တောက် ပြောလိုက်သည်။ နဂါးမျိုးနွယ်သား၊ အာသာနှင့် တခြား ဂိမ်းမာများ နေရာရွှေ့ပြောင်း ဝင်ပေါက်သို့ တွန်းထည့်ခြင်း ခံလိုက်ရပြီး နောက်တွင် ဝိုင်ဗန် နဂါးငယ်လေးသည်လည်း ဝင်ပေါက်အတွင်းသို့ ပျံသန်း ဝင်ရောက် သွားခဲ့သည်။
ဝိုင်ဗန် နဂါးငယ်လေးမှာ နဂါးမျိုးနွယ်သား နောက်သို့ ထပ်ချပ်မခွာ လိုက်နေခဲ့သည်။ ၎င်းမှာ အာသာနှင့် သူ၏ အဖော်များ ကဲ့သို့သော မြေအောက်လောက သတ္တဝါများအပေါ်တွင် သတိကြီးကြီးထားကာ ရန်လို နေသည်။
အကယ်၍ နဂါးမျိုးနွယ်သားသာ သူ့ကို မထိန်းချုပ် ထားခဲ့ပါက ဝိုင်ဗန် နဂါးငယ်လေးက အာသာနှင့်သူ၏ အဖော်များကို ဝင်တိုက်ခိုက်ကောင်း တိုက်ခိုက် နိုင်ပေသည်။
အဖြစ်အပျက် များစွာ အပြီးတွင် ဖယ်ရီမလေး မင်းသမီးမှာ ဂိမ်းမာများ အပေါ်... အထူးသဖြင့် ခရီးစဉ် တစ်လျှောက် သူမကို ကာကွယ်ပေးခဲ့သော အာသာနှင့်သူ၏ အဖော်များအပေါ် ရန်မလို နေတော့ပေ။
ဖယ်ရီမလေး မင်းသမီးက အာသာနှင့် တခြား ဂိမ်းမာများကို အေးစက်စွာ ဆက်ဆံခဲ့ခြင်း အတွက် နောင်တရမိကြောင်းကိုပင် ထုတ်ပြောခဲ့သည်။
"ကျေးဇူးပဲ၊ ငါ စိတ်လှုပ်ရှားနေတာ မဟုတ်ဘူး။ ဒါက... နင်တို့ အားလုံးအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တဲ့ ငါ့ အမှားပါ..."
သူမ၏စကားသံမှာ အသံတိုးဝင် သွားခဲ့သော်လည်း ဂိမ်းမာများ သူမစကားကို နားလည်နိုင်သေးသည်။
ဖယ်ရီမလေး မင်းသမီးမှာ လူတိုင်းအား သူမ၏ အမည်ကိုပင် ထုတ်ဖော် ပြောပြခဲ့သည်။
လျှာခလုတ်တိုက်စေသော ထိုအမည်ကို ကြားရပြီးနောက် ဂိမ်းမာများက ဆုံးဖြတ်ချက် တစ်ခု ချခဲ့ကြသည်။
"ငါတို့ မင်းကို မင်းသမီးလို့ပဲ ဆက်ခေါ်သင့်တယ်လို့ ငါ ထင်တယ်။"
"ဒါက နာမည် တစ်ခု သက်သက်ပဲ မဟုတ်လား။ ငါတို့ တကယ်တမ်းကျ အဲ့လောက်တော့ စိတ်မဝင်စားဘူး။ ငါတို့ အချင်းချင်း သိလာကြတာ ကြာပြီလေ။ ငါတို့ မင်းကို မင်းသမီးလို့ပဲ ဆက်ခေါ်မယ်။"
"ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ မင်းကို မင်းသမီးလို့ပဲ ဆက်ခေါ်ကြမယ်။ ငါ ဖယ်ရီ ဘာသာစကားကို နားမလည်နိုင်ဘူး။"
ဖယ်ရီမလေး မင်းသမီးမှာ သူတို့၏ အပြုအမူကြောင့် အံ့ဩသွားခြင်း မရှိခဲ့ပေ။ ၎င်းမှာ သူမ မျှော်လင့်ထားပြီးသား အပြုအမူပင်။
မင်းသမီး၏ ကိုယ်ရံတော်ကလည်း လူတိုင်းအား သူ၏ အမည်ကို ပြောပြ ခဲ့သော်လည်း ဂိမ်းမာများမှာ နားမလည် နိုင်ခဲ့ကြပေ။
"ငါတို့ မင်းကို ကိုယ်ရံတော်လို့ပဲ ဆက်ခေါ်ကြမယ်။ ဒါက အသံထွက် ကောင်းတယ်။"
"ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ မင်းကို အာဝေလို့လည်း ခေါ်လို့ရတယ်။"
"အာဝေ ဆိုတာကြီးက မသင့်တော်သလို မင်္ဂလာလည်း မရှိဘူး။ ငါတို့ မစ်ရှင်ကို အခုထိ မပြီးသေးဘူး။ သူ တစ်ခုခု ဖြစ်သွားရင် ဒါက မင်းရဲ့ အမှား ဖြစ်သွားလိမ့်မယ်။"
"ဒါက အမည်ပြောင် တစ်ခု သက်သက်ပဲလေ။ ငါတော့ အဲ့လောက် ပြင်းထန်တယ်လို့ မထင်ဘူး။"
ကိုယ်ရံတော်မှာ ဂိမ်းမာများက သူ၏ အမည်ကို ဆွေးနွေးနေသည်ကို မြင်ရသော် မျက်မှောင် ကြုတ်လိုက်သည်။ သူတို့က သူ၏ အမည်ကို ဆွေးနွေး နေသောကြောင့် ဒေါသထွက်ခြင်းတော့ မဟုတ်ပေ။ သူက ဤမျှ ခက်ခဲသော အခြေအနေအောက်တွင် သူတို့ မည်သို့ ရယ်မော နေနိုင်သည်ကို နားမလည် နိုင်ခဲ့ခြင်းသာ ဖြစ်၏။
သူတို့က မရေမရာဖြစ်နေသည့် အခြေအနေတွင် ရှိနေကြသည်။ နတ်ဘုရား တိုင်းပြည်မှ စစ်သားများ တစ်နေရာရာက ထွက်ပေါ်လာပြီး သူတို့ကို ဝင်တိုက်ခိုက်မည်၊ မတိုက်ခိုက်မည်ကို မည်သူ အတပ်သိနိုင်မည်နည်း။ လက်ရှိ ဗစ်တိုးရီးယား မြို့သားများနှင့် ထာဝရတိုင်းပြည်မှ သတ္တဝါများမှာ ရူးသွပ်သော စစ်သားများကို ခုခံကာကွယ် ထားနိုင်ခြင်း မရှိခဲ့ကြပေ။ မင်းသမီး၏ ဘေးကင်းရေးမှာ သူတို့၏ အဓိက စိုးရိမ်မှု ဖြစ်သင့်သည်။
ဂိမ်းမာများအား လွယ်လွယ်ကူကူ ဆွဲဆောင်နိုင်ခြင်း မရှိပေ။ သူတို့ တောင်အောက်သို့ ဆင်းသက်သည့် အခါတွင်ပင် ဂိမ်းမာများမှာ ပျော်ရွှင်စွာ စကားပြောဆို ရယ်မောနေကြဆဲပင်။ သူတို့က ဖယ်ရီများ နားမလည်နိုင်သော ဘာသာစကားကိုပင် အသုံးပြု ဆက်သွယ် နေခဲ့ကြသည်။
ယင်းက ဂိမ်းမာများ အသုံးပြုသော ဘုံဘာသာစကားပင်။
သူတို့အတွက် ဤခရီးစဉ်မှာ အန္တရာယ်များ၊ အတားအဆီးများဖြင့် ပြည့်နှက်နေ ပေလိမ့်မည်။
...
ဗိုလ်ချုပ်ရှီဒန်က အခန်းထဲတွင် စိတ်ပျက်လက်ပျက် ထိုင်နေခဲ့သည်။ သူ ဤသို့သော မျှော်လင့်ချက် ကင်းမဲ့မှုကို ယခင်က ဘယ်တုန်းကမှ မခံစား ခဲ့ရဖူးပေ။
သူ၏ အစီအစဉ်မှာ ပြစ်ချက် ကင်းခဲ့သည် - ဗစ်တိုးရီးယား မြို့သားများကို အနိုင်ယူ ပြီးနောက် ထာဝရတိုင်းပြည်မှ သတ္တဝါများနှင့် ဖယ်ရီမလေး မင်းသမီးကို ဖမ်းဆီးကာ ဘုရင်ထံမှ ဆုကို ရယူရန်ပင်။ ဝိုင်ဗန် နဂါးငယ်လေးကို တွေ့ ရှိပြီးနောက် သူ အပိုဆုများ ရရန်အတွက် ၎င်းကိုလည်း ဖမ်းဆီး လိုခဲ့သည်။
သို့သော် သူ၏ ရှေ့တန်းတိုက်စစ်က ကျရှုံးသွားပြီး ဗစ်တိုးရီးယားမြို့နှင့် ဆက်ဆံရေးကိုပင် ဖျက်စီးခဲ့မိသည်။ သူက ဗစ်တိုးရီးယား မြို့သားများအပေါ် တိုက်ခိုက်မှု တစ်ခု ပြုလုပ်လိုက်သဖြင့် ဘုရင်မ ဗစ်တိုးရီးယားက သူနှင့်သူ၏ စစ်တပ်ကို ဂိုးလ်ရှိုင်းယားမြို့မှ နှင်ထုတ်ခဲ့သည်။
ဂိုးလ်ရှိုင်းယားမြို့မှာ နတ်ဘုရား တိုင်းပြည်၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေသင့်သော်လည်း ၎င်းမှာ အမှန်စင်စစ်အားဖြင့် ဗစ်တိုးရီးယားမြို့၏ ထိန်းချုပ်မှု အောက်တွင် ရှိနေခဲ့ခြင်းပင်။ ဗိုလ်ချုပ်ရှီဒန်မှာ ဤတိုက်ပွဲတွင် ပြင်းပြင်းထန်ထန် ထိခိုက်သေဆုံးမှုများ မခံစား ခဲ့ရသော်လည်း သူက ဗစ်တိုးရီးယား မြို့သားများ၏ အစွမ်းကိုတော့ အကဲခတ်မိခဲ့သည်။ ထာဝရတိုင်းပြည်မှ သတ္တဝါများနှင့် ဖယ်ရီမလေး မင်းသမီးကို ဖမ်းဆီးစဉ် သူ ဗစ်တိုးရီးယား မြို့သားများ၏ အစွမ်းအစစ်အမှန်ကို သိခဲ့ရသည်။
သူ သူ၏ တာဝန်ကို မပြီးမြောက်ခဲ့ပေ။ သူ၏ စစ်တပ်မှာလည်း ဆုံးရှုံးမှုများ ခံစားခဲ့ရပြီး ဗစ်တိုးရီးယားမြို့၏ နယ်မြေမှ မောင်းထုတ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်ရှီဒန်မှာ လုံးဝ ရှုံးနိမ့်ခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သော ဖယ်ရီများကလည်း သူ့အကြောင်း ပုတ်ခတ်ဝေဖန်ကြပြီး ဖယ်ရီခေါင်းဆောင်များအား ထိုကျူးကျော်မှု အကြောင်း ပြန်အသိပေးမည်ဟု ခြိမ်းခြောက် ခဲ့ကြသည်။ နတ်ဘုရား တိုင်းပြည်မှာ ဖယ်ရီများအား စိတ်ကျေနပ်ဖွယ် ရှင်းပြချက် တစ်ခု ပေးအပ်ရပေမည်။
စိတ်ကျေနပ်ဖွယ် ရှင်းပြချက်တဲ့လား။ ဘာရှင်းပြချက်လဲ။ ဗိုလ်ချုပ်ရှီဒန်မှာ သူ၏ ကြိုးစင်ကိုပင် မြင်ယောင် နေလေပြီ။
သို့သော် သူ လက်တော့ မလျှော့ပေ။ သူ့တွင် နောက်ဆုံး အခွင့်အရေး တစ်ခုတော့ ရှိနေသေးသည်။
"မဟာမှော်ဆရာတွေကို ခေါ်ခဲ့လိုက်ပါ။ ငါ သူတို့ကို လိုက်ဖမ်းချင်တယ်။" ဗိုလ်ချုပ်ရှီဒန်က သူ၏ လက်ထောက်အား လေးလေးနက်နက် ပြောလိုက်သည်။
...
လမ်းပျောက်နေသော ဂိမ်းမာများမှာ တောင်ခြေရောက်ရန် အချိန် များစွာ မပေးခဲ့ရပေ။ အကြောင်းမှာ ၎င်းတောင်က သိပ်မမြင့် သောကြောင့်ပင်။ သူတို့ လမ်းတစ်လျှောက်တွင် မည်သူနှင့်မျှ မကြုံတွေ့ ခဲ့ရပေ။ ဤလူသူကင်းမဲ့သော ဧရိယာတွင် နေထိုင်သူများပင် မရှိကြပေ။ အစားအစာနှင့် ရေ ရှာဖွေရန်မှာ ပြဿနာ တစ်ခု ဖြစ်လာတော့မည်။
မစ်ရှင်၏ အထူးကန့်သတ်ချက်ကြောင့် ဂိမ်းမာများက သူတို့ ဆန္ဒရှိသည့် အချိန်တိုင်း အော့ဖ်လိုင်း ဆင်းနိုင်ခြင်း မရှိကြပေ။ သူတို့က အော့ဖ်လိုင်း ဆင်းပြီး အနားယူနိုင်ရန် အထူးအချိန် တစ်ခုကိုသာ သတ်မှတ် လိုက်နာနိုင်သည်။ ဖယ်ရီကိုယ်ရံတော်၏ စကားအရဆိုလျှင် သူတို့ လူသားများ သို့မဟုတ် တခြား လူမျိုးစုများ ပိုင်ဆိုင်သော ကျေးရွာ တစ်ခု မတွေ့ရှိမီအထိ ခရီးဆက်သင့်သည်။ ထို့နောက်တွင်မှ သူတို့က သူတို့၏ သတိဝီရိယကို မလျှော့ချမီ ပတ်ဝန်းကျင် အခြေအနေကို ပိုသိရှိအောင် လုပ်ဆောင်သင့်သည်။ သို့သော် သူ၏ ကိုယ်ပိုင်ထင်မြင်ချက်က ဂိမ်းမာများ၏ အပြုအမူကို မထိန်းချုပ်နိုင်ပေ။ ဂိမ်းကို ၂၄ နာရီ ဆက်တိုက် ကစားသော ဂိမ်းမာများမှာ ရှားပါးလှ၏။
ဂိမ်းမာများမှာ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင် လိုခဲ့ကြသည်။ သူတို့က သူတို့၏ ဆုများကို ရယူလိုကြသည် မှန်သော်လည်း သူတို့ အသက်မှာ ပိုအရေးကြီးသည်။ ဂိမ်းမာ အများစုက အော့ဖ်လိုင်း ဆင်းပြီး အနားယူကြရန် သဘောတူခဲ့ကြသည်။ ဤထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို အဖွဲ့လိုက် လုပ်ဆောင်ရုံဖြင့် မပြီးမြောက်နိုင်ပေ။
ဖယ်ရီကိုယ်ရံတော်မှာ ပိုမို စူးစမ်းလိုစိတ် ရှိလာပြီး စိတ်ရှုပ်ထွေး လာခဲ့သည်။ သူတို့က မတူညီသော လူမျိုးစုများ ဖြစ်ကြသင့်သော်လည်း ထာဝရတိုင်းပြည်မှ သတ္တဝါများနှင့် ဗစ်တိုးရီးယား မြို့သားများမှာ အပြုအမူနှင့် ဘာသာစကားအရ ဆင်တူ နေခဲ့ကြသည်။ သူတို့၏ အနားယူချိန်များ ပင်လျှင် တူညီ နေကြသည်။ သူတို့၏ ခေါင်းပေါ်တွင်လည်း အစိမ်းရောင် သင်္ကေတများ ရှိနေကြပြီး ချက်ချင်း အိပ်ပျော်နိုင်ကာ မည်သည့် လက္ခဏာမျှ မပြဘဲ ပြန်နိုးထ လာတတ်ကြ၏။ ၎င်းမှာ သူ နဂါးမျိုးနွယ်သားကို လေ့လာတုန်းက တွေ့ရှိခဲ့သော အချက်များနှင့် တူညီ နေသည်။
အကယ်၍ လူသားများနှင့် အော့ခ်များသာ ခန္ဓာကိုယ် အရွယ်အစားများ နှင့် အသွင်အပြင်များ ကွဲပြားနေခြင်း မရှိပါက ကိုယ်ရံတော်မှာ သူတို့က တူညီသော အလေ့အထများ ရှိသော မျိုးတူလူမျိုးစု တစ်စု ဖြစ်လိမ့်မည်ဟုသာ ကောက်ချက်ချ မိပေလိမ့်မည်။
ကိုယ်ရံတော်က ဂိမ်းမာများအား မေးမြန်းကြည့်သည့်အခါ ဗစ်တိုးရီးယား မြို့သားများက သူ့အား ပျင်းရိဖွယ် အကြည့်ဖြင့် ကြည့်ခြင်း သို့မဟုတ် ဒေါသတကြီး ပြန်လည် ဖြေကြားခြင်းများ ပြုလုပ်ကြ ပေလိမ့်မည်။
"ဘာလဲ။ မင်းက ငါတို့ကို အဲ့ဒီ ထာဝရဝက်တွေနဲ့ တူနေတယ်လို့ ပြောလိုက်တာလား။ ဒါက စော်ကားမှုပဲ။ လုံးဝ မဖြစ်နိုင်ဘူး။"
ဗစ်တိုးရီးယား မြို့သားများမှာ မြေပေါ်ကမ္ဘာ ဘုံဘာသာစကားကို တမင်တကာ အသုံးပြု၍ ဖြေကြပေလိမ့်မည်။
ဤသည်တို့မှာ ဤစွန့်စားခန်းရှိ အဖြစ်အပျက်ငယ်များသာ ဖြစ်ကြပြီး ဂိမ်းမာများက ကိုယ်ရံတော်၏ အပြုအမူကို အလေးမထား ခဲ့ကြပေ။
သူတို့က တောနက်ထဲတွင် အချိန်ကြာမြင့်စွာ ခရီးဆက်ခဲ့ရခြင်း မရှိပေ။ တတိယမြောက်နေ့တွင်မူ ကျိန်ဆဲမှုများ၊ မီးတုတ်များဖြင့် သူတို့ကို စောင့်ကြိုနေသော လူသားကျေးရွာ တစ်ခုဆီသို့ ရောက်ရှိ လာခဲ့ကြသည်။
အော့ခ် တစ်ဦး၏ ခန္ဓာကိုယ်မှာ ကြီးမားပြီး မှတ်မိရန် လွယ်ကူလှ၏။ ရွာသားများက လူသားများ၊ ဖယ်ရီနှစ်ဦး နှင့် ထူးဆန်းသော မွန်းစတားများကို မြင်တွေ့ ရသည့်အခါ သူတို့က ထိတ်လန့်တကြားဖြင့် ထွက်ပြေး ခဲ့ကြသည်။ ခဏအကြာတွင် ရွာသားများ အားလုံးက ကောက်ဆွများ၊ မီးတုတ်များဖြင့် ပြန်ထွက်ပေါ် လာခဲ့ကြသည်။
နေ့ခင်းကြောင်တောင်မှာပင် သူတို့က မီးတုတ်များ ကိုင်ဆောင် ထားခဲ့ကြသည်။
ရွာသားများမှာ အော့ခ်များကို ကြောက်ရွံ့ နေခဲ့ကြသည် မှန်သော်လည်း နဂါးမျိုးနွယ်သားမှာတော့ သူတို့က အော့ခ်များ အကြောင်းကိုပင် မသိထားလောက်ဟု ခံစားရသည်။
နဂါးမျိုးနွယ်သားက ဂိုးလ်ရှိုင်းယားမြို့မှ နေထိုင်သူများ အော့ခ်များ အကြောင်း ကြားကြားချင်း ကြောက်ရွံ့နေသည်ကို တွေ့ဖူးသည်။ သူတို့က ပြန်ဆန့်ကျင် တိုက်ခိုက်ရန် လက်နက်များကို ထုတ်ယူဝံ့ခြင်း မရှိခဲ့ကြပေ။
ဂိမ်းမာများမှာ သတိထား နေခဲ့ကြသည်။ နဂါးမျိုးနွယ်သားနှင့် လူဆိုးလေးတို့က ရွာသားများနှင့် စကားပြောဆိုရန် ရှေ့သို့ ထွက်သွားခဲ့ကြပြီး ကိုယ်ရံတော်မှာ နောက်မှ လိုက်ပါ လာခဲ့သည်။ သူက ရွာသားများနှင့် ဆက်ဆံရေး အပေါ်စိုးရိမ် နေခဲ့သည်။
လမ်းပျောက်နေသော ဂိမ်းမာများမှာ ဤနေရာက နတ်ဘုရား တိုင်းပြည်၏ အစိတ်အပိုင်း တစ်ခု ဟုတ်၊ မဟုတ်ကို မသိကြပေ။ အကယ်၍ ရွာသားများက နတ်ဘုရား တိုင်းပြည်မှ အာဏာပိုင်များအား သူတို့အကြောင်း အသိပေးလိုက်ပါက စစ်သားများသာ ဤကျေးရွာသို့ ရောက်လာလျှင် ဒုက္ခကြီးကြီး ရောက်လိမ့်မည်။ ကိုယ်ရံတော်၏ ထိပ်တန်း ဦးစားပေးကိစ္စမှာ မင်းသမီး၏ ဘေးကင်းကြောင်းကို သေချာစေရန်ပင်။