အဖွင့်ဘီတာ ဗားရှင်း ၁.၀ ပထမပိုင်း
Vol. 36 Ch. 536
ထိုသူကောင်းမျိုးများက သူတို့၏ မြင်းများကို စီးနင်းကာ သစ်တော နယ်စပ်ဖျားသို့ ခြေရာခံ လိုက်လာခဲ့ကြသည်။ သူတို့က ထာဝရတိုင်းပြည်မှ ဂိမ်းမာများ သို့မဟုတ် ဗစ်တိုးရီးယား မြို့သားများနှင့် မတွေ့ဆုံ ခဲ့ကြသော်လည်း သဲလွန်စ အချို့တော့ ရှာတွေ့ ခဲ့ကြသည်။
လွင်ပြင်တစ်ခုတွင် ဓားပြအုပ်စု တစ်စုက ကိုယ်လုံးတီးဖြင့် လဲနေကြသည်။
ထိုသူတို့က အလိုရှိ ဝရမ်းပြေးများ စာရင်းတွင် ပါသောကြောင့် သူတို့ကို ဓားပြများဖြစ်ကြောင်း မှတ်မိ နိုင်ကြသည်။ သူတို့က မြေပြင်ပေါ်တွင် လဲနေကြပြီး မကြာသေးမီကမှ အသတ်ခံခဲ့ရပုံ ပေါ်၏။ သူတို့တွင် ဒဏ်ရာ အမျိုးမျိုး၊ မီးလောင်ဒဏ်ရာများ နှင့် လက်နက်ဒဏ်ရာများ ရှိနေကြသည်။
နေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားခဲ့မှု၏ လက္ခဏာများ ရှိနေခဲ့သည်။ အတွေ့အကြုံရှိ သူကောင်းမျိုးများက တိုက်ပွဲတွင် မှော်ဆရာ တစ်ဦးထက် ပိုပါဝင်ခဲ့သည်ကို ကောက်ချက် ချနိုင်သည်။ မဟာမှော်အရှင် တစ်ပါးပင်လျှင် ရှိနေသေးသည်။
မည်သည့် အဖွဲ့အစည်း သို့မဟုတ် မည်သည့် နိုင်ငံတွင် ဤမျှ များပြားသော မှော်ဆရာများ နှင့် မဟာမှော်အရှင် တစ်ပါးပင်လျှင် ပိုင်ဆိုင်ထားနိုင်သည့် အစွမ်းအစမျိုး ရှိမည်နည်း။ ထိုသူတို့က အင်ပါယာ၏ နိုင်ငံသားများ မဟုတ်သည်မှာတော့ သေချာလှသည်။ အကယ်၍ အင်ပါယာ,က မှော်ဆရာများသာ လှုပ်ရှားခဲ့ပါက သူကောင်းမျိုးများမှာ သေချာပေါက် သတင်းရ ပေလိမ့်မည်။
တစ်ခု တည်းသော ရှင်းပြချက်မှာ ဗစ်တိုးရီးယား မြို့သားများပင်။
၎င်းမှာ လူဆယ်ဂဏန်း ခန့်သာ ပါဝင်သော အုပ်စုငယ်လေး တစ်ခုမျှသာ ဖြစ်သော်လည်း သူတို့တွင် အားကောင်းသော တိုက်ခိုက်ရေး စွမ်းပကား ရှိနေသည်။ ၎င်းမှာ သူကောင်းမျိုးများအတွက် လွယ်ကူသော တာဝန် မဟုတ်တော့ပေ။
...
ဓားပြများနှင့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ထိခိုက်သေဆုံးမှု များကြောင့် ဂိမ်းမာများ၏ အရေအတွက်မှာ လျော့နည်း သွားခဲ့သည်။ ဓားပြများမှာ အရေအတွက် သာလွန်မှု အားသာချက် ရှိနေပြီး သူတို့၏ လက်နက်များမှာလည်း အရည်အသွေး နိမ့်ကျနေခြင်း မရှိပေ။ ထို့အပြင် ဓားပြများမှာ ဝင်တိုက်ခိုက်ခြင်း မပြုမီက ဂိမ်းမာများကို အကဲခတ် လေ့လာ ခဲ့သေးသည်။ ယခုမူ ဂိမ်းမာ ၂၀ အောက်သာ ကျန်နေတော့သည်။ ကံကောင်းထောက်မစွာဖြင့်ပင် ဖယ်ရီမလေး မင်းသမီးမှာ ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ တိုက်ပွဲအတွင်း အလွန် ကောင်းမွန်စွာ ကာကွယ်ခြင်း ခံခဲ့ရသည်။
သစ်တောအတွင်းသို့ ဝင်ရောက် ပြီးနောက် ဖယ်ရီမလေး မင်းသမီးပြောခဲ့သည့် အတိုင်းပင် သူတို့ ဘေးကင်းသွားကြ၏။ ဖယ်ရီ များစွာက သစ်တောအစပ်တွင် သူတို့ကို စောင့်နေကြသည်။ မင်းသမီး ထွက်ပေါ်လာသည့်အခါ ဖယ်ရီများက သူမကို ပြန်လာကြိုဆိုကြ၏။
မင်းသမီး၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက် နေခဲ့ပြီး ဂိမ်းမာများမှာမူ စိတ်လှုပ်ရှားကာ ဆုများ ပိုမို ချီးမြှင့်ပေးရန် တောင်းဆို ခဲ့ကြသည်။
ဖယ်ရီများက မင်းသမီးကို ကယ်တင်ခဲ့ပေးသော ဂိမ်းမာများအား ကျေးဇူးတင် နေခဲ့ကြသည်။ ဖယ်ရီတို့က အစိမ်းရောင် အသားအရေ ရှိသည့် အော့ခ်များကို သတိထား နေခဲ့ကြသော်လည်း သူတို့ကိုလည်း အစားအစာ ကောင်းများနှင့် ခင်မင်မှု၏ သင်္ကေတများဖြစ်သော အလှဆင်ပစ္စည်းများ ပေးအပ် ခဲ့ကြသည်။
ဂိမ်းမာများကို လောကသစ်ပင်ဆီသို့ ခေါ်သွားကြပြီး ထိုနေရာတွင်ပင် သူတို့က အောင်ပွဲခံပွဲ တစ်ခု ကျင်းပခဲ့ကြသည်။ သူတို့က ကခုန်၊ သီဆိုရင်း ပျော်ရွှင်စွာ စကားစမည် ပြောဆိုခဲ့ကြသည်။ သို့သော် အမှောင်ထဲရှိ မျက်လုံးတစ်စုံမှာတော့ အလွန် တောက်ပစွာဖြင့် ထိုအရာများကို အကဲခတ် နေခဲ့သည်။
၎င်းမှာ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိသော လူသား တစ်ဦး ဖြစ်ပြီး သူက သိပ်မကြာမီ တိတ်ဆိတ်စွာဖြင့် ပြန်ထထိုင် လိုက်သည်။ သူ၏ ဘေးတွင်မူ အော့ဖ်လိုင်း ဆင်းသွားပြီ ဖြစ်သော အခြား ဂိမ်းမာများ ရှိနေကြသည်။ အော့ဖ်လိုင်း မဆင်းသေးသည့် ဂိမ်းမာများမှာ သစ်ပင်အိမ်များ ပတ်လည်တွင် လှည့်လည် သွားလာကာ ပတ်ဝန်းကျင်ကို အကဲခတ် စူးစမ်းရင်း ဓာတ်ပုံများ ရိုက်ကူး နေခဲ့ကြသည်။ သူတို့က ထိုဓာတ်ပုံများကို ဖိုရမ်ပေါ်သို့ တင်နိုင်ရန် ကြိုးစား နေကြသည်။ မည်သို့ဆိုဆို သူတို့အတွက် လောကသစ်ပင် ဆိုသည်ကို တစ်သက်တွင် တစ်ကြိမ်သာ မြင်တွေ့နိုင်ကောင်း မြင်တွေ့ ရနိုင်ပေမည်။
ထိုလူသားက ထရပ်လိုက်ကာ သူ့ခန္ဓာကိုယ်ကို ကိုယ်ယောင်ဖျောက် ပေးထားနိုင်သော မီးခိုးရောင် မာနာမြူခိုးဖြင့် လွှမ်းခြုံလိုက်သည်။ သူက သူ၏ ရှေ့မှ နိုးနေသော ဖယ်ရီ တစ်ဦး သတိမပြုမိအောင် ရှောင်ရှားရင်း လေပြေကဲ့သို့ ခိုးထွက်ခဲ့လိုက်သည်။
"အရှင်ရှားလော့ခ်၊ အရှင်က ဒီဂိမ်းမာတွေထဲမှာ ရက်ပေါင်း များစွာ ကြာအောင် ပုန်းအောင်းပြီး လိုက်ပါလာ နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး။ ကျွန်တော် အရှင့်ကို လေးစားပြီးရင်း လေးစားမိပါတယ်။"
ဘရု၏ အသံကို လူသား၏ စိတ်ထဲတွင် ကြားလိုက် ရသည်။ ဤလူသားမှာ ရုပ်ဖျက်ထားသော ရှားလော့ခ်ပင်။
ထုံးစံအတိုင်းပင်... ဘရုမှာ ရှားလော့ခ်ကို မြှောက်ပင့် နေခဲ့သောကြောင့် ရှားလော့ခ်မှာ အာရုံမစိုက် နေတော့ပေ။
၎င်းမှာ လောကသစ်ပင်ကို မြင်တွေ့နိုင်မည့် ရှားပါးသော အခွင့်အရေး တစ်ခု ဖြစ်သည်။ ရှားလော့ခ်မှာ ထိုတာဝန်ကို ဂိမ်းမာများဆီ ပေးအပ်၍ ၎င်းနှင့် မာနာချိတ်ဆက်ရန် ရထားသည့် တစ်ခုတည်းသော ဤအခွင့်အရေးကို စွန့်စားခြင်း ပြုလိမ့်မည် မဟုတ်ပေ။ ရှားလော့ခ်က ဤချိတ်ဆက်မှုကို ကိုယ်တိုင်ကိုယ်ကျ မပြုလုပ်ရပါက စိတ်အေးလက်အေး ရှိလိမ့်မည် မဟုတ်ချေ။ ၎င်းက သူ၏ အနာဂတ် ဘေးကင်းရေး နှင့် ပတ်သက်နေသည် မဟုတ်ပါလော။ အကယ်၍ ဂိမ်းမာ သောင်းဂဏန်းကသာ တစ်ခုခု လွဲချော်သွား၍ သူ၏ မာနာရေကန်ကို လာအသုံးပြု ခဲ့ပါက ရှားလော့ခ်မှာ ထိုအရာကို ခံနိုင်လိမ့်မည် မဟုတ်ပေ။
မည်သူမျှ ရှားလော့ခ်ကို သတိမပြုမိခဲ့ပေ။ နတ်ဆိုး တစ်ပါး အနေဖြင့် သူက အသွင်ပြောင်းပုလဲ အစွမ်းကို အသုံးပြု၍ ဖယ်ရီများကို လှည့်စား နိုင်ခဲ့သည်။ မာနာစွမ်းအင် အသုံးပြု၍ နတ်ဆိုး အရှိန်အဝါကို ဖုံးကွယ် ထားနိုင်ခဲ့သောကြောင့် သူက လောကသစ်ပင်ပေါ်တွင် မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ လျှောက်သွားနိုင်ခဲ့သည်။
ရှားလော့ခ်၏ ရည်မှန်းချက်မှာ လောကသစ်ပင်ကို ဒန်ဂျင်အမြုတေနှင့် မာနာချိတ်ဆက်ရန် ဖြစ်ပြီး ယခုတော့ လောကသစ်ပင်မှာ သူ၏ ရှေ့တွင် ရှိနေလေပြီ။
ရှားလော့ခ် သူ့လက်ချောင်းကို လှုပ်ရှားကာ ပြောလိုက်သည်။ "ငါ ဒါမလုပ်ဖြစ်တာ တော်တော်ကြာနေပြီ။ နည်းနည်း ကျင့်သားမရနေ သလိုတောင် ဖြစ်နေတယ်..."
"အရှင်ရှားလော့ခ်၊ ကျွန်တော် အရှင့်ကို နောက်ထပ် မေးစရာ ရှိသေးတယ်။"
ဘရုက ရှားလော့ခ်အား ပြောလိုက်သည်။ "အရှင်က ဖယ်ရီမလေး မင်းသမီးကို ဒီမှာ ချန်ထားခဲ့ဖို့ ရည်ရွယ်ထားလား။ အရှင် သူ့ကို ငွေပေး ဝယ်ခဲ့ရတာလေ။"
"ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ သူက ငါ့ကို လောကသစ်ပင်နဲ့ ဒန်ဂျင်အမြုတေ မာနာချိတ်ဆက် နိုင်အောင် အကူအညီ ပေးခဲ့တယ်။ သူက ငါ့ရဲ့ ကျေးဇူးရှင်ပဲလေ။ သူ့ကို အိမ်ပြန်ခွင့် ပေးလိုက်တာက မကောင်းဘူးလား။"
"အရှင် တကယ်ပဲ အဲ့လို ထင်လို့လား။ အရှင့်စရိုက်အရ ဆိုရင် ဒါက အဲ့လောက်ထိ ရိုးရှင်းနေလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ အရှင်မှာ လျှို့ဝှက် အစီအစဉ် တစ်ခုခု ရှိနေတယ်ဆိုတာ ကျွန်တော် သေချာသိတယ်။ ဘာဖြစ်လို့ အရှင် ကျွန်တော့်ကို မပြောနိုင်တာလဲ။"
ရှားလော့ခ်က ခေါင်းခါကာ ပြန်ပြောလိုက်သည်။ "မင်းအမြင်မှာ ငါက အဲ့လောက်တောင် ရက်စက် ကြမ်းကြုတ်တဲ့ နတ်ဆိုး တစ်ပါး ဖြစ်နေတာလား။ ငါက နတ်ဆိုး တစ်ပါး ဆိုပေမဲ့ သတ္တဝါတွေကို ခြယ်လှယ်ရုံပဲ လုပ်တယ်။ ငါ ဘယ်သတ္တဝါကိုမှ သူတို့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့ အရာတွေ လုပ်ဆောင်ဖို့ ဘယ်တုန်းကမှ အတင်းအကျပ် မစေခိုင်း ခဲ့ဖူးဘူး။ ကောင်းမွန်တဲ့ ဇာတ်လမ်း အဆုံးသတ်က ငါ့ကိုလည်း ပျော်ရွှင်စေတယ်။ မင်း ငါ့ကို ယုံကြည်ရမယ် ဘရု။"
"ကျွန်တော့် ခံစားချက်တွေက အရှင်ရှားလော့ခ်ကို ယုံပေမဲ့ ကျွန်တော့် ပင်ကိုယ် အသိစိတ်ကတော့ အရှင်ရှားလော့ခ် ကျွန်တော့်ကို လိမ်နေတယ်လို့ ပြောနေတယ်။ အရှင် ကျွန်တော့်ကို မပြောပြချင်တဲ့ အတွက် ကျွန်တော် နောက်ထပ် မမေးနေတော့ဘူး။ အရှင်မှာလည်း အရှင့်အစီအစဉ်တွေ ရှိနေမှာပဲ။ ကျွန်တော် ဖယ်ရီမလေး မင်းသမီးက ဒန်ဂျင်ကို ပြန်လာတာကို စောင့်နေပါ့မယ်။ ကျွန်တော် သူ့ကို အခုတောင်မှ လွမ်းနေပြီ။"
ဘရု ပြန်တိတ်ဆိတ်မသွားမှီ နတ်ဆိုး တစ်ပါးကဲ့သို့ ရယ်မော လိုက်သေးသည်။ ရှားလော့ခ်မှာတော့ ဂရုမစိုက်တော့ပေ။ သူက လောကသစ်ပင်၏ အကိုင်းအခက်များ ပေါ်တွင် မာနာသင်္ကေတ ကမ္ပည်းထိုးခြင်းများ ပြုလုပ်နေခဲ့ပြီး ၎င်းစာလုံးတို့မှာ ရေးသား ပြီးစီးသည်နှင့် ချက်ချင်း ပျောက်ကွယ် သွားသည်။ ရှားလော့ခ်၏ မာနာစွမ်းအင်မှာ အကိုင်းအခက်များ အတွင်းသို့ ဖြည်းညင်းစွာဖြင့် စိမ့်ဝင်သွားသည်...
...
ဖယ်ရီမလေးမှာတော့ အပျော်ရွှင်ဆုံး ဖြစ်နေရသည်သာ။ သူမက မင်းသမီး တစ်ပါး ဆိုသော်လည်း သူမတွင် အထူးအခွင့်အရေး များများစားစား မရှိခဲ့ဘဲ ရဲတိုက်ဖြင့်ပင် နေထိုင်ခြင်း မရှိပေ။ ယင်းအစား သူမက တခြားသော ဖယ်ရီများကဲ့သို့ပင် သစ်ပင်အိမ် တစ်ခုတွင်သာ နေထိုင်သည်။ ရဲတိုက်နှင့် အခြား ခမ်းနားသော အဆောက်အအုံများနှင့် ယှဉ်လိုက်လျှင် သစ်ပင်အိမ် တစ်ခုကသာ ဖယ်ရီ တစ်ဦးအတွက် ပိုသင့်တော်ပေသည်။
၎င်းမှာ ထာဝရတိုင်းပြည်ရှိ သစ်ပင်အိမ်ထက်တော့ သက်တောင့်သက်သာ ပိုရှိသည်။ မှောင်မိုက်သော ဂူများ၊ အနံ့ဆိုး ရှိသော သတ္တဝါများ၊ အဆုံးမဲ့ ပြဿနာများ သို့မဟုတ် စက်ဆုပ်ရွံရှာဖွယ် ရှားလော့ခ်တို့ မရှိတော့ပေ။ ဤသည်က မာနာစွမ်းအင်နှင့် အသက်စွမ်းအင်ဓာတ်တို့ဖြင့် ပြည့်နှက် နေသော လောကသစ်ပင်ပင်။ အကိုင်းအခက်များတွင် လှည့်လည် သွားလာနေသော ဖယ်ရီများက သူမ၏ ငယ်ဘဝကို သတိပြန်ရစေသည်။ အရေးကြီးဆုံးမှာ သူမ၏ သူငယ်ချင်းကောင်း မိုးလက်ဖက်ရည်သည်လည်း သူမ၏ ဘေးတွင် ရှိနေခြင်းပင်။ မိုးလက်ဖက်ရည်မှာ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ဖြတ်ဝင် လိုက်ပါရန် ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း ပေါက်ကွဲမှုက မိုးလက်ဖက်ရည်နှင့် ဖယ်ရီမလေး မင်းသမီးတို့အား ဝင်ပေါက် အတွင်းသို့ တွန်းပို့ ထည့်လိုက်သည်။
ဖယ်ရီမလေး မင်းသမီးမှာ နတ်ဘုရား တိုင်းပြည်မှ တိုက်ခိုက်သူများအား တိတ်တဆိတ် ကျေးဇူးပင် တင်နေခဲ့သည်။ သူတို့၏ ထိုတိုက်ခိုက်မှုသာ မရှိခဲ့ပါက ကိစ္စရပ်များက ဤမျှ ချောချောမွေ့မွေ့ ဖြစ်လိမ့်မည် မဟုတ်ပေ။
သူမ နေ့စဉ်ဘဝမှာ ဤအတိုင်း ချောချောမွေ့မွေ့ ဆက်ရှိနေမည်ဟု ထင်ခဲ့သော်လည်း သိပ်မကြာမှီမှာပင် သူမ ရက်စက် ကြမ်းကြုတ်သော အမှန်တရား တစ်ခုနှင့် ရင်ဆိုင်ရလာသည်။
ဗစ်တိုးရီးယား မြို့သားများနှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ လောကသစ်ပင် သစ်တောတွင် အခြေချ မနေထိုင် နိုင်ခဲ့ကြပေ။
ဤသည်မှာ ဖယ်ရီများ၏ နယ်မြေ ဖြစ်၏။ ရှုခင်း များစွာ၊ လျှို့ဝှက် ဆန်းကြယ်သော လောကသစ်ပင်နှင့် တခြားသော ဖယ်ရီများ၏ ဖော်ရွေခင်မင်မှုများ ရှိနေသည် မှန်သော်လည်း ဂိမ်းမာများက ဂိမ်းမာအုပ်စုနှင့် တခြားသော လူထုဝန်ဆောင်မှုများအပေါ် မှီခို နေရသည်။ ဖယ်ရီများ၏ နယ်မြေတွင်ဆိုလျှင် ဂိမ်းမာက တခြား ဂိမ်းမာများနှင့် အဆက်အဆံ မပြုနိုင်တော့ပေ။ သူတို့က သူတို့၏ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်၍ သူတို့ ဆုလာဒ်များ လက်ခံရယူရန် အိမ်ပြန်ရတော့မည်။ ထိုနေရာတွင် နေထိုင်ခြင်းမှာ စိတ်ဝင်စားစရာ ကောင်းသည် မှန်သော်လည်း သူတို့ ရက်ပေါင်း များစွာ နေ့စဉ် မစ်ရှင်များကို မလုပ်ဆောင် နိုင်ခဲ့ကြပေ။ သူတို့က ကန့်သတ်ဒန်ဂျင် နယ်မြေများကို မစိန်ခေါ် နိုင်ခဲ့ကြသလို လေလံပွဲများနှင့် ဈေးကွက်များကိုလည်း မရှာဖွေ လေ့လာနိုင်ခဲ့ကြပေ။ သူတို့က လောကသစ်ပင်တွင် လှည့်လည်သွားလာ ကြည့်ရှုနေစဉ် တခြား ဂိမ်းမာများက သူတို့၏ ပစ္စည်း ကိရိယာများကို အဆင့် မြှင့်တင်ခြင်း၊ ကန့်သတ်ဒန်ဂျင် နယ်မြေများကို စိန်ခေါ်ခြင်း၊ မာနာစွမ်းရည် စာအုပ်များ ဝယ်ယူခြင်း၊ မာနာစွမ်းရည် အသစ်များ သင်ယူခြင်းနှင့် သူတို့၏ စွမ်းဆောင်ရည်များကို တိုးတက်စေခြင်း တို့ကို ပြုလုပ် နေကြလိမ့်မည်။
သူတို့တွင် သူတို့၏ ဇာတိမြို့များကို ထာဝစဉ် စွန့်ခွာသွားနိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် အွန်လိုင်းဂိမ်းများတွင်ပင်။
နောက်ဆုံးတွင်တော့ သူတို့ နှုတ်ဆက်ရန် အချိန် ရောက်လာခဲ့သည်။ ဂိမ်းစနစ်မှာ သူတို့ကို သင့်တော်သော အချိန်တွင် ပြန်လာနိုင်ရန် အခွင့်အရေး တစ်ခု ပေးအပ်ခဲ့သည်။
ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အထူးမစ်ရှင် တစ်ခု ရခဲ့ကြသည် -
[မစ်ရှင်ခေါင်းစဉ် - ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် ပြီးဆုံးခြင်း၊ ဇာတိမြို့သို့ ပြန်ကြခြင်း
မစ်ရှင်ရည်မှန်းချက် - သင်၏ ဆုများကို တောင်းဆို လက်ခံနိုင်ရန် ထာဝရတိုင်းပြည် သို့မဟုတ် ဗစ်တိုးရီးယားမြို့သို့ ပြန်ကြပါ။
မစ်ရှင်ဖော်ပြချက် - သင် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ သင် သင်၏ ဆုများကို တောင်းဆိုရန် သင်၏ ဇာတိမြို့သို့ ပြန်ရပေမည်။ သင်၏ အပြန်ခရီးလမ်း လွယ်ကူချောမွေ့စေရန် ကျွန်ုပ်တို့က သင်၏ ပစ္စည်း ကိရိယာများနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်း ထိန်းသိမ်း ပေးထားပါမည်။ သင် မိမိကိုယ်ကို သတ်သေပြီး ဇာတိမြို့သို့ ပြန်ရောက်လာသော် သင်၏ ပစ္စည်း ကိရိယာများနှင့် ပိုင်ဆိုင်မှုများကို ထောက်ပံ့ပို့ဆောင်ရေး အရာရှိထံမှ ပြန်လည် တောင်းဆို ထုတ်ယူ နိုင်ပါသည်။ သေဆုံးခြင်းအတွက် မည်သည့် ပြစ်ဒဏ်မျှ ရှိလိမ့်မည် မဟုတ်ပေ။
မစ်ရှင်မှတ်စုများ - သင့်၌ မိမိကိုယ်ကို သတ်သေရန် အခွင့်အရေး မနက်ဖြန်အထိသာ ရှိပေမည်။ သင် ခြေကျင် ပြန်ရန် ရွေးချယ်နိုင်သော်လည်း ၎င်းမှာ အလွန် အန္တရာယ်များ ပေလိမ့်မည်။ အကယ်၍ သင်သာ တိုက်ခိုက်ခံရ၍ သေဆုံးခဲ့ပါက သင်၏ ပစ္စည်း ကိရိယာများနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးသွား ရပေလိမ့်မည်။ မည်သည့် အမ်ပီစီမျှ သင်၏ သေဆုံးမှုကို မမြင်တွေ့စေရန် သတိထားပါ။]
မစ်ရှင်ဖော်ပြချက်မှာ အလွန် အသေးစိတ် ကျလှ၏။ ဂိမ်းမာများမှာ ထိုမျှ ကောင်းမွန်သော မစ်ရှင် တစ်ခု ရလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့က အန္တရာယ်များဖြင့် ပြည့်နှက်နေမည့် အိမ်ပြန်ခရီးစဉ်ကို ရင်ဆိုင်ရရန်ပင် စိတ်ပြင်ဆင် ထားခဲ့ပြီးပြီ။ အထူးသဖြင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အတွက်ပင်။ သူတို့က မြေပေါ်ကမ္ဘာ မျိုးနွယ်စု မဟုတ်ကြပေ။ သူတို့၏ အစိမ်းရောင် အသားအရေ တစ်ခုတည်းနှင့်ပင် လူသားများ သူတို့ကို တိုက်ခိုက်လာရန် လုံလောက်သော အကြောင်းပြချက် ဖြစ်ပေလိမ့်မည်။ ယခင်က နတ်ဘုရား တိုင်းပြည်မှ စစ်သားများမှာလည်း ဗစ်တိုးရီးယား မြို့သားများနှင့် မိတ်ဖက်များ ဖြစ်ကြပြီး မဟာမိတ်ပင် ဖွဲ့ထား ခဲ့ကြသည်။ သို့သော် မြေအောက်လောက သတ္တဝါများ ထွက်လာသည့်အခါ နတ်ဘုရား တိုင်းပြည်မှ စစ်သားများက ဗစ်တိုးရီးယား မြို့သားများကိုလည်း ဝင်တိုက်ခိုက် ခဲ့ကြသည်။
စစ်သားများမှာ ချီတုံချတုံပင် မဖြစ်နေခဲ့ကြပေ။ ဗစ်တိုးရီးယား မြို့သားများနှင့် မဟာမိတ် ဖွဲ့ခြင်းမှာ သူတို့အတွက် အတုအယောင် ဖြစ်နေသကဲ့သို့ပင်။
အာသာနှင့် သူ၏ အဖော်များမှာ ပစ္စည်း ကိရိယာများနှင့် ပိုင်ဆိုင်မှုများ အားလုံးအား အရန် သိမ်းဆည်းထားပြီ ဖြစ်သောကြောင့် မိမိကိုယ်ကို သတ်သေရန် ပြင်ဆင်ထားလိုက်သည်။ သူတို့ ပြန်လည် ရောက်ရှိသည်နှင့် သူတို့၏ ပစ္စည်းများကို ထောက်ပံ့ပို့ဆောင်ရေး အရာရှိထံမှ ရိုးရှင်းစွာဖြင့် ပြန်လည် တောင်းဆို ထုတ်ယူနိုင်ပေသည်။
၎င်းထဲတွင် မိုးလက်ဖက်ရည်လည်း ပါဝင်သည်။
သူမက ဖယ်ရီမလေး မင်းသမီးနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့ရာမျှ နောက်ဆုံးတွင် အရင်းနှီးဆုံး သူငယ်ချင်းများပင် ဖြစ်လာခဲ့ကြသည်။ မိုးလက်ဖက်ရည်က သူမနှင့် မခွဲခွာရလိုပေ။ သို့သော် ဂိမ်းမာများမှာ ဤလောကနှင့် သက်ဆိုင်သူများ မဟုတ်ကြချေ။ ဂိမ်းမာများ အတွက်မူ ဖယ်ရီမလေး မင်းသမီးမှာ အမ်ပီစီ တစ်ဦး မျှသာ ဖြစ်၏။ မိုးလက်ဖက်ရည်က သူမကို အမ်ပီစီ တစ်ဦးကဲ့သို့ မဆက်ဆံ ခဲ့သော်လည်း သူမက အာသာ၊ ဂနိုင်သားနှင့် ဆယ်ဗားနပ်စ် ကဲ့သို့သော တခြား ဂိမ်းမာများ နှင့်အတူ ရှိနေရခြင်းကို ပိုမိုနှစ်သက်သည်သာ။
မိုးလက်ဖက်ရည်အတွက် ဖယ်ရီများမှာ ကိန်းဂဏန်းအစုအဝေး တစ်ခုဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ဇာတ်ကောင် တစ်ယောက် မျှသာ ဖြစ်၏။
ဤသည်က မိုးလက်ဖက်ရည်အား ဖယ်ရီမလေး မင်းသမီးကို နှုတ်ဆက်ခြင်းကို မတားဆီး ထားခဲ့ပေ။
၎င်းမှာ စိတ်ထိခိုက်ဖွယ် မလိုလားဖွယ်ရာ ခွဲခွာခြင်း တစ်ခု ဖြစ်၏။
ဖယ်ရီမလေး မင်းသမီးမှာ မျက်ရည်များ ဝဲလာခဲ့သည်။ သူမက မိုးလက်ဖက်ရည်နှင့် အတူ မရှိနိုင်ကြောင်း သိထားသော်လည်း ခွဲခွာမည့်နေ့က ဤမျှ လျင်မြန်စွာ ရောက်ရှိလာ လိမ့်မည်ဟုတော့ မမျှော်လင့် ထားပေ။
ထိုနှုတ်ဆက်ခွဲခွာခြင်း မြင်ကွင်းကို ဘောင်းဘီမဝတ်သူမှ မှတ်တမ်း တင်ကာ ဖိုရမ်ပေါ်သို့ တင်ခဲ့သည်။ ထိုမြင်ကွင်းက ဂိမ်းမာများအား စိတ်အားထက်သန်သော ဆွေးနွေးမှု တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ဂိမ်းမာ များစွာက ထိုမြင်ကွင်းကြောင့် စိတ်ထိခိုက်သွားကြကာ အမ်ပီစီက အလွန် လက်တွေ့ကျသည်ဟု ခံစားရကြသည်။ ဖယ်ရီမလေး မင်းသမီးအပြင် ဆောင်းတောင်ကုန်းမြို့ ကဲ့သို့သော နေရာများရှိ တခြား အမ်ပီစီများပင်လျှင် အလွန် လက်တွေ့ကျ နေခဲ့ကြသည်။ ဂိမ်းမာ တစ်ဦးဆိုလျှင် သူက ဆောင်းတောင်ကုန်းမြို့တွင် အော့ခ် အဘွားအို တစ်ဦးကို ကူညီရန် မစ်ရှင် တစ်ခု မည်သို့ ရရှိခဲ့သည်ကို ထုတ်ပြောခဲ့သည်။ သူက ထိုအဘွားအိုဆီ ခုထက်ထိ မကြာခဏ အလည်အပတ် သွားနေဆဲပင်။
ဖိုရမ်မှာ စိတ်လှုပ်ရှားပြီး မျက်ရည်များ ဝဲနေသော ဂိမ်းမာများဖြင့် ပြည့်နှက် နေခဲ့သည်။
ဂိမ်းမာများနှင့် ဖိုရမ်မှ အဖွဲ့ဝင် များစွာက မိုးလက်ဖက်ရည်နှင့် ဖယ်ရီမလေး မင်းသမီးတို့ ထာဝရတိုင်းပြည်တွင် ပြန်ဆုံနိုင်မည့် ဇာတ်လမ်းတွဲတစ်ခု ပြောင်းလဲ ဖန်တီးပေးရန် ဖောက်သည် ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲသူအား တောင်းဆို ခဲ့ကြသည်။
၎င်းမှာ အကြံပြုချက် တစ်ခု မျှသာ ဖြစ်၏။ အကြောင်းမှာ ဇာတ်လမ်းတွဲကို မပြောင်းလဲ နိုင်သောကြောင့်ပင်။ ဖယ်ရီမလေး မင်းသမီးမှာလည်း လောကသစ်ပင်သို့ ပြန်သွားပြီ ဖြစ်သောကြောင့် သူမ ဒန်ဂျင်သို့ ပြန်ရောက်လာရန် မဖြစ်နိုင်တော့ပေ။ ဖယ်ရီမလေး မင်းသမီးက ထာဝရတိုင်းပြည်ရှိ မြေအောက်လောက သတ္တဝါများကို မုန်းတီး နေခဲ့သည် မဟုတ်ပါလော။
မိုးလက်ဖက်ရည်၊ အာသာနှင့် သူတို့၏ အဖော်များ လောကသစ်ပင်မှ ပြန်ထွက်ခွာ သွားခဲ့ကြပြီး ဖယ်ရီမလေး မင်းသမီးမှာမူ သစ်ကိုင်းတစ်ခု ပေါ်တွင် ရပ်နေရင်း ကျန်ခဲ့သည်။ သူမက မိုးလက်ဖက်ရည်ကို နောက်ဆုံးအနေဖြင့် သွားမနှုတ်ဆက်ခဲ့ဘဲ မိုးလက်ဖက်ရည် ထွက်ခွာသွားရာ လမ်းကြောင်းကိုသာ ငူငူကြီး စိုက်ကြည့်ရင်း မိုးလက်ဖက်ရည် နှင့်အတူ ကုန်ဆုံးခဲ့ရသော သူမ၏ အမှောင်မိုက်ဆုံး နေ့ရက်များကို ပြန်သတိရ နေခဲ့သည်။
သူမ၏ မျက်ဝန်းမှ မျက်ရည် တစ်စက် ကျဆင်းသွားပြီး ခေါင်းလှည့်ကာ သစ်ပင်အိမ်သို့ ပြန်သွားတော့သည်။
မင်းသမီးဘေးမှ ကိုယ်ရံတော်ကမူ သူမကို ကြည့်ရင်း သက်ပြင်း ချလိုက်သည်။ ဤခရီးစဉ်အတွင်း သူက မင်းသမီးနှင့် မိုးလက်ဖက်ရည်တို့က သူငယ်ချင်းကောင်းများ ဖြစ်ကြောင်း သိခဲ့ရသည်။ သို့သော် သူက ၎င်းခင်မင်မှုမှာ ခက်ခဲသော အချိန်များတွင် ဖွဲ့စည်းခဲ့သော တွယ်မိရာရာ ခင်မင်မှုလေး တစ်ခု မျှသာ ဖြစ်သည်ဟု ထင်ခဲ့သည်။ သူက သူတို့၏ ခင်မင်မှုက ဤမျှ စိတ်ရင်းမှန်ပြီး လေးနက် နေလိမ့်မည်ဟု မမျှော်လင့် ထားခဲ့မိပေ။ ၎င်းက သူ့အား မြေအောက်လောက သတ္တဝါများအပေါ် အမြင်သစ် တစ်ခု ရစေခဲ့သည်။ သူတို့က သွေးဆာသော သတ္တဝါများ သက်သက် မဟုတ်ကြဘဲ သူတို့ထဲတွင် စိတ်ရင်းဖြူစင်သူ သတ္တဝါအချို့လည်း ရှိကြသည်ပင်။ တစ်ချိန်တည်းတွင် သူတို့ကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြသော နတ်ဘုရား တိုင်းပြည်မှ စစ်သားများ ကဲ့သို့ ကောက်ကျစ် ဆိုးယုတ်သော လူသားများလည်း ရှိနေကြသည်။
ဒဏ်ရာအားလုံးက ကုစားရန် အချိန် လိုအပ်ပြီး ပိုကောင်းသော နည်းလမ်းဟူ၍ မရှိနေပေ။ သူသည်လည်း မင်းသမီးလေးကို နှစ်သိမ့်ပေးနိုင်ခြင်း မရှိပေ။ သူ လုပ်ပေးနိုင်သည့် အရာမှာ မင်းသမီးကို အဖော်ပြုပေးပြီး သူမ အတိတ်တွင် ခံစားခဲ့ရသော စိတ်ဒဏ်ရာများကို ကုစားပေးရန်သာ ဖြစ်၏။ သူက အချိန်ကြာလာသည် နှင့်အမျှ ကိစ္စများ ပိုမို ကောင်းမွန်လာ လိမ့်မည်ဟု ယုံကြည်ထားသည်။
သူ ခဏမျှ ချီတုံချတုံ ဖြစ်ပြီးနောက် မင်းသမီး နောက်မှ သစ်ပင်အိမ်ထဲသို့ လိုက်မဝင် သွားတော့ပေ။ မင်းသမီးကို ကာကွယ်ပေးရန်မှာ သူ၏ တာဝန် ဆိုသော်လည်း မင်းသမီးအား ကိုယ်ပိုင်အချိန်အချို့ ပေးသင့်သည်ဟု ခံစားရသည်။ သူမ သူမ၏ အတွေးများကို တည်ငြိမ်စေပြီး ဝမ်းနည်းဖွယ် အတိတ်ကို မေ့ပျောက်နိုင်ရန် တစ်ကိုယ်တည်း အချိန်တချို့ လိုအပ်သည်။
သူ သက်ပြင်း ချလိုက်ကာ လှည့်ထွက်သွားသည်။ သူ ထွက်သွားပြီး မကြာမီ သစ်ပင်အိမ်မှ မာနာလှိုင်းများ ထွက်ပေါ် လာခဲ့သည်။
ဖယ်ရီမလေး မင်းသမီးက သူမ၏ သစ်ပင်အိမ်ထဲတွင် ထိုင်နေသည်။ သူမ၏ ရှေ့တွင်တော့ နတ်ဆိုး၏ သင်္ကေတပါ နေရာရွှေ့ပြောင်းစာလိပ် တစ်ခု ရှိနေသည်။ ၎င်းမှာ ဂိမ်းမာ တစ်ဦးက သူ မပြန်မှီ မင်းသမီးအတွက် လက်ဆောင်ပေးခဲ့သော နေရာရွှေ့ပြောင်းစာလိပ် တစ်ခု ဖြစ်၏။ ထိုနေရာရွှေ့ပြောင်းစာလိပ်က သူမကို ထာဝရတိုင်းပြည်သို့ တိုက်ရိုက် နေရာရွှေ့ပြောင်း ပေးပေလိမ့်မည်။ ဂိမ်းမာများက သူမနှင့် ခွဲခွာရန် လက်မခံ နိုင်သောကြောင့် ဂိမ်းမာက မင်းသမီးအား ထာဝရတိုင်းပြည်ရှိ သူတို့ဆီ လာရောက်လည်ပတ်နိုင်ရန် နေရာရွှေ့ပြောင်းစာလိပ်ကို ပေးခဲ့ခြင်း ဖြစ်၏။
ထိုဂိမ်းမာက သူမကို စာလိပ် ပေးသည့်အခါ မင်းသမီးက လက်ခံရန် မလိုလားခဲ့သော်လည်း သူ့စေတနာကို အသိအမှတ်ပြုကာ သိမ်းထားခဲ့သည်။ သူမက ထိုစာလိပ်ကို ထုတ်ယူပြီး ထာဝရတိုင်းပြည်သို့ ပြန်ရန် ဘယ်တော့မှ အသုံးမပြုလောက်ဟု ထင်ခဲ့သည်။ သို့သော် မိုးလက်ဖက်ရည်၊ အာသာနှင့် သူတို့၏ အဖော်များ မရှိတော့သည်နှင့် ဖယ်ရီမလေးမှာ စာလိပ်ကို ထုတ်ကြည့်ခြင်းကို မတားထားနိုင်ခဲ့ပေ။
မင်းသမီးက စာလိပ်ကို သူမရှေ့တွင် ချထားလိုက်သည်။ သူမ လွန်ခဲ့သည့် လအနည်းငယ်တုန်းက ဒန်ဂျင်သို့ စစရောက်ချင်း အချိန်ကို ပြန်သတိရမိသည်။ ရှားလော့ခ်ဟု ခေါ်သော နတ်ဆိုး တစ်ပါးက ဂိုဘလင်များအား သူမ၏ အိပ်ရာအဖြစ် ငှက်သိုက် တစ်ခုကို တည်ဆောက်ပေးစေခဲ့သည်။ သူမက ထိုကြောက်မက်ဖွယ် ဒန်ဂျင်သတ္တဝါများအား တံတွေးဖြင့် ထွေးခဲ့သည်ကိုလည်း ပြန်သတိရမိသည်။ ထို့နောက် ပန်းခင်းတွင် ကြိုးစားပမ်းစား စိုက်ပျိုးနေသော မိုးလက်ဖက်ရည် ဆိုသည့် ဂိုဘလင် တစ်ဦး ရှိနေသည်။ အဖြစ်အပျက် အားလုံးက မနေ့တစ်နေ့ကသာ ဖြစ်ပျက်ခဲ့ သလိုပင်။ ထိုအမှတ်တရများမှာ နာကျင်ဖွယ် ဖြစ်ပြီး သူမ ယင်းတို့ကို ပြန်မတွေးမိလိုခဲ့ပေ။ သို့သော် အခုတော့ ရှားလော့ခ်ဟု ခေါ်သော နတ်ဆိုး အကြောင်း အပါအဝင် ထိုအမှတ်တရ ဖြစ်ရပ်များမှာ ပျားရည်ကဲ့သို့ ချိုမြိန် နေသည်။
သူမကို ခြိမ်းခြောက်ခြင်း အပြင် ရှားလော့ခ်က သူမအပေါ် မာနာစွမ်းအင် ချုပ်နှောင်ခြင်းကို အသုံးပြုခဲ့ပြီး မိုးလက်ဖက်ရည်ကို အသုံးချ၍လည်း သူမကို ဖိအားပေး ခိုင်းစေခဲ့သည်။ သူက သူမအပေါ် ရက်စက်ခဲ့သည်... နေဦး၊ ရှားလော့ခ်က အမှန်တကယ်တွင်လည်း ဆိုးယုတ်သော သတ္တဝါ တစ်ကောင်သာ ဖြစ်၏။
တခြား ဒန်ဂျင်သတ္တဝါများကတော့ သူမအပေါ် ဖော်ဖော်ရွေရွေ ရှိကြသည်။ ထိုအစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများပင်လျှင် သူမကို ဘာမှ မလုပ်ခဲ့ဘဲ သူတို့၏ ဆရာဟု သတ်မှတ်ခဲ့ကြသည်။ သူမက သူတို့ကို ဆေးဖော်စပ်ပညာ သင်ကြားပေးနေစဉ် ထိုသတ္တဝါများမှာက သူမ သင်ကြားမှုကို စိတ်ဝင်တစား ကြည့်နေကြပေလိမ့်မည်။ ထိုပညာရပ်က မည်မျှ ခက်ခဲသည် ဖြစ်စေ သူတို့က ၎င်းကို မှတ်မိနိုင်ရန် နေ့ရောညပါ ကြိုးစားပြီး လေ့ကျင့်ကြ ပေလိမ့်မည်။ သူတို့က အဘယ်ကြောင့် ဆေးဖော်စပ်ပညာကို ဤမျှအထိ စိတ်ဝင်စား နေကြသနည်း ဆိုသည်ကို မည်သူက သိရှိနိုင်မည်နည်း။ သူတို့မှာ သွေးဆာသော နတ်ဆိုးအစုအဝေး တစ်ခု ဖြစ်ကြ၏။
သူမ ပြန်တမ်းတနေစဉ် သူမ ထာဝရတိုင်းပြည်တွင် နေထိုင်ခဲ့ရသည့်ဘဝမှာ ထိုမျှ ဆိုးရွားခဲ့ခြင်း မရှိကြောင်း သတိထားမိသည်။ သူမက ရှားလော့ခ် သူမအား သီးသန့် ပေးထားခဲ့သော အကျိုးကျေးဇူးများနှင့် မိုးလက်ဖက်ရည်နှင့် သူမ၏ မမေ့နိုင်သော ခင်မင်မှုကို ပြန်သတိရမိသည်။ ထာဝရတိုင်းပြည်မှ အမှတ်တရများမှာ လောကသစ်ပင်မှ အမှတ်တရများထက် ပိုမို အားကောင်းပြီး ရှင်းလင်း နေသည်။
မင်းသမီးက သူမ၏ လက်ကို ဆန့်တန်းကာ နေရာရွှေ့ပြောင်းစာလိပ်ကို ဆုပ်ကိုင်လိုက်သည်။ သူမ သူမ၏ အတွေးများနှင့် တိုက်ပွဲဝင်နေရင်း ချီတုံချတုံ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူမ စာလိပ်ကို ဆွဲဖြဲခြင်းမှ တောင့်မခံနိုင်ခဲ့ပေ။ မာနာစွမ်းအင် လှိုင်းများဖြင့် အဖြူရောင် နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခုက သူမကို လွှမ်းခြုံ သွားခဲ့သည်။
မင်းသမီး ပျောက်ကွယ်သွားပြီး သိမ်မွေ့သော မာနာအရှိန်အဝါ တစ်ခုသာ ချန်ထားခဲ့သည်။
...
အဖြစ်အပျက် များစွာ အပြီးတွင် ဂိမ်းမာများမှာ ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိလာ ခဲ့ကြသည်။ ဖရန်ဂျီပန်နီအတွက်လည်း ထိုနည်းလည်းကောင်းပင်။
ရှေးဟောင်း နတ်ဘုရားများ စစ်တပ်မှ ရာထူး အမြင့်ဆုံး အဆင့် တပ်မှူး တစ်ဦး အနေဖြင့် ဖရန်ဂျီပန်နီမှာ မာနကြီးသော နတ်ဆိုး တစ်ပါး ဖြစ်၏။ အရှင်ရှားလော့ခ်၏ အိမ်မွေး တိရစ္ဆာန်အဖြစ် ထိန်းသိမ်းခြင်း ခံရပြီးနောက်တွင် ဖရန်ဂျီပန်နီမှာ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ရှိ သူ၏ အတွေ့အကြုံ ဆိုသည်မှာ ဘာမှ မဟုတ်သေးကြောင်း သဘောပေါက် သွားခဲ့သည်။ ဤကြောက်မက်ဖွယ် နတ်ဆိုး၏ ရွှေ့ကွက် လုပ်ရပ်များနှင့် နှိုင်းယှဉ်လိုက်လျှင် ရှေးဟောင်း နတ်ဘုရားများ စစ်တပ်နှင့် သူတို့၏ အပြုအမူတို့မှာ ကလေးကစားစရာ အဆင့်သာသာပင်။
ဤကြောက်မက်ဖွယ် နတ်ဆိုးကြီးက သူ့ကို ကိုးနှစ်ကြာ မသင်မနေရ ပညာရေး ဖြတ်သန်း ကြုံတွေ့နိုင်ရန် မာနာစက်သို့ ထည့်လိမ့်မည်ဟု မည်သူက မျှော်လင့်ထား နိုင်မည်နည်း။ နေ့စဉ်နေ့တိုင်း သူက မြင့်မြတ်သော အလင်းတန်း၏ အသိပညာကို လေ့လာခဲ့ရသည်။ ထိုအရာကြီးက မယုံနိုင်လောက်အောင် ရက်စက် ကြမ်းကြုတ်လှ၏။ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်မှ အရက်စက်ဆုံး နတ်ဆိုးပင်လျှင် မြေအောက်လောက သတ္တဝါ တစ်ဦးအား မြင့်မြတ်သော အလင်းတန်း အသိပညာကို အတင်းအကျပ် သင်ယူရန် စေခိုင်းလိမ့်မည် မဟုတ်ပေ။ ထိုအရာမှာ နတ်ဆိုး၏ ယုံကြည်မှုကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်။
အရှင်ရှားလော့ခ်တွင် အခြေခံစည်းမျဉ်း သို့မဟုတ် နတ်ဆိုး တစ်ပါး၏ ယုံကြည်မှု ဆိုသည်များ မရှိပုံ ရ၏။ ဖရန်ဂျီပန်နီ လက်နက်ချခဲ့သည်။ အကယ်၍ သူသာ အရှုံးမပေးခဲ့ပါက သူ နောက်ထပ် ကိုးနှစ်ကြာ မသင်မနေရ ပညာရေးကို ဖြတ်သန်း ရမည်၊ မဖြတ်သန်း ရမည်ကို မည်သူ ပြောမည်နည်း။ သူက နေ့ရောညပါ အိမ်စာ မလုပ်နေ ရလိုပေ။ ဒုတိယမြောက်နေ့တွင်ဆိုလျှင် သူက အိပ်ချင်မူးတူးဖြင့် စာသင်ခန်း ဝင်ခဲ့ရပြီး ဆရာမှ စင်မြင့်ပေါ်သို့ နာမည်တပ် ခေါ်ခြင်း ခံခဲ့ရသည်။ သူက အင်္ဂလိပ် စကားလုံးများ၊ စာစီစာကုံး၊ ရှေးဟောင်းကဗျာများနှင့် တခြား အဓိပ္ပာယ် မရှိသော အကြောင်းအရာများကို ရွတ်ခဲ့ရသည်။ စာသင်ချိန်တိုင်းလိုလို သူက ရှေ့ထွက် စာရွတ်ရန် အရွေးခံရ၏။
ဘာ သောက်ကျိုးနည်းလဲ...
ထိုအရာမှာ အတိတ်တွင် ဖြစ်၏။ ယခုတော့ ဖရန်ဂျီပန်နီမှာ ပြဿနာရှာသူ တစ်ဦး မဖြစ်လိုတော့ပေ။ ထွက်ပြေးရန် ကြိုစားသည်က အချည်းနှီးသာ။ ဖရန်ဂျီပန်နီမှာ သစ္စာရှိ ခွေးတစ်ကောင်သာ ဖြစ်လိုတော့သည်။
အရှင်ရှားလော့ခ်က ဖရန်ဂျီပန်နီအား ခက်ခဲသော မစ်ရှင် တစ်ခု ပေးခဲ့သည် - သူ ထွက်ပြေးနေ သကဲ့သို့ ဟန်ဆောင်ရန်ပင်။ ထို့နောက် သူက ဂိမ်းမာများကို အမှောင်ဝင်ပေါက်မှ တစ်ဆင့် ဦးဆောင်ခဲ့ပေးပြီး သူ၏ မစ်ရှင်တွင် အလွန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက်တွင်မူ အရှင်ရှားလော့ခ် ပျောက်သွားသည်။ ဒန်ဂျင်ရှိ သတ္တဝါများကလည်း အရှင်ရှားလော့ခ်ကို ရက်အနည်းငယ် ကြာအောင် မတွေ့ရတော့ပေ။
ဖရန်ဂျီပန်နီမှာ ဘာဖြစ်နေသည်ကို သိချင်စိတ် ရှိနေသည်။ ဖြစ်နိုင်သည်က ၎င်းမှာ သူထွက်ပြေးရန် ဘုရားသခင် ပေးအပ်လာသော အခွင့်အရေး တစ်ခုပင်။
သို့သော် ရုတ်တရက် ဆိုသလို အရှင်ရှားလော့ခ်က ဒန်ဂျင်တွင် ပြန်ပေါ်လာခဲ့သည်။ သူ့ပုံစံမှဦ ဘယ်တုန်းကမှ ထွက်ခွာသွားခဲ့ခြင်း မရှိခဲ့ သကဲ့သို့ပင်။
အာ၊ ကြီးမြတ်သော အရှင်ရှားလော့ခ်ကို ချီးမွမ်းပါ...
ဖရန်ဂျီပန်နီမှာ သူ၏ ကိုယ်ပိုင်အတွေးများဖြင့် တုန်လှုပ် နေခဲ့သည်။
"အိုက်ယား၊ အဲ့ဒီလိပ် မိုးဆင်ဒရုန်းရောဂါ ရနေတယ်လို့ မင်း ထင်လား။"
ဖရန်ဂျီပန်နီက ထူးထူးဆန်းဆန်း လျှောက်စဉ်းစားကာ ရှားလော့ခ်အား လေးစားမှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်နေစဉ် ထောင့်တစ်နေရာတွင် ထိုင်နေသော ပိုလီယိုက ဖီးနစ်အား ခပ်တိုးတိုး ကပ်မေးလိုက်သည်။
"လျှောက်မပြောနဲ့။ အဲ့ကောင် အဆဲတောင်းရောဂါ ရနေတာ။" ဖီးနစ်က ပြောလိုက်သည်။
မည်သည့်ရောဂါဆိုဆို သူတို့က ဖရန်ဂျီပန်နီကို လှောင်နေကြခြင်းပင်။
ရှားလော့ခ်ကမူ ဖရန်ဂျီပန်နီ၏ ခံစားချက်များနှင့် ပိုလီယို ဖီးနစ်တို့၏ အတင်းအဖျဉ်းများကို စိတ်ထဲထည့် စဉ်းစားနေရန် အချိန်မရှိပေ။ သူ့တွင် ဒန်ဂျင်သို့ ပြန်ရောက်သည်နှင့် လုပ်ဆောင်စရာ အရေးကြီး ကိစ္စရပ်များစွာ ရှိနေသည်။
ဉပမာအားဖြင့်--- သူ အဖွင့်ဘီတာ ကြေညာချက် ရေးရဦးမည်။
လောကသစ်ပင်က ဒန်ဂျင်အမြုတေနှင့် ချိတ်ဆက်ပြီးသွားပြီ ဖြစ်၍ ရှားလော့ခ်အနေဖြင့် ဂိမ်း၏ ဗားရှင်း ၁.၀၀ တစ်နည်း အဖွင့်ဘီတာအား စတင်ကြေညာနိုင်ပြီ ဖြစ်၏။ ယခင်က ရှိနေခဲ့သည့် မာနာမလုံလောက်မှု ပြဿနာအား လောကသစ်ပင်က ဖြေရှင်းပေးလိုက်လေပြီ။ လောကသစ်ပင်က ဂိမ်မာအရေအတွက် မည်မျှအထိ ထောက်ပံ့ပေးနိုင်သည် မသိသော်လည်း ရှားလော့ခ်အတွက် သူ့ကိုယ်ပိုင်မာနာအား ဂိမ်းမာများကို ဆင့်ခေါ်ရန်နှင့် သူတို့ မာနာ သုံးစွဲနိုင်ရန် ဖြန့်ဝေပေးရတော့မည် မဟုတ်ပေ။ မြင့်မြတ်သော အလင်းတန်းစွမ်းအားနှင့် မတူသည်က လောကသစ်ပင်တွင် အမှောင်စွမ်းအင် အလင်းစွမ်းအင် ဟူ၍ ကန့်သတ် ခွဲခြားထားခြင်း မရှိနေချေ။ လောကသစ်ပင်၏ မာနာရင်းမြစ်က ကမ္ဘာမြေတစ်ခုလုံးဆီမှ လာသည်ဖြစ်၍ ယင်းတွင် ဇာစ်မြစ်ဟူ၍ မရှိနေပေ။ ယင်းက ဂိမ်မာတို့အတွက် အသင့်တော်ဆုံး မာနာရင်းမြစ်ဟု ဆိုရမည်။
လောလောဆယ်တော့ ရှားလော့ခ် အဖွင့်ဘီတာအတွက် ဗားရှင်းအသစ် ကြေညာရဦးမည်။ ရှားလော့ခ်က အဖွင့်ဘီတာ ကြေညာချက်တွင် ပါဝင်မည့် အကြောင်းအရာများအား ကြိုးစားပမ်းစား ရေးသားနေစဉ် အပြင်ဘက်မှ ဂိမ်မာတို့က စိတ်လှုပ်တရှား အော်ဟစ်နေကြသည်။
"ဟိုမှာ ဖယ်ရီမလေး မင်းသမီး မဟုတ်ဘူးလား။ ငါတို့ ဆေးဖော်စပ်ဆရာမ ပြန်ရောက်လာပြီဟေ့။"
"သူတကယ် ပြန်လာတာပဲ။ ဘုရားရေ... ငါတို့ ဆွေးနွှေးချက်ဖိုရမ်မှာ သူ တစ်သက်လုံး ပြန်လာမှာ မဟုတ်ဘူးလို့ ကောက်ချက်ချထားတာ မဟုတ်လား"
"ဆွေးနွေးချက် ဖိုရမ်က သုံးသပ်ချက်တိုင်းသာ မှန်နေရင် ငါတို့ ဒီညဆို အဖွင့်ဘီတာ ရနေလောက်ရောပေါ့။ မင်း အဲ့ဒါကော ဖြစ်နိုင်တယ်လို့ ထင်လား"
"ယိ... ဆွေးနွေးချက် ဖိုရမ်လည်း တက်ကြည့်လိုက်ဦး။ တကယ်ကြီး အဖွင့်ဘီတာ စနေပြီဟ။"