မိုရိုးစ်၏ ဆုံးဖြတ်ချက်
Vol. 36 Ch. 540
ဝမ်းနည်းနေသော မိုရိုးစ်မှာ သူ၏ ကိုယ်ပိုင်အခန်းတွင် ထိုင်ကာ အဆက်မပြတ် ငိုကြွေး နေခဲ့သည်။ ဘေးတွင်မူ စုပုံထားသော တစ်ရှူးစက္ကူ တစ်ပုံ ရှိနေခဲ့သည်။ သူ့ ပတ်လည်တွင်တော့ သူ့ကို နှစ်သိမ့်ပေးနေသော ဂိမ်းမာ အုပ်စု တစ်စု ရှိနေခဲ့သည်။
"မငိုပါနဲ့တော့။ ဒါက ကွာရှင်းတာ သက်သက်ပဲဟာ။ မင်း စိတ်ကို တည်တည်ငြိမ်ငြိမ်လေး ထားပါကွာ။" အော့ခ် တစ်ဦးက မိုရိုးစ်ကို နှစ်သိမ့်ပေးရင်း ပြောလိုက်သည်။
"အဝေးရောက် ဆက်ဆံရေးတွေက ယုံကြည်ရတာ မဟုတ်ဘူး။ မင်းတို့ လက်ထပ် ထားပေမဲ့ ကလေးတွေ မရှိသေးဘူးပဲ။ ငါပြောတာကို ယုံ၊ လက်ထပ်ပြီး ကလေးမယူတာက အချစ်ရေးမှာ ကျရှုံးတာနဲ့ အတူတူပဲ။ လူငယ်တွေက ထမင်းစား ရေသောက် ကွာရှင်းနေကြတာ။" နောက်ထပ် ဂိမ်းမာ တစ်ဦးက မိုရိုးစ်အား ပြောလိုက်သည်။
ဂိမ်းမာများမှာ မိုရိုးစ်ကို သနားပြီး သူ့ကို နှစ်သိမ့်ပေးလို ခဲ့ကြသော်လည်း သူတို့က ထိုအတွေ့အကြုံကို ယခင်က မကြုံဖူးကြပေ။ သူတို့ အရင်ဆုံး လက်ထပ်ခြင်း သို့မဟုတ် ချစ်သူ တစ်ဦး ထားခဲ့ဖူးမှသာ ကိုယ်ချင်းစာ တတ်ပေမည်။
သို့သော် လက်တွေ့ဘဝမှာ ရက်စက် ကြမ်းကြုတ်လှ၏။ ဂိမ်းမာများမှာ သူတို့၏ ဆုများကို ရရှိနိုင်ရန် မိုရိုးစ်ကို နှစ်သိမ့်ခြင်း မစ်ရှင်အား ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။ မိုရိုးစ်၏ ဇနီးက ဂိမ်းမာများ မှတဆင့် ကွာရှင်းစာချုပ်ကို မိုရိုးစ်ထံသို့ ပါးလိုက်ခြင်းက မိုရိုးစ်၏ တွေ့ကြုံမှု မစ်ရှင် တစ်ခု ဖန်တီးနိုင်မည့် အခွင့်အရေး တစ်ခုပင်။
ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို ဖြစ်ပေါ်စေရန်မှာ ဂိမ်းမာများ အပေါ်တွင်သာ မူတည် ပေလိမ့်မည်။ ဂိမ်းမာ များစွာက သူတို့က ၎င်းမစ်ရှင်ကို ဖြစ်ပေါ် စေမည်ဟု ကျိန်ဆို ခဲ့ကြသည်။
မိုရိုးစ်မှာ ဂိမ်းမာများ ဘာစဉ်းစားနေကြသည်ကို မသိခဲ့ပေ။ သူက ဂိမ်းမာများ သူ့ကို နှစ်သိမ့် ပေးနေသောကြောင့် အလွန် စိတ်လှုပ်ရှား နေမှုကိုသာ ခံစားရသည်။
မိုရိုးစ်မှာ ဤသနားတတ်သော ဂိမ်းမာများကို ရေနစ်သူက ကောက်ရိုးတမျှင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသကဲ့သို့ ဆက်ဆံခဲ့သည်။ သူ ကူကယ်ရာ မဲ့နေသဖြင့် သူ၏ စိတ်မကျေနပ်မှုများနှင့် အချစ်ရေး အတွေ့အကြုံကို ဂိမ်းမာများအား ဤအခွင့်အရေးကို အသုံးချ၍ ပြောပြ ပေလိမ့်မည်။
ဂိမ်းမာများမှာ နားထောင်ကောင်းသူများ ဖြစ်ကြ၏။ သူတို့က စိတ်ဝင်တစား နားထောင်ပြီး မှတ်စုများဖြင့် လေးလေးနက်နက် မှတ်တမ်း တင်ကာ ဖိုရမ်ပေါ်သို့ တင်ပေးခဲ့ကြသည်။
[မိုရိုးစ်၏ အချစ်ရေး အတွေ့အကြုံ။]
ထိုသို့သော အကြောင်းကိစ္စမှာ ဖိုရမ်ပေါ်တွင် အလွန် လူကြိုက်များခဲ့သည်။
ထိုအရာမှာ ဂိမ်းမာများ တတ်နိုင်သမျှ အများဆုံးပင်။ သူတို့က မိုရိုးစ်၏ အိမ်ထောင်ရေးကို ထိထိရောက်ရောက် ကူညီပေးရန် ဘာကိုမှ မလုပ်နိုင် ခဲ့ကြပေ။
မိုရိုးစ်မှာ သူ၏ မကျေနပ်မှုများကို ဖွင့်ပြောပြီး နောက်တွင်ပင် ဂိမ်းမာများက သူ့ကို မကူညီပေးနိုင်ကြောင်း သိလိုက်ရသည်။ သူက သူ၏ အိမ်ထောင်ရေးကို ပြန်အဖတ်ဆယ် ကယ်တင်လို ခဲ့သော်လည်း မည်သို့ လုပ်ဆောင် ရမည်ကို မသိနေခဲ့ပေ။ သူက ကွာရှင်းစာချုပ်ကို နောက်တစ်ကြိမ် ထပ်စစ်ဆေး ကြည့်ရှု လိုက်သည်။
၎င်းမှာ သူ့ကို အားနည်းပြီး အသုံးမကျသူအဖြစ် ပြစ်တင်ရှုတ်ချ ထားသော ကွာရှင်းစာချုပ် တစ်ခု ဖြစ်၏။ သူ၏ ဇနီးမှာ ဆက်လက် သည်းခံ မပေါင်းနိုင်တော့ဘဲ သူ့နှင့် ကွာရှင်းရန် ဆုံးဖြတ်ချက် ချခဲ့သည်။
မိုရိုးစ်က ၎င်းမှာ သူ၏ ဇနီး၏ လက်ရေး ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။ စာပိုဒ်များမှာ ဖိအားပေးခံရသဖြင့် ရေးသားထားသည် ဆိုသည့် ခြေရာလက်ရာဟူ၍ မရှိနေပေ။ မိုရိုးစ်မှာ ဤကွာရှင်းမှုက သူ အချိန်ကြာမြင့်စွာ အိမ်ပြန်မရောက်ဖြစ်ခြင်း နှင့် ဘာမှ မသက်ဆိုင်လောက်ဟု ထင်မိသည်။
၎င်းမှာ အိမ်ထောင်ရေးတွင် စိတ်အားထက်သန်မှု မရှိတော့ခြင်းကြောင့်သာ ဖြစ်ရမည်။ အကယ်၍ သူသာ သူ ငယ်ရွယ်စဉ် အခါကဲ့သို့ သတ္တိ ရှိပြီး စွန့်စားခန်းများတွင် ပါဝင်ခြင်း၊ လျှို့ဝှက် ရတနာများ အမဲလိုက်ခြင်း၊ ကြောက်မက်ဖွယ် မဟာမှော်အရှင်များကို အနိုင်ယူခြင်းနှင့် ကြီးမြတ်သော နဂါးများနှင့် တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ပါက...
"အာ၊ မင်းက စွန့်စားခန်း ထွက်ချင်တယ်၊ လျှို့ဝှက် ရတနာတွေ အမဲလိုက်ချင်တယ်၊ မဟာမှော်အရှင်တွေကို အနိုင်ယူချင်တယ်၊ ပြီးတော့ ကြီးမြတ်တဲ့ နဂါးတွေနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့က မင်းရဲ့ အိပ်မက်တွေကို ဖြည့်ဆည်း ပေးနိုင်တာပေါ့။" မိုရိုးစ် ဘေးမှ ဂိမ်းမာများက ဝမ်းသာအားရ ပြောလိုက်သည်။
"နေဦး၊ မင်းတို့ တကယ် ပြောနေတာလား။"
မိုရိုးစ်၏ မျက်လုံးများ မျှော်လင့်ချက်ဖြင့် လင်းလက် သွားခဲ့သည်။ ဂိမ်းမာများကလည်း ပြန်လည် ဖြေလိုက်ကြသည်။
"ဟုတ်တာပေါ့ကွာ။"
"မင်းသာ ငါတို့ကို ဆုတွေ ပေးမယ် ဆိုရင်ပေါ့။"
"ငါတော့ ဒါက အကူအညီဖြစ်မှာ မဟုတ်ဘူးလို့ ထင်တယ်နော်။"
"ငါတို့အများကြီးက ဒီမစ်ရှင်ကို လုပ်နေကြတာ။ ကျွန်တော်က ဆုတွေကို ဘယ်လိုလုပ်ပြီး ခွဲယူကြမလဲ။"
ဂိမ်းမာများက ဆူညံစွာ စကားပြောဆို နေခဲ့ကြသည်။ မိုရိုးစ်မှာ သူတို့က ဆုများအပေါ် ငြင်းခုံနေကြကြောင်း သိသည်။ မိုရိုးစ်က စိတ်ပိုင်းဖြတ် လိုက်သည်။ သူက သူ၏ အခန်းထဲ လျှောက်သွားပြီး စုဆောင်းထားသော ငွေအားလုံးကို ထုတ်ယူ လာလိုက်သည်။
"မင်းတို့က ငါ့ အိမ်ထောင်ရေးကို ပြန်အဖတ်ဆယ် ကယ်တင်ဖို့ ဝင်ကူညီပေးရင် ဒီမှော်ကျောက်တုံး အားလုံးက မင်းတို့ အပိုင်ပဲ။"
...
ရှားလော့ခ် ဖိုရမ်ကို ရှာဖွေ ကြည့်ရှုနေစဉ် ဂနိုင်သားမှ တင်ထားသော လူကြိုက်များသည့် ပိုစ့် တစ်ခုကို သတိပြု မိလိုက်သည်။ သူက အကူအညီ တောင်းခံ နေခဲ့သည်။ ခေါင်းစဉ်မှာ -
[မိုရိုးစ်၏ အိမ်ထောင်ရေးကို မည်သို့ ကယ်တင် ကြမည်နည်း။ ချက်ချင်း အကူအညီ ရရန် အတွက် အွန်လိုင်းတွင် စောင့်ဆိုင်းနေပါသည်။]
ပို့စ်ပါ အကြောင်းအရာမှာ အမျိုးမျိုးသော ဖြေရှင်းချက်များကို ဖော်ပြထားသည်။ အဖြစ်နိုင်ဆုံး ဖြေရှင်းချက်ကိုမူ ဂနိုင်သားမှ အဆိုပြု ပေးထားခဲ့သည်။ ၎င်းမှာ မိုရိုးစ်အား စွန့်စားခန်း ထွက်ခွင့်ပေးခြင်း၊ ရတနာများ အမဲလိုက်ခွင့် ပေးခြင်း၊ မဟာမှော်အရှင်များကို အနိုင်ယူခွင့် ပေးခြင်းနှင့် ကြီးမြတ်သော နဂါးများနှင့် တိုက်ခိုက်ခွင့် ပေးခြင်းတို့ ဖြစ်၏။
ထိုအရာမှာ မိုရိုးစ်ဘက်မှ တောင်းဆိုထားခဲ့သော အရာပင်။ ဂိမ်းမာများ အတွက်မူ ၎င်းမှာ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်အတွက် လမ်းညွှန် တစ်ခု ကဲ့သို့ပင်။
ဂိမ်းမာ များစွာက ထိုပိုစ့်ကို ပြန်လည် ဖြေကြားခဲ့ကြသည်။ ရှားလော့ခ်ကမူ ပြန်ကြားချက်များကို ရှာဖွေ ဖတ်ရှုကာ လက်ပိုက် စဉ်းစားနေခဲ့သည်။
"မိုရိုးစ်က သူ့ အိမ်ထောင်ရေးမှာ ပြဿနာ တစ်ခုနဲ့ ကြုံခဲ့တာလား။ အဖွင့်ဘီတာ စတင်ဖို့အတွက် အချိန်က နီးနေပြီ။ ဝန်ထမ်းရဲ့ စိတ်ခံစားချက် မတည်ငြိမ်နေရင် ဒါက ပြဿနာ တက်လာနိုင်တယ်။ သူ ငြိမ်းငြိမ်းချမ်းချမ်း အလုပ်,လုပ်နိုင်မှာ မဟုတ်ဘူး။"
"အရှင်ရှားလော့ခ်။" ဘရုက ရှားလော့ခ်အား ပြောလိုက်သည်။ "အဲ့ဒီဝန်ထမ်းက အသုံးမကျဘူး။ အဖွင့်ဘီတာအတွက် အချိန်နီးနေပြီကို။ ကျွန်တော်တို့ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး။ ကျွန်တော်တို့ နောက်ထပ် အမ်ပီစီ တစ်ယောက် ရှာကြစို့လေ။ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့ အရှင်ရှားလော့ခ်၊ ကျွန်တော် သူ့ကို သူ့ သဘောနဲ့သူ နုတ်ထွက်ခိုင်းဖို့ အကောင်းဆုံး စီအာရ် တစ်ယောက် ရှာပေးပါ့မယ်။"
"စီအာရ်လား။"
"ဟုတ်ကဲ့၊ အဲ့ဒါက သတ္တဝါအရင်းအမြစ်ဌာန ဆိုတာပါ။ ဒါက သတ္တဝါ အလုပ်ခန့်အပ်ရေးနဲ့ စီမံခန့်ခွဲရေးကို အထူးပြု ကိုင်တွယ်တဲ့ ကုမ္ပဏီ တစ်ခုပဲ။ ဒန်ဂျင်တိုင်းမှာ ကျွမ်းကျင်တဲ့ စီအာရ် တစ်ယောက် ရှိနေသင့်တယ်။ ကျွန်တော်တို့လည်း ငွေတော်တော်များများ ချွေတာနိုင်တာပေါ့၊ အထူးသဖြင့် ဝန်ထမ်း လျှော့ချရေး ကာလအတွင်းမှာ ဆိုရင်လေ။" ဘရု ရှင်းပြ လိုက်သည်။
ရှားလော့ခ်က ဘရု၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း သူက ဘရု၏ အကြံပြုချက်အတိုင်း လိုက်လုပ်မည်တော့ မဟုတ်ပေ။ သူက ပြောလိုက်သည်။ "မင်းရဲ့ ဖြေရှင်းချက်က ဆွဲဆောင်မှု ရှိတယ် ဆိုပေမဲ့ ငါ အမ်ပီစီ အသစ် တစ်ယောက်ကို မယုံကြည်နိုင်ဘူး။ သူက ငါတို့ အလုပ်၊ ငါတို့ ဂိမ်းမာတွေနဲ့ အကျွမ်းတဝင် ရှိနေမှာ မဟုတ်ဘူး။"
ရှားလော့ခ် ဖိုရမ်ပေါ်မှ ပြန်ကြားချက်များကို တချက်ဖတ်ရှုပြီး ပြောလိုက်သည်။ "ဂိမ်းမာတွေကို သူတို့ လုပ်ချင်တာ လုပ်ခွင့်ပေးထားလိုက်ပါ။ ဖြစ်နိုင်တာက သူတို့ မိုရိုးစ်ကို ကူညီပေး နိုင်လိမ့်မယ်။ သူတို့ ကျရှုံးခဲ့ရင်တောင်မှ ငါ့မှာ ဘာဆုံးရှုံးမှုမှ ရှိလာမှာ မဟုတ်ဘူး။ မိုရိုးစ်က ဆိုင်းဘုတ် တစ်ခု သက်သက်ပဲလေ။ ငါ့မှာ သူ့ကို အလုပ်ဆက်လုပ်စေဖို့ ဒါမှမဟုတ် ဂိမ်းမာတွေကို သင်ကြားပေးစေဖို့ ရည်ရွယ်ချက် မရှိတော့ဘူး။"
အမ်ပီစီ အများစု၏ တာဝန်များကို ဂိမ်းမာများက လွှဲပြောင်း ယူခဲ့ပြီ ဖြစ်သောကြောင့် သူတို့၌ အထူးပြုတာဝန် အလုပ်များဟူ၍ မရှိနေတော့ပေ။ အမ်ပီစီများ၏ အလုပ်ချိန်မှာ ကန့်သတ်ချက် ရှိ၏။ အမ်ပီစီများကို အလုပ်,လုပ် ခိုင်းနေသည်ထက် သူတို့ကို ဂိမ်းမာများအား လမ်းညွှန်မှု ပေးအပ်ခိုင်းခြင်းက ပိုကောင်းသည်။
ထို့အပြင် မိုရိုးစ်မှာ ဤတစ်ကြိမ်တွင် အလွန် စိတ်ပိုင်းဖြတ်ထားပုံ ရသည်။