ထာဝရတိုင်းပြည်၏ ကျူးကျော်ရေးအစီအစဉ်
Vol. 36 Ch. 526
နဂါးမျိုးနွယ်သားမှာ ထိုဖယ်ရီ၏ အမည်ကို မသိပေ။ အကြောင်းမှာ ဖယ်ရီက သူနှင့် များများစားစား ဆက်ဆံရန် ရည်ရွယ်ချက် မရှိသောကြောင့်ပင်။ ဖယ်ရီမှာ နဂါးမျိုးနွယ်သားအား သူတို့၏ မင်းသမီးကို ရှာဖွေရာတွင် ကူညီစေခြင်းသာ ဖြစ်၏။ ဤတစ်ကိုယ်တော် ဖယ်ရီမှာ သစ်တောထဲမှ နဂါးမျိုးနွယ်သားနှင့် ခရမ်းချဉ်သီး နောက်သို့ လိုက်လာခဲ့သည်။ ခရမ်းချဉ်သီးမှာ နဂါးမျိုးနွယ်သားအား ထိုဖယ်ရီက သူ၏ အစွမ်းအပေါ် အလွန် ယုံကြည်ချက် ရှိပြီး သူကိုယ်တိုင်ပင်လျှင် ဖယ်ရီအစွမ်းကို အကဲမခတ်နိုင်ကြောင်း တိုးတိုးလေး ပြောခဲ့သည်။
နဂါးမျိုးနွယ်သားမှာတော့ စိုးရိမ်နေခြင်း မရှိပေ။ ယင်းအစား သူ ပို၍ပင် စိတ်လှုပ်ရှား နေခဲ့သည်။ အကယ်၍ ထိုဖယ်ရီက အစွမ်းထက်ခဲ့ပါက ယင်းက သူ၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်က အဆင့်ပိုမြင့်ပြီး သူ၏ ဆုများ ပိုမို ကောင်းမွန်မည်ဟုလည်း အဓိပ္ပာယ် ရပေမည်။
ဖယ်ရီမှာ စကား များများစားစား မပြောသော်လည်း သူက မင်းသမီးကို အလွန် စိုးရိမ်နေကြောင်း သူ၏ အပြုအမူမှ အကဲခတ်နိုင်၏။ သူက မင်းသမီးအကြောင်းကို မကြာခဏ မေးမြန်း တတ်သည်။
မင်းသမီး ထာဝရတိုင်းပြည်တွင် ရှားလော့ခ်၏ အကျဉ်းချခြင်းကို ခံထားရပြီး ဂိမ်းမာများက သူမအပေါ် ခင်မင်ရင်းနှီးကြောင်း သိရသောအခါ သူ အတွေးနက် နေခဲ့သည်။ နဂါးမျိုးနွယ်သားမှာ ဖယ်ရီ၏ တိတ်ဆိတ်နေမှုကို ဂရုမစိုက်ခဲ့ပေ။ မည်သို့ဆိုဆို သူက အမ်ပီစီ တစ်ဦးမျှသာ ဖြစ်၏။
ခရမ်းချဉ်သီးမှာလည်း သွားစရာ နေရာဟူ၍ မရှိပေ။ သူက နဂါးမျိုးနွယ်သား နှင့်အတူ သစ်တောထဲမှ ထွက်ပြေးပြီး နဂါးမျိုးနွယ်သားကို လေ့ကျင့်ပေးရန် အင်ပါယာရှိ မြို့တစ်မြို့ကို ရှာဖွေရန်သာ ဆန္ဒ ရှိခဲ့သည်။ နဂါးမျိုးနွယ်သား အလုံအလောက် အားကောင်းလာသည့်အခါ သူက နတ်ဘုရား တိုင်းပြည်၏ ဘုရင်ကို လုပ်ကြံသတ်ဖြတ် ပေးနိုင် ပေလိမ့်မည်။
နဂါးမျိုးနွယ်သားမှာ ခရမ်းချဉ်သီးနှင့် ဘုရင်အာလူး ၂ တို့ ကြားမှ ရန်ငြိုးကို သေသေချာချာ မသိသော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို အဆင့် မြှင့်တင်ရန် အတွက်မူ စိတ်ဝင်စားသည်။ နဂါးမျိုးနွယ်သားမှာ ခရမ်းချဉ်သီး၏ ဇာတ်လမ်းက မည်သို့ရှိသည်ကို ဂရုမစိုက်ပေ။
ယခုမူ နဂါးမျိုးနွယ်သားမှာ ဖယ်ရီကို ဗစ်တိုးရီးယားမြို့သို့ ပြန်လည် ခေါ်ဆောင် သွားနေခဲ့သည်။ အကြောင်းမှာ ဂိမ်းမာများသာလျှင် ထာဝရတိုင်းပြည်သို့ ဝင်ရောက် နိုင်သောကြောင့်ပင်။ ဤထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်အရ သူက ထိုဖယ်ရီအား မင်းသမီးကို ရှာဖွေရာတွင် ကူညီပေးရန် တာဝန် ရှိ၏။ မင်းသမီးကို ကယ်တင်ရန် နဂါးမျိုးနွယ်သား သို့မဟုတ် ထာဝရတိုင်းပြည်၏ သံတမန်ရေးရာအပေါ် မှီခိုအားထားခြင်းမှာ လက်တွေ့ မကျခဲ့ပေ။ ဘယ်လိုပြောပြော ထာဝရတိုင်းပြည်မှ ဂိမ်းမာများက မြေအောက်လောကရှိ ဗစ်တိုးရီးယား မြို့သားများ အားလုံးကို တွေ့ရာနေရာတွင် သတ်ဖြတ်ရန် ဖိုရမ်ပေါ်တွင် ကျိန်ဆို ထားခဲ့ကြသည်။ သူတို့က သူတို့၏ ဆေးဖော်စပ်ရေး နည်းပြကို တဖက်မှ လုယူသွားခြင်းအား ကာကွယ် လိုခဲ့ကြသည်။
ကုသရေးဆေးများကို ပစ္စည်း များစွာနှင့် လဲလှယ်နိုင်ပြီး ဂိမ်းမာများက သူတို့၏ ဆေးဖော်စပ်ရေး နည်းပြထံမှ ဆေးဖော်စပ်ပညာကို သင်ယူခဲ့ကြသည်။ အကယ်၍ မင်းသမီးသာ ပြန်ခေါ်ဆောင်သွားခြင်း ခံလိုက်ရပါက ဂိမ်းမာများအနေဖြင့် ဆေးဖော်စပ်ပညာကို မည်သို့ ဆက်သင်ယူ နိုင်တော့မည်နည်း။
မင်းသမီးကို အိမ်ပြန်နိုင်ရန် ကူညီပေးလိုသော ဂိမ်းမာ အုပ်စု တစ်ခုလည်း ရှိနေသေးသော်လည်း ၎င်းမှာ အုပ်စုငယ်လေး တစ်ခုမျှသာ ဖြစ်၏။
ဤဂိမ်း၏ အကြီးမားဆုံး အားနည်းချက်မှာ ခရီးစဉ်များ အတွက် အချိန်ပေးရခြင်းပင်။ ဥပမာအားဖြင့် နဂါးမျိုးနွယ်သား၊ ခရမ်းချဉ်သီးနှင့် ဖယ်ရီတို့မှာ ယခုမှ ဗစ်တိုးရီးယားမြို့သို့ သွားရာ လမ်းခုလတ်တွင်သာ ရှိနေကြသေးသည်။ အသုံးပြုခဲ့သော အချိန်မှာလည်း လက်တွေ့ဘဝတွင် အသုံးပြုလိုက်သော အချိန်နှင့် ညီမျှ၏။ အော့ဖ်လိုင်း ဆင်းပြီး အနားယူခြင်းမှ လွဲ၍ နဂါးမျိုးနွယ်သားက သူ့ အချိန်အများစုကို မြင်းလှည်း တစ်စီးပေါ်တွင် ဘာမှ မလုပ်ဘဲ လဲလျောင်း လိုက်ပါရင်း ကုန်ဆုံး ခဲ့ရသည်။
သူတို့ နေရာရွှေ့ပြောင်း ဝင်ပေါက်နှစ်ခုကို ဖြတ်သန်း ခဲ့ရသည်။ သို့သော် မြေအောက်လောကနှင့် နှိုင်းယှဉ်ကြည့်လျှင် ဝင်ပေါက် အနည်းငယ်မျှသာ ရှိ၏။
နဂါးမျိုးနွယ်သားမှာ သူတို့က ဗစ်တိုးရီးယားမြို့နှင့် အလွန် ဝေးကွာနေသေးကြောင်း သတိပြု မိလိုက်သည်။
လေးရက်၊ ငါးရက်ကြာမျှ ခရီးသွားပြီးနောက်မှသာ သူတို့ ဗစ်တိုးရီးယားမြို့၏ နယ်နိမိတ်ထဲျသို့ ရောက်ရှိ လာခဲ့ကြသည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာ အုပ်စု တစ်စုက ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို ဖိုရမ်ပေါ်တွင် တိုက်ရိုက် ထုတ်လွှင့်နေခဲ့သော နဂါးမျိုးနွယ်သားကို လာရောက် ကြိုဆိုခဲ့ကြသည်။ ဂိမ်းမာများမှာ နဂါးမျိုးနွယ်သား၏ မစ်ရှင်နှင့် သူ၏ နောက်ဆုံးရလာဒ် ဆုကို သိလိုစိတ် ရှိနေခဲ့ကြသည်။ မစ်ရှင်မှတ်စုများတွင်လည်း အုပ်စုစစ်ပွဲ တစ်ခု ဖြစ်ပွားလာနိုင်ကြောင်း ဖော်ပြ ထားသေးသည်။ ဂိမ်းမာများ အားလုံး ၎င်းမစ်ရှင်မှ အကျိုးကျေးဇူးများ ရရှိကောင်း ရရှိနိုင်ပေမည်။ အကယ်၍ သူတို့သာ မစ်ရှင်ထဲတွင် စောစောစီးစီး ပါဝင်နိုင်ခဲ့ပါက ရရှိလာမည့် ဆုမှာလည်း သေချာပေါက် ပိုမို မြင့်မား ပေလိမ့်မည်။
နဂါးမျိုးနွယ်သား၏ သူငယ်ချင်းများ ဖြစ်ကြသော ‘ရှားလော့ခ်နဲ့အတူ ထိုညအတွက်’ အစည်းအရုံးမှ အစည်းအရုံးဝင်များက သူ့အား နွေးထွေးစွာ လာရောက် ကြိုဆိုခဲ့ကြသည်။
"နဂါးမျိုးနွယ်သား၊ မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ငါတို့က မင်း ပြန်မလာတော့ဘူးလို့တောင် ထင်ခဲ့တာ။"
"ဥက္ကဌ၊ မင်းက အမိုက်စားပဲ။ မင်း လက်နက်အဆင့် ၂၀ မှာ ရှိနေတယ်လို့ ငါ ကြားတယ်။ လူဆိုးလေးတောင် မင်းကို အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူးမလား။"
"သူက မင်းရဲ့ ဆရာ ခရမ်းချဉ်သီးလား။ မင်္ဂလာပါ အရှင်ခရမ်းချဉ်သီး၊ ကျွန်တော်တို့ကလည်း နဂါးမျိုးနွယ်သားလောက်နီးနီး တော်ကြပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုလည်း တပည့်တွေ အဖြစ် လက်ခံပေးပါ။ ကျွန်တော်တို့ အရှင့်ကို ဘုရင်အာလူး ၂ကို သတ်ဖြတ်ဖို့ ကူညီ ပေးပါ့မယ်။"
"ငါ ထာဝရတိုင်းပြည်ရဲ့ အနေအထားနဲ့ အရမ်း ရင်းနှီးတယ်။ အရှင်ဖယ်ရီ၊ ကျွန်တော်တို့ကို မင်းနောက် လိုက်ခွင့်ပေးပါ။ ကျွန်တော်တို့ မင်းကို မင်းသမီးကို ကယ်တင်ရာမှာ ကူညီ ပေးနိုင်ပါတယ်။ ကျွန်တော်တို့ကို ယုံကြည်ပေးပါ။"
နဂါးမျိုးနွယ်သား၊ ခရမ်းချဉ်သီးနှင့် ဖယ်ရီတို့ ဂိမ်းမာများ ရှေ့တွင် ရောက်လာသည့်အခါ သူတို့ တရစပ် စကားပြောဆို ကြတော့သည်။ နဂါးမျိုးနွယ်သားက သူတို့ကို နားလည်ပေး နိုင်သော်လည်း ခရမ်းချဉ်သီးနှင့် ဖယ်ရီမှာမူ စိတ်ရှုပ်ထွေး နေခဲ့ကြသည်။ ၎င်းမှာ သူတို့အတွက် ဗစ်တိုးရီးယား မြို့သားများနှင့် ပထမဆုံး အကြိမ်တွေ့ဆုံခြင်း ဖြစ်နေသော်လည်း ဗစ်တိုးရီးယား မြို့သားများမှာမူ သူတို့ အကြောင်းအား စေ့စေ့စပ်စပ် သိနေကြသည်။ ထူးဆန်းသော အချက်မှာ နဂါးမျိုးနွယ်သားလည်း ဤဗစ်တိုးရီးယား မြို့သားများနှင့် အဆက်အသွယ် မပြုခဲ့ခြင်းပင်။
နဂါးမျိုးနွယ်သားတွင် သူတို့နှင့် ဆက်သွယ်ရန် လျှို့ဝှက် နည်းလမ်း တစ်ခု ရှိနေသည် ဖြစ်နိုင်သလော။
ခရမ်းချဉ်သီးနှင့် ဖယ်ရီမှာ စိတ်ရှုပ်ထွေးနေ ခဲ့သော်လည်း နဂါးမျိုးနွယ်သားမှာမူ ယင်းကို သတိမပြုမိခဲ့ပေ။ ခရမ်းချဉ်သီးနှင့် ဖယ်ရီမှာ နဂါးမျိုးနွယ်သားနှင့် ထိုကိစ္စကို အဖြေထုတ် မရနိုင်ပေ။
ခရီးထွက်လာနေစဉ် အတောအတွင်း ခရမ်းချဉ်သီးမှာ ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည် စစ်ပွဲအကြောင်း သတင်းများ ကြားသိခဲ့ရသည်။ စစ်ပွဲသတင်းကြောင့် ဗစ်တိုးရီးယားမြို့မှာ အနီးအနားရှိ မြို့များနှင့် မြို့ကြီးများတွင် အတော်အတန် လူသိများ နေခဲ့သည်။
သာမန် လူများ အတွက်မူ ဗစ်တိုးရီးယား မြို့သားများမှာ သူတို့ကို ကာကွယ် ပေးထားသော သူရဲကောင်းများ ဖြစ်ကြ၏။ ဗစ်တိုးရီးယား မြို့သားများသာ မရှိနေခဲ့ပါက မြေအောက်လောက သတ္တဝါများက မြို့များကို ကျူးကျော် ဝင်လာပြီး သူတို့ အားလုံးကို သတ်ဖြတ်ပစ် ပေလိမ့်မည်။
သူက နတ်ဘုရား တိုင်းပြည်၏ စစ်တပ်မှ တိုက်ပွဲ ရှုံးနိမ့်ခဲ့ပြီး စစ်သား များစွာ ထာဝရတိုင်းပြည်တွင် ဖမ်းဆီးအကျဉ်းချ ခံထားရကြောင်း သတင်းကိုလည်း သိနေသည်။ တိုက်ပွဲရှုံးနိမ့်ခဲ့သော စစ်တပ်မှာ ဗိုလ်ချုပ်ရှီဒန်၏ ဦးဆောင်မှုဖြင့် ဂိုးလ်ရှိုင်းယားမြို့တွင် ပြန်လည်၍ အင်အားစုစည်း နေခဲ့သည်။
ခရမ်းချဉ်သီးမှာ ဗိုလ်ချုပ်ရှီဒန် အကြောင်း သိသော်လည်း တွေ့ဆုံရန် မသွားခဲ့ပေ။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက ခရမ်းချဉ်သီးနှင့် ဖယ်ရီကို နွေးထွေးစွာ ကြိုဆိုကာ သူတို့ကို မြို့ထဲသို့ ခေါ်ဆောင် သွားခဲ့ကြသည်။ ဖယ်ရီမှာ ဂိမ်းမာများအပေါ် သတိထားနေ ခဲ့သော်လည်း သူက တခြားသော အက်လ်ဖ်များနှင့် ဖယ်ရီများကို မြင်တွေ့သောအခါ သတိထားမှုကို လျှော့ချပစ်လိုက်သည်။
အက်လ်ဖ်များနှင့် ဖယ်ရီများမှာ မျိုးနွယ်ချင်း နီးစပ်ကြသူများ ဖြစ်ကြ၏။ အက်လ်ဖ်များမှာ ဖယ်ရီများထက် အရပ်ရှည်ပြီး သူတို့တွင် အတောင်ပံများ မရှိပေ။ သူတို့မှာ ဆိုးယုတ်သော သတ္တဝါများနှင့် ဘယ်တော့မှ မပတ်သက်သည့် သူကောင်းမျိုးနွယ် မာနကြီးသော လူမျိုးစု တစ်ခုလည်း ဖြစ်၏။ သူတို့က ဗစ်တိုးရီးယားမြို့ရှိ လူသားများ၊ ဖယ်ရီများ နှင့်အတူ ယှဉ်တွဲ နေထိုင်နေသည်ကို ကြည့်၍ ဗစ်တိုးရီးယား မြို့သားများမှာ ရိုးသားစင်ကြယ်ပြီး သူကောင်းမျိုးများ ဖြစ်ကြောင်း သိနိုင်သည်။
နဂါးမျိုးနွယ်သားနှင့် အချိန်အတော်အတန် ဆက်ဆံကြည့်ပြီး နောက်တွင် ဖယ်ရီက ဗစ်တိုးရီးယား မြို့သားများမှာ အတော်အတန် ယဉ်ကျေးကြပြီး ကြင်နာတတ်ကာ ယဉ်ကျေးသိမ်မွေ့ကြောင်း တွေ့ရှိ ခဲ့သည်။
ဖယ်ရီက သူကောင်းမျိုး အက်လ်ဖ်များ၊ ဖယ်ရီများနှင့် လူသားများ၏ စကားဝိုင်းများကိုလည်း ကြားဖြတ် နားထောင်ခဲ့သေးသည်။
"ဒါက စိတ်ပျက်စရာပဲ။ ငါ အမှောင်ဝင်ပေါက်မှာ အော့ခ် တစ်ကောင်ရဲ့ နောက်က လိုက်ဖမ်းတာကို ခံခဲ့ရတယ်။ ငါတော့ သူ့ ဘိုးဘေးတွေကို ကိုင်တုတ်ဆဲမိတာပဲ ရှိတာ၊ သူက ငါ့ကို ဝင်ပေါက်ကနေ လမ်းဆုံလမ်းခွ ကင်းစခန်းအထိ နောက်က လိုက်ဖမ်းပြီး ဂိတ်ဝင်ပေါက်ရောက်မှ ငါ့ကို အနိုင်ပိုင်းခဲ့တာ။ သူ ငါ့ကို အသေ မသတ်ဘူး၊ ဒဏ်ရာရအောင်ပဲ လုပ်ပြီး ငါ့ ပစ္စည်း ကိရိယာတွေကို ချွတ်ယူ၊ ငါ့ ရှေ့မှာ ကွေးနေအောင် လာကပြတာ။ အဲ့ကောင် အသတ်ခံသင့်တယ်လို့ မင်းတို့ မထင်ဘူးလား။"
ဤသည်မှာ အက်လ်ဖ် တစ်ဦး သူ၏ လူသားရဲဘော်နှင့် စကားပြောဆို နေခြင်း ဖြစ်၏။
"ဒါက ငါ့ အတွေ့အကြုံနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်သေးဘူး။ ငါဆို သစ်ပင်ခုတ်နေတုန်း ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ဆုံခဲ့တယ်။ ငါတို့က ငါတို့ နယ်နိမိတ်မှာ သူတို့ တည်ဆောက်ထားတဲ့ ခံတပ်ကို အခုထိ ရှာမတွေ့သေးဘူး။ သူတို့က ငါတို့ သစ်ပင်တွေကို လာခိုးခုတ်တဲ့ အပြင် ငါတို့ သစ်သားတွေကိုလည်း လာလုကြသေးတယ်။ ငါဆို ပစ္စည်းအကုန် အလုခံလိုက်ရပြီး အသတ်ခံလိုက်ရတယ်။ ဘာဖြစ်လို့ အဲ့ကောင်တွေ ဒီလောက်တောင် ယုတ်မာကြတာလဲ။"
ဖယ်ရီမှာ အက်လ်ဖ် တစ်ဦးက သစ်တောကို ထိခိုက်စေမည့် မည်သည့် အရာမျိုးမျှ ပြုလုပ်မည် မဟုတ်ဟု သိထားခဲ့ရသည်။ သို့ဆိုလျှင် ယင်းအက်လ်ဖ်က အဘယ်ကြောင့် သစ်ပင်များ ခုတ်လှဲနေသည်ဟု ပြောခဲ့သနည်း။
ဖယ်ရီမှာ မိနစ်အနည်းငယ် အတွင်းတွင်ပင် ဗစ်တိုးရီးယားမြို့ရှိ အက်လ်ဖ်များနှင့် ဖယ်ရီများအကြောင်း အချက်အလက်အသစ်များ ရရှိခဲ့သည်။
ဖယ်ရီမှာ လက်တွေ့ဘဝမှ အရာများမှာ သူ စာအုပ်များမှ သင်ယူခဲ့သော အရာများနှင့် အလွန် ကွာခြားသည်နေဟုသာ ထင်မှတ်ခဲ့သည်။
နဂါးမျိုးနွယ်သားမှာ ခရမ်းချဉ်သီးနှင့် ဖယ်ရီကို ဗစ်တိုးရီးယားမြို့သို့ ခေါ်ဆောင်လာပြီးနောက် ဘုရင်မ ဗစ်တိုးရီးယားနှင့် တွေ့ဆုံ ပေးလိုခဲ့သည်။
သို့သော် ဘုရင်မ ဗစ်တိုးရီးယားမှာ ခန်းမဆောင် အပြင်ဘက်တွင် သူ့ကို တွေ့ဆုံရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ဟမ်းစတား တစ်ကောင်သာ အပြင်ဘက်တွင် ရပ်နေခဲ့သည်။
"မင်းက နဂါးမျိုးနွယ်သား ဆိုတဲ့ တစ်ယောက်လား။ မင်းက ခရမ်းချဉ်သီးနဲ့ ဖယ်ရီကို ဗစ်တိုးရီးယားမြို့ထဲ ခေါ်လာခဲ့တယ် ဆိုတာ ငါတို့ သိထားတယ်။ ဒါပေမဲ့ မင်း အပြင်လူတွေကို ခေါ်မလာခင် ဘုရင်မ ဗစ်တိုးရီးယားကို အရင်ဆုံး ကြိုအကြောင်းကြားရမယ် ဆိုတာတော့ ငါတို့ မင်းကို သတိပေးရလိမ့်မယ်။" ဟမ်းစတားက နဂါးမျိုးနွယ်သားကို လေးနက်စွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့် တောင်းပန်မှုကို ဘုရင်မ ဗစ်တိုးရီးယားဆီ ပေးပို့ပေးပါ။ ခုကိစ္စတွေက လျင်လျင်မြန်မြန် ဖြစ်ပျက်ခဲ့တဲ့ အတွက် ကျွန်တော် ဘုရင်မ ဗစ်တိုးရီးယားကို ဆက်သွယ် အကြောင်းကြားဖို့ အခွင့်အရေး မရခဲ့ဘူး။ သေသေချာချာ စဉ်းစားပြီးမှ ကျွန်တော် သူတို့ကို ဗစ်တိုးရီးယားမြို့ကို အတူ ခေါ်လာခဲ့တာပါ။ ကျွန်တော့်ကို ယုံပေးပါ၊ သူတို့က ထာဝရတိုင်းပြည်နဲ့ ကျွန်တော်တို့ရဲ့ စစ်ပွဲ အတွက် အကျိုး ရှိပါတယ်။ ကျွန်တော်တို့ သံတမန်ရေးရာ ကျွမ်းကျင်ရင် ဖယ်ရီတွေနဲ့ မဟာမိတ်တောင် ဖွဲ့နိုင်ပါတယ်။"
ဖယ်ရီမှာမူ ခန်းမဆောင်ကို မယုံနိုင်စွာ စိုက်ကြည့် နေခဲ့သည်။ ၎င်းမှာ လူသားတို့၏ လက်ရာ လက္ခဏာများ မရှိဘဲ အပင်များ သက်သက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ထိုအပင်များက သဘာဝအတိုင်း ပေါက်ရောက်နေ သကဲ့သို့ပင်။ ဖယ်ရီမှာ ၎င်းက အစွမ်းထက် မှော်ဆရာ တစ်ဦး၏ မာနာစွမ်းရည်ကြောင့် ဖြစ်ရမည်ဟု ကောက်ချက်ချမိသည်။
ဤမှော်ဆရာမှာ သဘာဝတရားနှင့် ကြီးမားသော ရင်းနှီးမှု ရှိနေ၏။ ဖယ်ရီပင်လျှင် ထိုသို့သော လုပ်ရပ်ကို မပြုလုပ်နိုင်ပေ။
"ပြဿနာ မရှိပါဘူး၊ ဘုရင်မ ဗစ်တိုးရီးယား မင်းကို ခွင့်လွှတ်ခဲ့ပြီ။ သို့မဟုတ်ရင် မင်း ဗစ်တိုးရီးယားမြို့ထဲကို ခြေချချချင်း အသတ်ခံခဲ့ရမှာပဲ။ မင်းကျေးဇူးတင်သင့်တယ်။ နောက်တစ်ကြိမ် အမှား ထပ်မလုပ်တော့နဲ့။"
နဂါးမျိုးနွယ်သား ခရမ်းချဉ်သီးနှင့် ဖယ်ရီ နှင့်အတူ ထွက်ခွာခြင်း မပြုမီ နောက်တစ်ကြိမ် ထပ်တောင်းပန်ခဲ့သည်။ အကယ်၍ ဘုရင်မ ဗစ်တိုးရီးယားသာ သူ့ကို တွေ့ဆုံရန် ဆန္ဒမရှိခဲ့ပါက ဘုရင်မမှာ မစ်ရှင် အတွက် အရေးမကြီးဟု အဓိပ္ပါယ် ရပေမည်။
သူတို့တွင် ထာဝရတိုင်းပြည် အကြောင်း သတင်း အချက်အလက်များ ရယူခြင်း၊ အသေးစိတ် တိုက်ခိုက်ရေး အစီအစဉ် တစ်ခု ရေးဆွဲခြင်းနှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများကို သူလျှိုများ ဖြစ်လာရန် ဖြားယောင်းခြင်း ကဲ့သို့သော လုပ်စရာကိစ္စ များစွာ ရှိနေ၏။ ထာဝရတိုင်းပြည်သို့ အင်အားသုံး ဝင်ရောက်ခြင်းမှာ လက်တွေ့ မကျပေ။ သူတို့ နည်းဗျူဟာများကို အသုံးပြုရမည်။
ကယ်ဆယ်ရေး စစ်ဆင်ရေးကို ဗစ်တိုးရီးယား မြို့သား များစွာ ဖြန့်ကျက် တိုက်ခိုက်ခြင်းဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိပေ။ သူတို့က မင်းသမီးကို ကယ်တင် နိုင်ခဲ့လျှင်ပင် ထာဝရတိုင်းပြည်မှ ရူးသွပ်သော ဂိမ်းမာများက မင်းသမီးကိုပါ သူသေကိုယ်သေ သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပါက မည်သို့ လုပ်ရမည်နည်း။
တခြား အွန်လိုင်းဂိမ်းများတွင် ယင်းက လူသစ်ကျေးရွာရှိ အမ်ပီစီများကို သတ်ဖြတ်လိုသည့်အခါ ပြိုင်ဘက် အုပ်စုများ အသုံးပြုသော သာမန်နည်းလမ်း တစ်ခုသာ ဖြစ်၏။ ထိုလုပ်ရပ်၏ ရည်ရွယ်ချက်မှာ ပြိုင်ဘက်များ၏ ဂိမ်းကစားမှု အတွေ့အကြုံကို လျှော့ချပစ်ရန်ပင်။ ထိုသို့သော ဂိမ်းမာ များစွာ ရှိနေပြီး ဂိမ်းမာများ အားလုံး ငြိမ်းချမ်းရေးကို မြတ်နိုးကြမည်ဟု မျှော်လင့်နေခြင်းမှာ လက်တွေ့မကျပေ။
နဂါးမျိုးနွယ်သား ဗစ်တိုးရီးယားမြို့သို့ မရောက်မီကပင် ဗစ်တိုးရီးယား မြို့သားများက သူတို့၏ အစီအစဉ်ကို ရေးဆွဲ ထားနှင့်ပြီး ဖြစ်နေခဲ့ပြီး ၎င်းတွင် ဦးဆောင် အစည်းအရုံး နှစ်ခု ဖြစ်သော လူဆိုးလေး ယောဂအသင်းနှင့် ‘ရှားလော့ခ်နဲ့အတူ ထိုညအတွက်’တို့က ပါဝင်ကြသည်။ တခြားသော အစည်းအရုံးများနှင့် ထင်ရှားသော တပ်မှူးများသည်လည်း ဤစစ်ဆင်ရေးတွင် ပါဝင်ကြသည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက ဒုတိယ အုပ်စုစစ်ပွဲတွင် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ဗစ်တိုးရီးယား မြို့သားများအနေဖြင့် ဤတစ်ကြိမ်တွင်တော့ နိုင်ပွဲရယူရန် ကျိန်ဆိုခဲ့ကြသည်။
ဗစ်တိုးရီးယား မြို့သားများမှာ ဤမျှ ကြီးမားသော ဇာတ်လမ်းတွဲနှင့် များပြားလှသော အမ်ပီစီများကို မြင်တွေ့ ရသောအခါ စိတ်လှုပ်ရှား နေခဲ့ကြသည်။ နတ်ဘုရား တိုင်းပြည်စစ်တပ်က ရှုံးနိမ့် ခဲ့သော်လည်း လောကသစ်ပင်မှ ဖယ်ရီများက သူတို့ကို မျှော်လင့်ချက်အသစ် ပေးခဲ့သည်။ ဖယ်ရီများက သူတို့ကို ထာဝရတိုင်းပြည်နှင့် တိုက်ခိုက်ရာတွင် ဝင်ကူညီပြီး ပစ္စည်း ကိရိယာ များစွာ ယူလာကောင်း ယူလာပေး ပေလိမ့်မည်။
ပစ္စည်း ကိရိယာများ ပိုမို ရရှိလာမည်ဆိုသည့် အတွေးမှာ ဗစ်တိုးရီးယား မြို့သားများကို စိတ်လှုပ်ရှား စေခဲ့သည်။ မည်သို့ဆိုဆို နတ်ဘုရား တိုင်းပြည်စစ်တပ်ဆီမှ ရလာသော ပစ္စည်း ကိရိယာများကပင် ယခင်က သူတို့ကို စိတ်လှုပ်ရှားစေခဲ့သည် မဟုတ်ပါလော။
အရာအားလုံး ရှားလော့ခ်၏ အစီအစဉ်အတိုင်း ဖြစ်ခဲ့သည်ပင်။ သူက ဗစ်တိုးရီးယား မြို့သားများ၏ အစီအစဉ်များကို သိရှိပြီး သူတို့ အမြန်ဆုံး တိုက်ခိုက် စေလိုခဲ့သည်။ ၎င်းမှာ လောကသစ်ပင်၏ အနားကပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။