← Chapters

ဓားပြများကို တိုက်ခိုက်ခြင်း

Vol. 36 Ch. 535

ဓားပြများကို တိုက်ခိုက်ခြင်း

Vol. 36 Ch. 535

နောက်ဆုံးတွင် ဂိမ်းမာများမှာ ကျောပိုးအိတ်ကြီးကို ကြေးဒင်္ဂါး ၁၀ ပြားဖြင့် ဝယ်ယူခဲ့ပြီး သူတို့ သဘောကျခဲ့သော ပုဆိန် တစ်လက်ကိုလည်း ဝယ်ယူ ခဲ့ကြသေးသည်။

အဘိုးကြီးဂျွန်က ထိုပုဆိန်မှာ အလွန် အသွားထက်သည် မဟုတ်သလို၊ သူတို့၏ လက်နက်များထက်ပင် အရည်အသွေး နိမ့်ကျကြောင်း အလေးပေး ပြောခဲ့သော်လည်း ဂိမ်းမာများမှာ ၎င်းကို ရောင်းချပေးရန် အခိုင်အမာ တောင်းဆို ခဲ့ကြသည်။

ထိုပုဆိန်မှာ အရည်အသွေး စိစစ်ခြင်း မပြုလုပ်ရသေးသော အရာတစ်ခု ဖြစ်ပြီး ဈေးနှုန်းမှာလည်း တတ်နိုင်သည့် ပမာဏသာ။ ဂိမ်းမာများက ၎င်းမှာ ကျေးရွာ တစ်ခုလုံးတွင် အကောင်းဆုံး ပုဆိန် ဖြစ်နေနိုင်သည်ဟု ယူဆခဲ့ကြသည်။ ၎င်းမှာ လိမ္မော်ရောင် ဒဏ္ဍာရီပစ္စည်း တစ်ခုပင် ဖြစ်နေနိုင်၏။ ဤသည်မှာ တခြား အွန်လိုင်းဂိမ်းများတွင် သာမန် အဖြစ်အပျက် တစ်ခုမျှသာ။

အဘိုးကြီးဂျွန်မှာ ဒုက္ခများ ပြီးဆုံးသွားပြီဟု ထင်ခဲ့သည်။ သို့သော် ဒုတိယမြောက်နေ့တွင် အိပ်ရာမှ နိုးနိုးချင်း အိမ်အပြင်ဘက် ထွက် လိုက်သည်နှင့် သူက ရွာသား များစွာ စုရုံးနေသည်ကို မြင်တွေ့ လိုက်ရသည်။ သူတို့က အဘိုးကြီးဂျွန်နှင့် စကားပြောဆို လိုခဲ့ကြသည်။ ရွာသားများ၏ စကားကို နားထောင်ပြီးနောက် သူ မနေ့ညက ဘာဖြစ်ပျက်ခဲ့သည်ကို သိသွားသည်။ ထိုဧည့်သည်များက အဘိုးကြီးဂျွန် အပြင် ရွာသား အများစုထံသို့လည်း သွားရောက် ခဲ့ကြသေးသည်။

သူတို့ အားလုံးကတော့ အိမ်များကို လုယက်ခဲ့ကြခြင်း မဟုတ်ပေ။ ဂိမ်းမာ အများစုက သတင်း အချက်အလက်များ တောင်းဆိုခြင်း သို့မဟုတ် ရွာသားများ အကူအညီ လိုအပ်၊ မလိုအပ်ကို မေးမြန်းခြင်းများ ပြုလုပ် ခဲ့ကြသည်။

ရွာသားများအဖို့ ငြိမ်းငြိမ်းချမ်းချမ်း မအိပ်စက်ခဲ့ရသော ညတစ်ညပင်။ ဂိမ်းမာများမှာ အားအင်များ ပြည့်နှက်နေပြီး သူတို့က မကြာခဏ တံခါးများကို လာခေါက် တတ်ကြ၏။ သူတို့က အပိုမေးခွန်းများ မေးမြန်းရန်ပင် ပြန်ပြန် ရောက်လာတတ်သေးသည်။

ဒုက္ခအပေးဆုံး သူများမှာ အိမ်များကို ဝင်လုယက်ခဲ့သော ဂိမ်းမာများပင်။

အဘိုးကြီးဂျွန်မှာ ဧည့်သည်များနှင့် ဆက်သွယ်ပြီး ညအချိန်တွင် ရွာသားများကို မနှောင့်ယှက်ရန် ယဉ်ယဉ်ကျေးကျေး ပြောပြသင့်သည်ဟု ခံစားရသည်။ ယင်းက ဧည့်ဝတ်မကျေပွန်ပုံ ပေါက်နိုင်သော်လည်း သူ့တွင် အခြား ရွေးချယ်စရာ မရှိနေပေ။ သူက ဧည့်သည်များ ညသန်းခေါင်ယံတွင် သူ၏ အိမ်ကို ဝင်လုယက်မည်ကိုတော့ မလိုလားပေ။

သူ့စိတ်ထဲတွင် ရွာသားများ၏ တောင်းဆိုချက်များနှင့် တိုင်ကြားချက်များကို ပြန်တွေးနေရင်း အဘိုးကြီးဂျွန်က ဧည့်သည်များ တည်းခိုနေသော အိမ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။ သူ အထဲ ဝင်ရန် ပြင်စဉ် အခန်းတွင်းမှ စကားသံများကို ကြားလိုက် ရသည်။

ဖယ်ရီနှစ်ဦး စကားပြောဆို နေပုံ ရ၏။

"မင်းသမီး၊ သူတို့ မင်းကို အခက်အခဲ တွေ့စေခဲ့သေးလား။ မင်း မြေအောက်လောကမှာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသေးလား။"

"စိတ်မပူပါနဲ့၊ ငါ အဆင်ပြေပါတယ်ဆိုနေ။ ငါတို့ ငါတို့ ဇာတိမြေကို ဘယ်လို ပြန်ကြမလဲ ဆိုတာကိုပဲ အရင် စဉ်းစားကြစို့။"

"မင်းသမီး၊ ငါ မြေအောက်လောက သတ္တဝါတွေကို စိတ်မချဘူး။ သူတို့က နတ်ဘုရား တိုင်းပြည်က စစ်သားတွေနဲ့ ဗစ်တိုးရီးယား မြို့သားတွေကို သတ်ခဲ့ကြတယ်။ အခုကျ သူတို့ မင်းကို ကြည်ကြည်ဖြူဖြူနဲ့ လွှတ်ပေး လိုက်ကြတယ်။ ငါတော့ ဒီကိစ္စအားလုံးက နောက်ကွယ်မှာ ပူးပေါင်းကြံစည်မှု တစ်ခုခု ရှိနေတယ်လို့ ခံစားနေရတယ်။"

"စိတ်မပူပါနဲ့။ သူတို့က သတ္တဝါအများကြီးကို သတ်ဖြတ်ခဲ့ကြတယ် ဆိုပေမဲ့ မိုးလက်ဖက်ရည်နဲ့ တခြားသူတွေက ကျန်တဲ့သူတွေနဲ့ မတူဘူး။"

ဖယ်ရီများ၏ အသံများမှာ တိုးဝင်သွားသည်။ အဘိုးကြီးဂျွန်၏ နှလုံးသားမှာတော့ ကြီးမားသော တူကြီး တစ်လက်ဖြင့် ရိုက်နှက်ခြင်း ခံလိုက်ရ သလိုပင်။ သူက မြေအောက်လောက ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကိုတော့ သိထားသည်။ သူက အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများက မြေအောက်လောကမှ ဖြစ်ကြောင်းကိုလည်း သတိပြု မိသည်။ အကယ်၍ ဖယ်ရီများ၏ စကားများသာ မှန်ကန်ခဲ့ပါက ထိုမွန်းစတားများမှာ လူများစွာကို သတ်ဖြတ် ခဲ့ကြသည်ပင်။

အဘိုးကြီးဂျွန်မှာ အခြေအနေ၏ လေးနက်မှုကို သတိပြု မိလိုက်သည်။ သူက ဧည့်သည်များအား ညအချိန်တွင် အနှောင့်အယှက် မပေးရန် ပြောဆို လိုခဲ့သော်လည်း အခုတော့ သူ ထိုသို့ သွားမပြောရန် ဆုံးဖြတ်လိုက်သည်။ သူ ဖြည်းညင်းစွာ နောက်ဆုတ် လိုက်ရာ မာကျောသော အရာတစ်ခုခုနှင့် ဝင်တိုက် မိသွားသည်။

အဘိုးကြီးဂျွန် ခေါင်းလှည့် ကြည့်လိုက်ရာ ကြီးမားသော ပုံရိပ် တစ်ခုကို မြင်တွေ့ လိုက်ရသည်။ ၎င်းမှာ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိပြီး အနက်ရောင် ချပ်ဝတ် ဝတ်ဆင်ထားသော အစိမ်းရောင် အသားအရေရှိ မွန်းစတား တစ်ကောင် ဖြစ်၏။

အရပ်ရှည်ရှည် မွန်းစတားမှာ အဘိုးကြီးဂျွန်ကို ငုံ့ကြည့်လိုက်သည်။ တစ်ချိန်တည်း... အဘိုးကြီးဂျွန်မှာလ်း ထိုမွန်းစတား၏ မျက်လုံးများကို ထိတ်လန့်တကြား စိုက်ကြည့် နေခဲ့သည်။ အဘိုးကြီးဂျွန်၏ ခြေထောက်များမှာ ထိန်းချုပ်မှု မရှိတော့ဘဲ တဆတ်ဆတ် တုန်နေသည်။ အကယ်၍ သူသာ ကြက်သေ,သေနေခြင်း မရှိပါက မြေပြင်ပေါ်သို့ လဲကျ သွားပေလိမ့်မည်။

ကြီးမားသော မွန်းစတားက အဘိုးကြီးဂျွန်အား စကားပြော ခဲ့သော်လည်း အဘိုးကြီးဂျွန်မှာ နားမလည်နိုင်ခဲ့ပေ။ ကြီးမားသော မွန်းစတားက အဘိုးကြီးဂျွန် သူ့စကားကို နားမလည်နိုင်ကြောင်း ရုတ်တရက် သတိရသွားပြီး ခေါင်းခါလိုက်ကာ အိမ်ထဲကို အော်ပြော လိုက်သည်။

အိမ်ထဲတွင် ဖယ်ရီနှစ်ဦးသာ ရှိနေကြသည်။ မင်းသမီးက မြေအောက်လောက ဘာသာစကားကို နားလည်၏။ အော်သံကို ကြားသည့်အခါ သူမ ထွက်လာပြီး မွန်းစတားအား သူတို့၏ ဘုံဘာသာစကားဖြင့် စကားပြောဆို ခဲ့သည်။

မင်းသမီးနှင့် မွန်းစတားတို့ ခဏကြာအောင် စကားပြောဆို ပြီးနောက် မင်းသမီးက အဘိုးကြီးဂျွန်အား လှည့်ပြောလိုက်သည်။ "အာသာက နင် ဘာဖြစ်လို့ ဒီမှာရှိနေလဲ ဆိုတာ သိချင်နေတယ်။ နင့်မှာ တောင်းဆိုစရာ တစ်ခုခု ရှိလို့လား။"

မြေပေါ်ကမ္ဘာနှင့် မြေအောက်လောက ဘာသာစကား နှစ်မျိုးလုံးကို ကျွမ်းကျင်သော မင်းသမီးမှာ စကားပြန် ဖြစ်လာ ခဲ့သည်။

အဘိုးကြီးဂျွန်မှာတော့ မြေအောက်လောကမှ သတ္တဝါများကို မည်သို့ ဖမ်းဆီး ရမည်ကိုသာ တွေးတော နေခဲ့သည်။ သူ့၌ ဤနေရာတွင် စကားပြောဆိုနေရန် စိတ်အခြေအနေ မရှိပေ။ သူ နောက်ဆုတ်ရင်း တစ်စုံတစ်ခုကို ရေရွတ်ကာ အလျင်အမြန် ပြန်ထွက်ခွာ သွားသည်။

အဘိုးကြီးဂျွန်၏ အပြုအမူမှာ ထူးဆန်း နေသော်လည်း အာသာကတော့ ဂရုမစိုက်ပေ။ ထူးဆန်းသော အမ်ပီစီ များစွာ ရှိနေသည့်တိုင် အာသာက သူတို့ကို စိတ်မဝင်စားပေ။

အာသာက အဘိုးကြီးဂျွန်၏ လမ်းကြောင်းကို တစ်ချက်မျှသာ ကြည့်လိုက်သည်။ သူက သူတို့၏ ခရီးစဉ်အတွက် လိုအပ်မည်ဟု ယူဆပြီး ဒေသန္တရမြေပုံ တစ်ခု ရှာထားသည်။ ဖယ်ရီများ၏ ဇာတိမြေမှာ ဤကျေးရွာနှင့် သိပ်ဝေးလှတော့သည် မဟုတ်ပေ။ နေရာရွှေ့ပြောင်း ဝင်ပေါက်၏ ဦးတည်ရာက သွေဖည်မှု တစ်ခု ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာပင် ထိုသွေဖည်မှုမှာ ထင်ထားသလောက်တော့ ကြီးမားခြင်း မရှိခဲ့ပေ။ သူတို့က ထိုသစ်တော၏ နယ်စပ်အစွန်းသို့ သွားရောက်ရန် လေးရက်၊ ငါးရက် ကြာပေလိမ့်မည်။

သူက အဘိုးကြီးဂျွန် သူတို့ကို ကိုင်တွယ်ရန် စီစဉ်နေကြောင်းတော့ သတိမပြုမိခဲ့ပေ။

အဘိုးကြီးဂျွန်က အကွာအဝေး တစ်ခုစာ ထွက်ခွာလာပြီးနောက် ရပ်လိုက်သည်။ ထို့နောက် သူ့နောက်သို့ မည်သူမျှ လိုက်ပါလာခြင်း မရှိကြောင်း သေချာစေရန် နောက်ဘက်သို့ ခေါင်းလှည့်၍ ကြည့်လိုက်သည်။

အဘိုးကြီးဂျွန် စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့သည်။ ထိုမလိုလားအပ်သော ဧည့်သည်များကို မောင်းထုတ်ခြင်းက လက်တွေ့မကျပေ။ သို့သော် သူက သူတို့ကို ကျေးရွာတွင်လည်း ဆက်နေနေခွင့် မပြုနိုင်ပေ။ မနေ့ညကဆိုလျှင် သတ္တဝါလေးကောင်က သူ၏ အိမ်ထဲ ဝင်ရောက်လာပြီး လုယက် ခဲ့ကြသည်။ သူတို့က သူ့အား ငွေပေးခဲ့သည် ဆိုသော်လည်း အကယ်၍ သူသာ ထွက်မလာပါက သူတို့က သူ၏ ပစ္စည်းများကို ဒီအတိုင်း ယူသွားကြ ပေလိမ့်မည်။ ၎င်းမှာ ဓားပြများ၏ အပြုအမူ အတိုင်းပင်။ အဘိုးကြီးဂျွန်မှာ မစိုးရိမ်ဘဲ မနေနိုင်ပေ။

အဘိုးကြီးဂျွန်က ကျေးရွာရှိ လူငယ်များကို စုစည်းလိုက်ပြီး ဂိမ်းမာများကို ကိုင်တွယ်ရန် အစီအစဉ် တစ်ခု ဆွဲလိုက်သည်။ သူ အစီအစဉ်ကို အကောင်အထည် မဖော်ရသေးမီမှာပင် ရွာသား အနည်းငယ်က ဂိမ်းမာများကို အဘိုးကြီးဂျွန်ထံသို့ ခေါ်လာ ခဲ့ကြသည်။

"သူကြီး၊ သူတို့ ပြန်ထွက်သွားတော့မှာ မို့လို့ ကျွန်တော်တို့ကို နှုတ်ဆက်သွားချင်တယ်တဲ့။"

အဘိုးကြီးဂျွန် ဘေးမှ လူငယ်များမှာလည်း တိတ်တဆိတ် သက်ပြင်း ချလိုက်ကြသည်။ ဖြစ်နိုင်ပါက သူတို့လည်း လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ဂိမ်းမာများနှင့် မတိုက်ခိုက် လိုခဲ့ကြပေ။ အော့ခ်များနှင့် ဂနိုမ်းများ၏ ကြီးမားသော အရွယ်အစားများနှင့် အသွင်အပြင်များမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

ရွာသားများက သူတို့ ဂိမ်းမာများကို အနိုင်ယူနိုင်စွမ်း ရှိသည်ဟု မထင်ပေ။

"သူကြီး၊ ဒီအတောအတွင်း ကျွန်တော်တို့ကို ဂရုစိုက်ပေး ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့မှာ အရေးကြီး ကိစ္စတွေ လုပ်စရာ ရှိသေးတယ်။ ကျွန်တော်တို့က ရဲရင့်တဲ့ စစ်သည်တော်တွေ ဖြစ်လို့ ကမ္ဘာကြီးက ကျွန်တော်တို့ကို ကယ်တင်ခံရဖို့ စောင့်နေတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဒီမှာ ဆက်ပြီး မနေ,နေတော့ဘူး။ ကျွန်တော်တို့ မစ်ရှင် ပြီးသွားရင် ပြန်လာပြီး ဒီအနီးအနား ဝန်းကျင်က မွန်းစတားတွေကို ကိုင်တွယ်ရာမှာ မင်းကို ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့ အနီးအနားက မွန်းစတားတွေကို ကိုင်တွယ် ပေးပြီးရင် မင်း ကျွန်တော်တို့အတွက် ဆုလာဒ်တွေ ပြင်ဆင်ထား ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ထိုစကား ပြောလိုက်သူမှာ ပုံပျက်နေသော လူဆိုးလေးပင်။ လှံထိုးခံရသူက သူ၏ စကားကို ဘာသာပြန်ကာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများအား အသိပေးလိုက်သည်။

အဘိုးကြီးဂျွန် ထိုအကြောင်း ကြားသော် ကျေးရွာမှ သူတို့ကို ကြိုဆိုနေမည် ဖြစ်ကြောင်း ပြန်တုန့်ပြန်လိုက်သည်။ သူက သူတို့ ကမ္ဘာကြီးကို ကယ်တင်ရာတွင် အောင်မြင်ပါစေဟုလည်း ဆုတောင်း ပေးခဲ့သည်။ သူက ထိုသို့ ပြောခဲ့သော်လည်း အင်ပါယာ၏ အုပ်ချုပ်သူအား မြေအောက်လောက သတ္တဝါများ ရှိနေကြောင်း အကြောင်းကြားရန် ဆုံးဖြတ်ချက် ချထားခဲ့သည်။ အဘိုးကြီးဂျွန်မှာ သူတို့ ပြန်လည် ရောက်လာကြမည် ဟူသော အတွေးက ကြောက်မက်ဖွယ် ကောင်းသည်ဟု ခံစားရသည်။ သူတို့က ဆုလာဒ်များ တောင်းဆိုလာသည့်အခါ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသွားသည်။

ဂိမ်းမာများမှာတော့ အဘိုးကြီးဂျွန် ဘာစဉ်းစားနေသည်ကို မသိကြပေ။ အဘိုးကြီးဂျွန်ကို နှုတ်ဆက်ပြီးနောက် သူတို့၏ လောကသစ်ပင်သို့ ခရီးစဉ်ကို စတင်ခဲ့ကြသည်။

လောကသစ်ပင်သို့ ခရီးစဉ်မှာ သုံးရက်၊ လေးရက်ခန့် ကြာမြင့် ပေလိမ့်မည်။ သူတို့ လမ်းလျှောက် သွားမည်တော့ မဟုတ်ပေ။ အကြောင်းမှာ သူတို့ထဲမှ အယောက်များစွာက သူတို့၏ ယာဉ်များကို ယူဆောင် လာခဲ့သောကြောင့်ပင်။ ရွာသားများ၏ အကူအညီဖြင့် သူတို့က စိတ်ကြိုက် ပြုလုပ်ထားသော မြင်းလှည်းကို မြင်းများ၏ နောက်ဘက်တွင် တပ်ဆင် နိုင်ခဲ့ကြသည်။ ဤသို့ဖြင့် မြင်းလှည်းမှာ အရှိန်လျော့နည်း သွားသော်လည်း ခရီးသည်များ ပိုမို သယ်ဆောင်နိုင် ပေလိမ့်မည်။ သို့သော် အရှိန်လျော့နည်းမှုမှာ အရေးမပါပေ။ ဂိမ်းမာများက ဤဂိမ်းကို လပေါင်း များစွာ ကြာအောင် ကစားခဲ့ပြီးပြီ ဖြစ်သောကြောင့် အချိန်ကြာမြင့်စွာ ခရီးသွားရခြင်းနှင့် အကျွမ်းတဝင် ရှိနေကြလေပြီ။ သူတို့ အချင်းချင်း စကားပြောဆိုခြင်း သို့မဟုတ် အချိန်ကုန်ဆုံးစေရန် အော့ဖ်လိုင်း ဆင်းခြင်းတို့ကို ပြုလုပ် နိုင်ပေသည်။

ရက်ရောသော ဆုများ ပါဝင်သော ဤအဓိက မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် သူတို့ အချိန် များစွာ ပေးရကျိုးနပ်သည်ဟု ခံစား ခဲ့ရကြသည်။

သူတို့က ခရီးစဉ် တစ်လျှောက်လုံးတွင် သူတို့ကို ပြင်းထန်စွာ စောင့်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေသည်ကို သတိမပြု မိခဲ့ကြပေ။

ဂိမ်းမာများ ထွက်ခွာ သွားပြီးနောက် အဘိုးကြီးဂျွန်က သူတို့ရွာနှင့် အနီးဆုံး သူကောင်းမျိုးအား လှမ်းအကြောင်းကြားရန် လူငယ် တစ်ဦးအား စေလွှတ်လိုက်သည်။ အင်ပါယာ၏ အုပ်ချုပ်သူက ဗစ်တိုးရီးယား မြို့သားများနှင့် မြေအောက်လောက သတ္တဝါ အုပ်စု တစ်စုက သူ၏ နယ်မြေတွင် ထွက်ပေါ်လာကြောင်း သိသွားသည်။ ဗစ်တိုးရီးယားမြို့မှာ ဤအချိန်ကာလအတွင်း လူသိများ နေခဲ့လေပြီ။ ဗစ်တိုးရီးယား မြို့သားများက အဘယ်ကြောင့် မြေအောက်လောက သတ္တဝါများ နှင့်အတူ ရှိနေကြသနည်း။ သူတို့ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း ရပေမည်။

...

ဂိမ်းမာများမှာ အင်ပါယာမှ လူများ သူတို့ကို နောက်ယောင်ခံ လိုက်လာနေကြောင်း သတိမပြု မိခဲ့ကြပေ။

သုံးရက်မျှအကြာတွင် သူတို့၏ မြင်းလှည်းက သစ်တော၏ နယ်နိမိတ်သို့ ရောက်ရှိ လာခဲ့သည်။ အဝေးရှိ သစ်တောကို မြင်တွေ့ ရသော် ဖယ်ရီမလေး မင်းသမီးမှာ ပို၍ ပျော်ရွှင် လာခဲ့သည်။ သစ်တောအတွင်းသို့ ဝင်ရောက် လိုက်သည်နှင့် ၎င်းမှာ ဖယ်ရီများ၏ နယ်မြေ ဖြစ်သွားပေလိမ့်မည်။ သူတို့တွင် မည်သည့် အန္တရာယ်မျှ မရှိတော့ပေ။ မင်းသမီးက သူမ၏ ဇာတိမြေကို အချိန်ကြာမြင့်စွာ ခွဲခဲ့ရအပြီးတွင်မှ ပြန်မြင်ရသဖြင့် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက် လာခဲ့သည်။

ရုတ်တရက် ဆိုသလို ပတ်ဝန်းကျင်မှ အော်ဟစ်သံများနှင့် ဆူညံသံများ ထွက်ပေါ် လာခဲ့သည်။

မြားသံများက ကောင်းကင်ထက်မှ တဝီဝီ မြည်လာခဲ့သည်။

"ငါတို့ တိုက်ခိုက် ခံနေရပြီ။ ငါတို့ ပြန်တိုက်ခိုက်ရမယ်။ မင်းတို့ရဲ့ ဒိုင်းတွေကို မြှောက်ထားကြ။" ရင်မွှေးမီးလောင်က ချက်ချင်း အော်ပြော လိုက်သည်။ အော့ခ်များက သူတို့၏ ဒိုင်းကြီးများကို မြှောက်ကာ သူတို့ပေါ် ကျရောက်လာသော မြားမိုးကို ကာကွယ်လိုက်ကြသည်။ ထူထပ်စွာ စိုက်ဝင်နေသော မြားများမှာ ဖြူကောင်၏ ဆူးများ ကဲ့သို့ပင်။

အချို့ ဂိမ်းမာများက သူတို့၏ ဒိုင်းများကို မြှောက်ရန် နောက်ကျသွားသဖြင့် မြားများဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ကံကောင်းထောက်မစွာပင် ၎င်းမှာ အနည်းအကျဉ်းမျှသာ။ တိုက်ပွဲ များစွာ ဆင်နွှဲအပြီးတွင် ဂိမ်းမာများက ဒိုင်းတစ်ခု၏ အရေးပါမှုကို သိနေကြပြီ ဖြစ်သောကြောင့် သူတို့ ဒိုင်းကြီးများဖြင့် လက်နက် တပ်ဆင် ထားခဲ့ကြသည်။

၎င်းမှာ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်အတွက်လည်း ခြွင်းချက် မဟုတ်ပေ။

ကံကောင်းထောက်မစွာပင် သူတို့က ဒုတိယအကြိမ် မြားမိုးဖြင့် တိုက်ခိုက်ခြင်း မခံရပေ။ သို့သော် မြင်းဒုန်းစိုင်းသံများက အဝေးမှ ထွက်ပေါ် လာခဲ့သည်။ မြင်းစီးသူရဲ ဆယ်ဂဏန်းမျှက သူတို့ဆီသို့ ပြေးဝင် တိုက်ခိုက်လာ ခဲ့ကြသည်။ သူတို့၏ ပစ္စည်း ကိရိယာများနှင့် အပြုအမူများအရ ဂိမ်းမာများက သူတို့က ဓားပြများဖြစ်ကြောင်း မျက်မှန်းတန်း မိသွားသည်။

ဗစ်တိုးရီးယား မြို့သားများမှာ ဓားပြများနှင့် တစ်ကြိမ်သာ ကြုံတွေ့ခဲ့ဖူးပြီး သူတို့က ယင်းတို့ အားလုံးကို သတ်ဖြတ်ခဲ့ကြသည်။ လူဆိုးလေး၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်မှာလည်း ဓားပြများ၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်၏။

ဂိမ်းမာ များစွာက ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များကို ဖြစ်လာစေရန် မိမိကိုယ်ကို ဖမ်းဆီး ခံသင့်၊ မခံသင့်ကို စဉ်းစား နေခဲ့ကြသည်။ သို့သော် သူတို့က ရက်ရောသော ဆုများ ပါဝင်သော ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခုကို လုပ်လက်စ ဖြစ်နေခဲ့သည်။ သူတို့က ဓားပြများ၏ ကျွန်အဖြစ် ဖမ်းဆီးခံရလျှင်ပင် လေ့ကျင့်ပေးခြင်း ခံရမည်ဟူသော အာမခံချက် မရှိနေပေ။ ၎င်းမှာ စွန့်စားရကျိုး မနပ်ပေ။

ဂိမ်းမာများ၏ တိုက်ခိုက်ရေး စွမ်းပကားမှာ ဓားပြများနှင့် ယှဉ်နိုင်သည်။ လပေါင်း များစွာ လေ့ကျင့်ပြီး၊ ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲများကို ဖြတ်သန်း ခဲ့ရပြီးနောက် သူတို့၏ တိုက်ခိုက်ရေး စွမ်းပကားမှာ မျှော်လင့်ထားသည်ထက် ပိုမို အားကောင်း နေခဲ့သည်။ ထို့အပြင် သူတို့မှာ ကြောက်ရွံ့စိတ် မရှိဘဲ အစွမ်းထက် မာနာစွမ်းအင်နှင့် မြင့်မြတ်သော အလင်းတန်းစွမ်းအား၏ အထောက်အပံ့ကိုလည်း ရထားကြသည်။

ခေါင်းပြောင် ဓားပြ တစ်ဦးက သတ္တုတူကြီးဖြင့် ဂိမ်းမာများဆီ ပြေးဝင်လာစဉ် လူသား တစ်ဦးက သူ့အား မီးလုံး တစ်လုံးဖြင့် ပစ်လွှတ်လိမ့်မည်ဟု မထင်ထားပေ။ ဓားပြမှာ မီးလုံးကြောင့် မီးစွဲသွားပြီး ညည်းညူ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျ သွားသည်။ သူ၏ ခန္ဓာကိုယ်က မီးလုံးကြောင့် အရည်ပျော်သွားစဉ် သူ့၌ ရုန်းကန်ရန်ပင် အခွင့်အရေး မရခဲ့ပေ။

ဒါက ဘာလဲ။ ဘာဖြစ်လို့ မှော်ဆရာ တစ်ယောက် ရှိနေတာလဲ။

ဓားပြ အများစု ထိတ်လန့် သွားခဲ့ကြပြီး သူတို့ထဲမှ အချို့က သူတို့က ပြေးဝင်လာနေသည်ကို ရပ်လိုက်ကြသည်။ ခေါင်းဆောင် တစ်ဦးက ကျယ်လောင်စွာ အော်ပြော လိုက်သည်။ "မကြောက်နဲ့။ မှော်ဆရာက တစ်ယောက်ပဲ ရှိတာ။ အဲ့ဒီ အစိမ်းရောင် အသားအရေနဲ့ သတ္တဝါတွေကို ဖမ်းကြ။ သူတို့က ငွေအများကြီး တန်တယ်။ ဒီတစ်ကြိမ် ကိစ္စပြီးရင် ငါတို့ ဓားပြ ဆက်လုပ်စရာ မလိုတော့ဘူး။"

ကြောက်ရွံ့နေသော ဓားပြများမှာ စိတ်အားထက်သန် လာပြန်ပြီး ဂိမ်းမာများဆီသို့ ပြေးဝင်လာရင်း မာန်သွင်း အော်ဟစ် လိုက်ကြသည်။ ဓားပြခေါင်းဆောင် ပြောခဲ့သလိုပင်။ မှော်ဆရာများမှာ သာမန်လူများ မဟုတ်ကြပေ။ သူတို့၏ သားကောင်များမှာ ဆင်းရဲပုံ ပေါ်သောကြောင့် သူတို့ အုပ်စုထဲတွင် မှော်ဆရာ တစ်ဦးမျှသာ ရှိပေလိမ့်မည်။ အကယ်၍ သူတို့သာ ထိုမှော်ဆရာကို သတ်ဖြတ်နိုင်ခဲ့ပါက သူတို့၏ သားကောင်များ အားနည်းသွား ပေလိမ့်မည်။ ဓားပြများမှာ လူအရေအတွက် ပိုများပြီး အဝေးပစ်လက်နက်များ၏ အကူအညီလည်း ရှိနေသည်။

အနီးအနားမှ ဂိမ်းမာ တစ်ဦးက လေဆင်နှာမောင်း တစ်ခု ထုတ်လွှတ်လိုက်ပြီး နောက်ထပ် ဂိမ်းမာ တစ်ဦးက မီးလုံး တစ်လုံး ပစ်လွှတ်လိုက်သည်။ ထို့နောက် မြင့်မြတ်သော အလင်းတန်း စွမ်းအားဖြင့် ဖုံးလွှမ်းနေသော တခြား ဂိမ်းမာ တစ်ဦးလည်း ရှိနေသည်။ သူ၏ ခန္ဓာကိုယ်မှာ မြင့်မြတ်သော အရှင်သခင်၏ လမ်းညွှန်ခြင်းကို ခံနေရ သကဲ့သို့ လေထဲ ပျံဝဲ တက်သွားသည်။

"မြင့်မြတ်သော အရှင်သခင်၊ သူက မဟာမှော်အရှင် တစ်ပါးတဲ့လား။"

ဓားပြများမှာ သူတို့ မည်သည့် ပြဿနာနှင့် ကြုံတွေ့နေရသည်ကို မသိကြပေ။ သူတို့က လက်နက်ကြီး ကိုင်ဆောင်ထားသော ချပ်ဝတ်တန်ဆာဝတ် မဟာမှော်အရှင် တစ်ပါးကို ဘယ်တော့မှ မမြင်ဖူးပေ။ သို့သော် ထိုမဟာမှော်အရှင်၏ အစွမ်းမှာတော့ အစစ်အမှန် ဖြစ်၏။ မဟာမှော်အရှင်ကို စေ့စေ့စပ်စပ် အကဲခတ်ပြီးနောက်တွင် သူတို့က ထိုသူမှာ တကယ်တမ်းကျ အစိမ်းရောင် အသားအရေရှိ သတ္တဝါ တစ်ကောင် ဖြစ်နေကြောင်း တွေ့ရှိသွားသည်...

...

အဘိုးကြီးဂျွန်က မြင်းစီးသူရဲ အုပ်စု တစ်စုကို လောကသစ်ပင် သစ်တော၏ လမ်းကြောင်းအတိုင်း ဦးဆောင် လာခဲ့သည်။ အဘိုးကြီးဂျွန်က အင်ပါယာကို အကြောင်းကြားခဲ့ပြီး မြင်းစီးသူရဲ တစ်ဦးက လေးရက်၊ ငါးရက်အကြာတွင် ရွာသို့ ရောက်လာခဲ့သည်။ သူကောင်းမျိုးများက ဗစ်တိုးရီးယားမြို့နှင့် မြေအောက်လောက သတ္တဝါများကို စိတ်ဝင်စား နေကြသည်။ သူကောင်းမျိုးများ အနေဖြင့် သူတို့က နတ်ဘုရား တိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့တို့ ကြားမှ စစ်ပွဲအကြောင်း သတင်း အချက်အလက်များ ရရှိထားခဲ့ပြီး ဖြစ်၏။ သူကောင်းမျိုးများမှာ ဗစ်တိုးရီးယားမြို့က မြေအောက်လောက သတ္တဝါများ၏ ကျူးကျော်မှုကို ခုခံ တိုက်ခိုက် နေကြောင်းကိုလည်း သတိပြုမိသည်။

အဘိုးကြီးဂျွန်မှာ ဗစ်တိုးရီးယား မြို့သားများနှင့် မြေအောက်လောက သတ္တဝါများ၏ ပုံသဏ္ဍာန်ကို အတိအကျ ဖော်ပြ နိုင်ခဲ့သောကြောင့် သူက လိမ်လည်နေခြင်း မဟုတ်နိုင်ပေ။ ဗစ်တိုးရီးယား မြို့သားများနှင့် မြေအောက်လောက သတ္တဝါများမှာ အင်ပါယာ၏ နယ်နိမိတ်သို့ ရောက်နေကြသည်။

လူသားများနှင့် မြေအောက်လောက သတ္တဝါများ အဘယ်ကြောင့် အတူတူ ရှိနေ ကြသနည်း။ အင်ပါယာမှ သူကောင်းမျိုးများမှာ အဖြေကို အတိအကျ မသိခဲ့ကြသော်လည်း ၎င်းမှာ သတိပေးချက် တစ်ခု ဖြစ်နေနိုင်၏။ မြေအောက်လောက သတ္တဝါများက အင်ပါယာ၏ နယ်နိမိတ်ထဲ ကျူးကျော် ဝင်လာကြခြင်း ဖြစ်နိုင်သည်။ ဗစ်တိုးရီးယားမြို့မှာ မြို့ငယ်လေး တစ်ခုမျှသာ ဖြစ်၏။ အင်ပါယာက ဗစ်တိုးရီးယားမြို့က မြေအောက်လောက သတ္တဝါများ၏ ကျူးကျော်မှုကို ခုခံ တားဆီး ထားနိုင်လိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့် ထားခဲ့ပေ။ ဧကရာဇ်မှာ ဗစ်တိုးရီးယားမြို့ကို အင်အားဖြည့်တင်းပေးရန် စဉ်းစား ခဲ့သေးသော်လည်း သူ ဆုံးဖြတ်ချက် မချမီ နတ်ဘုရား တိုင်းပြည်၏ လုပ်ရပ်များကို လေ့လာ လိုခဲ့သည်။

နတ်ဘုရား တိုင်းပြည်၏ ကျရှုံးမှုမှာ ဧကရာဇ်ကို ကြားဝင် စေခဲ့သည်။ သူတို့က ဗစ်တိုးရီးယားမြို့နှင့် နတ်ဘုရား တိုင်းပြည်တို့ တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ကြောင်း ကြားသိခဲ့ကြသည်။ အင်ပါယာမှာ သူတို့၏ ဘုံရန်သူကို လက်တွဲ တိုက်ခိုက်ရန် ဗစ်တိုးရီးယားမြို့နှင့် မဟာမိတ် ဖွဲ့လိုခဲ့သည်။

ဗစ်တိုးရီးယား မြို့သားများအကြောင်း သတင်းရပြီးနောက် သူကောင်းမျိုးများက အဘိုးကြီးဂျွန်ဆီ သွားရောက် တွေ့ဆုံခဲ့ရာ အဘိုးကြီးဂျွန်က ဗစ်တိုးရီးယား မြို့သားများနှင့် မြေအောက်လောက သတ္တဝါများ လောကသစ်ပင်ဆီသို့ ထွက်ခွာသွားကြောင်း သူတို့ကို ပြောပြခဲ့သည်။ သူတို့က အဘယ်ကြောင့် လောကသစ်ပင်ဆီသို့ သွားနေကြသနည်း။ သူကောင်းမျိုးများမှာ တိတိကျကျ မသိခဲ့ကြဘဲ သူတို့ သတင်း အချက်အလက်များကို မရနိုင်ခဲ့ကြပေ။ သူတို့က ဗစ်တိုးရီးယား မြို့သားများကိုသာ နောက်ယောင်ခံ လိုက်နိုင်တော့သည်။ လောကသစ်ပင်မှာ ဖယ်ရီများ၏ နယ်မြေဖြစ်၏။ ဗစ်တိုးရီးယား မြို့သားများက ဖယ်ရီများထံမှ အကူအညီ တောင်းလိုနေကြသလော။ ၎င်းမှာ အလွန် ဖြစ်နိုင်ချေ ရှိ၏။ ဖယ်ရီများမှာ သီးခြားနေထိုင်ကြသည် ဆိုသော်လည်း မြေအောက်လောက သတ္တဝါများ၏ ကျူးကျော်မှုကို ကာကွယ်ရာတွင်တော့ ဝင်ရောက် ကူညီပေးရန် ဆန္ဒ ရှိကြ ပေလိမ့်မည်။

၎င်းမှာ အင်ပါယာ အတွက်လည်း သတင်းကောင်း တစ်ခု ဖြစ်၏။ အကယ်၍ အင်ပါယာသာ ဗစ်တိုးရီးယားမြို့နှင့် ဖယ်ရီများအား မဟာမိတ် ဖွဲ့နိုင်ခဲ့ပါက အင်ပါယာမှာ နတ်ဘုရား တိုင်းပြည်နှင့် စစ်ပွဲတွင် အသာစီး ရနိုင်ပေလိမ့်မည်။

ပထမဦးစားပေးက ဗစ်တိုးရီးယား မြို့သားများနှင့် မြေအောက်လောက သတ္တဝါများကို ရှာတွေ့ရန် ဖြစ်ပြီး သို့မှသာ သူတို့က ဘာဖြစ်ပျက်နေသည်ကို သိနိုင် ပေလိမ့်မည်။

All Chapters